ဝမ်ပေါင်လဲ့မှာ ဟန်ဆောင်ကောင်းပါသော်လည်း ဝါနုလွန်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် မြဲ့လျဲ့ကျိမှာ တွေဝေတုံ့ဆိုင်းသွားရသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား အကဲခတ်ကြည့်လိုက်သောအခါ တစ်ခုခုမှာလွဲနေကြောင်း ရိပ်မိသွားဆဲပင်။
သို့သော်လည်း ထိုသို့ မရိပ်မိလျှင်တောင် ကိစ္စမရှိပေ။ သူသည် ပုံမှန်အတိုင်း ဖုန့်ချိုးရန်နှင့် အားပြိုင်နိုင်ရန် ဤကိစ္စရပ်ကြီးအား အကြောင်းပြနေခြင်းသာဖြစ်သည်။ ကျယ်ပြန့်တာအိုနန်းတော်မှာ အမှန်တကယ်ပင် အလွန်အင်မတန်မှ ကျယ်ပြောလှပါသော်လည်း မြဲ့လျဲ့ကျိ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အသက်ရှင်လျက် ရှိနေသေးသည့် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေနိုင်ရန်မှာ အခက်အခဲတစ်ခုမဟုတ်ပေ။ သူသည် အနည်းငယ်ခန့်ပို၍ အားစိုက်လိုက်ရန်သာ လိုအပ်ပေသည်။
မြဲ့လျဲ့ကျိမှာ ဝမ်ပေါင်လဲ့ ပြောခဲ့သမျှ စကားအားလုံးကို လျစ်လျူရှုလိုက်ပြီး တည်ကြည်စွာဆိုလိုက်၏ ” ငါ့ကို လမ်းပြ ”
မြဲ့လျဲ့ကျိ၏ တပည့်ရင်းမှာ ဤကိစ္စထဲ၌ ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။ ဖုန့်ချိုးရန်မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သူမသည် ဝမ်ပေါင်လဲ့ ပြောသမျှစကားတိုင်းကို အပြည့်အဝယုံကြည်ခြင်း မရှိပါသော်လည်း ပြည်ထောင်စုပျိုးပင်များမှာ သူတို့ဆီသို့ ရောက်လာစဥ်ကတည်းက အခက်အခဲများနှင့် ကြုံတွေ့နေခဲ့ရသည်ဖြစ်ကြောင်း သိရှိထားသည်။ ထိုသို့ဖြစ်နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ သူမ၏ ကိုယ်ပိုင်အဖွဲ့အစည်းထဲတွင်ပင် သံသယစိတ်များ ကြီးထွားလာနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး ဝမ်ပေါင်လဲ့အား ဖြည်းဖြည်းချင်း ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ ငါတို့ကို နင်နဲ့ လျန်လုံ အချင်းဖြစ်ပွားခဲ့တဲ့နေရာဆီ ခေါ်သွား။ နင်က တကယ်ပဲ လျန်လုံရဲ့ မကောင်းကြံတာကို ခံခဲ့ရတာဆိုရင် ငါကိုယ်တိုင် တရားမျှတမှုရအောင် ပြန်လုပ်ပေးမယ် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ အပြင်ပန်းတွင် ချက်ချင်းခေါင်းညိတ်ပြလိုက်ပါသော်လည်း စိတ်ထဲတွင်မူ ခေါင်းတယမ်းယမ်းနှင့် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် လက်ရှိတွင် ဖုန့်ချိုးရန်၏ အဖွဲ့အစည်း အင်အားဆုတ်ယုတ်လာရသည်မှာ ဖုန့်ချိုးရန်၏ အကျင့်စရိုက်နှင့် သက်ဆိုင်မှုရှိနေကြောင်း နားလည်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေခဲ့သည့် ကာလတစ်လျှောက်လုံး လေ့လာသိရှိခဲ့ရသည့် အချက်အလက်များအရ ဖုန့်ချိုးရန်မှာ ကျင့်ကြံခြင်းအဆင့် မြင့်မားပါသော်လည်း သူမ၏ အကျင့်စရိုက်မှာ သိမ်မွေ့လွန်းနေကြောင်း ရိပ်မိထားသည်။ သူမသည် သူမ၏ လက်အောက်ငယ်သားများအား ငြိမ်ဝပ်ပိပြားနေအောင် ထိန်းသိမ်းအုပ်ချုပ်နိုင်စွမ်းမရှိပေ။ သို့သော် မြဲ့လျဲ့ကျိမှာမူ အလွန်အင်မတန်မှ ကြီးစိုးခြယ်လှယ်တတ်ပေသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဖုန့်ချိုးရန်မှာ သူမ၏ အဖွဲ့အစည်းထဲမှ လက်အောက်ငယ်သားများအား ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်လာရတော့သည်။
” သွမ့်မုလေးသာ ဒီမှာရှိနေမယ်ဆိုရင်… မဟုတ်သေးဘူး။ သူ့ကိုတောင် မလိုပါဘူး။ ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ပဏာမအဆင့်နှစ် အရာရှိတစ်ယောက်သာ ဒီမှာရှိနေရင် အချိန်ခဏလေးအတွင်းမှာ ဒီကလူတွေအားလုံးကို လက်ခုပ်ထဲက ရေလိုဖြစ်အောင် လုပ်ပစ်လို့ရတယ် ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချနေရင် အပြင်ပန်းတွင် မကျေမနပ်ဖြစ်နေသည့်ပုံစံ ဆက်၍ ဟန်ဆောင်နေလိုက်၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်အား ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ပင်မခန်းမထဲမှ ထွက်သွားလိုက်ပြီး သူ လျန်လုံနှင့် တိုက်ခိုက်ခဲ့သည့် ကျွန်းဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ နှေးကွေးနေခြင်း မရှိပါသော်လည်း သူ၏အမြန်နှုန်းမှာ အကြီးအကဲကြီးများနှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် သူ လေပေါ်သို့ ပျံတက်သွားသည်နှင့် ဖုန့်ချိုးရန်မှာ သူမ၏ ညာဘက်လက်အားမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ခပ်မှိန်မှိန် တောက်ပနေသည့် အလင်းရောင်လေးတစ်ခုမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ဝန်းရံသွားသည်။ ထို့နောက် သူမ၏ တည်ငြိမ်အေးဆေးသော စကားသံအား သူ၏နားထဲ၌ ကြားလိုက်ရ၏။
” လမ်းပြောလိုက်။ သွားရမယ့် ဘက်ကိုသာ လက်ညှိုးထိုးလိုက်ရုံပဲ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျပ်ဖျပ် ခတ်မိသွားပြီး စဉ်းစားတွေးတောချင်ယောင် ဆောင်နေလိုက်တော့သည်။ ခဏအကြာတွင် သူသည် အရက်မျက်နှာတစ်ဘက်သို့ ညွှန်ပြလိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြဲ့လျဲ့ကျိမှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။ ဖုန့်ချိုးရန်မှာလည်း သူမ၏အင်္ကျီလက်အား ဝှေ့ယမ်းကာ ရှေ့သို့ ခြေတလမ်းလှမ်း၍ ဝမ်ပေါင်လဲ့အား အဝေးသို့ခေါ်သွားလိုက်တော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏နားထဲ၌ မိုးခြိမ်းသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ သူ၏ အမြင်အာရုံများမှာ ဝေဝါးသွားရပြီး သူသည် ရေအောက်သို့ ထိုးဆင်းသွားသည့် အလားခံစားလိုက်ရသည်။ ဝမ်ပေါင်လဲ့မှာ အမြင်အာရုံများ ပြန်လည်ကြည်လင်လာသောအခါ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်တွင် ရှိမနေတော့ဘဲ သူ စောစောက ညွှန်ပြခဲ့သည့် နေရာ၌ ပြန်လည်ပေါ်ပေါက်လာသည်ကို သိလိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားရတော့သည်။
လျန်လုံရှိနေသည့် ကျွန်းသို့ရောက်ရန် အကွာအဝေးအနည်းငယ်ခန့် လိုသေးသည်။ သို့သော် သူသည် နေရာအတိအကျ ပြောပြလိုက်မည်ဆိုပါက ထိုနေရာသို့ ချက်ချင်းရောက်ရှိသွားမည်ဖြစ်ကြောင်း သိသွား၏။
” လက်စသတ်တော့ ဒါက ဝိညာဉ်ကြားခံနယ်အဆင့်ကိုး ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်ဆန်လာ၏။ ထိုအချိန်တွင် မြဲ့လျဲ့ကျိမှာ စိတ်မရှည်တော့သောကြောင့် နှာမှုတ်လိုက်၏။
” မြန်မြန်လုပ် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်လည်မှတ်မိနိုင်ရန် အပြင်းအထန်ကြိုးစားနေသည့်ပုံ ဟန်ဆောင်လိုက်၏။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုပင် ထုတ်လွှတ်ကာ ထိုနေရာအတိအကျအား ရှာဖွေနိုင်ရန် ကြိုးပမ်းနေသည့်ပုံ ပေါက်နေတော့သည်။
တစ်ချိန်ထဲမှာပင် သူသည် သူ၏ ကြိုးလေးကိုလည်း တိတ်တဆိတ် လှမ်း၍ ဆက်သွယ်နေခဲ့သေးသည်။ ကံကောင်းစွာဖြင့် ထိုနေရာတွင် သူ၏ကြိုးလေးအား အာရုံခံနိုင်စွမ်းရှိနေသည့်ပုံပင်။ ထို့ကြောင့် သူသည် ချက်ချင်းပင်အမိန့်ပေးလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အရှိန်လျှော့ချနိုင်ရန် ကြိုးပမ်းလိုက်သည်။ သူသည် ထိုကဲ့သို့ အချိန်အကြာကြီး ဆွဲနိုင်လိမ့်မည်မဟုတ်ကြောင်း သိရှိထားပေသည်။ ထို့ကြောင်လည်း သူသည် နေရာတစ်ခုအား အလျင်အမြန် ညွှန်ပြလိုက်ပြန်သည်။
ထိုအခါ ဖုန့်ချိုးရန်မှာ သူ၏ လက်ကိုဝှေ့ယမ်းလိုက်သဖြင့် သူတို့သုံးယောက်မှာ ချက်ချင်းပင်ပျောက်ကွယ်သွားကြတော့သည်။ သူတို့မှာ ပြန်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့ ညွှန်ပြခဲ့သည့် နေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် မြဲ့လျဲ့ကျိတစ်ယောက် စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ အလောတကြီးဆိုလိုက်၏ ” ကျေးဇူးပြုပြီးတော့ ဘာမှစိုးရိမ်နေပါနဲ့ အကြီးအကဲကြီး။ ဒီအဖြစ်အပျက်ကြီးက ကြာလွန်းနေပြီမလို့ ကျွန်တော့်ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ ”
” မလိုပါဘူး ” မြဲ့လျဲ့ကျိမှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာပြောင်းလဲသွား၏။ ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်းလမ်းကာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ ဖုန့်ချိုးရန်မှာလည်း တစ်စုံတစ်ခုအား အာရုံခံမိသွားသည့်ပုံပင်။ သူမသည် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။
” ငါတို့တွေ လျန်လုံရဲ့ အငွေ့အသက်ကို ရှာတွေ့သွားပြီ ” ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တုံ့ပြန်ချိန်ပင်မပေးဘဲ သူ့အားဆွဲကာ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ ထိုအခါ သူတို့မှာ ပျောက်ကွယ်သွားကြပြီးနောက် လူမရှိသော ကျွန်းတစ်ကျွန်းပေါ်၌ ပြန်ပေါ်လာကြ၏။
ထိုကျွန်းမှာ ဝမ်ပေါင်လဲ့နှင့် လျန်လုံတို့ တိုက်ခိုက်ခဲ့ကြသည့် နေရာဖြစ်သည်။ သူတို့ထက် အရင်ကြို၍ ရောက်နေသည့် မြဲ့လျဲ့ကျိမှာ လေထဲတွင်ရစ်ဝဲနေရင်း မျက်စိမျက်နှာပျက်နေ၏။ သူသည် ကျွန်းပေါ်တွင် လဲလျောင်းနေသော လူတစ်ယောက်အား စိုက်ကြည့်နေခြင်းဖြစ်သည်။
ထိုလူမှာ အရိုးပေါ်အရေတင်ဖြစ်ကာ အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ဘဲ သတိလစ်နေ၏။ သူသည် လျန်လုံပင် ဖြစ်သည်။
သူတို့ ထိုကျွန်း၏အထက်၌ ပေါ်ပေါက်လာပြီးနောက် ဝမ်ပေါင်လဲ့မှာ လျန်လုံအား ချက်ချင်းပင် လှမ်းကြည့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြိုးတစ်ချောင်းမှ ရှိမနေတော့သည်ကို မြင်လိုက်ရ၏။ ထိုအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ အနည်းဆုံးတော့ ထိုကြိုးလေးမှာ အချိန်မီ ထွက်ပြေးသွားနိုင်လောက်အောင် အသိဉာဏ်ရှိနေသေးသည် မဟုတ်ပါလော။ ထိုသို့သာမဟုတ်ပါက သူသည် ခက်ခက်ခဲခဲ ရှင်းပြနေရတော့မည်ဖြစ်သည်။ ထို့အပြင် ထိုကြိုး မရှိတော့သောကြောင့် လျန်လုံ၏ အငွေ့အသက်များမှာ ပြန်လည်ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း သူက ရိပ်မိသွား၏။ ထို့ကြောင့်လည်း မြဲ့လျဲ့ကျိမှာ သူ၏တည်နေရာအား ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။
” အဲဒီကြိုးရဲ့ အငွေ့အသက်နဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ချုပ်တည်းနိုင်စွမ်းက ဒီလောက်တောင် အစွမ်းထက်နေတာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင် နှလုံးသားထဲ၌ ဗြောင်းဆန်သွားရ၏။ ထို့နောက် သူသည် မြဲ့လျဲ့ကျိမှာ လျန်လုံအား ရှာဖွေရာ၌ အစွမ်းကုန်ထုတ်သုံးခဲ့ခြင်း မရှိသည်လောဟု တွေးမိသွားသည်။
ဝမ်ပေါင်လဲ့မှာ အသေးစိတ်အချက်အလက်များကို သေချာမသိပါသော်လည်း ကြိုးကြီး၏ ထူးဆန်းသောစွမ်းရည်များကို ပို၍ နားလည်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် မျက်စိမျက်နှာပျက်နေသော မြဲ့လျဲ့ကျိမှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ သတိမေ့နေသော လျန်လုံအား လက်ညှိုးထိုးလိုက်၏။
ထိုအခါ လျန်လုံမှာ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွားပြီး တဖြည်းဖြည်းနှင့် မျက်လုံးများပွင့်လာ၏။ အစပိုင်းတွင် သူသည် မိန်းမောတွေဝေနေသည့်ပုံ ပေါက်နေခဲ့သည်။ သူသည် ထိုကဲ့သို့ အသက်ရှူကြိမ် ခုနစ်ကြိမ် ရှစ်ကြိမ်အထိ မလှုပ်မယှက် ငြိမ်သက်နေခဲ့ပြီး မြဲ့လျဲ့ကျိတစ်ယောက် နှာမှုတ်လိုက်သောအခါမှ အသားများ တဆတ်ဆတ် တုန်ရီသွားပြီး သတိပြန်လည်လာတော့သည်။ ထို့နောက် သူသည် လေထဲတွင် ရစ်ဝဲနေသော မြဲ့လျဲ့ကျိအား စိုက်ကြည့်နေလိုက်၏။ ခဏအကြာတွင် သူသည် ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီလာပြီး ဒူးတုပ်ကာ ချက်ချင်းပင် ရှိခိုးဦးချ အရိုအသေပေးလိုက်တော့သည်။ ထို့နောက် သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အသံကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သဖြင့် ပါးပြင်ပေါ်၌ မျက်ရည်များစီးကျလာတော့သည်။
” ဆရာ။ နောက်ဆုံးတော့ ကျွန်တော့်ကို လာကယ်ပြီပေါ့ ” လျန်လုံမှာ ငိုကြီးချက်မဖြင့် အော်ပြောလိုက်၏။ သူ၏ ငိုကြွေးသံမှာ သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာခဲ့သည့် လူတစ်ယောက်၏ ငိုကြွေးသံနှင့် ဆင်တူနေသဖြင့် သနားစရာကောင်းလွန်းနေ၏။ ဝမ်ပေါင်လဲ့ပင်လျှင် သူ၏ ငိုကြွေးသံများကို နားထောင်ရင်း ကရုဏာသက်မိသွားရသည်။
ဖုန့်ချိုးရန်မှာမူ အသံပြဲကြီးဖြင့် ငိုကြွေးနေသော လျန်လုံအား ငေးကြည့်ရင်း မျက်မှောင်ကြုတ်မိသွား၏။ မြဲ့လျဲ့ကျိမှာလည်း မရွှင်မပျဖြစ်နေသည့် အမူအရာဖြင့် တည်ကြည်စွာ မေးလိုက်၏ ” ဘာတွေဖြစ်ခဲ့တာလဲ။ ငါ့ကို ပြောပြ ”
” ဆရာ။ ဒါတွေအားလုံးက အဲဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်ရဲ့ လက်ချက်တွေပါ။ ကျွန်တော်က တာဝန်တစ်ခုထမ်းဆောင်ဖို့ အပြင်ကိုထွက်လာတုန်း ဒီနေရာကိုရောက်တော့ သူ့ရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတာမလို့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တာ။ သူက နည်းလမ်းမျိုးစုံသုံးပြီးတော့ ကျွန်တော့်ကို နှိပ်စက်ခဲ့တာ။ ပြီးတော့ သူက ကျွန်တော့်ကို ကြိုးနဲ့ချည်ခဲ့ပြီးတော့ ဒီနေရာမှာ အသက်ထွက်သွားအောင် ချန်ရစ်ထားခဲ့တာ။ သူသုံးခဲ့တဲ့ကြိုးက ကျွန်တော့်ရဲ့ အငွေ့အသက်နဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ချုပ်တည်းနိုင်စွမ်းရှိတယ်။ ကျွန်တော်ရဲ့ အဖြစ်က သေသွားတာထက်ကို အများကြီး ပိုဆိုးခဲ့တာပါဗျာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် တရားမျှတမှုရအောင် လုပ်ပေးပါ။ ကျေးဇူးပြုပြီးတော့ ကျယ်ပြန့်တာအိုနန်းတော်အတွက် တရားများတမှုရအောင် လုပ်ပေးပါဗျာ ” လျန်လုံမှာ အံကြိတ်ကာ ပြန်ဖြေလိုက်၏။ သူ၏ မျက်ဝန်းများမှာ ရဲရဲနီနေပြီဖြစ်သည်။ သူသည် ဖုန့်ချိုးရန်၏ ဘေးတွင် ဝမ်ပေါင်လဲ့ ရှိနေသည်ကို မြင်ပြီးသွားပြီ ဖြစ်သည်။ သူ၏ အသိစိတ်မှာ ပုံမှန်အခြေအနေများကဲ့သို့ ကြည်လင်ပြတ်သားနေခြင်း မရှိပါသော်လည်း သူသည် သူ့ဆရာ၏ အကျင့်စရိုက်အား ကောင်းကောင်းကြီးနားလည်ထား၏။ သူ၏ဆရာဖြစ်သူမှာ သူ့ဘက်မှ လှုပ်ရှားရန် အကြောင်းအရင်းတစ်ခုသာ လိုအပ်နေသည် ဖြစ်သည်။
ထို့ကြောင့် သူသည် ရှည်ရှည်ဝေးဝေး စဉ်းစားတွေးတောမနေတော့ဘဲ မုသားစကားများကိုသာ ဆိုလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ ပင်မခန်းမကြီးထဲ၌ ပြောခဲ့သည့် စကားများအား မှန်ကန်ကြောင်း သက်သေပြနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေ၏။ ထိုကဲ့သို့ သက်သေပြနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည် ဖြစ်သည်။ သူသည် နည်းလမ်းအချို့ကို စဉ်းစားမိထားပါသော်လည်း ၎င်းတို့မှာ ပြီးပြည့်စုံနေခြင်းမရှိပေ။ သို့သော် ယခုတွင်မူ လျန်လုံမှာ သူ့အပေါ် အပြစ်ပုံချနေသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရပြီး ရှုံ့မဲ့မဲ့ မျက်နှာထားဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဖုန့်ချိုးရန်အား ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်လိုက်တော့သည်။
” အကြီးအကဲဖုန်း။ စောစောတုန်းက ကျွန်တော် ပြောခဲ့တဲ့အတိုင်းပါပဲ။ ကျွန်တော်က ဓမ္မအဆောင်တစ်ခုကို သုံးခဲ့လို့သာ ဒီကျွန်းပေါ်ကနေ ထွက်ပြေးနိုင်ခဲ့တာပါ။ ဂိုဏ်းတူအစ်ကို လျန်လုံက ဗြောင်လိမ်ဗြောင်စား လုပ်နေတာ။ တကယ်လို့ ကျွန်တော် အသာစီးရခဲ့တယ်ဆိုတာ အမှန်ပဲဆိုရင်၊ သူ့ကို နှိပ်စက်ပြီးတော့ သူ့ရဲ့ အငွေ့အသက်ကို ချုပ်နှောင်နိုင်စွမ်း ရှိခဲ့တယ်ဆိုတာ အမှန်ပဲဆိုရင် ဘာလို့ ကျွန်တော်က သူ့ကို မသတ်ဘဲ ချန်ထားခဲ့ရမှာလဲဗျ။ ဘာလို့ သူ့ရဲ့ သိုလှောင်အိတ်ကိုလည်း မယူသွားဘဲ ထားခဲ့ရမှာလဲ။ ဂိုဏ်းတူအစ်ကိုလျန်လုံရဲ့ အဆင့်အတန်းနဲ့သာဆိုရင် သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ အဖိုးတန်ပစ္စည်းတွေ အများကြီးပါနေမှာ အသေအချာပဲလေ ” ဝမ်ပေါင်လဲ့၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် လျန်လုံမှာ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့မှာ သူနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက သူ၏ သိုလှောင်အိတ်အား ခိုးယူနိုင်ရန် ကြိုးစားခဲ့ခြင်းမရှိခဲ့သည်ကို ပြန်၍ သတိရသွား၏။
သူသည် သတိပြန်ရလာသည်မှာ မကြာသေးသဖြင့် ရီဝေဝေ ဖြစ်နေဆဲဖြစ်သောကြောင့် ထိုအချက်အား ထည့်သွင်းစဉ်းစားရန် မေ့နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် အသက်ရှူသံများ မြန်ဆန်လာရပြီး ထိတ်ထိတ်ပျာပျာဖြင့် အလောတကြီး အော်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ လူလိမ်က မင်းကွ။ ငါ့ရဲ့ဆရာက အချိန်ကို နောက်ပြန်လှည့်ပြီးတော့ ငါ့ကို ဘယ်သူသတ်ခဲ့သလဲဆိုတာကို ပြန်ကြည့်နိုင်တယ်လို့ ငါက မင်းကို ပြောခဲ့လို့ မင်းက သရဲဘောကြောင်ပြီး ငါ့ကို မသတ်ဘဲ ငါ့ရဲ့ သိုလှောင်အိတ်ကို ထားခဲ့တာလေ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ စိတ်အေးသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိသွား၏။ သူသည် လျန်လုံအား ကျေးဇူးပင်တင်နေမိတော့သည်။ လျန်လုံ၏ အမှုမဲ့ အမှတ်မဲ့ ပြောစကားကြောင့် သူသည် ရှုပ်ထွေးနေသော ပြဿနာကြီးတစ်ခုလုံးကို ဖြေရှင်းနိုင်သွားပြီး သူ၏ ပြဿနာအားလုံးအား အချက်တစ်ချက်တည်းပေါ်သို့ ပုံချ၍ ရသွားပြီဖြစ်သည်။
လက်ရှိတွင် အရေးအကြီးဆုံး မေးခွန်းတစ်ခုသာ ကျန်တော့သည်။ ၎င်းမှာ မည်သူက ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သနည်းဟူသည့် မေးခွန်းပင်ဖြစ်သည်။
ထိုမေးခွန်းကို မေးလိုက်ရုံနှင့် သူ၏ စကားများမှာ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း သက်သေပြနိုင်တော့မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ အံကြိတ်လိုက်ပြီး ဝမ်းနည်းညှိုးငယ်၍ မကျေမချမ်းဖြစ်နေသည့် လေသံဖြင့် မြဲ့လျဲ့ကျိအား လျှောက်တင်လိုက်တော့သည် ” အဲလိုဆိုမှတော့… အကြီးအကဲ မြဲ့လျဲ့ကျိခဗျား။ ကျေးဇူးပြုပြီးတော့ အချိန်ကိုနောက်ပြန်လှည့်နိုင်တဲ့ မန္တန်ကို အသုံးပြုလိုက်ပါ။ ပြီးရင် ဘယ်သူက ဘယ်သူ့ကို ခြုံခိုတိုက်ခိုက်ခဲ့သလဲဆိုတာ အကြီးအကဲကြီးကိုယ်တိုင် ကြည့်လိုက်ပါတော့ဗျာ “