အခန်း ( ၂၀ )

တချို့ကံကြမ္မာဆိုးများက ရှောင်ရှား၍ မရ

“ ချန်ရှို့၊ ရွှမ်းယာ … ”

“ ချန်ရှို့၊အိုက်ယား…မင်းဘာလို့ ဒီလောက်အန္တရာယ်များတဲ့ နေရာကိုလာရတာလဲ ”
လီချန်ရှို့သည် ဂူဝတွင်ရပ်နေရင်း တိမ်တိုက်များအပေါ်မှ ဆင်းလာသည့် လူရိပ်နှစ်ခုအား မြင်လိုက်ရသောအခါ မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားရသည်။

လာရောက်ကယ်တင်သူများတွင် သူ၏ဆရာပါလာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

သူ၏ဆရာအိုကြီးသည် အလွန်စိတ်လှုပ်ရှားနေပြီး မြင်းမြီးနှင်တံကို ကိုင်ဆောင်ထားကာ လီချန်ရှို့၏တင်ပါးအား ချစ်စနိုးဖြင့် ရိုက်တော့မည့်ပုံပေါ်နေလေ၏။ ထိုသို့ဖြစ်သော်ငြားလည်း လီချန်ရှို့သည် သူ၏ဆရာကို တွေ့လိုက်ရခြင်းကြောင့် အလွန်ပျော်ရွှင်နေသည်။

လီချန်ရှို့သည် ဂိုဏ်းမှ ဆရာများ၏ရှေ့တွင် ဖြစ်သော်လည်း သူ၏ဆရာရိုက်သည်ကို ရှောင်ရန် စိတ်ကူးမရှိချေ။ သူ၏ဆရာ ဒေါသဖြေစေနိုင်ရန် သူ့အား အနည်းငယ် ရိုက်သည်ကို ခံရန်အသင့်ရှိနေသည်။

ထိုရိုက်ချက်များသည် သူ့အား နာကျင်စေမည် မဟုတ်ကြောင်း သူသိသည်။

ကျိုးကျိုးသည် ချီယွမ်နှင့်အတူ တိမ်တိုက်များအပေါ်မှ ဆင်းလာခဲ့၏။ ကျိုးကျိုးသည် အစတွင် လီချန်ရှို့ အဆင်ပြေလား စစ်ဆေးကြည့်ရှုလိုသော်လည်း ချီယွမ်ရှိနေကြောင်း သတိရသွားသဖြင့် ယုံချင်ရွှမ်းယာထံသို့သာ သွားလိုက်လေသည်။

သူ၏ဆရာသည် မြင်းမြီးနှင်တံကိုမြောက်၍ သူ့အား ရိုက်ရန်ရွယ်လိုက်ချိန်တွင် လီချန်ရှို့သည် ရှုံ့မဲ့နေသော မျက်နှာထား ပြလိုက်လေသည်။ သူသည် မျက်လုံးများ မှိတ်ကာ အရိုက်ခံရန် အသင့်ပြင်ထားလိုက်သော်လည်း မြင်းမြီးနှင်တံသည် သူ၏ပုခုံးအပေါ်သို့ ညင်သာစွာသာ ကျလာလေသည်။ သူ၏ဆရာသည် အားပင်မထည့်ခဲ့ချေ။

လီချန်ရှို့သည် သူ၏ဆရာချီယွမ်၏ အပြစ်တင်စကားများကို ကြားလိုက်ရသည်။
“ မင်းဘာလို့ အန္တရာယ်များတဲ့ မြောက်ကျွန်းကိုလာရတာတုန်း။ လင်းအယ်သာ ငါ့ကို မနိုးရင် မင်း အခု သေနေလောက်ပြီ။ မင်းအလောင်းကိုတောင် ဘယ်သွားရှာရမယ်မှန်းသိမှာ မဟုတ်ဘူး ”

လီချန်ရှို့သည် ဦးညွှတ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။
“ ဆရာ … ကျွန်တော်ဂိုဏ်းထဲမှာ ကျင့်ကြံနေရတာကြာလာတော့ ဟိုဟိုဒီဒီ လျှောက်သွားချင်လာလို့ပါ။ မထွက်သွားခင် ဆရာ့ကို အရင် မတိုင်ပင်ခဲ့တာကို ခွင့်လွှတ်ပေးပါ ”

ကျိုးကျိုးသည် ယုံချင်ရွှမ်းယာအား ချီမကာဖက်လိုက်ပြီး ဝိုင်းကြီးပတ်ပတ် လှည့်နေပြီး ကလေးတစ်ယောက်သဖွယ် ပြုံးနေ၏။ ယုံချင်ရွှမ်းယာ၏ ပါးလေးများသည် ပန်းရောင်သန်းသွားလေသည်။

“ ဆရာဒေါ်လေးကျိုး…ဆရာဒေါ်လေးကျိုး… ”
သူမ အကြိမ်ကြိမ် အော်နေသော်လည်း ဆရာဒေါ်လေး၏ ဖက်ထားခြင်းမှ မလွတ်မြောက်နိုင်သေးပေ။

သူမတို့၏ ဝတ်ရုံများနှင့် ပိတုံးရောင်ဆံကေသာရှည်များသည် လေတွင် ဝဲပျံနေကြသည်။ ထိုအမျိုးသမီးနှစ်ဦး၏ ‘ဝိုင်းကြီးပတ်ပတ်’ သည် လွန်စွာ လှပနေပေတော့သည်။

ယထာဘူတကျကျဆိုရလျှင် ယုံချင်ရွှမ်းယာသည် ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက် ရှိလေသည်။ သူမ၏ ရှိုက်ကြီးဖိုငယ်များသည် ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်သည်။ ယုံချင်ရွှမ်းယာနှင့်ယှဉ်လျှင် ဆရာဒေါ်လေးကျိုးသည် အတန်ငယ်ပုသယောင် ရှိလေသည်။ သူမ၏မျက်နှာသည်လည်း ပို၍ အတန်ငယ် ဝိုင်းလေသည်။ သူမတို့နှစ်ယောက်၏ ပုံစံများသည် ပြဒါးတစ်လမ်းသံတစ်လမ်းပင်။

လီချန်ရှို့သည် တစ်ချက်မျှသာကြည့်၍ အကြည့်လွှဲလိုက်လေသည်။ သူ့ဆရာ၏ မပြီးဆုံးနိုင်သော ဆူငေါက်သံများကိုသာ ဆက်၍နားထောင်နေလိုက်သည်။ အထက်တွင် ဖော်ပြသကဲ့သို့ မိန်းမလှလေးများအား လူကြီးလူကောင်းဆန်ဆန် ကြည့်ရှုကာ ဝေဖန်လေကန်ခြင်းသည် ယခင်ဘဝတွင် သူ တတ်မြောက်ခဲ့သော အကျင့်တစ်ခု ဖြစ်လေသည်။ ယခုဘဝတွင် ဝမ်းတွင်းပါခဲ့လေသလား မပြောတတ်ချေ။

သို့သော် လီချန်ရှို့သည် တာအိုရသေ့ဂျပု၏ လုပ်ရပ်အပေါ်၌သာ ပိုစိတ်ဝင်စားနေမိသည်။

ကျိုးဝူသည် မေ့မြောနေသော တာအိုရသေ့ကြီးအား သူတို့၏အရှေ့သို့ ပစ်ချလိုက်သည်။

လီချန်ရှို့နှင့် ယုံချင်ရွှမ်းယာတို့ အကောင်းပကတိ ရှိနေသည်ကို တွေ့လိုက်ရသောအခါ တာအိုရသေ့ဂျပုသည် သူ၏လက်ကောက်ဝတ်အား လျှို့ဝှက်စွာ လှုပ်ရမ်းလိုက်သည်။ မေ့မြောနေသော တာအိုရသေ့ကြီးသည် တစ်ချက်တွန့်သွားပြီး မကြာခင် ထိုတာအိုရသေ့၏ ကိုယ်ရောင်ကိုယ်ဝါ ပျောက်ကွယ်သွားတော့လေသည်။

လီချန်ရှို့၏အထင်မမှားလျှင် ထိုလက်ကောက်ဝတ်လှုပ်ရှားမှုတစ်ခုနှင့်ပင် တာအိုရသေ့ကြီး၏ မူလနတ်ဝိညာဉ်ကို တိုက်ရိုက်ပျက်ဆီးသွားစေသည်။

ကျိုးဝူသည် မည်သည့်အရာမျှ မဖြစ်သွားသကဲ့သို့ အေးအေးလူလူရှိနေပေသည်။ သူသည် ထိုတာအိုရသေ့၏ အလောင်းအား အနီးရှိ တောအုပ်အတွင်းသို့ လွှင့်ပစ်လိုက်ပြီး သူတို့အား ပြုံးကာကြည့်နေလေသည်။
‘ တော်တော်ကြောက်စရာကောင်းတဲ့လူပဲ။ လူတစ်ယောက်သတ်တာကို သူ့အတွက်တော့ ခြင်ကလေးယင်က‌လေးသတ်ရသလိုပဲ ’

လီချန်ရှို့သည် ထိုတာအိုရသေ့ဂျပု မည်သူမည်ဝါဖြစ်ကြောင်း လေ့လာရန် အင်္ကျီလက်အတွင်း ဖွက်ထားသော လက်ချောင်းများကို ဖိကာ ဓမ္မမန္တန်တစ်ခုကို မန်းမှုတ်လိုက်ရာ ထိုရသေ့၏ အကြောင်းများ သူ၏အာရုံတွင် ပေါ်လာလေသည်။
‘ ကျိုးဝူ … ဆရာဒေါ်လေးကျိုးကျိုးရဲ့ ငါးယောက်မြောက် ဆရာတူအစ်ကိုပဲ။ သူက တုနတ်ဝိဇ္ဇာဂိုဏ်းက အရှင်ဝမ်ချင်းရဲ့ တပည့်ပဲ။ သူ ဂိုဏ်းမှာကျင့်ကြံနေတာ နှစ် ( ၂၀၀၀ ) ရှိပြီ။ သူက အတုမဲ့နတ်ဝိဇ္ဇာထိပ်ပိုင်းအဆင့်ကို ရောက်နေပြီးတော့ ကောင်းကင်နတ်မင်းအဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူး။ ကလေးဆန်တဲ့အကျင့်စရိုက်ရှိပြီး လူတွေကို နောက်ပြောင်ကျီစယ်တတ်တယ်။ ဒါပေမဲ့ တကယ်တော့ သူက အရမ်းဉာဏ်ကောင်းပြီး နည်းနည်း ဉာဏ်နီဉာဏ်နက်များတယ်။ သူက ဂိုဏ်းအပေါ်မှာ အရမ်းသစ္စာရှိတယ်။ သူက ကိစ္စတွေကို ကိုင်တွယ်ဖို့ ဂိုဏ်းကနေ မကြာခဏ ထွက်သွားရတယ်။ ပြီးတော့ ဂိုဏ်းတွင်းဂိုဏ်းပြင် မိတ်တွေအပေါင်းတွေလည်း ပေါတယ်။ သူက အရက်စိမ်ရတာနဲ့ ဆေးဖော်ရတာ ကြိုက်တယ်။ သူ့အားနည်းချက်ကတော့ ဘာမှန်းမသိရသေးဘူး ’

လီချန်ရှို့သည် ထိုလူနှင့် မိတ်ဆွေမဖွဲ့ရန် မလိုအပ်ဟု လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။ ဂိုဏ်းမှ တပည့်တစ်ယောက်အနေဖြင့် ရေလိုက်ငါးလိုက်နေလိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။

တစ်ဘက်တွင်လည်း ကျိုးကျိုးသည် ယုံချင်ရွှမ်းယာအား အောက်သို့ပြန်ချပေးလိုက်ပြီး ခေါင်းမော့လိုက်သည်။ သူမကိုကြည့်ရသည်မှာ အရက်ဖိုးများ မဆုံးရှုံးတော့သည့်အတွက် ‌ကျေးဇူးတင်နေဟန်တူ၏။

ယုံချင်ရွှမ်းယာသည် လီချန်ရှို့အား ဆူနေသော ချီယွမ်၏ စကားများကို ကြားလိုက်ရသည်။
“ မင်းဘာတွေများ တွေးနေတာတုန်း။ အခုမှ ဝိညာဉ်အခြေတည်အဆင့်ပဲရှိသေးတာကို ဒီကိုလာဖို့ ဘယ်ကနေ သတ္တိတွေရလာတာတုန်း။ တခြားသူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင် လုပ်နေတာလား ”

“ ဆရာဦးလေး ချီယွမ်ရှင့်…”
ယုံချင်ရွှမ်းယာသည် သူ့အားစကားဖြတ်ပြောလိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် ဆက်၍ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုချန်ရှို့က ဘယ်သူ့အတွက်မှ ဝန်ထုပ်ဝန်းပိုး မဖြစ်ပါဘူး။ အဲဒါနဲ့ ပြောင်းပြန်ပါပဲ။ အစ်ကိုက ကျမကို အကြိမ်ကြိမ်ကူညီခဲ့… ”

“ ဟုတ်ပါတယ်။ ကျွန်တော် ဘယ်သူ့အတွက်မှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။ အကူအညီတောင် ဖြစ်သေးတယ် ”
လီချန်ရှို့သည် ယုံချင်ရွှမ်းယာ၏ စကားအား ဖြတ်ပြောလိုက်သည်။ သူသည် ဘဝင်ခိုက်နေသောမျက်နှာထား ပြောင်းလိုက်ပြီး ပြုံး၍ ဆိုလိုက်သည်။
“ ဆရာ့ကို ကျွန်တော် ပြောစရာရှိတယ်။ ကျွန်တော် ဒီခရီးစဉ်ကြောင့် ဥာဏ်အလင်းပွင့်ပြီးတော့ ဗလာနတ္ထိအဆင့်ကို ရောက်သွားပြီ ”

လီချန်ရှို့သည် ပြောပြောဆိုဆိုပင် ဗလာနတ္ထိပထမအဆင့်ကို ဖော်ပြနေသော သူ၏ကိုယ်ရောင်ကိုယ်ဝါအား ထုတ်ဖော်ပြသလိုက်သည်။

သူ့ကိုယ်ရောင်ကိုယ်ဝါသည် အနည်းငယ် မတည်မငြိမ်ဖြစ်နေသေး၍ ဥာဏ်အလင်းပွင့်သွားသည်မှာ မကြာသေးကြောင်း ထင်ရှားလေသည်။

ယုံချင်ရွှမ်းယာသည် အတန်ငယ်ဇဝေဇဝါ ဖြစ်သွားရသည်။
‘ ဘာလို့ ဂိုဏ်းတူအစ်ကိုက တခြားလူတစ်ယောက်လို ဖြစ်သွားရတာလဲ။ စောစောကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဘာလို့အခု နည်းနည်း ပျက်တီးပျက်ချော်ပုံစံ ဖြစ်နေရတာတုန်း ”

လီချန်ရှို့သည် သူမအား မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ယုံချင်ရွှမ်းယာမှာ အတန်ငယ် အိုးတို့အန်းတန်းဖြစ်သွားရပြီး မကြာသေးခင်က လီချန်ရှို့ပြောထားသည်များကို ပြန်အမှတ်ရသွား၏။

သူမသည် နှုတ်ခမ်းကိုက်လိုက်ပြီး မည်သို့ဆက်ပြောရမည် မသိ ဖြစ်သွားလေသည်။

“ ချန်ရှို့ မင်း ဥာဏ်အလင်းပွင့်သွားပြီပေါ့ ”

ချီယွမ်သည် အလွန်အမင်းစိတ်လှုပ်ရှားနေသည်။ သူသည် လီချန်ရှို့၏ ကိုယ်ရောင်ကိုယ်ဝါကို ဂရုတစိုက် အာရုံခံလိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်စပေါ်လာပြီး မျက်လုံးများလည်း ဝင်းလက်သွားလေသည်။

သို့သော်လည်း ချီယွမ်သည် ပြည့်ပြည့်ဝဝ မပြုံးရသေးခင် သူ၏မျက်နှာထားမှာ ‌ဒေါသဘက်သို့ ရုတ်ခြည်း ကူးပြောင်းသွားပေသည်။
“ နှစ်(၁၀၀)လောက် ကျင့်ကြံနေတာတောင် အခုမှ ဗလာနတ္ထိအဆင့်ပဲရှိသေးတယ်။ အဲဒါကို ဘာလို့ ကျေနပ်ရောင့်ရဲ နေနိုင်ရတာလဲ။ ရွှမ်းယာကိုကြည့်စမ်း။ သူက မင်းရဲ့ ညီမပဲ။ ဒါပေမဲ့ သူက ဗလာနတ္ထိစတုတ္ထအဆင့်ကို ရောက်နေပြီကွ ”

လီချန်ရှို့သည် ရှိုးတို့ရှန်းတန်းပြုံးလိုက်သည်။ သူအား သူ့ဆရာ ဆူလိုက်သည့်အတွက် အတန်ငယ် ဝမ်းနည်းနေသယောင်ပေါ်လေသည်။ သို့သော် အမှန်တကယ်တွင် သူ၏ရင်တွင်း၌ တစ်စက်မျှ ဝမ်းနည်းမနေဘဲ ရယ်ဖွယ်ကောင်းသည်ဟူ၍ပင် ထင်နေလေသည်။

“ နှစ်(၁၀၀) အတွင်း ဗလာနတ္ထိအဆင့်ကို ရောက်နိုင်တာ အထင်ကြီးစရာကောင်းနေပါပြီ။ အဲဒါက အတော်ပါရမီကောင်းတဲ့သူလို့တောင် ပြောနိုင်ပါသေးတယ် ”
ကျိုးဝူသည် ဘေးမှနေ၍ ပြုံးကာပြောလိုက်သည်။
“ ဂိုဏ်းတူညီလေးချီယွမ် ကျုပ်ရဲ့ ဆရာတူအစ်ကို(၂)ဆိုရင် နှစ်(၂၀၀)လောက်နေမှ ဗလာနတ္ထိအဆင့်ကို ရောက်တယ်။ အဲဒီအဆင့်လည်းရောက်ပြီးရော နှစ်တွေအကြာကြီး ကျင့်ကြံခဲ့တဲ့အရှိန်ကြောင့် အကြီးအကျယ်တိုးတက်ပြောင်းလဲသွားတယ်။ နောက်နှစ် ( ၂၀ ) အတွင်းမှာပဲ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားပြီးတော့ နတ်ဝိဇ္ဇာတစ်ပါး ဖြစ်သွားတယ်။ ကျင့်ကြံခြင်းဆိုတာ ကံတရားအပေါ်မူတည်တယ်။ ကိုယ့်တပည့်အပေါ် အဲဒီလောက် မတင်းကြပ်ပါနဲ့။ ေဩာ် ဟုတ်သားပဲ။ရွှမ်းယာ … ယွမ်ချင်းဘယ်မှာလဲဆိုတာ သိလား ”

