Switch Mode

အခန်း (၅၄၁)

အန္တရာယ်ကြီးတစ်ခု

လျန်လုံမှာ ဝမ်ပေါင်လဲ့၏ ပြောစကားများကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားရတော့သည်။ သူ၏ အသိစိတ်မှာလည်း နိုးနိုးကြားကြား ဖြစ်သွား၏။ ထို့နောက် သူ၏အမှားကို ရိပ်မိသွားသောအခါ တစ်ခဏမျှ အသက်ရှူသံများ ရပ်တန့်သွားတော့သည်။ သူသည် သူ၏စကားကို ပြင်ပြောရန် ကြိုးစားလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အရူးလုပ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ယခုမှ ပြန်၍ အဖတ်ဆယ်နိုင်တော့မည် မဟုတ်ပေ။ သူ ထိုကဲ့သို့ ထိတ်ထိတ်ပျာပျာ ဖြစ်နေစဉ် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် မြဲ့လျဲ့ကျိမှာ ခေါင်းယမ်းလိုက်၏။

” လျန်လုံ။ မင်း မင်းရဲ့ အမှားကို သိပြီလား ”

” ကျွန်တော်… ” လျန်လုံမှာ ကြက်သေသေသွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ဖုန့်ချိုးရန်၏အနီးသို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်၏။ ဖုန့်ချိုးရန်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပါသော်လည်း အနည်းငယ်ခန့် မျက်လုံးများမှေးသွားပြီး မြဲ့လျဲ့ကျိအား စိုက်ကြည့်နေလိုက်တော့သည်။

” မင်းရဲ့အမှားက ကျိုးကြောင်းဆီလျော်မှုမရှိတာပဲ။ မင်းဘက်က မှန်နေဖို့ လိုတယ်ကွ ” မြဲ့လျဲ့ကျိမှာ စိတ်ပျက်သွားသည့် မျက်ဝန်းများဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်အား မြှောက်ကာ ဝမ်ပေါင်လဲ့အား လှမ်းဆွဲလိုက်တော့သည်။

ထိုအခါ လေပြင်းများ တိုက်ခတ်လာပြီး မိုးကောင်းကင်ကြီး၏ အရောင်များမှာ ပြောင်းလဲသွားသလို တိမ်တိုက်များမှာလည်း တလိပ်လိပ် ထလာတော့သည်။ သူတို့၏ ပတ်ပတ်လည်တွင်ရှိနေသော မီးပင်လယ်ကြီးမှာလည်း ပေါက်ကွဲသွား၏။ ထို့နောက် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသည့် စွမ်းအားတစ်မျိုးမှာ လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ အရာအားလုံးကို ဆုတ်ဖြဲပစ်တော့မည့်ပုံစံဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်တိုက်ခတ်လာပြီး သူ့အား ဝါးမျိုရန် ပြင်လိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရ၏။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ဖိနှိပ်ချုပ်တည်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားနိုင်စွမ်းမရှိဘဲ ဖြစ်သွားရတော့သည်။ သူနှင့် မြဲ့လျဲ့ကျိတို့၏ ကြားတွင် မျက်လုံးဖြင့် မမြင်နိုင်သော ချောက်နက်ကြီးတစ်ခု ခြားနေသကဲ့သို့ ဖြစ်နေ၏။ ဤကမ္ဘာကြီးထဲတွင် မြဲ့လျဲ့ကျိမှာ နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေတော့သည်။

ကံကောင်းစွာဖြင့် ထိုနေရာ၌ ရှိနေသည့် နတ်ဘုရားမှာ မြဲ့လျဲ့ကျိတစ်ယောက်တည်း မဟုတ်ပေ။ ဖုန့်ချိုးရန်လည်း ရှိနေသေးသည် မဟုတ်ပါလော။

ဖုန့်ချိုးရန်မှာ မြဲ့လျဲ့ကျိ တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသည်နှင့် သူမ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထို့နောက် သူမသည် မြဲ့လျဲ့ကျိအား လက်ညှိုးထိုးလိုက်သောအခါ သူမ၏ ခြေထောက်အောက်တွင် ရေလှိုင်းများ ချက်ချင်းပေါ်ပေါက်လာတော့သည်။ ၎င်းတို့မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားကြပြီး မျက်စိတစ်မှိတ်အတွင်းတွင် သမုဒ္ဒရာကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားကြ၏။ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေကြသည့် လှိုင်းလုံးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး မြဲ့လျဲ့ကျိနှင့် အားပြိုင်နေကြသဖြင့် နားစည်များပင် ကွဲအက်သွားစေနိုင်သော ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ လျန်လုံမှာလည်း ထိုနည်းတူပင်။ သူသည် သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်များထဲမှ သွေးများ စီးကျလာသည်ကို အာရုံခံမိလိုက်ပြီး ဒယိမ်းဒယိုင်ဖြစ်ကာ မြေကြီးပေါ်သို့ အချိန်မရွေး လဲကျသွားတော့မည့်အလား ဖြစ်နေ၏။ မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့သာလျှင် မားမားမတ်မတ် မတ်တတ်ရပ်နေနိုင်စွမ်း ရှိပေသည်။ သူတို့၏ အဝတ်အစားများပင်လျှင် လေထဲ၌ လူးလွန့်နေခြင်း မရှိကြပေ။ သူတို့၏ ခြေထောက်အောက်တွင်ရှိနေသော လူမနေသည့် ကျွန်းကြီးမှာမူ… တစ်စစီကြေမွသွားပြီး ရှေးဟောင်းဓားကြီးပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်ကာ ကြက်သေသေသွားရတော့သည်။ ၎င်း၏ နေရာ၌ မီးပင်လယ်ကြီး စီးဆင်းဝင်ရောက်လာ၏။ ထိုကျွန်းကြီးမှာ ဤနေရာ၌ လုံးဝမရှိခဲ့သည့်အလား ဖြစ်သွားတော့သည်။

” ဝမ်ပေါင်လဲ့။ မင်းက တစ်ပေါက်နှစ်ပေါက်ရိုက်ပြီး အပြစ်လွတ်အောင် ပြောနိုင်တော့ရော ဘာလုပ်ရမှာလဲ ” မြဲ့လျဲ့ကျိမှာ လေထဲတွင်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း အေးစက်စက်မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။

” မှတ်ထား။ မင်း ငါ့တပည့်ကို ထပ်ပြီးတော့ လှည့်စားရဲမယ်ဆိုရင် ဒီကျွန်းလို ဖြစ်သွားမယ် ” မြဲ့လျဲ့ကျိမှာ ထိုသို့ဆိုလိုက်ပြီး ဖုန့်ချိုးရန်အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်သွားပြီး အပြင်းအထန် ဒဏ်ရာရထားကာ သတိမေ့မျောနေသော လျန်လုံအား ခေါ်ဆောင်သွားပြီးနောက် အစအနရှာမရအောင် ပျောက်ကွယ်သွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွားပြီး ဖုန့်ချိုးရန်မှာမူ မျက်လုံးများမှိတ်သွား၏။ အချိန်အတော်အတန် ကြာပြီးမှ သူမသည် တဖြည်းဖြည်းနှင့် မျက်လုံးများ ပြန်ပွင့်လာတော့သည်။ သူမသည် စကားပြောရန် ပြင်နေသည့်ပုံ ပေါ်ပါသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှ မပြောလိုက်ပေ။ သူမ၏ မျက်ဝန်းများထဲတွင် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတွင် သူမသည် သက်ပြင်းများချကာ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက်သာ လေထဲတွင် အချိန်အတော်အတန်ကြာအောင် ရစ်ဝဲနေရင်း ကျန်ရစ်ခဲ့တော့သည်။ သူသည် မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့ ထွက်ခွာသွားသည့် အရပ်မျက်နှာဘက်သို့ ငေးကြည့်နေ၏။ တစ်အောင်ခန့်ကြာပြီးနောက် သူသည် မျက်လုံးများ မှေးသွားရတော့သည်။

” တခြားသူတွေထက် ကိုယ့်ကိုယ့်ကိုယ် အားကိုးတာပဲ ပိုကောင်းပါတယ်လေ။ အကြီးအကဲဖုန့်က သိပ်မွေ့လွန်းနေတယ်။ သူက ပြည်ထောင်စုကြီးအတွက် အကောင်းဆုံး လက်တွဲဖော် ဖြစ်နိုင်ပေမယ့် ငါ အားကိုးလို့ရတဲ့ လူစားမျိုးတော့ မဟုတ်ဘူး ”

” နောက်ဆုံးတော့လည်း ငါ့ကိုယ်ငါ အားကိုးရတာပါပဲ… ဝိညာဉ်ကြားခံနယ်အဆင့်တဲ့လား။ တကယ်လို့ စောစောတုန်းက သူသာ ငါ့ကို တကယ်သတ်ရဲခဲ့မယ်ဆိုရင် ငါက မမလေးကို ဆင့်ခေါ်လိုက်ပြီးတော့ ဓားကိုယ်ထည်ပိုင်းထဲထိ မရောက်ရောက်အောင် ထွက်ပြေးသွားဖို့ ကြံထားပြီးသား ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျယ်ပြန့်တာအိုနန်းတော်ဆီသို့မဟုတ်ဘဲ မီးစိမ်းကျွန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ကျွန်းပေါ်သို့ ပြန်ရောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး စဉ်းစားခန်း ဖွင့်နေလိုက်တော့သည်။ မြဲ့လျဲ့ကျိ၏ နောက်ဆုံးတိုက်ကွက်ကြီးမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထိုစဉ်တုန်းက သူသည် မိုးကောင်းကင်ကြီးတစ်ခုလုံး သူ့အပေါ်ကို ပိကျလာသကဲ့သို့ ခံစားခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ကျင့်ကြံခြင်းအဆင့်အား တိုးတက်လာအောင်လုပ်ရန် ဆန္ဒများ ပြင်းပြလာရတော့သည်။

” ငါ ယွမ်ယင်အဆင့်ကို အမြန်ဆုံးရောက်မှဖြစ်မယ်။ အဲ့အချိန်ရောက်ရင် ငါ အမှောင်အဆောင်ပစ္စည်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိသွားမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ပြီး ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်အား မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေးလွှာကို ထုတ်ယူလိုက်ပြီး ထိုပညာရပ်၏ ဒုတိယအဆင့်အား လေ့လာဖတ်ရှုလိုက်တော့သည်။

ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်တွင် သူသည် တိုက်ရည်ခိုက်ရည်အချို့ ပိုင်ဆိုင်ထားသော လျှပ်စီးကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။ သူသည် ထိုလျှပ်စီးကိုယ်ပွားအား သူ၏ခန္ဓာကိုယ်ထဲ၌ ပြုစုပျိုးထောင်ကာ အစွမ်းထက်လာအောင်လုပ်ပေးရမည် ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းမှာ ခန္ဓာကိုယ်အစစ်၏ အစွမ်းအကုန်လုံးအား ထုတ်သုံးနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

သို့သော် ထိုကိုယ်ပွားသာ ဖျက်ဆီးခံလိုက်ရမည်ဆိုပါက သူ၏ ခန္ဓာကိုယ်အစစ်မှာ ထိခိုက်ဒဏ်ရာများစွာ ရရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် ထိုလျှပ်စီးကိုယ်ပွားမှာ အားသာချက် အားနည်းချက်ကိုယ်စီ ရှိနေ၏။ သို့သော် ဝမ်ပေါင်လဲ့၏ အမြုတေမှာ အခြားသူများနှင့်မတူပေ။ ထို့ကြောင့် သူ၏ လျှပ်စီးကိုယ်ပွား ထိခိုက်ပျက်စီးသွားပါက ကြုံတွေ့ခံစားရမည့် ဝေဒနာများမှာ အတိုင်းအတာတစ်ခုအထိ ပြင်းထန်နေလျှင်တောင် လွန်လွန်ကျူးကျူး ဖြစ်နေမည်မဟုတ်ဟု သူက ယုံကြည်ထားသည်။ သူသည် ထိုဝေဒနာများအား တောင်ခံနိုင်စွမ်း ရှိနေလောက်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူသည် မျက်လုံးများမှိတ်လိုက်ပြီး တရားထိုင်ကာ ထာဝရလျှပ်စီးအသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်အား စတင်လေ့ကျင့်လိုက်တော့သည်။ ထို့အပြင် သူသည် ယခင်တုန်းကရရှိခဲ့သော ဆေးလုံးများကိုလည်း အဆက်မပြတ် သောက်သုံးနေခဲ့၏။ ထို့ကြောင့် သူ၏ အလယ်အလတ် အမြုတေအဆင့်မှာ တဖြေးဖြေးနှင့် ပို၍တည်ငြိမ်လာပြီး နှောင်းပိုင်း အမြုတေအဆင့်ဆီသို့ ချဉ်းကပ်လာတော့သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး တစ်လတိတိ ကုန်ဆုံးသွား၏။ ထိုတစ်လအတွင်းတွင် လျန်လုံမှာ အမြဲစိမ်းကျွန်းဆီသို့ ပြန်ရောက်လာခဲ့ခြင်းမရှိပေ။ မြဲ့လျဲ့ကျိမှာ ဝမ်ပေါင်လဲ့အား သတိပေးထားသည့်တိုင်အောင် လျန်လုံမှာ ဝမ်ပေါင်လဲ့ အသုံးပြုသော တိုက်ကွက်များကို ကြောက်ရွံ့နေပြီဖြစ်သောကြောင့် သူ့အား ခပ်ဝေးဝေးမှရှောင်ရန် ဆုံးဖြတ်ထားတော့သည်။

တစ်ညတွင် ထူးဆန်းအံ့ဖွယ်ကြိုးကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြန်လည်ရောက်ရှိလာ၏….

မြည်းလေးနှင့် ပတ်သတ်သည့် ကိစ္စတစ်ခုလည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ သူသည် မည်သည့်အချိန်အထိ လေ့ကျင့်နေမည်ကို မသိသောကြောင့် မြည်းလေးအား အစာရှာစားခွင့်ပေးရန် တောထဲသို့ လွှတ်လိုက်၏။ ထိုမြည်းလေးမှာ အမြုတေထိပ်ဆုံးအဆင့်‌ မြွေပွေးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိနေသည် မဟုတ်ပါလော။ ထို့‌ကြောင့် ၎င်းမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်သည့် သတ္တဝါကြီးများကို ရန်မစမိသရွေ့ သူ့ကိုယ်သူ ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။

မြည်းလေးမှာ သခင်၏လက်မှ လွတ်လာသဖြင့် စိတ်လှုပ်ရှားနေရ၏။ ၎င်းမှာ အစာငတ်၍ သေတော့မည့်အလား ခံစားနေခဲ့ရသည်။ ထို့ကြောင့် ၎င်းမှာ အပြင်သို့ရောက်လာချိန်တွင် ချက်ချင်းပင်ပြေးထွက်သွားပြီး ကျောက်တုံးများကိုကိုက်ကာ သစ်ပင်များနှင့် မြက်ပင်များကို ဝါးစားနေတော့သည်။ ၎င်းမှာ အလွန်အင်မတန်မှ ဆာလောင်မွတ်သိပ်နေသောကြောင့် အဝင်ဆိုးသော ချော်ရည်ပူများကိုပင် သောက်သုံးလိုက်သေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား လျစ်လျူရှုလိုက်ပြီးနောက် သူ၏ တံခါးပိတ်ကျင့်စဉ်ကို စတင်လိုက်တော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ တရားထိုင်နေသည့် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး အရေအတွက် များများလာတော့သည်။ ထို့နောက် သူနှင့် ပုံစံတူ ကိုယ်ပွားတစ်ခု တဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်အစစ်ပေါ်တွင် ဖုံးအုပ်သွားတော့သည်။

ထို့ကြောင့် သူသည် သူနှင့် ပုံစံတူ ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။

ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်အား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လိုပါက အချိန်ပေးရန်လိုအပ်ပေသည်။ သူသည် သူ့ကိုယ်ပွား၏ ကနဦးရှေ့ပြေးပုံစံတူတစ်ခုကိုသာ ဖန်တီးနိုင်စွမ်းရှိသေးသည်။ သူသည် ထိုကဲ့သို့ ဆက်လက်လေ့ကျင့်နေရင်း ယွင်ဖျောင်ကျိဆီမှ သတင်းကောင်းများကို လက်ခံရရှိလိုက်၏။

သူသည် ဝမ်ပေါင်လဲ့ တည်ဆောက်ထားသော ဝိညာဉ်လှေများအတွက် ငွေကြေးထိုက်ထိုက်တန်တန်ပေးကာ ကမ်းလှမ်းခဲ့သည့် အဝယ်တော်တစ်ယောက်အား ရှာတွေ့သွားပြီဖြစ်သည်။ ထိုအဝယ်တော်မှာ သူ၏ လှေများအားလုံးကို ဝယ်ယူရန် ဆန္ဒရှိနေ၏။ သူ ကမ်းလှမ်းသော ဈေးနှုန်းမှာလည်း ဝမ်ပေါင်လဲ့ ထိုလှေများကို တည်ဆောက်ခဲ့ရစဉ်တုန်းက ရင်းနှီးစိုက်ထုတ်ခဲ့ရသည့် ငွေကြေးပမာဏနှင့် အတူတူနီးပါး ရှိနေ၏။ သူသည် ဝိညာဉ်လှေတစ်စင်းချင်းစီအတွက် တိုက်ပွဲရမှတ် အမှတ်သုံးရာတိတိ ပေးမည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရပြီး ယွင်ဖျောင်ကျိနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လိုက်၏။ ထို့နောက် သူသည် လှေအနည်းငယ်ခန့် ချန်ထားလိုက်ပြီးနောက် ကျန်ရှိနေသော လှေများအားလုံးကို ရောင်းချလိုက်တော့သည်။ ထိုသို့ဖြင့် သူသည် တိုက်ပွဲရမှတ် အမှတ်တစ်သောင်းခြောက်ထောင်ကျော် ရရှိသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များအား ထုံးလိုချေ ရေလိုနှောက်အောင် ဖတ်ရှုထားသည်မဟုတ်ပါလော။ သူသည် ထိုအမြတ်အစွန်းအားလုံးကို သူတစ်ယောက်တည်း မောင်ပိုင်မစီးသင့်ကြောင်း နားလည်ထား၏။ ထို့ကြောင့် သူသည် ကျေးဇူးတင်ကြောင်း အသိပေးလိုသည့်သဘောဖြင့် ယွင်ဖျောင်ကျိအား တိုက်ပွဲရမှတ် အမှတ်သုံးထောင်တိတိ ပေးပို့လိုက်တော့သည်။ ထို့အပြင် သူသည် တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်ကိုပါ ဘေးဖယ်ထားလိုက်ပြီး ၎င်းတို့အား သူ၏ မျိုးနွယ်တူအစ်ကိုဆိုသည့် သက်လတ်ပိုင်းလူကြီးဆီသို့ ပို့ပေးရန် ယွင်ဖျောင်ကျိအား တောင်းဆိုလိုက်သေးသည်။ ထိုလူကြီးမှာ လွန်ခဲ့သည့် တစ်လကျော်တုန်းက သူ့အား သတိပေးခဲ့သည် မဟုတ်ပါလော။ ( အပိုင်း ၅၃၉မှာတုန်းက သူ့ကိုလာဖမ်းတုန်း သတိပေးခဲ့တဲ့ လူကြီးကို ပြောတာပါ။ အဲ့တုန်းက clansman နဲ့ classmate မှားဖတ်မိလို့ အတန်းဖော်ဆိုပြီး မှားပြီးဘာသာပြန်မိခဲ့လို့ )

ယွင်ဖျောင်ကျိမှာ ထိုစကားများကို ကြားလိုက်သောအခါ အလွန်အင်မတန်မှ စိတ်ကျေနပ်သွားရ၏။ သူသည် သူနှင့် ဝမ်ပေါင်လဲ့၏ ကြားမှ ဆက်ဆံရေးအား ပိုမိုတိုးတက်လာအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေတော့သည်။ သူ၏ မျိုးနွယ်စုတူအစ်ကိုမှာလည်း ထိုတိုက်ပွဲရမှတ်များကို ရရှိလိုက်သောအခါ ပြုံးမိသွား၏။ သူသည် ပြည်ထောင်စုကြီးဆီမှ ကျင့်ကြံသူများအား သဘောကျနှစ်သက်ခြင်းမရှိသေးပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့အပေါ် အမြင်များပြောင်းသွားရပြီဖြစ်သည်။

” ဒီကောင်လေးက ကျင့်ကြံခြင်းအဆင့်ရော၊ လိမ္မာပါးနပ်မှုရော၊ ဖြတ်ထိုးဉာဏ်ရော ပိုင်ဆိုင်ထားတာပဲ…. ဝမ်ပေါင်လဲ့ဆိုတဲ့ ကောင်လေးက သာမန်လူတစ်ယောက်တော့ မဟုတ်ဘူး ”

ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ချမ်းသာကြွယ်ဝမှုများ တိုးတက်လာသောကြောင့် သူ၏လက်ထဲတွင် ရှိနေသည့် တိုက်ပွဲရမှတ် အမှတ်သုံးသောင်းကျော်အားကြည့်ရင်း ပီတိဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ဆက်၍ တံခါးပိတ်လေ့ကျင့်နေလိုက်၏။ သူသည် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်ကိုသာမက နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအ‌မွေအနှစ်ကိုလည်း လေ့လာနေခဲ့သေးသည်။

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် လေ့လာကြည့်လိုက်ပြီးနောက် ထိုအမွေအနှစ်ကြီး၏ အကြောင်းကို နားလည်သွားတော့သည်။ နားလည်လွယ်အောင် ဖော်ပြရမည်ဆိုပါက ၎င်းမှာ သူ၏ လက်ရှိ အပြင်ခန္ဓာကိုယ်၏ အပြင်ဘက်တွင် အသွေးအသားများပါသည့် နောက်ထပ်ခန္ဓာကိုယ်တစ်ခုအား ဖန်တီးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုအ‌မွေအနှစ်မှာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ဒုတိယအဆင့်နှင့် ဆင်တူနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင် တူညီမှုမရှိပေ။

လျှပ်စီးကိုယ်ပွားမှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်ပါသောလည်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမှာ ခန္ဓာကိုယ်အစစ်တစ်ခု ဖြစ်သည်။

လျှပ်စီးကိုယ်ပွားအား ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်လွှတ်ရသည် ဖြစ်ပါသော်လည်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမှာမူ မိမိ၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွားမည်ဖြစ်သည်။

နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ အပြင်ခန္ဓာကိုယ်ဟုဆိုသော အရာမှာ တင်စားမှုတစ်ခုသာဖြစ်သည်။ အမှန်တွင် သူသည် သူ၏ ခန္ဓာကိုယ်အစစ်အား ဖုံးအုပ်ပေးမည့် အသွေးအသားဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ပေါက်လာအောင်လေ့ကျင့်ရမည်ဖြစ်သည်။

၎င်းမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာပင် ဖြစ်သည်။

ထိုအ‌မွေအနှစ်၏ ပထမဆုံးအဆင့်မှာ သူ၏ အရေပြားပေါ်၌ သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါ်ပေါက်လာအောင် ပြုလုပ်ရန်ဖြစ်သည်။ ၎င်းတို့မှာ နွယ်ပင်များကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားမည်ဖြစ်ပြီး အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။

ထိုသို့ပြုလုပ်နိုင်ပါက နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ပထမအဆင့် အောင်မြင်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအဆင့်အား သူ၏စိတ်ကူးထဲ၌ ပုံဖော်ကြည့်လိုက်၏။ ထိုအခါ သူသည် ထိုအဆင့်သို့ ရောက်သွားပါက သူ၏ပုံစံမှာ ကျောချမ်းဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေမည်ဖြစ်ကြောင်း တွေးနေမိတော့သည်။

ဒုတိယအဆင့်မှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ အရိုးဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာအောင်ပြုလုပ်ရန်ဖြစ်သည်။ သူသည် သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် ပေါင်းစည်းသွားမည့် အရိုးများ ထွက်ပေါ်လာအောင် လေ့ကျင့်ရမည်ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်မှာ သူ၏ ခန္ဓာကိုယ်အစစ်ပေါ်၌ အရိုးများထွက်လာအောင် လုပ်ရခြင်း ဖြစ်ပေသည်။ ထိုအဆင့်သို့ရောက်လျှင် သူ၏ ဒဏ်ခံနိုင်စွမ်းများမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် မြင့်မားနေမည်မှာ မလွဲဧကန်ပင်။

နောက်ဆုံး သူ၏ ခန္ဓာကိုယ်အစစ်ပေါ်၌ အသွေးအသားဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာတစ်စုံ ပေါ်ပေါက်လာချိန်တွင် သူသည် ထိုအ‌မွေအနှစ်အား ကျွမ်းကျင်တတ်မြောက်သွားပြီး နောက်ဆုံးအဆင့်သို့ ရှိသွားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်သွားစေသည့်အချက်မှာ ထိုအမွေအနှစ်မှ ပေးစွမ်းမည့် ဆတိုးစွမ်းအားများပင် ဖြစ်သည်။

” ဒီအဆင့်သုံးဆင့်က ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ လုံးဝမဆိုင်ဘူး။ တစ်ဆင့်တစ်ဆင့် တိုးတက်လာတိုင်း ကိုယ့်ရဲ့စွမ်းအားတွေကို သုံးဆ၊ ခြောက်ဆ၊ ကိုးဆဆိုပြီး အသီးသီး တိုးတက်သွားမှာ “

Comment

Leave a Reply

Options

not work with dark mode
Reset