ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံတောင်ပေါ်သို့ တက်သွားသည်ကို ကြည့်ရန် ကျင့်ကြံသူများစွာ ထွက်လာကြသည်။ လွန်ခဲ့သည့်လက အခြားဂိုဏ်းသုံးဂိုဏ်း လာရောက်လည်ပတ်သည့် အကြောင်းအရင်းကို သူတို့ကသိကြသဖြင့် ဒေါပွနေကြနေသည်။ လျှို့ဝှက်နယ်မြေတစ်ခုထဲတွင် ပိုင်ရှောင်ချန်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ကိုယ်စားပြုအဖြစ် သွားရောက်တိုက်ခိုက်မည်ကိုလည်း သူတို့က သိကြသည်။
တစ်ဂိုဏ်းလုံးတွင် ထိုတိုက်ပွဲသို့သွားခွင့်ရသူမှာ ပိုင်ရှောင်ချန်းတစ်ယောက်ထဲသာ ရှိသဖြင့် ကျင့်ကြံသူများစွာမှာ စိတ်ပူနေကြတော့သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ဒေသတွင် ဂိုဏ်းအသစ်တစ်ခုဖြစ်နေသဖြင့် ထိုနေရာရှိ ကျင့်ကြံခြင်းလောကနှင့် သူစိမ်းအလားပင် ဖြစ်နေသည်။
ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အံ့သြစရာကောင်းသည့် ပုံပေါ်နေပါသော်လည်း သူတို့ဂိုဏ်းမှ နတ်အဆင့် ကျင့်ကြံသူတစ်ယောက် မပေါ်ထွက်လာသေးသ၍ ဘေးရန်ကင်းနိုင်ဦးမည်မဟုတ်ပဲ အလွယ်တကူ အစားထိုးခံရနိုင်သည်သာ ဖြစ်သည်။
ပုံမှန်ကျင့်ကြံသူများ သာမက ခေါင်းဆောင်ကြီးများ၏ စိတ်နှလုံးများထဲတွင်ပင် ရတတ်မအေးနိုင်မှုများနှင့် ချောင်းမြောင်းစောင့်နေသည့် အန္တရာယ်ကြီးများကို ရင်ဆိုင်နေရသည့် ခံစားချက်များက ဖုံးလွှမ်းနေသည်။ ကံကောင်းသည့်အချက်မှာ သူတို့တွင် သွေးဘိုးဘေးကြီးနှင့် ညောင်ပင်ကြီးအပြင် သန့်ရှင်းသောဝိညာဥ် ရှိသဖြင့် အခြားဂိုဏ်းသုံးဂိုဏ်းပင် အနည်းငယ် စိုးရိမ်နေကြတော့သည်။
ထိုအရာများကြောင့်သာ အဏ္ဏဝါခေါ်သံဂိုဏ်းသည် တည်ငြိမ်မှု အနည်းငယ် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထို အကြောင်းများကို ကောင်းကောင်းသိပေသည်။ ထို့ကြောင့် သူသည် လျှို့ဝှက်နယ်မြေထဲသို့ မသွားချင်သည့်အပြင် ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံများထံတွင် တွေ့လိုက်ရသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် သွားရန်ထိတ်လန့်နေပါသော်လည်း စီစဥ်မှုကို လက်ခံလိုက်လေသည်။ အသားများတဆတ်ဆတ်တုန်ရီနေကာ အန်ကိုကြိတ်ရင်းဖြင့် သူသည် ဘရူဆာကို တောင်ထိပ်သို့ ခေါ်သွားတော့သည်။
တောင်ပေါ်တွင် ဖုန်းရှိန်ကျစ်၊ ဟန်ဇောင်နှင့် ချီဟွမ် တို့မှာ သူ့ကိုစောင့်ဆိုင်းနေကြသည်။ နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိသည့် ခေါင်းဆောင်းကြီးသုံးယောက်မှာ သူ့ကို လျှိ့ဝှက်နယ်မြေထံသို့ လိုက်ကာ ပို့ဆောင်ပေးမည်ဖြစ်သည်။
ပိုင်ရှောင်ချန်း တောင်ပေါ်တက်သွားသည်ကို လူများက တိတ်ဆိတ်စွာဖြင့် ကြည့်နေကြတော့သည်။ ဝိညာဥ်စွယ်မှာ သူ၏ အင်မော်တယ်ဂူထဲမှ ထွက်လာပြီးနောက် အသက်မဲ့နေသည့် မျက်ဝန်းများဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတုံးက သူနှင့် ပိုင်ရှောင်ချန်းတို့ တိုက်ခိုက်နေကြသည်များကို ပြန်လည် တွေးတောနေတော့သည်။
ထိုအခေါက်သည် သူ၏ မျိူးဆက်တူထဲမှ လူတစ်ယောက်ကို သူရှုံးနိမ့်ဖူးသည့် ပထမဆုံးအခေါက်ဖြစ်သည်။ ထိုတိုက်ပွဲကြောင့် သူသည် ပြင်းပြင်းထန်ထန် မထိခိုက် မခံစားလိုက်ရသော်လည်း ပိုင်ရှောင်ချန်းကို ကျော်တက်လိုသည့် ခံစားချက်များမှာ သူ၏ စိတ်ထဲတွင် နိုးထလာခဲ့သည်။
တချိန်တုံးကဆိုလျှင် ပိုင်ရှောင်ချန်း၏တိုးတက်မှုနှုန်းများမှာ ယုံကြည်နိုင်ဖွယ်မရှိဟု သူက တွေးမိသည်အထိပင်။ သူသည် ဝိညာဥ်စွယ်၏ အရှေ့သို့ ကွာဝေးစွာရောက်နေပြီဖြစ်၍ လိုက်မှီရန် မဖြစ်နိုင်တော့သည့်အလားပင်။
ထို့နောက် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ တောင်တစ်တောင်ပေါ်တွင် ရပ်နေသည့် စုန့်ချွဲမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့သည်။ သူသည် မြေခဓားကမ္ဘာ၊ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်နှင့် ထိုနောက်ပိုင်း ဖြစ်ရပ်များကို ပြန်တွေးနေတော့သည်။ ထို့ကြောင့် သူ၏ မျက်ဝန်းထဲတွင် လက်မခံလိုသည့် အရိပ်အယောင်များ တောက်လောင်လာတော့သည်။
” တစ်ရက်ရက်တော့ မင်းကိုငါ သေချာပေါက် ကျော်တက်ပြမယ်။ ”
သွေးသခင်များနှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ အခြားလက်ရွေးစင်များမှာလည်း ဂနာမငြိမ် ဖြစ်နေကြသည်။ သူတို့၏ ဂိုဏ်းအတွက်စိုးရိမ်နေပါသော်လည်း သူတို့ကိုယ်သူတို့ ပိုင်ရှောင်ချန်းနှင့် မနှိုင်းယှဥ်ပဲ မနေနိုင်ချေ။ လျှို့ဝှက်နယ်မြေဒေသသို့ သူတို့ဝင်ခွင့်မရှိသည့်အချက်မှာ သူတို့အားလုံးအတွက် စိတ်ကသိကအောက်ဖြစ်စရာ အလွန်ကောင်းနေတော့သည်။
ကျိုးရှင်းချီမှာ အသက်ကို မနည်းရှူနေရပြီး ကျုံးတာအို၏ မျက်လုံးများမှာလည်း နီရဲနေတော့သည်။ နတ်ဆရာနှင့် ကျားလဲ့တို့မှာလည်း အငြိမ်မနေနိုင်လောက်အောင် ဖြစ်နေသည်။ အရင်တုံးက ကျင့်ကြံခြင်းအခြေခံ ပိတ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့နေရခဲ့ရသည့် လက်ရွေးစင်တစ်ယောက်ရှိသည်။ ထိုသူမှာ လုထျန်းလဲ့ဖြစ်သည်။ သူသည် အချိန်တော်တော်များများတွက် တစ်ကိုယ်ထဲနေကာ အပြင်သို့ မထွက်ချေ။ သို့သော်လည်း ယခုတွင်မူ သူ၏ အင်မော်တယ်ဂူထဲမှထွက်လာပြီးနောက် အဏ္ဏဝါခေါ်သံတောင်ပေါ်သို့ တက်သွားသည့် လူကို ငေးကြည့်နေတော့သည်။
ချင်းမေ့ယွမ်နှင့်အတူ ကုန်းစွန်းဝမ်အာလည်း ရောက်ရှိလာသည်။ ကုန်းစွန်းဝမ်အာ၏ အမူအရာမှ ယခင်ကကဲ့သို့ပင် နှုတ်ခမ်းကိုအမြဲကွေးညွှတ်ကာ ခပ်မှိုင်းမှိုင်း ပြုံးနေဆဲပင်။ သို့သော်လည်း ထိုလူများထက် များစွာပို၍ ရှုပ်ထွေးသည့် ခံစားချက်များနှင့် ရူးသွပ်မှုများ ဖုံးလွှမ်းနေသည့်လူတစ်ယောက်မှာ ရှမ်ကွမ်းထျန်ယုံပင် ဖြစ်သည်။
သူ၏ ယောကျ်ားပီသသော ခန္ဓာကိုယ်ကြီးဖြင့် မတ်မတ်ကြီး ရပ်နေသည်။ ပိုင်ရှောင်ချန်းကို ကြည့်ရန် ဆန္ဒမရှိသဖြင့် သူသည် အင်မော်တယ်ဂူအပြင်သို့ ထွက်မလာခဲ့ပေ။ ပိုင်ရှောင်ချန်းကို မမြင်ရပါသော်လည်း သူ၏နှလုံးသားမှာ အဆိပ်အပြင်းဆုံး မြွေဟောက်များပေါက်ထားသည့်အလား နာကျင်နေသဖြင့် စကားလုံးများနှင့် ဖော်ပြရန်ပင် ခက်ခဲနေတော့သည်။
နီမြန်းနေသော မျက်လုံးကြီးများဖြင့် လက်သီးများဆုပ်ကာ သူက ကြိမ်းဝါးလိုက်သည်။
” မင်းက မိဘမရှိ၊ ပညာမတတ်တဲ့ အပေါစားကောင်ပါကွာ။ ငါက ရှန်ကွမ်းထျန်ယုံကွ။ မင်းကို ငါ့ခြေထောက်နဲ့ နင်းချေပြမယ်။ ”
မနာလိုကာ မုန်းတီးနေသူများ ရှိသော်လည်း ပိုင်ရှောင်ချန်းအတွက် ဆုမွန်ကောင်းတောင်းပေးနေကြသူများလည်း ရှိသည်။ ဖက်တီးကျန်းကြီး၊ ဟိုယွင်ဖေး၊ ရွှီပေါက်ချိုင်၊ အမှတ်သုံး ဖက်တီးဟီ၊ လီချင်းဟောက်တို့ အားလုံးလည်း ရောက်ရှိနေကြသည်။ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့လည်း ရောက်ရှိနေပြီး သူ့အတွက် ဆုမွန်ကောင်းများတောင်းရင်းဖြင့် စိတ်ပူနေကြတော့သည်။
မျက်လုံးပေါင်းများစွာမှာ တောင်ပေါ်သို့ ဖြည်းညင်းစွာတက်သွားသည့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြတော့သည်။ မကြာမီ သူသည် ဘရူဆာ အမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့သည့် နတ်စင်သို့ ရောက်သွားတော့သည်။
ထိုနတ်စင်တွင် ခေါင်းဆောင်ကြီးသုံးယောက်က သူ့ကိုစောင့်နေကြသည်။ သူ၏ ထူးဆန်းစွာ ဝတ်စားထားပုံကို မြင်လိုက်ရသောအခါ သူတို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် အူကြောင်ကြောင် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ အဆုံးတွင် ဟန်ဇောင်မှာ ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်လေသည်။
ချက်ချင်းပင် အထက်ကောင်းကင်ယံမှာ ငွေရောင်အလင်းတန်းတစ်တန်း ကျဆင်းလာသည်။ ၎င်းမှာ ကောင်းကင်ချိုဓားဖြစ်ပြီး တဖြည်းဖြည်းကြီးထွားလာကာ မီတာသုံးထောင် အရှည်ထိရောက်သွားတော့သည်။
” ကောင်းပြီရှောင်ချန်းရေ။ သွားဖို့ အချိန်ကျပြီ။ ”
ထိုသို့ဆိုကာ သူသည် လှစ်ခနဲလှုပ်ရှားကာ ကောင်းကင်ချိုဓားဆီသို့ ပျံသန်းသွားသည်။ ချီဟွမ် နှင့် ဖုန်းရှိန်ကျစ် တို့မှာလည်း သူ့နောက်သို့လိုက်သွားပြီး တစ်ခဏအတွင်း ဓားပေါ်သို့ ရောက်ရှိသွားပြီး တင်ပျဥ်ခွေထိုင်ချလိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာလည်း အံကြိတ်လိုက်ပြီး သူတို့နောက်သို့ ပျံသန်းကာ လိုက်သွားတော့သည်။ သူ၏နောက်တွင် ဘရူဆာမှာလည်း ခေါင်းကိုနောက်ပစ်၍ တစ်လမ်းလုံးအော်ဟစ်ကာ လိုက်လာတော့သည်။
ဘရူဆာ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်မှုများကို အတိုင်းသားမြင်နေရသည်။ ဤအကြိမ်သည် ပိုင်ရှောင်ချန်း၏ နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုသို့ သူလိုက်ပါခွင့်ရသည့် ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူ၏ ဘေးတွင် ထိုသို့ရှိနေရသည်မှာ သူ့အတွက် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းနေတော့သည်။
” သွားကြစို့။ ”
ဟန်ဇောင်က မိုးခြိမ်းသံအလား ဆိုလိုက်သည်။ ထိုအခါ ကောင်းကင်ချိုဓားကြီးမှာ ငွေရောင်များ တလက်လက်တောက်ပလာပြီး ပဲ့တင်သံများထွက်ကာ လျင်မြန်သော အဟုန်ဖြင့် ပျံထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပျောက်ကွယ်သွားပြီး နောက်တွင် တဝီဝီမြည်သံများနှင့် ငွေရောင်အလင်းတန်းရှည်ကြီး တစ်တန်းသာ ကျန်ရစ်ခဲ့တော့သည်။
ပိုင်ရှောင်ချန်း ထွက်ခွာသွားသောအခါမှသာ အဏ္ဏဝါခေါ်သံဂိုဏ်းရှိ လူများက စကားပြန်ပြောကြလေသည်။ ကျုံးတာအို၊ စုန့်ချွဲ၊ ဝိညာဥ်စွယ်နှင့် အခြားလက်ရွေးစင်များမှာ တိုးတက်လိုသည့် စိတ်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် တံခါးပိတ်ကျင့်စဥ်များကို ပြန်လည်စတင်လိုက်ကြသည်။ သူတို့အားလုံးမှာ အမြုတေအဆင့်သို့ မြန်နိုင်သမျှ အမြန်ဆုံးရောက်ရှိရန် ကျမ်းသစ္စာဆိုလိုက်ကြတော့သည်။
ဖက်တီးကျန်းကြီးပင်လျှင် အံကိုကြိတ်ကာ တံခါးပိတ်ကျင့်စဥ်ကို စတင်လိုက်တော့သည်။ ပိုင်ရှောင်ချန်းနှင့် တစ်မျိုးဆက်ထဲတွင် ရှိသည့်လူတိုင်းနီးပါးမှာ ထိုသို့ လုပ်ကုန်ကြတော့သည်။
အလယ်ပိုင်းဒေသရှိ ကျင့်ကြံခြင်းလောကမှာ ကြီးမားလွန်းသဖြင့် ကုန်းမြေတိုက်များအဖြစ် ခွဲခြား၍ မဖြစ်နိုင်ချေ။ ထိုအစား ‘ ပိုင်နက် ‘ ဟူသော စကားလုံးကို အသုံးပြုသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသိမ်းပိုက်ထားသည့် ပိုင်နက်မှာမူ ‘ ကောင်းကင်ပိုင်နက် ‘
မှ ခေါ်သံပိုင်နက် ဟူ၍ ပြောင်းလဲခေါ်တွင်သွားတော့သည်။
လျှို့ဝှက်နယ်မြေကမူ ခေါ်သံပိုင်နက် နှင့်ဝေးကွာသည့် တာအိုပိုင်နက်ထဲတွင် ရှိသည်။ ထိုပိုင်နက်၏ဘေးတွင်ကား အဆုံးမရှိသောကန္တာရကြီးတစ်ခု ရှိသည်။ ထိုကန္တာရကြီးမှာ ကောင်းကင်တံတားမြစ်နှင့် ဝေးကွာလွန်းလှသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်မှာ ထိုနေရာတွင် လွန်စွာမှ အားနည်းသည်ဖြစ်သည်။
ထို စိတ်စွမ်းအင်ရှားပါးသည့် နေရာဒေသတွင် လျှို့ဝှက်နယ်မြေတည်ရှိသည်ဖြစ်ပြီး လူသူနည်းပါးပါသော်လည်း ရှားပါးပစ္စည်းများ မရှိသည့် နေရာဟု ပြော၍ မရနိုင်ချေ။
ထိုကန္တာရထဲတွင် ဘုရားကျောင်းတစ်ကျောင်းရှိပြီး ထိုဘုရားကျောင်းမှာ မည်သူမှ သေချာ မသိလောက်အောင် ရှေးကျနေပြီဖြစ်သည်။ ထိုနေရာတွင် အမွေအနှစ် တံဆိပ်တော်များ တည်ရှိသည်ဖြစ်ပြီး လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်လည်း ရှိသည်။
ထိုဘုရားကျောင်းကို သဲသောင်ပြင်ထဲမှ ထိုးထွက်နေသည့် မီတာသုံးရာကျော် ရှည်လျားသော ကျောက်တုံးပေါင်း တစ်ရာကျော်က ဝန်းရံထားသည်။
ထိုကျောက်တုံးများ၏ ပုံစံမှာ အလွန်ထူးဆန်းပြီး သတိလက်မဲ့ကြည့်ပါက ဘုရားကျောင်း၏ ဘေးနားတွင် ကျုံရာကျပန်း ပေါ်ပေါက်နေသည့်ပုံပေါ်သည်။ သို့သော် သေချာကြည့်လိုက်ပါက သူတို့ကို နေရာချထားပုံမှာ ပုံစံကွက်တစ်ခုနှင့်ဆင်တူကြောင်း တွေ့ရမည်ဖြစ်သည်။ ထိုပုံစံကွက်ကြောင့် ထိုဒေသရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အခြေအနေမှာ ပြောင်းလဲနေခြင်းဖြစ်သည်။ ထိုကျောက်တုံးများသည် မန္တန်အစီအရင်တစ်ခု ဖြစ်နေသည်။
ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများကိုပင် နွမ်းနယ်သွားစေနိုင်သည့် အခိုးအငွေ့များမှာ ထိုမန္တန်အစီအရင်များထဲမှ ထွက်ပေါ်နေသည်။ ဤကဲ့သို့ မန္တန်အစီအရင်ကို တည်ဆောက်နိုင်မည့်လူမှာ နတ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သာဖြစ်မည်။
ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့၏ အဖွဲ့များမှာ ရောက်ရှိနေပြီး ကျောက်တုံးများအပေါ်တွင် တင်ပျဥ်ခွေထိုင်နေကြသည်။ ထိုနှစ်ဂိုဏ်း၏ ဂိုဏ်းတစ်ဂိုဏ်းဆီတွင် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုပြည့်အောင် လောကကြီးတွင် မနေထိုင်ရသေးသည့် ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်ပါသည်။ သို့သော်လည်း သူတို့၏ မျက်ဝန်းထဲရှိ ဂုဏ်ယူဝင့်ကြွားမှုများကိုမူ ဖုံးကွယ်၍မရချေ။ သူတို့၏ ဂိုဏ်းများတွင် သူတို့သည် ထိပ်တန်းလက်ရွေးစင်များ ဖြစ်သည် မဟုတ်ပါလော။
သူတို့တွင် ဂုဏ်ယူဝင့်ကြွားခွင့် ရှိသည်။ သူတို့ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အခြားကျင့်ကြံသူများနှင့် များစွာ ကွာခြားနေကြောင်း သိနိုင်မည်ဖြစ်သည်။
ထိုနှစ်ဂိုဏ်းမှာ သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် ထောက်တိုင်များသဖွယ်ကြီးထွားလာကြမည့် သစ်စေ့လေးများဖြစ်သော သူတို့၏ လက်ရွေးစင်များကို လေ့ကျင့်သင်ကြားပေးရန် အကုန်အကျများစွာ အကျခံကာ ပေးဆပ်ထားသည်။ ထိုလူများထဲမှ တစ်ယောက်မှာ ချန်ယွမ်ရှန် ဖြစ်သည်။
သူတို့နှစ်ဂိုဏ်းအကြားတွင် အနည်းငယ်ခြားနေသည်ဖြစ်ပြီး သူတို့၏ အငွေ့အသက်များမှာလည်း ကွဲပြားကြသည်။ ရှင်းမြစ်ဂိုဏ်းခွဲ၏ ကျင့်ကြံသူများကို အဆုံးမဲ့လောက်အောင် များပြားသည့် ကြယ်စင်များကဲ့သို့ နက်မှောင်သော အလင်းတစ်ခုက ဝန်းရံထားပြီး နက်နဲသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။
ကျစ်မြစ်ဂိုဏ်းခွဲမှာမူ သူတို့၏ ဆန့်ကျင်ဘက်အလားပင်။ သူတို့တွင် မိစ္ဆာဆန်ကာ သတ်ဖြတ်လိုသော အခိုးအငွေ့များရှိပြီး သူတို့၏ အကြည့်များမှာ ပြိုင်ဘက်၏ စိတ်နှလုံးထဲသို့ပင် ဖောက်ထွင်းနိုင်သည့်အလား စူးရှလွန်းနေသည်။ သူတို့သည် ထစ်ခနဲဆို သတ်ဖြတ်မည့်လူများနှင့်တူပြီး အနက်ရောင်မြူခိုးများကဲ့သို့သော အရာတစ်ခုဖြင့် ဝန်းရံထားသည်။ ထိုမြူခိုးထဲတွင် ရှေ့နောက်ယိမ်းထိုးနေကြသည့် မိစ္ဆာဝိညာဥ်များ၏ ပုံရိပ်များကို ခပ်ရေးရေး မြင်နိုင်သည်။
ဤနေရာရှိ စွမ်းအင်မျိုးမှာ အောက်ပိုင်းဒေသရှိ မည်သည့်ဂိုဏ်းမျိုးကမှ မပိုင်ဆိုင်မည့် စွမ်းအင်မျိုးဖြစ်သည်။ အလယ်ဒေသရှိ ဂိုဏ်းကြီးများသာလျှင် ဤသို့သော စွမ်းအင်မျိုးကို ထုတ်ဖော်ပြသနိုင်သည် ဖြစ်သည်။
ထိုနှစ်ဖွဲ့က စောင့်ဆိုင်းနေစဥ်တွင် ခပ်လှမ်းလှမ်းမှ တုန်ခါမှုများကို ခံစားမိလိုက်ဖြင့် သူတို့သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။
အနည်းငယ်ကြာသောအခါ ကောင်းကင်ချိုဓားဖြစ်သည့် ငွေရောင်အလင်းတန်းတစ်ခုမှာ ခပ်လှမ်းလှမ်းတွင် ပေါ်ထွက်လာသည်။ ထိုဓားသည် လေကိုခွင်းသွားသောအခါ ဆယ်ဆင့်တိတိ စိတ်စွမ်းအင်အဆင့်တင်မြှင့်ခြင်း၏ စွမ်းအားများမှာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ကြွားလုံးထုတ်ရန် ပြင်ဆင်နေပေသည်။ မျက်စိတစ်မှိတ်အတွင်း ထိုဓားကြီးမှာ မန္တန်အစီအရင်နားသို့ ရောက်လာသဖြင့် ထိုအပေါ်ရှိ ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲ ကျင့်ကြံသူများမှာ ဓားပေါ်ရှိ လူရိပ်များကို မြင်လိုက်ရတော့သည်။
ခေါင်းဆောင်ကြီးသုံးယောက်ကို လျစ်လျှူရှုကာ သူတို့၏ အကြည့်များမှာ ပိုင်ရှောင်ချန်းဆီသို့ ရောက်သွားကြသည်။
ထိုနှစ်ဂိုဏ်းထဲမှ မည်သူမှန်းမသိသော လူတစ်ယောက်မှာ တအံ့တသြနှင့် လွန်စွာ အထင်သေးသောလေသံဖြင့် ဆိုလိုက်လေသည်။
” တစ်ယောက်ထဲပါလားဟ။ “