Switch Mode

အခန်း ( ၃၆၉ )

အမှတ်အသားများ

ပိုင်ရှောင်ချန်းမှာ ကြောက်ရွံမှုများကြောင့် ရင်ခုန်သံမြန်လာတော့သည်။ သူ့ကို လိုက်ဖမ်းနေသူမှာ တစ်ယောက်ထဲသာ ရှိပါက သူသည် နောက်သို့ပြန်လှည့်ကာ တိုက်ခိုက်မည်ဖြစ်သည်။

လူနှစ်ယောက် သုံးယောက်ဆိုလျှင်ပင် သူက ပြန်လည်တိုက်ခိုက်ရန် ကြိုးစားဦးမည်ဖြစ်သည်။ သူသည် သူရဲကောင်းဆန်ကာ အံ့သြဖွယ်ကောင်းလွန်းလှသူဟု ခံယူထားရာ ထိုအခြေအနေ မျိုးတွင်ပင် အနိုင်ရရှိနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။ သူ၏ အပြင်ခန္ဓာကိုယ် အဆင့်အတန်းကြောင့် သူနှင့်ကျင့်ကြံခြင်းအဆင့် အတူတူရှိသည့် လူနှစ်ယောက်၊သုံးယောက်ပေါင်းလျှင်ပင် သူ့ကိုသတ်နိုင်မည်မဟုတ်ချေ။

သို့သော်လည်း ယခု နောက်သို့လှည့်ကြည့်လိုက်သောအခါ အမြုတေအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာက သတ်ဖြတ်လိုသော စိတ်များဖြင့် သူ၏နောက်သို့ လိုက်နေသည်ကို မြင်လိုက်ရပေသည်။ သူ့အတွေ့အကြုံအရဆိုလျှင် ထိုကဲ့သို့ လူအများကြီး သူ့ကိုဝိုင်း၍တိုက်ခိုက်ပါက သူ၏ ထာဝရအသက်ရှည်နည်းသိုင်းမှာ ယခုထက်ပို၍ အဆင့်မြင့်နေလျှင်ပင် သူ၏ သနားစရာ အသက်လေးကို ဆုံးရှုံးမည်သာဖြစ်သည်။

ထိုအတွေးများကြောင့် သူ၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး လိပ်ကလေးကိုလည်း ဒေါသများထွက်နေတော့သည်။

လိပ်ကလေးကမူ ပိုင်ရှောင်ချန်းကို ဒုက္ခရောက်အောင် လုပ်ခဲ့မိသည်ဟုပင် မထင်ချေ။ သူက စိတ်လှုပ်ရှားမှုအရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဆက်တိုက် အော်ဟစ်ကာ ဘေးနားတွင် ပျံဝဲ၍ လိုက်ပါလာသည်။

” ဟားဟားဟား။ လုပ်စမ်းပါ။ လုပ်စမ်းပါကွ။ ဒီလိုမှပေါ့ ကလေးတွေရ။ ငါ့သခင်ကို သတ်ဖို့ မင်းတို့စွမ်းနိုင်မလား ကြည့်ကြသေးတာပေါ့။ ”
ထို့နောက် သူက အသံတိုးလိုက်ကာ ပိုင်ရှောင်ချန်းကို ပြောလိုက်သည်။
” ကြောက်မနေနဲ့ ပိုင်ကလေး။ သူတို့က ကလေးပေါက်စလေးတွေပါကွ။ ဟုတ်တယ်မလား။ လာလာ။ ငါ့ကို သူတို့ဆီ ထပ်ပြီး ပစ်ပေါက်လိုက်။ သူတို့ကို ငါ အသေသတ်ပေးမယ်။ ”

” ပါးစပ်ပိတ်။ ဒါတွေအကုန် မင်းကြောင့်ဖြစ်ရတာ။ ”
ပိုင်ရှောင်ချန်းမှာ လိပ်ကလေးကို ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူ လူအုပ်ထဲသို့ မပစ်ရဲပေ။ လိပ်ကလေး၏ အရာထင်သွားသော လူ၏ ဒေါသထွက်နေသည့်မျက်နှာကို ပြန်တွေးမိသွားသောအခါ သူ ရင်တုန်နေတော့သည်။ သူသည် ရှေ့သို့ အရှိန်တင်ကာ ထွက်ပြေးလိုက်သောအခါ တလက်လက်တောက်ပနေသည့် မှော်ပစ္စည်းများက သူ့ဆီသို့ ပျံဝဲလာကြတော့သည်။ ရေခဲတောင်များ၊ လျှပ်စီးများ၊ မီးပင်လယ်များ၊ ရှုပ်ထွေးနေသည့် ဆူးနွယ်ပင်များ၊ ရာနှင့်ချီသော ဓားပျံများနှင့် ဧရာမ လေပွေကြီးနှင့်ဆင်တူသည့် ရေလှိုင်းကြီးများတို့ပင် ပါဝင်သည်။

သူ့ဆီသို့ ပြေးလာနေသည့် ထိုမှော်ပစ္စည်းများ၏ ဖိအားမှာ စောစောက အကာအကွယ် မန္တန်အစီအရင်များ၏ ဖိအားတမျှ မပြင်းထန်ပါသော်လည်း အရေအတွက်မှာ များပြားလွန်းလှ၍ အသက်သေစေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။

ဤအခြေအနေမျိုးတွင် သူ၏ လိပ်ဒယ်အိုးကလေးမှာ အသုံးမဝင်တော့ချေ။ စောစောက အကာအကွယ် အစီအရင်များမှာ လိပ်ဒယ်အိုးကလေးကိုသာ ရိုက်ခတ်ခဲ့သည်ဖြစ်ပြီး ဒယ်အိုးကို လှန်ရန် ကြိုးပမ်းခဲ့သည်မဟုတ်ချေ။ ယခုလူများကမူ သူ့ကို ဒယ်အိုးအောက်တွင်ပုံးကာ သေချင်ယောင်ဆောင်ခွင့် ပေးမည်မဟုတ်ပေ။

” ငါတော့သွားပြီ။ အမွေအနှစ် တံဆိပ်တော်တောင် ပြိုင်ပွဲက ပြီးသွားပြီလေကွာ။ ဘာကိစ္စ တည်နေရာရွှေ့ပြောင်းခြင်းက မစသေးတာတုံး။ ခဏနေမှ မစရင်တော့ ငါသေပြီပဲဟေ့။ ”
သူက လျင်မြန်စွာ ထွက်ပြေးနေပြီး သူ၏နောက်တွင်လည်း ဒေါသတကြီး အော်ဟစ်နေသံများ ထပ်ကြပ်မကွာ လိုက်လာနေသည်။

” မင်းမပြေးနဲ့ ပိုင်ရှောင်ချန်း။ ”

” စောစောကပဲ မင်း ကြွားလုံးတွေထုတ်နေပြီးတော့။ အခုမှဘာလို့ ယုန်ငကြောက်လေးတစ်ကောင်လို ပြေးနေရတာတုံး။ ”

” ဟွန်း စောစောက မင်းပဲ တိုက်ခိုက်ဖို့ စိန်ခေါ်နေတာလေ။ အခုတိုက်မယ်ကွာ။ အခုရပ်ပြီး လာတိုက်စမ်း။ ”

အခြား ဂိုဏ်းသုံးဂိုဏ်းမှ လူတိုင်းမှာ သူတို့၏ အမျက်ဒေါသများကို ဖြေဖျောက်နေကြပြီး သူတို့၏ သတ်ဖြတ်လိုသောစိတ်များက ပြင်းထန်လွန်းလှသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင်ပင် အလင်းရောင်များစွာ တောက်ပလာတော့သည်။

ခပ်လှမ်းလှမ်းမှ ကြည့်လိုက်လျှင် အမြုတေအဆင့် ကျင့်ကြံသူ အယောက် တစ်ရာမှာ ကြယ်ပျံများအလား ပိုင်ရှောင်ချန်း နောက်သို့ လိုက်နေသည်နှင့် တူနေတော့သည်။ ရှင်းမြစ်ဂိုဏ်းခွဲမှ လိပ်ကလေး၏ အမျက်အသားထင်နေသည့် ကျင့်ကြံသူမှာ ပို၍ပင် ဆိုးသည်။ သူ၏ စိတ်နှလုံးကို ဒေါသများက ဖုံးလွှမ်းထားပြီဖြစ်သည်။ သူ၏ ပါးကို မည်မျှပင် ပွတ်စေကာမူ ထိုအမှတ်အသားမှာ ပျောက်မသွားချေ။ သူ၏ဘေးနားရှိ လူများက သူ့ကိုဝိုင်းကြည့်နေသည့်အကြည့်များမှာ အရှက်ရဖွယ်ကောင်းလွန်းနေသည်။

” ငါမင်းကိုသတ်မယ် ပိုင်ရှောင်ချန်း။ ” သူသည် အခြားလူများထက် များစွာကျယ်လောင်သည့် အသံကြီးဖြင့် အော်ပြောလိုက်သည်။

ဂျုန်းဂျုန်းဂျုန်း…..

ပိုင်ရှောင်ချန်းမှာ ဓားပျံများကို ရှောင်တိမ်းကာ လေပွေကြီးကို ထိုးဖောက်သွားပြီး မီးပင်လယ်တစ်ခုကို ခုန်ကာ ရှောင်ရှားလိုက်သည်။ သို့သော်လည်း လျှပ်စီးအနည်းငယ်ကမူ သူ့ကိုထိသွားသဖြင့် အပြင်းအထန် တုန်ခါသွားရတော့သည်။ သူ၏ ဝတ်ရုံထဲတွင် ကွေးကွေးလေးရှိနေသည့် ဘရူဆာကမူ အပြင်သို့ထွက်ရန် ရုန်းကန်နေပါသော်လည်း ပိုင်ရှောင်ချန်းက သူ့ကို အတွင်းသို့ ပြန်တွန်းထည့်လိုက်သည်။

” ငြိမ်ငြိမ်နေ။ အပြင်မှာ လူဆိုးတွေ ရှိတယ်။ ”

အမွေအနှစ်နယ်မြေမှာ အလွန်တရာ မကြီးမားသည့်အပြင် အမြုတေအဆင့် ကျင့်ကြံသူများမှာ လျင်မြန်စွာ လှုပ်ရှားနိုင်သည်။ ထို့ကြောင့် မကြာမီ သူတို့သည် စက်ဝိုင်းပုံ သဏ္ဍာန် ပြေးလွှားနေသည့်အလား ဖြစ်နေကြတော့သည်။

အမြုတေအဆင့် ကျင့်ကြံသူများမှာ တဖြည်းဖြည်း ပို၍ နီးကပ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်ကျလာတော့သည်။ ထို့အပြင် တည်နေရာရွှေ့ပြောင်းခြင်း အစွမ်းမှာ ယခုအထိ မပွင့်သေးပေ။ ပို၍ဆိုးသည့်အချက်မှာ အမြုတေအဆင့် ကျင့်ကြံသူများမှာ အုပ်စုသုံးခုခွဲကာ သူ့ကို ဝန်းရံရန် ကြိုးစားနေကြခြင်းဖြစ်သည်။

သူသည် ရူးသွပ်တော့မည့်အလား ဖြစ်နေပြီဖြစ်သည်။ နီမြန်းနေသော မျက်ဝန်းကြီးများဖြင့်သူက အော်ပြောလိုက်သည်။
” မင်းတို့ကောင်တွေက ငါ့ကို ဒီလို မလုပ်လုပ်အောင် ဖိအားပေးနေကြတာပဲ။ ”

” ဒီကိုလာခဲ့စမ်း လိပ်ကလေး။ ” ထိုစကားကို ကြားလိုက်သောအခါ လိပ်ကလေး၏ မျက်ဝန်းများမှာ ချက်ချင်း လင်းလက်သွားပြီး ပိုင်ရှောင်ချန်း၏ ဆန့်တန်းထားသော လက်ထဲသို့ ပျံသန်းသွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက သူ့ကို ပြင်းထန်စွာဖြင့် လေထဲသို့ ပစ်ပေါက်လိုက်သည့်အခါ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

လိပ်ကလေးက ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီး ဝှီးခနဲအသံတစ်သံ ထွက်ပေါ်လာတော့သည်။ ထိုသို့သော အမြန်နှုန်းမျိုးကို မည်သည့် အမြုတေအဆင့် ကျင့်ကြံသူမှ မယှဥ်နိုင်ချေ။ မျက်စိတစ်မှိတ်အတွင်း သူသည် ကျစ်မြစ်ဂိုဏ်းခွဲမှ ခန္ဓာကိုယ်ကြီးကြီးနှင့် လူတစ်ယောက်၏ ညာဖက်ပါးပေါ်သို့ ဘတ်ခနဲ ကျသွားတော့သည်။

တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာပြီးနောက် ထိုလူကြီး၏ ပါးစပ်ထဲမှ သွေးများနှင့်အတူသွားအချို့ ထွက်လာပြီး အော်ဟစ်ကာ နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်ခွာသွားတော့သည်။ သူခေါင်းမော့လိုက်သည့်အခါ သူ၏မျက်နှာပေါ်တွင် အနက်ရောင် လိပ်အမှတ်အသားတစ်ခုကို မြင်လိုက်ရတော့သည်။

ထိုအမှတ်အသားမှာ ဦးခေါင်းတစ်လုံး၊ အမြီးတစ်ချောင်း၊ ခြေလက် လေးချောင်းပါဝင်ပြီး လွန်စွာ အသက်ဝင်လှသည်။

ထိုလူကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ပါးကို ပွတ်နေတော့သည်။ ထိုအမှတ်အသားမှာ ပျောက်ကွယ်မသွားသည်ကို သိလိုက်ရသောအခါ ရှင်းမြစ်ဂိုဏ်းခွဲမှ ထိုကဲ့သို့ အမှတ်အသားရှိသောလူကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများမှာ နီမြန်းသွားတော့သည်။ ဒေါသတကြီးဖြင့် သူသည် ပိုင်ရှောင်ချန်းဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့သည်။

သူသည် ထူးခြားသော နတ်ဘုရား စွမ်းရည်အချို့ကိုပင် သုံးလိုက်သဖြင့် အခြားလူတိုင်းကိုပင် ကျော်တက်သွားတော့သည်။ တစ်ခဏအတွင်း သူသည် ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်သို့ အံ့သြဖွယ်ကောင်းစွာ ရောက်သွားတော့သည်။

” သေချိန်တန်ပြီ ပိုင်ရှောင်ချန်း။ ” ထိုလူကြီးက သူ၏ ညာလက်ကိုဆန့်ထုတ်လိုက်သောအခါ စွမ်းအားကြီး အမြုတေအဆင့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး လေပွေကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။ တချိန်ထဲမှာပင် ဧရာမ မိစ္ဆာလက်ကြီးတစ်ဖက်၏ မသဲမကွဲပုံရိပ်တစ်ခု သူ၏နောက်တွင် ပေါ်ထွက်လာသည်

မိစ္ဆာချီများမှာ ဝဲဂယက်ပုံစံဖြင့် ထွက်ပေါ်လာပြီး မိစ္ဆာလက်ကြီးထဲသို့ စီးဝင်သွားကာ ထိုလက်ကြီးမှာ ပိုင်ရှောင်ချန်းကို ဆွဲယူဖမ်းဆုပ်ရန် ရှေ့သို့ ပျံဝဲသွားတော့သည်။

ထို လက်ကြီးက နီးကပ်လာသောအခါတွင် ပို၍ကြီးမားသွားပြီး မီတာသုံးရာ အထိ ကြီးမားသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အော်ဟစ်လိုက်ပြီး သူ၏ ညာလက်ကိုဝှေ့ယမ်းလိုက်ကာ ခရမ်းရောင်ဒယ်စောက်အိုးတစ်လုံးကို ဆင့်ခေါ်လိုက်ပြီး မိစ္ဆာလက်ကြီးကို ဝင်တိုက်လိုက်တော့သည်။

ကျယ်လောင်သော တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ ခရမ်းရောင်ချီ ဒယ်စောက်အိုးကို ကောင်းကင်တာအို ရွှေအမြုတေတစ်ခု၏ စွမ်းအားဖြင့် ဖန်တီးထားသည်ဖြစ်ရာ မိစ္ဆာလက်ကြီးကို ရိုက်ခတ်ပြီးသွားသည့်အချိန်တွင် ပြိုကွဲသွားတော့သည်။ ထိုရိုက်ခတ်မှုမှ ပေါ်ထွက်လာသည့် တုန်ခါမှု လှိုင်းကြီးကြောင့် ကျစ်မြစ်ဂိုဏ်းခွဲမှ လူကြီးမှာ သွေးပွက်ပွက် အန်သွားတော့သည်။

ပိုင်ရှောင်ချန်းကမူ အနည်းငယ်ပင် ထိုခိုက်ဒဏ်ရာမရသော်လည်း ဒေါသမီးများမှာ လောင်ကျွမ်းနေဆဲပင်။ သူ၏ညာလက်ကို လေပေါ်သို့မြှောက်ကာ အော်ခေါ်လိုက်သည်။
” လိပ်ကလေး။ ”

လိပ်ကလေးမှာ သူ၏လက်ထဲသို့ ချက်ချင်းပင် ပျံဝင်သွားပြီးနောက် သူက ထိုလူကြီးထံသို့သွားလိုက်ပြီး လက်ကို ပြန်ရုတ်လိုက်လေသည်။

” အခုမင်းကို နောက်အမှတ်အသားတစ်ခု ထပ်ပေးမယ်။ ”
ထိုသို့ဆိုလိုက်ကာ သူသည် လိပ်ကလေးကို ထိုလူကြီး၏ တခြားပါးတစ်ဖက်ပေါ်သို့ ရိုက်ချလိုက်သည်။ ထို့နောက် သူက ထိုလူကြီး၏ ရင်ဘတ်ကိုပါ ထပ်၍ရိုက်လိုက်ပြီး သူဘာမှပြန်မလုပ်နိုင်ခင်မှာပင် အခြားနေရာ တစ်ဒါဇင်လောက်ကိုပါ ရိုက်နှက်လိုက်တော့သည်။

ထိုလူကြီး၏ ပါးစပ်ထဲမှာ သွေးများပန်းထွက်လာပြီး သူ၏မျက်ဝန်းများမှာ ရူးသွပ်မှုများဖြင့် တောက်လောင်နေတော့သည်။ အဆုံးတွင် သူ၏သက်စောင့်အားကို အသုံးချကာ ပိုင်ရှောင်ချန်းကို တွန်းထုတ်လိုက်ပြီး အလျင်အမြန် ပြေးထွက်သွားတော့သည်။ သူ၏မျက်ဝန်းထဲရှိ ဒေါသများနေရာတွင် ကြောက်လန့်မှုများက အစားထိုးဝင်ရောက်လာတော့သည်။

” လာကြစမ်း။ ”
ပိုင်ရှောင်ချန်းက ယုံကြည်မှုပြင်းထန်နေသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။ သူက ထပ်၍ ရန်စရန် ပြင်လိုက်စဥ်မှာပင် သူ့ဆီသို့ မှော်ပစ္စည်း တစ်ဒါဇင်ကျော်မှာ မိုးရေများအလား ကျဆင်းလာတော့သည်။ လျှပ်စီးများ၊ မီးပင်လယ်များ၊ လေပွေများ၊ လေပြင်းကြီးများနှင့် ဆူးနွယ်ပေါင်းများစွာကို မြင်လိုက်ရသဖြင့် ပိုင်ရှောင်ချန်း၏ စိတ်နှလုံးကို အကြောက်တရားများက လွှမ်းမိုးသွားတော့သည်။ ချက်ချင်းပင် သူက နောက်ဆုတ်လိုက်တော့သည်။

အနည်းငယ်ကြာသောအခါ သူစောစောက ရပ်နေခဲ့သည့်နေရာသို့ မရေမတွက်နိုင်သော မှော်ပစ္စည်းများ ကျဆင်းလာတော့သည်။

” မင်းတို့ကောင်တွေက တော်တော် ရက်စက်ကြမ်းကြုတ်တာပဲ။ မင်းတို့ သတ္တိရှိရင် တစ်ယောက်ချင်း လာတိုက်လေ။ ”
သူ၏ ထာဝရအသက်ရှည်နည်းပညာရပ်နှင့် သူ၏ စွမ်းအားကြီး အပြင်ခန္ဓာကိုယ်စွမ်းအားကို ထုတ်သုံးကာ သုတ်ချေတင်ပြေးတော့သည်။

ရှင်းမြစ်ဂိုဏ်းခွဲမှ ချန်ယွမ်ရှန်က ရုတ်တရက် အော်ပြောလိုက်လေသည်။
” မင်းလို အရှက်မရှိတဲ့ လူဆိုးကို နှိမ်နင်းဖို့ ငါတို့က အုပ်စုဖွဲ့ပြီး လှုပ်ရှားနေရတာကွ။ မင်းကို ငါတို့အကုန်ပေါင်းပြီးသတ်ရင် စည်းကမ်းဖောက်ရာ မကျတော့ဘူးလေ။ ”

သူ၏ စကားလုံးများကြောင့် ထိုအဖွဲ့ထဲမှ လူများစွာ၏ သတ်ဖြတ်လိုစိတ်များမှာ မြင့်တက်သွားတော့သည်။

” ချန်ယွမ်ရှန်…. ”
ပိုင်ရှောင်ချန်းက သူ့ကိုလှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။ သူသည် ပိုင်ရှောင်ချန်းကို အစကထဲက ပစ်မှတ်ထားနေခဲ့သည်ဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်ဒေါသထွက်နေတော့သည်။ လူအုပ်ကြီး၏ ရန်လိုစိတ်ကို သူကထပ်၍ဆွပေးနေသဖြင့် ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးဖြင့် လိပ်ကလေးကို လှမ်းပစ်လိုက်တော့သည်။

” အဲ့ကောင်ကို ပါးစပ်တည့်တည့် ရိုက်ပြီး ပါးစပ်ပိတ်ခဲ့ကွာ။ ”

လိပ်ကလေးမှာ စိတ်လှုပ်ရှားစွာဖြင့် လေပေါ်သို့ ဝဲသွားတော့သည်။ ချန်ယွမ်ရှန်၏ရှေ့တည့်တည့်တွင် ပေါ်ပေါက်လာသည့်အခါ ချန်ယွမ်ရှန်မှာ မျက်နှာပျက်သွားပြီး ရှောင်ရှားရန် ပြင်လိုက်သည်။ သို့သော်လည်း သူသည် လိပ်ကလေးကို ရှောင်ရှားရန် မစွမ်းနိုင်ချေ။ လိပ်ကလေးက သူ၏ မျက်နှာတည့်တည့်ကို ဝင်ရိုက်လိုက်သောအခါ အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာပြီး သူ၏ သွားများအားလုံးမှာ ပါးစပ်ထဲမှ ကျွတ်ထွက်သွားကာ သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားတော့သည်။

” ပိုင်ရှောင်ချန်း…. ”
သူက ငယ်သံပါအော် အော်ဟစ်လိုက်တော့သည်။ ချန်ယွမ်ရှန်သည် သူ့မျက်နှာပေါ်ရှိ အမှတ်အသားကို လျစ်လျူရှူကာ နီရဲနေသည့် မျက်ဝန်းကြီးများဖြင့် လက်နှစ်ဖက်ကိုသုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ချက်ချင်းပင် ကြယ်စွမ်းအားစီးကြောင်းများက သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားရာ သူသည် မျက်စိကျိန်းလောက်အောင် လျင်မြန်သည့် အမြန်နှုန်းများကို ရရှိသွားပြီး ပိုင်ရှောင်ချန်းကို လိုက်ဖမ်းရန် ပြင်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset