အခန်း ( ၃၆၅ )

ဒါ ဘာကြီးတုံး

“ကျုပ်တို့ တံဆိပ်တော်နှစ်ခုအကြောင်းပဲ ပြောနေတာနော်” ဆံနီအဖိုးအိုက အေးစက်စက်အသံဖြင့်ပြောသည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းက တံဆိပ်တော်နှစ်ခုအတွက်တောင် ယုံကြည်ချက်မရှိဘူးလား” သူကမျက်လုံးများမှေးလျက် ပြောပြန်သည်။

ဖုန်းရှိန်ကျစ်သည် နှုတ်ဆိတ်လျက်ရှိပြီး ခေါင်းဆောင်ကြီး ချီဟွမ်သည်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက်စလုံး ဟန်ဇောင်ကို လှမ်းကြည့်လိုက်ကြသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသည် ဤကဲ့သို့ လောင်းကြေးမျိုးကို နိုင်လိုက်ပါက ဂိုဏ်းအတွက် ကြီးမားသော အကျိုးအမြတ်တစ်ခုဖြစ်လိမ့်မည်။ ကြယ်ပျံတစ်ခုရရှိခြင်းဖြင့် အမွေအနှစ်ပြိုင်ပွဲအတွင်း ဖြစ်ပွားမည့် ဆုံးရှုံးမှုအချို့အား ကာမိလိမ့်မည်။

သို့သော်လည်း သူတို့ ရှုံးလျှင် ကောင်းကင်တံတားစစ်ဘင်္ဘောတစ်စီးပေးရမည်ဖြစ်ကာ အဏ္ဏဝါခေါ်သံဂိုဏ်း၏ တိုက်ခိုက်စွမ်းရည်တစ်ခုလုံး သိသိသာသာကျဆင်းသွားလိမ့်မည် မဟုတ်ပါလော။

နောက်ဆုံးတွင် လောင်းကြေးထပ်မည့် ကောင်းကင်တံတားစစ်ဘင်္ဘောသည် စိတ်စွမ်းအင်အဖွဲ့နှင့် သက်ဆိုင်သည်သာမက ပိုင်ရှောင်ချန်းသည် နှစ်ခုထက်ပို၍စွမ်းဆောင်နိုင်မည်ဟု ဟန်ဇောင်သိလေသည်။ ထို့ကြောင့် သူသည် နောက်ဆုံးဆုံးဖြတ်ချက်ချရမည့် လူဖြစ်လေသည်။

ဟန်ဇောင်က အဏ္ဏဝါခေါ်သံဂိုဏ်းကို ကိုယ်စားပြုသည့် မည်းမှောင်နေသောစက်ဝိုင်းကို မော့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းလုပ်ဆောင်ခဲ့သည့် အံသြဖွယ်ကောင်းသော ဖြစ်ရပ်များအားလုံးကို တခဏပြန်စဥ်းစားလိုက်သည်။ သူတို့အလောင်းကစားကိုနိုင်လျှင် ဂိုဏ်းအတွက် ယုံကြည်မှုစိတ်ဓာတ်များ မြှင့်တင်ပေးနိုင်လိမ့်မည်။ သူတို့ရှုံးလျှင်တော့…. လောင်းကြေးထပ်ရန်ငြင်းဆိုသည်ကပင်လျှင် အခြားသုံးဂိုဏ်းကို သူတို့ရှုံးသွားပြီဟု အဓိပ္ပါယ်ရလိမ့်မည်။

လောင်းကြေးများ မြင့်သော်လည်း အမှန်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းသည် များများစားစား ဆုံးရှုံးစရာမရှိပေ။

” လောင်းမယ် ”
ဟန်ဇောင်က အံတင်းတင်းကြိတ်ပြီးပြောလိုက်သည်။ ထိုစကားကြားလိုက်ရသည်နှင့် ဆံနီအဖိုးအိုက အားပါးတရရယ်လိုက်လေသည်။ အမှန်တကယ်တွင် သူသည် အမွေအနှစ်နယ်မြေသို့ ဝင်သွားခဲ့သည့် ဂိုဏ်းသားများကို အမိန့်ပေးခဲ့ပြီးဖြစ်လေသည်။

သူတို့၏တာဝန်မှာ အမွေအနှစ်တံဆိပ်များ များနိုင်သလောက်များများ ရရန်ဖြစ်သည်သာမက အဏ္ဏဝါခေါ်သံဂိုဏ်းကို တစ်ခုလေးပင်မရအောင် တားဆီးရန်ဖြစ်သည်။

” စဥ်းစားကြည့်ရင်တော့…” သူကတွေးလိုက်သည်။
” သဘောတရားအရ မတော်တဆ တံဆိပ်တစ်ခုလောက်ရတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာပေါက်နှစ်ခုတော့မရနိုင်ဘူး” စိတ်ထဲတွင် သူက ကောက်ကျစ်စွာရယ်နေတော့သည်။ သူ့ကို ပို၍ ယုံကြည်ချက်ခိုင်မာစေသည်မှာ ပုံမှန်နတ်မီးလျှံစမ်းသပ်ပွဲအချိန်မဟုတ်ဘဲ အမွေအနှစ်တံဆိပ်တော်တောင်၏ အပြင်ဘက်ရှိ အကာအကွယ်မန္တန်နယ်မြေသည် ဖြတ်သန်းရန် ပို၍ခက်ခဲမည်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ပိုင်ရှောင်ချန်း တစ်ယောက်တည်း အနားကပ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

တာအိုနှင့်ကျစ်မြစ်ဂိုဏ်းခွဲများသည် ဖြစ်ပျက်နေသည်တို့အား အနီးကပ်အာရုံစိုက်နေလျက်ရှိသည်။ ရှင်းမြစ်ဂိုဏ်းခွဲလုပ်ရန်ကြိုးစားနေသည်မှာ သူ့အတွက်တော့မြင်သာလေသည်။ သူတို့သည် ကုံမြစ်ဂိုဏ်းခွဲနှင့် သက်ဆိုင်ဖူးသော စွမ်းအားရင်းမြစ်များကို ကာကွယ်ရန်ကြိုးစားနေသည်သာမက အဏ္ဏဝါခေါ်သံဂိုဏ်း အားနည်းသွားစေရန်ကိုလည်း ကြံစည်နေလေသည်။ နောက်အနာဂတ်တွင် သူတို့အင်အားတိုပွားလာစေရန် လောဘများဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းကို မည်သို့ဝါးမျိုတော့မည်ကို ခန့်မှန်းရန် လွယ်ကူလေသည်။

အမှန်တွင် ရှင်းမြစ်ဂိုဏ်းခွဲသည် အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် နယ်နိမိတ်ချင်းထိစပ်နေလေသည်။

ယခင်က ကုံမြစ်ဂိုဏ်းခွဲသည် ရှင်းကျစ်ဂိုဏ်းခွဲကို အပြည့်အဝ လွှမ်းမိုးခြယ်လှယ်ခဲ့ကြပြီး အခြေအနေအရပ်ရပ်တွင် ရှင်းမြစ်ဂိုဏ်းခွဲသည် ကုံမြစ်ဂိုဏ်းခွဲ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ရသည်။ သို့သော် ယခုတွင် ကုံမြစ်ဂိုဏ်းခွဲပျက်သုဥ်းသွားပြီး ရှင်းမြစ်ဂိုဏ်းခွဲ၌ အိမ်နီးချင်းတစ်ဦးရသွားလေပြီ။

အပြင်ဘက်တွင် လောင်းကြေးထပ်နေကြသော်လည်း အမွေအနှစ်နယ်မြေအတွင်းရှိ တာအိုမြစ်ဂိုဏ်းခွဲတပ်ဖွဲ့သည် မီတာ၃၆၀၀ အမှတ်သို့ ရောက်နေလေပြီ။ ကြည့်ရသရွေ့ ထိုအမှတ်သည် သူတို့၏တတ်နိုင်သမျှအကုန်ပင်ဖြစ်သည်။ သူတို့၏ စွမ်းအားကြီးဘီလူးကြီးပင်လျှင် ဖျက်စီးမခံရပဲနှင့် ရှေ့ဆက် မတက်နိုင်တော့ပေ။

ကျစ်မြစ်ဂိုဏ်းခွဲသည် တာအိုမြစ်ဂိုဏ်းခွဲနှင့် မလှမ်းမကမ်း မီတာ ၂၇၀၀အတွင်း ရောက်နေလေသည်။ သို့သော်လည်း တာအိုမြစ်ဂိုဏ်းခွဲသည် အမွေအနှစ်တံဆိပ်တစ်ခုကိုမှ လုမယူနိုင်တော့ရာ ကျစ်မြစ်ဂိုဏ်းခွဲ၌ ဝေစုကောင်းကောင်းတစ်စုရနိုင်သေးသည်မှာ သေချာသည်မဟုတ်ပါလော။

အားလုံးအထဲတွင် ရှင်းမြစ်ဂိုဏ်းခွဲသည် အားအနည်းဆုံးဖြစ်ကာ မီတာ ၁၅၀၀မျှသာ ဝင်ရောက်နိုင်သေးသည်။ ကျစ်မြစ်နှင့်တာအိုမြစ်ဂိုဏ်းခွဲများ၏နောက်ရောက်နေပါသော်လည်း သူတို့သည် တံဆိပ်အချို့ကိုရယူနိုင်သေးလေရာ အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုမှ မရစေရန် အဆက်မပြတ် ပိတ်ထားလေသည်။

ထိုအချိန်တွင် အမွေအနှစ်တံဆိပ်တော်တောင်မှ တံဆိပ်တော်ဆယ်ခုခန့် ပျံထွက်လာလေသည်။

မျက်စိဖြင့်မြင်နိုင်သော အကွာအဝေးအတွင်းသာ ရှိသေးသော်လည်း ဘရူဆာကိုဦးဆောင်၍ပိုင်ရှောင်ချန်းသည် ဂိုဏ်းသုံးဂိုဏ်းနှင့် ခပ်လှမ်းလှမ်းအကွာအဝေးသို့ရောက်နေလေသည်။

သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးဖြင့် နေရာကောင်းတစ်ခုကိုရှာတွေ့ထားလေသည်။ ထိုနေရာတွင် သက်ရောက်နေသည့်ဖိအားသည် ဂိုဏ်းသုံးဂိုဏ်းဝင်ရောက်သွားသည့် ဘေးကင်းသောနေရာထက် အလွန်တရာပို၍အားပြင်းလေသည်။

“ဘရူဆာ မင်း.. ကျုံ့လိုက်ပါ့လား” သူက အေးစက်စက်အသံဖြင့်ပြောလိုက်သည်။ “အဖေ မင်းပျော်အောင်လုပ်ပေးမယ်”

ဘရူဆာသည် အံသြသွားသော်လည်း တခဏကြာသော် တုန်ရီသွားပြီး အရွယ်အစားကျုံ့လာလေသည်။ မကြာမီ ပိုင်ရှောင်ချန်း၏ ဝတ်ရုံလက်ခေါက်ကြားထဲ ထည့်နိုင်သည်အထိ သေးငယ်သွားလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ တစ်ကိုယ်လုံးတုန်ယင်သွားလေသည်။

ထာဝရအသက်ရှည်နည်းပညာရပ်နှင့် သူ၏ကောင်းကင်တာအိုရွှေအမြုတေတို့၏ စွမ်းအားများကို ကိုယ်ကျုံ့ရန် အသုံးပြုလိုက်ရာ တဂျွတ်ဂျွတ် အက်ကွဲသံများထွက်ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းသည် ကလေးငယ်အရွယ်ဖြစ်သွားသည့်အထိ သူ၏အရိုးနှင့်အသားများက သေးငယ်လာတော့သည်။

သူ၏အဝတ်အစားများသည် အလွန်ကြီးမားနေသဖြင့် စုတ်ဖြဲပစ်လိုက်ရလေသည်။ ထို့နောက် သူ၏လက်ညှိုးကို မြေပြင်ပေါ်သို့ ဝှေ့ယမ်းလိုက်ရာ အမည်းရောင်အလင်းတန်းတစ်ခုမြင်လိုက်ရပြီး လိပ်ဒယ်အိုးထွက်ပေါ်လာတော့သည်။

” မင်းတို့က ငါ့ကို ဖိအားလာပေးတာနော် ” သူက အံတင်းတင်းကြိတ်၍ပြောလိုက်သည်။
” ငါက မညစ်ပတ်ချင်ပါဘူး ” ပိုင်ရှောင်ချန်းသည် ဒယ်အိုးကို လူရှေ့တွင် ထုတ်သုံးခြင်းကို သဘောမကျသော်လည်း ယခုတွင်မူ သူ့တွင် ရွေးချယ်စရာမရှိပေ။ အသက်တစ်ရှိုက်ရှူလိုက်ရင်း သူက မြေပေါ်လှဲလိုက်ကာ လိပ်ဒယ်အိုးကို သူ့အပေါ် ဆွဲယူလိုက်သည်။

ယခုတွင် သူကကျုံ့သွားပြီဖြစ်သောကြောင့် ဒယ်အိုးအောက်တွင် ဝင်ဆန့်ရန်မှာ သူ့အတွက် လွယ်ကူလေရာ မြေပေါ်တွင် လှဲနေသည့် လိပ်အစစ်တစ်ကောင်နှင့် လွန်စွာတူသွားတော့သည်။

တချိန်တည်းမှာပင် သူ၏ထည့်စရာအိတ်ထဲမှ ဝမ်းသာနေသော မှတ်ချက်ပြုသံတစ်သံကို ကြားလိုက်ရလေသည်။

“ဟားဟားဟားး…။ မင်းက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ဖို့ တကယ်ကိုထိုက်တန်တယ်ဟေ့..။ ကောင်းတယ် ပိုင်ကလေးရေ..။ ကိုယ်တော် သဘောကျတယ်”

ထိုအသံပိုင်ရှင်မှာ အိတ်ထဲမှ ပိုင်ရှောင်ချန်းနောက်ရှိမြေပြင်ပေါ်သို့ ဖျတ်ခနဲ ဆင်းသက်လိုက်သည့် လိပ်ကလေးကလွဲ၍ တခြားမဟုတ်ပေ။

” မင်း ပါးစပ်ပေါက်ပိတ်ထား ” ပိုင်ရှောင်ချန်းက ငေါက်ငမ်းလိုက်သည်။ လိပ်ကလေးကို လျစ်လျူရှုရင်း သူက လိပ်ဒယ်အိုး၏အစွန်ကို စောင်းလိုက်ပြီး ရှေ့ရှိ မီတာ၁၅၀၀၀အန္တရာယ်နယ်မြေကို မော့ကြည့်လိုက်ပြီးနောက် ရှေ့သို့လိပ်ကဲ့သို့ တွားသွားတော့သည်။

လိပ်ကလေးသည်လည်း ရယ်မောရင်း တောက်လျှောက်လိုက်ပါလာ၏။ မလှမ်းမကမ်းမှကြည့်လျှင် ကန့်သတ်ချုပ်ချယ်ထားသော မန္တန်အစီအရင်နယ်မြေအတွင်းသို့ နှေးကွေးစွာ တွားသွားနေသော လိပ်ကြီးတစ်ကောင် နှင့် လိပ်ကလေးတစ်ကောင် နှင့်တူလေသည်။

သူတို့ဝင်ရောက်သွားသည်နှင့် အပေါ်ထပ်မှ ယခင်မိုးကြိုးများထက် အဆများစွာကြီးမားသော လျှပ်စီးမိုးကြိုးများ ကျဆင်းလာပြီး လိပ်ဒယ်အိုးကို ထိမှန်သွားကြသည်။ သို့သော်လည်း ဒယ်အိုးသည် ဖျက်စီး၍မရနိုင်သောကြောင့် ၄င်းကို ဘာမှမလုပ်နိုင်ပေ။ ပိုင်ရှောင်ချန်းသည် တုန်ခါလာသည်အား ခံစားလိုက်ရသော်လည်း ထိုမျှသာဖြစ်သည်။ ဒယ်အိုး၏ အကာအကွယ်ကို ထည့်ပေါင်းလိုက်ခြင်းဖြင့် သူ၏ ထာဝရအသက်ရှည်နည်းပညာရပ်နှင့် ကောင်းကင်တာအိုရွှေအမြုတေတို့ကြောင့် သူမှာ လုံးဝမထိခိုက်တော့ကြောင်း သေချာသွားလေသည်။

မလှမ်းမကမ်းတွင် ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများသည် လတ်တလောတွင် အမွေအနှစ်တံဆိပ်များအတွက် တိုက်ခိုက်နေကြသည့်အချိန် ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေကြောင်း ရုတ်တရက်အာရုံရလိုက်လေသည်။ ကျင့်ကြံသူများ လှမ်းရှာကြည့်လိုက်သော် မကြာမီ လိပ်နှစ်ကောင်ကို သတိပြုမိလိုက်သည်။

“အဲ့တာဘာကြီးလဲ..”

“လိပ်ခွံလား..”

“အဏ္ဏဝါခေါ်သံဂိုဏ်းက ကောင်က အကာကွယ်မန္တန်နယ်မြေထဲဝင်ဖို့ ဒီနည်းကိုသုံးနေတာ ယုံတောင်မယုံနိုင်ဘူးဟေ့။ ဟားဟားဟား ပိုင်ရှောင်ချန်းတစ်ကောင်တော့ လိပ်ခွံကို တစ်နေရာရာကရှာလာပြီး အကာအကွယ်အတွက် သုံးနေတယ်တဲ့လား”

“နေဦး.. လိပ်တစ်ကောင်ထဲမဟုတ်ဘူးး.. ကြည့်… ပထမတစ်ကောင်နောက်မှ ပိုသေးတဲ့လိပ်တစ်ကောင်တောင် ရှိသေးတယ်.။ ဟာသပဲဟေ့”

မကြာမီ ဂိုဏ်းသုံးဂိုဏ်းထံမှ တဟားဟား ရယ်သံကျယ်ကျယ်များကို ကြားလိုက်ရသည်။ တာအိုမြစ်ခုံရုံးမှကျင့်ကြံသူများအဖွဲ့ပင် မအောင့်နိုင်တော့ပေ။ ရှင်းမြစ်ဂိုဏ်းခွဲမှ လူများ အထူးသဖြင့် ချန်ယွမ်ရှန် သည် အကျယ်လောင်ဆုံးဖြစ်ကာ ဝါးလုံးကွဲမတတ် အော်ရယ်နေကြသည်။

“ပိုင်ရှောင်ချန်း” သူက ရယ်နေရင်းလှမ်းအော်လိုက်သည်။
” မင်းက အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်မဟုတ်ဘူးလား.။ အမွေအနှစ်တံဆိပ်လေးနဲနဲရဖို့နဲ့ လိပ်ဖြစ်ချင်နေတယ်လို့ကွာ။ လာပါ..လာပါ.. ။ ငါ့ကို ခဏပဲ ဒူးထောက်အရိုအသေပေးလိုက်… နဲနဲတော့ အလကားပေးပါ့မယ်ကွာ.။ ဘယ်လိုလဲ”

ပိုင်ရှောင်ချန်းသည် ဂိုဏ်းသုံးဂိုဏ်း၏ လှောင်ပြောင်သရော်သံများကို ကြားလိုက်သဖြင့် ဒေါသတကြီး ဟမ်းခနဲ လည်ချောင်းရှင်းလိုက်သည်။
” ဘာဖြစ်မလဲ.. စောင့်သာကြည့်စမ်းပါ” သူကတွေးလိုက်သည်။

ရှေ့တို့တွားသွားနေစဥ် အမည်းရောင်လေပြင်းကြီးက တဝေါဝေါတိုက်ခတ်လာပြီး မီးပင်လယ်များက သူ့အား အဆက်မပြတ်ထိခတ်နေလေသည်။ ရေခဲဓားသွားများနှင့်တကွ မှော်စွမ်းအင်များ သူ့ထံ တရှိန်ထိုး ထိုးဆင်းလာကြသည်။ သို့သော်လည်း တစ်ခုမှ သူ့ကို မတားဆီးနိုင်လိုက်ပေ။

ကျောပေါ်တွင် လိပ်ဒယ်အိုးဖြင့် သူသည် မရပ်မနားတွားသွားနေလေရာ မီတာသုံးရာအတွင်းသို့ပင် ဝင်ရောက်လာတော့သည်။

ဂိုဏ်းသုံးဂိုဏ်းမှ လှောင်ပြောင်သံများ တဖြည်းဖြည်း အားပျော့သွားတော့သည်။ အမှန်တွင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်လာကြပြီး တအံ့တသြရေရွတ်သံများကိုပင် ကြားလာရလေသည်။

” ဘယ်လို လိပ်ခွံလဲဟ”

“ဘယ်…ဘယ်လိုတောင် ဖြစ်နိုင်တာတုန်း.. ။ ပိုင်ရှောင်ချန်းက ငါတို့ရောက်နေတဲ့နေရာထက် တော်တော် အန္တရာယ် ပိုများတဲ့ နေရာထဲမှာဟ ”

“မိုးကြိုး၊ မီး ၊ လေ… တစ်ခုမှ အဲဒီလိပ်ခွံပေါ် ဘာသက်ရောက်မှုမှ မရှိပါလား။ ဝိုးးး.. ကြည့်စမ်း.. သူ့အရှိန်မြန်လာပြီ”

လိပ်ခွံသည် ထိုနေရာနှင့်အသားကျသွားသည့်ပုံရကာ ပို၍ မြန်မြန်သွားနေသောကြောင့် ပါးစပ်များအဟောင်းသားဖြစ်ကုန်ကြလေသည်။

မီတာ ၆၀၀၊ မီတာ ၉၀၀၊ မီတာ ၁၂၀၀။ လိပ်ခွံကို မှော်စွမ်းအင်များ ဝုန်းခနဲ ဝုန်းခနဲ ထိမှန်နေသည့်တိုင် ၄င်း၏ အရှိန်ကို မည်သည့်အရာမှ မလျှော့နိုင်ပေ။ များမကြာမီ လိပ်ခွံသည် မီတာ၁၅၀၀ အမှတ်ကို ကျော်သွားလေပြီ။

“မဖြစ်နိုင်တာ… ”
ချန်ယွမ်ရှန်က အော်လိုက်သည်။ သူသည် မြင်နေရသည်ကို မယုံနိုင်ဖြစ်နေသည့်နောက်ဆုံး ရင်တဒိန်းဒိန်းခုန်နေတော့သည်။ သူတစ်ယောက်သာလျှင် ထိုသို့ဖြစ်ပျက်သွားခြင်းမဟုတ်ပေ။ ကျစ်မြစ်ဂိုဏ်းခွဲမှ လူတိုင်း၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အကြည့်များ ရှိနေကြလေသည်။

ထိုအချိန်တွင် မိုးကြိုအစင်းတစ်ရာကျော်သည် လိပ်ခွံကို ထိမှန်သွားသည့်တိုင်အောင် ၄င်းသည် ဆက်လက်မြန်မြန်သွားလေသည်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် လိပ်ခွံအောက်တွင် ပုန်းနေသော်လည်း သူမျက်နှာပေါ်ရှိ အမူအရာ အဘယ်သို့ဖြစ်နေမည်ကို သူတို့အားလုံးသေချာစွာသိလေသည်။

ဘဝင်ခေါင်ခိုက်နေမည့်မျက်နှာ။

” အဟမ်း.. ကိုယ်တော်ပိုင် လှုပ်ရှားရင် သူ့ကိုယ်သူတောင် ကြောက်ရပါတယ်ဆို..။ မင်းတို့တတွေ ငါ့ကို အနိုင့်ကျင့်ရဲတာ ယုံတောင်မယုံနိုင်ဘူး”
သူ့ကိုယ်သူ အလွန်တရာကျေနပ်နေရင်း လေးဖက်ထောက်လျက် ဆက်လက်တွားသွားလိုက်သည်။ မကြာမီ သူသည် မီတာ ၁၈၀၀ အတွင်းရောက်သွားသည်။ ထို့နောက် မီတာ၂၁၀၀။ ထို့နောက် မီတာ ၃၀၀၀။

တာအိုမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများသည်ပင် ထိုကဲ့သို့နယ်မြေတစ်ခုအတွင်းသို့ ပေါ့ပေါ့တန်တန်မဝင်ရဲသော်လည်း ပိုင်ရှောင်ချန်းမှာမူ လုံးဝစိုးရိမ်နေသည့်ပုံမပေါ်ချေ။ မကြာမီ ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများသည် ပိုင်ရှောင်ချန်း၏ သီချင်းညည်းသံသဲ့သဲ့အား ကြားလိုက်ရတော့သည်။

ထိုနေရာရှိ အန္တရာယ်များလှသောမှော်စွမ်းအင်တစ်ခုမှ လိပ်ခွံပေါ်တွင် သက်ရောက်မှုတစ်စုံတစ်ရာမရှိပေ။

” ဒါ….ဒါ….ဒါက….”
လူတိုင်း ကြက်သေသေသွားကြတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset