အခန်း ( ၃၅၄ )

ရှင်းကုံကျစ်တာအိုဂိုဏ်း

ကင်းစောင့်ကျင့်ကြံသူများကို ပိုင်ရှောင်ချန်းက နှင်ထုတ်လိုက်သည်ကိုမြင်လိုက်ရသောအခါ အဘိုးကြီးမှာ သက်ပြင်းအရှည်ကြီးလိုက်သည်။ သူတို့နှစ်ယောက်ထဲ စကားပြောနိုင်ပြီဖြစ်ကြောင်း သူကသိသွားတော့သည်။

” ငါမင်းကို အကုန်ပြောပြနိုင်မယ်လို့တော့ အာမမခံနိုင်ဘူး။ ဒါပေမဲ့ မြေရိုင်းဒေသတွေ မှာနေတဲ့လူတွေ မသိတဲ့အရာဆိုတာ မရှိသလောက်ပဲ။ ကောင်းကင်တံတား နယ်မြေတစ်ခွင်လုံးမှာ ငါတို့ရဲ့ သူလျှိုတွေရှိတယ်။ တစ်ခွင်လုံးဆိုတာ အောက်ပိုင်းဒေသတွေရော အလယ်ပိုင်းဒေသတွေရော မြစ်ဝဒေသတွေကိုပါ ပြောတာနော်။ နေရာတိုင်းမှာ ငါတို့ရဲ့ လူတွေရှိတယ်။ ” ပိုင်ရှောင်ချန်း၏ ပထမဆုံးမေးခွန်းကို ကြားလိုက်ရသောအခါ အဘိုးကြီးမှာ တစ်ခဏမျှ တွေဝေသွားသည်။ သို့သော်လည်း သေချာတွေးတော ချင့်ချိန်လိုက်ပြီးနောက် အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။ သူ၏ လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုအနည်းငယ်ပင် ပါဝင်နေတော့သည်။ သူ၏ သတင်းအချက်အလက်များ စုဆောင်းနို
င်သည့် စွမ်းရည်ကို သူက ယုံကြည်မှု အပြည့်ရှိသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး မေးလိုက်လေသည်။
” ဟုတ်ပြီလေ။ အဲ့တာဆို ကျုပ် လူတစ်ယောက် အကြောင်း သိချင်တယ်။ ”

” ဘယ် ကျင့်ကြံခြင်းအခြေခံအဆင့်ရှိတဲ့ လူလဲ။ ”
အဘိုးကြီးက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

ပိုင်ရှောင်ချန်းမှာ စဥ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
” အခြေခိုင်မာခြင်းအဆင့်လောက်မှာ ရှိမယ်ထင်တယ်။ ”

” အခြေခိုင်မာခြင်းအဆင့် ဟုတ်လား။ အေးဆေးပါ။ အခုက ငါတို့ အလုပ်တွဲလုပ်တဲ့ ပထမဆုံးအကြိမ်ဆိုတော့ သတင်းအချက်အလက်ကို အလကားပေးမယ်။ ဘာကြေးညာကြေးမှ မင်းပေးစရာမလိုဘူး။ အဲ့လူရဲ့ နာမည်နဲ့ မျိုးရိုးနာမည်ကိုသာပြော။ ပြီးတော့ ဘာအကြောင်းအရာကို သိချင်တာလဲပါ အသေးစိတ်ပြော။ ”
အဘိုးကြီးမှာ ချက်ချင်းပင် စိတ်သက်သာရာရသွားတော့သည်။ ကောင်းကင်တံတား နယ်မြေတစ်ခွင်တွင် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများစွာရှိပါသော်လည်း မြေရိုင်းဒေသမှလူများ အတွက်မူ သတင်းအချက်အလက်များကို ရယူရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခုဖြစ်သည်။ ထို့အပြင် အန္တရာယ် များနှင့်လည်း ကြုံတွေ့ရမည်မဟုတ်ချေ။

ပိုင်ရှောင်ချန်းမှာ အစပိုင်းတွင် မယုံမရဲဖြစ်နေသော်လည်း အဘိုးကြီး၏ သူ့ကိုယ်သူ ယုံကြည်နေမှုကို မြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်များ နိုးထလာသည်။

” အဲဒီလူ နာမည်က တုလင်ဖေး။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးကတော့ အဲ့နာမည်နဲ့ပဲ…. ပြီးတော့ သူနဲ့ ကျုပ် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲမှာ ထပ်တွေ့တယ်။ သူမ ဘယ်သူလဲဆိုတာ ကျုပ် သေချာသိချင်တယ်။ ”

” သူမရဲ့ သရုပ်မှန်ကို သိချင်တာလား။ သူ့အကြောင်း မင်းသိတာအဲ့လောက်ပဲ ရှိရင်တောင်မှ ငါတို့အတွက်လုံလောက်ပြီ။ ခဏစောင့်။ ”
ယုံကြည်မှုအပြည့်နှင့် ပြုံးကာ အဘိုးကြီးသည် ကွယ်ပျောက်သွားပြီး မြေရိုင်းဒေသတွေ ဆီသို့ရောက်သွားကာ ရှာဖွေမှုများကို စတင်လိုက်လေသည်။

ချင်းမေ့ယွမ်သည် ဘေးနားတွင် မျက်လုံးမှိတ်လျက် တင်ပျဥ်ခွေ ထိုင်နေသည်။ အဘိုးကြီးသည် သူမ၏ ဝိညာဥ်ကို ကြားခံနယ်အဖြစ်အသုံးပြုရာတွင် ထိခိုက်မှုမရှိစေရန် သူမကို သတိမေ့မျောအောင် လုပ်ပြီး ချုပ်နှောင်ထားခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး တိတ်ဆိတ်စွာ ထိုင်စောင့်နေလိုက်သည်။ အချိန်များမှာ ကုန်ဆုံးသွားသည်။ တစ်နာရီတိတိ ကြာမြင့်သွားသော်လည်း အဘိုးကြီးမှာ ပြန်မလာသေးချေ။ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစ ပြုလာတော့သည်။

အချိန်များထပ်၍ကုန်သွားပြီး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက် ကြာသွားသည့်အချိန်တွင် ချိန်မန်ယောင်မှာ ရုတ်တရက် တုန်ရီသွားသည်။ ထို့နောက် သူမ၏ နဖူးထဲမှ အနက်ရောင်ကြိုးမျှင်များ ပြန်၍ ထွက်ပေါ်လာပြီး အဘိုးကြီး၏ ပုံစံပြန်ပေါ်ထွက်လာသည်။

သို့သော်လည်း ဤအကြိမ်တွင် သူ၏ မျက်နှာသည် အနည်းငယ် ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ ထူးဆန်းသော အလင်းရောင်များနှင့်အတူ မရေရာမှုများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။

” အခြေအနေ ဘယ်လိုတုံး။ ” ပိုင်ရှောင်ချန်းက လျင်မြန်စွာမေးလိုက်သည်။
” ခင်ဗျား ဘာ သတင်းအချက်အလက်တွေ သိခဲ့ရတုံး။ ”

အဘိုးကြီးမှာ တုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်။
” တခြားတစ်ယောက်အကြောင်း ပြောင်းမေးပါလား။ ”

” ဟင်။ ”
ပိုင်ရှောင်ချန်းမှာ အံ့အားသင့်ကာ ဒေါသထွက်သွားတော့သည်။
” ခင်ဗျားပဲပြောတော့ အေးဆေးပဲဆို။ လူတစ်ယောက်ရဲ့ သတင်းအချက်အလေးပဲကို။ ဘာလို့တုံး။ သူ့ကိုရှာမတွေ့ဘူးလား။ ”

အဘိုးကြီးမှာ ခြောက်ကပ်ကပ်ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် မရေရာမှုများနှင့်အတူ ကြောက်ရွံ့မှုများကိုပါ တွေ့မြင်နိုင်သည်။ အနည်းငယ်မျှကြာသွားသောအခါ သူက ခေါင်းယမ်းလိုက်သည်။
” ဘာ သတင်းအချက်အလက်မှ ရှာမရခဲ့ဘူး။ ”

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားတော့သည်။ အဘိုးကြီးကို ခေတ္တမျှကြည့်လိုက်ပြီးနောက် သူ၏ ထည့်စရာအိတ်ကို ဆွဲယူလိုက်ပြီး မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်သည်။

” လိပ်ကလေးက အဲ့အိတ်ထဲမှာ။ ကျုပ် ရှာလို့တော့မတွေ့ဘူး။ ဒါပေမဲ့ သူအဲ့ထဲမှာပဲဆိုတာ သေချာတယ်။ ခင်ဗျားတို့ဆို တွေ့အောင်ရှာနိုင်မှာပါ။ အိတ်ကိုယူသွားဗျာ။ တုလင်ဖေးက ဘယ်သူလဲဆိုတာကိုပဲ ကျုပ်ကိုပြောစမ်းပါ။ ”

ထိုလူကြီးမှာ ပိုင်ရှောင်ချန်းကို လေးနက်စွာကြည့်လိုက်ပြီး ပြုံးကာ မည်သည်ကိုမှ ထိန်ချန်မထားရန် ဆုံးဖြတ်လိုက်သည်။
” တကယ်ပြောတာပါ။ တခြားတစ်ယောက်အကြောင်းမေးပါလား။ အဲ့ တုလင်ဖေးဆိုတဲ့ လူအကြောင်းကို ငါဘယ်လိုမှ သတင်းရှာလို့မရလို့ပါ။ စောစောကငါ့ရဲ့လူတွေကို စေလွှတ်ပြီး စုံစမ်းခိုင်းလိုက်တာ တစ်မြို့လုံး တုန်ခါသွားရတဲ့အထိပဲ။ ကောင်းကင်နဲ့ ကမ္ဘာကြီး ပေါ်မှာ လက္ခဏာတွေနဲ့ အတိတ်နမိတ်တွေပါ ပေါ်လာတဲ့အထိပဲ။ ကြောက်စရာအကောင်းဆုံးအချက်က အဲ့လို ပေါ်လာတဲ့အချိန်မှာ ငါ့ရဲ့ သူလျှို တော်တော်များများ ရုတ်တရက်ကြီး ကောက်သေသွားကြတာ။ ”

” မင်းပဲပြော အဲ့လောက်ဖြစ်နေတာ ငါဘယ်ဆက်ပြီး စုံစမ်းရမှာတုံး။ အဲ့မိန်းကလေးက ဘာကြီးဖြစ်နေဖြစ်နေ တော်တော်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဒါမှမဟုတ်ရင် သူမမှာ အားကောင်းတဲ့ နောက်ခံတစ်ခု ရှိနေလောက်တယ်။ သူမကို ရန်မစမိတာအကောင်းဆုံးပဲလို့ ငါအကြံပေးပါရစေ။ အနာဂတ်မှာလည်း သူနဲ့ထပ်မကြုံမိတာ အကောင်းဆုံးပဲ။ ”

သူပြောသမျှ အရာတိုင်းမှာ အမှန်ပင်ဖြစ်သည်။ သူစောစောက အမိန့်ပေးလိုက်သည့် စုံစမ်းမှုကြီးမှာ ကမ္ဘာပျက်သကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ ပိုင်ရှောင်ချန်း ၏ ရိုးရှင်းသော မေးခွန်းလေးတစ်ခုကြောင့် ထိုမျှလောက် ကြီးမားသည့် ကိစ္စများ ဖြစ်သွားနိုင်လိမ့်မည်ဟု သူက မတွေးထားမိချေ။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ လျှို့ဝှက်ချက်များကို သူသည် ပိုအထင်ကြီးသွားကာ ပိုစိတ်ဝင်စားလာတော့သည်။

ယောက်ယက်ခတ်နေသည့် စိတ်နှလုံးဖြင့် ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှ ငြိမ်သက်စွာရပ်နေလိုက်တော့သည်။ ထိုလူကြီး သူ့ကို ညာနေသည်မဟုတ်ကြောင်းကို ပိုင်ရှောင်ချန်းက သိပေသည်။ ခေတ္တမျှ ကြာသွားပြီးနောက် သူက ဆိုလိုက်လေသည်။
” သတင်းအစအနလေး တစ်ခုတောင် မရခဲ့ဘူးလားဗျာ။ ”

ပိုင်ရှောင်ချန်း၏ သိလိုစိတ်ပြင်းပြနေမှုကြောင့် အဘိုးကြီးမှာ တွေဝေနေရတော့သည်။ သူနှင့် ရေရှည်ဆက်ဆံမှုကို လိုချင်သည်ဖြစ်သဖြင့် အဘိုးကြီးမှာ အံကြိတ်ကာ ဆိုလိုက်သည်။
” တစ်ချက်ပဲ ရှာတွေ့ခဲ့တယ်။ သေသွားတဲ့ ငါ့ရဲ့ သူလျှိုအများစုက ရှင်းကုံကျစ်တာအိုဂိုဏ်းထဲမှာ သေကုန်ကြတာ။ အဲ့အချင်းအရာကိုကြည့်ခြင်းအားဖြင့် ဘာလဲဆိုတာ မင်းသိမှာပါ။ ”

ထိုသို့ဆိုကာ အဘိုးကြီးသည် လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

” မင်းငါ့ကိုဆက်သွယ်ချင်ရင် မျက်နှာဖုံးကို သုံးပြီးဆက်သွယ်လို့ရတယ်။ မျက်နှာဖုံးကို မသုံးချင်ဘူးဆိုရင် ယွမ်အာ ကနေတစ်ဆင့် ဆက်သွယ်ပေါ့။ သူက ငါ့ရဲ့သူလျှိုသာ ဖြစ်နေတာ အဏ္ဏဝါခေါ်သံဂိုဏ်းကို ရန်ပြုလိုတဲ့ ဆန္ဒမရှိဘူး။ သူမကို မင်း ကြင်ကြင်နာနာ ဆက်ဆံပေးမယ်လို့ ငါမျှော်လင့်ပါတယ်…. ”
ထိုသို့ဆိုကာ အဘိုးကြီးမှာ များစွာသော အနက်ရောင် အမျှင်အတန်းများ အဖြစ် ပြိုကွဲသွားပြီး ချင်းမေ့ယွမ်၏ နဖူးထဲသို့ ပျံဝင်သွားတော့သည်။

ချင်းမေ့ယွမ်မှာ တုန်ရီသွားပြီး မျက်လုံးများ ပွင့်လာတော့သည်။ မတ်တတ်ရပ်နေသည့် ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူမသည် စကား တစ်စုံတစ်ရာကို ပြောလိုနေသည်။ သို့သော်လည်း တစ်ခဏမျှ ကြာပြီးနောက် သူမသည် ရို့ကျိုးစွာ ဦးညွှတ်လိုက်ပြီး သူမ၏ အင်မော်တယ် ဂူထဲသို့ ပြန်ဝင်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ လေထဲတွင် ရစ်ဝဲကာ ကြယ်များစုံနေသည့် ကောင်းကင်ကြီးနှင့် လမင်းကြီးကို မော့ကြည့်နေတော့သည်။ သူ၏ ခေါင်းထဲတွင် အတွေးစများစွာ ကဆုန်ပေါက်နေတော့သည်။

” သူ့ရဲ့ သူလျှိုအများစုက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ သေကုန်ကြတာဆိုတော့ တုလင်ဖေးအကြောင်းကို အဲ့ဂိုဏ်းမှာ ထပ်ရှာရမယ်။ ”

” မင်းက ဘယ်သူများလဲ…. တုလင်ဖေးရာ…. ”

” မင်းကို ဒီလို လိုက်ရှာနေရတာ ပင်ပန်းလှပြီ.. ”
သူက ခေါင်းကို ဖြေးညင်းစွာ ခါယမ်းလိုက်သည်။ တုလင်ဖေးနှင့် ပတ်သတ်သည်များကို အတိတ်တွင်ချန်ရစ်နိုင်ခဲ့ပြီဟု သူက ယုံကြည်နေခဲ့ပါသော်လည်း သူ၏နှလုံးသားထဲတွင်မူ မေ့၍မရနိုင်သည့် မေးခွန်းအချို့ ရှိနေဆဲပင်။

ထို့နောက် သူက အဏ္ဏဝါခေါ်သံတောင်သို့ ပြန်လှည့်သွားတော့သည်။ သို့သော်လည်း အင်မော်တယ်ဂူဆီသို့ မသွားပဲ ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်ကို သွား၍ တွေ့ဆုံလိုက်သည်။

ယခုတွင် ပိုင်ရှောင်ချန်းသည် လျှို့ဝှက်ချက်များစွာကို ဂိုဏ်းကမသိအောင် ထိန်ချန်ထား၍ မရတော့ကြောင့် သိလိုက်သည်။ ထို့ကြောင့် သူသည် ချင်းမေ့ယွမ်၊ မြေရိုင်းဒေသတွေ နှင့် မျက်နှာဖုံးတို့အကြောင်းကို ရှင်းပြလိုက်တော့သည်။

မနက် အရုဏ်ချိန်ရောက်သော် အရာအားလုံးကို သူ၏ ဂိုဏ်းတူအစ်ကို ဂိုဏ်းခေါင်းဆောင်အား ရှင်းပြပြီးဖြစ်သဖြင့် ထွက်ခွာလာတော့သည်။ ဘာဆက်လုပ်ရမည်ကိုမူ သူက မတွေးတောလိုတော့ပေ။ သို့သော်လည်း ဂိုဏ်းမှာ ဤကိစ္စကို ဖြေရှင်းမည်ဖြစ်ပြီး ချမှတ်သည့်ဆုံးဖြတ်ချက်ကို သူကလက်ခံမည်ဖြစ်သည်။

ဤကဲ့သို့ အလွန်ကြီးမားသည့် ဆုံးဖြတ်ချက်ကြီးကို သူတစ်ယောက်ထဲ မချမှတ်နိုင်သဖြင့် ကျိန်းယွမ်သုန်သည် အဖွဲ့လေးဖွဲ့၏ ခေါင်းဆောင်ကြီးများနှင့် တိုင်ပင်လိုက်သည်။ ခေါင်းဆောင်ကြီးများမှာ ချင်းမေ့ယွမ်ကို ဆင့်ခေါ်လိုက်ပြီးနောက် အဆုံးတွင် ဘာမှ ဆက်မဖြစ်တော့ချေ။ အရာရာတိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

ချင်းမေ့ယွမ်မှာ ယခင်အတိုင်း အမျိုးသားကျင့်ကြံသူများစွာ၏ နတ်သမီးလေးအဖြစ် အဏ္ဏဝါခေါ်သံဂိုဏ်းတွင်သာ ဆက်ရှိနေစမြဲပင်။ သူမသည် လက်ရွေးစင်တစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး ပိုင်ရှောင်ချန်း၊ ကျိန်းယွမ်သုန်နှင့် ခေါင်းဆောင်ကြီးများသာလျှင် သူမ၏ နေရပ်အစစ်အမှန်ကို သိကြသည်။ သဘောတူညီချက် အချို့ကို နှစ်ဦးနှစ်ဖက် အကြားတွင် သတ်မှတ်လိုက်ကြသည်…

ထိုကိစ္စပြီးစီးသွားပြီဖြစ်ရာ ပိုင်ရှောင်ချန်းမှာ ကျင့်ကြံခြင်းအပေါ်တွင် အာရုံပြန်၍ စူးစိုက်လိုက်သည်။ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်ဖြစ်စေ၊ ထာဝရ အရွတ်အကြောများဖြစ်စေ သူက နှစ်ခုစလုံးတွင် တိုးတက်နေတော့သည်။ သူသည် ယခုတွင် အလယ်ဒေသရှိ ဂိုဏ်းကြီးလေးဂိုဏ်းများထဲမှ တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်စွမ်းအင်မှာ အောက်ပိုင်းဒေသများထက် ဤနေရာတွင် ပို၍အားကောင်းသည်။ ထို့ကြောင့် သူ၏ကျင့်ကြံနှုန်းများ မြန်ဆန်လာတော့သည်။

ထို အကျိုးထူးကို ခံစားရသူမှာ သူတစ်ယောက်ထဲတော့ မဟုတ်ချေ။ ကျိုးရှင်းချီနှင့် အခြားလက်ရွေးစင်များသည်လည်း တံခါးပိတ်ကျင့်ကြံနေကြပြီး အခြေခိုင်မာခြင်း၏ စက်ဝန်းအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာကြတော့သည်။

ထိုအဆင့်ပြီးလျှင် အမြုတေအဆင့် လာမည်ဖြစ်သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းအတိုင်း လက်လွတ်စပယ်ဖြင့် အမြုအတေအဆင့်သို့တက်လှမ်းရန် လိုက်မလုပ်ရဲကြပေ။ အများစုမှာ အနည်းဆုံး နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု အချိန်ယူကာ ထိုအရေးကြီးသည့် ထိုးဖောက်မှုအတွက် ပြင်ဆင်ကြမည်ဖြစ်သည်။

သူတို့ထဲမှာ များစွာမှာ အမြုတေအဆင့်သို့ ပထမဦးဆုံး ရောက်ရှိနိုင်ရန်အတွက် ယှဥ်ပြိုင်နေကြသည်။ ထို့အပြင် သူတို့အားလုံးမှာ အချင်းချင်း မတည့်ကြသည်ဖြစ်ရာ အမြုတေအဆင့်သို့ မရောက်မချင်း စာရင်းမရှင်းကြသေးရန် ဆုံးဖြတ်ထားကြသည်။

စက်ဝန်းအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် စုန့်ကျင်းဝမ်ကဲ့သို့ လူမျိုးသာလျှင် နှစ်အနည်းငယ်မျှ ပြင်ဆင်ရုံဖြင့် အမြုတေ အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနိုင်မည်ဖြစ်သည်။

ဖက်တီးကျန်းကြီး၊ ရွှီပေါက်ချိုင်၊ ဟိုရှောင်မေ့၊ အမှတ်သုံးဖက်တီးဟီ နှင့်အခြားလူများအတွက်လည်း အလယ်ဒေသရှိ တိုးပွားလာသော စိတ်စွမ်းအင်များမှာ ကျင့်ကြံခြင်းများတွင် အထောက်အကူပေးနေတော့သည်။ ဖက်တီးကျန်းကြီးမှာ တိုးတက်မှုနှုန်း အမြန်ဆုံးပင်ဖြစ်သည်။ သူသည် အခြေခိုင်မာခြင်း အလယ်အဆင့်သိူ့ ရောက်နေပြီဖြစ်သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းရှိ လူတိုင်းမှာ အဘက်ဘက်တွင် တိုးတက်နေကြတော့သည်။ ချီစုစည်းမှုအဆင့် ကျင့်ကြံသူများ၏ ပထမအသုတ်ဆိုလျှင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဘေးတွင် ချမှတ်ထားသော နေရာများသို့ စေလွှတ်ကာ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်အတွက် နတ်မီးလျှံစမ်းသပ်ပွဲများ ကျင်းပနေကြပြီဖြစ်သည်။

အလယ်ဒေသရှိ ဂိုဏ်းများတွင် အောက်ပိုင်းဒေသရှိ ဂိုဏ်းများထက် များစွာသာလွန်သည့် နတ်မီးလျှံစမ်းသပ်ပွဲများ ရှိပေသည်။

ဂိုဏ်းကြီးမှာ လုပ်ငန်းပေါင်းစုံနှင့် အလုပ်ရှုပ်နေစဥ်တွင် ဘရူဆာမှာ ပေါ်ထွက်လာတော့သည်။ သူသည် ရုတ်ချည်းပေါ်ထွက်လာပြီး အပေါက်ဝသို့ရောက်လာသည်နှင့် ပိုင်ရှောင်ချန်းမှာ အင်မော်တယ်ဂူအပြင်သို့ ပြေးထွက်ကာ နှုတ်ဆက်လိုက်တော့သည်။

ဘရူဆာ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာနက်ကြီးများ၊ အမာရွတ်ကြီးများဖြင့် ပြည့်နေတော့သည်။

သို့သော်လည်း သူသည် ပျော်ရွှင်နေပြီး မျက်ဝန်းများမှာ တောက်ပနေသည်။ သူ၏ပတ်ပတ်လည်တွင် မကြာမီ ဖောက်ထွက်နိုင်တော့မည့် အငွေ့အသက်တစ်ခုမှာ ဝန်းရံနေသည်။

ဘရူဆာမှာ ဂိုဏ်း၏ ဌာနချုပ်အသစ်တည်ဆောက်သည့်အချိန်မှစ၍ ပျောက်ကွယ်သွားခဲ့သည်။ သူအသက်ရှိနေသေးကြောင်းကို ပိုင်ရှောင်ချန်းက အာရုံခံနိုင်သဖြင့် သားရဲအစ်မတစ်ကောင်ကောင်နှင့် သွားဆော့ကစားနေသည်ဟုသာ ပိုင်ရှောင်ချန်းက ယူဆထားသည်။ ယခုမှသာ သူ၏ ယူဆချက်မှာ မှားယွင်းကြောင်း သိလိုက်ရသည်။

ပိုင်ရှောင်ချန်းနှင့် ဘရူဆာတို့မှာ အကြည့်ချင်းဆုံသွားသည့်အခါ သူသည် ပြင်းထန်သော လေ့ကျင့်မှုတစ်ခု လုပ်ရန် ထွက်သွားခဲ့ခြင်းဖြစ်ကြောင်းကို သူက တန်းသိလိုက်သည်။

ပိုင်ရှောင်ချန်းကြုံတွေ့ခဲ့ရသည့် အသက်အန္တရာယ်များထဲတွင် ဘရူဆာသည် မကယ်တင် မကူညီနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ အသုံးမဝင်ကြောင်း ခံစားနေရသဖြင့် အပြင်းအထန် လေ့ကျင့်နေခြင်းဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset