Switch Mode

အခန်း ( ၃၆၃ )

တစ်ခုဆို လုံလောက်ပါတယ်

အမွေအနှစ်နယ်မြေတွင် ယခုလောလေဆယ်၌ ကောင်းကင်နှင့်မြေပြင်တစ်ခွင် အမှောင်ထုများက ဖုံးအုပ်ထားသည်။

ကောင်းကင်မှာ မီးခိုးရောင်မှိုင်းနေပြီး ၎င်း၏အောက်ဖက်တွင် ဖြန့်ကျက်ထားသော မှောင်မည်းနေသည့်နယ်မြေများနှင့် ဆက်စပ်မှုရှိလေသည်။ သို့သော်လည်း အမှောင်ထုကိုဖျက်လိုဖျက်စီးလုပ်သွားသည်မှာ နေရာအနှံ့အပြား၏ရှုထောင့်အမျိုးမျိုးမှ ထိုးထွက်လာသော အလွန်တောက်ပသည့်အလင်းတန်းများဖြစ်လေသည်။

ထိုအလင်းတန်းများအားလုံးထဲတွင် ကျင့်ကြံသူများပါဝင်ပြီး သူတို့ဆီမှအလင်းတောက်ပမှုက သူတို့ပတ်လည်ရှိ မှောင်မိုက်မှုန်ဝါးသောကမ္ဘာကြီးကို ချက်ချင်းပင် လင်းထိန်သွားစေသည်။

အလင်းတန်းအသစ်များကြောင့် ဤနေရာက အလွန်ကျယ်ပြန့်ခြင်း မရှိကြောင်း တွေ့မြင်ရနိုင်သည်။ ထို့အပြင် ၎င်း၏အလယ်တည့်တည့်တွင် မိုးထိအောင်မြင့်သောတောင်တစ်လုံးရှိနေသည်။ ၎င်းမှာအလွန့်အလွန်ကြီးမားသောကြောင့် ၎င်းအားကြည့်လိုက်သည့်မည်သူမဆို သေးငယ်လှသောအင်းဆက်ပိုးမွှားလေးကဲ့သို့ ခံစားသွားရပေလိမ့်မည်။

တောင်၏မျက်နှာပြင်ကို တံဆိပ်တော် အမှတ်အသားများက ဖုံးအုပ်ထားပြီး ၎င်းတို့မှာ တောင်၏မျက်နှာပြင်တွင် တူညီသည့် အရောင်များအဖြစ်ရှိနေခဲ့ရာမှ ကျင့်ကြံသူများ၏ရောက်ရှိလာမှုကြောင့် အလင်းများ တောက်ပလာသည်။

အနီးကပ်စစ်ဆေးလိုက်မှုအရ တောင်ပေါ်ရှိ တံဆိပ်တော်အမှတ်အသားများမှာ အရေအတွက်ကန့်သတ်ချက်ရှိနေသည်။ သူတို့မှာ အခုတစ်ရာအတိအကျရှိလေသည်။

ထိုမိုးထိအောင်မြင့်သည့်တောင်မှာ အမွေအနှစ်တံဆိပ်တော်တောင်ဖြစ်လေသည်။

၎င်းက အမွေအနှစ်နယ်မြေအတွင်း အတောက်ပဆုံးသောနေရာတစ်ခုလည်းဖြစ်သည်။ ကျင့်ကြံသူလူအုပ်ပေါ်လာစဥ် ပိုင်ရှောင်ချန်းကိုလည်း အလင်းတန်းတစ်ခုထဲမှ မြင်ရလာလေသည်။

သူ၏ဘေးတွင် ဘရူဆာရှိလေသည်။ သူတို့နှစ်ဦးက ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်းသည် သူ၏အဆောင်လက်ဖွဲ့စာရွက်များကို အသက်ဝင်စေလိုက်ပြီး သူ၏ဘေးပတ်ပတ်လည်တွင် စူးရှတောက်ပသောအလင်းရောင်စုံဖြစ်ပေါ်စေလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် အလွန်ဆွဲဆောင်မှုရှိနေပြီး သူကလည်း ရောင်စုံအလင်းတန်းဖြင့် ဖြစ်တည်လာသောအရာနှင့်ပင် တူနေလေသည်။

ထို့နောက် သူက ဘရူဆာ၏အဆောင်လက်ဖွဲ့စာရွက်များကို အရောင်စုံတောက်ပသွားသည်အထိ အသက်ဝင်စေလိုက်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသားမှာ အမွေအနှစ်နယ်မြေတွင် အလွန်သိသာပေါ်လွင်သွားလေသည်။ သူတို့ရှိရာဦးတည်ချက်သို့ ပြက်ရယ်ပြုသည့်၊ သရော်သည့် အကြည့်များဖြင့် လူတော်တော်များများက ကြည့်လာကြသည်။

ပိုင်ရှောင်ချန်းမှာ အစကတည်းက စိတ်လှုပ်ရှားနေခဲ့ပြီး လူအများကသူ့အား စိုက်ကြည့်လာသည်ကို သိလိုက်ရသောအခါ ပင့်သက်ရှိုက်သွားကာ သူ၏နှလုံးသားမှာ ရေခဲတမျှအေးစက်ကြောက်ရွံ့သွားလေသည်။

” ဒီနေရာက အင်မတန် အန္တရာယ်များတာပဲ။ လူသတ်ငွေ့တွေကလည်း များလိုက်တာ…” ပိုင်ရှောင်ချန်းက ဘရူဆာ၏ကျောပေါ်သို့ လက်ကိုညင်သာစွာတင်လိုက်ပြီးနောက် ပတ်ပတ်လည်အား နိုးနိုးကြားကြားဖြင့်ကြည့်လိုက်လေသည်။ လူအများက သူရှိရာအရပ်သို့ ကြည့်နေသော်လည်း သူ့ထံသို့ဦးတည်လာမနေကြောင်း အတည်ပြုပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူကလူများကို ပြန်၍စိုက်ကြည့်လိုက်သည်။

” အဖေက ဒီလိုပြိုင်ပွဲတွေနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမှ ဘယ်တော့မှအရှုံးမပေးခဲ့ရဖူးဘူး။ အဖေမှန်တယ်မလား ဘရူဆာ။ ကောင်းပြီ…လာခဲ့။ သူတို့ကို အတူတူစိုက်ကြည့်လိုက်ရအောင်…။ အဖေတို့နှစ်ယောက်ပေါင်းရင် ဘယ်လောက်စွမ်းလဲဆိုတာ သူတို့သိအောင် ပြလိုက်ရအောင်”
ထိုအချိန်မှစ၍ သူ့အားကြည့်လာသည်မည်သူ့ကိုမဆို ပိုင်ရှောင်ချန်းနှင့်ဘရူဆာက သတ်တော့ဖြတ်တော့မည့်အကြည့်များဖြင့် ပြန်စိုက်ကြည့်ကြလေသည်။

သူတို့နှစ်ဦးသားနှင့် အလွန်နီးကပ်သည့်နေရာတွင်ရှိသော ရှင်းမြစ်ဂိုဏ်းခွဲမှလူငယ်တစ်ဦးမှာ ဟန်ဆောင်ပြုံးလိုက်ကာ ပြောလေသည်။
” အဏ္ဏဝါဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ပါလား။ မင်းက အဏ္ဏဝါဂိုဏ်းတစ်ခုလုံးဆီက အဆောင်လက်ဖွဲ့စာရွက်တွေယူခဲ့တာလား…။အလုံအလောက်ကောရှိရဲ့လား..။ ဒါမှမဟုတ် ကျုပ်က နည်းနည်းလောက်ထပ်ပေးရဦးမလား”

ပိုင်ရှောင်ချန်းက လှည့်လိုက်ပြီးထိုသူ့အား ခက်ထန်ကြမ်းကြုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
” ကောင်းပြီ…နည်းနည်းလောက်လွှဲပေးပေါ့…”

လူငယ်လေး၏ အထင်အမြင်သေးမှုမှာ တိုးသွားလေသည်။ အေးစက်စက်ရယ်မောလိုက်ပြီး သူကပိုင်ရှောင်ချန်းအား လျစ်လျူရှုကာ အမွေအနှစ်တံဆိပ်တော်တောင်ဆီသို့ ဦးတည်လိုက်လေသည်။

သူတစ်ဦးတည်းသာမဟုတ်ပေ။ ဂိုဏ်းသုံးဂိုဏ်း၏ဂိုဏ်းသားများကလည်း အလင်းတန်းအသွင်ပြောင်းကာ တူညီသည့်နေရာသို့ ဦးတည်သွားနေကြသည်။ တောင်နှင့်နီးကပ်လာသောအခါ မည်သူမျှပျံသန်းခြင်းမလုပ်တော့ပဲ ထိုအစားခြေကျင်သွားကြတော့သည်။

ပိုင်ရှောင်ချန်းက မစဥ်းစားမဆင်ခြင်ပဲ ရမ်း၍မလုပ်ပေ။ ထိုအစား သူကအခြေအနေကို အနည်းငယ်ကြာ အကဲဖြတ်လိုက်သည်။ ဂိုဏ်းသားများအားလုံးမှာ အမွေအနှစ်တံဆိပ်တော်တောင်ဆီသို့ ခြေကျင်သွားကာချဥ်းကပ်နေကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ပျံသန်းမသွားပေ။ ထို့အပြင် သူတို့အားလုံးမှာ တောင်ခြေနှင့် အကြမ်းဖျင်းမီတာတစ်သောင်းခွဲအကွာတွင် ရပ်လိုက်ကြသည်။

ထို့အပြင် ဂိုဏ်းသားများမှာ ရိုးရှင်းစွာလူစုခွဲမသွားကြပေ။ ထိုအစား သူတို့၏မျက်နှာများတွင် နိုးနိုးကြားကြားရှိသည့်အကြည့်များကို မြင်ရနိုင်ပြီး ဂိုဏ်းအလိုက်တူညီသည့်အဆင့်များအရ စုလိုက်ကြသည်။ ရုတ်တရက် တဂျုန်းဂျုန်းမြည်ဟည်းသံများပြည့်နှက်သွားပြီး ကျင့်ကြံသူများနှင့်တောင်များအကြား များပြားလှသော လျှပ်စီးမိုးကြိုးများနှင့်အတူ လေပြင်းမုန်တိုင်းလည်း ထွက်ပေါ်လာသည်။

လျှပ်စီးမိုးကြိုးများမှာ အလွန်ကြီးမားပြီး လေပြင်းမှာလည်း မည်းနက်နေကာ မယုံကြည်နိုင်လောက်သောစွမ်းအားများပါဝင်နေလေသည်။ စင်စစ်အားဖြင့် လေပြင်းမှာ နဂါးနက်ကြီးများနှင့် တူညီလုနီးပါးဖြစ်နေကာ မီတာတစ်သောင်းခွဲအတွင်း အရှေ့မှအနောက်၊ အနောက်မှအရှေ့သို့ မွှေနှောက်တိုက်ခတ်နေသည်။

မျက်စိပါသည့်မည်သူမဆို လျှပ်စီးမိုးကြိုးမှာမည်မျှစွမ်းအားကြီးကြောင်းနှင့် လေပြင်းမှာ မည်မျှပြင်းထန်ကြောင်း တွေ့ရနိုင်လေသည်။

အခြားမှော်ပညာအမျိုးအစားများလည်း စတင်၍ပျံ့နှံ့လာသည်။ ဧရာမလက်ကြီးများ၊ ရေခဲဓားသွားများနှင့် မီးသန်လျက်များလည်း ဖြစ်ပေါ်လာသည်။ အော်ဟစ်နေသော တစ္ဆေများနှင့်တူသည့် အရိပ်အယောင်မြင်ကွင်းများလည်းရှိလေသည်။

မြေပြင်ထဲမှ ဆူးချွန်များထိုးတက်လာပြီး နက်ရှိုင်းသောအက်ကြောင်းရာများမှာ အလျဥ်းသင့်သလို ဟိုဟိုသည်သည် ပွင့်ဟလာသည်။

ထင်ရှားနေသည်က မီတာတစ်သောင်းခွဲအတွင်း အန္တရာယ်ထူပြောသောနေရာတစ်ခုဖြစ်လေသည်။ ယင်ယန်ဝိညာဥ်အဆင့်တာအိုဆရာသခင်များပင် ထိုနေရာသို့ အမြုတေအဆင့်ကျင့်ကြံသူများကို လွှတ်ရန် စိတ်ချနိုင်မည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းက ကြည့်ရှုစစ်ဆေးနေစဥ် ကျစ်မြစ်ဂိုဏ်းခွဲမှကျင့်ကြံသူတစ်ဦးက ရုပ်သေးရုပ်တစ်ခုကို ဆင့်ခေါ်ကာ မီတာတစ်သောင်းခွဲဒေသအတွင်းသို့ လွှတ်လိုက်သည်ကို သတိပြုမိလိုက်သည်။ ၎င်းမှာ အဝေးသို့ဆက်မသွားနိုင်မီ လျှပ်စီးမိုးကြိုးက ပစ်ချလိုက်ပြီး ပြာအဖြစ်ပြောင်းသွားသည်။ ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်သွားပြီး သူ၏မျက်နှာမှာလည်း ဖြူလျော်သွားလေသည်။

” ကျောက်စိမ်းပေလွှာထဲမှာ အမွေအနှစ်တံဆိပ်တော်တောင်က အရမ်းအန္တရာယ်များတယ်လို့ပြောထားတယ်။ ဒါပေမဲ့ ဒီလိုမျိုး အန္တရာယ်ရှိတယ်လို့ပြောမထားဘူး…။ အဲဒီရုပ်သေးရုပ်က….အမြုတေအဆင့်နဲ့ အဆင့်တူပဲ..။ ဒါတောင် အဲဒီရုပ်သေးရုပ်က လျှပ်စီးမိုးကြိုးတစ်ချက်ထဲနဲ့ အဖျက်ဆီးခံလိုက်ရတယ်”
ပိုင်ရှောင်ချန်းက တချိန်လုံးတုန်ရီလျက် ချီတုံချတုံဖြင့် ထိုနေရာတွင်ရပ်နေလေသည်။

ပိုင်ရှောင်ချန်းတစ်ဦးတည်းသာ ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသည်မဟုတ်ပေ။ ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများမှာ မီတာတစ်သောင်းခွဲအတွင်းသို့ သူတို့ကိုယ်တိုင်ဝင်ရောက်နိုင်ရန် သူတို့၏ အမျိုးမျိုးသောမှော်သိုင်းများသုံးကာ ကြိုးစားကြသော်လည်း အဆုံးတွင် အားမလိုအားမရဖြင့်သာ သက်ပြင်းချလိုက်ကြရသည်။

” ဒီအချိန်က အမွေအနှစ်နယ်မြေထဲဝင်နေကျအချိန်မဟုတ်တဲ့အတွက်ပဲဖြစ်ရမယ်။ အမွေအနှစ်တံဆိပ်တော်တောင် ပတ်ပတ်လည်မှာရှိတဲ့ အကာအကွယ်မန္တန်တွေက ပုံမှန်ထက်စွမ်းအားကြီးနေလို့ပဲနေမှာ…”

” များသောအားဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ တမန်တော်က စွမ်းအားတွေကို ကန့်သတ်ပေးတယ်ကွ..။ ဒါပေမဲ့ ဒီအချိန်တော့မဟုတ်ဘူး….”

ကိစ္စရပ်များအား ဆွေးနွေးလိုက်ကြပြီးနောက် အဖွဲ့သုံးဖွဲ့မှာ သူတို့၏အစီအရင်များကိုတင်းကြပ်လိုက်ပြီးနောက် အဖွဲ့လိုက်မီတာ တစ်သောင်းခွဲအတွင်းသို့ တဖြည်းဖြည်းစတင်ဝင်လိုက်ကြသည်။ အန္တရာယ်များသောအခြေအနေပေါ်ပေါက်လာလျှင် သူတို့ကိုယ်တိုင်ကာကွယ်နိုင်ရန် သူတို့၏စွမ်းအားများကို စုစည်းလိုက်ပေလိမ့်မည်။

မကြာမီ တဝုန်းဝုန်းအသံများ လေထဲတွင်ပြည့်နှက်သွားပြီး မြေကြီးမှာလည်း လှုပ်ခတ်လာသည်။

ပိုင်ရှောင်ချန်းက အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးလောက်ချိန်အထိ ထိုနေရာတွင်ပင် တုံ့ဆိုင်းစွာရပ်နေလေသည်။ ထိုအချိန်တွင် အမွေအနှစ်တံဆိပ်တော်တောင်ပေါ်ရှိ တံဆိပ်တော်အမှတ်အသားတစ်ရာထဲမှတစ်ခုက ရုတ်တရက်တောက်ပလာပြီး လေထဲသို့ပျံ့သန်းလာကာ မီတာတစ်သောင်းခွဲအတွင်း ဝဲကတော့ပုံစံဖြင့် ရစ်ပတ်ပျံသန်းနေသည်။

ချက်ချင်းပင် ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများက တောင်ပေါ်မှ ဝေးသထက်ဝေးရာဆီသို့ လှည့်ပတ်ပျံသန်းနေသော တံဆိပ်တော်အမှတ်အသားအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ ၎င်းက မီတာတစ်သောင်းသုံးထောင့်ငါးရာအကွာသို့ရောက်လာသောအခါ ဂိုဏ်းသားများက ၎င်းအားရရှိရန်ကြံစည်အားထုတ်ကြတော့သည်။

ရှင်းမြစ်ဂိုဏ်းခွဲမှကျင့်ကြံသူများက သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ပြီး မီတာသုံးထောင်အပြည့်အဝရှည့်လျားသော ရွှန်းလဲ့တောက်ပနေသည့်ကြယ်ရောင်တန်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ ကြယ်ရောင်တန်းက တံဆိပ်တော်အမှတ်အသားကို ဆွဲယူပြီးထုတ်ယူရန် အချိန်တခဏသာကြာလေသည်။ ထိုအချိန်တွင် ကျစ်မြစ်ဂိုဏ်းခွဲမှလူများက အော်ဟစ်လိုက်ကြကာ သူတို့၏ မကောင်းဆိုးဝါးချီများကို ပေါက်ကွဲထွက်စေလိုက်ပြီး ဧရာမဦးခေါင်းပျံကြီးကို ဆင့်ခေါ်ကာ တံဆိပ်တော်အမှတ်အသားထံပစ်လွှတ်လိုက်သည်။ သူတို့က ရှင်းမြစ်ဂိုဏ်းခွဲနှင့် တံဆိပ်တော်အားယှဥ်ပြိုင်လုကြတော့သည်။

တာအိုမြစ်ဂိုဏ်းခွဲမှ လူအများဆုံး အမွေအနှစ်နယ်မြေထဲသို့ရောက်နေလေသည်။ သူတို့က ဖြစ်ပျက်သမျှကို ကြည့်လိုက်ကြပြီး အသက်ပြင်းပြင်းရှူလိုက်ကြကာ သဘာဝနိယာမနှင့်ဆင်တူသည့် ထူးဆန်းသောစွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ ချက်ချင်းပင် သူတို့အုပ်စု၏ပတ်လည်ရှိ လေထုမှာ ချာလပတ်လည်ရင်း ပုံပျက်လာလေသည်။

ထို့နောက် မြင့်မားသောဘီလူးကြီးအဖြစ်ပုံပေါ်လာသောအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများကိုကြားလိုက်ရလေသည်။ တခဏမျှတုံ့ဆိုင်းခြင်းမရှိပဲ ဘီလူးကြီးက အမွေအနှစ်တံဆိပ်တော်ကိုဖမ်းရန် ရှေ့သို့လှမ်းလိုက်လေသည်။

ဘီလူးကြီး၏လက်မှာ တံဆိပ်တော်အမှတ်အသားနှင့် နီးကပ်သွားသည်နှင့် ၎င်းကပျောက်ကွယ်သွားပြီး တာအိုမြစ်ဂိုဏ်းခွဲကျင့်ကြံသူတစ်ဦး၏လက်ထဲတွင် ပြန်ပေါ်လာလေသည်။

” အဲဒါက ငါ့ဟာကွ…” သူကစိတ်လှုပ်ရှားစွာအော်လိုက်ပြီး သူ၏ဦးခေါင်းကိုနောက်သို့ပစ်ကာ ရယ်မောလိုက်ရင်း သူ၏ခန္ဓာကိုယ်အတွင်းသို့ အမှတ်အသားကိုစုပ်ယူလိုက်လေသည်။ အခြားတာအိုမြစ်ဂိုဏ်းခွဲဂိုဏ်းသားတို့မှာ အနည်းငယ်မနာလိုဖြစ်သွားကြပြီး ရှင်းမြစ်နှင့် ကျစ်မြစ်ဂိုဏ်းခွဲမှသူများမှာ စိတ်ပျက်သွားသော်လည်း သူတို့၏မျက်နှာပေါ်တွင် ထိုအမူအယာများမပြကြပေ။ အမှန်စင်စစ် သူတို့ထဲမှအချို့မှာ ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်ကြသေးသည်။

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်သွားခဲ့သည့်မြင်ကွင်းကိုကြည့်ရင်း ပင့်သက်ရှိုက်လိုက်မိသည်။ ယခုအခါ ဤနေရာ၏စည်းမျဥ်းစည်းကမ်းများကို သူ အနည်းငယ်ကောင်းကောင်းနားလည်နေပြီဖြစ်သည်။ အမွေအနှစ်တံဆိပ်တော်တောင်မှ တံဆိပ်တော်အမှတ်အသားများ ပျံသန်းထွက်လာလျှင် တောင်အနီးရှိလူတို့မှာ ၎င်းတို့အားရရှိရန်ကြိုးစားခြင်းဖြင့် အကျိုးကျေးဇူးများရရှိပေလိမ့်မည်။

” ငါ့အတွက် တစ်ခုလောက်ဆိုလုံလောက်ပါပြီ” သူကအံကိုကြိတ်ကာတွေးလိုက်သည်။ သူက မျှော်လင့်ချက်ကိုအမြင့်ကြီးမထားပေ။ သူကတစ်ခုကိုရနိုင်သရွေ့ သူ၏တာဝန်ပြီးမြောက်သည်ဟုဆိုနိုင်ပေသည်။ ထို့ထက်ပိုရအောင်ကြိုးစားပါက အလွန်အန္တရာယ်များလှပေလိမ့်မည်။

ထိုသို့တွေးကာ သူကတောင်ဆီသို့ဦးတည်လိုက်လေသည်။ သူက အနားသတ်နယ်နမိတ်သို့ရောက်သွားပြီး အထဲဝင်ရန်ပြင်ဆင်နေချိန်တွင် ဂိုဏ်းသုံးဂိုဏ်းမှကျင့်ကြံသူများမှာ မီတာနှစ်ရာ၊သုံးရာအထိဝင်ရောက်နေကြပြီဖြစ်သည်။

သူဝင်လိုက်ပြီးမကြာမီ အနက်ရောင်လေပြင်းတစ်ချက် သူ့ထံသို့ဝင်လာပြီး သူ၏ခေါင်းတစ်ခုလံုး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ တုန်တုန်ယင်ယင်ဖြင့် သူကနောက်ဆုတ်လိုက်လေသည်။ ထို့နောက် လျှပ်စီးမိုးကြိုးတစ်ခုက သူ့ထံဝင်လာရာ မျက်မှောင်ကြုတ်လျက် မျက်ရည်ကျလုလုဖြင့် ထပ်မံ၍နောက်သို့လဲကျသွားရပြန်သည်။ အချိန်ခဏအတွင်း သူက မီတာတစ်သောင်းခွဲ၏အပြင်ဘက်သို့ ပြန်ရောက်သွားခဲ့သည်။ ထိုအခါမှသာ အမျိုးမျိုးသော ခုခံကာကွယ်နေသည့်မှော်ပညာများက သူ့အားလျစ်လျူရှုလိုက်လေသည်။

” ငါအခုဘာလုပ်ရမလဲ…” သူကတွေးတောလိုက်သည်။ ထိုနေရာထဲသို့ ထပ်မံ၍မဝင်ရဲတော့ပဲ သူ့အားငေးကြောင်ကြည့်နေသောဘရူဆာအား ပြန်ကြည့်နေလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset