Switch Mode

အခန်း (၅၄၄)

ကျောက်တုံးသားရဲ့ကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ကျောက်တံခါးကြီးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် နှုတ်ဆိတ်ကာ ‌ရုပ်ထုကြီးအား အချိန်အတော်အတန်ကြာအောင် ကြည့်နေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မေးလိုက်သည် ” ခုန်းတောက်။ မင်းတစ်ယောက်တည်းဆိုရင် အဲဒီ ကျောက်တံခါးကြီးကို တွန်းဖွင့်နိုင်ဖို့ ဘယ်လောက်ကြာလဲ ”

” ငါ အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်းမှာတော့ တွန်းဖွင့်နိုင်မှာမဟုတ်ဘူး။ အရင်တုန်းက ကြိုးစားကြည့်ခဲ့သလောက်ဆိုရင်… ဆယ့်ငါးမိနစ်လောက် အချိန်ပေးမှ ဖွင့်နိုင်လောက်တယ် ” ခုန်းတောက်မှာ တစ်ခဏမျှစဉ်းစားတွေးတောလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွားပြီး တွက်ချက်မှုများ ပြုလုပ်နေလိုက်တော့သည်။ သူ့ဘက်မှ ကူညီပေးလျှင်တောင် ထိုတံခါးကြီးအား အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း တွန်းဖွင့်နိုင်ရန်မှာ ခဲယဉ်းနေမည် ဖြစ်သည်။ ထိုကျောက်တုံးရုပ်ထုကြီးမှာ အသက်ဝင်လာနိုင်စွမ်း ရှိနေသည်ဖြစ်သောကြောင့် သူတို့အတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။

” ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် နှောင်းပိုင်း အမြုတေအဆင့်မှာရှိတဲ့ ပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်နိုင်မလားမသိဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာ၏။ သူသည် လက်ရှိတွင် သူပိုင်ဆိုင်ထားသည့် တိုက်ရည်ခိုက်ရည်များကို စမ်းသပ်ကြည့်ချင်နေသည်။

သို့သော် ဖြတ်လမ်းရှိမည်ဆိုပါက သူသည် ထိုဖြတ်လမ်းကိုသာ ရွေးချယ်လိုက်မည်ဖြစ်သည်။ သူသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သတ္တမအဆင့် ဓမ္မလက်နက် ဓားပျံတစ်လက်မှာ သူ၏လက်ထဲ‌၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ထိုဓားကြီးဖြင့် ခုတ်ထစ်လိုက်သောကြောင့် မည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်နိုင်စွမ်းရှိသည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာပြီး ထိုဓားပျံထဲ၌ စုဝေးသွားတော့သည်။ ထိုအခါ ထိုဓားကြီးမှာ မျက်စိကြိမ်းစရာကောင်းလောက်အောင် စူးရှတောက်ပသွားပြီး ကျောက်တုံးရုပ်ထုကြီးဆီသို့ ဦးတည်သွား၏။

ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုကျောက်တုံးရုပ်ထုကြီးမှာ အနည်းငယ်ခန့် ရွေ့လျားသွားပါသော်လည်း ထိခိုက်ပျက်စီးသွားခြင်းမရှိပေ။ ခဏအကြာတွင် ထိုကျောက်တုံးရုပ်ထုကြီးဆီမှ အသက်ဝင်နိုးထလာတော့မည့်ပုံ ပေါ်နေသောအငွေ့အသက်များ စတင်ထွက်ပေါ်လာတော့သည်။

” ကြည့်ရတာ ဒီရုပ်ထုကြီးကို အသက်ဝင်မလာခင် ဖျက်ဆီးပစ်လို့ မရတဲ့ပုံပဲ ။ အဲလိုဆိုမှတော့… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများအား စတင်လည်ပတ်သွားစေလိုက်တော့သည်။ ထို့နောက် သူ၏ လျှပ်စီးအမြုတေအား အသုံးပြုလိုက်သဖြင့် လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာပြီး လေထုထဲ၌ ပြည့်နှက်သွား၏။ ထို့အပြင် ရေခဲတမျှ အေးစက်သော အမှောင်မီးတောက်များလည်း ပေါ်ပေါက်လာသေးသည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ သွေးချီများ တိုးဝှေ့ထွက်ပေါ်လာ၏။ ထို့ကြောင့် လျှပ်စီးတန်းများ၊ အမှောင်မီးတောက်များနှင့် သွေးချီများမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပေါင်းစည်းသွားကြပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကို ဖန်တီးလိုက်ကြတော့သည်။

ထိုအခါ ခုန်းတောက်မှာ အထိတ်တလန့်ဖြစ်သွားရပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ စတင် ရောက်ရှိလာခဲ့စဉ်တုန်းကထက် အများကြီးပို၍ အစွမ်းထက်နေပြီ မဟုတ်ပါလော။

” ခုန်းတောက်။ တံခါးကို တွန်းဖွင့်လိုက်။ ဒီ ရုပ်ထုကြီး အသက်ဝင်လာတဲ့အချိန်ကျရင် ငါ ထိန်းပေးထားမယ် ” ဝမ်ပေါင်လဲ့မှာ အရောင်လက်နေသော မျက်ဝန်းများဖြင့် ဆိုလိုက်၏။ ထိုအခါ ခုန်းတောက်မှာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား မေးခွန်းထုတ်နေခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်ပြီး ကျောက်တံခါးကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ သူသည် ထိုတံခါးကြီး၏ရှေ့၌ ရပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လက်နှစ်ဖက်စလုံးကို မြှောက်ကာ အသံကုန် အော်ဟစ်လိုက်၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် အပြင်ခန္ဓာကိုယ်စွမ်းအားများကို အကုန်လုံး ထုတ်သုံးကာ တံခါးကြီးအား တွန်းဖွင့်နေလိုက်တော့သည်။

ခုန်းတောက် ထိုကဲ့သို့ တွန်းဖွင့်လိုက်သောအခါ လင်းနို့‌ရုပ်ထုကြီးမှာ ပြန်လည် တုန်ရီလာပြီး ၎င်းဆီမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ ၎င်းမှာ ကျောက်တံခါးကြီးနှင့် ချိတ်ဆက်နေသည့်ပုံပင်။ တစ်ယောက်ယောက်က ထိုတံခါးကြီးအား တွန်းဖွင့်လိုက်သည်နှင့် ၎င်းမှာ အိပ်မောကျနေရာမှ နိုးထလာမည်ဖြစ်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်၏။ သူသည် ခုန်းတောက်၏ နောက်နှင့် ကျောက်တုံးရုပ်ထုကြီး၏ ရှေ့တည့်တည့်တွင် ရပ်နေလိုက်တော့သည်။

အကယ်၍ သူ၏နောက်တွင်ရပ်နေသည့်လူမှာ ဝမ်ပေါင်လဲ့ မဟုတ်ပါက ခုန်းတောက်မှာ သူ၏ အစွမ်းများကို အကုန်လုံးထုတ်သုံးရန် စနိုးစနောင့်ဖြစ်နေရမည်ဖြစ်သည်။ သူသည် သူ၏ နောက်ကျောဘက်အား အဆက်မပြတ် စောင့်ကြည့်နေရမည်ဖြစ်ပြီး တစ်ခုခု အလွဲလွဲအချော်ချော် ဖြစ်သွားပါက ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ မျက်လုံးများမှာ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေ၏။ သူသည် သူ၏ရှေ့တွင်ရှိနေသော တံခါးကြီးအပေါ် အာရုံအပြည့် စိုက်ထားပြီး သူ၏နောက်တွင်ရှိနေသော ရုပ်ထုကြီးအား ခေါင်းထဲ မထည့်ထားပေ။

သူသည် ဝမ်ပေါင်လဲ့အား အပြည့်အဝ ယုံကြည်ထားသဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝ ထုတ်သုံးကာ ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် တံခါးကြီးအား အားမာန်အပြည့်ဖြင့် တွန်းဖွင့်နေတော့သည်။ ခုန်းတောက်တစ်ယောက် ထိုကဲ့သို့ အစွမ်းကုန်ကြိုးစားနေစဉ် အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ ကုန်ဆုံးသွား၏။

ထိုကဲ့သို့ ကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လင်းနို့ရုပ်ထုကြီးဆီမှ ရုတ်တရက်ဆိုသလို စူးရှကျယ်လောင်သည့် အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် ရုပ်ထုကြီးဆီမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ၎င်း၏ မှိတ်ထားသော မျက်လုံးများမှာလည်း ပွင့်လာ၏။ နောက်ဆုံးတွင် ထိုရုပ်ထုကြီးဆီမှ ဖိနှိပ်အားကောင်းသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်းမှာ နောက်သို့လှည့်ကာ ခုန်းတောက်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားတော့သည်။

ခုန်းတောက်မှာ ထိုလင်းနို့ကြီးလောက် အစွမ်းမထက်ပေ။ အကယ်၍ သူ့ဆီတွင် အသက်ကယ်ပစ္စည်းများရှိမနေပါက ဤတိုက်ပွဲထဲတွင် သူ၏ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်သုဉ်းသွားရမည်ဖြစ်သည်။ သို့သော် ထို လင်းနို့ကြီး ပျံထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်သုံးလိုက်ပြန်သည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

သူသည် သူ၏ လက်သီးချက်ဖြင့် ‌ဆွေ့ရှင်းပေါင်အား ထုတ်သုံးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုလက်သီးချက် လင်းနို့ကြီးဆီသို့ ရောက်မလာခင်မှာပင် လျှပ်စီးတန်းပေါင်း မြောက်မြားစွား ဖြာထွက်သွားကြ၏။ ၎င်းတို့မှာ လျှပ်စစ်သံလိုက် လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ အပြင်ဘက်သို့ ပြန့်ထွက်လာပြီးနောက် ထို လင်းနို့ကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။

ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုရိုက်ခတ်မှုကြောင့် တုန်ခါမှုလိုင်းများ ထွက်ပေါ်လာသဖြင့်‌ လေထဲ၌ ဖုန်များထလာပြီး လင်းနို့ကြီးမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ ရယ်သံကြီးမားမူ လေထုထဲတွင် ပဲ့တင်ထပ်နေ၏။ သူသည် ရှေ့သို့ ပြေးထွက်သွားပြီးနောက် ဖုန်တောများထဲမှ ဖြတ်ပြေးကာ လင်းနို့ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။

ထိုအချိန်တွင် ထို လင်းနို့ကြီး၏ မျက်ဝန်းများမှာ အနီရောင်သန်းသွား၏။ ၎င်း၏ ရင်ဘတ်ပေါ်တွင်ရှိနေသော အက်ကွဲကြောင်းကြီးထဲမှလည်း အလားတူ အလင်းရောင်တစ်မျိုး တောက်ပလာသည်။ ဝမ်ပေါင်လဲ့ အနီးသို့ရောက်လာသောအခါ ၎င်းမှာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ၎င်း၏ အော်သံမှာ စိန်များကိုပင် ဖြတ်တောက်ကာ ကျောက်တုံးများကိုပင် ခြေမွှပစ်နိုင်စွမ်း ရှိပေသည်။ ထို့နောက် ထိုလင်းနို့ကြီးနှင့် ဝမ်ပေါင်လဲ့တို့၏ကြားရှိ ဟင်းလင်းပြင်ကြီးထဲတွင် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထို ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အလွန်အင်မတန်မှ မြန်ဆန်ကြပြီး ၎င်းတို့၏ စွမ်းအားများမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား ချက်ချင်းရိုက်ခတ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းကလီစာများမှာလည်း တုန်ခါသွားရတော့သည်။ သူသည် ထို အသံတိုက်ကွက်နှင့် သူ၏ အော်လံကြီး၏ ကြားမှ ခြားနားချက်အား အာရုံခံမိလိုက်၏။ ထို ဝိညာဉ်စွမ်းအင်များထဲတွင် အသံတုန်ခါမှုလှိုင်းများအပြင် သူ၏ သက်စောင့်စွမ်းအားများကိုပါ စုပ်ယူနိုင်သည့် ဂုဏ်သတ္တိတစ်မျိုး ပါဝင်နေ၏။ ထို့အပြင် ၎င်းမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုလည်း ချုပ်တည်းပစ်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ထိုတိုက်ကွက်ကြီးမှာ ဝမ်ပေါင်လဲ့အား အသက်သေဆုံးသွားသည့်အထိ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအား ခမ်းခြောက်သွားအောင် စုပ်ယူပစ်နိုင်ပေသည်။

အခြား အလယ်အလတ် အမြုတေအဆင့် သို့မဟုတ် နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူများမှာ ထိုကဲ့သို့သော တိုက်ကွက်မျိုးနှင့် ရင်ဆိုင်လိုက်ရပါက ထိတ်လန့်တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ ၎င်းမှာ ထိုလင်းနို့ကြီး၏ အစွမ်းအထက်ဆုံး တိုက်ကွက်များထဲမှ တစ်ခုဖြစ်ရပေမည်။

ထိုလင်းနို့ကြီးမှာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး ပျောက်ကွယ်သွားတော့မည့် သက်တံ့တစ်ခုအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ရင်ဘတ်အား ထုတ်ချင်းပေါက် ဖောက်ထွက်သွားတော့မည့်ပုံ ပေါ်နေသည်။ သို့သော် ထိုလင်းနို့ကြီး အနီးသို့ရောက်လာသည်နှင့် အသံလှိုင်းတိုက်ကွက်၏ ပြင်းအားများကို ခံစားနေခဲ့ရသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ပြုံးသွား၏။ ထို့နောက် သူ၏ အပြင်ခန္ဓာကိုယ်ပေါ်တွင် သူနှင့် ပုံစံတူ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်ယောင် လက်ကြီးတစ်ဖက်မှာ ထိုလင်းနို့ကြီးအား လည်ပင်းမှနေ၍ ဖမ်းဆုပ်ထားလိုက်တော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ လျှပ်စီးကိုယ်ပွားပင် ဖြစ်သည်။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ တိုက်ပွဲကြီး စတင်ခဲ့သည့်အချိန်မှ ဝမ်ပေါင်လဲ့၏ ကိုယ်ပွား လက်မြှောက်လိုက်သည့် အချိန်အထိ မျက်စိတစ်မှိတ်စာမျှသာ ကြာမြင့်သွားခဲ့၏။ အဝေးမှ ကြည့်လိုက်ပါက ဝမ်ပေါင်လဲ့၏ လျှပ်စီးလက်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများကို ထုတ်လွှတ်နေသည်။ လေထုထဲတွင် လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းမှာ ကိုယ်ပွားတစ်ခုဖြစ်ကြောင်း အတိအကျသိရှိနိုင်ရန်မှာ ခဲယဉ်းပေသည်။ ၎င်းမှာ သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် ဝိညာဉ်တစ်ကောင်နှင့် ပို၍တူနေ၏။

ထိုလင်းနို့ကြီးမှာ ထို ရုတ်တရက်တိုက်ကွက်ကြီးအား မျှော်လင့်မထားခဲ့သောကြောင့် လွတ်မြောက်အောင် ရုန်းထွက်နိုင်ရန် အချိန်မရလိုက်ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နှုတ်မှ စကားသံတစ်သံ ထွက်ပေါ်လာ၏။

” ပေါက်ကွဲစေ ”

ထိုအခါ ထိုလင်းနို့ကြီးအား ဖမ်းဆုပ်ထားသည့် သူ၏ ညာဘက်လက်ကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ ထို့နောက် ထိုလက်ကြီးထဲတွင် ကိန်းအောင်းနေသည့် လျှပ်စီးစွမ်းအားများနှင့်၊ ဝမ်ပေါင်လဲ့၏ အမှောင်အမြုတေထဲမှ မီးတောက်များမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အမှောင်မီးတောက်များမှာ ဖြာထွက်လာပြီး ထိုလင်းနို့ကြီးအား လွှမ်းခြုံသွားကြ၏။ ထို့နောက် လျှပ်စီးတန်းများမှာ အားကောင်းသော မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ မိုးကောင်းကင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာ ဆင်းသက်လာကြတော့သည်။

ထို မိုးခြိမ်းသံများ၏ ကြားတွင် လင်းနို့ကြီးမှာ ဝေဒနာများ ပြင်းပြစွာ ခံစားနေရသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ထို့နောက် ၎င်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားချိန်တွင် အနီရောင်အလင်းတန်းများမှာ ရှေ့သို့ ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့၏ လျှပ်စီးနှင့် မီးတောက်များအား ရင်ဆိုင်တိုက်ခိုက်နေလိုက်တော့သည်။ ထိုအချိန်တွင် လင်းနို့ကြီးမှာ အနီရောင်အလင်းတန်းအချို့အား ထိန်းချုပ်ကာ ၎င်းအား အစွယ်ကြီးတစ်ခုပုံစံ ဖြစ်သွားအောင် ဖန်တီးလိုက်၏။ ထို့နောက် လင်းနို့ကြီးမှာ ထိုအစွယ်ကြီးအား အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ပစ်လွှတ်လိုက်တော့သည်။ ထိုအခါ ၎င်းမှာ လေထုကြီးအား ထိုးခွင်းကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။

ထိုအစွယ်ကြီးထဲမှ သွေးရောင်သန်းနေသည့် ဝိညာဉ်စွမ်းအင်တစ်မျိုး ထွက်ပေါ်နေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ သွေးများမှာ ခဲသွားသောကြောင့် သူသည် တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် တစ်ခဏမျှ ရပ်တန့်သွားရ၏။ ထို့ကြောင့် ထိုအစွယ်ကြီးမှာ သူ့အား ရိုက်ခတ်သွားတော့သည်။

ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားကာ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး သူ၏ ရှေ့တွင်ရှိနေသော ဒိုင်းကာလေးမှာလည်း အက်ကွဲစပြုလာတော့သည်။ ၎င်းမှာ သူ၏ တစ်ခါသုံး အဋ္ဌမအဆင့် ဓမ္မလက်နက်များထဲမှ တစ်ခုဖြစ်၏။ ထိုဒိုင်းကာလေးမှာ သူ့အစား ထိုတိုက်ကွက်ကြီးအား ခုခံပေးလိုက်ပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။

” ကြည့်ရတာ ဓမ္မလက်နက်တွေ မသုံးဘူးဆိုရင် ဒီတိုက်ပွဲကြီးက ခက်တော့မှာပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းကျဲကြီးတစ်လှမ်း လှမ်းလိုက်၏။ ထိုအခါ သူ၏ လက်ထဲ၌ အော်လံကြီးတစ်လုံး ချက်ချင်းပေါ်ပေါက်လာပြီး သူသည် ၎င်းထဲသို့ အသံကုန် အော်ဟစ်လိုက်တော့သည်။ ၎င်းဆီမှ အသံလှိုင်းများ ဖြာထွက်သွားစဉ် သူ၏ သုံးရောင်ခြယ်ဓားပျံများမှာလည်း အပြင်သို့ ပျံထွက်လာကြပြီး လေထုကြီးအား ထိုးခွင်းကာ အဝေးသို့ထွက်ပြေးသွားနေသည့် လင်းနို့ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။ ထိုအခါ ထိုလင်းနို့ကြီးမှာ ၎င်း၏ တောင်ပံများအား ပြန်၍ရုပ်သိမ်းလိုက်ပြီး ၎င်းတို့ကို အသုံးပြု၍ ထိုတိုက်ကွက်များအား ခုခံရန် ပြင်လိုက်၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ လျှပ်စီးကိုယ်ပွားမှာ ၎င်း၏နောက်မှနေ၍ တိတ်တဆိတ် ချဉ်းကပ်လာပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။ ထိုအခါ မိုးကြိုးမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလင်းနို့ကြီးအား လွှမ်းခြုံသွားသောကြောင့် ၎င်းမှာ သုံးရောင်ခြယ်ဓားပျံများအား ခုခံနိုင်စွမ်းမရှိဘဲ ဖြစ်သွားရတော့သည်။

ထို့ကြောင့် ထိုလင်းနို့ကြီးမှာ ၎င်း၏တောင်ပံများအား ပြန်၍ဖြန့်လိုက်သောအခါ ထိုတောင်ပံများဆီမှာ အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ ဝမ်ပေါင်လဲ့၏ ဓားပျံသုံးလက်ထဲမှ နှစ်လက်မှာလည်း အဝေးသို့ လွင့်ထွက်သွား၏။ သို့သော် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ထိုလင်းနို့ကြီးအား အောင်မြင်စွာ ဖိနှိပ်ချုပ်တည်းနိုင်ခဲ့သဖြင့် ၎င်းမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ ၎င်း၏ တိုက်ကွက်အား အစောကြီးကြို၍ အသုံးပြုလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသေးသည့် ဓားပျံတစ်လက်မှာ ရှေ့သို့ ဆက်လက်ပျံသန်းသွားပြီး ထိုလင်းနို့ကြီး၏ ညာဘက်တောင်ပံအား ထုတ်ချင်းပေါက် ထိုးဖောက်သွားလိုက်တော့သည်။

ထိုအခါ လေထုထဲ၌ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ လင်းနို့ကြီးမှာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားပြီး သတိကြီးကြီးထားကာ အကြောက်တရားများ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်တော့သည်။

” နှမြောစရာပဲ။ တကယ်လို့ ငါသာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ရဲ့ တတိယအဆင့်ကို တတ်မြောက်ထားမယ်ဆိုရင် ငါ့ရဲ့ကိုယ်ပွားနဲ့ နေရာချင်းလဲပြီးတော့ ဒီသားရဲကြီးကို သတ်ပစ်လို့ရတယ် ” ဝမ်ပေါင်လဲ့မှာ သူ ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်လာခဲ့စဉ်ကတည်းက ယခုအချိန်အထိ တိုက်ခိုက်ဖူးခဲ့သည့် ပြိုင်ဘက်များထဲတွင် အစွမ်းအထက်ဆုံးဖြစ်သော ပြိုင်ဘက်ကြီးအား စိုက်ကြည့်ရင်း အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုလင်းနို့ကြီးအား အချိန်အကြာကြီး စိုက်ကြည့်နေခြင်း မရှိပေ။ ခဏအကြာတွင် သူ၏ မျက်ဝန်းများထဲ‌၌ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားပြီး သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် ခုန်းတောက်၏ စကားသံမှာ သူ၏နောက်မှနေ၍ ထွက်ပေါ်လာ၏။

” ပွင့်သွားပြီဟေ့ ”

ခုန်းတောက်၏ မရပ်မနား တွန်းဖွင့်မှုများကြောင့် နောက်ဆုံးတွင် ထစ်ချုန်းသံများ မြည်ဟည်းကာ ကျောက်တံခါးကြီးမှာ ပွင့်သွားပြီး အပေါက်ကျဉ်းလေးတစ်ပေါက် ဟသွားတော့သည်။ ထိုအပေါက်လေး ဟသွားသည်နှင့် ဂူထဲ၌ အချိန်ကြာမြင့်စွာ အောင်းနေခဲ့သည့် ထူထဲသိပ်သည်းသော ဝိညာဉ်ချီများမှာ ထိုအပေါက်လေးထဲမှ အရှိန်အဟုန်ဖြင့် စီးထွက်လာကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset