ထိုအလင်းရောင်ကြီးမှာ တောက်ပလွန်းလှသဖြင့် ၎င်းအားစိုက်ကြည့်လိုက်ပါက မျက်လုံးများပင် နာကျင်နေလိမ့်မည်။ အခြားဂိုဏ်းသုံးဂိုဏ်း၏ အလင်းရောင်များ စုပေါင်းသွားလျှင်ပင် ထိုအလင်းရောင်ကို ယှဥ်နိုင်မည်မဟုတ်ချေ။
” ဘာ…. ဘာတွေဖြစ်နေတာလဲ။ ”
” မဟုတ်မှလွဲရော အမွေအနှစ် တံဆိပ်တော်တွေအကုန်လုံးကို အဏ္ဏဝါခေါ်သံဂိုဏ်းက တစ်ယောက်ထဲက အကုန်ယူသွားတာလား။ ”
” မဖြစ်နိုင်တာ… ”
” ဘုရားရေ။ အရင်တစ်ခေါက်က တာအိုမြစ်ဂိုဏ်းခွဲ ပထမရခဲ့တုံးကတောင် အလင်းရောင်က ဒီလောက် မတောက်ပဘူး။ တံဆိပ်တော် ဘယ်…ဘယ်လောက်ထိများ ရသွားတာပါလိမ့်။ ”
ဂိုဏ်းသုံးဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ အံ့အားသင့်နေကြတော့သည်။ ရှင်းမြစ်ဂိုဏ်းခွဲမှ အနီရောင်ဆံပင်နှင့် အဘိုးကြီးမှာ တဆတ်ဆတ်တုန်ရီနေပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ဖုံးလွှမ်းနေတော့သည်။
” ဒီ စက်ဝိုင်းက ပျက်သွားတာများလား။ ” သူက တတွတ်တွတ် ရေရွတ်နေတော့သည်။ ကျစ်မြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့် တာအိုသခင်ကြီးမှာ အသက်ရှူသံများပင် မြန်လာပြီး သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများကို အတိုင်းသားမြင်နေရသည်။
ရှင်းမြစ်ဂိုဏ်းခွဲက ကျစ်မြစ်ဂိုဏ်းခွဲထံမှ အကူအညီကို ရယူရန် လက်ဆောင်များပေးအပ်ထားသဖြင့် ဤရင်းမြစ်ပစ္စည်းများကို ခွဲယူသည့် ကိစ္စရပ်မှာ ကျစ်မြစ်ဂိုဏ်းခွဲအတွက် သိပ်အရေးမကြီးပေ။ သို့သော်လည်း ဤသို့သာ ရှေ့ဆက်သွားပါက ထိုရရှိမည့် လက်ဆောင်များမှာ သူတို့၏ ဆုံးရှုံးမှုကို ကာမိနိုင်မည် မဟုတ်ပေ။
ယခုကဲ့သို့ စိုးရိမ်နေရသည့် အချိန်သို့ ရောက်သွားသောအခါ သူတို့သည် ရှင်းမြစ်ဂိုဏ်းခွဲကို မုန်းတီးမှုများ ကြီးထွားလာတော့သည်။
ကျစ်မြစ်ဂိုဏ်းခွဲပင်လျှင် ထိုသို့ အမူအရာရှိနေလျှင် တာအိုမြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ အမူအရာကို ဖော်ပြရန်ပင် မလိုတော့ချေ။ သူတို့အားလုံးမှာ တုန်ရီနေကြပြီး စိတ်ပျက်နေသည့် အရိပ်အယောင်များ သူတို့၏ မျက်ဝန်းများထဲတွင် ပြည့်နေကြတော့သည်။ ယခင် ပြိုင်ပွဲက ရရှိခဲ့သည့် ပစ္စည်းများထက် ယခုအကြိမ်တွင် ပို၍မရပါက ရှင်းမြစ်ဂိုဏ်းခွဲ၏ အကြံအစည်ထဲတွင် ပါဝင်ရန် သူတို့က ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ဆုံးရှုံးမှုများမှာ ဖော်ပြ၍ပင် မရနိုင်လောက်အောင် ကြီးမားလိမ့်မည်။
