ဗိုလ်ချုပ်ကြီးအိမ်တော်၏ အနောက်ဘက်ခြံဝင်းထဲတွင် အခန်းတစ်ခုရှိနေသည်။
ဇူယွမ်နဲ့ကျန်တဲ့လူတွေ ရောက်ရှိလာသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့ စောင့်ဆိုင်းနေလျက်ရှိသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က ဇူယွမ်တို့ကိုမြင်လိုက်သည့်အခါ အလျင်အမြန်ပင်ရှေ့သို့လျှောက်လှမ်းလာခဲ့ပြီး ကြိုဆိုလိုက်ကြသည်။
ထို့နောက်မှာ ဝေကန်းလန်ကပြုံးလိုက်ပြီး ဇူယွမ့်ကိုမေးလိုက်သည်… “မင်းသားလေး… မင်းသားလေးကကုသမှုကို ဒီနေ့စပြီးလုပ်တော့မလား…”
ဇူယွမ်ပြန်ပြုံးပြလိုက်ကာ ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက်မှာ သူကအခန်းတွင်းသို့လျှောက်လှမ်းဝင်သွားလိုက်ပြီး ဝေဘင်းလဲလျောင်းနေသည့် ကုတင်ရှေ့သို့ရောက်ရှိလာခဲ့သည်။ သူ့ရဲ့ပုံစံက ယခင်ထက်စာရင် ပိုပြီးကောင်းမွန်မှုရှိလာတယ်ဆိုပေမဲ့ ဆရာယင်က နတ်ဆိုးမြူအဆိပ်ကို ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဖိအားပေးထိန်းချုပ်ထားသည်ကို သူသိပေသည်။ အဆိပ်ကနောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခဲ့မယ်ဆိုရင် သေချာပေါက်သူ့ရဲ့အသက်ကို ယူဆောင်သွားပေလိမ့်မည်။
ဇူယွမ်က သူ့ခါးတွင်ချိတ်ဆွဲထားသည့် အနက်ရောင်သိုလှောင်အိတ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ၎င်းသိုလှောင်အိတ်က သူတို့တွေဇူအင်ပါယာမြို့တော်မှ ထွက်ခွာမလာမီမှာ ဇူချင်က တော်ဝင်ဘဏ္ဍာတိုက်မှထုတ်ယူကာ သူ့ကိုပေးထားခဲ့ခြင်းဖြစ်သည်။ ၎င်းရဲ့အဆင့်က အရမ်းကြီးမြင့်မားခြင်းမရှိသော်ငြား ပေအနည်းငယ်ကျယ်ဝန်းသည့်နေရာလွတ်ရှိရုံမျှဖြင့်ပင် သူ့အတွက်အဆင်ပြေပေသည်။
ဇူယွမ့်လက်ထဲ၌ ပုလင်းအချို့ထွက်ပေါ်လာခဲ့ရ၏။ ထို့နောက်မှာ သူကသတ္တုပြားတစ်ချပ်ကိုထုတ်ယူလိုက်ပြီး ပုလင်းထဲရှိအရည်တွေကို ၎င်းအပေါ်သို့သတိကြီးကြီးထား၍ တစ်စက်ချင်းချလိုက်ပြီး စတင်ပြီးရောစပ်လိုက်သည်။
ထိုအခိုက်မှာပင် ၎င်းအရည်တွေထံမှ ဆိုးရွားသည့်အနံ့တစ်ခုထွက်ပေါ်လာခဲ့ရသည်။ အနံ့တစ်ခုတည်းနဲ့တင် လူတိုင်းကို မူးနောက်သွားစေနိုင်လိမ့်မည်ဖြစ်သောကြောင့် ထိုအရည်က ဘယ်လောက်ထိအဆိပ်ဖြစ်စေနိုင်လဲဆိုသည်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေပေသည်။
ဝေကန်းလန်နဲ့ဝေချင်းချင်းတို့က ဒီအရာကိုကြိုတင်မျှော်မှန်းထားသော်ငြား တကယ်တမ်းလက်တွေ့မြင်လိုက်ရသည့်အခါ သူတို့ရဲ့အမူအယာတွေ ပြောင်းလဲသွားခဲ့ရသည်။
ဝေချင်းချင်းက သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးကိုကိုက်လျက်မှ မေးလိုက်သည်… “မင်းသားလေး… နင်က ဘာလုပ်ဖို့စီစဉ်နေတာလဲ…”
ဇူယွမ်ကပြုံး၍ပြန်ပြောလိုက်၏… “နတ်ဆိုးမြူအဆိပ်က အရမ်းကိုလွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတယ်… ဒါကို အလုံးစုံဖယ်ရှားရှင်းလင်းနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက အဆင့် ၄အဆိပ်ဖယ်ရှားခြင်းမူလမှော်စာလုံးရေးဆွဲနိုင်တဲ့ ဆရာသခင်တစ်ယောက်ကိုတွေ့အောင်ရှာနိုင်ဖို့ပဲ… ဒါပေမဲ့လည်း အဲ့ဒီလိုမျိုးဆရာသခင်တွေက ဇူအင်ပါယာအတွင်းမှာ အရမ်းကိုရှားပါးတဲ့အတွက် ရှာမတွေ့နိုင်မှာကို ငါစိုးရိမ်မိတယ်…”
“ဒါ့ကြောင့် ငါကအခြားနည်းလမ်းတစ်ခုကိုအသုံးပြုပြီး ကုသပေးရလိမ့်မယ်…”
ဒီနေရာရောက်တဲ့အခါ သူကခဏရပ်နားလိုက်ပြီးနောက်မှာမှ ဆက်ပြောသည်… “အဲ့ဒါက အဆိပ်ကိုအဆိပ်နဲ့တိုက်ခြင်းပဲ…”
“အသေးစိတ်ကိုတော့ ခဏနေရင် နင်တို့နှစ်ယောက်မြင်တွေ့ရပါလိမ့်မယ်… ကျေးဇူးပြုလို့မစိုးရိမ်ပါနဲ့ ဗိုလ်ချုပ်ကြီး… ဒီကိစ္စရဲ့ဖြစ်လာမယ့်အကျိုးဆက်ကို ကျွန်တော်နားလည်ပါတယ်… ကျွန်တော်က ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိရင် ဒီလိုမျိုးရူးမိုက်တဲ့နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့မှာမဟုတ်ဘူး…”
ဇူယွမ်က ဝေကန်းလန်ကိုကြည့်ကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
ဝေကန်းလန်က ဇူယွမ်ကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောသည်… “မင်းသားလေးက ယုံကြည်နေတယ်ဆိုမှတော့ မင်းသားလေးလုပ်စရာရှိတာသာဆက်လုပ်ပါ… မင်းသားလေးကသာ ငါ့ရဲ့သားကိုအမှန်တကယ်ကုသပေးနိုင်မယ်ဆိုရင် ငါတို့ဝေမိသားစုက မင်းသားလေးအပေါ်မှာ ကြီးမားတဲ့ကျေးဇူးကြွေးတစ်ခု တင်သွားရပါလိမ့်မယ်…”
ဇူယွမ်ပြုံးလိုက်ပေမဲ့ နောက်ထပ်တစ်စုံတစ်ရာထပ်ပြောခြင်းမရှိတော့ဘဲ ပြင်းထန်တဲ့အဆိပ်တွေကိုသာ ဆက်၍ရောစပ်နေလိုက်သည်။ အချိန်ခဏကြာပြီးနောက် ကြောက်မက်ဖွယ်ရာအနံ့က ၎င်းရဲ့အထွတ်အထိပ်ကိုရောက်ရှိသည့်အခါ သူကနောက်ဆုံးရပ်တန့်ခဲ့လိုက်သည်။
သူကခါးမှ ကောင်းကင်ယွမ်စုတ်တံကိုဖြုတ်ယူလိုက်ပြီး စုတ်တံရဲ့ထိပ်ဖျားကို ပေါင်းစပ်အဆိပ်နဲ့တို့လိုက်သည်။ ထို့နောက်မှာ သူကသက်ပြင်းတစ်ချက်ချလိုက်သလို သူ့ရဲ့အမူအယာကလည်း ပိုလို့လေးနက်သွားခဲ့ရပြီးနောက်မှာ စုတ်တံရဲ့ထိပ်ဖျားက ဖြည်းညှင်းစွာကျဆင်းလာခဲ့ရသည်။
ယောင်ယောင်က ဇူယွမ်၏နောက်နားမှာ နီးကပ်စွာရပ်နေလျက်ရှိသည်။ အကယ်၍ မျှော်မှန်းမထားသည့်အရာတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် သူမကိုယ်တိုင်အခြေအနေကို ဝင်ရောက်ကူညီပေးရလိမ့်ပေမည်။
ရွှစ်…
အဆိပ်တွေနဲ့သုတ်လိမ်းထားသည့် စုတ်တံထိပ်ဖျားက ဝေဘင်း၏အရေပြားပေါ်သို့ ‘ရွှစ်’ဆိုသည့်အသံတစ်ခုနဲ့အတူ ကျရောက်လာခဲ့ပြီး အနက်ရောင်စုတ်ချက်တွေ စတင်၍ပေါ်ပေါက်လာခဲ့ရ၏။
ဇူယွမ်ရဲ့လက်ကောက်ဝတ်က လှည့်ပတ်လှုပ်ရှားနေခဲ့ပြီး စုတ်တံထိပ်ဖျားက စီးဆင်းနေသည့်ရေနှင့် ရွေ့လျားနေသည့်တိမ်တွေအလား ရပ်တန့်သွားခြင်းမရှိခဲ့ဘဲ စုတ်ချက်တွေတစ်ချက်ပြီးတစ်ချက် လျင်မြန်စွာဖြင့်ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်ရေးဆွဲခဲ့တဲ့စုတ်ချက်တွေကို မြင်တွေ့ခဲ့ရပြီးနောက်မှသာ ဝေကန်းလန်နဲ့ဝေချင်းချင်းတို့နှစ်ယောက် သက်ပြင်းချလိုက်နိုင်ခဲ့သည်။ သူတို့တွေအနေနဲ့ မူလမှော်စာလုံးရေးသားခြင်းမှာ ကျွမ်းကျင်မှုမရှိသော်ငြား လက်ရှိဇူယွမ်ရေးဆွဲနေသည့်မှော်စာလုံးက အဆင့် ၁မူလမှော်စာလုံးဖြစ်သည်ဆိုတာကိုတော့ ပြောနိုင်စွမ်းရှိပေသည်။
အဆင့် ၁မူလမှော်စာလုံးက နတ်ဆိုးမြူအဆိပ်နှင့်ထိပ်တိုက်ရင်ဆိုင်မိမယ်ဆိုရင် သေချာပေါက်အချည်းနှီးဖြစ်သွားပေမည်။
သူတို့ရဲ့နှလုံးသားထဲမှာ သံသယတွေနဲ့ပြည့်နှက်နေရသော်လည်း အခုကစကားတွေပြောကာ ဇူယွမ့်ကို အနှောင့်အယှက်ပေးရမည့်အချိန်မဟုတ်ပေ။ ဒါ့ကြောင့်ပင် ဝေကန်းလန်တို့နှစ်ယောက်က တိတ်ဆိတ်စွာဖြင့် ဆက်လက်စောင့်ကြည့်နေလိုက်ကြသည်။
ဇူယွမ်က လူတိုင်းရဲ့အကြည့်တွေကို လျစ်လျူရှုထားလျက် သူ့ရဲ့အလုပ်ပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ကာ လုပ်ဆောင်နေလျက်ရှိသည်။ အဆင့် ၁မူလမှော်စာလုံးတစ်ခု ပြီးပြည့်စုံသွားခဲ့ပြီးနောက်မှာ သူ့ရဲ့စုတ်တံက နောက်တစ်ကြိမ်ထပ်မံ၍ကျဆင်းလာခဲ့ရကာ နောက်ထပ်အဆင့် ၁မူလမှော်စာလုံးတစ်ခုကို ထပ်မံ၍ရေးဆွဲလိုက်သည်။
တစ်နာရီကျော်ကြာပြီးနောက်မှာ ဇူယွမ်ကစုစုပေါင်း အဆင့် ၁မူလမှော်စာလုံးရှစ်ခုတိတိရေးဆွဲခဲ့လေသည်။
“ဒီအဆင့် ၁မူလမှော်စာလုံးရှစ်ခုက ဝေဘင်းရဲ့မြီးညှောင့်ရိုးအထက်သုံးလက်မအကွာနေရာကို ဝိုင်းပတ်ရေးဆွဲထားခဲ့တာပဲ…” ဝေကန်းလန်က ဒီအရာကိုရှာတွေ့လိုက်သည့်အခါ သူ့ရဲ့မျက်လုံးတွေက ဖြတ်ခနဲတောက်ပသွားခဲ့ရသည်။ ဇူယွမ်ရေးဆွဲထားခဲ့သည့် အဆင့် ၁မူလမှော်စာလုံးတွေက စစ်သည်တွေဝိုင်းရံထားသည်နှင့်တူပြီး ၎င်းက ဝေဘင်းရဲ့ကျောရိုးထဲမှာပုန်းကွယ်နေသည့် နတ်ဆိုးမြူအဆိပ်ရဲ့ ထွက်ပြေးနိုင်တဲ့လမ်းကြောင်းအားလုံးကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားပေသည်။
ဇူယွမ်အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်သလို အဆင့် ၁မူလမှော်စာလုံးရှစ်ခုကို အောင်မြင်အောင်ရေးဆွဲနိုင်ခဲ့ပြီးနောက်မှာ သူ့ရဲ့နဖူးပေါ်၌ချွေးအနည်းငယ်ထွက်ပေါ်နေခဲ့ရပေသည်။ သူကမျက်လုံးတွေကိုမှိတ်လိုက်ပြီး ခဏတစ်ဖြုတ်အနားယူလိုက်ပြီးနောက်မှာ နောက်တစ်ကြိမ်ပြန်လည်စတင်လိုက်သည်။
ဒီတစ်ကြိမ်မှာ သူ့ရဲ့အမူအယာက အစောပိုင်းတုန်းကထက် ပိုလို့ပင်လေးနက်နေခဲ့ရပေသည်။ ဒီတစ်ကြိမ်သူရေးဆွဲမည့်မှော်စာလုံးက မကြာသေးမီကပင်လေ့လာသင်ယူထားခဲ့သည့် အဆင့် ၂မူလမှော်စာလုံးတစ်ခုဖြစ်သည့် အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးပင်ဖြစ်သည်။ ဒါ့အပြင် ၎င်းမှော်စာလုံးက နတ်ဆိုးမြူအဆိပ်နှင့်ထိပ်တိုက်ရင်ဆိုင်ရာတွင် အဓိကသော့ချက်ဖြစ်ပေသည်။
ဇူယွမ်တစ်ခဏကြာအောင် သူ့ရဲ့အာရုံကိုစုစည်းလိုက်ပြီးနောက်မှာ သူ့ရဲ့စုတ်တံက ရုတ်ချည်းကျဆင်းလာခဲ့သည်။ သူ့ရဲ့စိတ်ဝိညာဉ်က မျက်ခုံးနှစ်ခုကြားမှာ လှုပ်ရှားထွက်ပေါ်လာခဲ့ရပြီး သူ့လက်ထဲရှိကောင်းကင်ယွမ်စုတ်တံနှင့် အတူတကွပေါင်းစပ်လုပ်ဆောင်နေသည့်ပုံပေါ်သည်။
ရွှစ်… ရွှစ်…
အလွန်အမင်းမဲနက်လှသည့် စုတ်ချက်တွေတစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာခဲ့ရပြီး ၎င်းတို့က အတူတကွချိတ်ဆက်သွားခဲ့ကြသည်။ တစ်ချိန်တည်းမှာ ဝေကန်းလန်နဲ့ဝေချင်းချင်းတို့နှစ်ယောက်သား ရှုပ်ထွေးနက်နဲကာ ထူးခြားဆန်းကြယ်လှသည့် မူလမှော်စာလုံးတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်ကို အံ့ဩတကြီးစိုက်ကြည့်နေခဲ့မိကြသည်။
“အဆင့် ၂မူလမှော်စာလုံး…” ဝေကန်းလန်နှင့် ဝေချင်းချင်းတို့အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ သူတို့နှစ်ယောက်စလုံးက ဒီအဆင့် ၂မူလမှော်စာလုံးက ပုံမှန်မဟုတ်ဘူးဆိုတာကို ခံစားနိုင်မိကြပေသည်။
နောက်ဆုံးမှာ ဇူယွမ်ရဲ့စုတ်တံထိပ်ဖျားက ရပ်တန့်သွားခဲ့ရပြီး သူရဲ့ပခုံးပေါ်မှာ ထမ်းထားရသည့်ကြီးမားတဲ့တာဝန်ကြီးတစ်ခုပြီးဆုံးသွားသကဲ့သို့ သက်ပြင်းတစ်ချက်ချလိုက်မိကာ ပြည့်စုံသည့်မူလမှော်စာလုံးထံကြည့်လိုက်သည်။ အဆိပ်တစ်ထောင်မှော်စာလုံးက နောက်ဆုံးမှာ အောင်မြင်စွာပြီးမြောက်သွားခဲ့ပြီဖြစ်သည်။
“နောက်ထပ်အရေးအကြီးဆုံးအဆင့်က လာတော့မယ်…” ဇူယွမ့်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့ရဲ့ နှလုံးတွေက လှုပ်ရှားသွားခဲ့ရ၏။
ဇူယွမ့်လက်ထဲရှိကောင်းကင်ယွမ်စုတ်တံက အတွင်းဘက်အကျဆုံး အဆင့် ၁မူလမှော်စာလုံးအပေါ်ကို ညင်သာစွာဖိချလိုက်သည်။ သိမ်မွေ့တဲ့အလင်းတစ်ခု ၎င်းထံမှချက်ချင်းဆိုသလိုမြင့်တက်လာခဲ့ရကာ ၎င်းကမခံမရပ်နိုင်လောက်အောင် အော်သံတစ်ခုထုတ်လွှတ်နေသည့် လက်သည်းရှစ်ခုပါမြွေတစ်ကောင်အလား ဖြည်းညှင်းစွာတွန့်လိမ်သွားခဲ့ရသည်။
အဆင့် ၁မူလမှော်စာလုံးက မခံမရပ်နိုင်စွာတွန့်လိမ်သွားခဲ့ရသကဲ့သို့ ဝေဘင်းထံမှလည်း ရုတ်တရက်နာကျင်မှုကြောင့် အော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့ရသည်။ သူ့ရဲ့ကျောရိုးတစ်ဝိုက်ရှိအသားအရေက ညအမှောင်အလား စတင်ပြီးအနက်ရောင်အဖြစ်ပြောင်းလဲလာသည်ကို လူတိုင်းကကြောက်ရွံ့တုန်လှုပ်စွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
အနက်ရောင်အကွက်က စတင်ပြီးပျံ့နှံ့လာခဲ့ရကာ ပတ်ဝန်းကျင်ရှိအဆင့် ၁မူလမှော်စာလုံးထံတိုက်ရိုက်တိုက်ခိုက်လိုက်သည်။
နတ်ဆိုးမြူအဆိပ်က ရက်စက်ကြမ်းကြုတ်စွာဖြင့် တစ်ဟုန်ထိုးထွက်ပေါ်လာသည့်အခါ အဆင့် ၁မူလမှော်စာလုံးက မီးခိုးငွေ့အဖြစ်ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက်အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားခဲ့သည်။ ဒီအရာက တစ်ဟုန်ထိုးထွက်ပေါ်လာသည့် နတ်ဆိုးမြူအဆိပ်ကို ၎င်းအားဝိုင်းရံထားသည့် အဆင့် ၁မူလမှော်စာလုံးတွေရဲ့အလွှာဆီသို့ တိုးဝင်သွားစေခဲ့သည်။
ထိုအခိုက်အတန့်မှာပင် အဆင့် ၁မူလမှော်စာလုံးအားလုံး အသက်ဝင်လှုပ်ရှားလာခဲ့ရသည်။ သူတို့တွေကလှည့်ပတ်လိုက်သကဲ့သို့ နတ်ဆိုးမြူအဆိပ်ကိုလည်း များစွာသောအစိတ်အပိုင်းတွေအဖြစ် ခွဲထွက်သွားစေခဲ့သည်။
ဝေဘင်းရဲ့အသားအရေပေါ်ရှိ နတ်ဆိုးမြူအဆိပ်မှ ကွဲထွက်သွားသည့်အစိတ်အပိုင်းတစ်ခုစီက မည်းနက်နေသည့်အဆိပ်ချီအကွက်တွေပင်ဖြစ်ပြီး ၎င်းက အနည်းငယ်အော်ဂလီဆန်စရာကောင်းသည့်မြင်ကွင်းတစ်ခုဖြစ်ပေသည်။
ဇူယွမ်၏အမူအယာကပြောင်းလဲသွားခြင်းမရှိခဲ့သကဲ့သို့ ကောင်းကင်ယွမ်စုတ်တံကလည်း နောက်တစ်ကြိမ်ဖိချလိုက်သည်။ ထိုအခိုက်မှာ ကွဲထွက်သွားခဲ့ရသည့်နတ်ဆိုးမြူအဆိပ်၏ အပိုင်းအစတွေထဲမှတစ်ခုက ဝိုင်းရံထားမှုမှလွတ်ထွက်လာခဲ့ပြီး အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံး၏ရှေ့ကို ရောက်ရှိလာခဲ့ရသည်။
အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးထံတွင်လည်း အလွန်ပင်ပြင်းထန်လှသည့်အဆိပ်တစ်ခု ပါဝင်လို့နေပေသည်။ ဒါ့ကြောင့်ပင် ၎င်းအဆိပ်နှစ်ခုက တစ်ခုနဲ့တစ်ခုဝင်တိုက်မိသွားသည့်အခါ ၎င်းတို့ကတောအုပ်ထဲရှိ ရက်စက်ကြမ်းကြုတ်လှသည့်ကျားနှစ်ကောင်တွေ့ဆုံကြသည့်အလား မည်သည့်စကားတစ်ခွန်းမှမဆိုခဲ့ဘဲ ချက်ချင်းဆိုသလိုစတင်၍တိုက်ခိုက်လိုက်ကြသည်။
နတ်ဆိုးမြူအဆိပ်က အနက်ရောင်အခိုးအငွေ့အဖြစ်ပြောင်းလဲသွားခဲ့ပြီး အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးထံသို့ တစ်ဟုန်ထိုးတိုးဝင်သွားခဲ့သည်။ အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးက ကြောက်ရွံ့မှုတစ်စုံတစ်ရာရှိမနေခဲ့ဘဲ ၎င်းက ကြီးမားသည့်ပါးစပ်ကြီးတစ်ခုအလား လူးလွန့်လှုပ်ရှားသွားခဲ့ရသည်။ ၎င်းက တစ်ဟုန်ထိုးတိုးဝင်လာသည့် နတ်ဆိုးမြူအဆိပ်ကို ဝင်ရောက်လာစေခဲ့ပြီး ၎င်းကိုအလုံးစုံဝါးမျိုလိုက်သည်။
နတ်ဆိုးမြူအဆိပ်ကို ဝါးမျိုလိုက်ပြီးနောက်မှာ မှော်စာလုံးက ဖြည်းညှင်းစွာလှည့်ပတ်သွားခဲ့သကဲ့သို့ ထူးဆန်းတဲ့အနက်ရောင်အလင်းတစ်ခုက ၎င်းရဲ့အပေါ်မှာတောက်ပလာခဲ့ရသည်။ အချိန်တစ်ခဏကြာပြီးနောက်မှာ အလင်းရောင်ကမှေးမှိန်ပျောက်ကွယ်သွားခဲ့ရပြီး ဝေဘင်းရဲ့အရေပြားထံမှ အနက်ရောင်အဆိပ်ငွေ့တစ်ခုထွက်ပေါ်လာခဲ့ရသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။
၎င်းအဆိပ်ငွေ့ထံမှ အော်ဂလီဆန်စရာကောင်းလှသည့် ဆိုးရွားတဲ့အနံ့အသက်တစ်ခု ထုတ်လွှတ်နေပေသည်။
သို့ပေမဲ့လည်း ဝေကန်းလန်နဲ့ ဝေချင်းချင်းတို့က ထွက်ပေါ်လာသည့်အဆိပ်ငွေ့တွေကို မြင်လိုက်ရသည့်အခါ သူတို့ရဲ့မျက်နှာထက်မှာ အပျော်တွေစီးဆင်းသွားခဲ့ရသည်။ ၎င်းကသူတို့နှင့် လွန်စွာမှပင်ရင်းနှီးမှုရှိလှပြီး ဒီအဆိပ်ငွေ့တွေက နတ်ဆိုးမြူအဆိပ်ပင်ဖြစ်ပေသည်။
ပြောရမယ်ဆိုရင် ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီလို့ ပြော၍ရနိုင်ပေသည်။
“ဒါကမပြီးသေးဘူး… အခုမှ အစပဲရှိသေးတယ်…”
နောက်ထပ်နတ်ဆိုးမြူအဆိပ် အပိုင်းအစတစ်ခုက အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးထံတိုးဝင်သွားသည်ကို ကြည့်နေရင်းမှ ဇူယွမ်က သူတို့ကိုသတိပေးလိုက်သည်။
ဝေကန်းလန်ရဲ့မျက်လုံးတွေက တောက်ပနေခဲ့ရပြီး ကျယ်လောင်စွာဖြင့်ပင် ထုတ်ဖော်ချီးကျူးလိုက်မိသည်… “အထင်ကြီးစရာပဲ… တကယ့်ကိုအထင်ကြီးစရာပဲ…”
ဝေချင်းချင်းက အနည်းငယ်နားမလည်နိုင်ဖြစ်သွားခဲ့ရ၏… “သူ့ရဲ့ဒီအဆင့် ၂မူလမှော်စာလုံးက ဘယ်လိုလုပ်နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားနိုင်စွမ်းရှိရတာလဲ…”
ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ ကျေနပ်အားရမှုတွေဖြင့် ပြည့်နှက်နေရပြီး ရှင်းပြလိုက်သည်… “ဒါက မင်းသားလေးအသုံးပြုခဲ့တဲ့နည်းလမ်းရဲ့ အံ့အားသင့်စရာအကောင်းဆုံးအစိတ်အပိုင်းပဲ… ဒါက စစ်ပွဲဗျူဟာတစ်ခုလိုပဲ… အရင်ဆုံး အဆင့် ၁မူလမှော်စာလုံးတစ်ခုကို ငါးစာအဖြစ်အသုံးပြုပြီး နတ်ဆိုးမြူအဆိပ်ကို ထွက်ပေါ်လာစေခဲ့တယ်… အဲ့ဒီနောက်မှာ ကျန်တဲ့အဆင့် ၁မူလမှော်စာလုံးခုနှစ်ခုက နတ်ဆိုးမြူအဆိပ်ကို အစိတ်အပိုင်းများစွာအဖြစ်ပိုင်းခြားလိုက်ပြီးတော့ ဒီလိုအားနည်းသွားခဲ့ရတဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို အသင့်စောင့်နေတဲ့ အဆင့် ၂မူလမှော်စာလုံးရှိရာဆီကို တွန်းပို့ပေးခဲ့တာပဲ…”
“အဆင့် ၂မူလမှော်စာလုံးထဲမှာ အရမ်းကိုပြင်းထန်တဲ့အဆိပ်တစ်ခုပါဝင်တယ်… အဆိပ်တွေက တစ်ခုနဲ့တစ်ခုတိုက်ခိုက်မှုဖြစ်ကြပြီး ပိုပြီးပြင်းထန်တဲ့အဆိပ်က အားနည်းတဲ့အဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်… ဒါ့ကြောင့်နောက်ဆုံးအဆုံးသတ်မှာ နတ်ဆိုးမြူအဆိပ်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီက လုံးဝကိုဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရတယ်…”
“ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် နောက်ဆုံးဝေဘင်းရဲ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမြူအဆိပ်ကို လုံးဝဖယ်ရှားရှင်းလင်းနိုင်လိမ့်မယ်…”
“အံ့ဩစရာပဲ… တကယ့်ကိုအံ့ဩစရာပဲ…” ဝေကန်းလန်က ဇူယွမ်အား ရတနာတစ်ပါးကဲ့သို့ စိုက်ကြည့်လိုက်မိသည်။ ဇူယွမ်ရဲ့နည်းလမ်းက ကြည့်လိုက်ရင်သာ ဆရာယင်ပြသခဲ့သည့် အဆင့် ၃မူလမှော်စာလုံးလောက် အကျိုးသက်ရောက်မှုမရှိဘူးလို့ထင်ရပေမဲ့ များစွာသောအဆင့် ၁မူလမှော်စာလုံးတွေနဲ့ အဆင့် ၂မူလမှော်စာလုံးတစ်ခုရဲ့ ပူးပေါင်းလုပ်ဆောင်မှုက နတ်ဆိုးမြူအဆိပ်ကို သူ့ရဲ့လက်ထဲမှာ သူကြိုးဆွဲရာကစေနိုင်သည့်အရာတစ်ခုဖြစ်သွားစေခဲ့သည်။
ဝေကန်းလန်လို မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပင် ဒီလိုမျိုးမူလမှော်စာလုံးစွမ်းရည်နှင့် ကျွမ်းကျင်လိမ္မာမှုတို့ကြောင့် အံ့ဩလေးစားမိရပေသည်။
ဘေးနားမှာရပ်နေသည့်ဝေချင်းချင်းက သူမအဖေရဲ့ရှင်းပြမှုကိုကြားလိုက်ရသည့်အခါ တိတ်တဆိတ်တုန်လှုပ်သွားခဲ့ရသည်။ သူမက ဇူယွမ့်မှာဒီလိုစွမ်းဆောင်ရည်မျိုးရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
“ဒါဆိုမောင်လေးကို ကယ်နိုင်တော့မှာပေါ့…”
ဝေချင်းချင်းက အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့ရပြီး သူမရဲ့ဖြူဖွေးတဲ့သွားလေးတွေက နှုတ်ခမ်းကိုဖိကိုက်ထားလိုက်မိသလို သူမရဲ့မျက်လုံးတွေကလည်း နီရဲသွားခဲ့ရသည်။ အဲ့ဒီနောက်သူမရဲ့မျက်လုံးထဲမှာ ထူးခြားတဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့ရသကဲ့သို့ ကုတင်ဘေးမှာထိုင်နေသည့် ချောမောခန့်ညားသည့်လူငယ်လေးကို ကြည့်လိုက်မိသည်။