Switch Mode

အခန်း ( ၃၆၆ )

အရှက်မရှိလိုက်တာ...လူလိမ်ကြီး

ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ သွပ်သွပ်ခါ ရူးသွားတော့မတတ် ဖြစ်သွားတော့သည်။ သူတို့သည် ပိုင်ရှောင်ချန်းကို တားရန် တစ်ခုခုလုပ်နိုင်ရန်ပင် ဆုတောင်းနေသော်လည်း သူက အလွန်တရာအန္တရာယ်များသောနယ်မြေအတွင်းသို့ ရောက်နေသောကြောင့် သူတို့ ဝင်ပင်မဝင်ရဲပေ။

သူတို့မှာ လိပ်နှစ်ကောင် အကာအကွယ်မန္တန်နယ်မြေအတွင်းသို့ ပြေးရင်း ဝေးသထက်ဝေးဝေးရောက်သွားသည်ကို မျက်လုံးပြူးလျက်သာကြည့်နေနိုင်တော့သည်။ မီတာ ၃၉၀၀။ မီတာ ၄၈၀၀။ များမကြာမီ ပိုင်ရှောင်ချန်းသည် ကျန်ဂိုဏ်းသားတစ်ယောက်မှယှဥ်ရန်မကြိုးစားဝံ့သော မီတာ ၆၀၀၀အတွင်းပင် ရောက်သွားတော့သည်။

“၆၀၀၀….မီတာ၆၀၀၀..”

“ချီးတဲ့မှပဲ…။ ဒီကောင် ဘယ်လိုတောင် မီတာ ၆၀၀၀ထဲ ဝင်သွားနိုင်တာလဲကွာ.. ဒါ…ဒါဆို.. ဒီကောင် တာအိုမြစ်ဂိုဏ်းခွဲကို ကျော်ပြီး အမွေအနှစ်တံဆိပ်တွေကို ရဖို့ ပထမဆုံးအခွင့်အရေးရသွားတာမဟုတ်လား”

ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများ ဖြစ်ပျက်နေသည်တို့အား သဘောပေါက်သွားသည်နှင့် အံ့သြမှုများနှင့် မနာလိုဝန်တိုမှုများရောယှက်နေသည့် အော်သံများသည် ပွက်လောရိုက်လာတော့သည်။

မီတာ ၆၀၀၀အတွင်း မှော်စွမ်းအင်များသည် မိုးရွာသည့်အလား တဝေါဝါရွာကျနေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ခေတ္တရပ်လိုက်ပြီး လိပ်ဒယ်အိုး၏အစွန်းကိုမြှောက်ကာ မျှော်လင့်ချက်များထက်သန်စွာဖြင့် အပြင်ဘက်ကြည့်လိုက်သည်။

သူ့နောက်မှ ထွက်ပေါ်လာသော တအံ့တသြအော်သံများ ကြားလိုက်ရသောကြောင့် ပို၍ပင် ပျော်ရွှင်သွားတော့သည်။ သူ့ကိုယ်သူဂုဏ်ယူ၍သာယာနစ်မြောနေစဥ် အမွေအနှစ်တံဆိပ်တော်တောင်သည် တုန်ခါလာပြီး အမွေအနှစ်တံဆိပ်တစ်ခု ပျံထွက်လာလေသည်။ ဝေ့ဝိုက်ပျံသန်းနေရင်း ပိုင်ရှောင်ချန်းနှင့် နီးနီးလာလေသည်။

“ဟားဟားဟား.. အခုတော့ ဘယ်သူမှ ငါ့ဆီက လုဖို့ စဥ်းတောင်းမစဥ်းစားနိုင်တော့ဘူး။.. ဟေးးး… အမွေအနှစ်တံဆိပ်လေးရေ.. ဒီကိုလာပါကွယ်”
ပြုံးဖြီးလျက် သူသည် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီးနောက် သူ၏လက်ချောင်းကို လာနေသည့်အမွေအနှစ်တံဆိပ်ထံ ဝှေ့ယမ်းလိုက်သည်။

အမွေအနှစ်တံဆိပ်များနှင့်အနီးဆုံး မည်သူမဆို သိသိသာသာပင် တစ်ပန်းသာပြီး ယခုအခိုက်အတန့်မှာ ထိုနေရာတွင်ရှိသည့် မည်သူမဆို ပိုင်ရှောင်ချန်းနှင့် မယှဥ်နိုင်ပေ။ အမွေအနှစ်တံဆိပ်သည် တဆတ်ဆတ်တုန်သွားပြီးနောက် ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားကာ လိပ်ခွံအတွင်းဝင်၍ ပျောက်ကွယ်သွားတော့သည်။

” တစ်ခုတော့ရပြီဟေ့ ”
ပိုင်ရှောင်ချန်းသည် ဆွဲယူလိုက်ရင်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများသည် ယုန်တစ်ကောင်၏မျက်လုံးများအလား ရဲရဲနီလာတော့သည်။ တာအိုမြစ်ဂိုဏ်းခွဲမှ လူများသည်လည်း ထိုအတိုင်းတသွေမတိမ်းပင်။ ရှေ့ဆက်တက်ရန် သူတို့၏ ဘီလူးကြီးထဲသို့ စွမ်းအားများထည့်လိုက်ပြီး သူတို့ထိုသို့လုပ်နေစဥ် နောက်ထပ်အမွေအနှစ်တစ်ခုပျံထွက်လာပြီး ပိုင်ရှောင်ချန်းက ဆွဲယူလိုက်ပြန်သည်။ ကျင့်ကြံသူများ၏ ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်လာတော့သည်။

“မင်းသေချင်နေတာလား.. ပိုင်ရှောင်ချန်း”

“ဒါ မမျှတဘူးဟေ့”

“မင်းသိပ်ကိုတရားလွန်လာပြီ ပိုင်ရှောင်ချန်းးး ”

ပိုင်ရှောင်ချန်းသည် သီချင်းလေးအား ယခင်ထက် ပို၍ကျယ်ကျယ်လောင်လောင် ညည်းလိုက်လေသည်။ လိပ်ခွံအောက်တွင် အတန်ငယ်အနားယူပြီးနောက် သုံးခုမြောက် အမွေအနှစ်တံဆိပ်ကို မြင်လိုက်ရာ အလျင်အမြန်ပင် အခွံထဲသို့ စုပ်ယူလိုက်ပြန်သည်။

” ဒီထဲကပဲ စောင့်နေပြီး ထွက်လာရင် လှမ်းဆွဲလိုက်တော့မယ်ကွာ.. ဟမ်း” အရင်ထက်ပို၍ ကျေနပ်အားရဝမ်းမြောက်လာရင်း ပိုင်ရှောင်ချန်းသည် ကြေးမုံပြင်ကိုထုတ်ကာ သူဘယ်လောက်အံ့သြဖွယ်ကောင်းကြောင်း လူလိမ်ညမုဆိုးကိုမေးကြည့်ရန် စဥ်းစားလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် အကြံကောင်းဖြစ်သည့်ပုံမရသောကြောင့် သူချုပ်တည်းလိုက်ရသည်။

လိပ်ခွံအောက်တွင် ပိုင်ရှောင်ချန်းမှာ အမွေအနှစ်တံဆိပ်များကို အေးအေးဆေးဆေးဆွဲယူနေရင်း အလွန်ပင် ဇိမ်ကျနေတော့သည်။ သို့သော်လည်း ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများမှာ ဒေါသများပွက်ပွက်ဆူနေတော့သည်။

ဤသို့သာ ဆက်ဖြစ်နေလျှင် ပိုင်ရှောင်ချန်းကြောင့် အခြေအနေများပြောင်းလဲကာ နှစ်ပေါင်းများစွာ အရှက်တကွဲ အကျိုးနည်း ဖြစ်ချေတော့မည်။

တာအိုမြစ်ဂိုဏ်းခွဲမှ အမြုတေအဆင့်လက်ရွေးစင်ဒါဇင်များစွာအတွက် ထိုနည်းတူပင်။ သူတို့အပေါ်သက်ရောက်နေသည့်ဖိအားများက ပို၍ပြင်းထန်လာတော့သည်။ တစ်ဖွဲ့လုံး စွမ်းအားအကုန်ထုတ်လိုက်ရာ ပုံရိပ်ယောင်ဘီလူးကြီးသည် ယခင်ကထက် ပို၍ အကောင်အထည်ခန္ဓာကိုယ်ပေါ်လာပြီးနောက် သူတို့ကို သယ်ဆောင်၍ မီတာ၁၅၀၀ အရှေ့သို့ တဟုန်ထိုးပြေးတော့သည်။

ကျစ်မြစ်နှင့် ရှင်းမြစ်ဂိုဏ်းခွဲ ကျင့်ကြံသူများသည်လည်း အံတင်းတင်းကြိတ်ရင်း အရဲစွန့်ကာ ရှေ့သို့ထပ်မံချီတက်လာကြသည်။

ဂိုဏ်းသုံးဂိုဏ်းသည် သူတို့၏ မှော်ပစ္စည်းများ၊နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်အလုံးစုံသုံးကာ ခမ်းနားကြီးကျယ်စွာ ချီတက်လာကြသည်။ ထိုအန္တရာယ်နယ်မြေအတွင်းထဲထိ ထိုးဖောက်ဝင်ရောက်ရန် သူတို့လုပ်နိုင်သမျှ အရာအားလုံး အသုံးပြုလိုက်သည်။

ပိုင်ရှောင်ချန်းသည် သူ့နောက်ရှိ စွမ်းအားအငွေ့အသက်များအား အာရုံရလိုက်ပြီး ဂိုဏ်းသုံးဂိုဏ်း သူ့ကို အမှီလိုက်နေကြောင်း သတိပြုမိလိုက်သောအခါ သူ၏ဒေါသမီးများတောက်လောင်လာတော့သည်။

“ဒါငါ့နေရာလေ။ မင်းတို့ငါ့ဆီက ထပ်လုဦးမလို့လား..။ အံ့သြဘ။ သောက်လူရမ်းကားတွေ… ” အံတင်းတင်းကြိတ်ရင်း လိပ်ခွံထဲလျှိုဝင်လိုက်ပြီး ရှေ့ဆက်ထပ်၍ တွားသွားလိုက်လေသည်။

အချိန်တို့ကုန်လွန်သွားလေပြီ။ ပိုင်ရှောင်ချန်းရှေ့သို့ဆက်သွားနေစဥ် ပျံထွက်လာသည့် အမွေအနှစ်တံဆိပ်များကို ဆက်လက်ဆွဲဖမ်းနေလေသည်။ နောက်ဆုံးတွင် တာအိုမြစ်ဂိုဏ်းခွဲသည် မီတာ၆၀၀၀အမှတ်သို့ ရောက်ရှိလာ၏။ ကျစ်မြစ်ဂိုဏ်းခွဲသည် သူတို့နောက်တည့်တည့်တွင်ဖြစ်ကာ ရှင်းမြစ်ဂိုဏ်းခွဲသည်ပင် မီတာ ၃၆၀၀အမှတ်သို့ပင် ရောက်နေချေပြီ။ ဂိုဏ်းသုံးဂိုဏ်းစလုံးသည် သူတို့၏နောက်ဆုံးအကန့်အသတ်သို့ရောက်နေ၏။ သို့ထိတိုင်အောင် ပိုင်ရှောင်ချန်းသည် မီတာ ၉၀၀၀အမှတ်သို့ပင်ရောက်နေလေရာ လုံးဝစိတ်ဓာတ်ကျသွားကြတော့သည်။

ထို့နောက် သူက ရှေ့ဆက်သွားနေဆဲပင်။ မကြာမီ သူသည် မီတာ ၁၀၅၀၀ကိုပင် ရောက်သွားလေပြီ။ ထို့နောက် ၁၂၀၀၀….

ထိုအကွာအဝေးများကြောင့် တာအိုမြစ်ဂိုဏ်းခွဲသည် မျှော်လင့်ချက်များပျက်သုဥ်းလျက်နောက်တွင်ကျန်ခဲ့တော့သည်။ ကျစ်မြစ်ဂိုဏ်းခွဲဂိုဏ်းသားများမှာ ခါးသီးနာကြည်းမှုများ ပြည့်နှက်လျက်ရှိပြီး ရှင်းမြစ်ဂိုဏ်းခွဲမှာမူ ဒေါသူပုန်ထနေလေသည်။ အမွေအနှစ်တံဆိပ်များတစ်ခုပြီးတစ်ခု ပျံထွက်လာပြီး ပိုင်ရှောင်ချန်းက ဖမ်းယူနေလေသည်။ ကျင့်ကြံသူများအားလုံးတွင် မဖော်ပြနိုင်လောက်သောစွမ်းအားကင်းမဲ့မှုများဖြင့် ပြည့်နှက်နေတော့သည်။

“၁၂၀၀၀..မီတာ ၁၂၀၀၀..”

“ဒါ ဘယ်လိုမှ မဖြစ်နိုင်တာကြီး ” ထိုအခိုက်အတန့်တွင် ရှင်းမြစ်ဂိုဏ်းခွဲ၌ အမွေအနှစ်တံဆိပ်နှစ်ခုရှိပြီး ကျစ်မြစ်ဂိုဏ်းခွဲက သူတို့ထက်တစ်ခုပိုကာ တာအိုမြစ်ဂိုဏ်းခွဲတွင် ငါးခုဖြင့် အများဆုံးရှိလေသည်။

တခြားအမွေအနှစ်တံဆိပ်များအားလုံး ပိုင်ရှောင်ချန်းဆီရောက်နေတော့သည်။

ပို၍ ခံရခက်စရာကောင်းသည်မှာ ပိုင်ရှောင်ချန်းသည် သူမည်မျှရကြောင်းကို ကျယ်ကျယ်လောင်လောင် ကြေညာနေလေသည်။

“၃၁”

“၃၇”

“၄၃”

အမွေအနှစ်တံဆိပ်တော်တောင်မှာ ပြင်းပြင်းထန်ထန်တုန်ခါလာလေသည်။ ရှေးလွန်လေပြီးသောအချိန်များမှ ယခုအချိန်ထိတိုင်အောင် ဤကဲ့သို့ ဖြစ်ရပ်မျိုးတစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ ဘယ်သူမှ တောင်အနီးသို့ ကပ်မလာနိုင်သလို အမွေအနှစ်တံဆိပ်များကိုလည်း မရရှိခဲ့ဖူးပေ။

ပိုင်ရှောင်ချန်းသည် အလွန်ပင် ပျော်ရွှင်အူမြူးနေတော့သည်။ သူက အခြားသုံးဂိုဏ်းမှကျင့်ကြံသူများကို တခဏကြာပြန်လှည့်ကြည့်လိုက်ပြီး ယခင်ထက်ပို၍ ကျေနပ်ဝမ်းသာနေတော့သည်။ ထို့နောက်တွင် သူကလေးဖက်ထောက်၍ ရှေ့ဆက်သွားတော့သည်။

” ၄၇”

“၅၃ ”

“၅၇”

ပိုင်ရှောင်ချန်း၏ အသံမှာ ဆက်လက်ထွက်ပေါ်နေရင်း တဖြည်းဖြည်း အမွေအနှစ်တံဆိပ်တော်တောင်နား နီးကပ်လာလေသည်။ ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများမှာ သားရဲများ သူတို့နှလုံးသားကို ကုတ်ခြစ်နေသည့်အလား ခံစားနေရလေသည်။ သူတို့ ပိုင်ရှောင်ချန်းကို ကြည့်နေစဥ် မျက်လုံးများတွင် ဒေါသအခိုးအငွေ့များနှင့် သတ်ဖြတ်လိုစိတ်များ တောက်လောက်နေတော့သည်။ ကြည့်ရသရွေ့ သူတို့မှာ တတ်နိုင်ပါက စည်းမျဥ်းများကို ဥပေက္ခာပြု၍ ပိုင်ရှောင်ချန်းကိုသတ်ပစ်လိုက်မည်ဖြစ်သည်။

“ပါးစပ်ပေါက်ပိတ်ထား”

“ချီးပဲ.. အရှက်မရှိလိုက်တာ.. လူလိမ်ကောင်”

“ငါမင်းကို သတ်တော့မှာနော်”

ပိုင်ရှောင်ချန်း လှည့်လိုက်ပြီး လိပ်ဒယ်အိုးအစွန်းကို ပင့်လိုက်ကာ ဂိုဏ်းသုံးဂိုဏ်းကို အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျယ်နိုင်သမျှကျယ်ကျယ် အော်လိုက်လေသည်။

“မင်းတို့ကောင်တွေ ဒီကိုလာရဲလားပြော။ သူသေကိုယ်သေ တိုက်လို့ရတယ်နော်..။ ငါမင်းတို့ကို စိန်ခေါ်တယ်။ လာစမ်းပါ။ မင်းတို့ကို ဒီမှာရပ်စောင့်နေတယ်”

ထိုစကားများသည် မီးထဲသို့ ဓာတ်ဆီများလောင်းထည့်လိုက်သည့်အလားပင်။ ဂိုဏ်းသုံးဂိုဏ်းမှာ ဒေါသများပေါက်ကွဲသွားကာ အထူးသဖြင့် ချန်ယွမ်ရှန်၏ မျက်နှာမှာ ဒေါသကြောင့် ရှုံတွလာတော့သည်။

တခဏကြာပြီးသော် ပိုင်ရှောင်ချန်းက သက်ပြင်းချပြီးပြော၏။
” ဘာလို့တစ်ယောက်မှ တက်မလာတာတုံး။ ဒီလိုဆိုဆိုလဲ… မင်းတို့အကုန်လုံးအတူတူလာကွာ။ မင်းတို့ကို တစ်ချက်တည်းနဲ့ အလှဲသိပ်ပေးမယ်..။ ဘယ်လိုလဲပြော။ ကိုယ်တော်ပိုင်.. စောင့်ရတာပင်ပန်းလာပြီနော်…အီးး… သူရဲကောင်းတွေက အမြဲ အထီးကျန်နေတော့တာပဲ။ ဒီက ရှုခင်းက အံ့သြစရာပါကွာ.. မင်းတို့ငါနဲ့ အတူလာမကြည့်နိုင်တာတော့ … သနားဖို့ကောင်းလိုက်တာ ”

ထို့နောက် သူက နောက်ထပ်အမွေအနှစ်တံဆိပ်တစ်ခုကို ဆွဲယူလိုက်ပြန်သည်။

ပိုင်ရှောင်ချန်းသည် အရေအတွက်များကို အော်လေ့ရှိသောကြောင့် သူက ထအော်လိုက်သည်။
” ဒါက.. ၅၉ခုမြောက်ပါလား”

ခဏကြာတွေးပြီးသော် တောင်အနားသို့ရောက်သွားလျှင် မည်သို့များဖြစ်မည်နည်းဟု သိချင်စိတ်ပြင်းပြလာသောကြောင့် ရှေ့သို့ဆက်သွားလိုက်တော့သည်။

တချိန်တည်းမှာပင် ဂိုဏ်းသုံးဂိုဏ်း၏ကျင့်ကြံသူများသည် သူတို့လက်ရှိနေရာများတွင် အန္တာရာယ်ကင်းကင်းမနေနိုင်ကြောင်း သတိပြုမိလိုက်သောကြောင့် ဆန့်ကျင်ဘက်သို့ ရွှေ့သွားကြလေသည်။

အမွေအနှစ်နယ်မြေ၏ အပြင်ဘက်တွင်လည်း တူညီသော ဒေါသထွက်နေသည့်မြင်ကွင်းကို တွေ့ရလေသည်။

အစောပိုင်းက တလက်လက်တောက်နေသော မျက်နှာပြင်ပေါ်ရှိ အဏ္ဏဝါခေါ်သံဂိုဏ်း၏ စက်ဝိုင်းသည် ရုတ်တရက် လင်းလာ၏။

ဟန်ဇောင်၊ ချီဟွမ်နှင့် ဖုန်းရှိန်ကျစ်တို့သည် ချက်ချင်းပင် ဝမ်းမြောက်ကြည်နူးသွားကြသည်။ အမှန်တကယ်ဆိုရလျှင် တောက်ပနေသောအလင်းသည် ဂိုဏ်းတစ်ခုလုံး၏ ဂုဏ်သိက္ခါကို ကိုယ်စားပြုလေသည်။ အခြားဂိုဏ်းများနှင့် နှိုင်းယှဥ်၍ သူတို့၏ တောက်ပနေသောအလင်းများမည်မျှပိုလင်းသည်ကို အခြေခံကာ ပိုင်ရှောင်ချန်း အမွေအနှစ်တံဆိပ်တစ်ခုကို ရယူနိုင်လိုက်ပြီဖြစ်ကြောင်း ထင်ကြေးပေးနိူင်လေသည်။

” တစ်ခုရရ ဒါတန်ပါတယ်”
ချီဟွမ်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း တွေးလိုက်သည်။ မနီးမဝေးမှ ရှင်းမြစ်ဂိုဏ်းခွဲ၏ ဆံနီအဖိုးအိုမှာ ရုတ်တရက်ရင်တုန်လာလေသည်။ တခဏသာကြာလိုက်သော်လည်း မျက်မှောင်ပင်ကြုတ်သွားလေသည်။

” ဂုဏ်ယူပါတယ် အဏ္ဏဝါခေါ်သံဂိုဏ်း ” သူက ဟန်ဆောင်ပြုံး၍ ပြောလိုက်သည်။ “မင်းတို့ ကံကောင်းပြီး အမွေအနှစ်တံဆိပ်တစ်ခုလောက်ရသွားတာပါလား။ ဒါပေမယ့်လဲ ကံကောင်းတာက.. မင်းတို့ကို…”
သူ့စကားပင်ဆုံးအောင် မပြောနိုင်လိုက်ခင် အဏ္ဏဝါဂိုဏ်း၏ တောက်ပနေသောစက်ဝိုင်းသည် ရုတ်တရက် အနည်းငယ်ပို၍ လင်းလက်လာတော့သည်။ ထို့နောက် တခဏကြာသော် ထပ်လင်းလာပြန်သည်။ မကြာမီ ရှင်းမြစ်ဂိုဏ်းခွဲ၏ စက်ဝိုင်းထက် ပို၍ လင်းလက်တောက်ပသွားလေပြီ။

အခြားသုံးဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများ အထူးသဖြင့် ရှင်းမြစ်ဂိုဏ်းခွဲမှလူများမှာ အံ့သြတုန်လှုပ်သွားကြတော့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အဏ္ဏဝါခေါ်သံဂိုဏ်းမှ ခေါင်းဆောင်ကြီးသုံးဦးသည်လည်း အံ့သြမှင်သက်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် ယုံရခက်စွာကြည့်လိုက်ကြသည်။

ဆံနီအဖိုးအို၏ အမူအရာမှာ အလွန်တရာ ရုပ်ဆိုးအကျည်းတန်နေပြီး သူ့မျက်လုံးများအတွင်း ဒေါသများတောက်လောင်နေသည်ကို တွေ့ရလေသည်။ ရုတ်တရက် အမွေအနှစ်နယ်မြေအထဲသို့ သူလွှတ်လိုက်သည့် ဂိုဏ်းသားများမှာ အသုံးမဝင်ကြောင်းခံစားလိုက်ရသည်။ နှလုံးသားထဲတွင်နောင်တများခံစားလာနေရစဥ် အဏ္ဏဝါခေါ်သံဂိုဏ်း၏ တောက်ပနေသော စက်ဝိုင်းသည် ပို၍ လင်းလက်လာတော့သည်။

ထစ်ခြုန်းမြည်ဟည်းသံများမရှိသော်လည်း လူတိုင်းမှာ သူတို့၏ခေါင်းများကို မိုးကြိုးများပစ်ချနေသည့်အလား ခံစားနေရတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ တောက်ပနေသာစက်ဝိုင်းသည် မယုံနိုင်ဖွယ်အရှိန်ဖြင့် ပို၍တောက်ပလာလေသည်။ တခဏကြာသော် ၄င်းသည် ကျစ်မြစ်ဂိုဏ်းခွဲကို ကျော်လွန်သွားလေပြီ။

ကျစ်မြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့်တာအိုပညာရှင်များသည် အမူအရာမပျက်အောင် မထိန်းနိုင်ကြတော့ပေ။

တခဏကြာသော် အဏ္ဏဝါခေါ်သံဂိုဏ်းသည် တာအိုမြစ်ဂိုဏ်းခွဲအား ကျော်လွန်သွားတော့သည်။ ဆံဖြူအဖိုးအိုတစ်ယောက်သည် ပို၍ နီးနီးကပ်ကပ်စိုက်ကြည့်ရန် ရှေ့သို့တစ်လှမ်းတိုးလာလေသည်။ လူတိုင်းမျက်နှာများပေါ်တွင် ရူးသွပ်မှုများ ဖုံးလွှမ်းလာတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်း၏ တောက်ပနေသောစက်ဝိုင်း၏အလင်းမှာ အံသြဖွယ်တိုးတက်လာနေသဖြင့် ရှိသမျှလူအားလုံး၏ စိတ်ကူးနိုင်စွမ်းကိုပင် လုံးဝ ကျော်လွန်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset