အခန်း ( ၃၆၀ )

ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ....ကျုပ်သွားမယ်

ဟန်ဇောင်၊ ဖုန်းရှိန်ကျစ်နှင့် ခေါင်းဆောင်ကြီး ချီဟွမ်တို့၏ အမူအရာများကို မြင်လိုက်ရသောအခါ ဆံနီအဘိုးအိုက အထင်အမြင်သေးလျက် တဟားဟားရယ်လိုက်ပြီးနောက် အင်္ကျီလက်ခါကာ ထွက်ခွာသွားလေသည်။

ဂိုဏ်းသုံးဂိုဏ်း၏ ကျင့်ကြံသူများက သူတို့၏ ပျံသန်းရန်မှော်ပစ္စည်းများကို ထုတ်လိုက်ကြကာ တဟုန်ထိုးထွက်ခွာသွားကြသဖြင့် တဂျုန်းဂျုန်းအသံများထွက်ပေါ်လာပြီး အနောက်တွင် လေလှိုင်းများနှင့်ဖုန်လုံးကြီးများသာ ကျန်ခဲ့တော့သည်။

“ချီးထဲမှပဲ…”
ချီဟွမ်သည် အံကြိတ်လျက်ပြောလိုက်သည်။

ဖုန်းရှိန်ကျစ်က မျက်မှောင်ကြုတ်လိုက်ကာ…
” အလယ်ပိုင်းဒေသကျင့်ကြံခြင်းလောကရဲ့ စည်းမျဥ်းစည်းကမ်းတွေကို နားမလည်တာ ငါတို့အပြစ်ပဲထားပါတော့.. ”

ဟန်ဇောင်က မဲ့ပြုံး ပြုံးလိုက်ပြီး ပြောသည်။
” အလယ်ပိုင်းဒေသက ပေါများလှတဲ့ရင်းမြစ်တွေနဲ့ဆိုလိုကတော့ ကျင့်ကြံသူတွေအတွက် နှစ်ခြောက်ဆယ်ရပ်ဝန်းအတွင်း အမြုတေအဆင့်ရောက်ဖို့က မခက်ပါဘူး။ အောက်ပိုင်းဒေသမှာဆိုရင်တော့ ဒီလိုအောင်မြင်ဖို့ကတော့ အင်မတန် ခက်တာ…. ”

ထိုအချိန်တွင် သူက ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။

တခဏကြာသော် ဖုန်းရှိန်ကျစ်နှင့် ချီဟွမ်တို့သည်လည်း သူ့ကို ကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ ထိုလူသုံးယောက်စိုက်ကြည့်နေခြင်းကြောင့် အတန်ငယ် ချောက်ချားလာရာ မသိလိုက်ပဲ နောက်သို့ဆုတ်မိသွားလေသည်။

“အမ်. ခေါင်းဆောင်ကြီးတို့… ကျုပ်.. ”

“ရှောင်ချန်း.. ငါတို့ အခုလေးတင် အနိုင်ကျင့်ခံရပြီး ဟာသလုပ်ခံလိုက်ရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲဆိုတော့ ငါတို့ဂိုဏ်းက အရမ်းအားနည်းလို့ပဲ”

“ဟုတ်တယ်.. ရှောင်ချန်း။ ငါစဥ်းစားရသလောက်တော့ အဏ္ဏဝါဂိုဏ်းတစ်ခုလုံးမှာ နှစ်ခြောက်ဆယ်စက်ဝန်းအတွင်း အမြုတေအဆင့်ရောက်တဲ့လူတစ်ယောက်ပဲ ရှိတယ်… ”

” ညမုဆိုး…ကောင်လေး.. ခေါင်းဆောင်ငယ်အနေနဲ့ ဒီကိစ္စက ဂိုဏ်းရဲ့ အနာဂတ်တိုးတက်လာဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ မင်းသေချာသိမှာပါ”

ခေါင်းဆောင်ကြီးသုံးယောက်ပြောသော စကားများနှင့် သူတို့၏မျက်နှာအမူအရာများမှာ မတူညီသော်လည်း သူတို့မျက်လုံးများအတွင်းရှိ မျှော်လင့်ချက်များသည် တထပ်တည်းပင်။

“ကျွန်တော်… ”
ပိုင်ရှောင်ချန်းမှာ လည်ချောင်းတစ်ခုလုံးခြောက်ကပ်လာသည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။ မကြာသေးမီက သူသည် ခေါင်းဆောင်ကြီးများနည်းတူ ဒေါသထွက်ရင်း တိတ်တဆိတ် မတ်တတ်ရပ်နားထောင်နေခဲ့သည်။ သို့သော်လည်း အဘိုးကြီးသုံးယောက်က ရုတ်တရက် သူ့ကိုလှည့်ကြည့်လေသည်။ ပို၍ဆိုးသည်မှာ သူတို့၏စကားလုံးများက သူ့ကို ရင်တုန်သွားစေတော့သည်။

အထူးသဖြင့် သူသည်သာလျှင် နှစ်ခြောက်ဆယ်စက်ဝန်းအတွင်း အမြုတေအဆင့်ရောက်ရှိခဲ့သည့် တစ်ဦးတည်းသောကျင့်ကြံသူဖြစ်သည်ကိုတွေးရင်း ပူဆွေးသောက ရောက်လျက် စိတ်ထဲတွင် အော်ငိုနေမိတော့သည်။ဂိုဏ်းများသည် ပုံမှန်အားဖြင့် အမွေအနှစ်နယ်မြေသို့ လူခုနစ်ယောက်ရှစ်ယောက်လွှတ်လေ့ရှိသော်လည်း ဤအခြေအနေအရ သူတစ်ယောက်သာသွားရပေတော့မည်။

ထိုအတွေးကပင် ပိုင်ရှောင်ချန်းကို ကြောက်လန့်သွားစေပြီး သူ့မှာ အစောပိုင်းက ရှင်းမြစ်ဂိုဏ်းခွဲမှ ဂိုဏ်းသားများအပေါ် ရန်လိုစွာ လွန်လွန်ကျူးကျူးစော်ကားမိခြင်းနှင့် ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲတို့အပေါ်မျက်နှာပြောင်ပြောင်ဖြင့် ခြိမ်းခြောက်ခဲ့ခြင်းကို တွေးလိုက်မိသောအခါ ပို၍ပင်ဆိုးသွားတော့သည်။

ထိုအချိန်တွင် သူ၏ အမူအရာမှာ ရုတ်တရက် ညှို့မှိုင်းသွားလေသည်။ မျက်လုံးများအတွင်း ခါးသီးနာကြည်းသောအကြည့်တစ်ချက်ပေါ်လာကာ သူကဆက်ပြောသည်။
” နားထောင်ပါဦး ခေါင်းဆောင်ကြီးတို့။ အမှန်ကလေ. အရင်က ကျုပ် အသက်ကို..လိမ်ထားခဲ့တာ..အမ်း…အင်း….”

“အခု ခေါင်းဆောင်ငယ်ဖြစ်လာပြီဆိုတော့ အမှန်တရားကို ဖုံးကွယ်မနေတော့ပါဘူး။ ဒီတောင်ပေါ်မှာ ကျုပ်ကို တွေ့တုန်းက.. ဆယ်ကျော်သက်လေးမဟုတ်ဘူး.. အသက်လေးဆယ်တောင်ရှိပြီဗျ”

“အရွယ်တင်နုပျိုနေတော့လဲ..ဆက်လိမ်ဖို့ဆုံးဖြတ်လိုက်တာ.. ကျုပ်မှားသွားတာ သိပါတယ်။ ခင်ဗျားတို့ကို အမှန်တိုင်းသာပြောလိုက်ရင် ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာ ဂိုဏ်းအတွက် အခုလိုစိတ်ရှုပ်စရာတွေဖြစ်လာမှာမဟုတ်တော့ဘူး”

ပိုင်ရှောင်ချန်းအသံတွင် နောင်တများပြည့်နှက်နေပြီး ဘဝတစ်လျှောက်လုံးထိန်းသိမ်းလာခဲ့သည့် လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်လိုက်ရသကဲ့သို့ အမှန်တကယ်ထင်ရလေသည်။ သူက စကားပြောနေရင်း တဖြည်းဖြည်း လက်သီးဆုပ်လာလေသည်။

“ခေါင်းဆောင်ကြီးတို့ ကျုပ်တကယ်စိတ်မကောင်းပါဘူး။ ကျုပ်ရဲ့အသက်အမှန်ရယ်.. အချိန်အကြာကြီးလျှို့ဝှက်ခဲ့ရတာရယ်ကို တွေးလိုက်တဲ့အချိန်တိုင်း တကယ့်ကို အပြစ်ရှိရှိလာသလိုပါပဲဗျာ..။ ကောင်းပါပြီလေ…အခုဂူပိတ်ကျင့်ဖို့အချိန်ကျပြီထင်ပါတယ် ”
စကားပြောပြီးသည်နှင့် သူက နောက်လှည့်ပြီး တံခါးထံ လှစ်ခနဲပြေးသွားလေသည်။

ချီဟွမ်သည် မျက်မှောင်ကြုတ်နေပြီး ဖုန်းရှိန်ကျစ်သည် အလွန်စိုးရိမ်သောကရောက်နေဟန်ရှိသည်။ သူတို့ စကားပြောရန်ပြင်လိုက်ဆဲမှာပင် ဟန်ဇောင်က မဲ့ပြုံး ပြုံးလိုက်ပြီး ပြောသည်။

“ရှောင်ချန်း… မင်းသွားချင်ချင်၊ မသွားချင်ချင် သွားကိုသွားရမယ်”

သို့သော်လည်း ပိုင်ရှောင်ချန်းသည် တံခါးထံလှမ်းနေဆဲပင်။

“ဘယ်သူမှ ကိုယ့်ဂိုဏ်းကို အားမနည်းစေချင်ဘူးမလား”
ဟန်ဇောင်က ဆက်ပြောသည်။
” အနှစ်ခြောက်ဆယ်စက်ဝန်းအတွင်း အောင်မြင်ထားတဲ့ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်တောင် မလွှတ်ပေးနိုင်ရင် အခြားသုံးဂိုဏ်းကြားထဲ ရယ်စရာဖြစ်နေလိမ့်မယ်။ အဲ့လိုသာဆိုလိုကတော့ အလယ်ပိုင်းဒေသမှာ တောင့်တင်းခိုင်မာတဲ့ အုတ်မြစ်မချနိုင်မှာပဲ စိုးရိမ်တယ်”

ထိုသည်ကို ပိုင်ရှောင်ချန်းကြားလိုက်ရသောအခါ သူ့နှလုံးသားတွင် ဆုံးဖြတ်ရခက်သွားရင်း အရှိန်အနည်းငယ်လျော့သွားလေသည်။

ဟန်ဇောင်သည် အနည်းငယ်အားတက်သွားပြီး ဆက်ပြောသည်။
” ဒါပေမယ့်လဲ ရပါတယ်။ မင်းသာအရေးကြီးဆုံးပါပဲ ရှောင်ချန်းရယ်။ ဂိုဏ်းက မင်းရဲ့အိမ် ငါတို့က မင်းရဲ့ မိသားစုပဲ။ မင်းမလုပ်ချင်တဲ့အရာကို လုပ်ဖို့ ငါတို့ ဖိအားပေးမနေတော့ပါဘူး။ ငါတို့ အရှက်ခွဲအနိုင်ကျင့်ခံရပြီး ဟာသလုပ်ခံရရင်တောင်မှ.မင်းနဲ့ ဂိုဏ်းသားတွေအကုန်လုံးကို ကာကွယ်ပေးမယ်”

ပိုင်ရှောင်ချန်းသည် တံခါးနားရောက်နေကာ အပြင်ဘက်လောကကို ကြည့်၍ နှလုံးသားထဲတွင် မတင်မကျဖြစ်နေကာ ထွက်သွားရန်ငြင်းဆန်နေလေသည်။

“ဒီတစ်ကြိမ်တော့…” ဟန်ဇောင်ကပြောသည်။
” အဏ္ဏဝါခေါ်သံဂိုဏ်း အရှုံးပေးလိုက်ပြီလို့ ဝန်ခံလိုက်ရတော့မှာပေါ့ကွာ။ ဖုန်းရှိန်ကျစ်၊ ချီဟွမ် ကျုပ်ကို နတ်ဘုရားအာရုံနဲ့ လျှို့ဝှက်သတင်းပို့နေစရာမလိုတော့ဘူး။ ကျုပ် ဆုံးဖြတ်ချက်ချပြီးသွားပြီ ” ဟန်ဇောင်၏ အသံတွင် ပင်ပန်းနွမ်းနွယ်ခြင်းနှင့် စိတ်ပျက်ခြင်းများ နွှယ်နေ၍ ရုတ်တရက် အသက်ပိုကြီးသွားပုံရလေသည်။

ပိုင်ရှောင်ချန်းသည် ကောင်းကင်ကို ဝမ်းနည်းစွာမော့ကြည့်ရင်း မတ်တတ်ရပ်နေလေသည်။

“ဘာ… ” ဟန်ဇောင်က ကျယ်လောင်စွာပြောလိုက်သည်။
” မင်း လျှို့ဝှက်စကားထဲ ဘာပြောလိုက်တာလဲ ဖုန်းရှိန်ကျစ်။ မဟုတ်သေးဘူး..။ အဲဒီမှာ ဝင်ပါရင် ရှုံးမှာသိတာပေါ့ မျက်နှာမပျက်ရအောင်မလို့ ဝင်ပါချင်တာဆိုတာသိပေမယ့် ပိုင်ရှောင်ချန်းကို တစ်ယောက်တည်းတော့ မလွှတ်နိုင်ပါဘူး။ အင်းး ကျုပ်သိတယ်။ ပိုင်ရှောင်ချန်းက ဂိုဏ်းအတွက် အသက်ပေးမယ်လို့တစ်ခါပြောခဲ့တယ်.. ဟုတ်တာပေါ့… ကျုပ်တို့ သူ့ကို ကောင်းကောင်းဆက်ဆံခဲ့တာကို သိတာပေါ့။။ ကျုပ်အကုန်သိပါတယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ဖျောင်းဖျမနေပါနဲ့တော့”

” ချီဟွမ် ….ခင်ဗျားလျှို့ဝှက်စကားပို့နေတာတွေရပ်လိုက်တော့..။ ကျုပ်စိတ်ပိုင်းဖြတ်ပြီးပြီ။ ရှောင်ချန်းမှာ သူ့ကိုယ်သူကာကွယ်ဖို့ အဖိုးတန်ရတနာနဲ့ ကောင်းကင်တာအိုရွှေအမြုတေရှိတာ အရေးမဟုတ်ဘူး။ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးတဲ့ အပြင်အားကိုယ်ကြောင့်မလို့ ယင်ယန် ဝိညာဥ်အဆင့်အောက်က ဘယ်သူမှ သူ့ကို သတ်နိုင်စရာအကြောင်းမရှိတာလဲ..ထား. ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ဓမ္မဥပဒေအရ အမွေအနှစ်အဆုံးအဖြတ်ပြိုင်ပွဲမှာ သတ်ဖြတ်တာကို ပိတ်ပင်ထားတာလဲ ဘေးဖယ်။ ပိုင်ရှောင်ချန်း က ကျုပ်တို့ရဲ့ ခေါင်းဆောင်ငယ်လေဗျာ။ ဘယ်လောက်ပဲ အန္တရာယ်မရှိဘူးပြောပြော ဘာတစ်ခုမှအထိအခိုက်မခံနိုင်ဘူး ”

ပိုင်ရှောင်ချန်းမှာ ငိုတော့မတတ်ဖြစ်နေရင်း အံတင်းတင်းကြိတ်ကာ ခေါင်းဆောင်ကြီးသုံးဦးအား လှည့်၍မျက်နှာချင်းဆိုင်လိုက်သည်။
” ကောင်းပါပြီဗျာ. ကျုပ်သွားမယ်. ရပြီမလား. ဖျောင်းဖျနေတာတွေတော်ပါတော့”

ပိုင်ရှောင်ချန်းပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် ဟန်ဇောင်သည် သူ့ထံ လမ်းလျှောက်လာပြီး လက်မောင်းကို စိတ်အားထက်သန်စွာ ဆုပ်လိုက်သည်။

“တော်လိုက်တဲ့ကလေးလေး။ ကောင်းပြီ.. အတည်ယူလိုက်ပြီနော်”

” ဒီကျောက်စိမ်းပေလွှာက အမွေအနှစ်နယ်မြေနဲ့ပတ်သက်ပြီး မင်းသိရမယ့် အရာအားလုံးကို ပြောပြလိမ့်မယ်။ သေသေချာချာ လေ့လာနော်..”

” မင်း လိုအပ်တယ်ထင်တဲ့ ပြင်ဆင်ချက်တွေလဲလုပ်။ တစ်လကြာရင် ငါတို့သုံးယောက် ကိုယ်တိုင် မင်းကို အမွေအနှစ်နယ်မြေကို လိုက်ပို့ပေးမယ်” ထို့နောက် သူက တစ်ချိုးတည်း လှည့်ပြန်သွားတော့သည်။

ဖုန်းရှိန်ကျစ်နှင့် ချီဟွမ်သည်လည်း ပိုင်ရှောင်ချန်းအား သဘောကျသော အကြည့်များဖြင့် ကြည့်လိုက်သော်လည်း ရုတ်တရက်စိတ်ပြောင်းသွားမည်စိုးသောကြောင့် အလျင်အမြန်ပင် တည်နေရာရွှေ့ပြောင်းသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ မည်သူမှမရှိတော့သော ခန်းမကြီးကို မျက်လုံးများပြူးလျက် ဝေ့ကြည့်လိုက်သည်။ တစ်ခုခုကို ဖမ်းဆွဲချင်သည့်အလား လက်ဆန့်ထုတ်လိုက်သော်လည်း သူဆွဲနိုင်လိုက်သည့်အရာမှာ သူ့ဆံပင်သာဖြစ်တော့သည်။

” ကလိမ်ကကျစ်မြေခွေးအိုကြီးတွေ” သူက အော်ဟစ်လိုက်သည်။
“အကုန်လုံး အကြံသမားတွေချည်းပဲ.။ စည်းမျဥ်းစည်းကမ်းတွေကို မသိတာ မဖြစ်နိုင်ဘူး။ သေချာပေါက် အစထဲက သိထားပြီး ငါ့ကိုနှပ်ချတာ..ငါ….ငါ….” မျက်နှာရှစ်ခေါက်ချိုးဖြင့် ပိုင်ရှောင်ချန်းမှာ သူအလွန်နုံအလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ စိတ်ညစ်လျက် ခန်းမအပြင်ဘက်ထွက်လာပြီးနောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်ရာ အလွန်တရာမှောင်မည်းနေလေပြီ။

အင်မော်တယ်ဂူထံသို့ မှိုင်တွေတွေဖြင့်လမ်းလျှောက်ပြန်လာပြီး ပူဆွေးသောကရောက်လျက် ဂူထဲတွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် အခြားဂိုဏ်းသုံးဂိုဏ်းမှ လူအားလုံးအား တစ်ယောက်တည်း အဘယ်သို့ရင်ဆိုင်ရမည်ကို တွေးပြီး ရုတ်တရက် အလွန်အထီးကျန်လှသည်ဟု ခံစားလိုက်ရတော့သည်။

“နေပါဦး .. ငါတစ်ယောက်တည်းမဟုတ်ဘူး..။ ဘရူဆာကို တူတူခေါ်လို့ရတာပဲ။ သူလဲ အနှစ်ခြောက်ဆယ်ရပ်ဝန်းအတွင်း အမြုတေအဆင့်ရောက်တာပဲလေ။ ငါတို့နှစ်ယောက်နဲ့ အဲ့လူတွေနဲ့…. .. ”

“ဘယ်လိုတောင်.. ခံနိုင်မှာတုန်း။ ငါတို့ကို သေချာပေါက် အနိုင်ကျင့်မှာ။ ငါဘာလုပ်ရမလဲ..”
စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ကျလျက် သူက ကျောက်စိမ်းပေလွှာကို ထုတ်ပြီး အမွေအနှစ်နယ်မြေနှင့် ပတ်သက်သော အချက်အလက်များသိရန် လေ့လာတော့သည်။

ကျောက်စိမ်းပေလွှာရှိ အသေးစိတ်ဖော်ပြချက်များအရ ထိုနယ်မြေထဲတွင် အမွေအနှစ်တံဆိပ်စုစုပေါင်းအခုတစ်ရာရှိလေသည်။ နောက်ဆုံးအကြိမ်က ကုံမြစ်ဂိုဏ်းခွဲသည် အမွေအနှစ်နယ်မြေအတွင်းသို့ အရည်အချင်းရှိဂိုဏ်းသား ၁၃ယောက်စေလွှတ်ခဲ့ရာ တံဆိပ် ၃၀ကို ရယူနိုင်ခဲ့သည်။ ကံဆိုးစွာပင် သူတို့ထဲရှိတစ်ယောက်မှ အမွေအနှစ်လမ်းစဥ်၏ ဉာဏ်အလင်းပွင့်ခြင်းတစ်ခုကိုမှ ရရှိရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

နောက်ဆုံးတွင် ကုံမြစ်ဂိုဏ်းခွဲသည် စွမ်းအားရင်းမြစ်များ၏ ၃၀ရာခိုင်နှုန်းရရှိခဲ့ပြီး နောက်ဆုံးနေရာဖြစ်သောရှင်းမြစ်ဂိုဏ်းခွဲသည် ၁၀ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

စွမ်းအားရင်းမြစ်များအား ဝေငှသုံးစွဲရမည့် စည်းမျဥ်းများကို ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ချမှတ်ထားပြီး ပြောင်းလဲ၍မရပေ။

ပိုင်ရှောင်ချန်းမှာ သက်ပြင်းထပ်ချလိုက်သည်။ ကျန်ခုနစ်ရက်အတောအတွင်း သူသည် နောက်ဆုံး ဆုံးဖြတ်ချက်မချမီ ထိုအကြောင်းကိစ္စများအား အချိန်ယူ၍ ဆက်လက်စဥ်းစားနေလေသည်။

” ယောင်ခြောက်ဆယ်ရေ.. ငါသွားမယ်လို့ ပြောပြီးသားလေ.. ဟုတ်တယ်မလား..ကဲ…..ကဲ….ကဲ သွားမယ်ဟာ”

သူရင်ဆိုင်တိုက်ခိုက်ရမည့် များပြားလှသော လူများအကြောင်း တွေးလိုက်ပြီးနောက် အဆောင်စက္ကူအမြောက်အမြားဝယ်သွားရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံး၌ သံချုပ်ကာအချို့နှင့် သားရေအင်္ကျီများကိုပင် ဝယ်ယူလိုက်သည်။ သူလိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ ဒယ်အိုးနက်ကြီးတစ်လုံးဖြစ်ကြောင်း သတိရလိုက်ရာ တစ်ဂိုဏ်းလုံးမြေလှန်ရှာပြီးနောက်တွင် သင့်တော်သည်ထက်ပင်ပိုသော သာမန်ထက်ထူးကဲ မာကြောသောသံဒယ်အိုးတစ်လုံးကိုတွေ့လိုက်ရလေသည်။

ထို့နောက် သူက အံကြိတ်လိုက်ပြီး ခေါင်းဆောင်ကြီးများထံမှ ရောင်စုံ လောင်စာအချို့ကို တောင်းယူလိုက်ပြီး အမည်းရောင်ဒယ်အိုးကြီးအပါအဝင် သူ၏ပစ္စည်းများအားလုံးကို အဆင့်ငါးစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်ရန် အသုံးပြုလိုက်သည်။

ဤမျှများပြားလှသော ပစ္စည်းများ ဝယ်ပြီးစေကာမူ လုံခြုံသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် သူသည် ဆန်းကြယ်နတ်ရေစင်အဖွဲ့ထံ မန္တန်အစီအရင်အချို့တောင်းယူရန် သွားပြီးနောက် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ထံ စိတ်စွမ်းအင်သွေး သွားတောင်းကာ နောက်ဆုံးဆေးစွမ်းအင်အဖွဲ့ထံ စိတ်စွမ်းအင်ဆေးများ တောင်းရန် သွားပြန်သည်။

ထိုအလုပ်များပြီးဆုံးချိန်တွင် လဝက်ကုန်သွားလေပြီ။ နောက်လာမည့်လဝက်အတွက် သူသည် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ပြီးနောက် အဆင့်တက်ရန် အနည်းငယ်သာလိုတော့သည်။

ထာဝရအရွတ်ကြောများနှင့်ပတ်သက်သည့် အားထုတ်မှုတွင် သူ၏ဘယ်ခြေမသည် ပြီးဆုံးသွားလေပြီ။ သူ့ဆင့်ခေါ်လိုက်သည့် အချိန်တိုင်း အံမခန်းအပြင်အားကိုယ်စွမ်းအားက ခြေမမှ အစပြု၍ သူ့ထံမှ ထွက်ပေါ်လာတော့သည်။

ကံဆိုးစွာပင် ထိုစွမ်းအားကိုအသုံးပြုခြင်းက
သူ့ဖိနပ်အားပေါက်ကွဲသွားစေတော့သည်။

ထို့ကြောင့်ပင် ပိုင်ရှောင်ချန်းသည် သူ၏ ဘယ်ခြေထောက်အတွက် ဖိနပ်အမြောက်အမြားအားလည်း ပြင်ဆင်ထားလေသည်။

နောက်ဆုံးတွင် အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော နေ့ရက်သို့ ရောက်ရှိလာတော့သည်။ ဝေလီဝေလင်းအချိန်တွင် ပိုင်ရှောင်ချန်းသည် သားရေအကျီအထပ်ထပ်ဝတ်လျက် ကျောတွင် အမည်းရောင်ဒယ်ကြီးတစ်လုံးကို လွယ်ကာ သူ၏အင်​ေမာ်တယ် ဂူထဲမှ ထွက်လာတော့သည်။ တစ်ကိုယ်လုံး၌လည်း အဆောင်စက္ကူများကပ်ထားပြီး ခြုံငုံကြည့်ရလျှင် အလွန်တရာဝမ်းနည်းနေသည့်ဟန်ရှိလေသည်။

ထို့နောက် သူသည် အဏ္ဏဝါခေါ်သံတောင်ထိပ်သို့ ဦးတည်သွားလေသည်။ သူ့နောက်တွင် သံချပ်ကာဝတ်စုံဝတ်ထားပြီး အဆောင်စက္ကူအများအပြားကပ်ထားသည့်တိုင် ရက်စက်ခြင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် စပ်စုနေသော ဘရူဆာက နောက်ကလိုက်ပါသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset