အခန်း ( ၁၉ )

ဆရာအို၏ လက်တိုလက်တောင်းတပည့်

တာအိုရသေ့ဂျပုသည် ရောင်ကိုင်းနေသောပါးအား ပွတ်၍ အတွန့်တက်လိုက်သည်။
“ အခြေအနေတင်းမာနေတာ လျော့သွားအောင် နည်းနည်းနောက်လိုက်တာပါ။ ဘာလို့ အဲဒီလောက် ရန်လိုနေရတာလဲ ကျိုးအာ။ ညီမကိုကယ်ဖို့ အစ်ကိုအခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရတာ။ ကဲပါ လိုရင်းပဲဆက်ပြောမယ် ”

တာအိုရသေ့ဂျပု၏ တာအိုနာမည်သည် ကျိုးဝူဖြစ်သည်။ ကျိုးကျိုး ဂိုဏ်းသို့ စတင်ရောက်ရှိချိန်တွင် အရှင်ဝမ်ချင်းသည် ဂူအောင်းကျင့်ကြံနေချိန်ဖြစ်သည်။ ထို့ကြောင့် ကျိုးဝူသည်ပင် သူမအား ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။

သူတို့သည် ဂိုဏ်းတူမောင်နှမ ဖြစ်သော်လည်း သူတို့၏ဆက်ဆံရေးသည် အဖေနှင့် သမီးတို့၏ ဆက်ဆံရေးနှင့် တူလှပေသည်။ သူတို့သည် အချင်းချင်း နောက်ပြောင်မှုများအား ရိုးနေပြီဖြစ်သည်။

ကျိုးကျိုးသည် ပေါက်ကွဲထွက်တော့မည့် အသွင်ဆောင်နေသည်။ ကျိုးဝူသည် မျက်လုံးများဝိုင်းသွားကာ စကားလမ်းကြောင်းကို ချက်ချင်းလွှဲလိုက်လေတော့သည်။ သူသည် သူ့အနောက်ရှိ လူများအား ညွှန်ပြလိုက်ပြီး မေးခွန်းများ အဆက်မပြတ် မေးလိုက်၏။
“ သူတို့ရဲ့ဆရာတွေအကုန် ဒီမှာပါလာတယ်။ ပျောက်နေတဲ့သူတွေက ဘယ်သူတွေလဲ။ ဘယ်နေရာမှာ ပျောက်သွားတာလဲ။ ညီမဒီထဲမှာ ပိတ်မိနေတာ ဘယ်လောက်ကြာပြီလဲ ”

ကျိုးကျိုး၏မျက်နှာကလေး ညှိုးသွားသည်။ သူမသည် လက်နှစ်ဘက်ဆုပ်ကာ အနောက်တွင် ရပ်နေသောလူများအား အရိုအသေပေးလိုက်သည်။ ကျိုးကျိုးသည် ရုတ်ခြည်းစကားအစရှာမရ၍ ခေါင်းငုံ့ကာ နှုတ်ခမ်းကိုက်လိုက်သည်။

လျှိုယန်အာ နှင့် ဝမ်ကျိတို့သည် ဝမ်းသာပျော်ရွှင်သွားဟန်တူပြီး သူတို့၏ဆရာများ၊ ဆရာဦးလေးများ၊ ဆရာဒေါ်လေးများထံ ပျံသွားလိုက်ကာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

တာအိုရသေ့ကျိုးဝူ၏ အနောက်တွင် စွမ်းအားကြီးသော နတ်ဝိဇ္ဇာများ ရပ်နေကြသည်။ ယင်းတို့အနက် ကောင်းကင်ခွင်းတောင်မှ ကျန်းကျင်းရှန်လည်း ပါလေသည်။ သူမသည် အတုနဲ့နတ်ဝိဇ္ဇာဖြစ်ကာ ယုံချင်ရွှမ်းယာ၏ ဆရာလည်းဖြစ်ပေသည်။ ထို့ပြင် သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်းချုပ်၏ တပည့်လည်းဖြစ်ပေသည်။

ထိုလူများအနက် ကောင်းကင်ခွင်းတောင်မှ လင်ချီလည်း ပါလေ၏။ သူသည်လည်း အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးဖြစ်ကာ ယွမ်ချင်း၏ဆရာဖြစ်သည်။

တုလင်တောင်နှင့် လင်းတောင်လေးမှ နတ်ဝိဇ္ဇာနှစ်ပါးသည် ကျိုးကျိုးနှင့် မျိုးဆက်အတူတူပင်။ သူတို့၏ တပည့်နှစ်ယောက်အား တွေ့ပြီဖြစ်၍ ထပ်မံရှင်းပြရန် မလိုအပ်တော့ချေ။

ကျိုးကျိုး၏ အကြည့်များသည် လူအုပ်၏နောက်အစွန်တွင် ရပ်နေသော ခေါင်းဖြူတာအိုရသေ့အိုကြီးအပေါ်သို့ ကျရောက်သွားသည်။ ထိုလူသည် ချုံတောင်လေးမှချီယွမ်ပင်။ သူသည် လီချန်ရှို့၏ဆရာလည်း ဖြစ်သည်။

ထိုတာအိုရသေ့အိုကြီးသည် မျက်တွင်းဟောက်ပက် ဖြစ်နေလေသည်။ ကျိုးကျိုးသည် သူ့အား အကြည့်ချင်းမဆုံဝံ့ချေ။ ထိုတာအိုရသေ့အိုကြီးအတွက် လီချန်ရှို့သည် အရေးပါသော တပည့်တစ်ယောက်ဖြစ်ကြောင်း သူမ ကောင်းစွာ သိထားသည်။ ထိုရသေ့သည် လီချန်ရှို့အကြောင်းမေးရန် ချီတုံချတုံဖြစ်နေသည်။

ကျိုးကျိုးသည် မပွင့်တပွင့် ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကို ချီယွမ်… ကျမ ချန်ရှို့ကိုနောက်ဆုံးတွေ့တုန်းက မြောက်ဘက်ကို သွားနေတာ။ ယွမ်ချင်းနဲ့ ရွှမ်းယာတို့ကတော့ အနောက်မြောက်ဘက်ကို သွားတယ်။ သူတို့နဲ့အတူ ရွှမ်းယာရဲ့မျိုးနွယ်စုက စစ်သူကြီးတစ်ယောက်လည်းပါတယ်။ အဲ့စစ်သူကြီးရဲ့နာမည်က ယွီဝမ်လင်ပါ။ ကျမအထင်မမှားဘူးဆိုရင် ဒါတွေက ရွှမ်းယာကို လုပ်ကြံချင်လို့ ကြံစည်ထားတာတွေပဲ ဖြစ်မယ်ထင်ပါတယ် ”

“ ဟေ … ”
တာအိုရသေ့အိုကြီး ချီယွမ်သည် ခါးသက်သက်ရယ်မောလိုက်သည်။ သူသည် ကျိုးကျိုးအား လက်နှစ်ဘက်ဆုပ်ကာ လေးလေးနက်နက်အရိုအသေပြု၍ ပြောလိုက်သည်။
“ ရှင်သန်ခြင်း၊ သေဆုံးခြင်းဟာ ကံစီမံရာပါပဲ။ ဒါတွေကလည်း ဂိုဏ်းပြင်ပမှာ လေ့ကျင့်တဲ့အခါ မျှော်လင့်ထားရမယ့် အရာတွေပါ။ ကျုပ်က နတ်ဝိဇ္ဇာတစ်ပါးအဖြစ် မတက်လှမ်းနိုင်သေးပါဘူး။ ဒါကြောင့် ကျုပ် မြောက်ကျွန်းမှာတစ်ခုခုလုပ်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ ကျုပ်ရဲ့တပည့်ရှိတဲ့ နေရာကို ကူညီရှာဖွေပေးပါ။ ချုံတောင်လေးက ဒီကျေးဇူးတရားကို အမြဲအမှတ်ရနေမှာပါ ”

ကျိုးဝူသည် စိုးရိမ်တကြီးပြောလိုက်သည်။
“ တစ်ဂိုဏ်းတည်းသားအချင်းချင်း ယဉ်ယဉ်ကျေးကျေး ပြောနေစရာမလိုပါဘူး။ စိတ်ချပါ ဂိုဏ်းတူညီလေး ချီယွမ်။ ကျုပ်တို့ ပျောက်နေတဲ့တပည့်တွေကို လူခွဲရှာမှာပါ။ ကျိုးကျိုးနဲ့ ကျုပ် ခင်ဗျားနဲ့အတူ မြောက်ပိုင်းကို လိုက်ခဲ့ပါမယ် ”

“ အမှတ်ကိုး ဂိုဏ်းတူညီမလေး မိန်းမောမနေနဲ့တော့။ ကိုယ့်စိတ်ကိုယ် ပြန်စုစည်း။ တပည့်တွေကို ပြန်တွေ့မှပဲ အစ်ကိုတို့ ပြစ်ဒဏ်အကြောင်းကို ပြောကြတာပေါ့ ”

“ ဒီမူလနတ်ဝိဇ္ဇာနှစ်ယောက်က မန္တန်အစီအရင်ကို ကာကွယ်နေကြတာ။ အစ်ကို သူတို့ကိုတွေ့တော့ သူတို့ မန္တန်အစီအရင်ကို ပြင်ရင်း အလုပ်ရှုပ်နေတာလေ။ ဒီနှစ်ယောက်က ညီမလေးတို့ကို လှည့်စားသွားတဲ့ တရာခံတွေ နေမှာပဲ။ ရှာမယ့်နှစ်ဖွဲ့က သူတို့တစ်ယောက်ကို စစ်ဆေးလိုက်။ သူတို့ဆီက ဘာသတင်းများရမလဲ ကြည့်ကြတာပေါ့ ”

“ ကဲ စကြတာပေါ့ ”
ကျန်းကျင်းရှန်နှင့် လင်ချီ တို့သည် ထိုအကြံအား မည်သို့မျှပင် သံသယမဝင်‌တော့ဘဲ လက်ခံလိုက်ကြသည်။ သူတို့အားလုံး အလွန်စိုးရိမ်နေကြကြောင်း ထင်ရှားလေသည်။

တာအိုရသေ့ဂျပုလေး ကျိုးဝူသည် အင်္ကျီလက်များအား ဝှေ့ယမ်းလိုက်ရာ မေ့မြောနေသော မူလနတ်ဝိဇ္ဇာနှစ်ဦးသည် သူ၏ဘေးသို့ အလိုအလျောက် ရောက်ရှိလာလေသည်။ ထိုထဲမှ တစ်ယောက်ကို လင်ချီထံ ပစ်ပေးလိုက်သည်။

သူတို့ အပိုစကားများ ဆိုမနေတော့ချေ။ ထိုအခိုက်တွင် အရေးကြီးဆုံးတာဝန်ကား ပျောက်ဆုံးနေသော တပည့်များအားရှာရန်ပင် ဖြစ်လေသည်။

သူတို့သည် တစ်ဖွဲ့ထံတစ်ဖွဲ့ အသံလှိုင်းဖြင့် စာပို့ရန်နှင့် အဖွဲ့အလိုက် ရှာဖွေရမည့်နေရာများကို တိုင်ပင်ကာ သဘောတူညီမှု ယူလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည် သုံးဖွဲ့ခွဲသွားရန် ဆုံးဖြတ်လိုက်ကြသည်။

ဝမ်ကျိ၏ဆရာသည် ဝမ်ကျိနှင့်လျှိုယန်အာတို့အားခေါ်ဆောင်၍ အနီးရှိမြို့သို့သွားကာ မေးမြန်းစုံစမ်းမည် ဖြစ်သည်။

လျှိုယန်အာ၏ဆရာသည် ကျန်းကျင်းရှန်၊ လင်ချီတို့နှင့်အတူ အနောက်မြောက်ဘက်သို့သွားကာ ရှာဖွေကြမည်ဖြစ်သည်။

ကျိုးဝူသည် ချီယွမ်၊ ကျိုးကျိုးတို့နှင့်အတူ မြောက်ဘက်သို့သွားရောက် ရှာဖွေကြမည်ဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် သူတို့ဂိုဏ်းမှ တပည့်များအားရှာဖွေရန် အလျင်အမြန်ထွက်ခွာသွားကြလေသည်။

ထိုအချိန်မှာပင် အမည်မဖော်လိုသူဆိုသည့် ချောမောခံ့ညားသော ယောက်ျားပျိုတစ်ယောက်သည် မြောက်ပိုင်းအဝေးတစ်နေရာ၌ တူးပြီးခါစ ဂူတစ်လုံးအတွင်း ပုန်းအောင်းနေလေသည်။ သူသည် မီးဖိုလေးတစ်ခု ဖိုလိုက်ပြီး သူတို့အား လာရောက်ကယ်တင်မည့်သူများကို ဝါးပေလိပ်လေးအားဖတ်ရင်း စောင့်ဆိုင်းနေလေ၏။ သူသည် စိတ်လှုပ်ရှားမနေသည့်အပြင် အေးဆေးတည်ငြိမ်လွန်းနေသည်ဟုပင် ဆိုနိုင်ပေသည်။

ယုံချင်ရွှမ်းယာသည် ဂူထဲတွင် မျက်လုံးများကိုမှိတ်၍ တင်ပျဥ်ခွေထိုင်နေသည်။ မကြာခဏပင် သူမသည် မျက်လုံးဖွင့်ကာ ဂူအဝရှိ လူရိပ်အား လှမ်း၍ကြည့်နေမိလေသည်။

သူမသည် ထိုလူနှင့် စကားပြောလိုလှပါသော်လည်း အနှီလူသားက စကားမပြောချင်ကြောင်း သူမ ခံစားမိပေသည်။

ယွမ်ချင်းအား သတ်ပြီးနောက် ယုံချင်ရွှမ်းယာသည် သုံးရက်တိုင်တိုင် မေ့မြောနေခဲ့ပြီး လွန်ခဲ့သော ( ၁၂ ) နာရီခန့်တွင်မှ နိုးလာခြင်းဖြစ်သည်။ သူမ၏ ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါးရှိနေပြီ ဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။ နာကျင်နေသည့် တစ်ခုတည်းသောအရာမှာ သူမ၏ ဦးရေပြားများသာ ဖြစ်လေ၏။
“ ဂိုဏ်းတူအစ်ကိုချန်ရှို့ … ရွှမ်းယာတို့ ဒီမှာပဲ စောင့်နေမှာလား ”

“ ဟုတ်တယ်လေ ”
လီချန်ရှို့က ပုံမှန်ပင် ပြန်ဖြေလိုက်သည်။

“ အစ်ကို တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ လျှို့ဝှက်အမှတ်အသားတွေကို ဒီကနေ လီ( ၃၀၀ ) အတွင်းက နေရာအနှံ့မှာ ချန်ခဲ့ပါတယ်။ အစ်ကိုတို့ရဲ့ ဂူပြင်က ခြေရာလက်ရာတွေကို မတွေ့အောင် မန္တန်အစီအရင်တစ်ခုနဲ့လည်း ကာထားသေးတယ်။ ဒီနေရာက အခုထိတော့ လုံခြုံဦးမှာပါ။ ညီမပြောသလိုဆို ယွမ်ချင်းမှာ တခြားအဖော်တွေ ရှိဦးမှာပဲ။ အစ်ကိုတို့ တောင်ပိုင်းကို ဆက်သွားမယ်ဆို သူတို့လက်ထဲ ကျသွားနိုင်တယ်။ ကုန်သွားတဲ့ရက်တွေကို တွက်ကြည့်ရင် ဆရာ‌ဒေါ်လေးကျိုး လွတ်လွတ်၊မလွတ်လွတ် အစ်ကိုတို့ကို ကူညီဖို့ ဂိုဏ်းကလွှတ်လိုက်တဲ့ လူတွေ မြောက်ကျွန်းကို ရောက်နေလောက်ပါပြီ ”
လီချန်ရှို့က စကားပြောရပ်လိုက်ကာ ခေါင်းမော့၍ ယုံချင်ရွှမ်းယာအား လှမ်းပြောလိုက်သည်။
“ ညီမစိုးရိမ်နေသေးတယ်ဆိုရင် အစ်ကိုတို့ လမ်းလွှဲကနေ လီ(၃၀၀၀၀)လောက် ကွေ့ပတ်သွားလို့တော့ ရတယ်။ ဒါပေမဲ့ သူတို့ဖမ်းတာကိုခံရမယ့် အခွင့်အလမ်း‌တွေတော့ ရှိဦးမှာပဲ ”

“ ရွှမ်းယာ….မစိုးရိမ်ပါဘူး… ”
ယုံချင်ရွှမ်းယာက ညင်သာစွာ ပြန်ဖြေလိုက်ပြီး ခေါင်းမော့၍ လီချန်ရှို့အား လှမ်းကြည့်လိုက်ရာ အကြည့်ချင်း စုံသွားလေသည်။

ယုံချင်ရွှမ်းယာသည် သူမကိုယ်သူမ လိပ်ပြာမလုံဖြစ်စေမည့် ကိစ္စများကို မလုပ်မည့် ဖြောင့်မတ်သောလူတစ်ယောက်အဖြစ် ‌တွေးထင်ထားပါသော်လည်း မည့်သို့ရယ်မသိ လီချန်ရှို့၏မျက်လုံးများအား မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ အကြည့်လွှဲလိုက်ရလေသည်။

ထိုတခဏဝယ် သူမ၏ နှလုံးသားထဲတွင် လစ်ဟာသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားနံရံအား ကြောင်တစ်ကောင်မှ လာရောက်ကုတ်ခြစ်နေသကဲ့သို့လည်း ခံစားနေရလေ၏။

သူမသည် အနည်းငယ် သက်တောင့်သက်သာမရှိ ဖြစ်နေလေသည်။
‘ ဂိုဏ်းတူအစ်ကိုက ငါ့ကို နှစ်ခါတောင်ကယ်ခဲ့လို့ဖြစ်မှာပါ။ တခြားအကြောင်းတော့မရှိနိုင်ပါဘူး ’
သူမက တွေးလိုက်သည်။

ယုံချင်ရွှမ်းယာသည် မည်သို့ ကျေးဇူးပြန်ဆပ်ရန် နည်းလမ်းများကို စဉ်းစားနေပါသော်လည်း လောလောလတ်လတ်တွင် ဂိုဏ်းတူအစ်ကိုချန်းရှို့၏ အကာအကွယ်ပေးမှုအပေါ် သာယာနေမိသည်။
“ ဂိုဏ်းတူအစ်ကို အစ်ကို့အတွက် ရွှမ်းယာလုပ်ပေးနိုင်တာရှိလားဟင် ”
သူမသည် အောက်ကျို့၍မေးလိုက်သည်။

လီချန်ရှို့က ပုံမှန်ပင် ပြန်ဖြေလိုက်သည်။
“ ရှိတယ်။ ညီမရဲ့ စိတ်အာရုံကို အကြောင်းမရှိဘဲ မထုတ်နဲ့ ”

“ ဟုတ်ကဲ့ပါ ”
ယုံချင်ရွှမ်းယာသည် လေးလေးနက်နက်ပြန်ဖြေလိုက်သည်။ ရင်တွင်း၌မူ အတန်ငယ် စိတ်အားငယ်သွားလေသည်။

သူမသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေပြီလော။

ဖြောက်…

မီးပုံမှ တဖြောက်ဖြောက်မြည်သံတစ်သံအားကြားလိုက်ရသည်။ မီးညွန့်နည်းလာလေပြီ။

လီချန်ရှို့သည် သူ၏အင်္ကျီလက်အတွင်းမှ မီးခိုးရောင်ထင်းခြောက်တစ်ချောင်းအား ထုတ်ယူလိုက်ပြီး မီညွန့်ပြန်တက်လာစေရန် မီးပုံအတွင်း ထည့်လိုက်သည်။

ထိုအခါတွင်မှ ယုံချင်ရွှမ်းယာသည် မီးတောက်များ၏ ထူးခြားမှုကို သတိပြုမိလိုက်သည်။ ထိုမီးပုံသည် မီးခိုးမထွက်သည့်အပြင် သင်းရနံ့ဖျော့ဖျော့တစ်ခုပင် ထွက်နေပေသည်။
“ ဂိုဏ်းတူအစ်ကို ဒီမီးက ဘာထူးတာလဲဟင် ”

လီချန်ရှို့သည် မီးပုံအားလှမ်းကြီးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
“ အဲဒါက ဈေးကြီးတဲ့ ထင်းတွေတော့မဟုတ်ပါဘူး။ အဲဒါက မြောက်ပင်လယ် တောင်ပိုင်းမှာပေါက်တဲ့ မြောက်ပိုင်းထင်းရှူးအေးပင်ကရတဲ့ ထင်းတွေပဲ။ အဲဒီထင်းရှူးသားက ဆေးမြစ်တစ်ခုတော့မဟုတ်ဘူး။ အဲဒါက ရှေးတုန်းက သာမန်သစ်ပင်တစ်မျိုးပါပဲ။ သူ့ဝိသေသလက္ခဏာက ‌ဆောင်းတွင်းမှာ ကြီးပြင်းနိုင်တာပဲ။ မြောက်ပိုင်းမှာ ညစ်ညမ်းချီတွေ ဖုံးလွှမ်းသွားတော့ အဲ့ထင်းရှူးပင်တွေ မျိုးတုံးမလိုတောင် ဖြစ်သွားသေးတယ်။ ဒါပေမဲ့ မျိုးမတုံးတဲ့အပြင် အပင်တွေတောင် ပိုများလာသေးတယ်။ အဲဒီအချိန်ကစပြီး မြောက်ပိုင်းထင်းရှူးအေးပင်တွေမှာ ဝိသေသလက္ခဏာတစ်ခု ထပ်တိုးလာတယ်။ ဒီအပင်တွေက ညစ်ညမ်းချီကို မကြောက်တော့ဘူး။ ပြီးတော့ သူတို့ထုတ်လွှတ်တဲ့ အရောင်အဝါတွေက အဆိပ်ပိုးမွှားတွေနဲ့ သားရဲတွေကို မောင်းထုတ်ပေးတယ်။ ဒီမီးပုံလေးက အစ်ကိုတို့ပတ်လည် ကျန့်(၁၀၀)အတွင်း ဘာအဆိပ်ကောင်မှ မရှိအောင် လုပ်ပေးနိုင်တယ်။ အစ်ကိုသိရသလောက်ကတော့ အခု စုန်းက‌ဝေတွေရဲ့ လက်အောက်ခံနယ်တွေထဲမှာ မြောက်ပိုင်းထင်းရှူး‌အေးတောအုပ်ကြီးတွေ ရှိတယ်လို့ပြောကြတာပဲ။ ဒီထင်းရှူးသားက ဝိညာဉ်ကျောက်တုံး ဘယ်လောက်မှ မပေးရဘူး။ သုံးတဲ့သူလည်းရှားတယ် ”

ယုံချင်ရွှမ်းယာသည် သူ၏ရှင်းပြမှုတွင် နစ်မြောနေလေသည်။ သူမ၏ မျက်ဝန်းများထဲတွင် လီချန်ရှို့၏ ဘေးတိုက်ပုံစံလေး ရောင်ပြန်ဟပ်သွားသည်။ သူမက နူးညံစွာပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကို အစ်ကိုကတကယ့်ကို ဗဟုသုတများတာပဲနော် ”

“ ဂိုဏ်းကစာအုပ်တွေမှာ ဒီအကြောင်းပါတယ်လေ ”
လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

သူသည်လက်အတွင်းမှ ဝါးပေလိပ်အား မြှောက်၍ ဆက်လက်ဖတ်ရှုနေလေသည်။ သူသည် စကားဆက်၍မပြောလိုတော့ကြောင်း ထင်ရှားပေသည်။

ယုံချင်ရွှမ်းယာသည် နှုတ်ခမ်းစေ့ပြီး လေးလေးနက်နက် စဉ်စားနေလေသည်။

ခေတ္တမျှကြာပြီးနောက်…
“ ဂိုဏ်းတူအစ်ကို အစ်ကိုရှာနေတဲ့ ဆေးပင်ရောတွေ့ပြီလား ”

“ ကံကောင်းလို့ ရှာတွေ့ပြီ ”
လီချန်ရှို့ပြုံးလိုက်သည်။ သူသည် ထိုအကြောင်းအားတွေးရုံဖြင့်ပင် ဝမ်းသာလာသည်။

ယုံချင်ရွှမ်းယာသည် ဤမျှဖြင့် စကားစမပြတ်သွားလိုချေ။ ထို့ကြောင့် သူမက ဆက်၍မေးလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုက ဒီခရီးအတွက် တော်တော်ပြင်ဆင်လာပုံပဲနော် ”

“ အင်း …”
လီချန်ရှို့သည် မော့၍ပင်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

“ ဒီမြောက်ကျွန်းကိုလာဖို့ ခရီးအတွက် အစ်ကို လွန်ခဲ့တဲ့(၁၅)နှစ်ကတည်းက ပြင်ဆင်နေတာ။ အစ်ကို့ကို အဆိပ်ရန်က ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေကို နေ့တိုင်းစုဆောင်းနေခဲ့ရတာ ”

‘ (၁၅)နှစ်တောင်… ’
ယုံချင်ရွှမ်းယာသည် သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။
“ အဲဒါဆို ယွီဝမ်လင်နဲ့ အဲ့လူယုတ်မာတွေရော ဘယ်လိုဖြစ်သွားတာလဲဟင် ”

လီချန်ရှို့ပြန်ဖြေလိုက်သည်။
“ နတ်ဝိဇ္ဇာဖြစ်ဖို့ လက်တစ်ကမ်းအလု ရောက်နေတဲ့ မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးနဲ့ တိုက်ခိုက်ရင်း သေသွားတာပဲ။ အစ်ကိုတို့တောင် ‌တော်တော်ကံကောင်းလို့ လွတ်လာတာ။ အဲ့မြွေနဂါးရဲ့အဆိပ်က တော်တော်ပြင်းတယ် ”

“ ဟုတ်လား… ” ယုံချင်ရွှမ်းယာသက်ပြင်းချလိုက်သည်။
“ အဲ့လူယုတ်မာတွေက မကောင်းမှုဒဏ် ပြန်ခံသွားရတာပဲ။ ကံတရားက အဲ့လောက်မြန်မြန် အပြစ်ပေးမယ်လို့ ရွှမ်းယာမထင်မိခဲ့ဘူး ”

လီချန်ရှို့သည် ရေလိုက်ငါးလိုက်ဆက်၍ ပြောလိုက်သည်။
“ အမ်… အဆိပ်..အဟမ်း..အဟမ်း..ညီမလေးရွှမ်းယာ… အစ်ကို ညီမလေးဆီကို တောင်းဆိုချင်တာ‌လေး တစ်ခုရှိတယ် ”

“ ပြောပါ ဂိုဏ်းတူအစ်ကို ”
ယုံချင်ရွှမ်းယာ ရုတ်ခြည်းပင် အားတက်သွားပြီး လီချန်ရှို့အား ကြည့်နေသည့် သူမ၏မျက်လုံးလေးများက ဝင်းလက်တောက်ပနေသည်။
“ ရွှမ်းယာကိုကယ်ခဲ့တဲ့ ကြင်နာမှုကို ရွှမ်းယာအသက်ပေးပြီးတောင် ကျေးဇူးဆပ်နိုင်ပါတယ် ”
“ အဲ့လောက်တော့မလိုပါဘူး ”
လီချန်ရှို့က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ ဒီခရီးကတော်တော်လေး ကို့ရို့ကားယားနိုင်တယ်။ ပြီးတော့ ဒီခရီးစဉ်အတွင်းမှာ အစ်ကိုတို့ အနိမ့်အမြင့်မျိုးစုံကို ကြုံတွေ့ခဲ့ရတယ်မလား။ အစ်ကိုတို့ဂိုဏ်းကိုပြန်ရောက်ရင် အစ်ကိုတို့ဆရာတွေ၊ ဂိုဏ်းတူအစ်ကိုအစ်မတွေက ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာပေါက်မေးမှာပဲ။ အစ်ကိုက အမြဲတန်း ပြဿနာ မဖြစ်အောင် ရှောင်နေတတ်တယ်။ ပြီးတော့ သိပ်အာရုံစိုက်တာ မခံချင်ဘူး။ အခက်ကြုံရမယ့် အခြေအနေမျိုးတွေလည်း မကြုံ‌ချင်ဘူးလေ။ ဒါကြောင့် ညီမရဲ့ ဆရာနဲ့အစ်ကိုအစ်မတွေကို ဇာတ်ကြောင်းပြန်ပြောရင် အစ်ကို့အကြောင်းတွေ သိပ်မပြောဖို့ပါပဲ။ အစ်ကိုကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်ဘူးဆိုတာ ညီမလည်းသိတာပဲ။ အစ်ကိုယုံကြည်မှုရှိတာဆိုလို့ မြေကိုယ်ယောင်ဖျောက်အတတ်တစ်ခုပဲရှိတာ။ အဲဒါတွေသာသိသွားရင် တခြားသူတွေက အစ်ကို့ကိုလှောင်ကြလိမ့်မယ် ”

“ ဂိုဏ်းတူအစ်ကို… ”
ယုံချင်ရွှမ်းယာ၏မျက်နှာထားပြောင်းသွားသည်။ သူမ၏ နှလုံးသားထဲတွင် လျှပ်စီးတစ်ခုလက်သွားသည့်ပမာ ခံစားလိုက်ရလေသည်။

လီချန်ရှို့သည် ဆုလာဘ်နှင့် ကျော်ကြားမှုများကို အရေးမစိုက်ဘဲ အခြားသူများအား ကူညီခဲ့ပေသည်။ သူကား အမတလမ်းစဉ်အပေါ်၌သာ အာရုံစိုက်သော ဖြောင့်မတ်တည်ကြည်သည့် ယောက်ျားကောင်းတစ်ယောက်ပင်။

ယုံချင်ရွှမ်းယာ၏ နှလုံးသားထဲ ခံစားချက်များ ဒေါင်ချာစိုင်းနေလေသည်။ သူမ၏ မျက်ဝန်းများ ကြည်လင်နေပါသော်လည်း သူမ၏ရင်ထဲတွင် စိတ်ကူးယဉ်အတွေးများဖြင့် ပြည့်နှက်နေလေသည်။
‘ ဂိုဏ်းတူအစ်ကိုချန်ရှို့က တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ။ ငါဘယ်တော့မှ အစ်ကို့လောက် သဘောထားကြီးနိုင်မယ် မထင်ဘူး။ ယွမ်ချင်းကတော့ အစ်ကိုနဲ့ယှဉ်ရင် ဆီနဲ့ရေလိုပဲ ’
သူမတွေးနေမိသည်။
‘ ယုံချင်ရွှမ်းယာ နင့်ဘေးနားကလူအများစုက အပေါ်ယံပဲဆက်ဆံတတ်တဲ့ စိတ်ကြီးဝင်နေတဲ့သူတွေပဲ။ ဒါကြောင့် နင်က ဂိုဏ်းမျိုးဆက်တစ်ခုထဲက လူတွေအားလုံး တစ်ပုံစံတည်းလို့ တွေးနေတာ။ ဒါပေမဲ့ ဂိုဏ်းထဲမှာ အဲ့မျိုးဆက်ကပဲ ဒီလိုမျိုးတပည့်တစ်ယောက်ရှိပါသေးလားဆိုတာ နင် မသိခဲ့တာ။ တကယ်လို့ ငါသာ ဂိုဏ်းတူအစ်ကိုချန်ရှို့နဲ့ ရင်းနှီးသွားမယ်ဆိုရင် ဒီခရီးက အချည်းနှီးဖြစ်မှာမဟုတ်တော့ဘူး… ’

“ စိတ်မပူပါနဲ့ ဂိုဏ်းတူအစ်ကို ”
ယုံချင်ရွှမ်းယာသည် သူ့အား အာမခံလိုက်သည်။
“ အစ်ကိုဆိုလိုချင်တာကို ရွှမ်းယာနားလည်ပါတယ်။ အစ်ကိုပြောတဲ့အတိုင်း လိုက်နာပါ့မယ် ”
လီချန်ရှို့သည် သူမ အဆိပ်အရှိန်မပြေသေးဟူ၍ တွေးမိသွားလေသည်။

‘ ထားလိုက်ပါတော့လေ ’
လီချန်ရှို့သည် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ချုံတောင်လေးမှ ခြေတစ်ဖဝါးခွာတော့မည် မဟုတ်ချေ။ ဤအဖြစ်အပျက်များကြောင့် ပြဿနာတက်လာလျှင်လည်း လပိုင်းအတွင်း ပြီးစီးကွယ်ပျောက်သွားမည် ဖြစ်သည်။

သူသည် သိုသိုသိပ်သိပ်နေ၍ ကြမ္မာနှောင်ကြိုးများအားရှောင်ရှားရပေမည်။

ဤခရီး၌ အခြားအရာများထပ်၍ မကြုံတွေ့ရတော့လျှင် သူ၏ မြောက်ကျွန်းသို့ ခရီးစဉ်သည် ပျော်ရွှင်စွာပင် ပြီးဆုံးသွားမည် ဖြစ်သည်။

ရုတ်တရက် လီချန်ရှို့၏ မျက်နှာထား ပြောင်းသွားလေသည်။ ဂူအပြင်၌ သူတပ်ဆင်ထားခဲ့သော မျက်လုံးကြီး ခေါင်းသုံးလုံးပင့်ကူအိမ်သည် ပုံရိပ်တစ်ခုအား ဖမ်းမိလိုက်သည်။

လူရိပ်တချို့သည် လီ(၁၀၀) ခန့်အကွာတွင် လျင်မြန်စွာ ပျံသန်းလာနေသည်။ ထိုလူအုပ်၏ ရှေ့ဆုံးမှ ဦးဆောင်လာသူသည် ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ထားပြီး သွယ်လျသောခန္ဓာကိုယ်ရှိသည်။

သူတို့သည် လျင်မြန်စွာပျံသန်းနေကြသည်ဖြစ်၍ ထိုလူ၏ပုံရိပ်အား သူ ရှင်းရှင်းလင်းလင်းမတွေ့ရပေ။ သို့သော် ‌ရော့တိရော့ရဲဖျင်ကြမ်းဝတ်ရုံလက်တိုနှင့် ဝတ်ရုံအား တိုးထွက်နေသည့် စွဲဆောင်မှုရှိသော ရှိုက်ကြီးဖိုငယ်များကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်း သူသိလိုက်သည်။
‘ ကျိုးကျိုး… ’

“ အသင့်ပြင်ထားတော့။ သူတို့ရောက်လာပြီ ”

လီချန်ရှို့ရယ်လိုက်သည်။ နောက်ဆုံးတွင် သူ့ရင်ထဲမှ အလုံးကြီး ပျောက်ကွယ်သွားပေပြီ။

***


Comment

Leave a Reply

Options

not work with dark mode
Reset