အထက်တွင် အနီရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပေါ်လာလေသည်။ သူက ရှေ့သို့ ပျံသန်းလာရာ ကောင်းကင်ဘုံကြီးက ဖိထားသည့်အလား ပြင်းထန်သောဖိအားတစ်ခု သက်ရောက်လာ၏။
ကောင်းကင်တံတားမြစ်၏မျက်နှာပြင်တွင် ဂယက်လှိုင်းများပေါ်လာပြီး တောင်တန်းလေးခုပေါ်ရှိ အပင်နှင့် အသီးအရွက်များအားလုံးမှာ ဦးညွတ်ပိပြားနေတော့သည်။
အပင်နှင့်အသီးအရွက်များပင် ဤသို့သက်ရောက်နေလျှင် ကျင့်ကြံသူများအားဖော်ပြရန်မလိုအပ်တော့ချေ။ ဟန်ဇောင် နှင့်အခြားခေါင်းဆောင်ကြီးများမှာ တခဏတွန့်ဆုတ်သွားကာ ထိုလူငယ်ကို သူတို့တွေ့သည်နှင့်တပြိုင်နက် ကြောက်လန့်တုန်လှုပ်နေသည့်အမူအယာများ သူတို့၏ မျက်နှာထက်တွင် ပေါ်လာသည်။
ကြောက်မက်ဖွယ်ညောင်ပင်ကြီးပင် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။
” နတ််အဆင့်ကျင့်ကြံသူ…” ဟန်ဇောင်ကတုန်တုန်ယင်ယင်ဖြင့်ဆိုလေသည်။ သူက ချီဟွမ်၊ ဖုန်းရှိန်ကျစ် တို့နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့ကထိုလူငယ်၏အကြောင်းကိုကြားခဲ့ဖူးသည်။ အရှေ့ပိုင်းကျင့်ကြံခြင်းလောကတွင် ရုပ်ပိုင်းဆိုင်ရာမှာ ကလေးတစ်ဦးသဖွယ်ရှိနေသည့် နတ်အဆင့်ကျင့်ကြံသူတစ်ဦးတည်းသာရှိလေသည်။
သူက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်အဆင့်ကျင့်ကြံသူငါးဦးထဲမှတစ်ဦးဖြစ်သည့် လီယွမ်ထျန်းဖြစ်လေသည်။
ဟန်ဇောင်၊ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့မှာချက်ချင်းပင်လက်ကိုဆုပ်ကိုင်ကာ ဂါရဝပြုလိုက်ကြသည်။ “ဝါရင့်ဂိုဏ်းဝင်လီကို ဂါရဝပြုပါတယ်”
အခြားယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ တုန်ရီနေကြပြီး အလျင်အမြန်ပင်လိုက်၍ဂါရဝပြုကြတော့သည်။
ပိုင်ရှောင်ချန်းမှာဘေးဘက်နားတွင်ရပ်နေပြီး ချက်ချင်းပင်စတင်၍ စိတ်လှုပ်ရှားလာသည်။ ဤအချိန်မှာ သူ၏နတ်အဆင့်ကျင့်ကြံသူတစ်ဦးအား ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်ပြီး ကောင်းကင်ကြီးပြိုကျလာသည့်အလား သူ့အားလေးလံစွာဖိအားပေးနေကာ ၎င်းက ကမ္ဘာကြီးတစ်ခုလုံးဖျက်စီးလိုက်သည်နှင့်ပင် တူနေသည်။ နှလုံးသားမှာ တဒိန်းဒိန်းခုန်လျက် ပိုင်ရှောင်ချန်းက သူ့အားတိုက်ရိုက်ပင်မကြည့်ရဲချေ။ ပိုင်ရှောင်ချန်းမှာ ထိုလူငယ်၏ အံ့ဖွယ်ရာဖြစ်နေမှုအား မလွန်ဆန်နိုင်ပေ။ ထိုသူမှာ ပိုင်ရှောင်ချန်းနီးပါးအရပ်မရှည်သေးသော်ငြားလည်း အလွန်ပင်မယုံနိုင်လောက်အောင်ဖြစ်နေသည်။
ထိုလူငယ်က ပိုင်ရှောင်ချန်းအား ပဟေဠိဆန်သောအပြုံးဖြင့် ကြည့်လိုက်သော်လည်း သူ့အား မည်သည်ကိုမျှမပြောချေ။ ထို့နောက် သူ၏အင်္ကျီလက်ကိုဝေ့ယမ်းလိုက်လေသည်။
” ဟန်ဇောင်..ခင်ဗျားတို့သုံးယောက် မဟာခန်းမကြီးဆီလမ်းပြပေးပါ။ ကျုပ်မှာ အရေးကြီးသတင်းပါတယ်”
ဟန်ဇောင်၊ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့မှာ သူတို့၏သဘောတူညီမှုများကိုပြောကြားလိုက်ပြီးနောက် အလွန်လေးလံနေဟန်ဖြင့် ရိုသေစွာလမ်းပြလိုက်ကြသည်။ ယန်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများက တည်ကြည်လေးနက်နေဟန်ဖြင့် အနောက်မှလိုက်သွားကြတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး လူအများမှာ စိတ်လှုပ်ရှားလာကာ ရှင်းကုံကျစ်တာအိုဂိုဏ်းကအဘယ်ကြောင့် နတ်အဆင့်ကျင့်ကြံသူကိုလွှတ်လိုက်သည့်အကြောင်းသိချင်နေကြတော့သည်။
ပိုင်ရှောင်ချန်း၏စိတ်လှုပ်ရှားမှုမှာလည်း မြင့်တက်လာသည်။ ထိုလူငယ်က သူ့အားကြည့်လိုက်သည့်ပုံကြောင့် ထူးဆန်းသော တစ်စုံတစ်ခုဖြစ်ပွားတော့မည်ဟု ခံစားသိရှိနေသည်။ သူ၏အင်မော်တယ်ဂူထဲသို့ပြန်လိုက်ပြီးနောက် တောင်ထိပ်ကိုလှည့်ကြည့်၊လှည့်ကြည့်ဖြင့် လျှပ်စီးမိုးကြိုးကြောင့်ပျက်စီးသွားရသော အပျက်အစီးများကိုပြန်လည်ပြင်ဆင်လိုက်လေသည်။ ရုတ်တရက် သူကတစ်စုံတစ်ရာကိုစဥ်းစားမိလိုက်ပြီးနောက် သူ၏အိတ်ကိုဖွင့်ကာ လိပ်ကလေးအိပ်နေသေးကြောင်းစစ်ဆေးလိုက်သည်။ သူက တွေ့ပြီးသွားသည်နှင့် လိပ်ကလေးအား သူတွေ့ခဲ့သည့်နေရာတွင်ပြန်ထားလိုက်သည်။
” အဲဒီနည်းလမ်း..” သူကသူကိုယ်တိုင်ရေရွတ်လိုက်သည်။
” တကယ်လို့သူနိုးလာပြီး တစ်ခုခုဖြစ်ပျက်ခဲ့တယ်လို့ သံသယရှိနေခဲ့ရင် ငါကသူပြောနေတာကို ဘာမှမသိဘူးဆိုပြီးဟန်ဆောင်လို့ရနိုင်တယ်”
သူကအခြေအနေအား ကိုင်တွယ်လိုက်ပုံကို သူကိုယ်တိုင်သဘောကျကျေနပ်နေသော်လည်း ထိုလူငယ်ရောက်လာခြင်းကို စိတ်လှုပ်ရှားနေပြီး မဟာခန်းမ ရှိနေရာအရပ်ထံ တစ်ချက်ပြန်၍ကြည့်လိုက်လေသည်။
ထိုစဥ် လီယွမ်ထျန်းက အဏ္ဏဝါခေါ်သံတောင်ထိပ်ရှိ မဟာခန်းမကြီး၏ ကြီးမြတ်သော ထိုင်ခုံ၌ထိုင်နေသည်။ ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ်တို့က ဘေးဘက်တွင် တရိုတသေရပ်နေကြစဥ် အခြားယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတို့မှာ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
” ကျုပ်က ခင်ဗျားတို့ အဏ္ဏဝါခေါ်သံဂိုဏ်းနဲ့ ကံကြမ္မာအရချိတ်ဆက်နေပုံရတယ်…” ထိုလူငယ်မှာ အေးအေးလူလူပြောလေသည်။
” ခင်ဗျားတို့ရောက်မလာသေးခင်က ကုံမြစ်ဂိုဏ်းခွဲရဲ့လူအများစုကို သတ်ခဲ့တဲ့သူက ကျုပ်ပဲ”
ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့မှာ ထိုစကားများကြောင့်တုန်လှုပ်နေကြသည်။
“အဲဒါကြောင့်မို့ ကျုပ်က ဒီနေ့ ခင်ဗျားတို့ကို အလယ်ပိုင်းဒေသကျင့်ကြံခြင်းလောကရဲ့ အခြားစည်းမျဥ်းစည်းကမ်းတွေအကြောင်းပြောပြဖို့ အရွေးချယ်ခံလိုက်ရတာ”
” မကြာခဏဆိုသလို ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ မြစ်အောက်ပိုင်းမှာရှိတဲ့ ဂိုဏ်းကြီးလေးဂိုဏ်းဟာ အရေးပါတဲ့ဂိုဏ်းသား တစ်ယောက် ဒါမှမဟုတ်..နှစ်ယောက်ကို ဓားစာခံတွေအနေနဲ့ မြစ်အထက်ပိုင်းကိုပို့ကြရတယ် ”
” ကျုပ် ဒီရောက်လာတာက ရှင်းကုံကျစ်တာအိုဂိုဏ်းဆီခေါ်သွားဖို့ ဓားစာခံလာခေါ်တာပဲ ”
ထိုလူငယ်က သူ့အားအံ့သြတကြီးကြည့်နေကြသော ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့အားကြည့်လိုက်လေသည်။
“ဓားစာခံတွေ..”
ဟန်ဇောင်သာ် ထိုစီစဥ်မှုကို ပထမဦးစွာ ကြားဖူးရသည်ဖြစ်သော်လည်း ၎င်းကိစ္စမှာ သာမန်ကိစ္စသာဖြစ်လေသည်။ အမှန်တကယ်မှာ အလယ်ပိုင်းဒေသများရှိ ဂိုဏ်းကြီးလေးဂိုဏ်းက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အရေးပါသောဂိုဏ်းခွဲများဖြစ်ပြီး အခြေခံအားဖြင့်လက်အောက်ခံဂိုဏ်းခွဲများဖြစ်သည်။
ဖုန်းရှိန်ကျစ် ကအသက်ပြင်းပြင်းရှူကာပြောလိုက်သည်။
” ကျုပ်တို့ရဲ့ဓားစားခံလုပ်မဲ့သူတွေကို တတ်နိုင်သမျှမြန်မြန်ရွေးလိုက်ပါ့မယ် ”
နတ်အဆင့်ကျင့်ကြံသူတစ်ဦးမှ လာရောက်တောင်းဆိုသည်ဖြစ်ရာ ထိုကိစ္စအားသူတို့ကငြင်းပယ်၍ရနိုင်မည်မဟုတ်ကြောင်း သူက ကောင်းစွာသတိပြုမိလေသည်။
” ခင်ဗျားတို့ ဘာမှလုပ်စရာမလိုတော့ပါဘူး” ထိုလူငယ်က အေးဆေးစွာပြောလေသည်။
” ကျုပ်ခင်ဗျားတို့အတွက် ဆုံးဖြတ်ပေးပြီးသွားပြီ။ ပိုင်ရှောင်ချန်းက အဓိကဓားစာခံဖြစ်ရလိမ့်မယ် ”
ခေါင်းဆောင်ကြီးသုံးယောက်၏ နှလုံးသားတို့မှာ တဒိန်းဒိန်းခုန်ဆောင့်သွားတော့သည်။
ထိုသို့ဆိုပြီးနောက် ထိုလူငယ်က နတ်ဘုရားစွမ်းရည်အချို့ကို အဏ္ဏဝါခေါ်သံဂိုဏ်းအတွင်း ပို့လိုက်လေသည်။
သန့်ရှင်းသောဝိညာဥ်နားနေသောနေရာဖြစ်သည့် သူအနှောင့်အယှက်မပေးလိုသော ထိုနေရာကို ရှောင်ကွင်းလိုက်၏။ သူက မျောက်အားသတိမပြုမိလိုက်သော်လည်း ဂိုဏ်းရှိကျန်အပိုင်းတို့မှာ သူ့အတွက်ဖွင့်ထားသည့်စာအုပ်နှင့်ပင်တူနေလေသည်။
“အီးးးး.။ အဲဒီမိန်းကလေးမှာ တစ်ခုခုထူးခြားတာရှိနေတယ်” ထိုလူငယ်၏မျက်လုံးထဲတွင် ထူးဆန်းသည့်အလင်းတန်းများတောက်ပသွားပြီး လက်ကိုဝေ့ယမ်းကာ တင်ပျဥ်ခွေလျက်တရားထိုင်နေသော မိန်းမငယ်လေး၏ပုံရိပ်ကိုဖြစ်စေလိုက်သည်။ ထိုမိန်းမငယ်လေးမှာ ကုန်းစွန်းဝမ်အာသာဖြစ်လေသည်။
” သူမကလည်း အခြားဓားစာခံတစ်ယောက်ဖြစ်ရလိမ့်မယ်။ သွားပြီးသူတို့ကိုအကြောင်းကြားလိုက်..။ ပြီးတော့ သူတို့ရဲ့တာအိုစောင့်ရှောက်သူအဖြစ်ဆောင်ရွက်ဖို့ ရောင်းရင်းဂိုဏ်းသားငါးဦးထက်ပိုခေါ်လို့မရကြောင်းလဲ ရှင်းပြလိုက်ပါဦး။ သူတို့အနေနဲ့ ဆက်လက်ကျင့်ကြံဖို့ ကျုပ်နဲ့အတူ ရှင်းကုံကျစ်တာအိုဂိုဏ်းကိုလိုက်ခဲ့ရမယ်”
ခေါင်းဆောင်ကြီးသုံးဦးမှာ စိတ်ထဲတွင် မကျေနပ်၍ညည်းညူနေကြတော့သည်။ အမှန်မှာ သူတို့က ကုန်းစွန်းဝမ်အာအားသိပ်၍ဂရုမစိုက်ပါချေ။ သူမထံ၌ လေးစားလောက်သည့် ပုန်းကွယ်နေသောစွမ်းရည်များရှိပါသော်လည်း သူတို့အမှန်တကယ်ဂရုစိုက်သည်မှာ ပိုင်ရှောင်ချန်းသာဖြစ်လေသည်။
ဖုန်းရှိန်ကျစ် က ခဏတာ ချီတုံချတုံဖြစ်သွားပြီးနောက် ပြောလိုက်လေသည်။
” ဝါရင့်ဂိုဏ်းဝင်…”
ဖုန်းရှိန်ကျစ် ကစကားကိုဆုံးအောင်ပင်မပြောလိုက်ရသေးမီ ထိုလူငယ်၏မျက်လုံးများမှာ အေးစက်သွားပြီး ကြားဖြတ်ကာပြောလိုက်လေသည်။ “ဟမ်… ငြင်းဖို့ကြံစည်နေတာလား”
ချက်ချင်းပင် ဖုန်းရှိန်ကျစ် မှာ ခဏတွင်းချင်း အေးခဲသွားလုနီးနီး အလွန်တရာ ကျောချမ်းသွားလေသည်။ သူကစကားတစ်ခွန်းပင်မဟနိုင်တော့ချေ။
ဟန်ဇောင်က အလျင်အမြန်ပင်ဖြေရှင်းချက်ပေးလိုက်သည်။ “ဝါရင့်ဂိုဏ်းဝင်ခင်ဗျာ…ခင်ဗျားသတိမထားမိတဲ့တစ်ခုရှိနေလို့ပါ။ ပိုင်ရှောင်ချန်းက ကျုပ်တို့ရဲ့ ခေါင်းဆောင်ငယ်ဖြစ်နေပေမဲ့ အလွန်ဆိုးသွမ်းပြီး ကျီစယ်လွန်းတယ်ဗျာ။ ပြီးတော့ ကိုယ်စားလှယ်ဓားစာခံတစ်ယောက်အနေနဲ့ လုံးဝမသင့်တော်လို့ပါဗျာ..။ ဝါရင့်ဂိုဏ်းဝင်ခင်ဗျာ..ကျုပ်က ခင်ဗျားတို့ရဲ့ဂုဏ်ယူစရာဂိုဏ်းမှာ သူပြဿနာရှာနေမှာစိုးလို့ပါ..”
” အဲဒါအမှန်ပါပဲ..ဝါရင့်ဂိုဏ်းဝင်” ချီဟွမ်က အပြုံးတစ်ခုနှင့်ဆိုလေသည်။ သူကလည်း အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် ပ်ိုင်ရှောင်ချန်းမှာ မည်မျှအထိအရေးပါလှကြောင်း သတိပြုမိထားလေသည်။
” ပိုင်ရှောင်ချန်းက ဆိုးသွမ်းရုံ၊ ကျီစယ်တတ်ရုံမကသေးဘူး…သူကဆေးဖော်စပ်ရတာလဲ ကြိုက်နှစ်သက်သေးတယ်။ အဆိုးဆုံးကတော့ သူကပြဿနာကြီးကြီးမားမားဖြစ်အောင်လုပ်တာပဲ။ ကပ်ဘေးတွေလဲ ဖန်တီးတတ်သေးတယ်။ ပြီးတော့ အဲဒီနေရာမှာရှိတဲ့ လူတိုင်းကိုလည်းဒုက္ခပေးတတ်သေးတယ်။ ကြက်တွေ၊ ခွေးတွေတောင် သူ့ဒုက္ခပေးမှုအောက်ကမလွတ်ဘူးဗျ။ အကယ်၍ သူသာရှင်းကုံကျစ်တာအိုဂိုဏ်းသွားခဲ့ရင် ကျုပ်ကြောက်တာက သူတကယ်ဒုက္ခကပ်အကြီးကြီးဖန်တီးမိသွားမှာပဲ”
” အဲဒီအရာတစ်ခုမှ ပြဿနာဖြစ်မှာမဟုတ်ပါဘူး” ထိုလူငယ်က တုန့်ပြန်လေသည်။
” ခမ်းနားကြီးကျယ်တဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းက အရှေ့အလယ်ပိုင်းဒေသအကုန်လုံးကို ထိန်းချုပ်ထားပြီး ကောင်းကင်တံတားမြစ်ကိုယ်စား ကျင့်ကြံခြင်းလောကကိုဦးဆောင်နေတာပါ..။ ကျုပ်တို့က အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးထင်နေတာလား”
” တကယ်လို့သူသာ အခုထက်ပိုဆိုးသွမ်းပြီး ကျီစယ်ရင်တောင်၊ တကယ်လို့ ပိုဆိုးတဲ့ကပ်ဘေးတွေဖြစ်စေရင်တောင်၊ခင်ဗျားတို့က ရှင်းကုံကျစ်တာအိုဂိုဏ်းကို သူကဒူးအထိနိမ့်ကျသွားအောင်လုပ်မယ်ထင်နေတာလား”
” သူကဆေးဖော်စပ်ရတာကို ကြိုက်တယ်မလား။ ကောင်းပြီ… ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ အကောင်းဆုံးဆေးပေါင်းဖိုတွေ၊ အကောင်းဆုံးဆေးပင်တွေ၊ အကောင်းဆုံးဆေးဖော်စပ်တဲ့ပစ္စည်းတွေ ရှိတယ်။ သူဆေးဖော်စပ်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် သူတို့အဲဒီမှာပဲ ဖြေရှင်းပေးနိုင်တယ်။ ကြောက်မနေကြပါနဲ့..။ ပိုင်ရှောင်ချန်းက ဓားစာခံဖြစ်ရမယ်။ ဒါပေမဲ့တချိန်တည်းမှာပဲ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ဂိုဏ်းသားတစ်ယောက်လည်းဖြစ်လာလိမ့်မယ်”
” ကောင်းပြီ..ကိစ္စတွေလဲရှင်းသွားပြီဆိုတော့ နောက်ထပ်ဆွေးနွေးစရာမလိုတော့ဘူး..။ သွားတော့..။ သုံးရက်အတွင်း ကျုပ် ခင်ဗျားတို့ရဲ့ဂိုဏ်းသားတွေကို ရှင်းကုံကျစ်တာအိုဂိုဏ်းဆီခေါ်သွားတော့မယ်”
ရှင်းလင်းစွာပင် ထိုလူငယ်မှာ နောက်ထပ်ဆွေးနွေးမှုကို လက်ခံမည်မဟုတ်တော့ချေ။ သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး မဟာခန်းမထဲမှ ဟန်ဇောင်၊ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့ကိုသယ်ဆောင်သွားရန် ညင်သာသည့်အလင်းတန်းတစ်ခုပို့လွှတ်လိုက်သည်။ ထို့နောက် ဘန်းဟူသောမြည်သံနှင့်အတူ တံခါးပေါက်မှာလည်းပိတ်သွားလေသည်။
ခန်းမ၏အပြင်ဘက်တွင် ဟန်ဇောင်၊ချီဟွမ်နှင့်ဖုန်းရှိန်ကျစ်တို့မှာ ခက်ထန်တင်းမာနေသောအမူအယာများနှင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ ကံမကောင်းစွာပင် ထိုအခြေအနေတွင် သူတို့လုပ်နိုင်သည်မှာ တစ်ခုမျှမရှိချေ။
ဖုန်းရှိန်ကျစ် ကသက်ပြင်းချရင်းဆိုလေသည်။ “ကောင်းပြီ…။ ကျုပ်တို့မှာအချိန်အများကြီးမရှိဘူး…။ ကျုပ်တို့မိန်းကလေးကိုရှင်းပြဖို့ သိပ်ခက်ခဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ပိုင်ရှောင်ချန်းကိုတော့…။ အစ်ကိုဟန်ဇောင်….သူ့ကိုအရင်သွားပြောလိုက်ပါလား။ ကျုပ်တို့ နောက်ကျရင်သွားပြီး ထပ်ရှင်းပြပေးလိုက်ပါ့မယ်။ ကျုပ်တို့ သူ့ရဲ့တာအိုစောင့်ရှောက်သူအဖြစ်သူနဲ့အတူ ထည့်ပေးရမဲ့ ဂိုဏ်းသားတွေကိုလည်းစဥ်းစားရဦးမယ်လေ ”
ဖုန်းရှိန်ကျစ် မှာ အကုန်လုံးကို စိတ်ပူနေလျက်ရှိသည်။ ပိုင်ရှောင်ချန်းမှာ သွေးဘိုးဘေးကြီးဖြစ်ပြီး အကယ်၍သူထွက်သွားပြီး မတော်တဆတစ်စုံတစ်ခုဖြစ်ခဲ့ပါက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ အမှန်ပင် ဆိုးကျိုးကိုခံစားရပေလိမ့်မည်။
” ကောင်းပြီ…အနည်းဆုံးတော့သူနဲ့အတူ တာအိုစောင့်ရှောက်သူတွေကို ခေါ်သွားလို့ရပါသေးတယ်။ ဟုတ်တယ်မလား ”
ချီဟွမ်က အံကြိတ်ရင်းပြောလိုက်သည်။
“သူက သူ့မျိုးဆက်က လူတွေကိုသာခေါ်သွားနိုင်ပေမဲ့ သူတို့ကအနည်းဆုံးတော့ အကူအညီဖြစ်လောက်မှာပါ…။ သူနဲ့အတူလိုက်စေချင်တဲ့ဘယ်သူမဆို ရွေးချယ်ခွင့်မရှိဘူး။ ကျုပ်ပဲ သူတို့ကိုအကုန်လုံးရှင်းပြလိုက်ပါ့မယ်”
ဟန်ဇောင်က သက်ပြင်းချလိုက်သည်။ မျက်မှောင်ကြုတ်ရင်း သူကပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူဆီသို့ ဦးတည်လိုက်ရာ စိတ်မရှည်စွာဖြင့် ဂနာမငြိမ်ဖြစ်နေသောပိုင်ရှောင်ချန်းအားတွေ့လိုက်ပြီးနောက် အခြေအနေအရပ်ရပ်အားရှင်းပြလိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး စိတ်ရှုပ်စွာဖြင့် ဟန်ဇောင်ကိုစိုက်ကြည့်လိုက်လေသည်။ “ဓားစားခံလား။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာပေါ့… ”
ရှေးဟောင်းမှတ်တမ်းများတွင် ဂိုဏ်းစီမံရေးရာအရ ဓားစာခံများအကြောင်းကို ဖတ်ခဲ့ဖူးပြီး သူတို့အားလုံးမှာ အမျိုးမျိုးသောဝမ်းနည်းမှုများနှင့် ဆိုးရွားလှသောကံကြမ္မာမျိုးစုံကို ခံစားရကြောင်းကိုလည်း သူကသိလေသည်။ သူအထူးစိုးရိမ်သည်မှာ တစ်ဦးတည်းသွားရမည်ကိုဖြစ်ပြီး သူစိမ်းတစ်ရံဂိုဏ်းတွင် တစ်ဦးတည်းဖြစ်နေမည်က လုံခြုံမည့်ပုံမပေါ်ချေ။
အဏ္ဏဝါခေါ်သံဂိုဏ်းက ကောင်းမွန်လှသည်။ သူ့ထံ၌ မယုံနိုင်လောက်သည့်ကျောထောက်နောက်ခံလည်းရှိသည်။ သူ့အားသဘောကျသော ဂိုဏ်းသူများစွာလည်းရှိပြီး သူသွားသည့်နေရာတိုင်း လူတိုင်းကနှုတ်ဆက်ဂါရဝပြုကြမြဲဖြစ်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းထံသို့ သွားလိုက်ကြောင်းတွေးမိရုံမျှဖြင့်ပင် သူ၏မြင်ကွင်းမှာ မှုန်ရီသွားရသည်။
စူးကနဲအော်ဟစ်လိုက်ရင်း အရှေ့သို့ဒယီးဒယိုင်သွားလိုက်ပြီး ဟန်ဇောင်၏ခြေထောက်ကို ဖက်လိုက်သည်။
” ခေါင်းဆောင်ကြီး…ကျုပ်မသွားချင်ဘူး” သူကတအီအီငိုကြွေးလေသည်။
” ကျုပ်အကုန်လုံးကို လွမ်းနေရတော့မှာ။ ဒီနေရာက ကျုပ်အိမ်ပါဗျာ..။ ကျုပ်ကိုမသွားခိုင်းပါနဲ့…”
” ကျုပ် သတ္တိရှိရှိနဲ့ ဂိုဏ်းကိုကူညီထောက်ပံ့ခဲ့တယ်လေ။ ကျုပ်…ကျုပ်က ခေါင်းဆောင်ငယ်ပဲလေ..”
” အခုချိန်ထိ ခက်ခဲတဲ့အချိန်တိုင်း ကျုပ်က ဂိုဏ်းအတွက် အမြဲအဆင်သင့်ရပ်တည်ပေးခဲ့တာလေဗျာ..။ လောချိန်မျိုးနွယ်စုဆီက ရောင်းရင်းဂိုဏ်းသားတွေကိုကယ်တင်ပေးခဲ့တယ်။ မြေခဓားချောက်မှာလည်း နာမည်ရှိလာအောင်လုပ်ခဲ့တယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုတောင်သွားပြီး သူလျှိုလုပ်ပေးခဲ့သေးတယ်။ ဒါပေမဲ့ ကျုပ့်ရဲ့အကြီးမားဆုံးပေးဆပ်မှုတွေက အဏ္ဏဝါခေါ်သံဂိုဏ်းကြီးဆီရောက်ခဲ့ပြီ။ ခေါင်းဆောင်ကြီး..ကျုပ်မသွားချင်ဘူး…”
” ကျုပ် အားလုံးနဲ့လဲမခွဲနိုင်ဘူး။ ကျုပ်ရောင်းရင်းဂိုဏ်းသားတွေကိုလည်း လွမ်းနေရတော့မှာ…ကျုပ်ကို မသွားခိုင်းပါနဲ့ဗျာ…ကျေးဇူးပြုပြီး.န.. ရှန်ကွမ်းထျန်ယုံကိုအစားသွားခိုင်းလိုက်ပါလား။ သူ့ကိုရွေးချယ်တာ အကောင်းဆုံးလေဗျာ..။ သူကသတ္တိရှိတယ်။ ယုံကြည်ချက်လဲရှိတယ်။ အရမ်းလဲချောတယ်လေ။ သူသာဓားစာခံဖြစ်မသွားရင် ကောင်းကင်နဲ့မြေပြင်က ငိုသွားလိမ့်မယ်။ ဒါမှမဟုတ်…စုန့်ချွဲဆိုရင်ကော..။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ သူနဲ့တူတဲ့သူတစ်ယောက်မှမရှိဘူးလေ..။ ဟုတ်တယ်မလား..။ ဒါကြောင့်မို့ သူ့ကိုပို့လိုက်ပါဗျာ..။ ဒါမှမဟုတ် ပေဟန်လဲ့..၊ ကျုံးတာအိုတို့ဆိုရင်ကော…။ သူတို့ကလည်းအကောင်းဆုံးရွေးချယ်မှုတွေပဲ..။ ဒီလိုမှမဟုတ်ရင် ချင်းမေ့ယွမ်ဆိုရင်ကော..။သူမကိုသာပို့လိုက်ပါဗျာ….”
ဟန်ဇောင်မှာ ခေါင်းကိုက်သွားလေသည်။ သက်ပြင်းချရင်း ပိုင်ရှောင်ချန်းအားငုံ့ကြည့်ကာ ညင်ညင်သာသာပြောလိုက်သည်။
” ရှောင်ချန်း… တကယ်လို့ငါ့မှာသာဒီကိစ္စကိုရွေးချယ်ခွင့်ရှိရင် သေချာပေါက် မင်းကိုမသွားခိုင်းပါဘူးကွာ…”
ပိုင်ရှောင်ချန်းမှာ တသိမ့်သိမ့်တုန်ရီသွားပြီး ဟန်ဇောင်ကို ငိုမဲ့မဲ့ဖြင့် မော့ကြည့်လိုက်သည်။
“ကျုပ်တကယ်သွားကိုသွားမှ ဖြစ်မှာလား”
ဟန်ဇောင်က ပိုင်ရှောင်ချန်း၏ဆံပင်များကို ဖွပေးလိုက်သည်။ သူပြောနေစဥ် ကြင်နာနူးညံ့သည့်အကြည့်များသူ၏မျက်လုံးထဲတွင် ပေါ်လာသည်။
” အင်း..မင်းသွားရမယ်။ ဒါပေမဲ့ မင်းနဲ့အတူ တာအိုစောင့်ရှောက်သူအချို့ကို ခေါ်သွားပိုင်ခွင့်ရှိတယ်။ ပြီးတော့ ဒါက သိပ်ကြာရှည်မှာမဟုတ်ပါဘူး။ မင်းတောင်မသိလိုက်ပဲ အိမ်ကိုပြန်လာရမှာပါကွာ…”