‘ ဘယ်လိုလုပ် နတ်ဝိဇ္ဇာတစ်ပါးက ငမွဲတစ်ကောင်ဖြစ်နေရတာလဲ။ သူ့မှာ ပုဆိန်တစ်ချောင်းနဲ့ သိုလှောင်ဓမ္မအဆောင်တစ်ခုပဲ ရှိတယ် ’
လီချန်ရှို့တွေးထင်ထားသလိုပင် သာမန်လူ့လောကတွင် နေထိုင်ကြသော ကျင့်ကြံသူများသည် ကျင့်ကြံသူအသိုင်းအဝိုင်းတွင် လူပျင်းလူဖျင်းများသာ ဖြစ်ပေသည်။
အရိုးပြာများအားကျဲပြီးနောက် လီချန်ရှို့သည် လက်စွပ်ပုံစံ သိုလှောင်ဓမ္မအဆောင်နှင့် ပုဆိန်ကြီးအား ကောင်းကင်ဘုံအမှတ်( ၄ )ဟု မှတ်သားထားသည့် သိုလှောင်ဓမ္မအဆောင်အတွင်း၌ သိမ်းဆည်းလိုက်သည်။ ထို့နောက် ဝိညာဉ်ထိန်းပုလဲအား ပြန်လည်သိမ်းဆည်းလိုက်ပြီး ကမ်းပါးအစွန်းသို့ခုန်၍ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
လီချန်ရှို့သည် သူ ကြိုတင်ပြင်ဆင်ခဲ့သော ကျောက်စိမ်းဘူးနှစ်ဘူးအား ထုတ်ယူလိုက်သည်။ ထို့နောက် အဆိပ်ဖြေဆေးနှစ်ဖုံအား လျှာအောက်တွင် ငုံကာ လက်များကို ဓမ္မတန်ခိုး ( ၁၈ )လွှာဖြင့် လွှမ်းခြုံလိုက်သည်။ ပြီးနောက် ပို၍သက်တမ်းရင့်သော အဆိပ်ဆေးပင်နှစ်ပင်အား အမြစ်ပါ ဂရုတစိုက် သွက်သွက်လက်လက်ဖြင့် နှုတ်ယူလိုက်ကာ ကျောက်စိမ်းဘူးများထဲတွင် သိမ်းဆည်းလိုက်လေသည်။
ဆေးပင်ခူးရာတွင် မျိုးမတုံးစေရန် တစ်ပင်ချန်ပေးခဲ့ခြင်းသည် ရွှေဥ ဥပေးသော ငန်းအား ရိုက်မသတ်ဘဲ သေချာမွေးမြူထားသကဲ့သို့ပင်။
‘ နောက်ဆုံးတော့လည်း… ’
လီချန်ရှို့ မပွင့်တပွင့် ပြုံးလိုက်ပြီး ဆတ်ခနဲ ထရပ်လိုက်သည်။ ယွီဝမ်လင်၌ အခြားအဖော်များရှိနေသေးမည်ကို သူ စိုးရိမ်လေသည်။
ထို့နောက် မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးကြီး၏ ဦးခေါင်းဆီသို့ သွားလိုက်ကာ မြေအမှတ် ( ၂ )ဟု မှတ်သားထားသော သိုလှောင်အိတ်အား ထုတ်ယူ၍ မြွေနဂါး၏ဦးခေါင်းအား သိမ်းဆည်းလိုက်သည်။ သူသည် ယင်းသိုလှောင်အိတ်အား အဆောင်တစ်ခုဖြင့် ချိပ်ပိတ်လိုက်ပြီး အနက်ရောင်အမှတ် ( ၄ ) ဟုမှတ်သားထားသည့် သိုလှောင်ဓမ္မအဆောင်အတွင်း သိမ်းဆည်းလိုက်လေသည်။
လီချန်ရှို့အနေဖြင့် သူ၏ဆရာတူညီမလေး သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် အားပြင်းသော အဆိပ်များကို ထိုမြွေနဂါး၏ ဦးခေါင်းမှ ထုတ်ယူနိုင်မည် ဖြစ်ပေသည်။ မြွေနဂါး၏ခန္ဓာကိုယ်သည် ခွဲခြမ်းသိမ်းဆည်းရန်အတွက် ကြီးလွန်းလှသည်ဖြစ်၍ ခန္ဓာကိုယ်အားယူမည့် အကြံအား သူ လက်လျှော့လိုက်ရတော့၏။
မြွေနဂါး၏အဆိပ်များသည် သူ့ပတ်ဝန်းကျင်တဝိုက်တွင် ဆူပွက်နေဆဲပင်။ ဝတ်စုံနက်များ၏ အလောင်းများသည် တိုက်ခိုက်ရေးစက္ကူရုပ်သုံးရုပ်ကြောင့် ပြာဖြစ်၍ သွားပေပြီ။
ငရဲမီးတောက်အေးများသည် နတ်ဝိဇ္ဇာမှလွဲ၍ မည်သည့်အရာကိုမဆို အေးအေးဆေးဆေးပင် လောင်ကျွမ်းပြာချပစ်နိုင်လေသည်။ ထိုလူများ၏အရိုးပြာများသည် သူတို့စစ်သူကြီး၏ အရိုးပြာများနှင့် ရောယှက်နေကာ လေ၏သယ်ဆောင်ခြင်းအား စောင့်မျှော်နေကြပေသည်။
ထို့နောက် လီချန်ရှို့နှင့် စက္ကူရုပ်လေးရုပ်သည် ဆက်တိုက်ပင်လှုပ်ရှားလိုက်ကြပြီး နေရာအနှံ့အား ပုလင်းနှစ်ခုအတွင်းမှ ဆေးမှုန့်များကို လိုက်လံဖြန်းလိုက်ကြသည်။
မြေပြင်ပေါ်ရှိ လူ့သွေးများသည် ရုတ်ခြည်းပင် လောင်ကျွမ်းသွားသည်။ အစိမ်းရောင်မီးတောက်တန်းများ ပေါ်လာပြီး မြေပြင်ပေါ်ရှိ သွေးကွက်များသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အာဒိကပ္ပလောကအား သန့်စင်ကာ မြောက်ကျွန်း၏ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်းသည် လူသားကျင့်ကြံသူတို့၏ သမိုင်းပေးတာဝန်ဖြစ်လေသည်။
လီချန်ရှို့သည် သိုလှောင်ဓမ္မအဆောင်တချို့အား လိုက်လံသိမ်းဆည်းလိုက်သည်။ သူသည် ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ဟန်ဖော်၍ အချင်း (၁၀)လီအတွင်းရှိ အန္တရာယ်အရိပ်အယောင်များကို စိတ်အာရုံများသုံးကာ စူးစမ်းလေ့လာလိုက်သည်။
မည်သည့်အရာမျှ အပြင်သို့ မထွက်သွားကြောင်း အတည်ပြုပြီးသည်နှင့် သူ၏နံဘေးရှိ အရိပ်များသည် စက္ကူရုပ်ငယ်များအဖြစ် ပြန်ပြောင်းလဲသွားပြီး လီချန်ရှို့၏ အင်္ကျီလက်အတွင်းသို့ ပြန်ဝင်သွားကြလေသည်။
လီချန်ရှို့သည် ထီးကိုပိတ်လိုက်ပြီးနောက် ကျောက်တန်းများအကြားသို့ဝင်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။
မန္တန်အစီအရင်ပျောက်ကွယ်သွားပြီးနောက် လေညင်းတစ်ခုတိုက်ခတ်ကာ ထိုနေရာအတွင်း ညစ်ညမ်းချီများ ပြန်လည်ပြည့်နှက်သွားလေသည်။
ထင်းရှူးပင်ကြီးအပေါ်ရှိ ဦးခေါင်းမဲ့နေသော မြွေနဂါးကြီး၏ အသက်မဲ့ခန္ဓာ၊ အဆိပ်ပြင်းသော မြွေနဂါးသွေးအိုင်များ၊ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများနှင့် ပြိုကျလုလု ကမ်းပါးတစ်ခုတို့သာ ထိုနေရာတွင် ကျန်ရစ်ခဲ့လေတော့သည်။
ထင်ရှူးပင်အိုကြီးသည် ဆံပင်ကေအသစ် ပြောင်းလဲသွားပေပြီ။ ၎င်း၏ ကျိုးတိုးကျဲတဲဖြစ်သွားသော သစ်ကိုင်းများသည် လေအဝှေ့တွင် မြေကြီးအတွင်းပုန်းအောင်းနေသည့် လီချန်ရှို့အား လက်ပြနှုတ်ဆက်နေသယောင် လှုပ်ရမ်းနေကြလေသည်။
လီချန်ရှို့သည် မြေကိုယ်ယောင်ဖျောက်အတတ်အားသုံးကာ သူ၏ ဂိုဏ်းတူညီနှင့် ညီမတို့ တိုက်ခိုက်နေရာသို့ သွားလိုက်သည်။
အဆိပ်ရွှမ်းယာသည် ဓားများအားထိန်းချုပ်ကာ ယွမ်ချင်းနှင့် တိုက်ခိုက်နေသည်။ ယွမ်ချင်းသည် တန်ပြန်တိုက်ခိုက်ရန် အခက်ကြုံနေလေသည်။ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များစွာရှိနေပြီး သူ၏ဝတ်ရုံသည် သွေးများဖြင့်ရွှဲနေလေသည်။
‘ ဒီကောင်ယွမ်ချင်းက ဆေးလုံးတွေသုံးပြီး ဗလာနတ္ထိအဆင့်ကိုရောက်လာတဲ့ကောင်များလား။ ဒါလား ဂိုဏ်းရဲ့ မျိုးဆက်တစ်ခုထဲက ဒုတိယအတော်ဆုံးတပည့်ဆိုတာ … ဟာသပဲ။ အခု ဂိုဏ်းသားေတွအကုန်လုံးသာ ဒီကောင့်လိုအရည်အချင်းနဲ့သာဆိုရင် နောက်နှစ်နည်းနည်းကြာရင် ကျင်းပမယ့် နတ်ဝိဇ္ဇာဂိုဏ်းပြိုင်ပွဲမှာ လင်းအယ်တစ်ယောက်တော့ အဆင့် ( ၁၀၀ ) အတွင်းကို အသာလေးဝင်နိုင်တယ်။ ငါသာ သူ့အတွက် ဆေးလုံးတွေနဲ့ ဓမ္မအဆောင်တွေ ထပ်လုပ်ပေးလိုက်လို့ကတော့… ’
လီချန်ရှို့သည် သူတို့နှစ်ယောက်အနီးသို့ ကပ်သွားလိုက်သည်။ သူသည် ယုံချင်ရွှမ်းယာ၏လှုပ်ရှားမှု အနှေးအမြန်ကို လေ့လာလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ လက်တစ်ချောင်းထုတ်၍ ကြွေပုလင်းတစ်လုံးကို ယွမ်ချင်းထံသို့ ပစ်လိုက်လေသည်။
ထိုပုလင်းသည် ယခင်က အားအင်မဲ့နတ်ဆေးထည့်ထားသည့် ကြွေပုလင်းအလွတ်တစ်လုံး ဖြစ်သည်။ ယွမ်ချင်းသည် ဓားပျံနှစ်ချောင်းအား ဖျက်ဆီးပြီး ဖြစ်သည်။ သူသည် အနောက်မှ လေကိုခွင်း၍ လာနေသံတိုးတိုးအား ကြားလိုက်ရသည်ဖြစ်၍ ဓားကိုနောက်ကျောဘက်သို့ ယမ်းလိုက်သည်။ သူ၏ဓားချက်သည် ကြွေပုလင်းအပေါ်သို့ တည့်တည့်မတ်မတ်ပင် ကျရောက်သွားပြီး ကြွေပုလင်းကွဲသွားတော့သည်။
‘ ဟမ် ဒီကြွေပုလင်းက ဘယ်ကနေရောက်လာတာလဲ ’
ယွမ်ချင်းမျက်တောင်တစ်ချက်ခတ်သွားသည်။ သူသည် ဓားအား ပြန်ရုတ်ရန်အချိန်ပင် မရလိုက်ဘဲ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး အရှေ့သို့လဲကျမလို ဖြစ်သွားလေသည်။
ထိုအချိန်တွင် ဓားပျံလေးစင်းသည် လေဟုန်ခွင်း၍ သူ့ထံ လာနေလေသည်။
ယွမ်ချင်းသည် ရှေ့သို့ ကိုင်းနေလေသည်။ သူသည် သူ့ထံသို့လာနေသော ဓားပျံများအား လက်နှစ်ဘက်ဆန့်၍ ကြိုဆိုလိုက်သည်။
ယုံချင်ရွှမ်းယာသည် ယွမ်ချင်းအားသတ်ရန် မရည်ရွယ်ထားပေ။ ယွမ်ချင်းသည် ကောက်ကျစ်၍ အရှက်တရားကင်းမဲ့ပါသော်လည်း ဂိုဏ်းသားတစ်ဦး မဟုတ်ပါလား။ သို့ဖြစ်၍ သူ့အား ဂိုဏ်းသို့ပြန်ခေါ်သွား၍ ဆရာများ၏ပြစ်ဒဏ်ပေးမှုကို ခံယူစေရမည် ဖြစ်သည်။
သို့သော်လည်း ယွမ်ချင်းသည် ပြန်လည်တိုက်ခိုက်နေရာမှ ရုတ်တရက်ကြီး ရပ်တန့်သွားသည်။
လီချန်ရှို့ခန့်မှန်းထားသကဲ့သို့ပင် ယုံချင်ရွှမ်းယာသည် ဤဓားထိန်းချုပ်အတတ်အား သိပ်မရင်းနီးချေ။ ထို့ကြောင့် ဓားများကို အချိန်မီမတားနိုင်တော့ဘဲ ထိုဓားပျံလေးချောင်းသည် ယွမ်ချင်း၏ လည်ပင်း၊ နဖူး၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့အား တစ်ပြိုင်နက်ပင် ထိုးဖောက်သွားလေတော့သည်။
သူမ၏ ပစ်လွှတ်လိုက်ခြင်းသည် အလွန်တိကျပေသည်။ ဓားပျံများသည် သူ၏ဒန်တျန်များကိုစိုက်ဝင်ကာ ဝိညာဉ်သုံးပါးအား ဖျက်ဆီးလိုက်ပြီဖြစ်သည်။ သူမသည် ချောချောမွေ့မွေ့ ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်သည်ဖြစ်ရာ သူ့အတွက် အသက်ရှင်နိုင်မည့်အခွင့်အရေး မရှိတော့ပေ။
“ ဒါက… ”
ယုံချင်ရွှမ်းယာ ကြက်သေသေသွားြပီး ရုတ်တရက် တစ်စုံတစ်ခုအားသတိရသွားကာ သက်ပြောင်းလေးလေးတစ်ခု ချလိုက်လေသည်။
သူမသည် ဓားပျံပေါ်မှနေ၍ မြေပြင်ပေါ်သို့ခုန်ဆင်းလိုက်ပြီး ယွမ်ချင်း၏ အလောင်းရှိရာနေရာသို့ သွားလိုက်သည်။
ယွမ်ချင်းသည် အေးအေးချမ်းချမ်းပင် ထွက်ခွာသွားခဲ့သည်။
ယွမ်ချင်းသည် သေဆုံးချိန်တွင် အမှန်ပင် အေးချမ်းသွားခဲ့သည်။ သူ၏အာရုံများ ဝေဝါးနေသဖြင့် ကျရောက်လာမည့် အန္တရာယ်အား သတိမပြုမိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဓားများသည် သူ၏ခန္ဓာကိုယ်အား ထိုးဖောက်သွားပြီဖြစ်သဖြင့် ပြန်လည်မနိုးထလာနိုင်တော့ပေ။ ထို့ကြောင့်ပင် သူ့နှုတ်ခမ်းစွန်းနှစ်ခုသည် ပြုံး၍နေခြင်းဖြစ်သည်။
ကြွေပုလင်းထဲတွင် အားအင်မဲ့နတ်ဆေး တစ်ရှူစာလောက်သာာ ကျန်တော့သည်ဖြစ်သော်လည်း ထိုမျှကိုပင် သူ တောင့်မခံနိုင်ခဲ့ချေ။
ယုံချင်ရွှမ်းယာသည် ယွမ်ချင်း၏မျက်နှာပေါ်ရှိ အပြုံးအားတွေ့လိုက်ရသည်။
“ ရှင်ရဲ့ နှလုံးသားဟာ ကောက်ကျစ်ရက်စက်ပေမယ့် ရင်ထဲမှာ နောင်တနည်းနည်းတော့ ကျန်နေသေးပုံပဲ။ ဟုတ်တယ်မလား။ ရှင့်ကို တစ်ယောက်ယောက်ကများ ဖိအားပေးအကြပ်ကိုင်လို့များလား ”
ယုံချင်ရွှမ်းယာသည် သူ့အား အတန်ငယ် သနားနေပုံပေါ်လေသည်။ သူမသည် ခေါင်းခါယမ်းလိုက်သည်။ ဓားပျံများသည် လှည့်ပတ်ပျံသန်းပြီး အတူတကွပေါင်းစည်းသွားကာ မီးတောက်တစ်ခုဖြစ်ပေါ်လာကာ ဓားကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွားလေသည်။ ယုံချင်ရွှမ်းယာသည် ထိုဓားကြီးအား ကျောတွင်လွယ်လိုက်သည်။
လီချန်ရှို့သည် သူမ၏တီးတိုးစကားများအား ကြားပြီးနောက် လက်မ မထောင်ဘဲ မနေနိုင်အောင်ဖြစ်သွားရသည်။
‘ ဂိုဏ်းတူညီမလေးက နာမည်ပြောင်အတိုင်း တကယ့် အဆိပ်ပဲဟေ့။ သူ့စိတ်သူ အားပေးတဲ့နေရာမှာတော့ အရည်အချင်းရှိသားပဲ ’
ပြောရလျှင် မရင်းနှီးသောနေရာတစ်ခု၌ ရန်သူတစ်ယောက်အားသတ်ပြီးပြီးချင်း သူမက ထွက်၍မသွားဘဲ အမှတ်တရစကားများပြောကာ ဝမ်းနည်းနေသေးသည်။ ယင်းမှာ လောကဓံလှိုင်းတံပိုးများအား မခံစားဖူးသေးကြောင်း ထင်ရှားသည်။ သူမက သတ္တိတော့ အမှန်တကယ် ကောင်းလေသည်။
ထိုအခိုက်တွင် ယုံချင်ရွှမ်းယာသည် ခေါင်းမော့၍ ကမ်းပါးအစွန်းသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ဘာမှမရှိတော့ချေ။ ထိုနေရာတွင် သက်ရှိလူသားတစ်ယောက်မျှအား သူမ အာရုံခံ၍မရပေ။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာမြွေနဂါးကြီးသည်လည်း လှုပ်ရှားမှုကင်းမဲ့နေပြီဖြစ်သည်။
‘ ဂိုဏ်းတူအစ်ကို ချန်ရှို့ရော ဘယ်လိုနေလဲမသိဘူး။ ယွမ်ချင်းရဲ့အလောင်းကိုသယ်ပြီး အဲဒီနေရာကို သွားကြည့်ဦးမှ ’
သူမတွေးလိုက်သည်။
ယုံချင်ရွှမ်းယာသည် ယွမ်ချင်းထံသို့လျှောက်သွားလိုက်ပြီး အလောင်းကောင်အား ဓမ္မတန်ခိုးတစ်လွှာဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက် ရုတ်ခြည်းပင် သူမ၏မျက်ခွံများလေးလံလာတော့သည်။ သူမ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာလဲကျသွားသည်။
ဒုတ်…
ဓားကြီးသည်လည်း မြေပြင်ပေါ်သို့ကျသွားသည်။
တစ်ပြိုင်တည်းပင် ယွမ်ချင်း၏အောက်မှမြေပြင်တွင် အက်ကြောင်းတစ်ခု ပေါ်လာလေသည်။ ကြွေပုလင်းလေးသည် မြေအောက်ထဲသို့ နစ်မြုပ်သွားလေ၏။
အက်ကြောင်းသည် ယုံချင်ရွှမ်းယာ၏အောက်ဘက်သို့ ရှည်ထွက်လာသည်။ အက်ကြောင်းအတွင်းမှ လက်တစ်ဘက်ထွက်ပေါ်လာပြီး မေ့မြောနေသည့် ယုံချင်ရွှမ်းယာအား ဆံပင်မှဆွဲကာ မြေကြီးအတွင်းသို့ မညှာမတာ ဆွဲယူသွားတော့သည်။ ထို့နောက် အက်ကွဲကြောင်း ပြန်ပျောက်သွားပြီး မြေပြင်သည် ပုံမှန်ပြန့်ပြူးသည့် အနေအထားအတိုင်း ပြန်ရောက်သွားလေ၏။
ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်သည် သာမန်လူသားများ၏ခန္ဓာကိုယ်ထက် အစပေါင်းများစွာ သန်မာလေသည်။ ထိုအရာထဲ၌ ဦးရေပြားနှင့် ဆံလုံးများလည်း ပါဝင်ပေသည်။ ဗလာနတ္ထိအဆင့်ရောက်နေသူကျင့်ကြံသူတစ်ယောက်အား ဆံပင်ဆွဲရုံဖြင့် ထိပ်ပြောင်တစ်ယောက်ဖြစ်သွားအောင် လုပ်နိုင်မည် မဟုတ်ချေ။
လီချန်ရှို့သည် ရွှမ်းယာအား မြေကြီးအတွင်းသို့ မြန်နိုင်သမျှမြန်မြန်ခေါ်၍ ထိုပြဿနာနေရာမှ ချက်ချင်းထွက်ခွာသွားလိုချင်းသာ ဖြစ်သည်။
ယွမ်ချင်း၏အလောင်းအတွက်မူ လီချန်ရှို့သတ်ခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ၏အရိုးပြာများအား လွှင့်ပေးရန်မလိုအပ်ချေ။ ကြွေပုလင်းပြန်ယူခဲ့လျှင်ပင် လုံလောက်ပေပြီ။
အားအင်မဲ့နတ်ဆေးသည် လူသေပြီး နှစ်ရက်အကြာ၌ အလောင်းမှပျောက်သွားမည်ဖြစ်၍ ရှာဖွေ၍ ရတော့မည် မဟုတ်ချေ။
ထို့ပြင် ဂိုဏ်းမှ နတ်ဝိဇ္ဇာများရောက်ရှိလာချိန်တွင် ယွမ်ချင်း၏အလောင်းအားရှာမတွေ့သော် သူ့အတွက် ပြဿနာပို၍ကြီးပေလိမ့်မည်။
မြေအောက်ထဲ၌ လီချန်ရှို့သည် မေ့မြောနေသော ယုံချင်ရွှမ်းယာအားဆွဲ၍ အရှေ့တောင်အရပ်သို့ ဦးတည်၍သွားနေလေသည်။ သူတို့နှစ်ဦးသည် ရေကန်အတွင်းမှငါးနှစ်ကောင်ကဲ့သို့ ရွေ့လျားနေကြပြီး အချိန်ခဏအတွင်း ပျောက်ကွယ်သွားကြလေသည်။
***
“ အား…ချီးတဲ့မှ။ ဒီမန္တန်အစီအရင်ကတော့ တော်တော်အာရုံလာစားနေတာပဲ… ”
ကျိုးကျိုး၏အော်ဟစ်သံနှင့်အတူ သူမ၏ခြေထောက်အောက်မှမြေကြီးက အဆက်မပြတ် တုန်ဟီးသွားလေသည်။ အဆိပ်ပိုးမွှားများနှင့် သားရဲများ ကြောက်ဒူးတုန်သွားကြသည်။
သို့သော် မန္တန်အစီအရင်နှင့် ချိပ်ပိတ်ထားသဖြင့် ကျိုးအတုမဲ့နတ်ဝိဇ္ဇာ၏အောက်ရှိ မြေပြင်သည် ပြိုကွဲသွားခြင်းမရှိချေ။
မန္တန်အစီအရင်၏ထောင့်တစ်နေရာတွင် ဝမ်ကျိနှင့်လျှိုယန်အာတို့ အတူတကွထိုင်နေကြသည်။ သူတို့သည် အားအင်များကုန်ခမ်းကာ စိတ်ပျက်နေသည့်ပုံပေါ်လေသည်။
သူတို့သည် မန္တန်အစီအရင်အတွင်း ပိတ်မိနေသည်မှာ ကြာပြီဖြစ်၍ စိတ်အားတက်ကြွမနေတော့သည်မှာမှာ ပုံမှန်သာ ဖြစ်လေသည်။ သို့သော် ထိုအခြေအနေများကပင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးအား တိုးတက်စေခဲ့သည်။ သူတို့သည် ယခုအခါ တစ်ယောက်ကိုတစ်ယောက် ဂိုဏ်းတူအစ်မယန်အာ၊ ဂိုဏ်းတူမောင်လေး ကျိကျိ ဟုခေါ်ဆိုနေကြပြီ ဖြစ်သည်။
ကြားဖြတ်၍ဆိုရလျှင် ဝမ်ကျိနာမည်ရှိ စာလုံး ‘ကျိ’ တွင် အသံထွက်နှင့် အဓိပ္ပာယ် အမျိုးမျိုးရှိလေသည်။ သူ၏နာမည်အသံထွက်သည် ထူးဆန်းသည်ဟု အဓိပ္ပာယ်ရသော ‘ ကျိ ’ မဟုတ်ပေ။ ကံဆိုးမှုနှင့် တရားမဝင်မှု ဟူ၍ အဓိပ္ပာယ်ရသည့် ‘ကျိ’ ဖြစ်လေသည်။
ကျိုးကျိုးတစ်ယောက် ဒေါသတကြီးဖြစ်နေရခြင်း၏အကြောင်းအရင်းတွင် ထိုတာအိုစုံတွဲ၏ အပြုအမူများသည် အများစုပါဝင်လေသည်။
ရင်တွင်းမှ ဒေါသများအား ဖြေလျှော့ပြီးနောက် ကျိုးကျိုးသည် လက်ပိုက်ကာ တင်ပျဉ်ခွေထိုင်၍ မြေပေါ်မှ အထက် ( ၃ )ချီအကွာတွင် ပျံသန်းနေလေသည်။
လျှိုယန်အာသည် သူမထံသို့ ဖြည်းဖြည်းချင်းလျှောက်လာကာ သိမ်မွေ့စွာပြောလိုက်သည်။
“ဆရာဒေါ်လေး သိပ်လည်းစိုးရိမ်မနေပါနဲ့။ လူကောင်းတွေကို ကောင်းကင်ဘုံက ကောင်းချီးပေးပါတယ်။ ဂိုဏ်းတူမောင်လေး၊ ညီမလေးတွေ ကျွန်မတို့ကို မြို့ထဲမှာစောင့်နေလောက်မှာပါ ”
ကျိုးကျိုးတစ်ယောက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ ဘာတွေလာပြောနေတာလဲ။ အခုဆို သူတို့အလောင်းတွေတောင်ဆွေးပြီး ရှိတော့မှာမဟုတ်ဘူး ”
“ ဆရာဒေါ်လေး… ”
လျှိုယန်အာသည် သူမအား ဖြောင်းဖြရန် ဆက်ကြိုးစားလိုက်သည်။
“ ဆရာဒေါ်လေး မနေ့ကပြောတယ်မလား။ ကျမတို့ကို ကူညီဖို့ ဂိုဏ်းကလူတစ်ယောက်ယောက် ရောက်လာတော့မယ်ဆိုတာလေ။ ကျမတို့ အချိန်မရွေး လွတ်ချင်လွတ်တော့မှာပါ ”
“ ဟာကွာ… ”
ကျိုးကျိုးသည် သူမ၏ ဆံပင်မတိုမရှည်အား လက်နှစ်ဘက်ဖြင့် ရှုပ်ပွသွားအောင် ထိုးဖွလိုက်သည်။
“ သူတို့တွေ သေလားရှင်လားဆိုတာ ဘယ်သူက သိမှာလဲ။ လီချန်ရှို့သာတစ်ခုခုဖြစ်သွားလို့ကတော့ ငါ သူ့ဆရာကို ဘယ်လိုပြောရမလဲ။ ပြီးတော့ အဲ့ အဖိုးတန် နတ်ဝိဇ္ဇာအလောင်းအလျာလေးတွေသာ သေသွားရင် ငါ့ရဲ့ နှစ်(၁၀၀)စာလောက် အရက်ဖိုးတွေ အဖြတ်ခံရတော့မှာဟ ”
လျှိုယန်အာတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ ဆရာဒေါ်လေးကျိုးသည် ထုတ်ဖော်မပြောသော်လည်း သူတို့အတွက် အမှန်ပင်စိုးရိမ်နေကြောင်း လျှိုယန်အာ သိလေသည်။ သို့သော် ဆရာဒေါ်လေးကျိုးသည် အမှန်တကယ်ပင် အရက်ဖိုးအတွက် ပို၍ စိုးရိမ်နေသည်ဟု သူမ ခံစားလိုက်ရသည်။
ရုတ်တရက် လေပြေလေညင်းလေးတစ်ခုသည် မန္တန်အစီအရင်အတွင်း တိုက်ခတ်သွားလေသည်။ ထို့နောက် သက်ပြင်းချသံတစ်ခုအား နေရာအနှံ့မှ ကြားလိုက်ရသည်။
ယင်းနောက် အေးဆေးတည်ငြိမ်ကာ အိုမင်းရင့်ရော်သောအသံတစ်သံသည် မန္တန်အစီအရင်အတွင်း ပဲ့တင်ထပ်သွားလေသည်။
“ ကျိုးအာ မင်းရဲ့အပြစ်တွေကို ဝန်ခံသလား ”
ကျိုးကျိုးတစ်ယောက် ကြက်သီးတဖြန်းဖြန်းထသွားသည်။
သူမ၏သွယ်လျသောခြေထောက်များသည် မြေပေါ်သို့ ဆင်းသက်သွားသည်။ ထို့နောက် သူမက ပြန်ပြောလိုက်သည်။
“ ဆ…ဆရာလားဟင်.. ”
လျှိုယန်အာသည်လည်း တုန်လှုပ်သွားသည်။ သူမသည် အံ့အားသင့်စွာ မေးလိုက်သည်။
“ အရှင်ဝမ်ချင်းကိုယ်တိုင် ကျမတို့ကို လာရှာတာလား ”
သူတို့၏ ဘေးပတ်လည်ရှိ အဖြူရောင်မြူခိုးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် မန္တန်အစီအရင်အတွင်း၌ ပိတ်မိနေသည့် နတ်အာရုံနှင့် စိတ်အာရုံများသည် အပြင်ဘက်ပတ်ဝန်းကျင်သို့ အတားအဆီးမဲ့စွာ လွတ်မြောက်ထွက်ခွာသွားတော့သည်။
ထိုအခိုက်တွင် အရိပ်နှစ်ခုသည် အဝေးမှ လွင့်လာကာ ကျိုးကျိုး၏ရှေ့သို့ ခွေးကျ ကျသွားလေသည်။
ထိုအရိပ်နှစ်ခုသည် ဆံပင်ဖြူများပေါက်နေသော လူအိုနှစ်ယောက်ဖြစ်သည်။ သူတို့သည် ဝတ်စုံနက်များဝတ်ဆင်ထားပြီး မူလနတ်ဝိဇ္ဇာအဆင့်သို့ ရောက်နေကြသူများဖြစ်သည်။ သူတို့သည် ဒဏ်ရာအကြီးအကျယ်ရထားကာ သတိလစ်နေပြီး သူတို့နှစ်ဦး၏ ကိုယ်ပေါ်တွင် လက်ဝါးရာနှစ်ခုရှိလေသည်။
ဝမ်ကျိသည် စိတ်လှုပ်ရှားစွာအော်လိုက်သည်။
“ ဆရာဒေါ်လေးကျိုး သူတို့ပဲ။ ဂိုဏ်းတူအစ်မယန်အာနဲ့ ကျွန်တော့်ကို ချသွားတာ အဲ့နှစ်ယောက်ပဲ ”
ကျိုးကျိုးသည် တုန့်ဆိုင်းခြင်းမရှိဘဲ ဒူးထောက်ချလိုက်ပြီး မြေပြင်အား နဖူးဖြင့်ထိသည်အထိ ဦးညွှတ်ကာ ညှိုးငယ်စွာ ပြောလိုက်သည်။
“ ဆရာ … ကျမ လှည့်ဖြားခံလိုက်ရတာပါ။ တပည့်လေး သုံးယောက်နဲ့လည်း အဆက်အသွယ် ပြတ်သွားပါပြီ။ အပြစ်ဒဏ်အားလုံးကို ကျမ ကျေကျေနပ်နပ်ခံယူပါ့မယ်။ ကျေးဇူးပြုပြီးတော့ သူတို့အသက်ရှင်နေသေးသလားဆိုတာ သိရဖို့ သူတို့ကို အမြန်ရှာဖွေပေးပါ ဆရာ ”
ထိုအချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိ အဖြူရောင်မြူများသည် အလုံးစုံပျောက်ကွယ်သွားပြီ ဖြစ်ပြီး ခပ်လှမ်းလှမ်းတွင် လူရိပ်အနည်းငယ် ပေါ်လာလေသည်။
အရှေ့ဆုံးတွင် ရပ်နေသော တာအိုရသေ့သည် အရပ် ငါးပေပင် မပြည့်ချေ။ သူသည် ကျိုးကျိုးတစ်ယောက် မြေပေါ်တွင် ဒူးထောက်နေသည်ကိုတွေ့လိုက်သောအခါ အတန်ငယ် ကို့ရို့ကားရားခံစားလိုက်ရသည်။ သူသည် ခေါင်းငုံ့ကာ ချောင်းဟန့်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“ ဆရာ မပါပါဘူး ညီမလေးရဲ့။ အဟမ်း.. ညီမလေးရဲ့ ခံ့ညားအထာကျတဲ့…ဆရာတူအစ်ကိုငါးပါ ”
“ အမ်.. ”
သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ဝင်းလက်သွားသည်။
တာအိုရသေ့ဂျပုလေးသည် အခြေအနေအား အဖတ်ဆယ်ရန် ကြိုးစားနေရင်းပင် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ထားသော အဝေးရှိ ဆရာတူညီမလေးသည် ထ၍ရပ်လိုက်ပြီး ရုတ်ခြည်း သူ့ထံ ပြေးလာလေသည်။
သူမသည် နတ်လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းပမာပင်။ သူမ၏လှုပ်ရှားမှုကြောင့် လေထုအတွင်း ပေါက်ကွဲသံများပင် ပေါ်ထွက်နေ၏။
***
အဆင်မပြေဘူးဗျာ Google ဘာသာပြန်နဲ့ တပိုင်းတပိုင်းညှပ်ထည့်နေတာလား ဗျာ ထိုင်းစာတေပါ ပါသလို ဖက်ရတာ စာကြောင်းတေက အဆင် မပြေပြစ်သလို စာလုံးထက်တေလဲပါ တယ် ဘာပြန်န်ဆရာရေ စာစဉ်ကောင်းကို googleကြီနဲ့တော့မပြန်ပါနဲ့ဗျ နဲနဲမ မပြေဘူး
google နဲ့ပြန်ထားတာ မဟုတ်ပါဘူးဗျာ 😅 ဘယ်ဟာကြည့်ပြီး ပြောတာလဲမသိဘူး ထိုင်းစာတွေပါတာက font မမှန်လို့ဖြစ်ပါမယ်