Switch Mode

အခန်း ( ၃၆၈ )

ကျုပ်ရှင်းပြပါရစေ

” မင်းတို့ အဏ္ဏဝါခေါ်သံဂိုဏ်း အဲဒီမှာဘာလုပ်လိုက်တာလဲ။ ဒါကမှားနေပြီ”
ရှင်းမြစ်ဂိုဏ်းခွဲမှဆံနီအဖိုးအိုက အံ့သြတုန်လှုပ်ဖွယ်ရာ အခြေအနေကြောင့် တုန်ရီနေလေသည်။ အမှန်မှာ ရှင်းမြစ်ဂိုဏ်းခွဲက အမျက်ဒေါသထွက်နေသော တာအိုမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲအား ကိုင်တွယ်ဖြေရှင်းအရေးယူဖို့အတွက် ဖိအားပေးရန်ကြိုးစားလိုက်ခြင်းဖြစ်သည်။

စင်စစ်အားဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် ဂိုဏ်းနှစ်ဂိုဏ်း၏ အမျက်ဒေါသမှာ သုံးပုံတစ်ပုံခန့်သာရှိပြီး ကျန်သုံးပုံနှစ်ပုံမှာ ရှင်းမြစ်ဂိုဏ်းခွဲမှဖြစ်ကြောင်း ပြောနိုင်လေသည်။

ထို့ကြောင့် သူတို့အတွက်ကျန်ရှိနေသည့်တစ်ခုတည်းသော ရွေးပိုင်ခွင့်မှာ အဏ္ဏဝါခေါ်သံဂိုဏ်းအား ဆွဲချရန်ဖြစ်လေသည်။ သို့သော်လည်း သူ၏ပါးစပ်အတွင်းမှ ထိုစကားများထွက်လာသည်နှင့်တစ်ပြိုင်နက် အထက်ရှိမိုးကောင်းကင်ယံမှာ စတင်၍လှုပ်ခတ်လာပြီး စူးရှသည့်အလင်းရောင်များတောက်ပနေသော ဧရာမပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာလေသည်။ ချက်ချင်းပင် ပြင်းထန်သောလေထုဖိအားသက်ရောက်လာပြီး ကုန်းမြေမှာလည်း စတင်လှုပ်ခတ်လာလေသည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ ချက်ချင်းလက်ကိုဆုပ်လိုက်ကြပြီး ဦးညွတ်လိုက်ကြသည်။

” တမန်တော်ကြီးကို ဂါရဝပြုပါတယ်”

အလင်းပုံသဏ္ဍာန်ကြီးမှာ ကျောက်တုံးအစီအရင်များ အလယ်ရှိဘုရားကျောင်းကိုကြည့်ရှုလိုက်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်အရ အတွင်း၌ဖြစ်ပျက်နေသောအရာများကို အတိအကျမမြင်နိုင်ပေ။ သူကထိုအကြောင်းအားလည်း အမှန်တကယ်ဂရုမစိုက်ပေ။ နတ်ဘုရားစွမ်းအင်က အမွေအနှစ်ဆက်ခံသူအား လျှို့ဝှက်စွာပညာပေးနေသော်လည်း ၎င်းကအဓိကဖြစ်ရပ်မဟုတ်ချေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် လျှို့ဝှက်အမွေအနှစ်ပေါင်း သုံးရာရှိပြီး သူတို့အားလုံးမှာ စွမ်းအားအရာ၌ တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။ ၎င်းတို့ထဲတွင် ခြွင်းချက်အနေဖြင့် စွမ်းအားကြီးသောဒါဇင်အနည်းငယ်ခန့်မှလွဲ၍ ကျန်အမွေအနှစ်များမှာ တစ်ခုထက်တစ်ခုမည်သည်ကပို၍အားကောင်းသည်ကို ဆုံးဖြတ်ရန်ခက်ခဲလှသည်။

” ကျုပ်မှတ်မိသလောက် အသက်ဝင်တောင် ဂါထာက လျှို့ဝှက်အမွေအနှစ်စာရင်းတွေထဲမှာ ထိပ်ဆုံးဆယ်ခု ထဲကပဲ။ ကံမကောင်းစွာနဲ့ အဲဒါကကျင့်ကြံဖို့ခက်ခဲလွန်းတဲ့အတွက် သူ့ကိုသုံးတဲ့သူက မတွေ့သလောက်ပဲ”

” အခုကျုပ်ဒီအကြောင်းကိုစဉ်းစားလိုက်တော့ ဒီ လျှို့ဝှက်နယ်မြေကိုထိန်းချုပ်ပြီး လျှို့ဝှက်အမွေအနှစ်တွေထားခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ ” ဧရာမအလင်းသဏ္ဍာန်ကြီးမှာ သူ၏လက်ကိုဝေ့ယမ်းလိုက်ရာ ပင်လယ်ထဲသို့လှိုင်းများဖြတ်သွားသောအခါ အလိပ်လိုက်ဖြစ်သွားသကဲ့သို့ ဂယက်လှိုင်းများမှာ ကောင်းကင်ထဲသို့ ပျံ့နှံ့သွားသည်။

” ဒီနေ့တော့..”
သူက မိုးခြိမ်းသံလားအသံကြီးဖြင့်ပြောလိုက်သည်။
” တစ်စုံတစ်ယောက်က အသက်ဝင်တောင် ဂါထာကို အပြီးတိုင်တတ်မြောက်သွားခဲ့ပြီ။ ဂိုဏ်းကြီးလေးဂိုဏ်းနားထောင်ကြလော့….။ တစ်လအတွင်း အဲဒီလူရဲ့အချက်အလက်တွေကို ကျောက်စိမ်းပေလွှာမှာရေးထိုးပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းဆီမှတ်တမ်းတင် ပေးပို့ကြပါ ”

ထိုသို့ဆိုကာ ထိုသဏ္ဍာန်ကြီးမှာ မှေးမှိန်ပျောက်ကွယ်သွားလေသည်။ သူရောက်ရှိလာသည့်တစ်ခုတည်းသော အကြောင်းပြချက်မှာ သူက အသက်ဝင်တောင် ဂါထာတော်ဖြစ်တည်လာသည်ကို အာရုံခံမိခဲ့သောကြောင့်ဖြစ်သည်။ သူ၏တာဝန်ပြီးဆုံးသွားသောအခါ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းဆီသို့ ချက်ချင်းပြန်သွားလေသည်။

တောက်ပနေသည့်ဧရာမဘီလူးကြီး ပျောက်ကွယ်သွားသောအခါ ရှင်းမြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့်ကျင်ကြံသူများမှာ ထိုနေရာတွင် သေတော့မလိုဖြူလျော်နေသည့်မျက်နှာများဖြင့် ထိုင်လိုက်ကြလေသည်။ သူတို့က အဏ္ဏဝါခေါ်သံဂိုဏ်းကို လှည့်စားနေသည်ဟု စွပ်စွဲရန်ဆက်၍ကြိုးစားမရတော့ပေ။ အမွေအနှစ်နယ်မြေအတွင်း မည်သည့်ကိစ္စရပ်များဖြစ်ပျက်ခဲ့သည်ဖြစ်စေ တမန်တော်၏ စကားများကိုအမှန်တကယ်လက်ခံရပေမည်။

အဏ္ဏဝါခေါ်သံဂိုဏ်းမှပိုင်ရှောင်ချန်းက အမွေအနှစ်တစ်ခုလုံးကိုရရှိခဲ့ပြီး အသက်ဝင်တောင် ဂါထာတော်၏ ဉာဏ်အလင်းကိုလည်းရရှိခဲ့သည်။

ချီဟွမ်၊ဟန်ဇောင်နှင့် ဖုန်းရှိန်ကျစ်က
အကြည့်များဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားနေမှုများကို ချက်ချင်းမြင်တွေ့နိုင်လေသည်။ သူတို့က ယခင်ကထက်ပင် အနည်းငယ် ဖြောင့်မတ်စွာ ထိုင်နေပုံပေါ်နေသည်။

တာအိုမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့မှာ တခဏနှုတ်ဆိတ်နေကြသည်။ ထို့နောက် သူတို့နှစ်ဂိုဏ်းလုံးမှာ အဏ္ဏဝါခေါ်သံဂိုဏ်းအနားချဥ်းကပ်ရန်အစပျိုးလိုက်သည်။

” ဝမ်းသာပါတယ်ဗျာ…တာအိုရောင်းရင်းဟန်ဇောင်ရေ..။ ဟားဟားဟား..။ မင်းတို့ဂိုဏ်းရဲ့ခေါင်းဆောင်ငယ်လေးက အသက်ဝင်တောင် ဂါထာတော်ရဲ့ဉာဏ်အလင်းကိုလည်းရခဲ့ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အာရုံစိုက်မှုရအောင်ပါ ဆွဲဆောင်နိုင်ခဲ့တာပဲ။ အနာဂတ်မှာ သူက အမြင့်ဆုံးကိုသေချာပေါက်ရောက်မှာပဲ”

” တာအိုရောင်းရင်းချီဟွမ်ရေ…အခုတော့ မင်းအစောတုန်းကဘာလို့ အရမ်းယုံကြည်ချက်ရှိနေလဲဆိုတာ ကျုပ်နားလည်သွားပြီ။ ဒီကလေး ပိုင်ရှောင်ချန်းကတကယ်ကို သာမန်ထက်ထူးကဲတာပဲ။ အခုမှကျုပ်စဥ်းစားမိလိုက်တယ်..ကျုပ်တို့အရင်ခင်ဗျားတို့ဆီလာလည်တုန်း အဲ့ကောင်လေးက ကျုပ်ကိုအကျပ်ရိုက်သွားအောင်လုပ်ခဲ့ဖူးတယ်ဗျ..။ အဲ့ကလေးက လူတွေကြားထဲက နဂါးတစ်ကောင်လိုပါပဲ ”

ထို ယင်ယန်ဝိညာဥ်အဆင့် တာအိုဆရာသခင်များမှာ မျက်နှာလိုမျက်နှာရလုပ်နေသည်မဟုတ်ပေ။ ထို့ထက် သူတို့ကဂိုဏ်းသို့ပြန်လည်ရောက်သွားလျှင် အကြောင်းအရာကိုမည်သို့ရှင်းပြရမည်ကိုစိုးရိမ်နေကြပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကစည်းမျဉ်းစည်းကမ်းများကို သွေဖယ်၍ သူတို့၏ အရင်းအမြစ်များအားလုံးကို ယူမသွားရန်မျှော်လင့်နေကြသည်။

ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့မှာ ကျွမ်းကျင်လှသော အကြံသမားများဖြစ်ကြပြီး အခြေအနေကိုမည်သို့ကိုင်တွယ်သင့်ကြောင်း သိကြလေသည်။ သူတို့၏ စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်ကာ အရင်းအမြစ်များအကြောင်း မပြောရန်ဆုံးဖြတ်လိုက်ကြသည်။

” ရှောင်ချန်းက ဆိုးပြီးကျီစယ်တတ်တဲ့ကလေးလေးပဲ” ဟန်ဇောင်ကဆိုသည်။
“ကျုပ်တို့ကလဲ ခင်ဗျားတို့လို အမွေအနှစ်နယ်မြေထဲ ဖြစ်ပျက်နေတာေတွအတွက် စိုးရိမ်နေပါတယ်”

တာအိုမြစ်နှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့မှာ ပထမဦးဆုံးဟန်ဇောင်ထုတ်ဖော်ပြောလိုက်သည်မှာ ပိုင်ရှောင်ချန်း၏လုံခြုံမှုဖြစ်ကြောင်း ကျိုးကြောင်းဆက်စပ်၍ သိလိုက်ကြလေသည်။

” အမှာစကားတွေကို အမွေအနှစ်နယ်မြေထဲ ပို့လို့မဖြစ်နိုင်ဘူးဆိုတော့ ဖြစ်ပျက်နေတဲ့အရာတွေကိုလည်း ပြောဖို့ခက်နေတယ်။ ဒါပေမဲ့..စိတ်မပူပါနဲ့။ တာအိုရောင်းရင်းဟန်ဇောင်..။ အမွေအနှစ် တံဆိပ်တော် ကိစ္စကလည်း ပြီးဆုံးသွားပြီ။ အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးတဲ့ အချိန်ကုန်သွားခဲ့ရင် လူတိုင်းက တည်နေရာပြောင်းရွှေ့ပြီးအပြင်ရောက်လာတော့မှာပါ…”

ထိုအကြောင်းကိုကြားလိုက်ရသောအခါ ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ် တို့မှာပို၍စိတ်သက်သာရာရသွားကြပြီး အခြားခေါင်းဆောင်ကြီးများနှင့်ပင် ကြုံရာကျပန်းစကားပြောနေကြတော့သည်။ ရှင်းမြစ်ဂိုဏ်းခွဲအုပ်စုမှာ အခြားဂိုဏ်းများကိုလျစ်လျူရှုကာ ဘေးဘက်တွင်ထိုင်နေကြစဥ် သူတို့၏မျက်နှာများမှာ ဖြူဖပ်ဖြူရော်ဖြစ်နေကြသည်။

ထိုအတောအတွင်း အမွေအနှစ်နယ်မြေထဲတွင် ပိုင်ရှောင်ချန်းမှာ တံဆိပ်တော်အမှတ်အသားများအားလုံးကိုစုပ်ယူပြီးသောအခါ ခုခံကာကွယ်နေသည့်မှော်ပညာများ ပျောက်ကွယ်သွားလေသည်။ ပြင်းထန်သောဖိအား၊ လျှပ်စီးမိုးကြိုး၊ မည်းမှောင်နေသောလေပြင်းများနှင့် မီးပင်လယ်မှာလည်း မရှိတော့ပေ။ မျက်စိတမှိတ်အတွင်း အရာအားလုံး ပျောက်ကွယ်သွားလေသည်။

ပိုင်ရှောင်ချန်းက အသက်ဝင်တောင် ဂါထာတော်ကို အလုံးစုံစုပ်ယူပြီးသွားသောအခါ ဘရူဆာကသူ့အားဝင်ဆောင့်မိလေသည်။ ပတ်ပတ်လည်အားကြည့်လိုက်သောအခါ အကာအကွယ်အစီအရင်တစ်ခုမျှ လည်ပတ်ခြင်းမရှိတော့ကြောင်း နှင့်ဂိုဏ်းကြီးသုံးဂိုဏ်းမှကျင့်ကြံသူများမှာ သူနှင့် မီတာသုံးထောင်အကွာတွင်ရှိနေပြီး သူတို့၏မျက်လုံးများ၌ အေးစက်ပြီး ဒေါသထွက်နေသည့်အရောင်များတောက်ပလျက် ရှိကြောင်း သဘောပေါက်သွားလေသည်။

” အကာအကွယ်အစီအရင်တွေက ပျောက်သွားပြီလား ”
ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ယင်သွားပြီးနောက် မသိစိတ်၏စေ့ဆော်မှုအရ အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ဂိုဏ်းသုံးဂိုဏ်းမှလူများ၏ သူ့ကိုကြည့်သောအကြည့်များကြောင့် သူ၏ဆံပင်မှာ အဆုံးထိထောင်သွားလေသည်။

” ဟေးး တာအိုရောင်းရင်းတို့။ ကျုပ်တို့က အလယ်ပိုင်းဒေသကဂိုဏ်းတွေလေ..။ ကျုပ်တို့က တစ်ဖွဲ့ထဲသားေတွ…”
သူကအထစ်ထစ် အငေါ့ငေါ့ဖြင့်ဖြေရှင်းချက်ထုတ်နေပါသော်လည်း ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများ၏မျက်လုံးများထဲတွင် အေးစက်စက်အငွေ့အသက်များ ဖြာထွက်လျက် သူရှိရာအရပ်သို့စကားတစ်ခွန်းပင်မဟပဲစတင်၍ လျှောက်လာကြသည်။

အနောက်သို့ဆုတ်ရင်း သူကဆက်ပြောလိုက်သည်။
” လူသတ်ဖို့ခွင့်မပြုထားဘူးကွ။ စိတ်လိုက်မာန်ပါမလုပ်ကြနဲ့။ ဟုတ်ပြီလား။ မင်းတို့တွေ ကျိန်းသေနာမည်ပျက်မခံချင်ဘူးမလား…” ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တဒိန်းဒိန်းခုန်ပေါက်နေသည်။ သူတို့၏ဒေါသများမှာ ပေါက်ကွဲသည့်အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း သူကပြောနိုင်လေသည်။ ထို့အပြင် သူတို့က ခံပြင်းစိတ်များကို ထွက်ပေါက်ရှာသည့်အနေဖြင့် လုပ်နေကြသည်သာမက သူ၏လိပ်ဒယ်အိုးလေးကိုပါ လိုချင်နေကြသည်။

” သေစမ်း ”
သူကတွေးတောလိုက်သည်။
“ဘာကြောင့်မို့ အကာအကွယ်မန္တန်အစီအရင်တွေက ရုတ်တရက်ပျောက်ကွယ်သွားရတာလဲ” တုန်တုန်ယင်ယင်ဖြင့် မျက်ရည်ကျလုလုဖြစ်လျက် သူကနောက်သို့ဆက်ဆုတ်လိုက်လေသည်။

” နားထောင်ကြပါဦး…တာအိုရောင်းရင်းတို့။ မင်းတို့က အဖွဲ့နဲ့…။ ကျုပ်ကတော့တစ်ယောက်ထဲေလကွာ။ တံဆိပ်တော်အမှတ်အသားတွေကို ရသွားတာက ကံကောင်းသွားလို့ပါကွ…။ မင်းတို့တွေ မချင့်မရဲဖြစ်နေမယ်ဆိုတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ မင်းတို့က တတ်နိုင်သလောက်ကောင်းကောင်းလုပ်ခဲ့တာပဲလေ။ မင်းတို့ အကြီးအကျယ်ရှုံးနိမ့်ခဲ့တာမဟုတ်ပါဘူးကွ…။ တာအိုရောင်းရင်းတို့… အကုန်လုံးစိတ်လျော့ကြပါဗျာ…။ ကျုပ်တကယ်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး…”

အံ့အားသင့်ဖွယ်ကောင်းစွာ ကျင့်ကြံသူအချို့မှာ သူ၏စကားများကို အမှန်တကယ်နားထောင်ပြီး လျှောက်လာနေရာမှ ရပ်တန့်လိုက်ကြသည်။ အမှန်တကယ်မှာ ကိစ္စရပ်များက ယခုတွင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်းအတွက်နှင့်တိုက်ခိုက်နေခြင်းမှာ မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့၏စိတ်ထဲတွင်ရှိနေသော ဒေါသအရှိန်များကိုဖယ်ထုတ်ရန်ခက်ခဲနေဆဲဖြစ်သည်။

သူ၏စကားများမှာ သက်ရောက်မှုအနည်းငယ်ရှိကြောင်းတွေ့လိုက်ရသောအခါ ပိုင်ရှောင်ချန်းက စိတ်သက်သာရာရသည့်သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခုအချိန်မှာလူအများအား ဒေါသထွက်စေရမည့်အချိန်မဟုတ်ကြောင်း သူ ကောင်းစွာသိလေသည်။ တစ်စုံတစ်ဦးအားသတ်ဖြတ်သူ မည်သူ့ကိုမဆို အပြစ်ပေးလိမ့်မည်ဖြစ်သော်လည်း ထိုဖြစ်စဥ်တွင် သူ၏သနားစရာအသက်ကလေး ဆုံးရှုံးခဲ့ပါက သူ့အတွက်ကောင်းကျိုး အဘယ်မှာရှိပါမည်နည်း။

သူက ဖြေသိမ့်သည့်စကားများဆက်လက်၍ပြောတော့မည့်အချိန်တွင် လိပ်ကလေးက ရုတ်တရက်ပျံတက်သွားပြီး သူ၏ခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ပိုင်ရှောင်ချန်း၏နှလုံးသားမှာ ဖြစ်ပျက်တော့မည့်ကံကြမ္မာဆိုးကို ခံစားလိုက်ရပြီး ချက်ချင်းပင် ရင်တဒိန်းဒိန်းခုန်သွားလေသည်။ သူကဘာမှမပြောနိုင်၊မလုပ်နိုင်သေးမီ လိပ်ကလေးက ၎င်း၏လည်ချောင်းကိုရှင်းလိုက်ပြီးနောက် အော်ပြောလိုက်လေသည်။
” မင်းတို့ကောင်တွေ ခုထိနားလည်သေးပုံမရဘူး။ နားထောင်ကြ…. ငါ့သခင် ခုနကပြောတာတွေကို ကျုပ် ရှင်းရှင်းလေးဖြစ်အောင်ပြောပြမယ်။ သူတကယ်ဆိုလိုတာက မင်းတို့လူတစ်စုက ကျပ်မပြည့်တဲ့သူတွေတဲ့လေ။ မင်းတို့လူတွေက ငါ့သခင်ပိုင်ရှောင်ချန်းကို ဘယ်လိုတောင်တိုက်ခိုက်ဖို့ကြိုးစားရဲတာလဲ။ ငေးကြည့်နေတာတွေ၊ ကပေါက်တိကပေါက်ချာလုပ်နေတာတွေ ရပ်တန်းကရပ်လိုက်ကြတော့…”

သူ၏အသံမှာ အလွန်တရာကျယ်လောင်သောကြောင့် လူတိုင်း ကြားလိုက်ရလေသည်။ စိတ်လျော့လိုက်ကြသော ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများ၏ဒေါသအရှိန်တို့မှာ ယခင်ကထက် ပို၍ ရုတ်တရက် ပူပြင်းတောက်လောင်လာလေသည်။

ချက်ချင်းပင်ရူးသွပ်လာသော ရှင်းမြစ်ဂိုဏ်းခွဲမှလူတို့အတွက် ပိုမှန်ပေသည်။ ချန်ယန်ရှန်က သူ၏အမျက်ဒေါသကို ပထမဆုံးထုတ်ေဖာ်လိုက်လေသည်။

” ပိုင်ရှောင်ချန်းကို သတ်ကြ။ တကယ်လို့ကျုပ်တို့သာအတူတူလုပ်ခဲ့ရင် သူ့ကိုအသေသတ်နိုင်မှာကွ…။ ကျုပ်တို့အတူတူလုပ်သရွေ့ ကျုပ်တို့ဂိုဏ်းတွေက အဲဒီအတွက်ဘာမှလုပ်ဖို့နည်းရှိမှာ မဟုတ်ဘူး”

” အဲဒီ သူ့ရဲ့ဒယ်စောက်အိုးကလည်း အဖိုးတန်ရတနာပဲကွ”

” သူ့ကိုသတ်ကြ။ ပြီးရင် သူ့ကိုယ်ထဲက အမွေအနှစ်တံဆိပ်တော်တွေကို ပြန်ပြီးရချင်ရနိုင်တယ်ကွ”
ချန်ယန်ရှန်၏စကားနှင့်ပတ်သက်၍ မည်သူမျှသဘောမတူကြသေးသော်လည်း သူတို့၏သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်လာသည်။ သူတို့ဖိနှိပ်ခဲ့ရသော အမျက်ဒေါသများမှာ လိပ်ကလေး၏စကားကြောင့် ပြန်၍ဖြစ်ပေါ်လာသည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်းဆီသို့ အမြုတေအဆင့်ကျင့်ကြံသူများစွာပျံသန်းလာပြီး ဒေါသတကြီးအော်ဟစ်သံများ လေထဲသို့ပျံနှံ့သွားလေသည်။ သူတို့က အမျိုးမျိုးသောမှော်ပညာရပ်များကို တိုက်ခိုက်ရန် ထုတ်ဖော်လိုက်သည့်မြင်ကွင်းမှာ ခမ်းနားကြီးကျယ်လှသည်။

” ဒါကျုပ်ဆိုလိုချင်တာမဟုတ်ပါဘူးဗျာ…” ပိုင်ရှောင်ချန်းမှာ ပျံသန်းနေရင်း တုန်ယင်စွာပြောလေသည်။ သူကအရူးမဟုတ်ပေ။ သူမည်မျှအင်အားကြီးပါစေ၊ သူ၏ထာဝရကောင်းကင်ဘုရင်အမြုတေအဆင့်နှင့် ကောင်းကင်တာအိုရွှေအမြုတေအဆင့်က တချိန်တည်းတွင် မြေအမြုတေလက်ရွေးစင်ပေါင်းများစွာ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

လိပ်ကလေး၏ ချောက်တွန်းမှုကြောင့် သူ့နှလုံးသားထဲရှိ မုန်းတီးမှုမှာ ပို၍ကြီးထွားလာသည်။ မျက်ရည်များမှာ သူ၏မျက်လုံးထောင့်စွန်းမှ ကျလုကျဆဲဖြစ်နေလေသည်။ ရူးသွပ်နေကြသောရန်သူဒါဇင်ပေါင်းများစွာ နီးကပ်လာကြစဥ် လိပ်ကလေးကသူ၏ဦးခေါင်းလေးကိုပြူထွက်လိုက်ပြီး အော်ပြန်သည်။
“လာကြစမ်းပါ ငတုံးငပျော့တွေ…။ ငါ့သခင်က မင်းတို့တွေကို လက်တစ်ဖက်တည်းနဲ့ ရိုက်ပစ်နိုင်တယ်ကွ။ ဆက်လုပ်ကြစမ်းး။ မင်းတို့တစ်ခုခုလုပ်နိုင်တယ်လို့ထင်ရင် တိုက်လိုက်ကြစမ်းပါ ”

” မင်းပါးစပ်ပိတ်နေစမ်း ”
ပိုင်ရှောင်ချန်းက အော်ငေါက်လိုက်သည်။ ထို့နောက်သူကလက်ကိုဆန့်၍ လိပ်ကလေးကိုဆွဲဖမ်းလိုက်ကာ လူအုပ်ထဲသို့လှမ်းပစ်လိုက်လေသည်။

” သူ့ကိုသာ သတ်ပစ်လိုက်ကြ…။ ဟုတ်ပြီလား ”
သူက ငယ်သံပါအောင်အော်ရင်းပြောလိုက်သည်။ ” သူကသာအဲ့စကားပြောတာလေ…ကျုပ်ပြောတာမှမဟုတ်ပဲ ”
လိပ်ကလေးက အလွန်လျင်မြန်စွာ တဟုန်ထိုး သွားေနရာ မည်သူမှ သူ့အားမရှောင်တိမ်းနိုင်ကြပေ။ ဖြန်းကနဲမြည်သံနှင့်အတူ လိပ်ကလေးက ရှင်းမြစ်ဂိုဏ်းခွဲမှကျင့်ကြံသူတစ်ဦး၏ မျက်နှာကို ဝင်ရိုက်လိုက်လေသည်။

ကျင့်ကြံသူမှာ အလွန်ပြင်းထန်စွာအရိုက်ခံထိသွားသဖြင့် သူ၏သွားများပင်ကျွတ်လုဆဲဆဲဖြစ်သွားပြီး အနောက်ဖက်သို့ဒယီးဒယိုင်ဆုတ်လိုက်ရသည်။ သူ၏ပါးအထက်တွင် လိပ်ကလေး၏ ခြေလက်လေးချောင်း၊ ခေါင်း၊ အမြီးနှင့်လိပ်ခွံတို့ပြည့်စုံနေသောအနက်ရောင် ပုံတူအရိပ်မည်းလေးပေါ်သွားလေသည်။

ထို့နောက် လိပ်ကလေးက လေထဲသို့ဝှီးကနဲ ပျံသန်းလိုက်ပြီး ပိုင်ရှောင်ချန်းထံသို့ ပြန်ရောက်လာလေသည်။

” မင်းဘယ်လိုထင်လဲ ” သူ့ကိုယ်သူအလွန်ဂုဏ်ယူနေလျက် လိပ်ကလေးကပြောလေသည်။
” ကိုယ်တော်လိပ်က အံ့သြစရာမကောင်းဘူးလား။အဟမ်းးးး ကိုယ်တော်လိပ်က သူ့အမှတ်အသားကိုချန်ထားခဲ့တဲ့အခါ နတ်ဘုရားတစ်ပိုင်းအဆင့်ကတောင် အဲဒီအမှတ်ကို ပြန်မဖျက်နိုင်ဘူး။ နတ်ဘုရားတစ်ပိုင်းအဆင့်ေနာ်..။ ကြားရဲ့လား ကောင်စုတ်ကလေးတွေ။ ငါ ကိုယ်တော်လိပ်ရဲ့အမှတ်အသားက မင်းမျက်နှာပေါ်မှာ ထာဝရရှိနေတော့မှာကွ”

ထိုကျင့်ကြံသူက လက်လှမ်း၍ပွတ်ကြည့်လိုက်သောအခါ သူ၏မျက်နှာထက်တွင်အနက်ရောင်အမှတ်အသားရှိနေကြောင်း ခံစားမိလိုက်ပြီး ၎င်းအား အမှန်တကယ် ဖျက်ပစ်၍မရကြောင်းသဘောပေါက်သွားသည့်အခါ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ နှလုံးသားထဲတွင် ယခင်ကထက်ပိုသော ဒေါသများပြည့်နှက်လာပြီး သူ၏ပါးစပ်အတွင်းမှသွေးများကိုထွေးထုတ်လိုက်ကာ ပိုင်ရှောင်ချန်း၏နောက်သို့ စတင်၍လိုက်ဖမ်းတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset