Switch Mode

အခန်း ( ၃၅၉ )

အင်အားသုံး၍ အနိုင်ကျင့်ခြင်း

ခန်းမကြီး၏ အပြင်ဘက်တွင် အံ့ဩထိတ်လန့်ကာ ထွက်ပေါ်လာသော အာမေဍိတ်သံများကို ကြားနေရသည်။ အဏ္ဏဝါဂိုဏ်းသားများအတွက်မူ သူတို့သည် ပိုင်ရှောင်ချန်းကို နတ်ဘုရားတစ်ပါးအလား ကြည့်နေကြလေသည်။

အထူးသဖြင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားများပင်ဖြစ်သည်။ သူတို့ထဲမှ အတော်များများသည် အရင်က ကြုံခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်တွေးတောကာ မျက်ရည်များပင် ကျလုနီးပါးဖြစ်နေသည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားများသည်လည်း အလားတူပင် ကိုယ်ချင်းစာမိကြသည်။ ဆန်းကြယ်နတ်ရေစင်အဖွဲ့ အတွက်မူ အများစုသည် ပိုင်ရှောင်ချန်းနှင့် သူ၏ အဖွဲ့ကို စစ်မြေပြင်တွင် ရင်ဆိုင်တွေ့ဖူးကာ အလားတူ နှိပ်စက်ခံခဲ့ရပြီးဖြစ်စည်။

ထို့နောက်တွင်မူ ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ ဂိုဏ်းသားများ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်နေကြသည်။ သူတို့သည် ဒဏ္ဍာရီပုံပြင်များအလား ပိုင်ရှောင်ချန်း၏ ဆေးဖော်စပ်ပုံအကြောင်းများကို ကြားဖူးထားကြပြီးဖြစ်သည်။ ထိုအကြောင်းများကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသောအခါ ရင်ထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

ဘေးဘက်ကို ကြည့်လိုက်လျှင် ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲတို့မှ ဂိုဏ်းသားများသည် ထိတ်လန့်ကြောက်ရွံ့ကုန်ကြလေသည်။ လန့်ဖြန့်အော်ဟစ်ရုံသာမကအမြန်ဆုံးနှုန်းဖြင့် နောက်သို့ ဆုတ်ကာ အနက်ရောင်မီးခိုးမျှင်တန်းများကို မထိတွေ့စေရန် တတ်နိုင်သမျှ အစွမ်းကုန်လုပ်၍ ရှောင်ရှားကြလေသည်။

“ဘ-ဘာ…ဘာတွေဖြစ်နေတာလဲ။”

“ဘုရားရေ.. ဒါက ဘယ်လိုဆေးမျိုးလဲ။ လုံးဝကို ကြောက်စရာကောင်းတာပါလား ”

” ဒီကမ္ဘာပေါ်မှာ အဲ့လိုဆေးလုံးမျိုးရှိတယ်ဆိုတာ မယုံနိုင်ဘူး။ ကြည့်စမ်း… အမြုတေအဆင့် ကျင့်ကြံသူတွေတောင် ကြာကြာတောင့်ခံမထားနိုင်တော့ဘူး။ အဲဒီဆေးက တကယ့်ကို ကြောက်စရာကောင်းတာပဲ။”

ဂိုဏ်းနှစ်ဂိုဏ်းမှ ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကို နေစရာမရှိအောင် ကြောက်လန့်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ အထူးသဖြင့် မိန်းကလေးဂိုဏ်းဝင်များဖြစ်သည်။ သူတို့မြင်တွေ့နေရသော အရာများ၏ အကျိုးဆက်များကို တွေးကြည့်လေလေ၊ ပို၍ ကြောက်စရာကောင်းလေဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံအဆင့်များနှင့် မသက်ဆိုင်ဘဲ သူတို့အားလုံး၏ စိတ်ထဲမှနေ၍ ပိုင်ရှောင်ချန်းကို ကြောက်ရွံ့သော အကြောက်တရားမှာ မြင့်တက်လာနေသည်။

ပိုင်ရှောင်ချန်းသည် ခြောက်ကပ်ကပ်လေသံဖြင့် ချောင်းဆိုးလိုက်ပြီးနောက် ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲတို့မှ ကျင့်ကြံသူများကို ပုခုံးတွန့်ပြလိုက်လေသည်။

” မင်းတို့ မြင်ပြီလား။ “ ဟု သူက မတရားခံရသော လေသံဖြင့် ပြောလိုက်သည်။
“သူတို့က ကျုပ်ကို တွန်းအားပေးကြတာကိုး။ ကျုပ်ပြောပါတယ်။ ကျုပ် ဒေါသထွက်ရင် ကျုပ်ကိုကျုပ်တောင် ပြန်ကြောက်တယ်လို့။ ဒါပေမဲ့ သူတို့က နားမထောင်ကြဘူးလေ၊ ဟုတ်တယ်မလား။ သူတို့က ကျုပ်ကို ဆက်ပြီး အနိုင်ကျင့်နေကြတာကိုး။ ”

ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား ခေါင်းကို ဘေးသို့ စောင်းလိုက်သည်။ အခြားဂိုဏ်းနှစ်ဂိုဏ်းမှ အမြုတေအဆင့်ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။
“ဪ၊ မင်းတို့ နှစ်ယောက် တစ်ခုခုပြောကြမလို့၊ မဟုတ်လား။”

ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ ကျင့်ကြံသူများသည် တုန်လှုပ်နေကြပြီး အခြေခိုင်မာခြင်းအဆင့်ဂိုဏ်းသားများသည် နောက်သို့ ထပ်ဆုတ်သွားကြကာ သူတို့နှင့် အမြုတေအဆင့်အကြီးအကဲများကြားတွင် နည်းနည်းခြားထားရန် ကြိုးစားနေကြသည်။ ထိုအကြီးအကဲများမှာလည်း နှလုံးများ ခုန်လာကြသည်။ ဖြစ်ပျက်နေသော ရင်နင့်ဖွယ်ရာ မြင်ကွင်းများကို လှည့်ကြည့်လိုက်ပြီးနောက် သူတို့သည် အမြန်ပင် ရှင်းလင်းချက်ပေးကြလေသည်။

“အိုး။ မဟုတ်ပါဘူး။ ကျုပ်အများကြီး မပြောခဲ့ပါဘူး။ မင်းက တကယ်ကို ကျော်ကြားပါပေတယ်၊ တာအိုရောင်းရင်းပိုင်။ မင်းက ယောင်္ကျားတွေကြားထဲမှာ နဂါးတစ်ကောင်လိုပါပဲ။”

” ဟုတ်တယ်။ သေချာတာပေါ့။ မင်းရဲ့ ဂိုဏ်းက အလယ်ပိုင်းဒေသမှာ သေချာပေါက် နာမည်ကြီးလာမှာ ”

ပိုင်ရှောင်ချန်းက တုံ့ပြန်သည့်အနေဖြင့် အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။ သူ့ကိုယ်သူ ကျေနပ်နေကာ အနည်းငယ်ထပ်မံ ကြွားရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် အေးစက်စက် နှာမှုတ်သံတစ်ချက်က ခန်းမဆောင်အတွင်းထဲမှနေ မိုးချုန်းသည့်အလား ထွက်ပေါ်လာလေသည်။ လူတစ်ယောက် ခန်းမကြီးထဲမှ ထွက်လာသည်နှင့် အရာအားလုံး လှုပ်ခတ်သွားလေသည်။ ထိုသူမှာ တစ်ခေါင်းလုံး မီးတောက်ကဲ့သို့ နီရဲနေသောဆံပင်များ၊နှင့် မျက်လုံးများမှာလည်း မိုးကြိုးသွားများအလား တောက်ပနေကြလေသည်။

ချက်ချင်းပင် ရူးသွပ်သည့်ပုံစံဖြစ်နေသော ဂိုဏ်းသားများသည် တုန်ဆင်းသွားကြပြီး အော့အန်ကြလေသည်။ ခဏကြာပြီးနောက်တွင် သူတို့၏ ဖြူဖျော့နေသော မျက်နှာများ သွေးရောင်လွှမ်းလာကြလေသည်။ သူတို့သည် သိသာစွာ အားနည်းနေကြသော်လည်း ပိုင်ရှောင်ချန်းကို ကြည့်လိုက်သောအခါတွင် သူတို့၏ အကြည့်များတွင် ဝေခွဲမရဖြစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ရောပြွမ်းလျက်ရှိလေသည်။

အထူးသဖြင့် ချန်ယန်ရှန်ပင်ဖြစ်ကာ ပိုင်ရှောင်ချန်းကို လူသတ်ချင်သည့် အကြည့်များဖြင့် စိုက်ကြည့်နေပေသည်။ သူ ယခုခံစားခဲ့ရသော အရှက်တကွဲဖြစ်ခဲ့ရခြင်း အတွက် လျော်ကြေးအဖြစ် ပိုင်ရှောင်ချန်းကို နောင်အနာဂတ်တွင် သတ်ပစ်ရန် သူ၏ နှလုံးသားထဲတွင် ကျိန်ဆိုထားပြီးဖြစ်သည်။

ရူးသွပ်မတတ်ဖြစ်သွားသော ဂိုဏ်းသားများကို ကယ်တင်ပြီးနောက် ဆံပင်နီ အဘိုးကြီးသည် သူ၏ အကြည့်များကို ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လိုက်လေသည်။ ထိုအဘိုးအိုမှာ ပိုင်ရှောင်ချန်းနှင့် ယှဥ်လျှင် ကျင့်ကြံခြင်းအခြေခံသာမက ရာထူးဂုဏ်ပါ အလွန်မြင့်မားသူဖြစ်ရာ သူနှင့် မျက်လုံးချင်းဆုံကာ အကြည့်ကို ခံယူရန်မှာ မသင့်တော်ပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းသည် ရိုးစင်းစွာဖြင့် မျက်လွှာချကာ အနီးမှ ကျောက်တုံး တစ်ခုကို ကန်လိုက်လေသည်။

ဆံပင်နီအဘိုးမှာ အေးစက်စက်နှာမှုတ်သံတစ်ချက်ပေး၍ ရက်စက်သော မျက်နှာပေးဖြင့် ခန်းမကြီးထဲသို့ ပြန်ဝင်သွားလေသည်။

ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် ပြန်မော့ကြည့်ကာ အဘိုးအိုသွားရာဘက်သို့ စိုက်ကြည့်နေမိသည်။ ထို့နောက် သူ့ဘေးပတ်လည်မှ အခြားဂိုဏ်းသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခန်းမထဲသို့ သူ့ဘာသာ ဝင်သင့်၊ မဝင်သင့် စဥ်းစားနေမိသည်။

ထိုအချိန်မှာပင် ဟန်ဇောင်၏ အသံထွက်ပေါ်လာသည်။
“ရှောင်ချန်း၊ အပြင်ဘက်မှာ လျှောက်ပြီး ဒုက္ခပေးမနေနဲ့တော့။ အထဲကို ဝင်လာ။ ”

ဂုဏ်ယူစွာဖြင့် ရင်ကိုကော့ကာ ပိုင်ရှောင်ချန်းသည် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ခန်းမကြီး၏ ဝင်ပေါက်ဆီသို့ တည်ကြည်စွာ လျှောက်လှမ်းသွားလေသည်။ ဂိုဏ်း၃ခုမှ ဂိုဏ်းသားများ၏ မျက်လုံးထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် သူ့ကို ကြည့်နေကြလေသည်။ ထို့အပြင် တစ်ယောက်မှ အဏ္ဏဝါခေါ်သံဂိုဏ်းကို အနှောင့်အယှက် ပေးလိုစိတ်မရှိကြတော့ပေ။

ခန်းမကြီးထဲကို ဝင်လိုက်သည်နှင့် ပိုင်ရှောင်ချန်းသည် ယခုလေးတွင် မြင်တွေ့ခဲ့ရသော ဆံပင်နီအဘိုး၏ အသံကို ကြားလိုက်ရသည်။

“အဏ္ဏဝါခေါ်သံဂိုဏ်းက ကုံမြစ်ဂိုဏ်းခွဲမှ မဟုတ်တာ။ ကုံမြစ်ဂိုဏ်းခွဲရဲ့ ဝေစုတွေကို အဏ္ဏဝါခေါ်သံဂိုဏ်းက အကြောင်းပြချက်မရှိ ယူလို့ရတယ်ဆိုတာ လုံးဝအဓိပ္ပါယ်မရှိဘူး။ ”

ပိုင်ရှောင်ချန်းသည် ခန်းမကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဟန်ဇောင်၊ ဖုန်းရှိန်ကျစ် နှင့် ခေါင်းဆောင်ကြီး ချီဟွမ်တို့ကို တင်းမာသော မျက်နှာများဖြင့် မြင့်မားသောနေရာတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ သူ့တို့ရှေ့၊ ဘယ်ညာမှ ခုံတန်းနှစ်ခုတွင် အခြားကျင့်ကြံသူ ၈ယောက် ထိုင်နေကြသည်။

ထိုကျင့်ကြံသူအားလုံးသည် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံများနှင့် ဖြစ်ပြီး အားလုံးပင် ထူးခြားကြလေသည်။ ကြောက်မက်ဖွယ်အငွေ့အသက်များ သူတို့ဆီမှ အဘက်ဘက်သို့ ပျံ့လွင့်နေသည်။

“ဟုတ်တယ်။” ဟု သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။
“အရင်းအမြစ်တွေကို ကန့်သတ်ထားတာလေ။ နောက်ပြီး ငါတို့မှာ ပြန်ထောက်ပံ့ရမယ့် ဂိုဏ်းတွေလည်း ရှိသေးတယ်။ အင်အားကြီးတဲ့သူက ကြီးသလိုရမယ်။ အားနည်းတဲ့သူက နည်းသလို ရမှာ အသိသာကြီးပဲ။ အဲဒီအတွက် သူများကို လိုက်ပြီး အပြစ်တင်နေလို့ မရဘူး။ ”

ဂိုဏ်းသုံးဂိုဏ်းမှ ယင်ယန်ဝိညာဥ်အခြေအဆင့် ကျင့်ကြံသူများသည် ပိုင်ရှောင်ချန်း ခန်းမထဲသို့ ဝင်လာသည်ကို သတိပြုမိသော်လည်း လူမဆန်သည့်ရက်စက်ခြင်းများဖြင့် တောက်ပနေသော မျက်လုံးများပိုင်ရှင် ဆံပင်နီအဘိုးအိုမှလွဲ၍ တစ်ယောက်မှ အာရုံမစိုက်မိကြပေ။

ပိုင်ရှောင်ချန်းသည် သတိမပြုမိဟန်ဆောင်၍ ခြေလှမ်းကျဲကျဲလှမ်းကာ တည်ငြိမ်စွာ လျှောက်လာပြီး ဟန်ဇောင်၏ နံဘေးတွင် ဝင်ရပ်လိုက်လေသည်။

ဟန်ဇောင်သည် အံကို ကြိတ်လိုက်သည်။ အသံသည် ဒေါသကြောင့် တင်းမာနေကာ ပြောလိုက်သည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းက ကုံမြစ်ဂိုဏ်းခွဲကို သိမ်းပိုက်ခဲ့တာ။ အဲဒီအထဲမှာ ကုံမြစ်ဂိုဏ်းခွဲရဲ့ ဝေစုတွေရော ပါတယ်လေ။ ”

” အစ်ကိုဟန်ဇောင်၊ ”
နောက်ထပ် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
“ဒါတွေက ရိုးရိုး အလယ်ပိုင်းကျင့်ကြံခြင်းဒေသကို အုပ်ချုပ်တဲ့ စည်းမျဥ်းတွေပဲ။ ကျုပ်တို့က အဏ္ဏဝါခေါ်သံဂိုဏ်းကိုမှ အထူးတလည် ပစ်မှတ်ထားနေတာမဟုတ်ဘူး။ ”

ပိုင်ရှောင်ချန်းသည် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ ဆွေးနွေးချက်များကို နားထောင်ပြီးသောအခါတွင် အခြားဂိုဏ်းသုံးဂိုဏ်း အဘယ့်ကြောင့် လာရောက်ကြောင်းကို တဖြည်းဖြည်း သဘောပေါက်နားလည်လာသည်။

အလယ်ပိုင်းဒေသ၌ နှစ်ခြောက်ဆယ်အချိန်စက်ဝိုင်းတွင် တစ်ကြိမ်ပွင့်သော လျှို့ဝှက်နယ်မြေရှိကာ အထဲတွင် ဝိညာဥ်အပင်များ ဖောဖောသီသီရှိလေသည်။ အချို့မှာ နှစ်၁သောင်းတွင် တစ်ကြိမ်သာပေါ်သော အမျိုးအစားဖြစ်ပြီး အချို့မှာ ပြင်ပကမ္ဘာတွင် လုံးဝမျိုးတုံးလုနီးပါးဖြစ်နေသော အပင်များဖြစ်သည်။ ထို့အပြင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို နတ်အဆင့်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေးများစေသော နတ်အဆင့်ဆေးလုံးများ ဖော်စပ်ရာတွင် သုံးသော မရှိမဖြစ်ပါဝင်ပစ္စည်းအနည်းငယ်လည်း ရှိသည်။ မည်သည့်ဂိုဏ်းအတွက်မဆို ထိုဆေးလုံးမျိုးသည် တန်ဖိုးမဖြတ်နိုင်အောင် ထိုက်တန်လှပေသည်။

လျှို့ဝှက်နယ်မြေထဲရှိ ဝိညာဥ်အပင်များ ရိတ်သိမ်းချိန်တိုင်းတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းက အကြမ်းဖျင်း တစ်ဝက်ခန့်ယူ၍ ကျန်သည်ကို ဂိုဏ်း၄ခုက ပြန်ခွဲယူရခြင်းဖြစ်သည်။

ထိုလျှို့ဝှက်နယ်မြေထဲသို့ ဝင်ပေါက်မှာ ချိတ်ပိတ်ထားသော အမွေအနှစ်နယ်မြေတစ်ခုထဲတွင် တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ကိုယ်တိုင်တည်ဆောက်ထားခဲ့သည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ပေါက်ကို အမွေအနှစ်နယ်မြေတစ်ခုထဲတွင် ချိတ်ပိတ်ထားခြင်းဖြင့် ဝိညာဥ်အပင်များကို လုံခြုံစွာ ထားနိုင်ရုံသာမက ဂိုဏ်း၄ခုမှ ဂိုဏ်းသားများအတွက် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ မှော်ပညာများနှင့် နတ်ဘုရားစွမ်းရည်များကို ရရှိနိုင်သည့် အခွင့်အလမ်းများရှိသည်။ ဤသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက် ဂိုဏ်းသားအသစ်များရှာဖွေသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းသည် လျှို့ဝှက်နယ်မြေမှ ရရှိသည့် သီးနှံများကို မည်သို့ ခွဲဝေမည့် နည်းလမ်းများအား သတ်မှတ်ပေးထားသည်မှာ ကြာပြီဖြစ်သည်။ နယ်မြေကို မဖွင့်မီ ဂိုဏ်း၄ခုသည် အမွေအနှစ်နယ်မြေထဲသို့ အမွေအနှစ်တံဆိပ်များ ရရှိရန် ဂိုဏ်းသားများကို စေလွှတ်ရသည်။ တံဆိပ်အခု၁၀၀ကိုသာ ရရှိနိုင်ပြီး ဂိုဏ်းသားများရရှိသော အရေအတွက်သည် ဝေစုများခွဲဝေရာတွင် သူတို့၏ ဂိုဏ်းမည်မျှရရှိမည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ယခုအချိန်သည် လျှို့ဝှက်နယ်မြေ နောက်တစ်ကြိမ်ထပ်ပွင့်ရန် နှစ်ပေါင်း ဒါဇင်အနည်းငယ်သာ လိုတော့သည့် အချိန်ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်က ကုံမြစ်ဂိုဏ်းခွဲသည် ဝေစုခွဲရာတွင် ဒုတိယနေရာရကာ အရင်းအမြစ်အားလုံး၏ ၃၀ရာခိုင်နှုန်းကို ရရှိပြီး အားလုံးမှာ ရတနာသိုလှောင်ခန်းထဲတွင် မတို့မထိ၊ ကျန်ရှိနေဆဲဖြစ်သည်။ ထိုအရင်းအမြစ်များသည် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးများအတွက် အလွန်တရာအရေးကြီးလှပြီး ၎င်းအရင်းအမြစ်များကို နတ်အဆင့်သို့ ရောက်ရန်ကြိုးပမ်းရာတွင် အသုံးပြုရမည်ဖြစ်သည်။

သို့သော် ယခုမူ ဂိုဏ်း၃ခုသည် ပြီးခဲ့သော ရိတ်သိမ်းချိန်က ဝေစုများကို ပြန်လည် ခွဲဝေရန် ရောက်ရှိလာခြင်းဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကို အရင်းအမြစ်များ လက်လွှဲပေးစေလိုသည့်အပြင် ပျောက်ဆုံးနေသည်များ ရှိပါက ပြန်လည် ဖြည့်တင်းပေးရမည်ဖြစ်သည်။

ရှင်းမြစ်ဂိုဏ်းခွဲမှ ဆံပင်နီ အဘိုးအိုသည် ဟန်ဇောင်ကို ကြည့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
” ဒီအရင်းအမြစ်တွေက ကုံမြစ်ဂိုဏ်းခွဲပိုင်တာလေ။ အဏ္ဏဝါခေါ်သံဂိုဏ်းက ပိုင်တာမှ မဟုတ်တာ။ အဲဒီလိုမျိုး အရင်းအမြစ်တွေ လိုချင်တယ်ဆိုရင် ရအောင် ကိုယ့်ဘာသာ အလုပ်လုပ်လေ။ ”

ပိုင်ရှောင်ချန်းသည် သူ၏ အတွေးအား နှောင့်ယှက်ခံလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားကာ သူ၏ အာရုံသည် ဂိုဏ်း၃ခုမှ ယင်ယန် ဝိညာဥ်အဆင့်ကျင့်ကြံသူများထံသို့ ရောက်သွားလေသည်။ သူနားလည်ထားသမျှကို အခြေခံကြည့်လျှင့် တာအိုမြစ်ဂိုဏ်းခွဲသည် ဂိုဏ်းများထဲတွင် အားအကြီးဆုံးဖြစ်ပြီး ယခင်တစ်ခေါက်က ပထမနေရာ ယူထားခဲ့သည်။ သူတို့အတွက် ဤကိစ္စသည် အကြီးကြီးမဟုတ်ပေ။ ထို့ကြောင့် ဆွေးနွေးရာတွင် များများစားစားမပြောခြင်းဖြစ်သည်။

ကျစ်မြစ်ဂိုဏ်းခွဲသည်လည်း တတိယရထားပြီး ပြောစရာ သိပ်မရှိပေ။ ပိုင်ရှောင်ချန်းပြောနိုင်သည်မှာ ရှင်းမြစ်ဂိုဏ်းခွဲသည် နောက်ဆုံးရထားသူဖြစ်ရာ ဤကိစ္စကို တွန်းအားပေးရန် စိတ်အားထက်သန်မှု အများဆုံးဖြစ်သည်။

နောက်ဆုတ်ရန် စိတ်ကူးမရှိဘဲ အဏ္ဏဝါခေါ်သံဂိုဏ်းကို ခြိမ်းခြောက်ရန် ပထမဆုံး ကြိုးစားသူများဖြစ်သည်။ အမှန်တကယ်တွင် ဤအစည်းအဝေးဖြစ်ပေါ်လာစေရန် အခြားဂိုဏ်း၂ခုကို လျော်ကြေးသဘောမျိုး ပေးထားရသည့်ပုံစံ ဖြစ်သည်။

အဓိကအားဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ အားနည်းချက်ကို အသုံးချ၍ ၎င်းတို့၏ အရင်းအမြစ်များကို ခိုးယူရန် ကြိုးစားခြင်းပင် ဖြစ်သည်။

ဟန်ဇောင်နှင့် အခြားခေါင်းဆောင်ကြီးများသည် သူတို့၏ ဒေါသကို ချိုးနှိမ်ရန် အကောင်းဆုံးကြိုးစားနေကြသည်။ ဆံပင်နီအဘိုးအိုက တစ်ခုခုထပ်ပြောရန် ပြင်လိုက်စဥ်တွင် တာအိုမြစ်ဂိုဏ်းခွဲမှ တချိန်လုံး မှေးနေသော ဝတ်ရုံဖြူအဘိုးအိုက ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ ပြောလိုက်သည်။
“တော်လောက်ပြီ။ ဒီကိစ္စက ပြေလည်သွားပြီလေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းနဲ့ အဆက်အသွယ်ရပြီး ဖြေရှင်းဖို့ နည်းလမ်းပေးထားပြီးသားဖြစ်တယ်။ အမွေအနှစ်နယ်မြေက ပုံမှန် နှစ်ခြောက်ဆယ်စက်ဝိုင်းမှပဲ တစ်ခါဖွင့်တာဆိုပေမဲ့ ဒီတစ်ခါ ပုံမှန် အချိန်အတိုင်းမဟုတ်ဘဲ ဖွင့်ဖို့ ခွင့်ပြုချက်ရထားတယ်။ ကျုပ်တို့ရဲ့ ဂိုဏ်းသားတွေကို နတ်မီးလျှံစမ်းသပ်ပွဲကို စေလွှတ်ပြီး ရလဒ်တွေကနေ ဝေစုတွေကို ဘယ်လို ပြန်ခွဲမလဲဆိုတာ ဆုံးဖြတ်မှာ။ ဘယ်လိုသဘောရလဲ.. တာအိုရောင်းရင်းဟန်ဇောင်။”

ဟန်ဇောင်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ သူသည် ကန့်ကွက်နိုင်သည့် အနေအထားမျိုးမဟုတ်သည်ကို ကောင်းစွာ သိလေသည်။ ကန့်ကွက်ပါက အနာဂတ်တွင် ဆိုးရွားသည့် အကျိုးဆက်များရှိလာနိုင်ပေသည်။ ထို့အပြင် ရှင်းကုံကျစ်တာအိုဂိုဏ်းက သဘောတူ တံဆိပ်တုံးထုပြီးသည်ကို ထည့်တွက်လျှင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ကန့်ကွက်ရန် အစွမ်းအစမရှိချေ။

“နတ်အဆင့်….” ဟု သူက တွေးလိုက်သည်။ “အဏ္ဏဝါခေါ်သံဂိုဏ်းမှာသာ နတ်အဆင့်တစ်ယောက်ရှိခဲ့မယ်ဆိုရင် ကိစ္စတွေက ဒီလိုပုံစံဖြစ်လာမှာ မဟုတ်ဘူး။ ” နောက်ဆုံးတွင် သူသည် အံကို ကြိတ်ကာ ခေါင်းညိတ်လိုက်လေသည်။

ဝတ်ရုံဖြူအဘိုးအိုသည် ပြုံး၍ ထရပ်ပြီး ပြောလိုက်သည်။
“ကောင်းပါလေ့။ ဒါဆို ကျုပ် မနှောင့်ယှက်တော့ပါဘူး။ တစ်လကြာရင် လျှို့ဝှက်နယ်မြေမှ ပြန်တွေ့ကြမယ်။ ”
ထို့နောက် ခန်းမကြီးမပြင်ဘက်သို့ လျှောက်ထွက်သွားလေသည်။ ကျစ်မြစ်ဂိုဏ်းခွဲမှ ယင်ယန်ဝိညာဥ်အဆင့် တာအိုသခင်များသည် အေးစက်စက် အပြုံးများဖြင့် ထွက်ခွာသွားကြလေသည်။

နောက်ဆုံးတစ်ယောက်မှာ ရှင်းမြစ်ဂိုဏ်းခွဲမှ ဆံပင်နီ အဘိုးအိုဖြစ်သည်။ ခန်းမထဲမှ လမ်းလျှောက်ထွက်ခွာ မသွားမီတွင် ဟန်ဇောင်ကို ပြန်ကြည့်ကာ ပြောလိုက်လေသည်။
“ဪ၊ နောက်ထပ်တစ်ခု ရှိသေးတယ်။ အမွေအနှစ်နယ်မြေထဲကို ဝင်ဖို့ လိုအပ်ချက်ကို ပြောဖို့ မေ့သွားလို့။ ဝင်လို့ ရတဲ့သူက အမြုတေအဆင့်ကို နှစ်ခြောက်ဆယ် စက်ဝန်းတစ်ကြိမ်အတွင်းမှာ ရောက်ရှိတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ်။ ”

တုံ့ပြန်သည့်အနေဖြင့် ဟန်ဇောင်နှင့် အခြားခေါင်းဆောင်ကြီးများ၏ မျက်နှာမှာ ပို၍ပင် တင်းမာလာကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset