Switch Mode

အခန်း ( ၃၆၄ )

မင်းတို့ကောင်တွေ...လူရမ်းကားတွေ

” ဒါအလုပ်ဖြစ်မှာမဟုတ်ဘူး”
ပိုင်ရှောင်ချန်း၏မျက်နှာမှာ သုန်မှုန်နေပြီး တွေးလိုက်သည်။ အမွေအနှစ်တံဆိပ်တော်တောင်ကို မတူညီသောဘက်မှ ချဉ်းကပ်ရန် စဉ်းစားကြည့်ပါသော်လည်း အလျင်အမြန်ခြုံငုံသုံးသပ်ပြီးနောက် ဤနေရာထက် အခြားနေရာများက ပို၍အန္တရာယ်များကြောင်း အခိုင်အမာယုံကြည်လေသည်။

သာမန်မျက်စိနှင့်ကြည့်လျှင် အမွေအနှစ်တံဆိပ်များတောင်ကို ဝန်းရံထားသော နေရာများအားလုံးသည် ချဉ်းကပ်ရန်ဖြစ်နိုင်သော လမ်းကြောင်းများပင်။ သို့သော်လည်း သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးအရ သူနှင့် အခြားသုံးဂိုဏ်း၏အဖွဲ့သားများရောက်နေသော နေရာသည်သာလျှင် အောင်မြင်ရန်အတွက် အလားအလာရှိကြောင်း ပြောနိုင်လေသည်။

အခြားသော နေရာများမှာ အလွန်ပင် အန္တရာယ်ပိုများပြီး လက်တွေ့တွင် ဂိုဏ်းသုံးဂိုဏ်းလုံးသည် တစ်နေရာတည်းတွင် တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ်နေကြလေသည်။

သူတို့၏ အင်အားများစုပေါင်းခြင်းဖြင့်သာလျှင် တဖြည်းြဖည်း ရှေ့ဆက်တက်နိုင်မည်ဖြစ်သည်။ တာအိုမြစ်ဂိုဏ်းခွဲသည် အင်အားအတောင့်ဆုံးဖြစ်ပြီး သူတို့မှာ မီတာ ၁၅၀၀ မျှပင် ရောက်နှင့်နေလေပြီ။ သူတို့၏ဘေးနှင့် အနောက်ဘက်ခပ်ဝေးဝေးတွင် ကျစ်မြစ်ဂိုဏ်းခွဲနှင့် ရှင်းမြစ်ဂိုဏ်းခွဲတို့ရှိပြီး ကျစ်မြစ်ဂိုဏ်းခွဲအဖွဲ့သည် မီတာ ၁၂၀၀ ကျော် အထဲရောက်နေ၍ ရှင်းမြစ်ဂိုဏ်းခွဲသည် မီတာ၉၀၀နီးပါးရောက်နေလေပြီ။

ပိုင်ရှောင်ချန်းသည်သာလျှင် အပြင်ဘက်တွင် တစ်ယောက်တည်း အထီးကျန်စွာ ရပ်နေသောလူဖြစ်သည်။

” ငါက ကိုယ့်အားကိုယ်ကိုးရမှာဆိုတော့ အထဲမှာ အကြာကြီး နေနိုင်စရာကိုမရှိဘူး။ အခွင့်အရေးနည်းနည်းတော့ ရမှာပါ ” မျက်လုံးများ ရဲရဲနီလျက် သူက အဆောင်စက္ကူများစွာကို ထုတ်ပြီး သူ့ကိုယ်ပေါ်နှင့် ဘရူဆာအပေါ် ကပ်ချလိုက်သည်။ အကာအကွယ်မှော်ပစ္စည်းအချို့ကိုလည်း ဆွဲထုတ်လိုက်လေသည်။

နောက်ဆုံး၌ သူက ဘရူဆာဘက်လှည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
” နည်းနည်းကြာလို့ အခွင့်ကောင်းရတာနဲ့ ငါလှုပ်ရှားပြီး အမွေအနှစ်တံဆိပ်တော်တစ်ခုလောက် ဆွဲယူလိုက်မယ်။ တစ်ခုခု မှားသွားရင် ငါ့ လာကယ်နော်”

ဘရူဆာက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ မီတာ ၁၅၀၀၀ နယ်ပယ်သည် မည်မျှ အန္တရာယ်များကြောင်း သူတွေ့ရ၏။ နောက်ဆုံးတွင် တာဝန်တစ်ခုကြောင့် ပိုင်ရှောင်ချန်းနှင့်အတူအပြင်ထွက်ရ၍ အလွန်ပျော်သော်လည်း သူသည်လည်း အလွန်တရာ စိတ်လှုပ်ရှားနေသည်။

ပိုင်ရှောင်ချန်းက နောက်ထပ်အခွင့်အရေးကိုစောင့်ကာ အမွေအနှစ်တံဆိပ်တော်တောင်ကို စိုက်ကြည့်ရင်း ရပ်နေလေသည်။ အသက်ရှူချိန်ဆယ်ကြိမ်ကုန်သွားပြီးသော် နောက်ထပ်တံဆိပ်တော်များက ရုတ်တရက် တလက်လက်တောက်ပလာပြီးနောက် လေပေါ်သို့ မြောက်တက်လာသည်။

ထိုတံဆိပ်တော်များက မီတာ၉၀၀၀နယ်ပယ်တွင် စက်ဝိုင်းကဲ့သို့ ဝေ့ဝိုက်ပျံနေပြီးနောက် အဝေးသို့ရောက်သွားသည်နှင့် ဂိုဏ်းသုံးဂိုဏ်း၏ တပ်ဖွဲ့များသည် ၄င်းတို့ကိုလုရန်အတွက် တိုက်ပွဲစရန် ပြင်လိုက်တော့သည်။

သို့သော်လည်း တံဆိပ်တော်များက လျင်မြန်စွာ ရွေ့လျားနေသဖြင့် လှမ်းဖမ်းလိုက်သည့် ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများလက်ထဲမှ လွတ်ထွက်သွားသည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးကျယ်သွားပြီးနောက် သူက အဆုတ်ကွဲလုမတတ် ဟိန်းဟောက်လိုက်ကာ သူ၏ ထာဝရကောင်းကင်ဘုရင်ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်လိုက်ရင်း သူ၏အဆောင်စက္ကူများကို အသက်သွင်းလိုက်ကာ တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သည်။ ထိုအင်အားများအားလုံးက သူ့ကို အရှိန်လုံလုံလောက်လောက်မပေးနိုင်မည်ကို စိုးရိမ်သောကြောင့် သူ၏ဘယ်ခြေမကို အသုံးပြုရင်း အရှိန်ယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပုံရိပ်များအသွင်ဖြင့် အန္တရာယ်နယ်မြေအတွင်းသို့ တဟုန်ထိုးပြေးဝင်သွားတော့သည်။

အလွန်တရာမြန်ဆန်လွန်းလှသဖြင့် ခပ်ဝါးဝါးပုံရိပ်တစ်ခုအလား မြင်နေရပြီး တံဆိပ်တော်ရှေ့သို့ ရောက်သွားပြီးနောက် ဆွဲယူရန် လက်လှမ်းလိုက်သည်။ သို့သော်လည်း တချိန်တည်းမှာပင် ရှင်းမြစ်ဂိုဏ်းခွဲမှ လူများသည် ဒေါသတကြီး အော်လိုက်ကြပြီး သူ့လမ်းကြောင်းကို ပိတ်ပင်ရန် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

သူ၏ခန္ဓာကိုယ်မှာ နောက်သို့လွင့်စဉ်သွားရာ တဝုန်းဝုန်းအသံများ မြည်ဟည်းသွားပြီး ရှင်းမြစ်ဂိုဏ်းခွဲ၏ ကြယ်စီးကြောင်းများက တံဆိပ်တော်အား ဆတ်ခနဲ ဆွဲယူသွားလေသည်။

ပိုင်ရှောင်ချန်းမှာ လက်မခံချင်သော်လည်း ရွေးစရာမရှိသဖြင့် ဘေးကင်းလုံခြုံရန်အတွက် နောက်သို့ပျံပြေးလိုက်ရလေသည်။ အပြန်လမ်းတွင် သူ့ကို လျှပ်စီး မိုးကြိုးတစ်ခုထိမှန်သွားသဖြင့် သူ၏အဆောင်စက္ကူအများစုမှာ ပျက်စီးကုန်လေသည်။

“မင်းတို့.. လူရမ်းကားတွေ”
သူက ပြန်စိုက်ကြည့်ရင်း ဒေါပွလာသည်။ သို့သော်လည်း သူ၏ဒေါသမီး တောက်လောင်ရန် အခွင့်အရေးမရလိုက်ခင် အမွေအနှစ်တံဆိပ်တော်တောင်ထံမှ တံဆိပ်တော်နှစ်ခုက ရုတ်တရက် တောက်ပလာပြီး လေထဲသို့ မြောက်တက်လာလေသည်။ ကျစ်မြစ်ဂိုဏ်းခွဲသည် လက်ဦးမှုရရန် အစွမ်းကုန်ကြိုးပမ်းလိုက်သော်လည်း ဒုတိယတစ်ခုသည် ဂိုဏ်းသုံးဂိုဏ်းကို ကျော်ထွက်လာနိုင်လေသည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးသွားပြီးနောက် သူက နောက်တစ်ကြိမ်ကြိုးစားရန် လျှပ်တပြက်လှုပ်ရှားလိုက်သည်။

လျှပ်စီးမိုးကြိုးများက သူ့ပတ်ပတ်လည်ကို ပစ်ချနေလေရာ သူသည် မီးပင်လယ်များအား ရှောင်တိမ်းနေရတော့သည်။ သူ၏ အဆောင်စက္ကူများအားလုံး ပျက်စီးကုန်ပြီး သူ၏ အမည်းရောင်ဒယ်အိုကြီးပင် ကွဲကြေသွားသည်။ သို့သော်လည်း ထိုအရာများကြောင့် တံဆိပ်တော်ထံ သူ ရောက်သွားတော့သည်။

” ခံလိုက်စမ်း ”
ပိုင်ရှောင်ချန်းက ပြင်းထန်သောဖိအားတစ်ခု ထုတ်ဖော်လိုက်ရင်း အေးစက်စက်နှာမှုတ်သံတစ်ခုက လေကိုခွင်း၍ ပေါ်ထွက်လာလေသည်။ တချိန်တည်းမှာပင် တာအိုမြစ်ဂိုဏ်းခွဲ၏ ပုံရိပ်ယောင်ဘီလူးကြီးက သူ့ထံတဟုန်ထိုး ဦးတည်လာရာ လေထဲတွင် တဝုန်းဝုန်းမြည်သံများ ပြည့်နှက်နေတော့သည်။

ထိုအခိုက်အတန့်တွင် သူက ပြန်လည်တိုက်ခိုက်ရန် သူ၏ အပြင်အားအကုန် နှင့် ကောင်းကင်တာအို ရွှေအမြုတေကို ထုတ်လိုက်သည်။သူက ၉မီတာသာ ကွာဝေးတော့သည့် တံဆိပ်တော်ထံ လက်ဆက်လှမ်းလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ဘီလူးကြီးက လက်သီးထိုးချလိုက်ရာ လေပြင်းမုန်တိုင်းဖြစ်ပေါ်လာပြီး ပိုင်ရှောင်ချန်းမှာ ကျွမ်းထိုးမှောက်ခုံ လိမ့်ထွက်သွားသည်။

သူ၏ပါးစပ်ထောင့်များမှ သွေးများစီးကျလာပြီး နောက်ထပ် အဆောင်စက္ကူများနှင့် တကွ အကာအကွယ်မှော်ပစ္စည်းအနည်းငယ် ပျက်စီးသွားလေသည်။ တချိန်တည်းမှာပင် လက်သီးအားကြောင့် သူမှာ ယာယီမလှုပ်ရှားနိုင်တော့ပေ။

အမှန်တကယ်ဆိုရလျှင် ဘီလူးကြီးကို လူအုပ်စုတစ်ခုလုံး၏ စွမ်းအားများဖြင့် အားဖြည့်ပေးထားပြီး ပိုင်ရှောင်ချန်းမှာမူ တစ်ယောက်တည်း လှုပ်ရှားနေရလေသည်။ ရပ်တန့်သွားပြီးနောက် ဘီလူးကြီးက သူယူနိုင်တော့မည့်ဆဲဆဲဖြစ်သည့် တံဆိပ်တော်အား အသာလေးယူသွားသည်ကို မော့ကြည့်လိုက်လေသည်။ တချိန်တည်းမှာပင် သူ့ဘေးပတ်လည်ရှိ ကမ္ဘာကြီးမှ မှော်စွမ်းအားအမြောက်အမြား ထွက်ပေါ်လာသည်။

ဘီလူးကြီးက ပိုင်ရှောင်ချန်းကို အထင်အမြင်သေးသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
” မင်းကို မင်းသိပ်အထင်ကြီးနေတာကိုး”

ထို့နောက် ၄င်းက တာအိုမြစ်ဂိုဏ်းခွဲမှအုပ်စုထံ တဟုန်ထိုးပြန်ဆုတ်သွားလေသည်။

ပိုင်ရှောင်ချန်းအပေါ်သို့ မှော်စွမ်းအားများကျဆင်းလာသည့် သေရေးရှင်ရေးအခိုက်အတန့်တွင် ဘရူဆာက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ပိုင်ရှောင်ချန်း၏ ဝတ်ရုံကို ဆွဲကာ နောက်သို့ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။

သို့သော်လည်း ထိုအချိန်တွင် ရှင်းမြစ်ဂိုဏ်းခွဲထံမှ ကြယ်စီးကြောင်းးများ ပေါ်ထွက်လာပြီး သူတို့လမ်းကို ထွက်မသွားနိုင်အောင် ပိတ်ထားလိုက်သည်။ လျှပ်စီးကြောင်းက ဘရူဆာကို ထိမှန်သွားရာ သူ၏ပါးစပ်တွင်းမှ သွေးများပန်းထွက်သွားလေသည်။ ကံကောင်းထောက်မစွာ ထိုအချိန်တွင် ပိုင်ရှောင်ချန်းပြန်သက်သာလာသဖြင့် ဘရူဆာကို ဆွဲကာ ဘေးကင်းသောနေရာသို့ တဟုန်ထိုးပြေးသွားတော့သည်။

ကျစ်မြစ်ဂိုဏ်းခွဲမှ လူများသည် ပိုင်ရှောင်ချန်းနှင့် ဘရူဆာ ထွက်ပြေးသွားသည်ကို အထင်သေးစွာ ကြည့်ရှုနေကြသည်။ နှာမှုတ်သံတစ်ချက်ပေါ်လာကာ လူတစ်ယောက်က ပြောသည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းကတော့ တံဆိပ်တော်လေးတစ်ခုတောင်ရဖို့ အင်အားမရှိရှာဘူးပဲ။ အပြင်မှာ လိမ်လိမ်မာမာသာနေစမ်းပါ။ ဒီမှာ ပြဿနာလာမရှာနဲ့”

ရှင်းမြစ်ဂိုဏ်းခွဲမှလူများသည်လည်း ထိုနည်းတူလှောင်ပြောင်နေကြသည်။ ချိန်ယွမ်ရှန် ကပင်လျှင် ပြောသည်။
” မင်းငါတို့ကို လာရှုပ်ဖို့ ကြိုးစားရင် စည်းကမ်းတွေကြောင့် သတ်ပစ်လို့မရပေမယ့် ဒီက အကာအကွယ်မန္တန်ကတော့ မင်းကို ဖျက်စီးပစ်နိုင်တယ်နော်။ အဲ့လိုဖြစ်လာရင် ဘယ်သူမှဂရုစိုက်နေမှာမဟုတ်ဘူး”

ထိုစကားလုံးများအတွင်းရှိ ယုတ်မာသော ရည်ရွယ်ချက်များကို ကောင်းစွာ မြင်တွေ့နိုင်ပေသည်။

ပိုင်ရှောင်ချန်းက နောက်ပြန်ဆုတ်သည့်အချိန်မှာပင်လျှင် နောက်မှ အမည်းရောင်လေပြင်းတစ်ခုက သူ့ကို ရိုက်ခတ်လိုက်သဖြင့် ပါးစပ်မှ သွေးများပန်းထွက်လာတော့သည်။ အန္တရာယ်ကင်းသွားသည့်အချိန် သူနောက်ပြန်ကြည့်လိုက်သောအခါ အခြားဂိုဏ်းမှ ကျင့်ကြံသူများမှာ အကာအကွယ်မန္တန်များ၏နယ်ပယ်အတွင်း ရောက်ရန် မီတာ၁၅၀၀သာလိုတော့လေသည်။

“တော်တော် အနိုင်ကျင့်တဲ့ကောင်တွေပဲ ” သူက ဒေါသမီးများတောက်လောင်နေရင်း တွေးလိုက်သည်။ ထို့နောက် သူငုံ့ကြည့်လိုက်သောအခါ ဘရူဆာလေး ထိခိုက်နာကျင်သွားကြောင်းမြင်လိုက်၍ သူ၏ဒေါသများမှာ ပိုမို ဆူပွက်လာတော့သည်။ ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများကို စိုက်ကြည့်ရင်း သူက ဟိန်းဟောက်လိုက်သည်။
” မင်းငါ့ကို ထိခိုက်အောင်လုပ်နေနေ၊ ငါ့ဆီက တံဆိပ်တော်တွေပဲ လုယူေနနေ.. သောက်ဂရုမစိုက်ဘူးကွ။ ဒါပေမယ့် မင်းတို့ ဘရူဆာလေးကို နာကျင်အောင်လုပ်တယ် ”

“မင်းတို့ကောင်တွေ ငါ့ကို ဖိအားပေးနေတာပဲ”
မျက်လုံးများက ပုံမှန်ထက် ရဲရဲနီလာကာ သူသည် အံတင်းတင်းကြိတ်ပြီး ဘရူဆာအား ဆေးလုံးအချို့ကျွေးလိုက်သည်။ အခြေအနေကို လှည့်ကြည့်လိုက်သောအခါ တာအိုမြစ်ဂိုဏ်းခွဲသည် မီတာ၃၀၀၀အတွင်းပင်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက လှစ်ခနဲလှုပ်ရှားသွားပြီး သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးဖြင့် အစောပိုင်းက တွေ့ရှိခဲ့သော ဖြတ်သန်းရန်မဖြစ်နိုင်သည့် နေရာတစ်ခုထံ ဘရူဆာကိုပါခေါ်သွားလေသည်။

ထိုအချိန်တွင် အမွေအနှစ်နယ်မြေအပြင်ဘက် မန္တန်အစီအရင်အစပ်တွင် ဂိုဏ်းလေးဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည် တလက်လက်တောက်နေသော မျက်နှာပြင်နှင့် ဂိုဏ်းသားများ၏ အောင်မြင်မှုများကို ကိုယ်စားပြုသော အလင်းစက်ဝိုင်းလေးခုကို ကြည့်ရှုနေကြသည်။

တာအိုမြစ်ဂိုဏ်းခွဲ၏ စက်ဝိုင်းသည် အတောက်ပဆုံးဖြစ်ပြီး ရှင်းနှင့် ကျစ်မြစ်ဂိုဏ်းခွဲများသည်လည်း လင်းနေသော်လည်း သိပ်မတောက်ပပေ။ အဏ္ဏဝါခေါ်သံဂိုဏ်း၏စက်ဝိုင်းသာလျှင် တချိန်လုံး မှောင်မည်းနေသည်။

တောက်ပခြင်းအဆင့်သည် တံဆိပ်တော်အရေအတွက်မည်မျှရခဲ့ပြီးကြောင်း ညွှန်ပြနေရာ တာအိုမြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအားလုံး ပြုံးနေကြလေသည်။ ထိုအားလုံးမှာ ခန့်မှန်းထားသည့်အတိုင်းပင်ဖြစ်ချေသည်။ သူတို့ကြည့်ရသရွေ့ တာအိုမြစ်ဂိုဏ်းခွဲက ပထမနေရာရသင့်လေသည်။

ရှင်းမြစ်ဂိုဏ်းခွဲမှ ဆံနီအဖိုးအိုက အားပါးတရရယ်မောကာ ပြော၏။
” ဂုဏ်ယူပါတယ်…တာအိုရောင်ရင်းတို့။ တာအိုမြစ်ဂိုဏ်းခွဲကတော့ တကယ်ကို ပထမထပ်ယူဦးမယ့်ပုံပဲဗျာ”

” ကံဆိုးလိုက်တာ အဏ္ဏဝါခေါ်သံဂိုဏ်းက တာအိုရောင်ရင်းတွေကတော့ အခြေအနေမဟန်ပုံပဲ။ ကုံမြစ်ဂိုဏ်းခွဲ နောက်ဆုံးတစ်ခေါက်လုပ်ခဲ့သလို သေချာပေါက် ကောင်းကောင်းလုပ်နိုင်လိမ့်မှာမဟုတ်ဘူးး။ အဲ့တုန်းက သူတို့ ဒုတိယရခဲ့တယ်.. တာအိုမြစ်ဂိုဏ်းခွဲနဲ့တောင် သရေကျလုနီးပါးပဲ”

ချီဟွမ်၊ ဟန်ဇောင်နှင့် ဖုန်းရှိန်ကျစ်တို့၏ မျက်နှာများအားလုံး အလွန်ပင် တင်းမာခက်ထန်နေလေသည်။ နောက်ဆုံး၌ သူတို့မှာ သက်ပြင်းချနေရုံက လွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ သူတို့မှာ အစကတည်းက အရှုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သော်လည်း ပိုင်ရှောင်ချန်း တံဆိပ်တော်တစ်ခုတော့ ရနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသေးသည်။

“တာအိုရောင်ရင်း ဟန်ဇောင်ရေ” ဆံပင်အနီရောင်ကျင့်ကြံသူက ပြောသည်။
” နဲနဲလောက် လောင်းကြမလား။ ခင်ဗျားတို့ အဏ္ဏဝါဂိုဏ်း တံဆိပ်တော်နှစ်ခုပိုပြီး မရနိုင်ဘူးလို့ကျုပ်ထင်တယ်”

ဟန်ဇောင်၏အမူအရာမှာ ပို၍မည်းမှောင်လာပြီး အခြားခေါင်းဆောင်ကြီးနှစ်ယောက်သည်လည်း ထိုနည်းတူပင်။ တာအိုမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲမှာမူ ဖြစ်ပျက်နေသည်တို့အား အလွန်ပင် သဘောကျနေတော့သည်။

ရုတ်တရက် ဖုန်းရှိန်ကျစ်က ဆံနီအဖိုးအိုကိုလှမ်းကြည့်ပြီး ဖြည်းညင်းစွာပြောသည်။
” လောင်းကြေးထပ်မှာလား။ လောင်းကြေးကဘာတွေလဲ”

ဆံနီအဖိုးအိုက အေးစက်စက်ပြုံးလိုက်ပြီးပြောသည်။

” ကျုပ်မှာ နတ်အဆင့်နဲ့တူတဲ့စွမ်းအားနဲ့ တိုက်ခိုက်နိုင်တဲ့ ရှင်းမြစ်ဂိုဏ်းခွဲက ကြယ်ပျံတစ်ခုရှိတယ်။ ခင်ဗျားတို့ရဲ့ ကောင်းကင်တံတားစစ်သင်္ဘောတစ်စီးနဲ့ လောင်းကြေးထပ်မယ်ဗျာ”

ဟန်ဇောင်၏အမူအရာ ဝင်းလက်သွားပြီး ဖုန်းရှိန်ကျစ်၏မျက်လုံးများတွင် ပြတ်သားသောအလင်းများဖြင့် တဖျတ်ဖျတ်ဝင်းလက်လာတော့သည်။ ကြယ်ပျံများသည် ရှင်းမြစ်ဂိုဏ်းခွဲမှ ဝိညာဥ်ရတနာများဖြစ်ပြီး ကောင်းကင်တံတားစစ်သင်္ဘောများနှင့် တန်ဖိုးတူလေသည်။ သို့သော်လည်း ရှင်းမြစ်ဂိုဏ်းခွဲအတွက် ကြယ်ပျံများက အဖိုးတန်သည်ထက်ပို၍ ကောင်းကင်တံတားစစ်သင်္ဘောများသည် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အလွန်တရာတန်ဖိုးကြီးလေသည်။ သိသာထင်ရှားစွာပင် ထိုဆံနီအဖိုးအိုက သေချာအကွက်ချပြင်ဆင်ထားခဲ့သည်ပင်။

Comment

Leave a Reply

Options

not work with dark mode
Reset