Switch Mode

စာစဉ်(၅) အပိုင်း(၇၀)

အကူအညီရရှိခြင်း

ကျယ်ဝန်းသည့်အခန်းအတွင်းမှာ အနက်ရောင်အခိုးအငွေ့တွေက ဆိုးရွားလှသည့်အနံ့အသက်တစ်ခုနဲ့အတူ ကြိမ်ဖန်များစွာ ထွက်ပေါ်နေလျက်ရှိပေသည်။

သို့ပေမဲ့လည်း အခန်းတွင်းရှိလူတိုင်းက ဒီဆိုးရွားလှသည့်အနံ့အသက်ကြောင့် စက်ဆုပ်ရွံရှာမှုအနည်းငယ်လေးမျှပင်ဖြစ်မသွားမိခဲ့ကြဘဲ ထိုအစားပျော်ရွှင်မှုတွေကိုသာ သူတို့ရဲ့မျက်နှာထက်မှာ မြင်တွေ့ရနိုင်ပေသည်။

ဒီလိုမျိုးအနက်ရောင်အခိုးအငွေ့တွေ ကြိမ်ဖန်များစွာထွက်ပေါ်နေခြင်းက နတ်ဆိုးမြူအဆိပ်ကို ထပ်ခါထပ်ခါဖယ်ရှားရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်လို့ ဆိုနိုင်သည်။

ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေခဲ့ရပြီး သူကဝေဘင်း၏ခါးနေရာကို ကြည့်လိုက်မိသည်။ ၎င်းနေရာမှာရှိသည့် အနက်ရောင်အကွက်တွေက ဆက်တိုက်ဆိုသလိုပင် လျော့ပါးပျောက်ကွယ်နေရကာ အနက်ရောင်အစုအဝေးက မူလတုန်းကလို နက်ရှိုင်းခြင်းရှိမနေခဲ့တော့ပေ။

သူ့ရဲ့ဘေးတွင်ရှိနေသည့် ဝေချင်းချင်းက သူမရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ထားမိလိုက်သည်။ သူမရဲ့ပုံစံက သူမရဲ့အလွန်အမင်းစိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ထားနိုင်ရန် ခက်ခဲနေရသလိုပင်။

သူတို့နှစ်ယောက်စလုံးက အလွန်အမင်းစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ရသော်လည်း ဇူယွမ်ကိုအနှောင့်အယှက်ဖြစ်သွားမှာစိုးသည့်အလား အနည်းငယ်မျှဆူညံမှုလေးကိုပင် ပြုလုပ်ခဲ့ခြင်းမရှိခဲ့ကြပေ။ ဇူယွမ်ရဲ့မျက်နှာက လက်ရှိအချိန်မှာ လွန်စွာလေးနက်တည်ငြိမ်နေသကဲ့သို့ သူ့ရဲ့နဖူးပြင်ထက်မှာလည်း ချွေးသီးချွေးပေါက်တွေဖြင့် ပြည့်နှက်လို့နေရပေသည်။

သူ့လက်ထဲရှိကောင်းကင်ယွမ်စုတ်တံက ဆက်လက်၍ကျဆင်းနေခဲ့ရသလို မူလမှော်စာလုံးတွေကလည်း ထပ်ခါထပ်ခါတိုက်ခိုက်လာသည့် နတ်ဆိုးမြူအဆိပ် အပိုင်းအစတွေကို ဆက်တိုက်ပင်ပျောက်ကွယ်သွားစေခဲ့သည်။

သို့ပေမဲ့လည်း ဒီလိုအဆက်မပြတ်တိုက်ခိုက်နေရမှုတွေကြောင့် မူလမှော်စာလုံးတွေရဲ့နေရာတော်တော်များများက ပျက်စီးခဲ့ရသည်။

ထို့ကြောင့်ပင် ဇူယွမ်က ၎င်းရဲ့ပုံစံကိုထိန်းသိမ်းနိုင်ဖို့ရန်အတွက် အဆက်မပြတ်ပြန်လည်ပြုပြင်ဖို့ရန်လိုအပ်ပေသည်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ၎င်းက နတ်ဆိုးမြူအဆိပ်ကို နောက်ထပ်တစ်ကြိမ်ခေါ်ထုတ်ပြီး ဝိုင်းရံထားနိုင်ဖို့က ပိုပြီးခက်ခဲသွားရလိမ့်မည်ဖြစ်သလို ၎င်းရဲ့ပုံစံကလည်း ကျိုးပျက်သွားရလိမ့်မည်ဖြစ်သည်။

ဇူယွမ့်မျက်ခုံးနှစ်ခုကြားရှိအလင်းရောင်က ပို၍လင်းလက်တောက်ပလာခဲ့ရကာ ၎င်းက သူ့စိတ်ဝိညာဉ်ဟာ အကန့်အသတ်ကိုရောက်ရှိနေခဲ့ပြီဆိုသည့် လက္ခဏာပင်ဖြစ်သည်။

အဆင့် ၁မူလမှော်စာလုံးရှစ်ခုနှင့် အဆင့် ၂မူလမှော်စာလုံးတစ်ခုတို့ကို ထိန်းချုပ်ထားရခြင်းက ဇူယွမ့်လို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်ကို ရောက်ရှိနေခဲ့သည့်လူတစ်ယောက်ကိုတောင်မှ အလွန်အမင်းအားအင်ကုန်ခမ်းစေသည်။ ထို့ကြောင့်ပင် ယခုအချိန်မှာသူလုပ်နိုင်သည့်တစ်ခုတည်းသောအရာက သူ့ရဲ့သွားကိုတင်းတင်းစေ့ကျိတ်လျက် တောင့်ခံနေခြင်းပင်ဖြစ်သည်။

သူ့ရဲ့နဖူးပြင်ထက်မှချွေးတွေ မျက်စိထဲကိုတစ်စက်ချင်းစီးကျနေမှုက သူ့ရဲ့မျက်လုံးတွေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေခဲ့သည်။

ရုတ်တရက် အနည်းငယ်မွှေ့ပျံ့သည့်လက်ကိုင်ပုဝါတစ်ခုကိုကိုင်ထားသည့် နူးညံ့တဲ့လက်ကလေးတစ်ဖက်က ဇူယွမ်၏နဖူးထက်မှ ချွေးတွေကိုသုတ်ပေးလာခဲ့သည်။

ဇူယွမ်၏မျက်လုံးတွေက လှည့်ကြည့်လိုက်မိပြီး လက်ကိုင်ပုဝါပိုင်ရှင်က ဝေချင်းချင်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရမိသည်။

ဇူယွမ်ရဲ့အကြည့်ကိုခံစားမိလိုက်ရသည့်အခါ ဝေချင်းချင်းရဲ့နှုတ်ခမ်းက လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရပြီး ခပ်ဖွဖွပြုံးပြလိုက်မိသည်။

ဇူယွမ်ကကျေးဇူးတင်ကြောင်းကို ခေါင်းညိတ်၍ပြသခဲ့ပြီး သူ့ရဲ့အာရုံက မူလမှော်စာလုံးတွေထံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အချိန်တွေကနှေးကွေးစွာကုန်ဆုံးသွားခဲ့ရသလို ဘယ်သူမှသတိမထားမိလိုက်စဉ်မှာပင် နေ့လည်ပိုင်းသို့ရောက်ရှိလာခဲ့ရသည်။

ဝေဘင်း၏ကျောရိုးအောက်ဘက်နားတွင် လက်ဖဝါးတစ်ဝက်စာအရွယ်သာရှိတော့သည့် အနက်ရောင်နတ်ဆိုးမြူအဆိပ် အစိတ်အပိုင်းလေးတစ်ခုသာကျန်ရှိနေတော့သည်။ ၎င်းကအဆိပ်အနည်းငယ်မျှသာကျန်ရှိတော့သည်လို့ ပြော၍ရပေသည်။ ဒီပုံစံအတိုင်းသာဆိုလျှင် အဆိပ်ကိုအလုံးစုံဖယ်ရှားနိုင်ဖို့က အချိန်သိပ်လိုတော့မည်မဟုတ်ပေ။

သို့ပေမဲ့လည်း လူတိုင်းကသက်ပြင်းချမိလိုက်စဉ်မှာပင် နတ်ဆိုးမြူအဆိပ်အစုအဝေးက ရုတ်တရက်လူးလွန့်သွားခဲ့ရပြီး အစိတ်အပိုင်းများစွာကွဲထွက်သွားခဲ့ရကာ ၎င်းကရူးသွပ်သွားသည့်အလား နေရာအနှံ့သို့တိုးဝင်သွားခဲ့သည်။

“အိုး မဟုတ်ဘူး… နတ်ဆိုးမြူအဆိပ်က ထွက်ပြေးလွတ်မြောက်ချင်နေတာပဲ… အဆိပ်က ဘင်းလေးရဲ့ခန္ဓာကိုယ်အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နိုင်ဖို့ရည်ရွယ်နေတာပဲ…” ဝေကန်းလန်၏အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ နတ်ဆိုးမြူအဆိပ်က အမှန်တကယ်ကို ဒုက္ခပေးနိုင်လွန်းလှပေသည်။ ၎င်းမှာအလိုအလျောက်တုန့်ပြန်နိုင်စွမ်းရှိသည့်အတွက်ကြောင့် ၎င်း၏အန္တရာယ်ကိုအာရုံခံနိုင်မိခဲ့သည့်အခါ ပုန်းကွယ်ဖို့ရန်နေရာကို ရှာဖွေလာခဲ့သည်။ ၎င်းကိုသာနောက်တစ်ကြိမ် ပြန်လည်ပုန်းကွယ်သွားစေခဲ့မယ်ဆိုရင် ဒါကအလွန်ပင်အန္တရာယ်ရှိလှပေသည်။

ဇူယွမ်က တည်ငြိမ်စွာပင်ပြောသည်… “စိတ်အေးအေးထားပါ… ဒါက မလွတ်မြောက်နိုင်ပါဘူး…”

ဇူယွမ်ကပြောလိုက်ပြီးနောက်မှာ ကောင်းကင်ယွမ်စုတ်တံဖြင့် နေရာတစ်ခုကိုဖိချလိုက်သည့်အခါ မူလမှော်စာလုံးတွေရဲ့အလွှာက ရုတ်တရက်ပင်စတင်၍လှည့်ပတ်လာခဲ့ကာ လွတ်မြောက်နိုင်သည့်လမ်းကြောင်းအားလုံးကို ဖြတ်တောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာ မူလကအပြင်ဘက်မှသာ လှည့်ပတ်နေသည့်အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးက ၎င်းရဲ့တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်သည်။

နတ်ဆိုးမြူအဆိပ်က နေရာအနှံ့ကိုခွဲထွက်ကာ လွတ်မြောက်ဖို့ရန်ကြိုးစားခဲ့ပေမဲ့ ၎င်းကလုံးဝအသုံးမဝင်ခဲ့ပေ။ နောက်ဆုံးမှာ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးရဲ့ဝါးမျိုးကိုခံခဲ့ရပြီး အနက်ရောင်အခိုးအငွေ့တွေအဖြစ်သို့ပြောင်းလဲသွားခဲ့ကာ လေထုထဲကို ထွက်ပေါ်လာခဲ့ရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးမြူအဆိပ်ရဲ့နောက်ဆုံးအပိုင်းအစကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီးနောက်မှာ အခန်းတစ်ခုလုံးက လုံးဝကိုငြိမ်သက်တိတ်ဆိတ်သွားခဲ့ရသည်။

ဟူး…

ဇူယွမ်က သူ့ပခုံးပေါ်မှဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ရှားနိုင်ခဲ့သကဲ့သို့ အသက်ကိုလေးလေးပင်ပင်ရှူထုတ်လိုက်မိသည်။ အဲ့ဒီနောက်သူကထရပ်ဖို့ပြင်လိုက်စဉ်မှာပင် သူ့ရဲ့ခေါင်းက မူးနောက်သွားခဲ့ရသလို သူ့ရဲ့ခန္ဓာကိုယ်ကလည်းနောက်ကို ယိုင်ကျသွားခဲ့သည်။

ဘုတ်…

သို့ပေမဲ့လည်း သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်လဲကျသွားခြင်းမရှိခဲ့ပေ။ ထိုအစားသူက နူးညံ့နွေးထွေးကာ မွှေးကြိုင်သင်းပျံ့သည့်တစ်စုံတစ်ခုနှင့် ဝင်တိုက်မိလိုက်သည်။ ဒါက သူ့ကိုအလွန်အမင်းတုန်လှုပ်သွားစေခဲ့သည်။ သူရဲ့မျက်လုံးတွေက အလျင်အမြန်လှည့်ကြည့်လိုက်မိသည့်အခါ မှော်သားရဲတစ်ကောင်၏ထိတ်လန့်စရာကောင်းသည့်အစွယ်တွေက သူ့ရဲ့မြင်ကွင်းရှေ့မှာ ပေါ်ထွက်လာခဲ့ရသည်။

ထန်ထန်က သူ့ကိုကြည့်ကာ မာန်ဖီလိုက်သည်။

သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ ယောင်ယောင်ရဲ့မျက်လုံးတွေက သူ့ကိုခပ်စိမ်းစိမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

ယောင်ယောင်ရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရပြီး ပြောသည်… “နင်ချက်ချင်းပြန်မထဘူးဆိုရင် ငါထန်ထန့်ကို နင့်တစ်ကိုယ်လုံးဝါးမျိုခိုင်းလိုက်မယ်…”

ထန်ထန်က ဇူယွမ့်ကို ၎င်းရဲ့သွားတွေဖြဲပြလိုက်သည်။

ဇူယွမ်၏ခန္ဓာကိုယ်က ချက်ချင်းပင်ပြန်ထရပ်လိုက်မိပြီး လောဘကြီးလှသည့်သေးငယ်တဲ့မှော်သားရဲလေးကို စိတ်ထဲမှာတိတ်တဆိတ်ကျိန်ဆဲနေလိုက်မိသည်။ ၎င်းကို သူကျွေးခဲ့သည့် မူလမှော်သားရဲအသားခြောက်တွေက အလဟဿဖြစ်သွားခဲ့ရပြီလား။

ဇူယွမ်သူ့ရဲ့နဖူးကိုနှိပ်နယ်လိုက်ပြီး တိတ်ဆိတ်စွာရပ်နေလျက်ရှိသည့် ဝေကန်းလန်နဲ့ဝေချင်းချင်းတို့ကို ပြုံးပြကာပြောလိုက်သည်… “ဗိုလ်ချုပ်ကြီး… ကျွန်တော့်မှာအခွင့်အရေးအချို့ရှိနေခဲ့တဲ့အတွက် ကျွန်တော့်ကိုကျွန်တော် အရှက်မရစေခဲ့တဲ့အပြင် ကုသမှုကိုလည်းအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တယ်…”

“မောင်လေး…” ဝေချင်းချင်းက အရင်ဆုံးပြန်ပြီးသတိဝင်လာခဲ့သည်။ သူမက ချက်ချင်းဆိုသလိုပင် ရှေ့ကိုပြေးထွက်သွားခဲ့ကာ ကုတင်ပေါ်ရှိလူငယ်လေးကိုပွေ့ဖက်လျက် ငိုရှိုက်မိလိုက်သည်။

သူမတို့ဝေမိသားစု၏ တစ်ဦးတည်းသောသားဖြစ်သူက အဆိပ်ဝေဒနာကို အချိန်ကြာမြင့်စွာခံစားနေခဲ့ရာမှ နောက်ဆုံးတွင်ကယ်တင်နိုင်ခဲ့ပြီပဲဖြစ်သည်။

ဝေကန်းလန်ရဲ့လက်တွေက အနည်းငယ်တုန်ယင်နေခဲ့သလို သူ့ရဲ့မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး ဇူယွမ့်ဘက်သို့လှည့်၍ ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။

ဇူယွမ်က ဝေကန်းလန်အား အလျင်အမြန်ပင်ထူမလိုက်ပြီးပြောသည်… “ကျေးဇူးပြုလို့ထပါ ဗိုလ်ချုပ်ကြီး… ကျွန်တော်က ဒီလိုမျိုးအရိုအသေပေးမှုကို လက်မခံဝံ့ပါဘူး…”

“မင်းသားလေးရဲ့ကျေးဇူးက စကားနဲ့တောင်ဖော်ပြလို့မရပါဘူး… ငါ့ရဲ့မိသားစုက ဒီကျေးဇူးကိုအမြဲတမ်းအမှတ်ရနေမှာပါ…” ဝေကန်းလန်ရဲ့စကားသံက အနည်းငယ်နူးညံ့ညင်သာလို့နေခဲ့ရသည်။

သူတို့ရဲ့ဘေးမှာရပ်နေပြီး အစမှအဆုံးတိုင် ဝေကန်းလန်ကိုသာ သတိထားစောင့်ကြည့်နေသည့် လုတိန်ရှန်းက အခုမှသာ ကျိတ်၍သက်ပြင်းချလိုက်နိုင်ခဲ့သည်။ သူ့အနေနဲ့ မင်းသားလေးအောင်မြင်စွာကုသပေးနိုင်ခဲ့တာကို ကျေးဇူးတင်ရပေလိမ့်မည်။

ဇူယွမ်ကပြုံးလျက်မှပြောသည်… “ကျွန်တော်တို့တွေက တစ်ယောက်ရဲ့လိုအပ်ချက်ကြောင့် တစ်ယောက်ကအကူအညီပေးခဲ့ကြတာပါပဲ… ဒါ့ကြောင့်ဗိုလ်ချုပ်ကြီးက ဒီလောက်ကြီးအထိလုပ်ဖို့ မလိုအပ်ပါဘူး…”

ဝေကန်းလန်သူ့ရဲ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ အစေခံမိန်းကလေးတစ်ယောက်က သေးငယ်တဲ့ကျောက်စိမ်းသေတ္တာလေးတစ်လုံးယူဆောင်လာခဲ့ပြီး ဝေကန်းလန်ကိုပေးလိုက်ကာ သူကဇူယွမ့်ထံ သူကိုယ်တိုင်ကမ်းပေးလိုက်သည်… “မူလဝါးမျိုခြင်းကျောက်တုံးကဒီအထဲမှာပါ မင်းသားလေး…”

ဝေကန်းလန်၏စကားကိုကြားလိုက်ရသည့်အခါ ဇူယွမ်ရဲ့နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုတွေမြင့်တက်လာခဲ့ရသည်။ သူကကျောက်စိမ်းသေတ္တာလေးကို ဂရုတစိုက်လက်ခံလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ လက်ဝါးအရွယ်အစားရှိသည့် ဝါကျင့်ကျင့်ကျောက်တုံးတစ်ခုက သေတ္တာလေးထဲတွင်ရှိနေသည်။ ကျောက်တုံးအပေါ်မှာ ကြီးမားတဲ့အပေါက်တစ်ခုနှင့် သေးငယ်တဲ့အပေါက်တစ်ခုရှိလေသည်။ စုပ်ယူအားတစ်ခုက သေးငယ်သည့်အပေါက်ထံမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိမူလချီတွေကို စုပ်ယူကာ ကြီးမားသည့်အပေါက်ထဲသို့ စီးဝင်စေခဲ့သည်။ ကြီးမားသည့်အပေါက်ထဲရှိ မူလချီတွေက ပုံမှန်ထက်ပိုပြီးသန့်စင်မှုရှိတာကို သူ့အနေဖြင့်ခံစားနိုင်ပေသည်။

ဒီအရာက အမှန်တကယ်ပင် မူလဝါးမျိုခြင်းကျောက်တုံးဖြစ်ပေသည်။

ဇူယွမ်ရဲ့မျက်လုံးထဲမှာ အပျော်တွေထွက်ပေါ်လာခဲ့ပြီး သေတ္တာကို သိုလှောင်အိတ်ထဲထည့်ကာသိမ်းဆည်းခဲ့လိုက်သည်။ ယခုအချိန်မှာ သူလိုအပ်သည့်အရာတွေထဲကတစ်ခုဖြစ်သည့် မူလဝါးမျိုခြင်းကျောက်တုံးကိုရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် နောက်ဆုံးတစ်ခုအဖြစ် အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲဝိညာဉ်တစ်ခုသာ ကျန်ရှိတော့မည်ဖြစ်ကာ ထိုအရာအားလုံးပြည့်စုံသွားမည်ဆိုပါက သူ့အနေဖြင့် ဘိုးဘေးနဂါးပုရပိုက်၏ ပထမအဆင့်ကို စတင်လေ့ကျင့်နိုင်တော့မည်ဖြစ်သည်။

ဒီအရာကသူ့အတွက် အားလုံးထဲမှာမှ လက်လွှတ်မခံနိုင်သည့်အရာတစ်ခုပင်ဖြစ်သည်။

ဝေကန်းလန်က တည်ငြိမ်စွာပြောသည်… “မင်းသားလေး… ငါက မင်းသားလေးနဲ့ အဆိပ်ရေအိုင်ရှေးဟောင်းနယ်မြေကိုသွားဖို့အတွက် အသေးစိတ်ဆွေးနွေးရလိမ့်ဦးမယ်… ဒါပေမဲ့ မစိုးရိမ်ပါနဲ့… ငါကမင်းသားလေးရဲ့တောင်းဆိုချက်ကို သဘောတူခဲ့ပြီးကတည်းက ငါသေချာပေါက်ကူညီပေးမှာပါ…”

“ဒါဆိုရင်တော့ကျွန်တော်က ဗိုလ်ချုပ်ကြီးကိုကျေးဇူးတင်ရပါလိမ့်မယ်…” ဇူယွမ်က ဝမ်းသာစွာဖြင့်ပြောသည်။ ဝေကန်းလန်ရဲ့ကတိကိုရရှိခဲ့ပြီဖြစ်သည့်အတွက် သူ့အနေနဲ့ရှေးဟောင်းနယ်မြေရဲ့တိုက်ပွဲအတွက် အာမခံချက်အချို့ရှိလာခဲ့ရပြီဖြစ်သည်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီးရဲ့အင်အားစုက ဒီနယ်မြေအတွင်းမှာရှိသည့် စွမ်းအားအမြင့်ဆုံးအင်အားစုနှစ်ခုထဲမှ တစ်ခုဖြစ်ပေသည်။

ဇူယွမ်တို့က ဝေမိသားစုရဲ့လက်ရှိပျော်ရွှင်နေသည့် စိတ်အခြေအနေကို နားလည်နိုင်သည့်အတွက် ထပ်မံ၍အနှောင့်အယှက်မပေးတော့ဘဲ နှုတ်ဆက်ကာ သူတို့တည်းခိုရာနေရာသို့ ပြန်လာခဲ့လိုက်ကြသည်။

“ဇူယွမ်က ဝေဘင်းကို ကုသပေးနိုင်ခဲ့တာလား… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” အိမ်တော်တစ်ခုအတွင်းမှာ ချီဟောင်ကရုတ်ချည်းထရပ်မိလိုက်သလို သူ့ရဲ့မျက်နှာထက်မှာလည်း မယုံကြည်နိုင်မှုတွေနဲ့ပြည့်နှက်နေရပေသည်။

ဘေးမှာရှိသည့် ချီလင်းရဲ့အမူအယာကလည်း အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။

ဝေတင်းက ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမသည်လည်း ဒါကိုယုံကြည်နိုင်ခြင်းမရှိခဲ့ပေမဲ့ ၎င်းကအမှန်ပင်ဖြစ်သည်။

ချီဟောင်ရဲ့မျက်နှာက ဒေါသကြောင့်အရောင်ပြောင်းသွားခဲ့ရပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိကာ လေသံတိုးတိုးဖြင့်အော်ဟစ်လိုက်သည်… “ဇူယွမ်… မင်းက ငါ့ရဲ့အစီအစဉ်တွေကို ဖျက်စီးရဲတယ်ပေါ့…”

အခုအချိန်မှာ ဒီလိုအရာတွေဖြစ်ပျက်ခဲ့ရပြီဖြစ်သည့်အတွက် လွန်ခဲ့တဲ့တစ်နှစ်လုံးကန်းလန်စစ်တပ်ထဲမှာ အမှုထမ်းပြီးသူကြိုးစားခဲ့ရတာတွေအားလုံးက အလဟဿဖြစ်သွားခဲ့ရပြီဖြစ်သည်။

ချီဟောင်ရဲ့မျက်လုံးတွေကနက်မှောင်သွားခဲ့ရပြီး တင်းမာစွာဖြင့်ပြောသည်… “ဇူယွမ်က ဝေဘင်းကိုအမှန်တကယ် ကုသပေးနိုင်ခဲ့မယ်ဆိုရင် ဝေကန်းလန်ရဲ့အမူအကျင့်အရ သူကဇူယွမ့်ကိုရှေးဟောင်းနယ်မြေထဲက ရတနာတွေရနိုင်ဖို့အတွက် သေချာပေါက်အကူအညီပေးလိမ့်မယ်…”

“ပထမသခင်လေး… ကျွန်တော်တို့တွေ ကန်းလန်စီရင်စုအတွင်းမှာ ဒီထက်ပိုပြီးမနေသင့်တော့ဘူး… မဟုတ်ရင် ကျွန်တော်တို့က ဝေကန်းလန်ရဲ့စောင့်ကြည့်ခံရမှုအောက်ကို သေချာပေါက်ကျရောက်သွားရလိမ့်မယ်…”

ချီဟောင်က အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာအေးစက်မှုတွေထွက်ပေါ်နေကာ သူ့ရဲ့မျက်နှာကရက်စက်မှုအပြည့်ဖြင့်ရေရွတ်လိုက်သည်… “ဝေကန်းလန်… ခင်ဗျားကသေဖို့ဆန္ဒရှိနေမှတော့ ငါကလည်း ခင်ဗျားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတော့မှာပေါ့…”

ချီဟောင်က တိုးညှင်းစွာရေရွတ်လိုက်ပြီးနောက်မှာ သူကဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပြောလိုက်သည်… “ကောင်းပြီ… ငါတို့တွေ ကန်းလန်စီရင်စုကနေ ထွက်ခွာသွားရလိမ့်မယ်… ချီအိမ်တော်ကသေချာပေါက်ကို မီးဝိညာဉ်အစေ့ကို ရအောင်ယူရမယ်… တကယ်လို့ဝေကန်းလန်က ဇူယွမ့်ကိုကူညီပြီး ငါတို့ကိုယှဉ်ပြိုင်လာခဲ့မယ်ဆိုရင် သူက ချီအိမ်တော်ရဲ့မျက်လုံးထဲမှာ သူတွေးထင်ထားသလို အရေးမကြီးဘူးဆိုတာကို သိသွားစေရလိမ့်မယ်…”

သူကတံခါးမှလျှောက်လှမ်းထွက်ခွာသွားသကဲ့သို့ ဗိုလ်ချုပ်ကြီးအိမ်တော်ရှိရာအရပ်ကို နက်မှောင်စွာကြည့်လိုက်ပြီး သူ့ရဲ့လက်ကိုတင်းတင်းဆုပ်ထားလိုက်မိသည်။

“ဇူယွမ်… ဝေကန်းလန်က မင်းကိုကူညီပေးတာနဲ့ပဲ မင်းအနိုင်ရမယ်လို့ထင်နေတာလား… တကယ်လို့မင်းက အဆိပ်ရေအိုင်ထဲကိုဝင်လာရဲခဲ့မယ်ဆိုရင် ငါကသေချာပေါက် မင်းကိုပြန်ထွက်မသွားနိုင်အောင်လုပ်ပေးရလိမ့်မယ်…”

“ချီအိမ်တော်ကမီးဝိညာဉ်အစေ့ကို ငါတို့ပိုင်ဆိုင်တဲ့အရာတစ်ခုအဖြစ် သတ်မှတ်ပြီးသွားခဲ့ပြီ… တကယ်လို့မင်းကသာ ဒါကိုလိုချင်နေတယ်ဆိုရင် အဆိပ်ရေအိုင်က မင်းရဲ့သင်္ချိုင်းဖြစ်သွားစေရမယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset