တိုက်ခိုက်မှုများမှာ ရှုပ်ယှက်ခတ်နေတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပေါ်ထွက်လာသောအခါ အရိပ်များစွာ တိုက်ပွဲထဲသို့ ထပ်၍ရောက်ရှိလာတော့သည်။
ထိုအရိပ်ပိုင်ရှင်များစွာမှာ အဏ္ဏဝါခေါ်သံဂိုဏ်း မသိစေရန် သူတို့၏ အငွေ့အသက်များကို ချုပ်တည်းထားခဲ့ကြသည်။ ထို့အပြင် သူတို့မှာ တစ်ဖွဲ့ထဲမဟုတ်ချေ။ လေးဖွဲ့တိတိပင် ရှိသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် သွေးဘီလူးကြီး၏မျက်လုံးများမှာ ပွင့်သွားပြီး ပိုင်ရှောင်ချန်း၏ ဒေါသထွက်နေသည့် အကြည့်များ ပေါ်ထွက်လာတော့သည်။ ဘရူဆာသည် သူ၏ သားဖြစ်လေသည်။ ထို့ကြောင့် အဖေတစ်ယောက်အနေဖြင့် သူ၏ သားလေး အနိုင်ကျင့်ခံနေရသည်ကို မြင်နေရသည့်အတွက် ဒေါသထွက်နေတော့သည်။ ဘရူဆာ၏ ခရမ်းရောင် အမြုတေကို ခိုးယူရန် ကြိုးစားနေကြသူများကို သူက သည်းမခံနိုင်တော့ချေ။
” သွားသေလိုက်ကြစမ်း။ ”
သူ၏ အော်ဟစ်သံမှာ သွေးဘိုးဘေးကြီး၏ ပါးစပ်ထဲမှ ပေါ်ထွက်လာသည်။ သွေးဘိုးဘေးကြီး၏ ညာဖက်လက်သီးဖြင့် လက်သီးချက်တစ်ချက် ထိုးလိုက်သောအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။
ထို လက်သီးချက်ထဲတွင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ အစွမ်းများ ပါဝင်နေသည်။ သူ၏ ကောင်းကင်တာအို ရွှေအမြုတေနှင့် ထာဝရကောင်းကင်ဘုရင်အမြုတေတို့ပေါင်းစပ်ထားသည့် စွမ်းအားများပင်ဖြစ်သည်။ သွေးဘိုးဘေးကြီး၏ ဧရာမ လက်သီးကြီးမှာ ကုန်းမြေ တိုက်ကြီးတစ်တိုက် လေပေါ်တွင် ပျံဝဲလာသကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ကြီးမှာ အက်ကွဲကုန်ကာ ကြီးမားသည့် တုန်ခါမှုလှိုင်းကြီးတစ်ခု ပျံ့ထွက်လာတော့သည်။
ကျူးကျော်သူများမှာ မျက်နှာပျက်သွားကြပြီး အလျင်အမြန် ရှောင်တိမ်းရန် ပြင်လိုက်ကြသည်။ နှေးကွေးနေသူများမှာမူ ချက်ချင်းပင် သွေးများအန်ကုန်ကြတော့သည်။
မြွေပျံကြီးကို လက်သီးကြီးက တည့်တည့်ထိသွားသဖြင့် ၎င်းမှာ အော်ဟစ်ရင်းဖြင့် နောက်သို့လွင့်စင်သွားတော့သည်။
ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ လူတိုင်းမှာ တုန်လှုပ်မှုများ ဖြင့်ပြည့်နှက်နေသည့် မျက်နှာများဖြင့် ဧရာမ သွေးဘိုးဘေးကြီးကို ဝိုင်းကြည့်နေကြသည်။ ၎င်းဘီလူးကြီးတွင် အားနည်းချက်တစ်ခုခု ရှိနေရန် သူတို့က ဆုတောင်းနေကြသည့်အလားပင်။
ဖုန်းရှိန်ကျစ် နှင့် ဟန်ဇောင်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့သည် ကျူးကျော်သူများကို ထပ်၍ ဖော်ထုတ်နိုင်ရန် တိုက်ပွဲကို အချိန်အနည်းငယ် ဆက်၍ဆွဲထားရန် စီစဥ်ထားသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သွေးဘီလူးကြီးကို ထိန်းချုပ်လိုက်ပြီဖြစ်ရာ သူတို့နှောင့်နှေးနေပါက သူ ဒေါသထွက်လာမည်ဖြစ်ကြောင်း သိလိုက်လေသည်။ အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက်မှာ အပြန်အလှန် ခေါင်းညိတ်ပြလိုက်ကြသည်။
” အဆုံးသတ်ဖို့ အချိန်ကျပြီ။ ” ဟန်ဇောင်က ရေရွတ်လိုက်သည်။
” အခုလောလောဆယ် မျက်နှာထွက်မပြသေးတဲ့ကောင်တွေတောင် သူတို့မြင်လိုက်ရတဲ့အရာတွေကြောင့် လှုပ်ရဲတော့မှာ မဟုတ်တော့ပါဘူး။ ”
သူ၏ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်ယံတွင် အနက်ရောင် နေတစ်စင်းပေါ်ထွက်လာပြီး တခဏအကြာတွင် အဖြူရောင် နေတစ်စင်းဖြင့် ပေါင်းစည်းသွားတော့သည်။ နေနှစ်စင်းမှာ တစ်စင်းပေါ်တစ်စင်းထပ်သွားပြီး အတွင်းရှိ ကျီးကန်းနှစ်ကောင်မှာလည်း ထိုနည်းတူပင်။ ထို့နောက် အသစ်ထွက်ပေါ်လာသည် ကျီးကန်းကြီးမှာ မျက်လုံးများကို ဖွင့်လိုက်ပြီး နားစည်များပင် ကွဲသွားစေနိုင်သည့် အသံကြီးဖြင့် အာ လိုက်တော့သည်။
ထို့နောက် ထိုကျီးကန်းကြီးမှာ ပျံထွက်လာတော့သည်။ တချိန်ထဲမှာပင် စာခြောက်ရုပ်ကြီးတစ်ရုပ်နှင့်အတူ ရယ်မောသံများမှာ ကောက်ကာငင်ကာ ပေါ်ထွက်လာသည်။ ကောင်းကင်ချိုဓားမှာလည်း ရွှေရောင်အလင်းတန်းတစ်ခုအသွင်ဖြင့် ဟန်ဇောင်ဆီသို့ ပျံဝဲလာတော့သည်။
ထိုမျှနှင့် ရပ်မသွားသေးချေ။ တပ်ဆင်းထားသည့် မန္တန်အစီအရင်များမှာလည်း ပွင့်သွားသည့်အလား အလင်းရောင်များစွာဖြင့် တောက်ပလာပြီး ယခင်ကထက် သုံးဆတိတိ ပို၍လင်းလက်သွားကြသည်။ တလက်လက်တောက်ပနေသည့် ဧရာမ ဓားကြီးသုံးချောင်းပေါ်ထွက်လာပြီး သူတို့၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးနေတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြင်းထန်စွာ တုန်ရီနေကြပြီး ကျူးကျော်သူများမှာလည်း အသက်လုကာ ထွက်ပြေးကုန်ကြတော့သည်။ အချို့မှာ ကံမကောင်းစွာဖြင့် ခပ်ဝေးဝေးသို့ မရောက်လိုက်ချေ။ ကောင်းကင်ချိုဓားမှာ သူတို့ထဲမှ တစ်ယောက်ကို နှစ်ပိုင်းပြတ်အောင် ခုတ်ထစ်လိုက်ပြီး တခစ်ခစ်ရယ်မောနေသည့် စာခြောက်ရုပ်ကြီးမှာလည်း အခြားတစ်ယောက်၏ ရှေ့တွင်ပေါ်ထွက်လာကာ သူ့ကို အရှင်လက်လက် အရေခွံဆုတ်လိုက်တော့သည်။ အနည်းငယ်ကြာသောအခါ ထိုလူမှာ အတုအယောင်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်ကြောင်းသိလိုက်ရသည်။ သို့သော်လည်း စာခြောက်ရုပ်ကြီး၏ တိုက်ခိုက်ပုံမှာ ကြက်သီးထစရာပင်။
အနက်ရောင်နှင့် အဖြူရောင် နေလုံးများမှ အလင်းရောင်များကြောင့် ကျူးကျော်သူများမှာ ပုန်းကွယ်၍မရတော့သဖြင့် အနက်တစ်ပိုင်းအဖြူတစ်ပိုင်းကျီးကန်းကြီးမှာ ၎င်းတို့ကို လိုက်လံ သတ်ဖြတ်နေကြတော့သည်။
သို့သော်လည်း ထိုအရာများမှာ မန္တန်အစီအရင်များမှ ထွက်ပေါ်လာသည့် တောက်ပနေသော ဓားသုံးချောင်းနှင့် နှိုင်းယှဥ်လိုက်ပါက စာမဖွဲ့လောက်တော့ချေ။ ထိုဓားသုံးချောင်းမှာ ဓားပေါင်းတစ်သိန်းစီဖြင့် ပြုလုပ်ထားသည့် ဓားကွန်ချာသုံးခုအလား ဖြစ်သွားပြီး ရန်သူများကို အပိုင်းပိုင်း ခုတ်ထစ်နေတော့သည်။
မြွေပျံကြီးမှာ လွတ်မြောက်ခါနီးဖြစ်နေပါသော်လည်း လီချင်းဟောက်မှာ အေးစက်စက်နှာမှုတ် လိုက်ပြီး ၎င်း၏ နောက်ကိုလိုက်သွားတော့သည်။
ခပ်လှမ်းလှမ်းမှကြည့်လိုက်ပါက အဏ္ဏဝါခေါ်သံဂိုဏ်း၏ မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။ ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ဓားပန်းများ ပွင့်နေသည့်အလားပင်။
ထူးဆန်းသည့်အချက်မှာ သေဆုံးသွားသူအများစုမှာ သွေးများမထွက်ပဲ မြေပြင်ပေါ်သို့ သူတို့၏ ရုပ်အလောင်းများ ကျသွားသည့်အခါ ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။ အလောင်း အနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။
ရုပ်အလောင်း မကျန်ရစ်ခဲ့သူများမှာ ခန္ဓာကိုယ်အစစ်ဖြင့် မဟုတ်ပဲ ကိုယ်ပွားများဖြင့်သာ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့အတွက်မူ ထိုသို့ ကိုယ်ပွားများကို ဆုံးရှုံးရသည်မှာ ဖြုန်းတီးနေသကဲ့သို့ ဖြစ်သွားမည်ဖြစ်သော်လည်း တိုက်ရိုက် ဒဏ်ရာရရှိမည်တော့ မဟုတ်ချေ။
ကိုယ်ပွားများ ပျောက်ကွယ်သွားပြီး ဓားပန်းများ မှေးမှိန်ပျောက်ကွယ်သွားသောအခါ ခရမ်းရောင် အမြုတေမှာ ဘေးကင်းစွာဖြင့် ဘရူဆာ၏ ပါးစပ်ထဲသို့ ဝင်သွားတော့သည်။ သူက မျိုချလိုက်သောအခါ ချက်ချင်းပင် သူ၏ အငွေ့အသက်များ မြင့်တက်လာတော့သည်။
သွေးဘိုးဘေးကြီးအတွင်းရှိ ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဆုတ်နေပြီး အလွန်မောပန်းနေသည့် ပုံပေါ်နေတော့သည်။ သူ့တွင် အမြုတေနှစ်ခုရှိပါသော်လည်း သွေးဘိုးဘေးကြီးကို ထိန်းချုပ်ရသည်မှာ အားအင်များစွာ ကုန်သည့် အလုပ်တစ်ခုဖြစ်သည်။
သူက ခေါင်းဆောင်ကြီးများကို လှမ်းကြည့်လိုက်သောအခါ သူ၏မျက်ဝန်းထဲတွင် မုန်းတီးမှုများကို အတိုင်းသားမြင်နေရသည်။
ခေါင်းဆောင်ကြီးများမှာ တစ်ယောက်နှင့်တစ်ယောက် ကြောင်အန်းအန်းနှင့် ကြည့်လိုက်ကြသည်။ ဘရူဆာ၏ အမြုတေအဆင့်မှာ သူတို့ယခင်က စီစဥ်ထားသည့် အကြံအစည်ထဲတွင် မပါပေ။ အခြား နည်းလမ်းများကိုသုံးကာ ကျူးကျော်သူ သူလျှိုများကို မျှားထုတ်ရန် သူတို့က စီစဥ်ထားပြီးဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အထင်လွဲသွားမည်ကိုစိုးသဖြင့် ဟန်ဇောင်မှာ ရှင်းပြလိုက်တော့သည်။
အဆုံးတွင် ပိုင်ရှောင်ချန်းမှာ အေးစက်းစက် နှာမှုတ်လိုက်ပြီး ဘရူဆာအတွက် အရာများစွာ တောင်းဆိုလိုက်ပြီးမှ ကျေအေးပေးလိုက်တော့သည်။
” ဥာဏ်များတဲ့ အဘိုးကြီးတွေကတော့ကွာ…. ”
သူက တစ်ကိုယ်ထဲ မကျေမနပ်ဖြစ်နေတော့သည်။
” အကုန်လုံးက မြေခွေးတွေလို ကောက်ကျစ်တဲ့ အဘိုးကြီးတွေချည်းပဲ။ ” ထို့နောက် ဘရူဆာ၏ ဆက်တိုက် မြင့်တက်နေသည့် စွမ်းအင်များကို မြင်လိုက်ရသောအခါ သူက စိတ်လှုပ်ရှားမှုများထဲတွင် နစ်မျောသွားပြီး လောလောဆယ်တွင် သူတို့ကို ခွင့်လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
သားရဲဘုရင်များမှာ အမြုတေအဆင့်သို့ရောက်ပြီးလျှင် အနားယူကာ အားအင်ပြန်ဖြည့်ရပြီး ခေါင်းဆောင်ကြီးများမှာလည်း ထိုအချိန်အတောအတွင်း ဓမ္မစောင့်ရှောက်သူများအဖြစ် တာဝန်ယူရန် ကူညီပေးကြသည်။ ပိုင်ရှောင်ချန်းမှာလည်း သူတို့နှင့်အတူ တင်ပျဥ်ခွေထိုင်ကာ ဘရူဆာ အားအင်အပြည့်အခြေအနေသို့ ပြန်ရောက်ရန် စောင့်ဆိုင်းနေတော့သည်။
သို့သော်လည်း ထိုသို့စောင့်ဆိုင်းနေရသည်မှာ ပျင်းစရာကောင်းလွန်းလှသည်။ ခဏအကြာတွင် သူသည် သန့်ရှင်းသောဝိညာဥ်ဖြစ်သည့် ကလေးမလေးအကြောင်းနှင့် အဏ္ဏဝါခေါ်သံ ဆေးလုံး အကြောင်းတို့ကို ပြန်တွေးမိသွားသည်။ အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားသောအခါ သူသည် ဆေးလုံးဖော်စပ်ရန် နည်းလမ်းများကို စဥ်းစားရင်း အတွေးများထဲတွင် နစ်မျောသွားတော့သည်။
” ငါ့ခန္ဓာကိုယ်ထဲမှာ အဲ့ဆေးလုံးကို ဖော်လို့ရမှာမဟုတ်ဘူး။ အဲ့လိုဖော်ချင်ရင် သက်စောင့်အား အများကြီးရှိမှရတာ။ ငါ့မှာက မရှိဘူး… ခန္ဓာကိုယ်အပြင်ဘက်မှာ ဖော်စပ်ဖို့က ဖြစ်နိုင်ပေမဲ့ တော်တော် ခက်မှာ။ ” သူက တအံ့တသြအမူအရာဖြင့် မျက်မှောင်ကြုတ်နေတော့သည်။
” သန့်ရှင်းသော ဝိညာဥ်ဆီက သွေးတစ်စက်လောက်ရရင်တော့ နည်းနည်းပိုလွယ်လောက်တယ်… ဒါပေမဲ့ အောင်မြင်ဖို့လိုတဲ့ တာအိုဆေးပညာကျွမ်းကျင်မှု အဆင့်မျိုး ငါ့မှာ မရှိလောက်သေးဘူး။ ” ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ လုပ်ရမည့်အရာကိုသိသော်လည်း လုပ်ရန်အစွမ်းအစမရှိသည့် အချက်မှာ စိတ်ဓာတ်ကျစရာ ကောင်းလှသည်။
” အရိုးရှင်းဆုံးကတော့ ငါ့ခန္ဓာကိုယ်ထဲမှာ ဖော်စပ်ဖို့ပဲ။ ဒါပေမဲ့ သက်စောင့်အားက လုံလုံလောက်လောက် မရှိဘူး။ သက်စောင့်အား…. ဟင်…. ခဏနေပါဦး။ ” ရုတ်တရက် သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူ၏ ထည့်စရာအိတ်ကို ငုံ့ကြည့်လိုက်တော့သည်။
” လိပ်ကလေးက ထာဝရ တည်မြဲခြင်း အမွေအနှစ်ပဲ။ သူ့ရဲ့ သက်စောင့်အားဆိုရင် လုံလောက်နိုင်တယ်။ ” ပိုင်ရှောင်ချန်းမှာ တွေးရင်းတွေးရင်း စိတ်လှုပ်ရှားမှုများ ကြီးထွားလာသည်။ သို့သော်လည်း လိပ်ကလေးကြားသွားမည်စိုး၍ သူ၏ အကြံများကို အသံထွက်ကာ မပြောရဲပေ။
” လိပ်ကလေးက သစ္စာမဲ့ ကျေးဇူးကန်းလွန်းတယ်ကွ။ ငါ့ကို သူ ကြည်ကြည်ဖြူဖြူနဲ့ သက်စောင့်အား ပေးဖို့ တောင်းရမယ့်နည်းလမ်းတစ်ခုခုကိုတော့ စဥ်းစားရမယ်။ ”
လိပ်ကလေး သတိမေ့မျောနေခဲ့စဥ်တုံးက နေ့ရက်များကို သူတွေးမိလိုက်တိုင်း ခေါင်းခဲလာရစမြဲပင်။ ရုတ်တရက် သူ၏နှလုံးခုန်သံများ မြန်သွားတော့သည်။
” သတိမေ့မျောနေတုံးက…… ”
သူသည် သတိမေ့မျောသွားစေနိုင်မည့် ဆေးတစ်မျိုးကိုဖော်စပ်ရန်မှာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသဖြင့် သူ၏ မျက်ဝန်းများ တလက်လက်တောက်ပလာသည်။
နောက်ခုနစ်ရက်အကြာ မနက်စောစောတစ်ခုတွင် ဘရူဆာ၏ မျက်လုံးများမှာ ရုတ်တရက်ပွင့်လာပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုသို့အော်လိုက်သောအခါ ခရမ်းရောင် အလင်းတန်းများမှာ သူ၏ပတ်ပတ်လည်တွင် တောက်ပလာပြီး အမြုတေအဆင့်၏ အခိုးအငွေ့များ ပေါ်ထွက်လာတော့သည်။
တချိန်ထဲမှာပင် အဏ္ဏဝါခေါ်သံဂိုဏ်းမှ အခြားသားရဲများအားလုံးမှာလည်း အော်ဟစ်ကုန်ကြတော့သည်။ ဓမ္မအစောင့်အရှောက်တာဝန် ပြီးဆုံးသွားပြီဖြစ်၍ ခေါင်းဆောင်ကြီးများမှာ ပြုံးလျက် ထွက်ခွာသွားကြတော့သည်။
ဘရူဆာမှာ စိတ်အားတက်ကြွနေတော့သည်။ နောက်ရက်အနည်းငယ်ကို သူက ပိုင်ရှောင်ချန်းနှင့်အတူ ကုန်ဆုံးစေလိုက်ပါသော်လည်း သူသည် ပျင်းရိသွားသဖြင့် အပျော်ရှာရန် အပြင်သို့ ထွက်သွားတော့သည်။ ဤအကြိမ်တွင်မူ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းအပြင်သို့ မထွက်ပေ။ အခြားသားရဲများအပြင် သူသဘောကျသည့် အမျိုးသမီးကျင့်ကြံသူများနှင့်သာ အချိန်ဖြုန်းနေတော့သည်။
ပိုင်ရှောင်ချန်းမှာ သူ၏ဆန္ဒအတိုင်း လုပ်ခွင့်ပေးလိုက်လေသည်။ ထိုအချိန်တွင် သူသည် သတိမေ့မျောစေမည့် ဆေးကိုဖန်တီးရန်သာ စိတ်ရောက်နေတော့သည်။ ထို့ကြောင့် သူက အင်မော်တယ်ဂူထဲတွင်သာ နေပြီး သူ၏ အတွေးထဲရှိ များစွာသော ဆေးဖော်စပ်နည်းများကို ပြန်လည် လေ့လာနေတော့သည်။
အချိန်များမှာ ကုန်ဆုံးသွားသည်။ နှစ်လတိတိ ကုန်ဆုံးသွားပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အစီအစဥ်တစ်ခု ဆွဲပြီးသွားပြီဖြစ်ပြီး ဆေးဖော်စပ်နည်းအသစ်နှင့်ပတ်သတ်၍လည်း တိုးတက်မှုများ ရနေပြီဖြစ်သည်။ တချို့သောအချိန်များတွင် လိပ်ကလေးသည် ထည့်စရာအိတ်ထဲမှ ခေါင်းလေးပြူထွက်ကာ ပိုင်ရှောင်ချန်းကို ထွက်ထွက်ကြည့်လေသည်။ သူသည် စိတ်ကိုမဖတ်တတ်သဖြင့် ပိုင်ရှောင်ချန်းတွေးနေသည်များကို မသိနိုင်ချေ။ သို့သော်လည်း သူ၏ မျက်ဝန်းထဲရှိ ရူးသွပ်နေသော အကြည့်များကြောင့် လိပ်ကလေးမှာ စိတ်ခုနေတော့သည်။
ပိုင်ရှောင်ချန်းမှာ ကျင့်ကြံခြင်းကိုလည်း လက်မလျှော့ပေ။ ဆေးဖော်စပ်နည်းကို စိတ်ဖြင့် တွေးတောနေသည့်အပြင် ထာဝရအရွတ်အကြောများနှင့် ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်ကိုလည်း သူကဆက်လက် လေ့ကျင့်နေဆဲပင်။
အရုဏ်ချိန်တစ်ခုတွင် သူသည် ဆေးဖော်စပ်နည်းအကြောင်း တွေးတောနေသည်မှာ ပြီးစီးသွားတော့သည်။ တချိန်ထဲမှာပင် သူ၏ထည့်စရာအိတ်ထဲရှိ ကျောက်စိမ်းပေလွှာတစ်ခုမှာ တုန်ရီနေကြောင်းကို သူက သတိထားမိလိုက်သည်။ ထိုပေလွှာကို ထုတ်လိုက်သောအခါ သူ၏အတွေးထဲတွင် ဟန်ဇောင်၏ စကားသံများကို ကြားလိုက်ရသည်။
” ရှောင်ချန်းရေ။ အဏ္ဏဝါခေါ်သံတောင်ပေါ်က ခန်းမကြီးထဲကို လာခဲ့။ အခြားဂိုဏ်းကြီးသုံးဂိုဏ်း ငါတို့ဆီ လာလည်နေတာ။ ”
ပိုင်ရှောင်ချန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ခေါင်းဆောင်ကြီးများနှင့် သူလတ်တလောဆွေးနွေးခဲ့စဥ်က ဂိုဏ်းထဲသို့ သူလျှိုများအဖြစ် ကျူးကျော်ခဲ့သူအချို့မှာ ဂိုဏ်းမဲ့ကျင့်ကြံသူများဖြစ်သော်လည်း အခြားလူများမှာ ထိုဂိုဏ်းကြီးသုံးဂိုဏ်းမှဖြစ်ကြောင်း သူ့ကိုပြောပြခဲ့ကြသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသည် ဂိုဏ်းအသစ်တစ်ခု ဖြစ်သည့်အတွက် အခြားဂိုဏ်းသုံးဂိုဏ်းမှာ သူတို့၏ အခြေအနေကို သုံးသပ်မည်မှာ အသေအချာပင်။
လတ်တလော ဖြစ်ရပ်များကြောင့် ပိုင်ရှောင်ချန်းသည် မတ်တတ်ထရင်း အေးစက်စက် နှာမှုတ်လိုက်သည်။ သူ၏ ခေါင်းဆောင်ငယ် ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီးနောက် အေးစက်စက် အမူအရာတစ်ခုဖြင့် ခန်းမကြီးဆီသို့ ဦးတည်သွားတော့သည်။
တစ်လမ်းလုံးတွင် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းမှ အခြား ကျင့်ကြံသူများမှာ တင်းမာသည့် မျက်နှာထားများဖြင့် ခန်းမကြီးဘက်သို့ ဝိုင်းကြည့်နေကြသည်ကို တွေ့ခဲ့ရပေသည်။
တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းသည် အမြန်သွားလိုက်သောအခါ ခန်းမကြီး၏ ဝင်ပေါက်ကို စောင့်နေသည့် ဂိုဏ်းသားများအား တွန်းထုတ်ရန် ပြင်နေကြသော အထင်သေးသည့် အမူအရာများဆင်မြန်းထားသည့် ကျင့်ကြံသူ သုံးဖွဲ့ကို တွေ့လိုက်ရတော့သည်။