ယုံချင်ရွှမ်းယာ၏ မျက်နှာထား မည်းမှောင်သွားသည်။ သူမသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ကျောတွင်ဓားလွယ်လျှက်ပင် ဆောင့်ကြောင့် ထိုင်ကာ လက်နှစ်ဘက်ဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည်။
“ ယွမ်ချင်းသေသွားပါပြီ။ ရွှမ်းယာသတ်လိုက်တာပါ။ ကျေးဇူးပြုပြီး ရွှမ်းယာကို အပြစ်ပေးပါ ဆရာဦးလေး ”

ကျိုးဝူသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ သမီးကိုယ်တိုင် သူ့ကိုသတ်လိုက်တာလား ”

“ ဟုတ်ပါတယ်။ ရွှမ်းယာရဲ့ ဓားလေးစင်းက သူ့ခန္ဓာကိုယ်ကိုဖောက်ပြီး သူ့ရဲ့ မူလဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တာပါ ”
ယုံချင်ရွှမ်းယာသည် ခေါင်းငုံ့နေရင်းပင် ဆက်ပြောလိုက်သည်။
“ အဲဒါအကုန် ရွှမ်းယာရဲ့အပြစ်ပါ။ ဂိုဏ်းတူအစ်ကိုချန်ရှို့နဲ့ ဘာမှမဆိုင်ပါဘူး။ အစ်ကိုက ရွှမ်းယာကို ဒီအတိုင်း မြေကိုယ်ယောင်ဖျောက်အတတ်နဲ့ ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တာပါ။ ဂိုဏ်းက အပြစ်ပေးတာမှန်သမျှ ရွှမ်းယာခံယူဖို့ အသင့်ပါပဲ ”

ကျိုးဝူသည် မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် တွေးတောနေလေသည်။

ကျိုးကျိုးသည် လီချန်ရှို့ထံသို့ ခုန်သွားလိုက်သည်။ မူလက သူ့အား တံတောင်ဖြင့်တွတ်လိုက်ရန် ဟန်ပြင်လိုက်သော်လည်း မလုပ်တော့ရန်သာ ဆုံးဖြတ်လိုက်ပြီး လီချန်ရှို့၏လက်မောင်းအား မထိလိုက်တော့ချေ။

“ ဟေး ဘာတွေဖြစ်ခဲ့တာတုန်း ”
သူမက ညင်သာစွာမေးလိုက်သည်။
လီချန်ရှို့သည် ခေါင်းသာခါပြလိုက်ပြီး နှုတ်ဆိတ်နေလေသည်။

ကျိုးဝူသည် ကျိုးကျိုး၏မေးခွန်းအားကြား၍ လှမ်းကြည့်လိုက်သည်။ တာအိုရသေ့ဂျပု၏ အကြည့်စူးစူးနှစ်ခုသည် ချွန်ထက်သည့် မြားနှစ်စင်းပမာ လီချန်ရှို့၏ မျက်လုံးများအား ဖောက်ထွက်သွားတော့မယောင် ထင်ရလေသည်။

ကျိုးဝူသည် တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
“ ဂိုဏ်းတူ တူလေး … ဘာလို့ ရွှမ်းယာအတွက် ကူမပြောပေးရတာလဲ ”

“ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် သေချာမသိလို့ပါ ”
လီချန်ရှို့က ပြန်ဖြေလိုက်ပြီး ကျိုးဝူအား တည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်လိုက်၏။

“ မင်းကတော်တော် တည်ငြိမ်တာပဲ ”
ကျိုးဝူသည် ပြောရင်း သက်ပြင်းချလိုက်သည်။
“ တကယ်တော့ ဒီကိုလာတဲ့လမ်းမှာ ဟိုမူလနတ်ဝိဇ္ဇာရဲ့ ဝိညာဉ်ထဲကို ရှာကြည့်ပြီးပါပြီ။ ဘာဖြစ်ခဲ့တာလဲဆိုတာကို ငါ အကြမ်းဖျင်းတော့ သိပြီးပြီ။ ယွမ်ချင်းမှာ အပြင်လောကက နန်းတွင်းအရှုပ်အထွေးတွေကို တုနတ်ဝိဇ္ဇာဂိုဏ်းထဲ ယူလာဖို့ ကောက်ကျစ်တဲ့အကြံတွေရှိနေတာ သိပြီးပြီ။ အဲဒါက ခွင့်မလွှတ်နိုင်စရာ အပြစ်ကြီးတစ်ခုပဲ။ ဒါပေမဲ့ ဂိုဏ်းတူ တူမလေးရွှမ်းယာ … ဂိုဏ်းသားအချင်းချင်း သတ်တာကလည်း မဖြစ်သင့်တဲ့ အပြစ်ကြီးပဲ။ ဘယ်လိုအကြောင်းပြချက်ကြောင့်ဖြစ်ဖြစ် အဲဒါကလည်း ငြင်းမရတဲ့အပြစ်တစ်ခုပဲ ”

ကျိုးကျိုးသည် ထိုရသေ့အား ဝင်ဆူလိုက်သည်။
“ အဲ့အရေးမပါတဲ့ စည်းမျဉ်းတွေကို ပြောင်းပစ်လို့ရတာပဲ။ ယွမ်ချင်းက အရင်စတိုက်တာမလား။ ရွှမ်းယာက ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရုံပဲလေ ”

ယုံချင်ရွှမ်းယာသည် နှုတ်ခမ်းတင်းတင်းစေ့၍ တိတ်တဆိတ်ပင် နားထောင်နေလေသည်။

ထိုအချင်းအရာကြောင့် လီချန်ရှို့သည် ချောင်းဟန့်ကာ ဝင်ပြောလိုက်သည်။
“ ဆရာဦးလေးကျိုးဝူ အရင်ဆုံး ဒီကနေ ထွက်သွားကြတာပေါ့။ ကျွန်တော်တို့ တခြားဆရာဦးလေးတွေ ဆရာ‌ဒေါ်လေးတွေနဲ့ အရင်တွေ့ပြီးမှ ဂိုဏ်းတူညီမလေးရွှမ်းယာကို ေသချာပြန်ပြောပြခိုင်းတာ မကောင်းဘူးလား။ ဂိုဏ်းတူညီမလေး ရွှမ်းယာသာ အမှန်ကိုပြောမယ်ဆိုရင် ဂိုဏ်းကလည်း သူ့လုပ်ရပ်တွေကို နားလည်ပေးနိုင်မှာပါ ”

ထို နောက်ဆုံးစကားသည် ယုံချင်ရွှမ်းယာအား ဦးတည်၍ ပြောလိုက်ခြင်းပင်။

ယုံချင်ရွှမ်းယာသည် လီချန်ရှို့အား ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ကူရာကယ်ရာမဲ့ပြီး ခါးသက်သော အရိပ်အယောင်များရှိနေလေသည်။

လီချန်ရှို့ ရင်တွင်းမှနေ၍ သက်ပြင်းချလိုက်သည်။ သူသည် သူမအား ခပ်ယဲ့ယဲ့ပြုံး၍ အားပေးသည့်အနေဖြင့် အသာအယာခေါင်းညိတ်ပြလိုက်သည်။

ကျိုးဝူက ပြောလိုက်သည်။
“ မင်းရဲ့အကြံ ကောင်းပါတယ်။ အခြားသူတွေနဲ့ အရင်တွေ့ကြတာပေါ့ ”

ကျိုးဝူသည် စကားဆုံးသည်နှင့် သူ၏ခေါင်းအား ကုတ်လိုက်သည်။ သူသည်လည်း ယုံချင်ရွှမ်းယာအား အပြစ်မှလွတ်စေရန် မည်သို့ပြုလုပ်ရမည် ဖြစ်ကြောင်းကို စဉ်းစားနေသည်။

သို့သော် ယွမ်ချင်း၏ဆရာလည်း ပါလာသည်ကို အမှတ်ရသွားလေရာ ခေါင်းစားသွားတော့သည်။

တာအိုရသေ့ဂျပုသည် တိမ်ဖြူတစ်အုပ်အား ဖန်ဆင်းလိုက်ပြီး သူတို့အား ထိုအပေါ်သို့ တက်စေလိုက်သည်။ သူသည် ယုံချင်ရွှမ်းယာအား ကာကွယ်ပေးနိုင်ရန် သူ၏နောက်နားတွင် ကပ်နေရန် သတိပေးလိုက်သည်။

လီချန်ရှို့သည် သူ၏ဆရာအနီးတွင် ကပ်နေလေသည်။ သူတို့သည် တိမ်တိုက်ပေါ်သို့တက်ကာ တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

ချီယွမ်သည် ယခင်စိတ်ပျက်အားငယ်နေသောပုံနှင့် တခြားစီဖြစ်နေပေပြီ။ ရောက်ခါစတွင် မိဘများအား ဆုံးရှုံးခဲ့ရသူတစ်ယောက်ပုံ ပေါက်နေသော်လည်း ယခုတွင်မူ ဘဝကြီးသည် အရာရာအဆင်ပြေချောမွေ့နေသူတစ်ယောက်ကဲ့သို့ ြဖစ်နေတော့သည်။

သူသည် ယခုအခါတွင် ဗလာနတ္ထိအဆင့်ရှိသော တပည့်တစ်ဦး၏ ဆရာ ဖြစ်နေပေပြီ။

တိမ်ဖြူကြီး လေပေါ်သို့ပျံမတက်မီ ကျိုးဝူသည် တစ်စုံတစ်ခုအား စဉ်းစားမိဟန်တူသည်။ သူသည် ကိုယ်အားလှည့်၍ လီချန်ရှို့နှင့် မျက်နှာချင်းဆိုင်ကာ ပြုံး၍မေးလိုက်သည်။

“ ဂိုဏ်းတူ တူလေးချန်ရှို့… ”

“ ရှိပါတယ်ခင်ဗျ ”

ကျိုးဝူသည် တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။
“ မျက်လုံးကြီး ခေါင်းသုံးလုံးပင့်ကူရဲ့ ပင့်ကူအိမ်တွေကို ဘာလို့ပြန်မသိမ်းတာလဲ။ အဲဒါ တော်တော်ရှားတဲ့ ပစ္စည်းတွေပဲ ”

လီချန်ရှို့သည် မထူးခြားစွာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ ဆရာဦးလေး ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒါတွေက သုံးပြီးရင် ပြန်သိမ်းဖို့ ခက်တယ်။ ကျွန်တော် ချုံတောင်လေးမှာ မျက်လုံးကြီး‌ ခေါင်းသုံးလုံးပင့်ကူ အသိုက်နည်းနည်းကို သိမ်းထားပါတယ်။ ဆရာဦးလေး အဲ့လိုထူးဆန်းတဲ့ဟာတွေကို ကြိုက်တတ်ရင် ကျွန်တော်တို့ဂိုဏ်းကို ပြန်ရောက်ရင် ဆရာဦးလေးကို အသိုက်တစ်ခုပေးနိုင်ပါတယ် ”

ကျိုးဝူသည် မျက်ခုံးတစ်ဘက်ပင့်၍ ဆိုသည်။
“ အဲဒီလိုဆိုရင် မငြင်းတော့ဘူးနော်။ မင်းမှာ အလားအလာကောင်းတွေရှိတယ် ကောင်လေး။ အနာဂတ်မှာ ငါတို့အချင်းချင်း ရင်းရင်းနှီးနှီးနေကြတာပေါ့ ”

“ ဆရာဦးလေး အမိန့်အတိုင်းပါပဲခင်ဗျာ ”
လီချန်ရှို့သည် နွေးထွေးနှစ်လိုဖွယ် ပြုံးလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောလိုက်တော့ချေ။

စကားများများပြောလျှင် အမှားများများပြုမိပေလိမ့်မည်။ ကျိုးဝူသည် သူ့၏ ဟန်ဆောင်ထားမှုကို အတန်ငယ် ဖောက်မြင်နေဟန်တူသည်။ သို့သော်လည်း သူက ဆက်၍ စကားမပြောတော့စေရန် ပင့်ကူအိမ်အားအလိုရှိလျှင် ပိုက်ဆံနည်းနည်းပေးရမည် ဖြစ်ကြောင်း ပြောလိုက်ရလေသည်။ သူသည် ဂိုဏ်းအတွင်းမှ အခြားကျင့်ကြံသူများနှင့် အဆက်အဆံ မလုပ်လိုပေ။

သို့သော်လည်း ချီယွမ်သည် မျက်ခုံးတွန့်၍ လီချန်ရှို့အား ကြည့်လိုက်ပြီး တည်ငြိမ်သောမျက်နှာထားနှင့် ပြောလိုက်သည်။
“ မင်းဘာလို့ အဲ့လောက် တစ်ကိုယ်ကောင်းဆန်ရတာလဲ။ မင်းရဲ့ ဒီဆရာဦးလေးသာ လာမကယ်ရင် မင်းအခုဘာဖြစ်နေမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ မင်းမှာ နတ်ပင့်ကူအိမ်တွေ ဘယ်နှစ်ခုရှိလဲ။ မင်းတစ်ခုပဲ သိမ်းထားပြီးတော့ ကျန်တာအကုန် ဆရာဦးလေးကျိုးဝူကို ပေးသင့်တာပေါ့။ မဟုတ်ဘူးလား ”

“ အဟွတ် အဟွတ်… ”
လီချန်ရှို့မှာ ဒန်တျန်အတွင်းမှ ပင့်သက်တစ်ခုထွက်လာပြီး ပါးစပ်အုပ်၍ ချောင်းအနည်းငယ် ဆိုးလိုက်ရသည်။

သူသည် အံကြိတ်ကာ အားတင်းပြုံး၍ ပြောလိုက်ရသည်။
“ ဟုတ်…ဟုတ်ကဲ့ပါ။ ဆရာဦးလေးရဲ့ အမိန့်..အတိုင်းပါပဲ… ”

ကျိုးဝူသည် တိမ်တိုက်အရှေ့ပိုင်းတွင်ထိုင်နေခြင်း ဖြစ်သည်။ သူ့နောက်မှ ပြောလိုက်သံသည် ရယ်ရွှင်ဖွယ်ဖြစ်နေ၍ သူ ထိုင်ရင်းမှပင် အသံထွက်သည်အထိ ရယ်လိုက်သည်။ သို့သော်လည်း သူမည်သို့မျှ ပြန်မပြောလိုက်ပေ။

မျက်နှာဝိုင်းဝိုင်းလေးတစ်ခုသည် ဘေးမှနေ၍ လီချန်ရှို့အား အကဲခတ်နေသည်။ ကျိုးကျိုးသည် တာအိုရသေ့အိုကြီးချီယွမ်၏နောက်သို့ နေရာ‌ရွှေ့ထိုင်ထားြပီး လီချန်ရှို့၏ လက်ဝဲဘက်မှနေ၍ ရှေ့သို့ကိုင်းကာ သူ့အား ငေးကြည့်ေနခြင်း ဖြစ်သည်။

လီချန်ရှို့သည် နောက်သို့ အလိုအလျောက်ကိုင်းမိသွားသည်။ သူထင်သကဲ့သို့ပင် သူ နောက်သို့ကိုင်းလိုက်လျှင် သူ၏မြင်ကွင်းသည် ပို၍ရှင်းသွားတော့သည်။ သူသည် ဖျင်ကြမ်းဝတ်ရုံကော်လာမှနေ၍ အတွင်းသားကို အတိုင်းသား မြင်လိုက်ရလေသည်။

“ အဟမျး…အဟမျး…”
သူသည် ဆရာ‌ဒေါ်လေး၏ ရုတ်တရက် စနောက်လိုက်မှုအား ကောင်းစွာ ကာကွယ်နိုင်လိုက်လေသည်။

ကျိုးကျိုးက မျက်တောင်ခတ်ကာ ပြောလိုက်သည်။
“ မင်းတို့က ဘယ်ပင့်ကူမျှင်တွေ အကြောင်းပြောနေတာလဲ။ မင်းရော ဆရာတူအစ်ကိုငါးကော နှစ်ယောက်စလုံး ထူးဆန်းနေသလိုပဲ ”

လီချန်ရှို့ပြန်ဖြေလိုက်သည်။
“ အဲဒါက ရှားပါးပစ္စည်းတစ်ခုပါ။ ဘာလဲဆိုတာတော့ သေချာရှင်းမပြတတ်ဘူး။ ဘာလို့ ဆရာဦးလေးကျိုးဝူကို မမေးတာလဲ ”

“ ဟင် … မင်းကပြောမပြချင်ဘူးပေါ့။ ရတယ်လေ ”

ကျိုးကျိုးသည် တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်သည်။

ရုတ်တရက် သူမသည် တစ်စုံတစ်ခုအား သတိရသွားပြီး သူမ၏ ဒူးအား ခပ်ပြင်းပြင်းရိုက်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ ေဩာ် ..ဟုတ်သားပဲ။ ဂိုဏ်းတူအစ်ကိုချီယွမ်… ဒီမှာ ချန်ရှို့ရဲ့ရောဂါလက္ခဏာတွေကို ကြည့်ပါဦး။ သူ ကျင့်ကြံတာတစ်ခုခုများ မှားနေသလား။ ကိုယ်တွင်းမိစ္ဆာတစ်မျိုးမျိုးများ ရှိနေသလားဆိုတာ ”

“ ကိုယ်တွင်းမိစ္ဆာ… ဟုတ်လား… ”
ချီယွမ်၊ ကျိုးဝူ နှင့် ယုံချင်ရွှမ်းယာတို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ ကျိုးကျိုးသည် လက်အားမြှောက်ကာ လီချန်ရှို့၏ နားပေါက်အတွင်းသို့ ထိုးလိုက်လေသည်။

သူမ၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်ပေသည်။ သူမသည် ပြောနေရင်း လက်မြောက်ပြီးသား ဖြစ်နေ၍ လီချန်ရှို့မှာ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပေ။

လီချန်ရှို့တစ်ကိုယ်လုံး ကွေးကောက်သွားသည်။ သူ့လက်ဝဲလက် တုန်ခါနေပြီး သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများသည်လည်း တွန့်လိမ်နေလေသည်။ သူသည် မျက်ဖြူလန်နေပြီး ပါးစပ်အတွင်းမှ အမြှုပ်ဖြူဖြူများလည်း ထွက်နေလေသည်။

‘ သောက်ကျိုးနည်းဟေ့ ’

ဆရာဒေါ်လေးကျိုးသည်လည်း အဆိပ်ပြင်းလေသလော။

မဟုတ်သေး။ ဤတိမ်တိုက်သည်ပင် အဆိပ်ပြင်းနေခြင်းပင်။ တာအိုနာမည်တွင် ‘ကျိုး’ဟူသော စာလုံး ပါသူတိုင်း ရူးနေကြခြင်းပင် ဖြစ်မည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset