Switch Mode

အခန်း ( ၃၇၀ )

ငါမင်းကိုသတ်မယ်...ပိုင်ရှောင်ချန်း

” သွားစမ်း ”
ပိုင်ရှောင်ချန်း ဟိန်းဟောက်လိုက်ပြီး တောင်ဖြိုသိုင်းကိုထုတ်ကာ အလွန်လျင်မြန်သောအရှိန်ဖြင့် ချန်ယွမ်ရှန်ထံ ဝုန်းဒိုင်းကြဲ သွားတော့သည်။

နှစ်ဦးစလုံး မယုံကြည်နိုင်ဖွယ် လျင်မြန်စွာ သွားနေကြသော်လည်း ပိုင်ရှောင်ချန်းက တပန်းသာလေသည်။ နီးလာသည်နှင့် သူက ဘယ်ခြေကို ဆန့်ထုတ်ကာ ချန်ယွမ်ရှန်ပေါ်သို့ သူ၏ခြေမဖြင့် ဖိချလိုက်သည်။ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်နှင့်အတူ ချန်ယွမ်ရှန်သည် စူးစူးဝါးဝါးအော်လိုက်ရင်း နောက်သို့လွင့်ထွက်သွားတော့သည်။ တစ်ဆက်တည်းမှာပင် ချန်ယွမ်ရှန်ကိုယ်ထဲရှိ သူ၏အသွေးအသားတို့ကို ချိတ်ပိတ်လိုက်သည့်အလား ချုပ်နှောင်ခြင်းမန္တန်ဟုထင်ရသော ရွှေရောင်အမျှင်များ သူ၏ကိုယ်ပေါ်တွင်ပေါ်လာတော့သည်။

“မင်းကိုယ်မင်းသိပ်အထင်ကြီးနေတာကိုးးး။ ငါရဲ့ခြေချောင်းတစ်ချောင်းလောက်က မင်းကို လွင့်ထွက်သွားစေတယ်နော်” ပိုင်ရှောင်ချန်း၏ ဘယ်ဖိနပ်မှာ ပေါက်ကွဲသွားရာ ရွှေရောင်အလင်းများ တောက်ပနေသော သူ၏ခြေမပေါ်လာတော့သည်။ ဝတ်ရုံကို ခါလိုက်ရင်း ဖိနပ်အသစ်တစ်ဖက်ထုတ်ကာ ဝတ်လိုက်ပြီးနောက် ဆက်ပြေးလေသည်။

သူ့နောက်တွင် ရှင်းမြစ်ဂိုဏ်းခွဲ၏ ဒေါသထွက်နေကြသော ကျင့်ကြံသူများသည် တဆတ်ဆတ်တုန်နေသည့် ချန်ယွမ်ရှန်ကို ထနိုင်ရန် ကူညီပေးလိုက်ကြ၏။ သွေးတစ်ပွက်အန်လိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ချိတ်ပိတ်ခံထားရပြီး လုံးဝအသုံးမပြုနိုင်တော့ကြောင်း သိလိုက်ရလေသည်။ ဒေါသမျက်လုံးများဖြင့် သူက အော်ဟစ်လိုက်တော့သည်။
” ရှင်းမြစ်ဂိုဏ်းခွဲက တာအိုရောင်ရင်းတို့. အစီအရင်ဖော်ပြီး ဒီကောင့်ကို သတ်ကြပါ ။ကျစ်မြစ်ဂိုဏ်းခွဲ နဲ့ တာအိုမြစ်ဂိုဏ်းခွဲက တာအိုရောင်ရင်းအပေါင်းတို့.. ကျုပ်တို့ အတူတူပေါင်းပြီး သူ့ကိုမသတ်ရင် ဘယ်မျက်နှာနဲ့နေကြတော့မလဲ”

ရှင်းမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လိုက်ကြရင်း အစောပိုင်းက အကာအကွယ်မန္တန်များကို ရင်ဆိုင်ခဲ့သော ကြယ်ရောင်စီးကြောင်းများကို ဆင့်ခေါ်လိုက်ကာ ပိုင်ရှောင်ချန်းထံသို့ မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် ပစ်လွှတ်လိုက်တော့သည်။

ထိုစဥ် ကျစ်မြစ်ဂိုဏ်းခွဲအဖွဲ့သည်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီီးနောက် ဟိန်းဟောက်လိုက်ကြကာ မိစ္ဆာချီတို့ကို ထုတ်လွှတ်လိုက်ကြရာ ဘီလူးခေါင်းတစ်ခုဖြစ်ပေါ်လာတော့သည်။

ရက်စက်ကြမ်းကြုတ်သော ဘီလူးခေါင်းကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရင်း ပိုင်ရှောင်ချန်းနောက်သို့ တဟုန်ထိုးလိုက်သွားသဖြင့် ပြင်းထန်သောဖိအားများ နေရာအနှံ့တွင် သက်ရောက်လာတော့သည်။

တာအိုမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများသည်လည်း ထိုအခြေအနေကိုလက်ရှောင်မနေနိုင်တော့ပေ။ သူတို့သာ ဘေးရှောင်နေခဲ့ပါက ဂိုဏ်းသို့ပြန်ရောက်လျှင် ဖြစ်ပေါ်မည့်အကြောင်းတရားတို့အား တွေးသာကြည့်နိုင်တော့သည်။ သူတို့ဘယ့်သူကိုမှ အကြည့်ချင်းဆုံရဲတော့မည်မဟုတ်ပေ။ တခဏကြာသော် အယောင်ဆောင်ဘီလူးကြီး ထပ်ပေါ်လာသောကြောင့် ပြင်းထန်သော ထစ်ခြုန်းမြည်သံများ ထွက်ပေါ်လာတော့သည်။

ဟိန်းဟောက်လျက် ဘီလူးကြီးသည် ပိုင်ရှောင်ချန်းထံ ပြေးသွားလေသည်။

မလှမ်းမကမ်းမှ ပိုင်ရှောင်ချန်းနှင့်နီးကပ်သွားသော နတ်ဘုရားစွမ်းရည်များဖြင့် ကြယ်ရောင်စီးကြောင်းတစ်ကြောင်း၊ ဘီလူးခေါင်းကြီးတစ်လုံးနှင့် ဧရာမဘီလူးကြီးတစ်ကောင်တို့အား မြင်ရလေသည်။

ပိုင်ရှောင်ချန်း၏ ဦးရေခွံမှာ ပေါက်ကွဲတော့မည့်အလား စပ်ဖျဥ်းဖျဥ်းကြိမ်းစပ်လာတော့သည်။

“မင်းတို့ကောင်တွေ တကယ်လုပ်တာပဲ… ငါယုံတောင် မယုံနိုင်ဘူး….. မင်းတို့ကောင်တွေ တကယ်ကြီး မန္တန်အစီအရင်တွေနဲ့ ငါ့ကို တိုက်တာကိုး ”
ထိုအချိန်တွင် သူ၏ထာဝရအသက်ရှည်နည်း သိုင်းသည် အပြည့်အဝလည်ပတ်သွားပြီး ကောင်းကင်တာအို ရွှေအမြုတေတွန်းပေးနိုင်သလောက် မြန်မြန်ပြေးနေတော့သည်။

ကံဆိုးစွာပင် ဂိုဏ်းသုံးဂိုဏ်း၏ ပေါင်းစပ်ထားသော နတ်ဘုရားစွမ်းရည်များမှာ ပို၍ပင်မြန်လေသည်။ အတန်ငယ်ကြာသော် ပြင်းထန်သောထစ်ခြုန်းမြည်သံကြီးကြားလိုက်ရကာ ကြယ်ရောင်စီးကြောင်းသည် သူ့ရှေ့တွင်ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ တုန်ခါသွားပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာတော့သည်။ သူဘာမှမလုပ်လိုက်နိုင်ခင် ဧရာမခေါင်းကြီးသည်လည်း နီးကပ်လာပြီး အေးစက်သောမိစ္ဆာချီများစွာအား ထွေးထုတ်လိုက်ရာ သူ့ကိုဝန်းရံသွားပြီး လှုပ်မရဖြစ်သွားကာ သူ့ပါးစပ်မှ သွေးများပန်းထွက်လာတော့သည်။ သူပြန်မသက်သာနိုင်မီ ဘီလူးကြီးက သူ့ကို လက်သီးဖြင့်ထိုးချလိုက်တော့သည်။

ဘုန်းးးး

ပိုင်ရှောင်ချန်းမှာ နောက်သို့လွင့်ထွက်သွားရာ ပါးစပ်မှ သွေးခဲများထွက်လာပြီး သူ၏ဆံပင်များရှုပ်ပွနေကာ မျက်လုံးများမှာ ရဲရဲနီနေတော့သည်။ သူကလေပေါ်ပျံတက်လိုက်ရင်း ထည့်စရာအိတ်ကိုပုတ်လိုက်ကာ ဆေးလုံးလက်တစ်ဆုပ် ယူလိုက်ပြီး သူ့နောက်ဖက်လေထဲသို့ ပစ်ပေါက်လိုက်သည်။

ထိုဆေးလုံးများ၌ ထူးဆန်းသောဂုဏ်သတ္တိမျိုးစုံပါဝင်ပြီး ပေါက်ကွဲသွားသည်နှင့်တစ်ပြိုင်နက် လိုက်နေသောကျင့်ကြံသူများကို ချက်ချင်းပင် ဒုက္ခရောက်သွားစေတော့သည်။ ပိုင်ရှောင်ချန်းမှာ အလွန်တရာဒေါသထွက်ကာ စိတ်လှုပ်ရှားနေရင်း ဆက်ပြေးလိုက်သည်။

“ချီးပဲ ။ တည်နေရာရွှေ့ပြောင်းခြင်းက ဘာလို့ မစနိုင်သေးတာတုန်း။ ခေါင်းဆောင်ကြီးတို့ရေ.. ကျုပ်ရဲ့သနားစရာအသက်လေး ဆုံးရှုံးတော့မယ်ဗျ ” ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများက နောက်ထပ်နတ်ဘုရားစွမ်းရည်ထုတ်နေသည်ကိုကြည့်ရင်း သူ့မှာ မျက်ရည်များဝဲတက်လာတော့သည်။

” ဘာကိုကြောက်နေတာတုံး ” လိပ်ကလေးက စိတ်ပျက်စွာပြောသည်။
” ငါ ဒီမှာရှိတယ်လေ..။ ငါ့ကို သူတို့ဆီ ပစ်သာပေါက်လိုက်။ အဲ့ငနဲတွေက မသန်မစွမ်း ဓမ္မရုပ်တုတွေနဲ့ မှော်အတတ်တွေ သုံးနေတာပါကွာ..။ ဒါလေးများး.. ။ လိပ်ကိုယ်တော်နော်.. အဲ့လိုဟာမျိုးတွေအများကြီး ဖျက်စီးပစ်ခဲ့လွန်းလို့ ဘယ်လောက်လဲဆိုတောတောင် မမှတ်မိတော့ဘူး ”

ပိုင်ရှောင်ချန်းသည် ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။
” မင်းတို့ကောင်တွေ သိပ်တရားလွန်လာပြီနော် ”

သူ့ထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများထွက်ပေါ်လာကာ နောက်သို့လက်လှမ်းပြီးနောက် လိပ်ကလေးကို အသားကုန်ပစ်ပေါက်လိုက်တော့သည်။

ဒုန်းးး

လိပ်ကလေးသည် ချက်ချင်းပင် တာအိုမြစ်ဂိုဏ်းခွဲ ဘီလူးကြီးရှေ့ပေါ်လာရာ ထိုဘီလူးကြီးမှာ သူ့ကိုမတားနိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဘီလူးကြီးကို ထုတ်ချင်းဖောက်သွားပြီး ၄င်းကိုထိန်းချုပ်နေသည့် တာအိုမြစ်ဂိုဏ်းခွဲကျင့်ကြံသူများထံ ဦးတည်သွားတော့သည်။

ဤတစ်ကြိမ်တွင် လိပ်ကလေးက ဂိုဏ်းသူတစ်ယောက်ကို ရိုက်ခတ်သွားသည်။ သူမသည် သာမန်ထက်ထူးကဲသောအငွေ့အသက်များကို ထုတ်လွှတ်သည့်လူဖြစ်ပြီး သူမ၏သတ်ဖြတ်လိုစိတ်များသာ မရှိလျှင် အတော်လေး ချောမောလှပလိမ့်မည်။ သို့သော်လည်း လိပ်ကလေးက သူမ၏မျက်နှာတည့်တည့်ကို ထိမှန်သွားသောကြောင့် ဖုန်းခနဲ အသံကျယ်ကြီးထွက်ပေါ်လာတော့သည်။

နာကျင်မှုကြောင့် သူမ၏မျက်လုံးများအတွင်းမှ မျက်ရည်ပူများစီးကျလာပြီး မချိတင်ကဲ စူးစူးဝါးဝါးအော်လိုက်လေသည်။ ထို့နောက် လူတိုင်းက ထူးဆန်းသောအကြည့်များဖြင့် လှမ်းနေကြည့်ကြကြောင်း သတိပြုမိလိုက်လေသည်။ ရင်တဒိန်းဒိန်းခုန်လျက် အိတ်ထဲမှ ကြေးမုံပြင်ကိုထုတ်၍ ကြည့်လိုက်သောအခါ ကြောက်လန့်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်တော့သည်။

” နင့်ကို သတ်ပစ်မယ် ပိုင်ရှောင်ချန်း ” ဆံပင်များရှုပ်ပွလျက် သူမက ဒေါသတကြီးပြောလိုက်သည်။ တွေဝေ တုံ့ဆိုင်းမနေပဲ သူမက ပိုင်ရှောင်ချန်းနောက်သို့ မြန်နိုင်သမျှမြန်မြန်လိုက်တော့သည်။ ကံဆိုးစွာပင် သူက အလွန်တရာပို၍လျင်မြန် ဖျတ်လတ်လေသည်။

မိန်းမပျို၏ စိတ်လိုက်မာန်ပါလှုပ်ရှားမှူမှာ ဘီလူးကြီးကိုထိန်းချုပ်နေသည့် ကျန်ကျင့်ကြံသူများကို ချက်ချင်းပင် သက်ရောက်လေတော့သည်။

ပိုင်ရှောင်ချမ်းမှာမူ ထိုနည်းလမ်းမည်မျှအလုပ်ဖြစ်ကြောင်းစဥ်းစားမိသောအခါ လိပ်ကလေးကို အလျင်အမြန်ဖမ်းဆွဲ၍ နောက်တစ်ကြိမ် ထပ်ပစ်ပေါက်လိုက်ပြန်သည်။

ဝုန်းးးး

ထို့နောက် ပိုင်ရှောင်ချန်းမှာ အရူးအမူးဖြစ်သွားပြီး လိပ်ကလေးကို မှော်နည်းလမ်းများနှင့် နတ်ဘုရားစွမ်းရည်များအား ပြန်လည်တိုက်ခိုက်ရန် အဆက်မပြတ် ပစ်ပေါက်နေတော့သည်။

မကြာမီ နောက်မှလိုက်နေကြသူများတစ်ဝက်ကျော်လောက်တွင် သူတို့၏မျက်နှာများ၊ ရင်ဘတ်များ၊ ခါးများ၊ ဝမ်းဗိုက်များနှင့် .အဆိုးဆုံး…..သူတို့၏တင်ပါးများပေါ်ပင်လျှင် လိပ်အမှတ်အသားရှိနေတော့သည်။

လိပ်ကလေး၏ အမှတ်အသားမှာ အမှန်တကယ်ပင် အလွန်အမင်းကြောက်စရာကောင်းသော အရာဖြစ်သည်။ သူတို့၏ အဝတ်ကိုသာထိသော်လည်း ထိုအမှတ်အသားက ဖောက်ထွင်းပြီး အရေပြားပေါ်သို့ပင်ရောက်လေသည်။ အမှတ်အသားများမှာ လူများသတိမထားမိမည်ကို စိုးရိမ်နေသည့်အလား တလက်လက် တောက်ပနေသေး၏။

အဝတ်ထူထူများသာမဟုတ် စွမ်းအားကြီးသော မှော်အကာအကွယ်များပင်လျှင် လိပ်ကလေးအမှတ်အသားများ တလက်လက်တောက်ပမနေစေရန်ပင် မလုပ်နိုင်ပေ။ ဂိုဏ်းသူတစ်ယောက်ဆိုလျှင် ရင်ဘတ်ကိုထိသွားသဖြင့် တလက်လက်တောက်ပနေသော ထို လိပ်အမှတ်အသားကို လူတိုင်းက လှမ်းကြည့်နေကြသည်ကို သူမ မြင်ရသောအခါ မူးလဲလုနီးပါးဖြစ်သွားတော့သည်။

လိပ်ကလေးနီးလာသည်နှင့် အကာအကွယ်မှော်ပစ္စည်းမျိုးစုံကို လူတိုင်းက သုံးလိုက်ကြသော်လည်း အကုန်လုံးမှာ အသုံးမဝင်ပေ။ ကြောက်မက်ဖွယ် လိပ်ကလေးကြောင့် တိုက်ပွဲရှိလူတိုင်းမှာ ရူးသွပ်နီးပါးပင်။

သူတို့ ထုတ်လွှတ်နေကြသော နတ်ဘုရားစွမ်းရည်များနှင့်မှော်အတတ်များမှာ သူတို့၏ခံစားချက်များ သို့မဟုတ် ဖြစ်နိုင်သည်မှာ လိပ်အမှတ်အသားများ၏ လွှမ်းမိုးခြင်းခံနေရလေသည်။ မည်သည့်အခြေအနေတွင်မဆို ထိုအရာအားလုံး နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။

” မင်းတို့လူတွေ များလွန်းလို့ ငါမနိုင်ပေမယ့် မင်းတို့ကောင်တွေ သေတဲ့အသိ အရှက်ရသွားအောင်လုပ်နိုင်တယ်ကွ” ပိုင်ရှောင်ချန်းမှာ လန့်သွားပြီး အစပိုင်းတွင် လိပ်ကလေး အလွန် ရက်စက်နေသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ထိုလူများက သူ့ကို သတ်ရန် မည်သို့ကြိုးစားနေကြောင်း တွေးလိုက်သည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “လိပ်ကလေးရေ..မင်းရဲ့အမှတ်အသားတွေက ဖျက်မရတာ သေချာလား”

” စိတ်မပူနဲ့ ” လိပ်ကလေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
” နတ်ဘုရားတစ်ပိုင်းလူတစ်ယောက်တောင်မှ မဖျက်နိုင်ဘူး”

ထို့နောက် ပိုင်ရှောင်ချန်းသည် အမှတ်များမရှိသေးသည့် ကျင့်ကြံသူများကို ပြန်လှည့်ကြည့်လိုက်ပြီး သူတို့ကို ပစ်ပေါက်ရန် လက်ယားလာပုံရလေသည်။

“ကောင်းတယ်။ သူတို့က အရင်လွန်လာတဲ့ကောင်တွေလေ.. ငါ့ကို အပြစ်တင်လို့မရဘူး” အံတင်းတင်းကြိတ်ရင်း သူက လိပ်ကလေး၏ အမှတ်အသား မရှိသေးသော ကျင့်ကြံသူများထံ ထပ်၍ပစ်ပေါက်လိုက်လေသည်။

အမှတ်အသားမရှိသော ကျင့်ကြံသူများမှာ တခဏမျှ ချီတုံချတုံဖြစ်သွားသည်။ သို့သော်လည်း သူတို့မှာ ထိုအမှတ်အသားများ ဖျက်မရသည်မှာ မဖြစ်နိုင်ကြောင်း ယုံကြည်ထားလေသည်။ သူတို့၏စိတ်ထဲတွင် ဂိုဏ်းကိုပြန်ရောက်လျှင် ထိုအမှတ်အသားများကိုရှင်းရန်နည်းလမ်းတစ်ခု မုချရှာနိုင်လိ့မ့်မည်။ သူတို့မလုပ်နိုင်လျှင်ပင် အကြီးအကဲမျိုးဆက်ထဲမှ တစ်ယောက်ယောက်က သူတို့ကို ကူညီပေးနိုင်လိမ့်မည်။ ထို့ကြောင့် ဒေါသမီးများလောင်မြိုက်ရင်း သူတို့က ပိုင်ရှောင်ချန်းနောက် ဆက်လိုက်တော့သည်။

ဘုန်းခနဲအသံများ အဆက်မပြတ်ပေါ်လာကာ သူတို့အကုန်လုံး လိပ်ကလေး၏အမှတ်ဖြင့် တံဆိပ်ခတ်ပြီးသား ဖြစ်သွားလေပြီ။ ထိုမျှသာမက သူတို့၏ စွမ်းအားကြီးသော နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များအားလုံး ယိမ်းယိုင်လာတော့သည်။ ကြယ်ရောင်စီးကြောင်း ပျက်စီးသွားနောက် ဧရာမခေါင်းကြီး ပျက်စီးသွားပြန်သည်။ ထို့နောက် တာအိုမြစ်ဂိုဏ်းခွဲဘီလူးကြီးသည်လည်း အစိတ်အမြွှာမြွှာဖြစ်သွားတော့သည်။

ယခုတွင် ပိုင်ရှောင်ချန်းနောက် လိုက်နေကြသောအရာများမှာ လိပ်အမှတ်အသားများဖြင့် ဒေါသထွက်နေသော ကျင့်ကြံသူလူအုပ်ကြီးသာဖြစ်တော့သည်။

” မိုးကောင်းကင်ကိုတိုင်တည်ပြီးကျိန်တယ်.။ ငါမင်းကို သတ်ကိုသတ်မယ် ပိုင်ရှောင်ချန်း ”

“ချီးတဲ့မှပဲ ဒီနေ့မင်းကို မသတ်နိုင်ရင်.. လျုတ် မျိုးရိုးမဟုတ်တော့ဘူးကွ”

ပိုင်ရှောင်ချန်း၏ စွမ်းအားကြီးမားသော အပြင်အားကိုယ်သည် အကန့်အသတ်သို့ရောက်လာလေပြီ။ သူသည် သွေးများအန်နေကာ ဒဏ်ရာများဖုံးလွှမ်းနေသည့်တိုင်အောင် သူ၏တန်ပြန်တိုက်ကွက်များမှာ ပြတ်သားပြီး ထိုးဖောက်နိုင်နေလေသည်။

သူ၏ကိုယ်ပိုင်တိုက်ကွက်ဖြစ်စေ လိပ်ကလေးအမှတ်အသားများဖြစ်စေ လူတိုင်းကို အဆုံးစွန်ထိ ဒေါသထွက်သွားစေလေသည်။

ကံကောင်းထောက်မစွာ ထိုအချိန်တွင် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားက အမွေအနှစ်နယ်မြေတစ်ခုလုံး ပြည့်နှက်လာတော့သည်။

တည်နေရာရွှေ့ပြောင်းခြင်းအလင်းတန်းများ ထိုးထွက်တောက်ပလာပြီး နောက်မှလိုက်နေကြသူတစ်သိုက်မှာ ရုတ်တရက် တုန့်ခနဲရပ်သွားကြတော့သည်။ သတ်မှတ်ထားသောအချိန်အတွင်း ထိုတည်နေရာရွှေ့ပြောင်းခြင်းအလင်းများထဲ မဝင်ရောက်လျှင် ထွက်ခွာရန် အခွင့်အရေးဆုံးရှုံးသွားမည်ဖြစ်ပြီး သူတို့ဂိုဏ်းကပင် သူတို့ကို ကယ်ရန် မတတ်နိုင်ပေ။ ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းကိုသတ်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်ပစ်ရန်သာရှိတော့သည်။

ဒေါသထွက်လျက် လက်လျှော့လိုက်ရသောကြောင့် သူတို့၏ မျက်လုံးများထဲတွင် ပိုင်ရှောင်ချန်းကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုသည့် သတ်ဖြတ်လိုသောအကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ တည်နေရာရွှေ့ပြောင်းခြင်းအလင်းတစ်ခုထဲဝင်ကာ ဟူးခနဲသက်ပြင်းရှည်ကြီးချလိုက်တော့သည်။ သူက သူ၏ပြိုင်ဘက်များပေါ်ရှိ တလက်လက်တောက်ပနေသော လိပ်ကလေးအမှတ်များကို ဂုဏ်ယူဝင့်ကြွားစွာ လှမ်း ကြည့်လိုက်လေသည်။

“ဟွန်းး.. မင်းတို့တွေ ငါ့စိတ်ကို လာဆွတာနော်။ ငါတိုက်ခိုက်ရင် ငါ့ကိုယ်ငါတောင် ကြောက်ပါတယ်ဆို ”

လိပ်ကလေးသည်လည်း ရန်သူအုပ်စုကြီးကိုကြည့်ပြီး အလွန်တရာကျေနပ်နေဟန်ရှိလေသည်။ သူသည်ပင် သက်ပြင်းချနေပုံရသည်။ ထိုသည်ကို ကြည့်ပါက ပိုင်ရှောင်ချန်းထက်ပင် သူက သူ့ကိုယ်သူပို၍ ဂုဏ်ယူမာန်တက်နေဟန်ရှိနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset