Switch Mode

အခန်း (၅၄၂)

ဓမ္မလက်နက် ပြဿနာ

ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် အဆုံးမဲ့ပညာရပ်မျက်လုံးထဲတွင် ရှိနေခဲ့စဉ်တုန်းက အမွေအနှစ်များကို တတ်နိုင်သမျှ အများဆုံးစုဆောင်းခဲ့သည်။ ထို့ကြောင့် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား အချိန်ပေး၍ မလေ့လာမိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် သေသေချာချာ ထိုပညာရပ်အား အသေးစိတ် လေ့လာပြီးသွားပြီးဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်နေကြောင်း သိလိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားရတော့သည်။

” ငါ့ရဲ့ ခေါင်းထဲမှာ အမွေအနှစ် တစ်ရာကျော် ရှိနေသေးတယ်။ အဲဒီပညာရပ်တွေ အကုန်လုံးကို လေ့လာဖို့ဆိုရင် အချိန်အများကြီးလိုအပ်တယ်။ တကယ်လို့ ငါသာ အဲလို လေ့လာပြီးသွားရင် ပြိုင်ဘက်ကင်းအဆင့်ကို ရောက်သွားလောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောရင်း မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။ သို့သော် သူသည် ထိုစိတ်ကူးအိပ်မက်မှာ ယုတ္တိမရှိကြောင်း နားလည်ထား၏။ ထို့ကြောင့် သူသည် သူ ပိုင်ဆိုင်ထားသော အမွေအနှစ်များအား မှတ်တမ်းတင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် စဉ်းစားနေတော့သည်။ ၎င်းမှာ သူ့အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

” တကယ်လို့ ငါ ဒီနေရာကနေ ပြည်ထောင်စုကြီးကို ပြန်ရောက်လာတဲ့အချိန်အထိ သွမ့်မုလေးက သူ့ရဲ့ ဥက္ကဋ္ဌရာထူးကနေ ဆင်းပေးဖို့ စိတ်ကူးမရှိသေးဘူးဆိုရင်တော့ သူ့ကို ငါ့ရဲ့ အမွေအနှစ်‌တွေနဲ့ အလဲထိုးပစ်မယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ အောင်မြင်မှုများကြောင့် ဂုဏ်ယူဝင့်ကြွားနေ၏။ သူသည် ထိုမြင်ကွင်းအား စိတ်ကူးထဲ‌၌ ပုံဖော်ရင်း မျှော်လင့်ချက်များကြီးထွားလာပြီး အလွန်အင်မတန်မှ စိတ်လှုပ်ရှားလာတော့သည်။

အချိန်အနည်းငယ်ခန့် ကြာပြီးနောက် သူသည် ပြန်လည်တည်ငြိမ် သွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာပညာရပ်အား လေ့လာရန် ကြိုးစားကြည့်လိုက်တော့သည်။ အကယ်၍ သူ ထိုကဲ့သို့ ကြိုးစားခဲ့ခြင်းမရှိပါက ကိစ္စမရှိပါသော်လည်း ယခုတွင်မူ ထို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်မှာ အလွန်အင်မတန်မှ ခက်ခဲနေကြောင်း သိလိုက်ရသဖြင့် အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။

ပထမဆုံးအဆင့်မှာ သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါ်ပေါက်လာအောင်လုပ်ရန် ဖြစ်သည်။ အမွေအနှစ်ထဲ၌ လိုက်နာရမည့်နည်းလမ်းများကို အတိအကျ ဖော်ပြထား၏။ ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းအတိုင်း တဝေမသိမ်း လိုက်လုပ်နေသည့်တိုင်အောင် ဘာလုပ်နေမှန်း မသိလောက်အောင် ဖြစ်ကာ မအောင်မြင်နိုင်ဘဲ ဖြစ်နေရ၏။

” တစ်ခုခုတော့ လွဲနေပြီ ” ဝမ်ပေါင်လဲ့မှာ ခေါင်းတကုတ်ကုတ်နှင့် တွေးတောနေ၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး အာရုံအပြည့်စိုက်ကာ ထိုအဆင့်များအား သူ၏စိတ်ကူးထဲ၌ ပုံဖော်နေလိုက်တော့သည်။ ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး နှစ်ပတ်တိတိကုန်ဆုံးသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား တိုးတက်လာအောင် လေ့ကျင့်နိုင်စွမ်းမရှိသေးပေ။

” ငါ အမွေအနှစ်ထဲက ညွှန်ကြားချက်တွေအတိုင်း တစ်ပုံစံတည်း လိုက်လုပ်နေတာပဲလေ ” ဝမ်ပေါင်လဲ့မှာ ဒေါသများထွက်လာရပြီဖြစ်သည်။ သူသည် ထိုနှစ်ပတ်အတွင်းတွင် ထို အမွေအနှစ်ကြီးအား ပို၍ပင် နားလည်လာ၏။ ထို့ကြောင့် သူသည် မှတ်တမ်းများထဲတွင်ပါရှိသော အဆင့်တစ်ဆင့်ချင်းစီတိုင်းအား အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်ကြောင်း သူ့ကိုယ်သူ အပြည့်အဝယုံကြည်ထားသည်။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုများမှာ သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်သွားသည့် ကျောက်တုံးကြီးတစ်တုံးကဲ့သို့ အရာမထင်ဘဲဖြစ်နေရ၏။

” ကြည့်ရတာ ငါအကူပစ္စည်းတစ်ခုခု လိုနေတာထင်တယ် ” ဝမ်ပေါင်လဲ့မှာ ပင်ပန်းနေသည့်ပုံဖြင့် မျက်မှောင်ကြုတ်ကာဆိုလိုက်၏။ ထို့နောက် သူသည် ထို အမွေအနှစ်အား လက်ဆင့်ကမ်းပေးခဲ့သည့် အစွမ်းထက် လူရိပ်ကြီးအား ပြန်၍ သတိရသွားတော့သည်။ ထို လူရိပ်ကြီးမှာ ယခုလိုဖြစ်လာအောင် ကြိုတင်ကြံစည်ခဲ့ခြင်း ဖြစ်ရပေမည်။ သူသည် ဝမ်ပေါင်လဲ့အား ထိုအမွေအနှစ်ကို လေ့လာရန်လိုအပ်သည့် အကူပစ္စည်းအား မပေးဘဲ တမင်တကာ ချန်ရစ်ထားခဲ့ခြင်းဖြစ်ရပေမည်။ ထို့ကြောင့်လည်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်မှာ လေ့လာရန် အလွန်အင်မတန်မှ ခက်ခဲလွန်းနေသည်ဖြစ်ပြီး သူသည် ၎င်းအား တိုးတက်လာအောင် လေ့ကျင့်နိုင်စွမ်းမရှိဘဲ ဖြစ်နေရခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သောအခါ စိတ်ဓာတ်ကျသွားရ၏။ သူ၏ရှေ့တွင် ရတနာများဖြင့် ပြည့်နှက်နေသည့်တောင်ကြီးတစ်လုံး ရှိနေပါသော်လည်း သူသည် ထိုရတနာများအား ထုတ်ယူနိုင်စွမ်းမရှိသည့်ပုံ ပေါက်နေတော့သည်။ သူသည် ထိုကဲ့သို့ ငြိမ်ခံနေရန် စိတ်ကူးမရှိဖြင့် အံကြိတ်ကာ မျက်လုံးများ မှိတ်လိုက်၏။ ထို့နောက် သူသည် အမွေအနှစ်ထဲတွင် ပါသည့် အကြောင်းအရာများကို ပြန်မှတ်မိအောင် လုပ်လိုက်ပြီး အကူပစ္စည်းနှင့်ပတ်သက်သည့် သဲလွန်စများကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဆက်လက်လေ့ကျင့်နေခဲ့၏။ မြည်းလေးမှာ သူ့အား ထိန်းကျောင်းမည့်လူ မရှိသောကြောင့် အစပိုင်းတွင် နှုတ်ဆိတ်ကာ လိမ်လိမ်မာမာ ရှိနေခဲ့ပါသော်လည်း သိပ်မကြာခင်တွင် ပို၍ ရဲတင်းလာတော့သည်။ ထို့ကြောင့် ၎င်းမှာ မီးပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့ပြီးနောက် အလျင်အမြန် ပြန်လည်ရောက်ရှိလာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ၎င်းအား အာရုံစိုက်နေခြင်းမရှိကြောင်း သိလိုက်ရဖြင့် မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပသွားပြီး မီးပင်လယ်ကြီးထဲသို့ ထပ်ခါတလဲလဲ ခုန်ဆင်းနေတော့သည်။

ထိုသို့ဖြင့် ၎င်း အိမ်ပြန်ရောက်လာသည့် အချိန်များမှာ တဖြည်းဖြည်းနှင့်ပို၍ နောက်ကျလာ၏။ မြည်းလေး၏ အမြင်တွင် ကျွန်းပေါ်‌တွင် ရှိနေရခြင်းမှာ မီးပင်လယ်ကြီးထဲတွင် ရှိနေရခြင်းလောက် ပျော်စရာမကောင်းပေ။ မီးပင်လယ်ကြီးထဲတွင် စားစရာမြောက်အမြား ရှိနေသည်ဖြစ်ပြီး သူ ရေဆာလာသည့် အချိန်တွင်လည်း ချော်ရည်ပူများကို သောက်သုံးနိုင်သည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သူ့အား စောင့်ကြည့်နေရန် အချိန်မရှိသည်ကို မြည်းလေးက တဖြည်းဖြည်းနှင့် ရိပ်မိလာတော့သည်။ ထို့ကြောင့် ၎င်းမှာ အထိန်းအကွပ်မရှိ သောင်းကျန်းနေပြီဖြစ်သည်။ ၎င်းမှာ အပြင်ဘက်သို့ ထွက်သွားသည့်အချိန်တိုင်း မီးပင်လယ်ကြီးထဲ၌ နှစ်ရက်မှ သုံးရက်အထိ ရှိနေခဲ့၏။ ထို့နောက် ၎င်းမှာ အလွန်အင်မတန်မှ အားရကျေနပ်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ရောက်လာတတ်သည်သာဖြစ်သည်။

သို့သော် ၎င်းမှာ အသက်ငယ်ရွယ်လွန်းနေပြီး ဝါနုနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့ ၎င်း၏ ခြေလှမ်းများအား မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့ပြီး ၎င်း အပြင်ဘက်မှ ပြန်လာချိန်တွင် အမူအရာများ ထူးဆန်းနေသည့်အချက်အား သတိထားမိနေခဲ့သည်ကို ရိပ်မိခြင်း မရှိသေးပေ။ မြည်းလေး၏ ကျေနပ်အားရမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည့် မျက်နှာမူအရာမှာ သိသာထင်ရှားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သတိမထားမိစရာအကြောင်း မရှိပေ။ ထို့အပြင်… မြည်းလေး ဝမ်ပေါင်လဲ့၏ နောက်ကွယ်၌ ခိုးကြောင်ခိုးဝှက်နှင့်လှုပ်ရှားဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်မဟုတ်ပေ။

” လစ်လိုက်တော့က ဒီလိုနေရာမှာတောင် ရည်းစားရှာတွေ့သွားတာလားဟ ” ဝမ်ပေါင်လဲ့မှာ လေ့ကျင့်နေရင်း သိချင်စိတ်များ ပြင်းပြလာရ၏။ မြည်းလေးမှာလည်း သင်ခန်းစာများ ရထားပြီးသားဖြစ်သောကြောင့် ပို၍ လိမ်မာပါးနပ်လာပြီဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ အာရုံအပြည့်စိုက်၍ လေ့ကျင့်နေသည့် အချိန်များကိုသာ စောင့်ဆိုင်းကာ မီးပင်လယ်ကြီးဆီသို့ တိတ်တိတ်ကလေး ထွက်ခွာသွားနေခြင်းဖြစ်သည်။

အကယ်၍ သူ၏ကျင့်ကြံခြင်းစွမ်းအားများသာ ပုံမှန် တိုးတက်နေခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏နောက်မှ တိတ်တိတ်ကလေးလိုက်ချောင်းကာ အခြေအနေများကို စုံစမ်းလိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် သူ၏ တိုးတက်မှုနှုန်းကြောင့် မခံမရပ်နိုင်လောက်အောင် ဖြစ်နေရသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုမြည်းလေးမှာ တစ်ခုခု ကြံစည်နေခြင်း ဖြစ်ကြောင်း သိထားသည့်တိုင်အောင် ၎င်းအား အာရုံစိုက်ရန် အချိန်မရှိဘဲဖြစ်နေရ၏။

သို့သော် ကျင့်ကြံခြင်းလောကထဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် သူ၏ အတွေ့အကြုံများကြောင့် ပြဿနာတစ်ခုအတွက် အဖြေရှာမတွေ့ပါက အခြားရှုထောင့်တစ်ခုမှနေ၍ စဉ်းစားကြည့်သင့်ကြောင်း သူက သိထား၏။ အထူးသဖြင့် ဉာဏ်အလင်းပွင့်ရန် လိုအပ်သည့် အမွေအနှစ်များအတွက် အသုံးပြုရသော အကူပစ္စည်းများနှင့် ပတ်သတ်လာလျှင် ထိုနည်းလမ်းမှာ အသုံးဝင်ပေသည်။ သူသည် ပြဿနာတစ်ခုတည်းအပေါ် အာရုံစိုက်နေ၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာနှင့် ပတ်သတ်၍ အချိန်အများကြီး အကုန်မခံတော့ဘဲ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်အား အချိန်ပိုပေး၍ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ထက် သိသိသာသာပို၍ လွယ်ကူ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လျှပ်စီးကိုယ်ပွားမှာ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်အပိုင်းတွင်လည်း လစ်ဟင်းနေခြင်းမရှိပေ။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်မလာခဲ့ခင်တုန်းက သူ၏ ဓားအိမ်လေးအား ဆဋ္ဌမအဆင့် လျှို့ဝှက်ဆန်းကြယ် ရတနာတစ်ခုအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့သည် မဟုတ်ပါလော။ ၎င်းမှာ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာရန် တစ်ဆင့်သာလိုတော့သည်။

ထိုအဆင့်မှာ အလွန်အင်မတန်မှခက်ခဲပြီး ‌လက်နက်သဲအပါအဝင် ကုန်ကြမ်းပစ္စည်းအမြောက်အမြား လိုအပ်ပေသည်။ သူ့ဆီတွင် တိုက်ပွဲရမှတ် အလုံအလောက်ရှိနေသရွေ့ ကုန်ကြမ်းပစ္စည်းပြဿနာအား ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ လက်ရှိ ကျွမ်းကျင်မှုအဆင့်အတန်းနှင့်ဆိုလျှင် ဓားအိမ်လေးအား သန့်စင်နိုင်ရန် ခက်ခဲနေဦးမည်မှာ အမှန်ပင်။

” ငါ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကို သန့်စင်နိုင်တဲ့အချိန်ရောက်ရင် ငါ့ရဲ့ ဓားအိမ်လေးကိုလည်း သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာအောင် အဆင့်မြှင့်တင်နိုင်လောက်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအားလုံး ဝယ်ယူရန် အသုံးပြုရမည့် တိုက်ပွဲရမှတ် အရေအတွက်အား တွက်ချက်ကြည့်လိုက်၏။ ထိုအခါ သူသည် အနည်းဆုံး တိုက်ပွဲရမှတ် ငါးသောင်းဝန်းကျင်ခန့် အသုံးပြုရမည်ဖြစ်ကြောင်း သိရှိသွားသည်။ ၎င်းမှာ အခြားသူများအတွက် ကြီးမားသော ငွေပမာဏ တစ်ခုဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ စာမဖွဲ့လောက်ပေ။

” အဆင်ပြေပါတယ်။ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကို အရင်ဆုံး စမ်းသန့်စင်ကြည့်ပြီးတော့ အဲဒီကနေရတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး ဓမ္မလက်နက်တွေကို ပိုပြီးတော့ ကျွမ်းကျင်လာအောင် လုပ်ရမယ် ” ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်သည်။ ထိုသို့ဖြင့် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အ‌မွေအနှစ်နှင့် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်တို့အား လေ့ကျင့်နေရာမှ အချိန်အနည်းငယ်ခန့် ဖဲ့ကာ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအား သန့်စင်ရန် ပြင်ဆင်လိုက်၏။

သူသည် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်မလာခဲ့ခင်တုန်းက နတ်ဘုရားစိတ်ဆန္ဒ‌ အကြွင်းအကျန်ပေါင်း မြောက်မြားစွာအား ဖမ်းဆီးနိုင်ခဲ့၏။ ထို့ကြောင့် သူ့ဆီတွင် ကုန်ကြမ်းပစ္စည်း အလုံအလောက်ရှိနေသရွေ့ ဓမ္မလက်နက်များအား သန့်စင်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။ သူသည် တိုက်ပွဲရမှတ် တစ်သောင်းတိတိ အသုံးပြုကာ ကုန်ကြမ်းပစ္စည်းအမြောက်အမြား ဝယ်ယူလိုက်ပြီးနောက် ဓမ္မလက်နက်များ စတင်သန့်စင်နေလိုက်တော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လက်ရှိတံခါးပိတ်ကျင့်စဉ်ကြီးမှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။ သူ ထိုကဲ့သို့ လေ့ကျင့်နေခဲ့သည်မှာ နှစ်လတိတိ ရှိနေပြီ ဖြစ်၏။ ထိုကဲ့သို့ လေ့ကျင့်မှုများကြောင့် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား လေ့ကျင့်ရာ၌ အခက်အခဲတွေ့နေရဆဲ ဖြစ်သည့်တိုင်အောင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်အား ပိုမိုကျွမ်းကျင်လာပြီး သူ၏ ခန္ဓာကိုယ်အစစ်ဆီမှ ခွဲထွက်သွားနိုင်သည့် လျှပ်စီးကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်စွမ်းရှိနေပြီဖြစ်သည်။

ထိုကိုယ်ပွားမှာ လျှပ်စီးများဖြင့် ဖန်တီးဖွဲ့စည်းထားခြင်းဖြစ်ပြီး ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်ပြင်အစစ်နှင့် လုံးဝမတူညီဘဲ ကွဲပြားနေသည်။ သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့၏ တိုက်ခိုက်ရေးစွမ်းရည်များ၏ စုစုပေါင်း၏ သုံးပုံပုံတစ်ပုံခန့်ကို ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသည့်လူများထက် ပို၍အစွမ်းထက်သောကြောင့် အကယ်၍ သူ၏ လျှပ်စီးကိုယ်ပွားမှာ သာမန် အစောပိုင်း အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်လိုက်ပါက ဆယ်ကြိမ်တွင် ရှစ်ကြိမ်၊ကိုးကြိမ်ခန့် အနိုင်ရနေမည် ဖြစ်သည်။

သူ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ထဲ၌ လေ့လာဖတ်ရှုထားသည့် အချက်အလက်များအရဆိုလျှင် သူသည် ဆက်လက်လေ့ကျင့်နေပြီး သူ၏ ကိုယ်ပွားအား ပိုမိုအစွမ်းထက်လာအောင် လုပ်ပေးနေသရွေ့ နောက်ဆုံးတွင် ၎င်း၏ ပုံပန်းသွင်ပြင်နှင့် စွမ်းအင်များမှာ သူနှင့် တစ်ထေရာတည်း တူညီသွားမည် ဖြစ်သည်။ ၎င်းမှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်များကို အပြည့်အဝ ပိုင်ဆိုင်သွားမည်လည်း ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် သာမန်လူတစ်ယောက်မှာ သူနှင့် သူ၏ကိုယ်ပွားတို့အား ခွဲခြားနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ အစွမ်းထက်လာမည်မှာ မလွဲဧကန်ပင်။

သူ၏ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်မှာ တိုးတက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်သက်သာရာရသွား၏။ သို့သော် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်မှာ တိုးတက်မှု လုံးဝမရှိသေးသောကြောင့် သူသည် အပြည့်မဝ မပျော်နိုင်ဘဲဖြစ်နေရ၏။ ထို့အပြင် သူသည် အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအား ဖန်တီးသန့်စင်နိုင်ရန် ကြိုးစားခဲ့ပါသော်လည်း တစ်ကြိမ်ပင် မအောင်မြင်သေးပေ။ နောက်ဆုံးအဆင့် အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်တိုင်း သူ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ ကျရှုံးသွားခဲ့ရသည့်ဖြစ်၍ တစ်ခါသုံး ဓမ္မလက်နက်များသာ ထွက်ပေါ်လာခဲ့၏။

ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်ရင်း ထပ်ခါတလဲလဲ ကြိုးစားခဲ့ပြီးနောက် သူ့ပြဿနာ၏ မူလရင်းမြစ်အား ရှာဖွေတွေ့ရှိသွား၏။ သို့သော် ၎င်းမှာ သူ အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့် ပြဿနာမျိုး မဟုတ်ပေ။ ထို့ကြောင့် သူသည် ခေါင်းယမ်းကာ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခု သန့်စင်ဖန်တီးလိုသည့် သူ၏ အစီအစဉ်အား နောက်ဆုတ်ထားလိုက်ရတော့သည်။

” သန့်စင်ခြင်းလုပ်ငန်းစဥ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်တိုင်း ငါ့ရဲ့အတွေးတွေက ကမောက်ကမတွေဖြစ်ကုန်တာ။ အဲတာ ငါ့ရဲ့ ဝိညာဉ်အာရုံခံနိုင်စွမ်းတွေက အစွမ်းမထက်သေးလို့ပဲ ဖြစ်ရမယ်။ အဲ့တာကြောင့်မလို့ ငါ အဆောင်ပစ္စည်းတွေကို နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒ အကြွင်းအကျန်တွေနဲ့ ပေါင်းစည်းဖို့ ကြိုးစားလိုက်တဲ့အချိန်တိုင်း မတည်မငြိမ်ဖြစ်သွားရတာ။ အဲ့တာမလို့ ငါက မအောင်မြင်နိုင်ဘဲနဲ့ တစ်ခါပဲ သုံးလို့ရတဲ့ ဓမ္မလက်နက်တွေကိုပဲ ဖန်တီးမိနေတာ ”

” အဋ္ဌမအဆင့် ဓမ္မလက်နက်တွေကို သန့်စင်နိုင်ခဲ့တဲ့ ပြည်ထောင်စုကြီးထဲက အကြီးအကဲကြီးတွေ ဒီပြဿနာကို ဘယ်လိုများဖြတ်ကျော်ခဲ့တာပါလိမ့် ” ဝမ်ပေါင်လဲ့မှာ နဖူးကိုပွတ်ကာ စဉ်းစားတွေးတောနေ၏။ သူသည် ဤပြဿနာကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ရှိရမည်ဖြစ်ကြောင်း ယုံကြည်ထား၏။ သို့သော်လည်း သူသည် ထိုကျွန်းပေါ်၌ ဘာမှလုပ်၍ရမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် မီးစိမ်းကျွန်းပေါ်မှ ထွက်ခွာလာပြီး ကျယ်ပြန့်ပညာရပ်အဆောင်ဆီသို့ ဦးတည်သွားလိုက်၏။ သူသည် ထိုအဆောင်တွင် ထိုကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များ ရှိနေမည်လောဟု စုံစမ်းကြည့်ချင်နေခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သတ်သည့် အချက်အလက်နှင့် ဖြေရှင်းနည်းမျိုးစုံ ရှိနေ၏။ သို့သော် ထို ဖြေရှင်းနည်းများမှာ မိမိ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို လေ့ကျင့်ပေးနိုင်သည့် ရတနာများအားဖန်တီးရန်နှင့် ပညာရပ်များအား လေ့ကျင့်ရန်သာ အကြံပေးထားကြခြင်းဖြစ်သည်။ ထို ပညာရပ်တစ်ခုချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ဈေးကြီးပေသည်။ ဈေးအချိုဆုံး ပညာရပ်တစ်ခုပင်လျှင် တိုက်ပွဲရမှတ် အမှတ်တစ်သောင်းကျော် တန်ကြေးရှိနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။ သူသည် သူ၏ တိုက်ပွဲရမှတ်များနှင့် မခွဲနိုင်ပေ။

” ငါ့နည်းငါ့ဟန်နဲ့ အဖြေရှာမတွေ့နိုင်ဘူးဆိုတာ မယုံဘူးဟေ့။ ငါက အမြဲတမ်း ကိုယ်အားကိုယ်ကိုးခဲ့တဲ့ကောင်ကွ။ မရရတဲ့နည်းနဲ့ အဖြေရှာပြမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးကာ မီးစိမ်းကျွန်းဆီသို့ ပြန်ရောက်လာ၏။ သူသည် ဂူဗိမာန် အပြင်ဘက်တွင်ရပ်ကာ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးအား ငေးကြည့်နေရင်း စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ ရိုးသားဖြောင့်မတ်မှု အပြည့်ရှိသော လေသံဖြင့် စိတ်ထဲ၌ လှမ်းခေါ်လိုက်တော့သည်။

” ရုပ်ရည်ချောမောလှပသလို ဉာဏ်ပညာလည်း ထက်မြက်တဲ့ မမလေး ရှိလားဗျ ”

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စောင့်ဆိုင်းပြီးသွားသည့်တိုင်အောင် မမလေးဆီမှ မည်သည့်တုံ့ပြန်မှုမှ ပြန်မရသဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ နောက်ထပ်တစ်ကြိမ် ထပ်ခေါ်ကြည့်လိုက်၏။

” ရုပ်ရည်ချောမောလှပသလို ဉာဏ်ပညာလည်း ထက်မြက်ပြီး တုနိုင်းမမီတဲ့ မမလေး ရှိရဲ့လားဗျ ”

သို့သော် မမလေးမှာ အကြောင်းမပြန်သေးပေ…

” မိန်းကလေးတိုင်းထက် သာလွန်ပြီးတော့ ဘယ်သူမှ မယှဉ်နိုင်တဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားပြီး ကဗျာတွေ၊ စာတွေထဲမှာ နာမည် ထာဝရ တွင်ကျန်ရစ်နေမယ့် စကြာဝဠာကြီးတစ်ခုလုံးထဲက အချောဆုံးအလှဆုံး မမလေးရေ။ ရှိရဲ့လားဗျ ”

” ရှိပါ့ ” ထိုအခါမှသာ မမလေးမှာ ချောင်းဟန့်လိုက်ပြီး ပျော်ရွှင်ကျေနပ်နေသည့် လေသံဖြင့် ပြန်ထူးလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset