ပိုင်ရှောင်ချန်းက လည်ချောင်းထဲတွင် အစိုင်အခဲတစ်ခု တစ်စို့နေသလိုခံစားလိုက်ရသည်။
” ဒီလိုအရာမျိုးထပ်မလုပ်နဲ့တော့….ဟုတ်ပြီလား ”
သူက ကျယ်လောင်စွာပြောလိုက်သည်။
” ငါက မင်းရဲ့အဖေပါကွ။ ကလေးတွေက သူတို့ရဲ့အဖေကို ကာကွယ်စရာလိုတယ်လို့ ထင်လား။ မလိုဘူးကွ…။ အဖေကသာ မင်းကိုကာကွယ်ပေးမှာ..။ ဒီအဖေ အသက်ကြီးသွားပြီး အင်အားချိနဲ့သွားတဲ့အထိစောင့်လိုက်ဦး…ဒါဆိုရင် မင်းအဖေ့ကို ကာကွယ်ပေးလို့ရပြီ”
” ပြီးတော့လည်း နောက်တစ်ခါ ထပ်ပျောက်မသွားနဲ့ဦး။ တစ်ခုခုလုပ်ချင်ပြီဆိုရင် အဖေ့ကိုအရင်ပြော…”
မျက်လုံးများအရောင်တောက်ပလျက် ဘရူဆာက ပိုင်ရှောင်ချန်းအား သူ၏ခေါင်းဖြင့်တိုးဝှေ့လိုက်ပြီးနောက် ကျောကိုမြေပြင်နှင့်ထိအောင်လှိမ့်ချလိုက်ကာ သူ၏လျှာလေးကိုလည်း ထုတ်လိုက်လေသည်။ သူကအလွန်နှစ်လိုဖွယ်ကောင်းနေသည့်အတွက် ပိုင်ရှောင်ချန်း၏စိတ်ထဲရှိ နွေးထွေးသောခံစားချက်လေးမှာ ပိုမိုပြင်းထန်လာသည်။
သူက လက်ကိုကမ်းပေးလိုက်ပြီး ကောင်းကင်တာအိုရွှေအမြုတေအဆင့် အငွေ့အသက်အချို့ကို ဘရူဆာဆီသို့ ပို့လွှတ်ပေးကာ သူ၏ချီလမ်းကြောင်းကို ဖြောင့်မတ်စေလိုက်သည်။ ဘရူဆာက ကျေနပ်အားရစွာဖြင့် ညည်းသံပေးလိုက်ပြီးနောက် သူ၏ဦးခေါင်းကိုမော့ကာ ပိုင်ရှောင်ချန်း၏မျက်နှာအား လျက်လိုက်သည်။
ဘရူဆာ၏ အတွင်းဒဏ်ရာများအား ကုသပေးပြီးနောက် ပိုင်ရှောင်ချန်းက ဘရူဆာ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများကိုကြည့်လိုက်ကာ သူသောက်နိုင်ရန် ဆေးလုံးအမြောက်အများကိုထုတ်ယူလိုက်သည်။
ထိုဆေးလုံးတစ်လုံးချင်းစီတိုင်းကို စိတ်စွမ်းအင်ကျောက်တုံးအနည်းငယ်ဖြင့် ရောင်း၍ရနိုင်သော်လည်း ပိုင်ရှောင်ချန်းကဘရူဆာအတွက် ထိုဆေးလုံးများကို နှမြောမနေပေ။ သူစိုးရိမ်သည့်အဓိကအခြင်းအရာမှာ ဘရူဆာ၏ဒဏ်ရာများ ပိုမိုဆိုးဝါးလာခြင်းမရှိစေရန်ဖြစ်သည်။
ဆေးလုံးများကိုမျိုချပြီးနောက် ဘရူဆာကသွားများလှပ်ပြကာ နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြနေသည်။ ထိုအခိုက်အတန့်တွင် ဘရူဆာနှင့် ပိုင်ရှောင်ချန်းတို့မှာ မိသားစုသဖွယ် ဖြစ်နေသည်။
ပိုင်ရှောင်ချန်းက ဘရူဆာအားအနည်းငယ်ထပ်၍ ဆူပူလိုက်သောအခါ ဘရူဆာကသူ၏အမြှီးကိုခါယမ်းလိုက်ပြီး ပိုင်ရှောင်ချန်းအား သူ၏ကိုယ်ဖြင့်ဆက်လက်ပွတ်သပ်ကာ ချော့နေသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ ဘရူဆာအားထပ်၍ အပြစ်မဆိုရက်တော့ပေ။
သူတို့အင်မော်တယ်ဂူထံသို့ ပြန်ရောက်သွားပြီးနောက် ဘရူဆာ၏ဒဏ်ရာများမှာ ပျောက်ကွယ်သွားနေပြီး သူ၏ အဆင့်တက်နေသည့်အငွေ့အသက်များမှာ ပိုမို အားကောင်းလာသည်။
ပိုင်ရှောင်ချန်းက ဘရူဆာမှာ ရွှေအမြုတေအဆင့်သို့ ရောက်တော့မည်ဖြစ်ကြောင်း ကျိန်းသေပြောနိုင်လေသည်။ အမြုတေအဆင့်မှာ တိုက်ပွဲဝင်သားရဲများအတွက် အလွန်အရေးပါလေသည်။ တိုက်ပွဲဝင်သားရဲများ၏ ဆင်းရဲဒုက္ခများမှာ ကျင့်ကြံသူများခံစားရသော ဆင်းရဲဒုက္ခများနှင့်မတူညီပေ။ သူတို့မှာ အန္တရာယ်များကြုံနေရဆဲဖြစ်သည်။ ထို့အပြင် ဘရူဆာမှာ သားရဲဘုရင်ဖြစ်လေသည်။ ထို့ကြောင့်သူ၏ ဆင်းရဲဒုက္ခမှာ အခြားသာမန်တိုက်ပွဲဝင်သားရဲများ၏ ဒုက္ခနှင့် ကွဲပြားနိုင်ပေလိမ့်မည်။
စိုးရိမ်ပူပန်လျက် ပိုင်ရှောင်ချန်းက ကျိန်းယွမ်သုန်၏အကြံဉာဏ်ကိုရယူရန် သူ့အား သွားရှာလိုက်သည်။ အမှန်တကယ်တွင် ဘရူဆာမှာ အဏ္ဏဝါခေါ်သံ ဂိုဏ်းတစ်ခုလုံး အထူးသဖြင့်စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့တွင် အလွန်အရေးပါလေသည်။ ကျိန်းယွမ်သုန်က ချက်ချင်းပင် အဏ္ဏဝါခေါ်သံတောင်ထိပ်က ဘရူဆာ၏ အမြုတေအဆင့်တက်လှမ်းရာနေရာအဖြစ် သတ်မှတ်လိုက်ကြောင်းဓမ္မအမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။
များပြားလှသော မန္တန်အစီအရင်များကို ချလိုက်ကြပြီး ကောင်းကင်နှင့်မြေပြင်၏ စိတ်စွမ်းအင်များကို ထိုနေရာတွင်စုသွားစေရန် ဆောင်ရွက်ကြတော့သည်။ ထို့အပြင် အမြုတေအဆင့်ကျင့်ကြံသူအများအပြားကိုလည်း ဓမ္မစောင့်ရှောက်သူအဖြစ် ရပ်တည်စေသည်။
ခေါင်းဆောင်ကြီးလီကျစ်မိုပင် ပိုင်ရှောင်ချန်း၏တောင်းဆိုချက်အရ ဓမ္မစောင့်ရှောက်သူအဖြစ်ဆောင်ရွက်ရန် သူ၏သီးသန့်တရားထိုင်ခြင်းကို အဆုံးသတ်ခဲ့ရသည်။
ပိုင်ရှောင်ချန်းက အခြားဂိုဏ်းအဖွဲ့သုံးခုဆီသို့လည်း သွားရောက်ကာ အကူအညီများတောင်းခံခဲ့ပြီး ရလာဒ်အနေဖြင့် သူတို့အားလုံးထောက်ပံ့ကူညီပေးကြတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့က ဆင်းရဲဒုက္ခကိုကျော်လွှားရန် စီစဥ်ထားသည့်အဖိုးတန်ရတနာပေါင်းများစွာကို ပေးအပ်ခဲ့ပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့က ဂိုဏ်းသားတစ်ထောင်ကို ဆေးလုံးများဖော်စပ်ရန် တာဝန်ပေးလိုက်သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့သားတို့က တောင်ထိပ်ပေါ်တွင် မန္တန်အစီအရင်များ ရေးဆွဲဖန်တီးရန် တာဝန်ယူထားကြသည်။
ဂိုဏ်းအဖွဲ့လေးခုလုံး၏ စွမ်းအားများအားလုံးမှာ ထို အမြုတေအဆင့် တက်လှမ်းဖို့ရန်အတွက် မေတ္တာရပ်ခံ၍ တောင်းဆိုခံလိုက်ရသည်။ ထိုအချက်တို့ကြောင့် သာမန်ဂိုဏ်းသားတို့မှာ မနာလိုဖြစ်သွားကြတော့သည်။ ထိုသို့လုပ်ပေးရခြင်း၏ အကြောင်းအချို့မှာ ဘရူဆာကသားရဲဘုရင်ဖြစ်နေခြင်းကြောင့်ဖြစ်သော်လည်း အများစုမှာ ပိုင်ရှောင်ချန်း၏အဆင့်အတန်းကြောင့် ဖြစ်လေသည်။
ခုနှစ်ရက်ကြာပြီးနောက် ဘရူဆာ၏ဒဏ်ရာများမှာ လုံးလုံးပျောက်ကင်းသွားပြီး အဆင့်တက်တော့မည့် အငွေ့အသက်များမှာအထွတ်အထိပ်သို့ရောက်သွားကာ အဏ္ဏဝါခေါ်သံ တောင်ထိပ်တွင် တဝုန်းဝုန်းမြည်ဟည်းသံများပဲ့တင်ထပ်သွားလေသည်။
ကောင်းကင်နှင့်မြေပြင်မှာ လှုပ်ခတ်သွားပြီး တိမ်များကလည်း ပြင်းထန်သော မိုးခြမ်းသံတဂျုန်းဂျုန်းတို့နှင့်အတူ တစ်နေရာတည်းတွင်လာဆုံလေသည်။ ဘရူဆာက တောင်ထိပ်ပေါ်ရှိသူ၏နေရာဆီသို့ ပြောင်းလိုက်ကာ ခေါင်းကိုနောက်ပစ်လျက် ကောင်းကင်ထံရှိ တိမ်များကို ထိုးဖောက်နိုင်စွမ်းရှိသည့်ဟိန်းသံဖြင့် ဟိန်းဟောက်လိုက်သည်။
အဏ္ဏဝါဂိုဏ်းမှ ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြပြီး လူအတော်များများမှာ ဖြစ်ပျက်သမျှကိုကြည့်ရန် လေထဲသို့ပျံသန်းတက်လာသည်။
” ဘရူဆာက အမြုတေအဆင့်ရောက်သွားပြီဟေ့…”
“သားရဲဘုရင်ရဲ့ အမြုတေအဆင့်က အရမ်းကို အထင်ကြီးစရာပဲကွ…”
” သားရဲဘုရင်တွေက ရှားပါးတယ်ကွ… ပြီးတော့ ဘရူဆာက သားရဲဘုရင်တွေကြားထဲက သားရဲဘုရင်ကြီးလိုပဲ…ဟုတ်လောက်တယ်။ ဒီလိုမျိုးက ဖြစ်ရိုးဖြစ်စဥ်တွေမှ မဟုတ်တာ”
ဆွေးနွေးမှုများအရှိန်မြင့်တက်လာနေစဥ် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့ရှိ တိုက်ပွဲဝင်သားရဲများက ဘရူဆာကို အူသံ၊ဟိန်းသံများပေးကာ စတင်၍ထောက်ခံမှုပြုကြတော့သည်။ ကောင်းကင်ချိုမှင်ရည်နဂါးကြီးမှာလည်း ထွက်ပေါ်လာကာ စိတ်လှုပ်ရှားမှုများ၊မျှော်လင့်စောင့်စားချက်များနှင့် တောက်ပနေသောမျက်လုံးများဖြင့် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက် ဘရူဆာကိုကြည့်လိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ ဝင်းလဲ့တောက်ပနေသော မျက်လုံးများနှင့် ဘရူဆာ၏ဘေးနားတွင် မတ်တပ်ရပ်နေသည်။ မှန်ပေသည်….သူကဘရူဆာ၏ အဓိကဓမ္မစောင့်ရှောက်သူအဖြစ် ရပ်နေခြင်းဖြစ်သည်။
ရုတ်တရက် တိမ်များက အတူတကွစုဝေးလာပြီး အနက်ရောင်လျှပ်စီးမိုးကြိုး တစ်ခုပေါ်လာကာ အဏ္ဏဝါခေါ်သံတောင်ပေါ်သို့ချက်ချင်းပင် ထိုးဆင်းသွားလေသည်။
ဟိန်းသံပေးရင်း ဘရူဆာက မန္တန်အစီအရင်နှင့် ပတ်ဝန်းကျင်ရှိ အမြုတေအဆင့်ဓမ္မစောင့်ရှောက်သူများ၏ အကူအညီကိုငြင်းဆန်ကာ လေထဲသို့တိုးဝင်လိုက်လေသည်။
လျှပ်စီးမိုးကြိုး နှင့်နီးကပ်လာသောအခါ သူကရက်စက်ကြမ်းကြုတ်စွာဖြင့် ၎င်းအားခေါင်းနှင့်တိုက်ပစ်လိုက်သည်။
ဝုနျးးးးး။
ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါသွားလေသည်။ အနက်ရောင်လျှပ်စီးမိုးကြိုးမှာ မရေမတွက်နိုင်လောက်သော လျှပ်စီးပွားလေးများအဖြစ် အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး နေရာအနှံ့ကျဆင်းသွားလေသည်။ ဘရူဆာက ဝမ်းမြောက်ကြည်နူးစွာဖြင့်အူသံပေးလိုက်ပြီး ကောင်းကင်ပေါ်သို့ ပြန်လှည့်မကြည့်မီ ပိုင်ရှောင်ချန်းအားဝင့်ကြွားစွာဖြင့် လှည့်ကြည့်လိုက်သည်။
ဘရူဆာ၏ ဘဝင်ခိုက်၍ဂုဏ်ဆာပြနေသော အပြုအမူကိုတုန့်ပြန်သည့်အနေဖြင့် ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်သည်။ အမှန်တကယ်တွင် ၎င်းမှာ သူပြုလုပ်တတ်သည့် တစ်စုံတစ်ရာနှင့် တူညီလုနီးပါးဖြစ်နေသည်။ စိတ်ထဲတွင် သူ၏စိုးရိမ်ပူပန်မှုမှာ မြင့်တက်နေပြီဖြစ်သည်။
“အာရုံစိုက်လိုက်စမ်းပါကွ…” သူကညွှန်ကြားလိုက်သည်။
” တကယ်လို့ ဆက်ပြီးမလုပ်နိုင်တော့ဘူးဆိုရင် ဒီနေရာကိုပြန်လှည့်ခဲ့နော်..။ မပူပါနဲ့။ အဲ့ဒါကြောင့်နဲ့ မင်းမျက်နှာမပျက်စေရပါဘူး….”
ထိုစကားများ ပြောပြီးလိုက်သည်နှင့် တချိန်တည်းနီးပါးမှာပင် ဒုတိယမြောက် လျှပ်စီးမိုးကြိုးမှာ စတင်၍ထိုးဆင်းလာသည်။ ဘရူဆာက ၎င်းကိုလည်း ဖျက်ဆီးလိုက်ပြီးသောအခါ တတိယမြောက် လျှပ်စီးမိုးကြိုးကထွက်ပေါ်လာပြန်သည်။ ထို့နောက် စတုတ္ထမြောက်လျှပ်စီးမိုးကြိုး….ထို့နောက် ပဥ္စမမြောက်လျှပ်စီးမိုးကြိုး။
လျှပ်စီးမိုးကြိုးတစ်ခုချင်းစီမှာ အရှေ့ကလျှပ်စီးမိုးကြိုးတစ်ခုချင်းစီထက် ပို၍ကြီးမားပြီး သူတို့က ဘရူဆာရှိရာသို့ မယုံနိုင်လောက်သည့်အမြန်နှုန်းဖြင့် ထိုးဆင်းလာသည်။ တုန်ယင်နေရင်း ဘရူဆာကဟိန်းဟောက်လိုက်ပြီး သူတို့အားဆက်လက်၍ ခေါင်းနှင့် တိုက်ဆောင့်ပစ်နေသည်။
ဆဌမမြောက်လျှပ်စီးမိုးကြိုးက ဘရူဆာအားမြေပြင်ပေါ်ရှိ မန္တန်အစီအရင်အတွင်းသို့ ကျွမ်းထိုးမှောက်ခုံကျသွားစေသည်။ ပိုင်ရှောင်ချန်းက အလျင်အမြန်ဖြင့် ကူညီရန် ရှေ့သို့တိုးခါနီးတွင် ဘရူဆာက အနီးအနားရှိဆေးလုံးအချို့ကို အငမ်းမရမျိုချလိုက်သည်။ မျက်လုံးများမှာ အနီရောင်တောက်လျက် သူ၏ခေါင်းကိုနောက်သို့ပစ်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက်လေထဲသို့ မယုံနိုင်လောက်သည့်အရှိန်အဟုန်ဖြင့် တဟုန်ထိုးသွားလိုက်သောအခါ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခရမ်းရောင်မီးတောက်များ ဝန်းရံနေသောအလင်းတန်းတစ်ခုနှယ် ဖြစ်နေတော့သည်။
ထို့နောက် အလွန်အံ့အားသင့်ဖွယ်ကောင်းစွာ သူကအပေါ်ရှိ ဒုက္ခမိုးတိမ်များကို အမှန်တကယ် ပစ်ဆောင့်ပစ်လိုက်သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်လေသည်။ ဘရူဆာ၏ပုံမှာ သူဖြစ်ခဲ့ဖူးသည်ထက်ပင် ရူးသွပ်နေလေသည်။
ခေါင်းဆောင်ကြီးလီကျစ်မိုပင် ဖြစ်ပျက်သမျှကိုကြည့်ရှုကာ အံ့အားသင့်နေပြီး သူ၏ဘေးရှိလေထဲတွင် ဝန်းရံနေကြသော အမြုတေအဆင့်ကျင့်ကြံသူများမှာ ဘရူဆာ၏ ရဲစွမ်းသတ္တိရှိခြင်းအပေါ် ထိတ်လန့်အံ့သြနေကြတော့သည်။
ဖြစ်ပျက်သမျှကိုစောင့်ကြည့်နေကြသော ဂိုဏ်းအဖွဲ့လေးခုမှ ဂိုဏ်းသားများမှာ ထိတ်လန့်အံ့သြစွာဖြင့် အော်ဟစ်ကုန်ကြတော့သည်။
” ဒါ…ဒါက မယုံနိုင်စရာပဲ…”
” ဘုရားရေ…ဘရူဆာက ဒုက္ခမိုးတိမ်တွေကို ဖျက်စီးပစ်ခဲ့တာတဲ့လား…”
သူတို့၏အသံများ ထွက်လာချိန်တွင် မိုးတိမ်များမှာ တပွက်ပွက်ထလာပြီး သတ္တမမြောက်၊ အဌမမြောက်နှင့် နဝမမြောက်လျှပ်စီးမိုးကြိုးတို့က စွမ်းအားများစုစည်း၍ စတင်ဖြစ်ပေါ်လာနေသည်။ ထို့နောက် ဘရူဆာကထပ်မံ၍ မိုးတိမ်အလွှာအား တိုက်ဆောင့်လိုက်သောအခါ ပင့်သက်ရှိုက်သံများထွက်ပေါ်လာလေသည်။
ဝုနျးးးးး။
မိုးတိမ်များ ပြိုကွဲသွားကာ ဒုက္ခလျှပ်စီးမိုးကြိုး သုံးခုလုံးမှာလည်းပေါက်ကွဲသွားပြီး စွမ်းအားပြည့်ဂယက်လှိုင်းအပြင်းများထလာမှုက ကြည့်ရှုသူအပေါင်းကို အလွန်အံ့အားသင့်စေခဲ့သည်။
ပြိုကွဲနေသောမိုးတိမ်များအကြား ဘရူဆာမှာ မီတာခြောက်ရာရောက်သည်အထိတိုင်အောင် ကြီးထွားလာသည်။ ခရမ်းရောင်မီးတောက်များမှာလည်း သူ၏ခြေထောက်တွင်ဝန်းရံနေပြီး ခေါင်းကိုအနောက်ပစ်ကာ အော်သံအရှည်ကြီးထုတ်လွှတ်လိုက်သည်။
သူ၏အော်သံက ပဲ့တင်ထပ်သွားသောအခါ သူ၏ခန္ဓာကိုယ်တွင် ကောင်းကင်နှင့်မြေပြင်၏ ပြင်းထန်သောစွမ်းအားများဖြာထွက်နေပြီး သူ၏ကိုယ်မှာလည်း ဆက်လက်၍ကြီးထွားနေသည်။
၎င်းက သူ့အား မြင့်မြတ်သော နတ်ရေစင်များနှင့် ထိတွေ့လိုက်သည့်အလား ဖြစ်သွားပြီး ရလာဒ်အနေဖြင့် သူ့ထံမှပျံ့နှံ့လာသော အငွေ့အသက်တို့ကြောင့် အဆုံးစွန်သောလေးစားမှုအကြောင်းအရာများဖြစ်လာလေသည်။ ၎င်းမှာ သားရဲဘုရင်၏ အငွေ့အသက်ဖြစ်လေသည်။
လူတိုင်း၏နှလုံးသားများ တုန်လှုပ်လာသည်အထိ ၎င်းမှာ ပို၍စွမ်းအားပြည့်ဝလာပြီး ပိုမိုအားကောင်းလာသည်။ ပိုင်ရှောင်ချန်း၏စိတ်လှုပ်ရှားမှုမှာ မြင့်တက်နေပြီဖြစ်သည်။
သားရဲဘုရင်အငွေ့အသက်များမှာ ဆက်လက်၍ပျံ့နှံ့နေပြီး ကောင်းကင်နှင့်မြေပြင်၏စွမ်းအားများမှာလည်း စုဝေးလာကာ ဘရူဆာ၏အထက်တွင် ခရမ်းရောင်အဆင်းရှိအမြုတေဖြစ်ပေါ်လာသည်ကို မြင်ရနိုင်လေသည်။
၎င်းက ပြိုးပြိုးပြက်ပြက်အလင်းများဖြာထွက်နေကာ ထိုနေရာရှိလူတိုင်းအား တက်ကြွလန်းဆန်းစေပြီး စွမ်းအားများပြန်လည်ရှိလာစေသော ဆေးအငွေ့အသက်များအား ထုတ်လွှတ်နေသည်။
ပိုင်ရှောင်ချန်းမှာ ပို၍ပင်စိတ်လှုပ်ရှားလာသည်။ လွန်ခဲ့သော ခုနှစ်ရက်တုန်းက ရှေးဟောင်းမှတ်တမ်းများကို ခေါင်းဆောင်ကြီးလီကျစ်မိုနှင့်အတူကြည့်စဥ် တွေ့ရှိခဲ့သည်မှာ တိုက်ပွဲဝင်သားရဲအမြုတေအဆင့်တွင် ဒုက္ခလျှပ်စီးမိုးကြိုးမပါဝင်ချေ။ ထိုအရာမှာ သားရဲဘုရင်တို့အတွက်သာဖြစ်ပြီး သားရဲဘုရင်ဒုက္ခဖြစ်လေသည်။
ဒုက္ခလျှပ်စီးမိုးကြိုးတို့ပြီးဆုံးသွားပြီးနောက် ကောင်းကင်နှင့်မြေပြင်တွင် အမြုတေဖြစ်ပေါ်လာသောအခါ ဘရူဆာက ထိုအမြုတေအားမျိုချရပေလိမ့်မည်။ ထိုအချိန်မှာ ဖြစ်စဥ်တစ်ခုလုံးတွင် အမှန်တကယ်အန္တရာယ်အရှိဆုံးဖြစ်လေသည်။
သားရဲဘုရင်အငွေ့အသက်က ကောင်းကင်နှင့်မြေပြင်၏သဘာဝအမြုတေကို ဖြစ်ပေါ်စေသောကြောင့် ၎င်းကို အခြားကျင့်ကြံသူများနှင့် သားရဲများက အမျိုးမျိုးသောရည်ရွယ်ချက်များအတွက်သုံးသွားနိုင်မည်ဖြစ်သောကြောင့်ဖြစ်လေသည်။ ၎င်းမှာ ကျင့်ကြံသူများအတွက် စိတ်စွမ်းအင်ဆေးလုံးများဖော်စပ်ရာတွင်လည်းကောင်း၊ အခြားသောသားရဲများအတွက် ဒုတိယအမြုတေအဖြစ်လည်းကောင်း အသုံးပြုရန် ပင်ကိုယ်အားဖြင့် အလွန်ဆွဲဆောင်နေလေသည်။ အမှန်စင်စစ်တွင် အကယ်၍ အခြားသားရဲတစ်ကောင်က ၎င်းအားလုယူခဲ့ပြီးလျှင် ထိုသားရဲကသူ၏ကိုယ်ပိုင်သွေးကိုသန့်စင်နိုင်ပြီး သားရဲဘုရင်အဆင့်တက်ရန် အခွင့်အရေးကောင်းလည်း ရသွားမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာကြည့်ရှုနေစဥ် ခရမ်းရောင်အမြုတေမှာ အပြည့်အဝ ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်သွားစေနိုင်သော အော်သံတစ်ခုမှာလည်း ပဲ့တင်ထပ်၍ထွက်ပေါ်လာသည်။
ထိုအော်ဟစ်သံမှာ သတ္ထုကိုပင်ထိုးဖောက်နိုင်စွမ်းရှိပုံရပြီး နှလုံးသားနှင့်စိတ်ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်လာလေသည်။
အတန်ငယ်ဝေးသောနေရာတွင် ပျံသန်းလာနေသော မီတာသုံးထောင်အပြည့်ရှည်လျားသည့် မြွေတစ်ကောင်ကို မြင်ရနိုင်လေသည်။ ထိုမြွေ၏မျက်လုံးများတွင် အန္တရာယ်ပြုမည့်အရိပ်အယောင်များဖြာထွက်နေပြီး ၎င်းက လေထဲကိုဖြတ်၍ ဘရူဆာ၏ခရမ်းရောင်အမြုတေဆီသို့ တဟုန်ထိုးလာနေသည်။ ထိတ်လန့်အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုမြွေထံ၌လည်း ဘရူဆာနှင့်တူညီသောအငွေ့အသက်များရှိနေခြင်းဖြစ်သည်။
ထိုမြွေပျံမှာ အခြားသားရဲဘုရင်တစ်ကောင်ဖြစ်နေလေသည်။