ထို အနက်ရောင်ဝတ်ရုံများနှင့် လူကြီးများဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ် အငွေ့အသက်များကြောင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး ရှိသောနေရာ၌ အစောင့်တာဝန်ကျနေကြသည့် ဂိုဏ်းသားများမှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထို လူကြီးများမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ကျင့်ကြံသူများဖြစ်ကြောင်း သူတို့က ချက်ချင်းရိပ်မိသွားကြသည်။ သူတို့မှာ အကြီးအကဲကြီးသုံးယောက်၏ အမိန့်များကိုသာ နာခံကြသည်ဖြစ်ပြီး အကြီးစားပြစ်ဒဏ်များ ချမှတ်ရန် လိုအပ်သည့် အချိန်မှသာ ပေါ်ပေါက်လာတတ်ကြသည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း အထိတ်တလန့်ဖြစ်သွားရပြီး သူသည် ဂိုဏ်းစည်းကမ်းများကို ချိုးဖောက်မိခဲ့သည်လောဟု အသည်းအသန် စဉ်းစားတွေးတောနေတော့သည်။ သို့သော်လည်း သူသည် မည်သည့်လုပ်ရပ်ကိုမှ စဉ်းစားမရဘဲ ဖြစ်နေရ၏။ သူသည် ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် မျက်လုံးများမှေးလိုက်ပြီး လက်ရှိပြဿနာကြီးအား ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းများကို စိတ်ထဲ၌ စဉ်းစားကြည့်နေတော့သည်။ ခဏအကြာတွင် သူသည် ညာဘက်လက်ကို မြှောက်ကာ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး အကြီးအကဲကြီး ဖုန့်ချိုးရန်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ရန် ပြင်လိုက်တော့သည်။
အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် လူကြီးများထဲမှ တစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ လက်ထဲမှ ကျောက်စိမ်းပေလွှာအား မြင်လိုက်ရသောအခါ စိတ်မရှည်တော့သည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ငေါက်ငမ်းရန် ပြင်လိုက်၏။ သို့သော် သူတို့အဖွဲ့ကို ဦးဆောင်လာသည့် သက်လတ်ပိုင်းလူကြီးမှာ သူ၏လက်ကို မြှောက်လိုက်ပြီး သူ၏လက်အောက်ငယ်သားအား တားလိုက်သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ထပ်၍ ဆိုလိုက်ပြန်သည်။
” ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့။ မင်း ငါတို့နဲ့ လိုက်လာမှာလား ဒါမှမဟုတ် လိုက်လာအောင် ငါတို့က လုပ်ပေးရမှာလား ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်ခုံးများ ပင့်မိသွား၏။ သူသည် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏နားထဲ၌ အသံလွင့်အကြောင်းကြားစာတစ်စောင်ကို ကြားလိုက်ရသည်။
” တာအိုရောင်းရင်းဝမ်။ ခုခံဖို့ မကြိုးစားပါနဲ့။ ဒီကိစ္စက ဘာမှ ကြီးကြီးမားမားမဟုတ်ဘူး။ အကြီးအကဲ မြဲ့လျဲ့ကျိက မင်းကို မေးခွန်းတစ်ခုနှစ်ခုလောက် မေးချင်ရုံပဲ။ မင်း အကြီးအကဲ ဖုန့်ချိုးရန်ကို အမြန်ဆုံးဆက်သွယ်ထား… အဲ… ယွင်ဖျောင်ကျိက ငါ့ရဲ့ အတန်းဖော်တစ်ယောက်ပါ ”
သူ့အား ထိုသို့လှမ်းပြောလိုက်သူမှာ ထိုအဖွဲ့အား ဦးဆောင်လာသည့် သက်လတ်ပိုင်းလူကြီးဖြစ်သည်။ သူသည် မျက်ဝန်းများ အေးစက်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား လျှို့ဝှက်အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့သေးသည်။ ဝမ်ပေါင်လဲ့မှာ သူ၏မျက်ဝန်းထဲ၌ နွေးထွေးကြင်နာမှု အရိပ်အယောင်များ ခပ်ရေးရေးခန့် ပေါ်ပေါက်လာသည်ကို သတိထားမိလိုက်၏။ သို့သော် ခဏအကြာတွင် ၎င်းတို့၏နေရာ၌ အေးစက်စက်အကြည့်တစ်ခု အစားထိုးဝင်ရောက်လာသည်။
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ယွင်ဖျောင်ကျိနှင့် ဖုန့်ချိုးရန်တို့ နှစ်ယောက်စလုံးအား အသံလွှင့်အကြောင်းကြားစာ တစ်စောင်စီ ပေးပို့လိုက်သည်။ ထို့နောက် သူသည် စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ မရွှင်မပျဖြစ်နေသည့် အမူအရာဖြင့် အနက်ရောင်ဝတ်ရုံများနှင့် လူကြီးများ၏နောက်မှ လိုက်သွားတော့သည်။
သူတို့မှာ တောင်ထိပ်တွင်ရှိနေသော ပင်မခန်းမကြီးနှင့် သိပ်မဝေးသောနေရာတွင် ရှိနေသောကြောင့် အမြန်ဆုံးနည်းဖြင့် ပျံသန်းသွားလိုက်မည်ဆိုပါက ထိုနေရာသို့ ခဏလေးအတွင်း ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် သက်လတ်ပိုင်း ခေါင်းဆောင်ကြီးမှာမူ အလျင်လိုနေခြင်း မရှိဘဲ အေးအေးဆေးဆေး ပျံသန်းနေ၏။ သူတို့၏ အမြန်နှုန်းမှာ သိသိသာသာလျော့ကျသွားခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ့ကြောင့် အချိန် ဆယ့်ငါးမိနစ် ပိုရလိုက်၏။
ထိုအချင်းအရာကိုကြည့်၍ သူ၏ စိတ်ရင်းစေတနာများကို သိမြင်နိုင်ပေသည်။ သူ၏လက်ထောက်များမှာ သူ၏ လုပ်ရပ်များကို ရိပ်မိကြသောကြောင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပါသော်လည်း စကားတစ်ခွန်းမှ မပြောပေ။ သို့သော် ဝမ်ပေါင်လဲ့အပေါ် ရန်လိုနေသည့် သူတို့၏ စိတ်ထဲမှ ခံစားချက်များမှာ အနည်းငယ်ခန့် လျော့ကျသွားရပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် အသံလွှင့်အကြောင်းကြားစာများ ပေးပို့နေသည်ကို မမြင်ချင်ယောင်ဆောင်လိုက်ကြပြီး ပင်မခန်းမကြီးဆီသို့ ဆက်လက်ဦးတည်သွားကြတော့သည်။
ထိုအချိန်တွင် ယွင်ဖျောင်ကျိဆီမှ အသံလွှင့်အကြောင်းကြားစာတစ်စောင် ရောက်ရှိလာသဖြင့် ထို သက်လတ်ပိုင်းလူကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိရှိသွားတော့သည်။ ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်ဆီမှလည်း အသံလွှင့်အကြောင်းကြားစာတစ်စောင် ရရှိလိုက်သေးသည်။ သူမသည် သူ့အား စကားအနည်းငယ်မျှသာ ပြောခဲ့၏။
” ကိစ္စမရှိပါဘူး။ ငါ ခဏနေရင် လာခဲ့မယ် ”
ဝမ်ပေါင်လဲ့မှာမူ ဂနာမငြိမ် ဖြစ်နေရဆဲပင်။ သို့သော် သူသည် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီးသွားပြီဖြစ်သည်။ သူသည် သူ လုပ်မိခဲ့သည့် အမှားများအကြောင်းကို စဉ်းစားတွေးတောနေရင်း အနက်ရောင်ဝတ်ရုံနှင့် လူကြီးများ၏ နောက်မှလိုက်ကာ ပင်မခန်းမဆီသို့ ဦးတည်သွားတော့သည်။ ခဏကြာတွင် သူတို့မှာ ပင်မခန်းမရှေ့သို့ ရောက်ရှိလာကြပါသော်လည်း အနက်ရောင်ဝတ်ရုံနှင့် လူကြီးများမှာ အတွင်းထဲသို့ ဝင်သွားခြင်းမရှိပေ။ ထိုအချိန်တွင် သူတို့အဖွဲ့အား ခေါင်းဆောင်လာသည့် သက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့အား အကဲခတ်ကာ ရပ်တန့်ခိုင်းလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများမှေးသွား၏။ သူသည် အတွင်းထဲသို့ ချက်ချင်းဝင်ရောက်သွားခြင်းမရှိဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်၏။
” ကျွန်တော်မျိုး ဝမ်ပေါင်လဲ့ အကြီးအကဲကြီးနဲ့ တွေ့ဆုံလိုပါတယ် ”
ဝမ်ပေါင်လဲ့ ထိုသို့ ဆိုလိုက်သည်နှင့် တံခါးပေါက်များမှာ ဝုန်းခနဲ ပွင့်သွား၏။ ထို့နောက် အားကောင်းသော စုပ်ယူအားတစ်မျိုးမှာ ထိုတံခါးပေါက်များအား ဖြတ်သန်းလာပြီး ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် သူ့ဆီတွင် ရှိနေနိုင်သည့် အကာအကွယ်များအားလုံးကို လျစ်လျူရှုကာ မျက်လုံးဖြင့် မမြင်နိုင်သည့် ဧရာမလက်ကြီးတစ်ဖက်ကဲ့သို့ သူ့အား လှမ်းဆွဲလိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဆောင့်ဆွဲကာ ဝမ်ပေါင်လဲ့အား ပင်မခန်းမထဲသို့ ဆွဲခေါ်သွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကိုက်ခဲသွားပြီး သူ၏ အသွေးအသားများမှာလည်း တစ်စစီ ခြေမွှခံနေရသည့်အလား ခံစားလိုက်ရသည်။ သူသည် လေဆင်နှာမောင်းတစ်ခုထဲသို့ ဆွဲငင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသဖြင့် တစ်ကိုယ်လုံး အပြင်အထန် တုန်ရီသွားရတော့သည်။ သူသည် ထိုကဲ့သို့ အံ့သြတုန်လှုပ်နေစဉ် အဝေးတစ်နေရာမှ ဖုန့်ချိုးရန်၏ စကားသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ထို့နောက် အားကောင်းသော စွမ်းအားတစ်မျိုး ထပ်၍ ထွက်ပေါ်လာပြီး သူ့အား ဖမ်းဆီးချုပ်နှောင်ထားသည့် မျက်လုံးဖြင့် မမြင်ရသောလက်ကြီးဖြင့် အားပြိုင်နေလိုက်တော့သည်။
ထိုအခါ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ မျက်လုံးဖြင့် မမြင်နိုင်သောလက်ကြီးမှာ သူ့အား ခန်းမကြီးထဲသို့ ဆွဲခေါ်လာပြီးသည့်တိုင်အောင် ပျောက်ကွယ်သွားခြင် မရှိပေ။ ထို့ကြောင့် သူသည် ဒယိမ်းဒယိုင်ဖြစ်ကာ ဒူးထောက်ကျသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးစီးဆင်းမှုနှုန်းများ ဗြောင်းဆန်သွားရပြီး သူ၏ ပါးစပ်ထဲမှ သွေးပွက်တစ်ပွက် အန်ထွက်လာတော့သည်။ သူ၏ မျက်နှာတစ်ခုလုံးမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေရပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ ခန်းမကြီး၏ အရှေ့ပိုင်းတွင် ခံစားချက်မပါသည့် မျက်နှာအမူအရာဖြင့် ထိုင်နေသည့် မြဲ့လျဲ့ကျိအား မြင်လိုက်ရသည်။
သူ၏ နောက်တွင်မူ ဖုန့်ချိုးရန်မှာ စူပုပ်နေသော မျက်နှာအမူအရာဖြင့် တံခါးပေါက်များအား ကျော်ဖြတ်ဝင်ရောက်လာ၏။
” မြဲ့လျဲ့ကျိ ဒါ ဘာအဓိပ္ပါယ်လဲ ”
မြဲ့လျဲ့ကျိမှာ ဝမ်ပေါင်လဲ့အား တစ်ချက်ပင်မကြည့်ဘဲ ခေါင်းမော့ကာ ဖုန်းချိုးရန်အား လှမ်းကြည့်လိုက်၏။ ထို့နောက်သူသည် ခပ်အောအော စကားသံကြီးဖြင့် ပြန်ဖြေလိုက်လေသည်။
” ဖုန့်ချိုးရန်။ နင့်ရဲ့ မဟာမိတ်အဖွဲ့ထဲက သံအမတ်ဆိုတဲ့ကောင်ကို အဲ့မေးခွန်း မေးကြည့်ပါလာ။ ဒီတစ်ခေါက် ဒီကောင်က တော်တော်ကိုတရားလွန်သွားပြီ ”
ထိုအခါ ဖုန့်ချိုးရန်မှာ မျက်မှောင်ကြုတ်သွားပြီး ဝမ်ပေါင်လဲ့အား မယုံသင်္ကာအကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများလေးလံနေပြီဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစီးဆင်းမှုနှုန်းများ ငြိမ်သက်သွားအောင် အချိန်ခဏပေးလိုက်ရ၏။ မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့၏ အငွေ့အသက်များမှာ ဖိအားကြီးမားလွန်းနေသောကြောင့် သူသည် ဖိနှိပ်ချုပ်တည်းခံထားရသကဲ့သို့ ခံစားနေရသည်။ သူသည် မကျေမချမ်း ဖြစ်နေရသဖြင့် မျက်နှာရှုံ့မဲ့မဲ့နှင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဖုန့်ချိုးရန်အား လျှောက်တင်လိုက်၏။
” အကြီးအကဲဖုန်း။ ဘာတွေဖြစ်နေမှန်း ကျွန်တော် တကယ်မသိတာပါ ”
” မင်းက ဘာတွေဖြစ်နေမှန်းမသိဘူး ဟုတ်လား ” မြဲ့လျဲ့ကျိမှာ ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်၏။ သူ၏ ရယ်မောသံကြီးမှာ ရေခဲတမျှအေးစက်လွန်းနေ၏။
” ဝမ်ပေါင်လဲ့။ ငါ မင်းကို မေးမယ်။ ငါ့ရဲ့တပည့် လျန်လုံ ဘယ်ကိုရောက်သွားတာလဲ ”
” လျန်လုံ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ သူ၏မေးခွန်းကြောင့် ကြက်သေသေသွားရ၏။ သူသည် လမ်းတစ်လျှောက်လုံးတွင် အကြောင်းအရာများစွာကို ထည့်သွင်းစဉ်းစားနေခဲ့ပါသော်လည်း လျန်လုံ၏အကြောင်းကို တွေးပင် မတွေးမိခဲ့ပေ။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် သူသည် လျန်လုံအား မေ့ပျောက်လုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။
ယခု မြဲ့လျဲ့ကျိက သတိပေးလိုက်သောအခါမှသာ ဝမ်ပေါင်လဲ့မှာ အထိတ်တလန့် ဖြစ်သွားရပြီး ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်သွားတော့သည်။ သူသည် ဓားကိုယ်ထည်ပိုင်းဆီသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့စဉ်တုန်းက လျန်လုံ၏ ခြုံခိုတိုက်ခိုက်ခြင်းအား ခံခဲ့ရသည်ကို ပြန်၍သတိရသွားသည်။ ထိုစဉ်တုန်းက သူသည် သူ့အား ဖမ်းဆီးချုပ်နှောင်ကာ လူမရှိသော ကျွန်းတစ်ကျွန်းပေါ်တွင် ချန်ရစ်ထားခဲ့သည်မဟုတ်ပါလော။ သူ့အား တုပ်နှောင်ထားသည့် ကြိုးမှာ ဝိညာဉ်ချီများအားလုံးကို ချုပ်တည်းနိုင်စွမ်းရှိသောကြောင့် ဓားကိုယ်ထည်ပိုင်းကဲ့သို့ အလွန်အင်မတန်မှ ကျယ်ပြောလှသော နေရာတစ်ခုတွင် လျန်လုံအား လိုက်လံရှာဖွေခြင်းမှာ ကောက်ရိုးပုံထဲ၌ အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်နေမည်သာဖြစ်သည်။
ထိုအချက်မှာ အရေးအကြီးဆုံးမဟုတ်သေးပေ။ အရေးအကြီးဆုံးအချက်မှာ သူသည် ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် အခက်အခဲအတားအဆီး မြောက်မြားစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသော်လည်း အကျိုးအမြတ် မြောက်မြားစွာကိုလည်း ရရှိခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် လျန်လုံနှင့် ဆုံတွေ့ခဲ့ရသည့် အကြောင်းကို လုံးဝမေ့ပျောက်သွားခဲ့၏။ သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့သည်မှာ ခြောက်လတိတိ ကြာမြင့်သွားပြီဖြစ်သည်။
သူသည် ဘူးခံငြင်းရန် ကြံရွယ်ထားပါသော်လည်း ယခုတွင် လျန်လုံ၏ ဆရာဖြစ်သူကိုယ်တိုင် သူ့အား စုံစမ်းမေးမြန်းနေပြီဖြစ်ရာ ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်တော့ပေ။ လျန်လုံမှာ အလယ်အလတ် အမြုတေအဆင့်တွင်ရှိနေပြီး မြဲ့လျဲ့ကျိ၏ တပည့်ရင်းတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုအား ပြန်လည်မှတ်မိနိုင်အောင် စဉ်းစားနေသည့်ပုံစံ ဟန်ဆောင်နေလိုက်ပြီး အချိန်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးမှ တစ်ခုခုကို ရုတ်တရက်ဆိုသလို မှတ်မိသွားသည့်ပုံစံ ပေါက်သွား၏။
” လျန်လုံ… ကျွန်တော် မှတ်မိပြီ။ ကျွန်တော် ဒီကျွန်းပေါ်ကို စရောက်လာတုန်းက သူက ကျွန်တော့်ကို ရန်စခဲ့တာ။ ကျွန်တော်က စည်းမျဉ်းတွေကို မချိုးဖောက်ချင်တဲ့အပြင် သူ့ကိုလည်း အနိုင်မတိုက်နိုင်လို့ သူ့ကို ဖမ်းဆီးချုပ်နှောင်ပြီးတော့ ဝေးဝေးကနေဘဲ ရှောင်နေခဲ့တာ။ ဒါပေမဲ့သူက ကျွန်တော့်ကို ထပ်ပြီးတော့ စိန်ခေါ်ခဲ့တာလေ။ ကျွန်တော် တာဝန်တစ်ခု ထမ်းဆောင်နေတုန်း သူက ကျွန်တော့်ကို ခြုံတိုက်ခိုက်ခဲ့တာမလို့ ကျွန်တော်ကလည်း သူ့ကို ပြန်ပြီးတော့ တိုက်ခိုက်ခဲ့ရတာ။ အဲဒီတုန်းက သူ့ကြောင့် ကျွန်တော် အပြင်းအထန် ဒဏ်ရာရသွားခဲ့ရပြီး သေလုမျောပါး အခြေအနေထိ ရောက်သွားခဲ့ရတာဗျ။ နောက်ဆုံး ကျွန်တော်က ကျွန်တော့်ရဲ့ ဓမ္မအဆောင်တစ်ခုကို အသုံးပြုပြီးတော့ သူ့ကို ဒဏ်ရာမရအောင် ချုပ်နှောင်ထားခဲ့တာ။ အဲ့တာမလို့ ကျွန်တော် အသက်နဲ့ကိုယ် အိုးစားမကွဲသေးတာပဲ ” ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ မကျေမချမ်းဖြစ်နေသည့်ပုံ ပေါက်နေ၏။ သူသည် ထိုကိစ္စကြီးကြောင့် အမျက်ချောင်းချောင်းထွက်နေရပါသော်လည်း ဘာမှမတတ်နိုင်ဘဲ ဖြစ်နေသဖြင့် ခံပြင်းနေသည့်ပုံ ပေါက်နေတော့သည်။
” အဲတာမလို့ မင်းက ငါ့ရဲ့တပည့်ကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့တာလား ” မြဲ့လျဲ့ကျိမှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဖြည်းဖြည်းချင်း မေးလိုက်၏။
” ကျွန်တော် မသတ်ရဲပါဘူးဗျာ။ အဲ့တုန်းက ကျွန်တော်က အစောပိုင်း အမြုတေအဆင့်မှာပဲ ရှိသေးတာ။ လျန်လုံက အလယ်အလတ် အမြုတေအဆင့်ကို ရောက်နေပြီလေ။ ကျွန်တော်က ပြည်ထောင်စုကြီးထဲက ကျွန်တော့်ရဲ့ ဇာတိ၊ မိသားစုနဲ့ မိတ်ဆွေတွေအားလုံးကို ကျောခိုင်းခဲ့ပြီးတော့ သူစိမ်းနယ်မြေတစ်ခုကို ရောက်လာခဲ့ရတာ။ လျန်လုံက ဒီဂိုဏ်းရဲ့ ဂိုဏ်းသားအစစ်လေ။ ပြီးတော့ သူကအချိတ်အဆက်တွေလည်း အများကြီး ရှိနေသေးတာ။ ကျွန်တော်ကဖြင့် ဒီဂိုဏ်းထဲမှာ ဆရာတောင်ရှိတာမဟုတ်ဘူး။ လျန်လုံ့ရဲ့ ဆရာက အကြီးအကဲကြီးလေဗျာ ”
” သူက အဲလိုမျိုး တမူထူးခြားတဲ့ ရာထူးအဆင့်အတန်းတွေနဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ပိုင်ဆိုင်ထားတာမလို့ ကျွန်တော်က သူ့ကို သတ်ရဲပါ့မလားဗျ။ သတ်ရောသတ်နိုင်ပါ့မလား။ လျန်လုံ ဘာလို့ သေချင်ယောင်ဆောင်နေပြီးတော့ အခုအချိန်အထိ ပြန်ပေါ်မလာသေးတာလဲဆိုတာကိုတော့ ကျွန်တော်မသိဘူး။ သူ ဘာလို့ အခုလိုလုပ်နေရသလဲဆိုတာ ကျွန်တော် မခန့်မှန်းချင်ပေမဲ့ ကျနော်သေချာသိတဲ့ အချက်တစ်ချက်ကတော့ သူ့ကြောင့် ကျွန်တော် အသက်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရတယ်ဆိုတာပဲ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်ဆီးခံရတော့မလို ဖြစ်ခဲ့ရတာဗျ ” ဝမ်ပေါင်လဲ့မှာ ပြောရင်းပြောရင်း မခံမရပ်နိုင်လောက်အောင် ဖြစ်လာရပြီး တစ်ကိုယ်လုံး တုန်ရီလာရတော့သည်။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဖုန့်ချိုးရန်အား ဦးညွှတ် အရိုအသေးပေးကာ လျှောက်တင်လိုက်၏။
” အကြီးအကဲဖုန်း ကျွန်တော့်ကို ကျွန်းသခင်ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော်… အဲဒီရာထူးကို ဆက်ပြီးတော့ မယူထားရဲတော့ဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှ ပြဿနာမရှာမိအောင် ကြိုးစားပြီး နေနေခဲ့တာပါ။ ဂိုဏ်းက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းကို လိုချင်တယ်ဆိုတုန်းကလည်း ဘာမှအတွန့်မတက်ဘဲ ချက်ချင်းလွှဲပေးခဲ့တာ။ ကျွန်တော်ပြန်ရတဲ့ နစ်နာကြေးက မတန်တဆ အနှိမ်ခံထားရတာတောင် ကျွန်တော်က ဘာမှ စောဒကတက်ခဲ့တာမဟုတ်ဘူး ”
” အကြီးအကဲတို့က ကျွန်တော့်ကို ဘာထပ်လုပ်စေချင်တာလဲ။ ကျွန်တော် ဘာထပ်လုပ်ပေးရဦးမှာလဲဗျာ။ အကြီးအကဲဖုန်း ကျွန်တော့်ကို သနားငဲ့ညှာတဲ့အနေနဲ့ ပြည်ထောင်စုကြီးဆီကို ပြန်ပို့ပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော်က… ဒီနေရာအတွက် သင့်တော်တဲ့လူတစ်ယောက် မဟုတ်ဘူး ထင်ပါတယ်ဗျာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နာကြည်းနေသည့်အမူအရာဖြင့် ရယ်မောလိုက်၏။ ထို့နောက် သူသည် ခေါင်းငိုက်စိုက်ကျသွားပြီး နှုတ်ဆိတ်သွားတော့သည်။ ထိုအချိန်တွင် သူသည် စိတ်ထဲမှနေ၍ သူ၏ အာရုံများကို ထုတ်လွှတ်က ထိုကြိုးအား အဝေးမှလှမ်း၍ ထိန်းချုပ်နိုင်ရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် သူတို့၏ကြားတွင် ရှိနေသောအကွာအဝေးမှာ ကြီးမားလွန်းနေသောကြောင့်လားတော့ မသိပေ။ သူသည် ၎င်းအား ရှင်းလင်းပြတ်သားစွာ အာရုံမခံနိုင်ဘဲ ဖြစ်နေရ၏။
သူသည် တစ်ခေါင်းလုံး ထူပူနေအောင် စဉ်းစားတွေးတောနေရပြီ ဖြစ်သည်။ သူသည် လျန်လုံ၏ ကောက်ကျစ်စဉ်းလဲသော ပရိယာယ်များကြောင့် နစ်နာခဲ့ရသည်ဟု သွယ်ဝိုက်ပြောဆိုနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ပြောစကားများအား အမှန်တရားအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားနေ၏။
သူသည် အပြင်ပန်းတွင် အလွန်အင်မတန်မှ စိတ်ဒုက္ခရောက်နေရသည်ပုံစံ ဟန်ဆောင်နေရင်း ခေါင်းထဲ၌ မရပ်မနား စဉ်းစားတွေးတောနေ၏။ သူ၏ အမူအရာမှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းနေသည့်ပုံ ပေါက်နေတော့သည်။ ဖုန့်ချိုးရန်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ငြိမ်ကျသွား၏။ အစပိုင်းတွင် သူမသည် သံသယများ ရှိနေခဲ့ပါသော်လည်း သူ၏ပြောစကားများကို ကြားလိုက်ရပြီနောက် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်တော့သည်။
မြဲ့လျဲ့ကျိပင်လျှင် မျက်မှောင်ကြုတ်သွားရ၏။ သူသည်လည်း သူ၏တပည့်ဖြစ်သူ လျန်လုံအား အပြည့်အဝ ယုံကြည်မှုမရှိပေ။ သူသည် အပြတ်အသတ် အသာစီးရမည့်တိုင်အောင် ရှုံးနိမ့်သွားခဲ့သည် မဟုတ်ပါလော။ သူ၏တပည့်မှာ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း မြဲ့လျဲ့ကျိက သိထား၏။ သူသည် ရှာမတွေ့နိုင်လောက်အောင် ပျောက်ဆုံးနေခြင်းသာဖြစ်သည်။
” လျန်လုံက ဒီလိုတွေဖြစ်လာအောင် တမင်တကာ လုပ်နေတာများလား ” မြဲ့လျဲ့ကျိမှာ ထိုကဲ့သို့တွေးတောရင်း မျက်လုံးများ မှေးသွားတော့သည်။