ဇူယွမ်ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့ရဲ့မျက်နှာထက်မှာ ကျေးဇူးတင်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။
သူတို့အနေဖြင့် ဇူယွမ်တစ်ယောက် နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိလိမ့်မည်လို့ အနည်းငယ်မယုံမကြည်ဖြစ်မိပေမဲ့လည်း သူတို့မှာရွေးချယ်စရာမရှိတော့သည့်အတွက် ဒီနောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဖမ်းဆုတ်ထားရန်သာရှိတော့သည်။
ဇူယွမ်က ကုတင်ဘေးသို့ လျှောက်လှမ်းသွားခဲ့ပြီး လူငယ်လေးအားကြည့်လိုက်သလို ထိုလူငယ်လေးကလည်း မျှော်လင့်ချက်ကြီးစွာဖြင့် သူ့ကိုပြန်ကြည့်နေသည်ကိုတွေ့လိုက်ရသည့်အခါ ခါးခါးသီးသီးရယ်မောလိုက်မိသည်။ အဲ့ဒီနောက်မှာ သူကယောင်ယောင့်ဘက်သို့လှည့်လိုက်ပြီး တိုးညှင်းသည့်လေသံဖြင့်မေးလိုက်သည်… “ငါသူ့ကို ဘယ်လိုကယ်ရမှာလဲ…”
သူ့ရဲ့စွမ်းဆောင်ရည်ကို ဘယ်သူကများ သူ့ထက်ပိုပြီးသိနိုင်လိမ့်မည်နည်း။ သူတတ်ကျွမ်းထားခဲ့တဲ့ ဘယ်မူလမှော်စာလုံးကမှ ဒီအဆိပ်ကိုဖယ်ရှားနိုင်လိမ့်မည်မဟုတ်သည်မှာ သေချာပေသည်။
ဇူယွမ်ရဲ့အမူအယာကိုမြင်လိုက်ရသည့်အခါ ယောင်ယောင်ရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရပြီး ဝေကန်းလန်ကိုကြည့်လိုက်၍ပြောသည်… “သူ့အနေနဲ့ပြင်ဆင်မှုအချို့ပြုလုပ်ဖို့ လိုအပ်သေးတယ်ပြောတယ်… ဒါက အချိန်ဆယ်ရက်လောက်ကြာလိမ့်မယ်…”
ဝေကန်းလန် အံ့အားသင့်သွားခဲ့ရသည်… “ဘာတွေလိုအပ်တာလဲ… ငါကူညီပေးနိုင်တာရှိရင် သေချာပေါက်ကူညီပေးပါ့မယ်…”
“မူလမှော်စာလုံးရေးဆွဲဖို့အတွက် လိုအပ်တဲ့အရာအချို့ပါပဲ… ဒါတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးဝေ ဒုက္ခခံစရာမလိုပါဘူး…”
ဝေကန်းလန်က နွေးထွေးစွာပြောလိုက်သည်… “ဒီရက်ပိုင်းအတွင်းမှာ မင်းသားလေးတို့တွေ နေထိုင်ဖို့အတွက် ငါအခန်းချက်ချင်းပြင်ခိုင်းလိုက်ပါမယ်… ဒီနေရာကလုံခြုံမှုရှိပြီးတော့ မတော်တဆထိခိုက်မှုတွေလည်း တွေ့ရလိမ့်မှာမဟုတ်ဘူး…”
ဇူယွမ်က ခေါင်းညိတ်ပြလိုက်သကဲ့သို့ ယောင်ယောင့်ထံတစ်ချက်လှမ်းကြည့်လိုက်သည်။ သူမရဲ့အစောပိုင်းတုန်းက အပြုအမူက သူ့ကိုအနည်းငယ်တော့ အပြစ်ရှိသလိုခံစားရစေသည်။ သူမက ဒီလိုမျိုးမစဉ်းစားမဆင်ခြင်ဘဲ လုပ်ဆောင်တတ်သည့်လူတစ်ယောက်မဟုတ်ပေ။ သူမ ဒီလိုလုပ်ခဲ့တယ်ဆိုကတည်းက သူမမှာသေချာတဲ့ အကြောင်းပြချက်တစ်ခုရှိရပေမည်။
ဇူယွမ် သူ့ကိုယ်သူပြန်ပြီးတည်ငြိမ်အောင်ထိန်းလိုက်ပြီးမှ ဖြည်းညှင်းစွာပြောလိုက်သည်… “ဗိုလ်ချုပ်ကြီး… ကျွန်တော်က သခင်လေးဝေကို ကယ်တင်ပေးနိုင်ပါတယ်… ဒါပေမဲ့ကျွန်တော့်မှာ တောင်းဆိုစရာနှစ်ခုရှိတယ်…”
ဝေကန်းလန်က လေးနက်စွာဖြင့်ပြန်ပြောသည်… “ကျေးဇူးပြုလို့ပြောပါ မင်းသားလေး… ဝေဘင်းက ငါတို့ဝေမိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် ငါ့ရဲ့အသက်ကိုပေးရမယ်ဆိုရင်တောင်မှ ငါ့အနေနဲ့တုံ့ဆိုင်းနေလိမ့်မှာမဟုတ်ဘူး…”
ဇူယွမ်က အခြားအရာတွေပြောကာ အချိန်ဖြုန်းနေခြင်းမရှိခဲ့ဘဲ သူ့ရဲ့ရည်ရွယ်ချက်ကိုပဲ တိုက်ရိုက်ပြောလိုက်သည်… “ပထမတစ်ခုက ဗိုလ်ချုပ်ကြီးက ကျွန်တော့်ကို မီးဝိညာဉ်အစေ့နဲ့ ကျောက်စိမ်းသစ်သီးကိုရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်…”
ဝေကန်းလန် အံ့အားသင့်သွားခဲ့ခြင်းမရှိခဲ့ပေ။ တစ်ခဏမျှတွေးတောပြီးသည့်နောက်မှာ သူကပြန်ပြောလိုက်သည်… “ရှေးဟောင်းနယ်မြေနဲ့ပတ်သက်တဲ့သတင်းက ကန်းလန်စီရင်စုနဲ့ အဆိပ်ရေအိုင်မှာပျံ့နှံ့သွားခဲ့ပြီးပြီ… ဒါ့ကြောင့် ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ရှောင်လွှဲနိုင်ဖို့ဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး… အဆိပ်ဘုရင်ကိုယ်တိုင်တောင်မှပဲ ဝင်ပါမယ့်အခြေအနေမှာရှိတယ်…”
အဆိပ်ဘုရင်ရဲ့နာမည်ကိုပြောလိုက်မိသည့်အခါ ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေထွက်ပေါ်လာခဲ့ရသည်။
“ဒါပေမဲ့ မင်းသားလေးကသာ ဝေဘင်းကို အမှန်တကယ် ကယ်တင်ပေးနိုင်ခဲ့မယ်ဆိုရင် ငါတို့ရဲ့ကန်းလန်စစ်တပ်က ငါတို့လုပ်နိုင်တဲ့အရာမှန်သမျှကို သေချာပေါက်လုပ်ပေးပါမယ်…” ဝေကန်းလန်ရဲ့ နက်ရှိုင်းသည့်လေသံက ထွက်ပေါ်လာခဲ့ရသည်။ သူ့ရဲ့မျက်လုံးထဲမှာတော့ ဝေဘင်းရဲ့အသက်က နံပါတ်တစ်ဦးစားပေးပင်ဖြစ်သည်။
ဝေကန်းလန်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုက ဇူယွမ့်ကိုအနည်းငယ်တော့ အံ့အားသင့်သွားစေခဲ့ရသည်။ ထို့နောက်မှာ သူက ရယ်မောလိုက်ပြီးပြောလိုက်သည်… “ဒုတိယတောင်းဆိုချက်က… ဗိုလ်ချုပ်ကြီးရဲ့အိမ်တော်မှာ မူလဝါးမျိုခြင်းကျောက်တုံးပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်… ဒီပစ္စည်းကို ဗိုလ်ချုပ်ကြီးထံကနေ တောင်းဆိုနိုင်ဖို့မျှော်လင့်မိတယ်…”
“မူလဝါးမျိုခြင်းကျောက်တုံးလား…” ဝေကန်းလန်အတွေးထဲမှာ နစ်မျောသွားခဲ့ရသည်။ နောက်ဆုံးမှာသူက ခေါင်းညိတ်ကာပြောလိုက်သည်… “ဒါကရတနာတစ်ခုဖြစ်ပေမဲ့လည်း ငါ့သားရဲ့အသက်နဲ့ နှိုင်းယှဉ်လို့မရဘူး…”
“တကယ်လို့ မင်းသားလေးသာ ငါ့သားရဲ့အသက်ကို ကယ်တင်နိုင်ခဲ့မယ်ဆိုရင် ဒီတောင်းဆိုမှုနှစ်ခုစလုံးကိုလုပ်ပေးဖို့က မခက်ခဲပါဘူး…”
ဝေကန်းလန်ထံမှ သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည့်အတွက် ဇူယွမ်ရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေဖြတ်ခနဲပေါ်ပေါက်လာခဲ့ရသည်။ သူရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ဝေကန်းလန်ကိုပြောလိုက်သည်… “သခင်လေးဝေရဲ့အဆိပ်ကို ဖယ်ရှားနိုင်ဖို့အတွက် ကျွန်တော်အကောင်းဆုံးကြိုးစားသွားပါ့မယ်…”
ဝေကန်းလန်က ပြုံးလိုက်မိကာပြောသည်… “ကောင်းပါပြီ… ချင်းချင်း မင်းသားလေးတို့ကို သူတို့နေမယ့်နေရာထိရောက်အောင် သေချာလိုက်ပို့ပေးလိုက်ပါ…”
ဝေချင်းချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဇူယွမ်တို့ဘက်ကိုလှည့်လိုက်သည်။ သူ့ရဲ့လှပတဲ့မျက်နှာလေးထက်မှာ နူးညံ့သိမ်မွေ့တဲ့အပြုံးတစ်ခု ထွက်ပေါ်နေခဲ့ရပြီး သူမရဲ့ရှည်လျားသေးသွယ်သည့်ခြေထောက်လေးတွေက ရှေ့ကိုစတင်ခြေလှမ်းခဲ့လိုက်သလို ဇူယွမ်တို့အဖွဲ့ကို သူတို့နေရမယ့်နေရာအထိ လမ်းပြခေါ်ဆောင်သွားခဲ့လိုက်သည်။
ဝေကန်းလန်က သူတို့တွေထွက်ခွာသွားတာကို ကြည့်နေခဲ့ပြီးနောက်မှာ သက်ပြင်းတစ်ချက်ကိုသာချလိုက်မိသည်။
ဇူယွမ်တို့ကို သူတို့နေထိုင်မည့်နေရာရောက်သည့်တိုင်အောင် လိုက်ပို့ခဲ့ပြီးနောက်မှာ ဝေချင်းချင်းက အခန်းထဲကိုပြန်လည်ရောက်ရှိလာခဲ့သည်။ သူမက အနည်းငယ်တုံ့ဆိုင်းနေခဲ့ပြီးနောက်မှာ ဝေကန်းလန်ကိုမေးလိုက်၏… “မင်းသားလေးဇူယွမ်က နတ်ဆိုးမြူအဆိပ်ကို အမှန်တကယ်ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိပါ့မလား…”
ဆရာယင်ရဲ့အပြုအမူက စက်ဆုပ်ဖွယ်ကောင်းပေမဲ့လည်း သူကမူလမှော်စာလုံးရေးသားခြင်းမှာတော့ စွမ်းရည်အနည်းငယ်ရှိပေသည်။ ဘယ်လိုပဲကြည့်ကြည့် ဇူယွမ့်ရဲ့မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်က ဆရာယင်ထက်တော့ နိမ့်ကျလိမ့်မည်မှာ သေချာလှသည်။
ဝေကန်းလန်ရဲ့အမူအယာက အနည်းငယ်ရှုပ်ထွေးနေခဲ့ရသည်။ သူ့ရဲ့နှုတ်ဖျားမှ တိုးညှင်းသည့်သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာခဲ့ရပြီးနောက်မှာ သူကပြန်ပြောလိုက်သည်… “အခုအချိန်မှာ ငါတို့အတွက် တစ်ခုတည်းသောရွေးချယ်စရာက သေလုမြောပါးဖြစ်နေတဲ့လူတစ်ယောက်ကို အသက်ပြန်ရှင်နိုင်မလားဆိုတဲ့မျော်လင့်ချက်နဲ့ ကုသကြည့်ဖို့ပဲ… ငါ့အနေနဲ့ သူညာနေတာမဟုတ်ပါစေနဲ့လို့ မျှော်လင့်မိတယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် သူက ဇူအင်ပါယာရဲ့မင်းသားဖြစ်နေရင်တောင်မှပဲ ငါက သူ့ကိုကန်းလန်စီရင်စုကနေ မောင်းထုတ်ရလိမ့်မယ်…”
…
ဗိုလ်ချုပ်ကြီးအိမ်တော်ဝင်း၏ ဧည့်သည်နားနေဆောင်အတွင်း…
တံခါးဝကိုဖြတ်၍ ဝင်ရောက်ပြီးသည်နှင့် လုတိန်ရှန်းကဇူယွမ့်ကို စိုးရိမ်တကြီးကြည့်လိုက်သည်… “မင်းသားလေး… မင်းသားလေးက နတ်ဆိုးမြူအဆိပ်ကို အမှန်တကယ်ဖယ်ရှားနိုင်စွမ်းရှိတာလား…”
ဇူယွမ်သူ့ရဲ့မျက်လုံးကို လှန်၍ကြည့်လိုက်ပြီး ပြန်ပြောလိုက်၏… “ခေါင်းဆောင်လုက ကျွန်တော့်ကိုမေးတာလား… ဒါဆိုကျွန်တော်ကရော ဘယ်သူ့ကိုသွားမေးသင့်လဲ…”
လုတိန်ရှန်းက ခါးသီးစွာရယ်မောလိုက်မိသည်… “ဒါဆိုရင်တော့ နောက်ဆယ်ရက်ကြာရင် ကျွန်တော်တို့တွေ ကန်းလန်စီရင်စုကနေ မောင်းထုတ်ခံရလိမ့်မှာကို စိုးရိမ်မိတယ်…”
ဇူယွမ်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်ပင် သူ့ရဲ့ခေါင်းကိုခါယမ်းလိုက်ပြီးနောက်မှာ လွန်စွာမှပင်သက်တောင့်သက်သာရှိလှစွာထိုင်နေပြီး ထန်ထန်နဲ့ဆော့နေလျက်ရှိသည့် ယောင်ယောင်ကိုလှည့်ကြည့်လိုက်မိသကဲ့သို့ ကို့ရို့ကားရားနိုင်သည့်အပြုံးတစ်ခုနဲ့အတူ မေးမြန်းလိုက်သည်… “အစ်မကြီးယောင်ယောင်… နင်ငါ့ကို ချောက်တွန်းခဲ့တာတော့ မဟုတ်ဘူးမလား… နင့်ရဲ့မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်နဲ့ဆိုရင် နတ်ဆိုးမြူအဆိပ်ကို နင့်ရဲ့လက်ကလေးတစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့တင် လွယ်လွယ်ကူကူဖြေရှင်းပေးနိုင်တယ်မဟုတ်လား…”
ယောင်ယောင်က ထန်ထန်ကို သူမရဲ့လက်မောင်းထဲမှာပွေ့ချီလိုက်ပြီး သူမရဲ့သေးသွယ်တဲ့လက်ချောင်းလေးတွေနဲ့ ၎င်းရဲ့ဦးခေါင်းကိုပုတ်နေလျက်မှ မော့ကြည့်ကာပြောလိုက်သည်… “အစောပိုင်းတုန်းက ငါ့ကိုခြိမ်းခြောက်ပြီးတဲ့နောက်မှာ ငါကသူ့ကို ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေရင် အဲ့ဒီလူကသေချာပေါက် အိပ်မက်မက်နေတာပဲဖြစ်လိမ့်မယ်…”
ဇူယွမ်၏နှုတ်ခမ်းထောင့်စွန်းက လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။ ဒီနတ်သမီးလေးက တကယ့်ကိုအငြှိုးကြီးလိမ့်မယ်လို့ သူ့အနေဖြင့် ထင်မထားမိပေ။
သူတို့ရဲ့ဘေးမှာတော့ စုယုဝေက သူမရဲ့ပါးစပ်ကို လက်နဲ့အုပ်လိုက်မိပြီး သူမရဲ့အပြုံးကို ဖုံးကွယ်လိုက်မိသည်။
ဇူယွမ်က ယောင်ယောင်၏ဘေးတွင် ထိုင်ချလိုက်ပြီး သူ့ရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းနာကျင်တဲ့အမူအယာတစ်ခုထွက်ပေါ်လာခဲ့ကာ သူကပြောလိုက်သည်… “ငါက အဆိပ်ဖယ်ရှားခြင်းမူလမှော်စာလုံးတွေအကြောင်းကို ဘာတစ်ခုမှမသိဘူး… ပြောရရင် နတ်ဆိုးမြူအဆိပ်က တကယ့်ကိုခေါင်းခဲစရာပြဿနာတစ်ခုပဲ… ငါက ဒါကိုဘယ်လိုဖြေရှင်းရမလဲ…”
ယောင်ယောင်က ပေါ့ပေါ့တန်တန်ပင်ပြောသည်… “ငါနင့်ကို သင်ပေးမယ်…”
“ငါက အဆင့် ၃မူလမှော်စာလုံးကို မရေးဆွဲနိုင်ဘူးလေ…” ဇူယွမ် ခါးခါးသီးသီးရယ်လိုက်မိသည်။ လက်ရှိသူ့ရဲ့စိတ်ဝိညာဉ်အဆင့်က အဆင့် ၂မူလမှော်စာလုံးတွေကိုသာ ရေးဆွဲနိုင်စွမ်းရှိပေသည်။ အဆင့် ၃မူလမှော်စာလုံးကို ရေးဆွဲဖို့အတွက်ဆိုရင်တော့ သူ့ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းနောက်ပိုင်းအဆင့်ကိုရောက်သည့်တိုင်အောင် စောင့်ရပေလိမ့်မည်။
“ဘယ်သူက နင့်ကို အဆင့် ၃မူလမှော်စာလုံးတစ်ခုရေးဆွဲဖို့ လိုအပ်တယ်လို့ပြောတာလဲ…” ယောင်ယောင်က ဇူယွမ့်ကို မျက်လုံးလှန်ကြည့်လိုက်သည်… “အဲ့ဒီအဖိုးကြီးက အဆင့် ၃မူလမှော်စာလုံးပေါ်အခြေခံပြီး နတ်ဆိုးမြူအဆိပ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာကြောင့် သူလုပ်ခဲ့တဲ့အရာအားလုံး အလဟဿဖြစ်သွားခဲ့ရတာ…”
“နောက်ဆယ်ရက်အတွင်းမှာ ငါကနင့်ကို အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးလို့ခေါ်တဲ့ အဆင့် ၂မူလမှော်စာလုံးတစ်ခုနဲ့ အဆင့် ၁အဆိပ်ထုတ်ပယ်ခြင်းမှော်စာလုံးတစ်ခုကိုသင်ပေးမယ်… ဒီမှော်စာလုံးနှစ်ခုကိုကျွမ်းကျင်ပြီး ငါ့ရဲ့ညွှန်ကြားချက်အတိုင်းသာလိုက်လုပ်မယ်ဆိုရင် နတ်ဆိုးမြူအဆိပ်ကိုဖယ်ရှားဖို့က ခက်ခဲမှာမဟုတ်ဘူး…”
ယောင်ယောင်က စာရွက်အဖြူအပိုင်းလေးတစ်ခုထုတ်ယူလိုက်ပြီး စာအချို့ရေးသားလိုက်ကာ ဇူယွမ့်ထံကမ်းပေးလိုက်သည်… “ဒါ့အပြင် ဒီမှာရေးထားတဲ့ပါရမယ့်အရာတွေကို မြန်မြန်ပြင်ဆင်ဖို့လည်းလိုလိမ့်မယ်…”
ဇူယွမ်ကစာရွက်ကိုယူလိုက်ကာ အလျင်အမြန်ပဲကြည့်လိုက်မိသည်။ သူ့ရဲ့အမူအယာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့ရကာ အထိတ်တလန့်အော်ဟစ်လိုက်မိသည်… “အစ်မကြီးယောင်ယောင်… ဒါက အညှာအတာကင်းမဲ့လွန်းရာကျမနေဘူးလား… ဒါတွေအားလုံးက မူလမှော်သားရဲများစွာရဲ့ အဆိပ်သွေးတွေလေ… နင်က သခင်လေးဝေကို သတ်ဖို့ကြိုးစားနေတာလား…”
စာရွက်ပေါ်မှာရေးထားသည့် ပစ္စည်းတစ်ခုချင်းစီက အဆိပ်သဘာဝရှိသည့်အရာတွေပင်ဖြစ်သည်။ ဒီအရာတွေက ဇူယွမ့်ကိုအံ့အားသင့်သွားစေခဲ့ရသလို ယောင်ယောင်က ဝေမိသားစု၏ခြိမ်းခြောက်မှုကြောင့် တမင်သက်သက်များရေးထားသည်လားလို့ပင် ထင်မိလိုက်ရသည်။
ယောင်ယောင်ကမပျော်ရွှင်စွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့ကာပြောလိုက်သည်… “အဓိပ္ပါယ်မရှိတာပဲ… ဒါတွေအားလုံးက အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးအတွက်ပါဝင်တဲ့ပစ္စည်းတွေပဲ… ဒါကို အဆိပ်ကိုအဆိပ်နဲ့တိုက်ခြင်းလို့ခေါ်တယ်…”
ဇူယွမ်စိုးရိမ်စွာမေးလိုက်သည်… “ဘာတစ်ခုမှမမှားပါဘူးနော် ဟုတ်တယ်မလား…”
သခင်လေးဝေရဲ့ လက်ရှိကျန်းမာရေးအခြေအနေက အလွန်ပင်ဆိုးရွားလှပေသည်။ တကယ်လို့ဇူယွမ်က မတော်တဆသာ ဝေဘင်းကိုသေဆုံးစေခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ဒီအပြစ်ကနေအဝေးကို ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်မဟုတ်သည်ကတော့သေချာသည်။
ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် ဝေကန်းလန်က သေချာပေါက်ပင် ရူးသွပ်သွားရလိမ့်မည်ဖြစ်ကာ ဇူယွမ်ကို သူ့ရဲ့သားနဲ့အတူ သေခြင်းတရားဆီသို့ပို့ဆောင်ပေးလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယောင်ယောင်က ဒီတစ်ကြိမ်မှာ သူ့ကိုလျစ်လျူရှုလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ယောင်ယောင်နဲ့အတူ ဆက်ဆော့နေလျက်ရှိပေသည်။
ဇူယွမ်တစ်ယောက် အားတင်းကာပြုံးလိုက်မိပြီး သူ့လက်ထဲမှစာရွက်ကို လုတိန်ရှန်းထံ ကမ်းပေးလိုက်သည်… “ဒီပစ္စည်းတွေကိုပြင်ဆင်ပေးပါဦး ခေါင်းဆောင်လု…”
လိုအပ်တဲ့ပစ္စည်းစာရင်းကိုမြင်လိုက်ရသည့်အခါ လုတိန်ရှန်းရဲ့မျက်နှာက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။ နောက်ဆုံးမှာသူက တစ်စုံတစ်ရာပြန်လည်ပြောဆိုခြင်းမရှိခဲ့ဘဲ ဇူယွမ်ညွှန်ကြားသည့်အတိုင်းလုပ်ဆောင်ဖို့ရန်အတွက် ထွက်ခွာသွားခဲ့လိုက်သည်။ ဒါပေမဲ့လည်း သူ့အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက်လည်း ကြိုတင်စီစဉ်မှုတွေကို သေချာပေါက်ပြုလုပ်ထားရပေလိမ့်မည်။
ဇူယွမ်က ယောင်ယောင့်ကို နောက်တစ်ကြိမ်ကြည့်လိုက်မိသည်… “အစ်မကြီးယောင်ယောင်… အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးကို ဘယ်တော့စပြီးလေ့ကျင့်ကြမလဲ…”
ယောင်ယောင်က သူမရဲ့လှပတဲ့ကောက်ကြောင်းတွေ ထွက်ပေါ်လာသည်အထိ အပျင်းကြောဆန့်လိုက်သည်။ သူမကထန်ထန်ကိုပွေ့ချီထားလျက်မှပင် ထရပ်လိုက်ပြီး ပျင်းရိစွာပင်ပြောလိုက်သည်… “မနက်ဖြန်စမယ်… ငါဒီနေ့ တော်တော်ပင်ပန်းနေပြီ…”
သူမကပြောပြီးနောက်မှာ စုယုဝေကိုခေါ်ဆောင်ကာ အခန်းထဲကိုဝင်ရောက်သွားခဲ့သည်။
ဇူယွမ်က ထွက်ခွာသွားသည့်မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်မိသကဲ့သို့ ရက်စက်လှသည့်အဆိပ်တစ်ထောင်တိုက်စားခြင်းမှော်စာလုံးအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ သူ့ရဲ့ခေါင်းကိုသာ ခါယမ်းမိလိုက်မိပြီး သက်ပြင်းကိုသာချလိုက်မိသည်။
“ဘယ်လောက်တောင် အငြှိုးကြီးလိုက်တဲ့အစ်မကြီးလဲ…”
“ငါ့ရဲ့အစ်မကြီးယောင်ယောင်က အမှန်တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ… သူမက ရက်စက်တဲ့စကားတစ်ခွန်းမှမပြောပေမဲ့ ဘယ်သူကမှ သူမကိုစော်ကားနိုင်လိမ့်မှာမဟုတ်ဘူး…”