ထို့အပြင် သူတို့ဂိုဏ်း၏ နတ်ခေါင်းဆောင်ကြီးမှာလည်း ဤအကြောင်းကိုသိပါက ဒေါသထွက်မည်မှာ ဧကန်ပင်။
နောက်လာမည့် အကျိုးဆက်များကို တွေးမိလိုက်သောအခါ ရှင်းမြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဆိုလိုက်သည်။
” မဖြစ်နိုင်တာ။ ဒါ တစ်ခုခုမှားယွင်းနေတာပဲနေမှာ။ ”
သို့သော်လည်း သူ၏ နှစ်သိမ့်စကားများမှာ အရာမထင်ချေ။ ကျောက်တုံး မန္တန်အစီအရင်၏ အပြင်ဘက်ရှိ နေရာတစ်ဝိုက်မှာ ဆိတ်ငြိမ်နေပြီဖြစ်သည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ အားလုံးမှာ တောက်ပနေသည့် စက်ဝိုင်းများကို ကြည့်နေကြရင်း အဏ္ဏဝါခေါ်သံဂိုဏ်း၏ စက်ဝိုင်းမှာ ပို၍ တောက်ပလာကြောင်းကို မြင်လိုက်ရတော့သည်။
တချိန်ထဲမှာပင် အခြားဂိုဏ်းများကို ကိုယ်စားပြုသည့် စက်ဝိုင်းများမှာ ပြောင်းလဲမှုပင်မရှိချေ။ ဟန်ဇောင်၊ ချီဟွမ် နှင့် ဖုန်းရှိန်ကျစ် တို့အားလုံးမှာ ဆွံ့အနေကြတော့သည်။
အမွေအနှစ်နယ်မြေထဲတွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူတို့ပင် မသိနိုင်ချေ။
” ပိုင်ရှောင်ချန်း…. အထဲမှာ ဘာတွေများ…. လုပ်….လုပ်နေတာလဲ။ ”
ချီဟွမ် မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်ပြီး ဟန်ဇောင်နှင့် ဖုန်းရှိန်ကျစ် ကို နားမလည်နိုင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။.
ထိုအချိန် အမွေအနှစ်နယ်မြေထဲတွင် ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများမှာ ဒေါသတကြီး အော်ဟစ်နေကြသည်။ ပိုင်ရှောင်ချန်းသည် မီတာ တစ်သောင်းနှစ်ထောင်ခန့်သို့ ရောက်သွားပြီဖြစ်ပြီး အမွေအနှစ်တံဆိပ်တော်တောင်ဆီသို့ ဆက်လက်ချီတက်သွားနေသည်။
ထိုနေရာရှိ လူတိုင်း၏ စိတ်နှလုံးများထဲတွင် စိတ်ပျက်မှုကြီးများက နက်ရှိုင်းစွာ အမြစ်တွယ်ကုန်ကြပြီဖြစ်သည်။
ရှေးယခင်ထဲမှ ယခုအထိ ဤအမွေအနှစ်နယ်မြေကို ဖွင့်ခဲ့သည့် အချိန်များထဲတွင် တောင်ခြေသို့ ရောက်ခဲ့ဖူးသည့် အမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် မရှိချေ။ ထိုတောင်ခြေတွင် မည်သို့သော ဘေးအန္တရာယ်များရှိသည်ကို မည်သူမှ မသိကြပဲ ထိုနေရာသို့ရောက်လျှင် ဘာဆက်ဖြစ်မည်ကိုလည်း မသိကြချေ။
သို့သော်လည်း ယခုတွင်မူ လူတိုင်းမှာ အရှက်မရှိသော ပိုင်ရှောင်ချန်းက လိမ်လည်လှည့်ဖျားသည့် နည်းလမ်းများသုံးကာ အံ့ဖွယ်အရာကြီးတစ်ခုအား ဆောင်ရွက်နေသည်ကို ကြည့်နေကြတော့သည်။
” မမျှတလိုက်တာ… ”
” ဒီလိုနေရာမျိုးမှာ အဲ့လို လိမ်တဲ့နည်းတွေသုံးလို့ရတာ မယုံနိုင်ဘူးဟေ့။ ”
” ကောင်းကင်ကြီးရာ။ အသင့်မှာ မျက်လုံးမရှိဘူးလားဗျာ။ ဒီလောက် ရွံရှာဖို့ကောင်းတဲ့ ပိုင်ရှောင်ချန်းကို အပြစ်ပေးဖို့ မိုးကြိုးတွေ ပစ်ချလိုက်စမ်းပါတော့လား။ ”
မီတာ တစ်သောင်းငါးထောင် အမှတ်အသားဆီသို့ ပိုင်ရှောင်ချန်းရောက်သွားသည်ကိုကြည့်ရင်း သူတို့၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲလာကြတော့သည်။ သူသည် တောင်ခြေအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထိုနေရာသို့ သူ ရောက်သွားသည်နှင့် တပြိုက်နက် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ သူသည် ရေလွှာလေးတစ်ခုကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားမှုများကို မသိစိတ်က ရပ်တန့်သွားတော့သည်။ လိပ်ခွံ၏ အစွန်းကို ဂရုတစိုက် စောင်းလိုက်သောအခါ မိုးကြိုးများ၊ မည်းေမှာင်နေသော လေပြင်းများနှင့် မှော်အစွမ်းများ မရှိတော့ကြောင်း သိလိုက်ရသည်။
” အီး…. ”
ပိုင်ရှောင်ချန်းက လန့်ဖြန့်သွားပြီး နောက်သို့ မီတာအနည်းငယ် ပြန် ဆုတ်လိုက်သောအခါ မိုးကြိုးနှင့် အခြားမှော်သိုင်းများက လိပ်ခွံကို ပြန်လည်ရိုက်ခတ်နေကြောင်း သိလိုက်ရသည်။ ထို့နောက် ရှေ့သို့ အနည်းငယ်ပြန်တိုးလိုက်သောအခါ ထိုခံစားချက်ကြီးမှာ ပျောက်ကွယ်သွားတော့သည်။
ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများ၏ စိတ်ပျက်နေသည့် အကြည့်များအောက်တွင် ပိုင်ရှောင်ချန်းသည် ရှေ့နှင့်နောက်သို့ အကြိမ်အနည်းငယ်မျှ ထပ်၍ဖြတ်လိုက်ပြီးနောက် တောင်ခြေအောက်ရှိ ကိုးမီတာပတ်ပတ်လည် နေရာလေးတွင် အကာအကွယ်အစီအရင်တစ်ခုမျှ မရှိကြောင်းကို သိသွားတော့သည်။
သူသည် စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီနေပြီး လိပ်ခွံကို ခန္ဓာကိုယ်ပေါ်မှ ဖယ်လိုက်ပြီး မတ်တတ်ထရပ်လိုက်သောအခါ သူ၏ နဂို ခန္ဓာကိုယ်အရွယ်အစားသို့ ပြန်ရောက်သွားသဖြင့် တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် နောက်ဘက်တွင် လက်နှစ်ဖက်ကို ပစ်ကာ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး မေးငေါ့လိုက်တော့သည်။ ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများကို မထီမဲ့မြင် အကြည့်များဖြင့် ပြန်ကြည့်လိုက်ပြီး ဆိုလိုက်လေသည်။
” ဟွန်း။ ငါ့ကို ချချင်တယ်ပေါ့။ မင်းတို့ထဲက ဘယ်သူ ဒီဘက်ကိုရောက်အောင်လာပြီး ပိုင်ရှောင်ချန်းနဲ အသေအကျေ တိုက်ခိုက်ကြမလဲကွ။”
မည်သူမှ ဘာမှ ပြန်မပြောကြချေ။ သို့သော်လည်း အကြည့်များဖြင့် လူသတ်၍ရပါက ပိုင်ရှောင်ချန်းကို ဝိုင်းကြည့်နေသည့်အကြည့်များကြောင့် သူသည် နှုတ်နှုတ်စင်းခံ ရသကဲ့သို့ ဖြစ်နေလိမ့်မည်။
မည်သူကမျှ စကားပြန်မပြောသည်ကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အထီးကျန် သူရဲကောင်းတစ်ယောက်အလား သက်ပြင်းချလိုက်တော့သည်။ ထို့နောက်သူက နောက်လှည့်ကာ အမွေအနှစ်တံဆိပ်တော်တောင်ကို ကြည့်လိုက်သည်။ ထိုတောင်ကြီးမှာ မြင့်မားလွန်းသဖြင့် ထိပ်ကိုပင် မမြင်နိုင်ချေ။
” တောင်ကို ထိကြည့်ရင် ဘယ်လိုများ နေမလဲမသိဘူး။ ”
သူသည် ထိုကိစ္စကို ခေတ္တမျှ တွေးတောလိုက်ပြီး အန္တရာယ်များများစားစား မရှိနိုင်ကြောင်း ယူဆလိုက်တော့သည်။ ထို့ကြောင့် သူက လက်ကိုဂရုတစိုက် ထုတ်လိုက်ပြီး တောင်၏ မျက်နှာပြင်ကို သူ ၏ လက်ချောင်းထိပ်ဖြင့် တို့ထိလိုက်သည်။
ဘာမှ ဆက်မဖြစ်သဖြင့် သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။ တချိန်ထဲမှာပင် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။
” ကြည့်ရတာ စိတ်ပူစရာ မလိုတဲ့ပုံပါပဲ။ ” သူ၏ အင်္ကျီကို ခါယမ်းလိုက်ပြီး တောင်၏ မျက်နှာပြင်ပေါ်သို့ လက်ကို မလှုပ်မယှက် တင်လိုက်ပြီး ကြွားဝါရန် ပြင်လိုက်လေသည်။
သို့သော်လည်း သူ၏လက်မှာ တောင်ပေါ်သို့ ရောက်သွားသောအခါတွင် တဂျုန်းဂျုန်းမြည်သံများက စတင်မြည်ဟည်းလာတော့သည်။
မြေကြီးမှာလည်း တုန်ခါစပြုလာပြီး တောင်ပေါ်ရှိ ကျန်ရှိနေသော အမွေအနှစ်တံဆိပ်တော်များမှာ တောက်ပလာပြီး ပျံဝဲနေကြသဖြင့် ကောင်းကင်ကြီးမှာ တုန်ခါတော့သည်။
ထို တံဆိပ်တော်များက ဝဲဂယက်ပုံစံလည်ပတ်နေသည့် မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ တံဆိပ်တော်တစ်ခုချင်းဆီမှာ အရောင်စုံပါသည့် တလက်လက်တောက်ပနေသော အလင်းရောင်များကို ထုတ်လွှတ်နေတော့သည်။
တံဆိပ်တော်များစွာ တစ်ပြိုင်နက်ထဲ ပျံထွက်လာကြသည်ကို မြင်လိုက်ရသည့်အတွက် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး ထိုတံဆိပ်တော်များကို ရယူရန် မှော်သိုင်းများကို ထုတ်လိုက်ကြသည်။
အံ့အားသင့်နေသည့် ပိုင်ရှောင်ချန်းမှာ တောင်ပေါ်မှ သူ၏လက်ကို ခွာရန် ပြင်လိုက်ပါသော်လည်း ရုတ်တရက် ထိုတံဆိပ်တော် ဒါဇင်ပေါင်းများစွာမှာ သူရှိရာဘက်သို့ ပြေးလာကြတော့သည်။
သူက ထိုတံဆိပ်တော်များကို ရှောင်ရှားလိုလျှင်ပင် လွတ်အောင်ရှောင်နိုင်မည် မဟုတ်ချေ။ သူသည် အနက်ရောင် ကျဥ်းကြီးတစ်ကျဥ်းကဲ့သို့ ဖြစ်နေပြီး တံဆိပ်တော် အားလုံးမှာ သူ့ဆီသို့ ပျံဝဲလာကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားပြီး သူအရင်ရရှိထားသည့် တံဆိပ်တော်များနှင့် စုပေါင်းသွားကြတော့သည်။
ထိုသို့ ပေါင်းစည်းမိသွားသောအခါ ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် နတ်ဘုရားစွမ်းရည် တစ်စိတ်တစ်ပိုင်း၏ ကဗျာတစ်ပုဒ် ပေါ်ပေါက်လာတော့သည်။
ထိုကဗျာမှာ တစ်ဝက်တစ်ပျက်ဖြစ်နေသဖြင့် သူက အဓိပ္ပါယ် သေချာမဖော်နိုင်ချေ။ သို့သော်လည်း ထိုအချိန်တွင် အခြားဂိုဏ်းမှ တံဆိပ်တော်ရရှိထားသည့် ကျင့်ကြံသူများမှာ အော်ဟစ်ကုန်ကြတော့သည်။ တချိန်ထဲမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ တွန့်လိမ်ကောက်ကွေးသွားပြီး သူတို့ စုပ်ယူထားသည့် တံဆိပ်တော်များမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ပျံထွက်လာကြတော့သည်။
” ဘယ်လိုနည်းနဲ့ ဒီလိုတွေ ဖြစ်နေရတာလဲ။”
” မလုပ်ပါနဲ့။ အဲတာ ငါ့ရဲ့ အမွေအနှစ်တံဆိပ်တော်လေကွာ။ ”
ထို အလန့်တကြားအော်ဟစ်နေသံများ အကြားတွင် တံဆိပ်တော်များက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားကြပြီး သူ၏ကိုယ်တွင်းသို့ ဝင်ရောက်သွားကြတော့သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းဆီမှာ တံဆိပ်တော် အရေအတွက် အခုတစ်ရာ ရှိနေပြီဖြစ်သည်။
ထိုအခုတစ်ရာလုံးမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ရောက်နေပြီဖြစ်ပြီး ပေါင်းစည်းနေကြသည်။
” အသက်ဝင်တောင် ဂါထာတော်။ ”
ပိုင်ရှောင်ချန်း၏ အတွေးစိတ်ထဲသို့ ထိုနတ်ဘုရားစွမ်းရည်ကို ကဗျည်းထိုးလိုက်သည့်အလား ဖြစ်သွားသောအခါ သူ ချာချာလည်သွားတော့သည်။ ထိုဖြစ်စဥ် မပြီးသေးခင် ဤနတ်ဘုရားစွမ်းရည်မှာ အံ့အားသင့်ဖွယ်အလွန်ကောင်းကြောင်း သူ သိလိုက်သည်။
ရုတ်တရက် ရှေးဟောင်အသံတစ်သံမှာ ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။
” တောင်နဲ့ပေါင်းစည်းပြီး အသက်ဝင်တောင်တစ်လုံးဖြစ်မယ်။ တောင်ရှေ့တွင်ရပ်လိုက်ရင် ခေါ်ခံရမယ် အင်မော်တယ်။ ”
ထိုအသံများမှာ အစတွင် တိုးတိုးလေးသာ ကြားရပါသော်လည်း အဆုံးတွင်မူ မိုးခြိမ်းသံများအလား ကျယ်လောင်နေတော့သည်။
နောက်ဆုံးစကားလုံးဖြစ်သည့် အင်မော်တယ် ဆိုသော စကားလုံးကိုမူ ကောင်းကင်ကို တုန်ခါစေကာ ကမ္ဘာမြေကြီးကို အက်ကွဲစေနိုင်သည့် အသံကြီးဖြင့် ဆိုလိုက်သည်။
ထိုအချိန် အမွေအနှစ်နယ်မြေအပြင်ဘက်တွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ တောက်ပနေသည့် စက်ဝန်းမှာ လင်းထိန်နေသည့် အလင်းရောင်တစ်ခုဖြင့် ပေါက်ကွဲတော့မည့်အလား ဖြစ်နေသည်။ ထိုအလင်းရောင်မှာ လင်းလက်လွန်းလှသဖြင့် လေထဲသို့ တိုင်တစ်တိုင်အဖြစ်ပင် မြင့်တက်သွားတော့သည်။
ထိုအလင်းတန်းကြီးက မည်သူမှ မသိနိုင်သည့်နေရာထဲသို့ မြင့်တက်သွားသောအခါ ကောင်းကင်ကို တုန်ခါစေကာ ကမ္ဘာမြေကြီးကို အက်ကွဲစေနိုင်သည့် တဂျုန်းဂျုန်းမြည်သံကြီးများ ပေါ်ထွက်လာတော့သည်။ ဂိုဏ်းသုံးဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ယောက်ယက်ခတ်နေသည့် စိတ်နှလုံးများဖြင့် ငေးကြည့်နေကြတော့သည်။
ထိုမျှသာ ဖြစ်ပါက အံ့သြစရာကောင်းဦးမည် မဟုတ်။ သို့သော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်း၏ အလင်းရောင်မှာ ပို၍တောက်ပလာချိန်တွင် တာအိုမြစ်ဂိုဏ်းခွဲ၊ ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့ကို ကိုယ်စားပြုသည့် အလင်းရောင်များမှာ ပို၍ မှိန်သွားပြီး ပုံမှန် ပုံစံအတိုင်း ပြန်ရောက်သွားတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ အလင်းတန်းကြီးမှာ အခြားဂိုဏ်းမှ အလင်းရောင်များကို ဝါးမျိုလိုက်သည်။
” မဖြစ်နိုင်တာ… ”
” တစ်ခုခုသေချာပေါက်မှားနေပြီ။ အကြီးအကျယ်ကြီး မှားနေပြီ။ ”
” ဟိုးရှေးရှေးတုန်းကထဲကနေ အခုထိ စုပ်ယူပြီးထားတဲ့ တံဆိပ်တော်ကို ပြန်ဆုံးရှုံးရတဲ့ လူ တစ်ယောက်မှ မရှိဖူးသေးဘူး။ ”
ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် အလွန်အမင်း အံ့အားသင့်နေသည့် အမူအရာများ ပေါ်ထွက်လာပြီး နီမြန်းနေသည့် မျက်ဝန်းကြီးများဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်း ခေါင်းဆောင်ကြီးများကို လှမ်းကြည့်လိုက်ကြသည်။
ဟန်ဇောင်၊ ချီဟွမ် နှင့် ဖုန်းရှိန်ကျစ် တို့မှာလည်း မျက်လုံးပြူးနေကြတော့သည်။ အမွေအနှစ် နယ်မြေထဲတွင် မည်သည်များ ဖြစ်နေသည်ကို သူတို့လည်းမသိကြပေ။ သို့သော် သေချာသည့် တစ်ခုတော့ရှိသည်။ သူတို့သည် ပိုင်ရှောင်ချန်းအပေါ် ရိုသေလေးစားမှုများ တိုးပွားလာပြီဖြစ်သည်။