ပိုင်ရှောင်ချန်း ထွက်ခွာသွားသည်မှာ သိပ်မကြာသေးသည့်အပြင် လူတိုင်း သူထွက်ခွာသွားရခြင်း၏နောက်ကွယ်က အကြောင်းရင်းကို ကောင်းကောင်းသိလေသည်။ ဤသို့အားဖြင့် တစ်ဂိုဏ်းလုံးသည် သူပြန်လာမည်ကို တိတ်တဆိတ်စောင့်မျှော်နေကြပြီး ဘာတွေများဖြစ်ပျက်ခဲ့မည်နည်းဟု သိချင်နေကြလေသည်။
လူတိုင်းမှာ အဆိုးဆုံးအထိပြင်ဆင်ထားကြသော်လည်း ပိုင်ရှောင်ချန်းသာ အခြေအနေများကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့လျှင် မည်သို့ဖြစ်လိမ့်မည်နည်းဟူ၍ သိချင်စိတ်များအား တစ်ယောက်မှ အတောမသပ်နိုင်ကြတေါ့ပေ။
နောက်ဆုံးတွင် ခေါင်းဆောင်ကြီးများသည် ရလဒ်နှင့်ပတ်သက်၍ ဂိုဏ်းကို သတင်းပို့လိုက်လေသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသည် စွမ်းအားအရင်းအမြစ်တစ်ရာကျော်ကို ရရှိကြောင်း၊ အခြားဂိုဏ်းသုံးဂိုဏ်းအား နင်းချေခဲ့ကြောင်းနှင့် ပိုင်ရှောင်ချန်းတစ်ယောက်တည်းက လက်ရွေးစင်များစွာကို ရူးသွပ်သွားစေခဲ့ကြောင်းတို့ကို လူတိုင်းကြားသိလိုက်ရလေသည်။
ထို့ကြောင့် ပိုင်ရှောင်ချန်း ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် တစ်ဂိုဏ်းလုံးက တခဲနက် ကြွေးကြော်လိုက်ကြရာ မိုးကောင်းကင်ပင်တုန်ခါသွားတော့သည်။
“အစ်ကိုကြီးပိုင်.. ခင်ဗျားက မယုံနိုင်စရာပဲဗျို့”
“ခေါင်းဆောင်ငယ်က ရှင်းမြစ်ဂိုဏ်းခွဲကို တိုက်ဖျက်ပြီး ကျင်းမြစ်ဂိုဏ်းခွဲကို နင်းချေခဲ့တယ်.. တစ်မိုးအောက် ပြိုင်ဘက်ကင်းပဲဟေ့..”
ပိုင်ရှောင်ချန်းသည် ကောင်းကင်ချိုဓားမှ ဆင်းသက်လာရုံရှိသေးကာ အားပေးကြွေးကြော်သံအပေါင်းကြားလိုက်ရသည်တွင် ချက်ချင်းပင် ပျော်ရွှင်အူးမြူးသွားတော့သည်။
ဟန်ဇောင်၏ အင်္ကျီလက်စကို စိတ်လှုပ်ရှားစွာ လှမ်းဆွဲကာ သူကပြော၏။ ” သူတို့ ကျုပ်အကြောင်းပြောနေကြတာဗျ”
ဟန်ဇောင်က ဟမ်းခနဲ လည်ချောင်းရှင်းလိုက်သော်လည်း ဘာမှမပြောပေ။ ပိုင်ရှောင်ချန်းဆုပ်ကိုင်ထားသော သူ၏ အင်္ကျီလက်စကို ဆွဲလိုက်ကာ ဖုန်းရှိန်ကျစ်၊ ချီဟွမ်တို့နှင့်အတူ အဏ္ဏဝါခေါ်သံတောင်သို့ ပြန်သွားလေသည်။
ပိုင်ရှောင်ချန်းသည် ဂိုဏ်းရှိ ဂိုဏ်းသူဂိုဏ်းသားအပေါင်းတို့က သူ့ကို ကောင်းချီးသြဘာပေးနေကြသည့် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် လေထဲသို့ပျံတက်လိုက်လေသည်။ တခဏမျှတွေးတောပြီးသော် မဖော်မရွေ အေးတိအေးစက်ဆက်ဆံရမည့်အချိန်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ အတတ်နိုင်ဆုံး ဖော်ရွေသည့်ပုံပေါ်အောင်ကြိုးစားရင်း သူက လည်ချောင်းရှင်းပြီး သူရှာတွေ့သည့် လူအများဆုံးနေရာကို သွားလိုက်သည်။
ကျန်နေ့ရက်များတွင် ပိုင်ရှောင်ချန်းသည် အမွေအနှစ်နယ်မြေတွင် သူ့အောင်မြင်မှု၏ ဇာတ်လမ်းများကို ပုံစံအမျိုးအမျိုးဖြင့်ဖြန့်ရန် အထူးတလည် အားထုတ်နေစရာမလိုတော့ပေ။ သို့သော်လည်း ဇာတ်ကြောင်း တစ်ခုစီတိုင်းတွင် သူက အမြဲတမ်း မယုံကြည်နိုင်ဖွယ် ရဲစွမ်းသတ္တိရှိနေကာ အင်အားကြီးမားပြီး သူ၏ရန်သူများကို တစ်ယောက်တည်း ချေမှုန်းခဲ့သည်သာ ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ဂိုဏ်းရှိ ဂိုဏ်းသူဂိုဏ်းသားများ မည်မျှ သူ့ကို တမ်းတမ်းစွဲဖြစ်နေကြောင်း ပြတ်ပြတ်သားသားပြောနိုင်လေသည်။ တစ်ခါတွင် ဂိုဏ်းသူတစ်ယောက်ကို သူက ခပ်ပါးပါးလေးပြုံးပြလိုက်သောအခါ သူမမှာ စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းပင် သတိလစ်သွားလေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် တစ်လောကလုံးက သူ၏သဘောကျခြင်းကိုရရန် တိမ်းညွှတ်လာနေသည့်အလား ခံစားလိုက်ရတော့သည်။ နေမင်းကြီးပင်… သူ့အား ပြုံးပြနေသည့်အလားပင်။
ဘရူဆာသည်လည်း ချီးကျူးဂုဏ်ပြုခြင်းများစွာရပြီး သူနှင့်အချိန်အတူကုန်ဆုံးခဲ့သော သားရဲမများထံ အပြေးအလွှား သွားကြွားတော့သည်။
လဝက်ကုန်လွန်ပြီးသည့် နောက်ဆုံး အရာအားလုံး တည်ငြိမ်လာလေပြီ။ အမွေအနှစ်နယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးကြည့်ပြီးနောက် ပိုင်ရှောင်ချန်းမှာ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်၍ ယခင်ထက်ပိုစိတ်ပူလာတော့သည်။
“ငါပိုပြီး သန်မာဖို့လိုတယ်….”
သူက တွေးလိုက်သည်။ ထို့နောက် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်နှင့် သူ၏ ထာဝရအရွတ်ကြောများကို အလေးအနက် ကျင့်ကြံအားထုတ်ရန်ဂူပိတ်ကျင့်လေတော့သည်။
ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်သည် အမှန်တကယ် အလွန်တရာလေးနက်ဆန်းကြယ်သော ပညာရပ်တစ်ခုဖြစ်သည်။ ထိုမတိုင်ခင်က သူ့မှာ ၄င်းကိုကျင့်ကြံရာတွင် များသောအားဖြင့် အမှောင်ထဲ စမ်းတဝါးဝါးဖြစ်နေခဲ့ရသည်။ ထိုထဲတွင် စိတ်ကို မနှစ်မြုပ်နိုင်မီ ခေါင်းဆောင်ကြီးဟန်ဇောင်ကို မေးခွန်းများ မေးခဲ့ရသည်။
” အေးစိမ့်ချီ ဖြစ်ပေါ်လာဖို့ ပညာကိုသုံး။ ပြီးရင် စိတ်ဆန္ဒ ကို ပြောင်းလဲဖို့ အေးစိမ့်ချီကို သုံး….” မျက်လုံးများမှိတ်လျက် ဖော်ပြထားသော ဆောင်ပုဒ်အတိုင်း သူစုပ်ယူထားသည့် ကောင်းကင်တံတားမြစ်ရေတစ်စက်ကို ယူကာ ၄င်းကို အေးစိမ့်စွမ်းအားတစ်ရပ်အသွင်ပြောင်းရင်း လုပ်ဆောင်လိုက်လေသည်။
အေးစိမ့်ချီများသည် သူ့ပတ်လည်တွင် တဖြည်းဖြည်း ဖြစ်တည်လာရာ သူ၏ဂူနံရံများပေါ်တွင် နှင်းခဲများပင်ပေါ်ပေါက်လာတော့သည်။ တစ်ဆက်တည်းမှာပင် သူ၏ ခန္ဓာကိုယ်သည် အေးသထက်အေးလာတော့သည်။
ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများအား ဖွင့်လိုက်လေသည်။ မျက်လုံးများထဲတွင် လေးနက်သောအလင်းများကို မြင်ရလေသည်။ ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်၏ အနှစ်သာရကို နားလည်သဘောပေါက်သွားပြီးဖြစ်ကြောင်း ယုံကြည်သွားသည်။
” ပထမ အေးစိမ့်ချီ ဖြစ်ပေါ်တယ်။ ပြီးတော့ စိတ်ဆန္ဒ ..။ အေးစိမ့်ချီ….”
သူ၏ ညာလက်ကို တဖြည်းဖြည်းမြှောက်ပြီး လက်ချောင်းများကို ကြည့်လိုက်ရာတွင် လက်ထိပ်များမှာ အဖြူရောင်နှင်းခဲများ ဖုံးလွှမ်းနေတော့သည်။
“ငါ့မှာ အေးစိမ့်ချီ လုံလုံလောက်လောက်မရှိဘူး။ ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်အရ အေးစိမ့်ချီကို ကျွန်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်တဲ့ လူတွေကို အဆင့်လေးဆင့်ခွဲထားတယ်။ အေးစိမ့်ကျင့်ကြံသူ၊ အေးစိမ့်ပညာရှင် ၊ အေးစိမ့်သခင်၊ အေးစိမ့်ကိုယ်တော် ”
” အေးစိမ့်ကျင့်ကြံသူ တွေက အေးစိမ့်ချီတွေကို ဆင့်ခေါ်နိုင်ပြီး နေရာသေးသေးလေးထဲက အရာဝတ္ထုတွေကို အေးခဲပစ်ဖို့ သုံးနိုင်တယ်။ အေးစိမ့်ပညာရှင် တွေကျတော့ မီတာ ၃၀၀၀အကျယ်အဝန်းထဲက အရာအားလုံးကို အေးခဲပစ်နိုင်တယ်။ ပြီးတော့ အေးစိမ့်သခင် တွေကတော့ မီတာ ၃၀၀၀၀ရှိတဲ့ ရေခဲပြင်ကြီးကို ဖန်တီးနိုင်တယ်။ ဒါ့အပြင် အဲဒီအေးခဲနေတဲ့ နေရာမှာ ကိုယ်ပွားတွေကို ထုတ်ဖော်နိုင်တယ်”
” အေးစိမ့်ကိုယ်တော် တွေကျတော့ ကောင်းကင်တံတားမြစ်ရဲ့ အစိတ်အပိုင်းတွေကိုတောင် အေးခဲပစ်နိုင်တယ် ” ကောင်းကင်တံတားမြစ် တစ်စိတ်တစ်ဒေသကို အေးခဲပစ်နိုင်ပါက ဘာနှင့်တူမည်နည်းဟု စိတ်ကူးကြည့်လိုက်ရာ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ထူးဆန်းသောအလင်းများဖြင့် တောက်ပလာတော့သည်။ အပိုင်းတစ်ခုလေးကို အေးခဲပစ်ခြင်းကပင်လျှင် လူတိုင်းကို ကြောက်ရွံ့သွားစေနိုင်သော စွမ်းအားပြမှုတစ်ရပ်ဖြစ်လိမ့်မည်။
“အခုတော့ ငါ့ကိုယ်ငါ အေးစိမ့်ကျင့်ကြံသူ တစ်ယောက်လို့ ခေါ်လို့တောင် မရသေးဘူး” ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်လေသည်။ ဤကိစ္စမှာ အလျင်စလိုလုပ်၍ရသည့်ကိစ္စတစ်ခုမဟုတ်ကြောင်း သူသိသည်မဟုတ်ပါလော။ သူလုပ်နိုင်သည့်အရာမှာ ကောင်းကင်တံတားမြစ်ရေကို ဖြည်းဖြည်းချင်းစုပ်ယူပြီး အေးစိမ့်ချီများ စုဆောင်းရန်သာဖြစ်သည်။
အေးစိမ့်ချီများသည် သူ၏ကောင်းကင်တာအိုရွှေအမြုတေအတွင်းထဲ တိုးများလာမည်ဖြစ်ပြီး အမြုတေဖြစ်ပေါ်လာစေသော စိတ်စွမ်းပင်လယ်ကိုးစင်းသည် အေးစိမ့်ချီများအဖြစ် လုံးဝပြောင်းလဲသွားသည်နှင့် သူသည် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ရောက်သွားလိမ့်မည်။
“ဘယ်လောက်နှစ်တွေကြာမလဲ သိချင်လိုက်တာ..”
သူက ခေါင်းတခါခါနှင့် တွေးလိုက်သည်။ သို့သော်လည်း သူ မစိုးရိမ်ပေ။ မည်သို့ပင်ဆိုစေ လတ်တလောတွင် သူကျင့်ကြံအားထုတ်ရန် နှစ်ထောင်များစွာထက်ပို၍အသက်ရှည်နေလေပြီ။
ထို့ကြောင့် သူ၏ ထာဝရအရွတ်ကြောများအပေါ်တွင် အားစိုက်လိုက်သည်။ ထိုအချိန်တွင် သူသည် ခြေမမှ ဒုတိယခြေချောင်းအထိ ဆောင်ရွက်နိုင်သွားလေသည်။
သူ၏ကျင့်ကြံခြင်းအခြေခံအပြင် အဏ္ဏဝါဆေးလုံးနှင့်ပတ်သက်၍လည်း စိုးရိမ်ရသေးသည်။ ယခုတွင် ဆေးဖော်စပ်ခြင်းနည်းလမ်းမှာ ပို၍အဆင်ပြေလာသည်ဟုခံစားရပါသော်လည်း သက်စောင့်အားပြဿနာကိုဖြေရှင်းရန်နည်းလမ်းကို ရှာမတွေ့နိုင်သေးပေ။
သန့်ရှင်းသောဝိညာဥ်၏ ချီနှင့်သွေးအချို့ စုပ်ယူထားခြင်းကြောင့် သူ၏ယုံကြည်ချက်များတိုးလာသော်လည်း စမ်းသပ်ချက်များလုပ်ပြီးနောက် သူ မအောင်မြင်နိုင်သေးကြောင်း တွေ့ရှိရလေသည်။
အရေးအကြီးဆုံးမှာ ကောင်းကင်တံတားမြစ်ရေမှ သက်စောင့်အားလုံလုံလောက်လောက် မရနိုင်သောကြောင့်ပင်ဖြစ်တော့သည်။
“ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ တစ်ခုခုတော့ပတ်သက်နေလိမ့်မယ်။ ကောင်းကင်တံတားမြစ်ရေကနေ အဆုံးစအမဲ့ သက်စောင့်အားကို ထုတ်နိုင်လောက်တဲ့ အထိ မသန်မာသေးလို့နေမယ် ” သူခေါင်းခါလိုက်လေသည်။ ယခုတွင် ဆေးဖော်ခြင်းအကြောင်းစိုးရိမ်ခြင်းသည် အလကားပင်။ သူလိုအပ်သည့် သက်စောင့်စွမ်းအားများအား မည်သို့ရနိုင်ကြောင်း အဖြေရှာရန်လိုသည်မဟုတ်ပါလော။
အတွေးပေါင်းများစွာ တောင်စဥ်ရေမရ တွေးတောပြီးနောက် သူ၏ ထည့်စရာအိတ်ကို ငုံ့ကြည့်လိုက်ပြီး အမွေအနှစ်နယ်မြေသို့ မသွားမီက ပေါ်လာခဲ့သည့် အကြံကို ပြန်စဥ်းစားလိုက်သည်။
ပြဿနာတစ်ခုလုံး၏ အရင်းခံသည် သက်စောင့်အားဖြစ်ပြီး မည်သည့်နေရာတွင် ရနိုင်မည့်အကြောင်းကို အချိန်အတော်ကြာကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
လိပ်ကလေး…
လိပ်ကလေး၏ ထာဝရအသက်ရှည်ခြင်းနှင့် မပျက်စီးနိုင်သော အရည်အသွေးများကြောင့် သက်စောင့်အားအမြောက်အမြားရှိသည်မှာ သေချာသည်။ သို့သော်လည်း ပြဿနာမှာ လိပ်ကလေးသည် စိတ်လိုလက်ရပူးပေါင်းဆောင်ရွက်မည် လုံးဝမဟုတ်သောကြောင့်ပင်။ ထို့ကြောင့်ပင် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းဆေးအမျိုးအစားတစ်ခုအား ဖော်စပ်ရန် တိတ်တိတ်ကလေး စီစဥ်နေခဲ့ခြင်းဖြစ်သည်။
လိပ်ကလေးကို အလဲထိုးပေးနိုင်မည့် အဆင့်မြင့် ဆေးကို ပြုလုပ်ချင်နေသည်။
ရိုးရှင်းလွယ်ကူသောအလုပ်ဟု ထင်ရသော်လည်း မဟုတ်ပေ။ သူ အောင်မြင်ရန် အခွင့်အရေးတစ်ခုသာရှိသည်။ လိပ်ကလေးကို ထိုဆေးစားရန် လှည့်ဖျားနိုင်လျှင် အလုပ်ဖြစ်ပြီး အကုန်လုံးအဆင်ပြေမည်။ သို့သော် ဆေးသာအလုပ်မဖြစ်လျှင် လိပ်ပေါက်စက လက်စားချေရန် မည်သည့်အတိုင်းအတာအထိ ကြိုးစားမည်ကို သူ တွေးကြည့်ရုံသာတတ်နိုင်သည်။
” ခေါင်းကိုက်လိုက်တာ ”
သူက သက်ပြင်းချရင်း တွေးလိုက်သည်။ အချိန်အနည်းငယ်ကြာသော် အံတင်းတင်းကြိတ်လိုက်ပြီး ယခင်ကရှိခဲ့သော ဆေးဖော်စပ်ခြင်းလုံလအားစိုက်မှုဖြင့် ဆက်လက်ကြိုးပမ်းလေတော့သည်။ ကံကောင်းထောက်မစွာ မကြာမီ ဂိုဏ်းသုံးဂိုဏ်းသည် သူတို့ပိုင်ဆိုင်သည့် စွမ်းအားရင်းမြစ်များပို့ဆောင်ရန် လာရောက်ရမည်ဖြစ်ရာ ထင်ရှားကျော်ကြားသောစိတ်စွမ်းအင်ဆေးအမြောက်အမြားပါဝင်မည်မှာ သေချာလေသည်။ အနည်းငယ်တွေးတောပြီးနောက် ပိုင်ရှောင်ချန်းသည် သူတို့အား သေချာပေါက်သွားရောက်စူးစမ်းသင့်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းအကြောင်းပြောသောအခါ အလယ်ပိုင်းဒေသ၏ကျင့်ကြံခြင်းလောကတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ဂိုဏ်းသုံးဂိုဏ်းသည် အမွေအနှစ်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သည့် သတင်းများကို ဖုံးဖိရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ထိုသို့ အလွန်အရေးကြီးသော ဖြစ်ရပ်များကို ခြေသုတ်ခုံရှင်းသကဲ့သို့ ရှင်းမရပေ။ မကြာမီ အလယ်ပိုင်းဒေသရှိ လူအားလုံးသည် ထိုအကြောင်းကိုကြားသွားကြပြီး အကုန်လုံးး လုံးလုံးလျားလျားတုန်လှုပ်သွားကြတော့သည်။
ထို့အပြင် ခေါင်းဆောင်ငယ်ပိုင်ရှောင်ချန်းတစ်ယောက်ထဲက ထိုတာဝန်ကို ဆောင်ရွက်ခဲ့ကြောင်း နှင့် အမြုတေအဆင့်ထိပ်ဆုံးလက်ရွေးစင်ဒါဇင်များစွာကိုရင်ဆိုင်ခဲ့ရုံသာမက သူတို့အားလုံးအပေါ်တွင် အထူးအမှတ်အသားတစ်ခုကို ထားခဲ့ကြောင်း လူတိုင်းကြားလိုက်ရသောအခါ အကုန်လုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြတော့သည်။ ထိုသည်မှာ အသက်ဝင်တောင်မန္တန်အကြောင်းမကြားရသေးခင်သာ ရှိသေးသည်။
ထိုအချိန်တွင် သူ့နောက်ကြောင်းကို စုံစမ်းခဲ့ကြရာ မကြာမီ သူ့ဘဝ၏အသေးအစိတ်အကြောင်းများ စတင်ပျံ့နှံ့လာတော့သည်။
သူသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဆယ်ကျော်သက်တည်းက ဝင်ရောက်ခဲ့ပြီး သူ၏ ရောင်ရင်းဂိုဏ်းသားများကို ကာကွယ်ရန် သူ့အသက်ကိုပင်ပဓာနမထားပဲ လောချိန်မျိုးနွယ်စုဖြင့် ပြင်းထန်သော တိုက်ပွဲကိုဆင်နွှဲခဲ့သည်။ သူ၏ဂိုဏ်းရှိ လက်ရွေးစင်တိုက်ပွဲများတွင် ပထမနေရာရရှိခဲ့ပြီး ဆေးဖော်စပ်ရာတွင်လည်း တမူထူးခြားသောပါရမီတစ်ဦးဖြစ်လေသည်။ နောက်တွင် သူသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သွေးသခင်သာမက သူတို့၏ သွေးဘိုးဘေးကြီးပါ ဖြစ်လာခဲ့သည်။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြား စစ်ပွဲကို တစ်ယောက်တည်းတားဆီးခဲ့ပြီး ဂိုဏ်းနှစ်ဂိုဏ်းပေါင်းစည်းရန်ကိုပင် သိမ်းသွင်းစည်းရုံးနိုင်ခဲ့သည်။ ထို့နောက် သူတို့သည် ဆန်းကြယ်နှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အသစ်ဖြစ်ပေါ်လာသော အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်လာတော့သည်။
သူအောင်မြင်ခဲ့သောအရာများစွာထဲမှ တစ်ခုကပင် လူအားလုံးကို အံသြတုန်လှုပ်သွားစေလိမ့်မည်။
ပိုင်ရှောင်ချန်း၏ ဂုဏ်သတင်းသည် အလယ်ပိုင်းဒေသ၏ ကျင့်ကြံခြင်းလောကတစ်ခွင် ပျံ့နှံ့သွားရန် သိပ်မကြာလိုက်ပေ။
နောက်ဆုံးတွင် အဏ္ဏဝါခေါ်သံဂိုဏ်းသည် သူ့အကြောင်းများ မပေါက်ကြားစေရန် အချက်အလက်များကို ထိန်းသိမ်းလိုက်တော့သည်။ သူတို့သည် တစ်လောကလုံး သူ၏စရိုက်အစစ်အမှန်ကို သိသွားစေလိုစိတ်မရှိပေ။ လျှို့ဝှက်ချက်အနေနှင့်ထားရှိထားလေသည်။
အလယ်ပိုင်းဒေသတစ်ခုလုံးကို အံသြမင်သက်သွားစေသော အကြောင်းတစ်ခုမှာ အမွေအနှစ်နယ်မြေအတွင်းသို့ဝင်ရောက်ခဲ့သော အမြုတေအဆင့်ကျင့်ကြံသူများအားလုံး၏ ခန္ဓာကိုယ်နှင့် မျက်နှာများအပေါ်တွင် လိပ်အမှတ်အသားများရှိနေကြခြင်းပင်။
ထိုအမှတ်အသားများသည် အလွန်ထူးဆန်းလှပြီး ညအခါတွင် တလက်လက်တောက်ပနေကာ အဝတ်ထူထူနှင့်ဖြစ်စေ မှော် အကာအကွယ်များဖြင့် ဖြစ်စေ မည်သို့မှ ဖုံးထား၍မရပေ။
အံသြဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ကာ ထိုအမှတ်အသားများကို ဖျက်ပစ်ရန် ဂိုဏ်းသုံးဂိုဏ်းက မည်သို့ပင်ကြိုးစားသည် ဖြစ်စေ ဖျက်၍မရပေ။ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများစွာ ပူးပေါင်းကြိုးပမ်းအားထုတ်သော်လည်း မတတ်နိုင်လေရာ နတ်အဆင့်ခေါင်းဆောင်ကြီးများပင် ပါဝင်လာရတော့သည်။
အံသြဖွယ်ကောင်းစွာ နတ်အဆင့်ခေါင်းဆောင်ကြီးများသည်ပင် ထိုအမှတ်အသားများအား မည်သို့မှလုပ်၍မရပေ။ နောက်ဆုံးတွင် ကျင့်ကြံခြင်းလောကတစ်ခုလုံး ထိုကိစ္စကြောင့် ကြက်သေသေနေကြတော့သည်။
အမှတ်အသားများဖြင့် ကျင့်ကြံသူများအတွက်မူ ထိုကိစ္စကြောင့် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသော်လည်း မငိုနိုင်ပေ။ ထို့အပြင် ယခုတွင် သူတို့သည်ပိုင်ရှောင်ချန်းကို ပို၍ပင် မုန်းသွားလေတော့သည်။ အများစုမှာ ဂူပိတ်ကျင့်ကြံသွားကြပြီး အပေါက်ဝသို့ထွက်လာရန်ပင် ငြင်းဆန်နေကြတော့သည်။ သူတို့အတွက်မူ လိပ်အမှတ်အသားဖြင့် တံဆိပ်နှိပ်ခံလိုက်ခြင်းသည် သေရသည်ထပ်ပိုဆိုးသော ကံကြမ္မာပင်ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်း၏လိပ်အမှတ်အသား၏ ကြောက်လန့်ဖွယ်ရာသဘာဝကြောင့် လူအမြောက်အမြားမှာ ချောက်ခြားကုန်ကြပြီး သူကိုဘယ်တော့မှ ရန်သွားမစရန် စိတ်ပိုင်းဖြတ်လိုက်ကြတော့သည်။