အခန်း ( ၃၅၃ )

မြေရိုင်းဒေသဆိုသည်မှာ

ချင်းမေ့ယွမ်သည် ပို၍ ရှက်သွေးဖြာကာ မျက်နှာလေးရဲလာ၏။ ထိုအခိုက်အတန့်တွင် သူမမှာ ပိုင်ရှောင်ချန်းရှေ့တွင် အဝတ်ဗလာဖြင့် ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ နောက်သို့ဆုတ်ရင်း သူမက စိတ်ဆိုးဒေါသထွက်စွာ ပြောလိုက်သည်။
” ဂိုဏ်းတူအစ်ကိုပိုင်…. ”

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ခြိမ်းခြောက်နေသည့်ဟန်ဖြင့် တောက်ပနေရင်း ခေါင်းခါလိုက်သည်။

“ဟာသပဲ.။ကံဆိုးလိုက်တာ.. မင်းသရုပ်ဆောင်နေတာ မပီပြင်ဘူး ချင်းမေ့ယွမ်။ မင်းငါ့ကို ဘာအကြောင်းမှမရှိပဲ လက်ကိုင်ပဝါပေးတယ်။ ဘာမှလဲမပြောပဲ.. သုံးချက်တီးချိန်ကျလာဖို့ခေါ်တယ်”

“ငါ တစ်လလုံးထိုင်နေတုန်းက မင်းဘာစာမှမပို့ခဲ့ဘူး.. ချင်းမေ့ယွမ် … ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်က သုံးနှစ်ကလေးဦးနှောက်ပဲ ရှိတယ်ထင်နေတာလား.. ဒါမှမဟုတ် မိန်းမလှလေးမြင်တာနဲ့ မေ့မြောသွားတဲ့ တဏှာရူးလို့များမှတ်နေတာလား.. ။ ဒီရည်းစားစာကိစ္စကြီးတစ်ခုလုံး မင်းတိတ်တိတ်လေး စီစဥ်ထားတာလား.. ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ အလစ်တိုက်ဖို့ အခွင့်အရေးရအောင်ပေါ့လေ ဟုတ်လား”

ပိုင်ရှောင်ချန်းပြောသမျှစကားလုံးတိုင်းသည် ရေခဲမျှအေးစက်နေပြီး နောက်ဆုံး၌ သူက ကောင်းကင်တာအို ရွှေအမြုတေကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ကိုထုတ်ကာ ပြင်းထန်သောဖိအားများအား သက်ရောက်စေလိုက်သည်။ လေပြင်းမုန်တိုင်းတစ်ခုက နေရာတစ်ခုလုံးကို သိမ်းကျုံးတိုက်ခိုက်သွားရာ ချင်းမေ့ယွမ်မှာ မျက်နှာပျက်သွားပြီး သူမ၏ဒူးတို့မှာ တုန်ခါလာတော့သည်။

အမှန်တကယ်ဆိုလျှင် သူမမှာ အခြေခိုင်မာခြင်းအဆင့်သာရှိသေးသည်။

ပိုင်ရှောင်ချန်းက လက်နောက်ပစ်၍ မေးကို မော့လိုက်သည်။ စွမ်းအားကြီးမားလှသော အသတ်အဖြတ်အငွေ့အသက်များနှင့် ဓားသွားကဲ့သို့ စူးရှသောအကြည့်များကြောင့် ယခင်ထက် ပိုမိုသုန်မှုန်နေသည့်ပုံပေါ်လေသည်။ “ဒီကိုလာဖို့မလိုပေမယ့်လဲ ခေါင်းဆောင်ငယ်တစ်ယောက်အနေနဲ့ ဒါတွေကို မသိပဲဘယ်နေမလဲ။ ဒါကြောင့်. မင်းရဲ့ တကယ့်ရည်ရွယ်ချက်ကဘာလဲဆိုတာ လာကြည့်တာ”

ချင်းမေ့ယွမ်သည် နောက်သို့ဆုတ်ဆုတ်သွား၏။
” ဂိုဏ်းတူအစ်ကိုပိုင်… ကျွန်မ.. ”

သူမဆက်မပြောနိုင်မီ ပိုင်ရှောင်ချန်း၏မျက်လုံးများတွင် အေးစက်စက်အလင်းများဖြတ်ပြေးသွားပြီး ဓားမြှောင်သဏ္ဍာန်ဦးချိုတစ်ခုအား သူ့ခေါင်းပေါ်တွင် ပျံဝဲနေစေလိုက်ရာ ထိုဦးချိုမှအဖိုးတန်ရတနာတစ်ပါး၏ ဖိအားများအား ချက်ချင်းပင်ထုတ်လွှတ်နေတော့သည်။ ကောင်းကင်တာအိုရွှေအမြုတေကျင့်ကြံခြင်းအခြေခံအငွေ့အသက်များနှင့် ပေါင်းစပ်သွားသည်တွင် အလွန်တရာအားပြင်းသောအသတ်အဖြတ်ငွေ့များဖြစ်သွားကာ ချင်းမေ့ယွမ်အပေါ်သို့ သက်ရောက်လာတော့သည်။

ထိုဓားမြှောင်သဏ္ဍာန်ဦးချိုမှာ ပိုင်ရှောင်ချန်း၏ သစ္စာမဲ့နဂါးဦးချိုပင်။

“နဲနဲလေးမှ မလှုပ်နဲ့” သူက ခပ်အေးအေးပင်ပြောလိုက်သည်။
” မင်းကိုယ်မင်း ဘာဆိုတာ အသေအချာရှင်းပြဖို့ အခွင့်ရေးသုံးကြိမ်ရမယ်။ မင်းဘာပြောပြော တစ်ကြိမ်လို့ရေမယ်။ အဲဒါကိုမမေ့နဲ့။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်ဂိုဏ်းသားကိုမဆို ငါကြိုက်သလို ကွပ်မျက်ပိုင်ခွင့်ရှိတယ်နော်”

ပုံမှန်စကားပြောနေသည့်အလား ပြောလိုက်သော်လည်း သူ၏ဘယ်ခြေမကို မြေထဲသို့ အမှတ်တကယ်တွန်းထည့်ထားပြီး ပြင်းထန်သောစွမ်းအားတစ်ခုအား ထုတ်ရန် ပြင်ဆင်ထားပြီးဖြစ်လေပြီ။ တစ်ခုခုသာဖြစ်လာပါက ထိုနေရာမှ သူချက်ချင်းထွက်ပြေးမည်ဖြစ်သည်။

သူ၏ ကိုးနယ်ပယ်ရှုခင်းသည်လည်း အချိန်တိုအတွင်းအသုံးပြုရန် အဆင်သင့်ဖြစ်နေလေပြီ။

ချင်းမေ့ယွမ်က တုန့်ခနဲ ရပ်သွားပြီး ပိုင်ရှောင်ချန်းကို နက်နက်ရှိုင်းရှိင်း ကြည့်လိုက်သည်။ သူမစီမံထားသည့် မန္တန်အစီအရင်အတွင်းသို့ရောက်ခါနီးဆဲဆဲတွင် ပိုင်ရှောင်ချန်းက ရပ်လိုက်ကြောင်း သူမ သတိပြုမိလိုက်သည်။ သိသိသာသာပင်က သူက အသေအချာပြင်ဆင်လာလေသည်။

ပထမဆုံးအကြိမ် ပိုင်ရှောင်ချန်းအပေါ်ကြောက်လန့်ခြင်းက သူမ၏နှလုံးသားကိုစိုးမိုးချုပ်ကိုင်သွား၏။ နောက်ဆုံးတွင် သူမက ရယ်လိုက်ပြီး အစောပိုင်းက ရှက်ကိုးရှက်ကန်းပုံကိုဖျောက်ပစ်လိုက်လေသည်။ ယခုတွင် သူမ၏မျက်လုံးများအတွင်း၌ ထူးခြားဆန်းကြယ်သောအလင်းတစ်ခု တောက်ပနေ၏။

သူမက ပြုံး၍ပြောသည်။
” အဲ့အဖိုးကြီးတွေ ရှင့်ကို အရမ်းဂရုစိုက်နေတာ အံ့သြစရာမရှိပါဘူး။ ကျွန်မရှင့်ပေါ် မကောင်းတဲ့စိတ်မရှိဘူး ပိုင်ရှောင်ချန်း .. တကယ် ကျိန်ဆိုကျိန်ရဲတယ်..။ ရှင့်ကို ဒီကိုလာစေချင်တဲ့ အကြောင်းက အရေးကြီးတဲ့ လူတစ်ယောက်ကို တွေ့ဖို့ပဲ”

“မင်းမှာ အခွင့်အရေးတစ်ကြိမ်ကျန်သေးတယ်” ပိုင်ရှောင်ချန်းက အေးစက်စက်ပြောလိုက်သည်။ သူ့ခေါင်းပေါ်ဝဲနေသည့် သစ္စာမဲ့ နဂါးချိုက အေးစက်သောအလင်းတစ်ခုကို ထုတ်လွှတ်လာ၏။

ချင်းမေ့ယွမ်၏မျက်နှာမှာ ရှုံ့မဲ့သွား၏။ တစ်ခဏမျှတိတ်ဆိတ်နေပြီးသော် သူမက အံကြိတ်ပြီးပြောတော့သည်။

” ညမုဆိုး။ မျက်နှာဖုံး။ ပိုင်ရှောင်ချန်း။ လျှို့ဝှက်ဆန်းကြယ်အဖွဲ့။ သူလျှို။ ထာဝရတည်မြဲခြင်းအမွေအနှစ်”

ပိုင်ရှောင်ချန်း၏မျက်နှာတွင် တင်းမာခက်ထန်သော အမူအရာလွှမ်းမိုးသွားကာ သူ့မျက်လုံးများ ပြူးကျယ်လာ၏။ ချာချာလည်မူးနောက်သွားရင်း သူက ချင်းမေ့ယွမ်ထံ သစ္စာမဲ့နဂါးချိုအား မဆိုင်းမတွ ပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ခြေမဖြင့် ဖိချလိုက်ပြီး နောက်သို့ပြေးလိုက်သဖြင့် တဝုန်းဝုန်းအသံများထွက်ပေါ်လာတော့သည်။ တစ်ဆက်တည်းမှာပင် သူ၏ ကိုးနယ်ပယ်ရှုခင်းအား ထုတ်လွှတ်လိုက်သည်။

လောလောဆယ် သူ့နှလုံးမှာ တဒိန်းဒိန်းခုန်နေတော့သည်။ ချင်းမေ့ယွမ်နှင့်ပတ်သက်ပြီး သံသယဝင်စရာကောင်းကြောင်း သတိထားမိပါသော်လည်း သူနှင့်ကြာရှည်စွာဆက်နွှယ်နေခဲ့သည့် လျှို့ဝှက်ဆန်းကြယ်အဖွဲ့အတွက် အမှန်တကယ်တာဝန်ထမ်းဆောင်နေသည်ဟူ၍ ဘယ်သောအခါကမှ အိပ်မက်ပင် မမက်ဖူးချေ။

သူလှုပ်ရှားလိုက်သည့် တချိန်တည်းမှာပင် အမည်းရောင်ရေဝဲတစ်ခုက ချင်းမေ့ယွမ်၏နဖူးပေါ်တွင် ပေါ်လာပြီး အမည်းရောင်စွမ်းအင်စီးကြောင်းများထုတ်လွှတ်ကာ သစ္စာမဲ့နဂါးချိုကို ရစ်ပတ်လိုက်လေသည်။ ထိုချိုကိုပိုင်ရှောင်ချန်း၏ ရွှေအမြုတေစွမ်းအားဖြင့် အားဖြည့်ထားသော်လည်း ချက်ချင်းပင် တိခနဲရပ်သွားလေသည်။

တချိန်တည်းမှာပင် ရှေးဆန်သော အသံတစ်ခုက အမည်းရောင်အမျှင်များအတွင်းမှ ထွက်ပေါ်လာ၏။

“တာအိုရောင်ရင်းရေ. ..ကျေးဇူးပြု၍ ဒီတစ်ခါတော့ ကျုပ်ကို ယုံပေးပါဗျာ..။ မင်းနဲ့ ဆက်သွယ်ဖို့ ဒီနည်းလမ်းကို သုံးဖို့လွှဲပြီးမရှိတော့လို့ပါ။ ကျုပ်ရဲ့ လူသစ်ယွမ်အာရဲ့ လျှို့ဝှက်သရုပ်မှန်ကိုတောင် ဖော်ခဲ့ရတယ်လေ။ မင်းနဲ့ စကားပြောဖို့ အခွင့်အရေးအတွက် သူ့အသက်ကို လောင်းထားရတာပါ။ ကျေးဇူးပြုပြီး ကျုပ်ကို မယုံပေးနိုင်ဘူးလား”

” မင်းကြိုက်တဲ့ အချိန်ထွက်သွားလို့ရပါတယ် ။ စကားနည်းနည်းတော့ ပြောခွင့်ပြုပါဗျာ။ မင်းကြားရတာကို သဘောမကျရင်တော့ မင်း ထွက်သွားမှာကို ကျုပ်မတားတော့ပါဘူး” ထိုစကားများထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမည်းရောင်အမျှင်များသည် အဘိုးကြီးတစ်ယောက်၏မှုန်ဝါးဝါးပုံရိပ်အသွင် အတူတကွပေါင်းစပ်သွား၏။ ထိုအဘိုးကြီး၏မျက်လုံးများအတွင်းမှာ ရှုပ်ထွေးသော ခံစားချက်များ၊ ထူးခြားနက်နဲသောလျှို့ဝှက်ချက်များနှင့် ပို၍ အံ့သြစရာကောင်းစွာ ပိုင်ရှောင်ချန်းအပေါ် လေးစားရိုသေမှုများကိုပင် တွေ့ရလေသည်။

ပိုင်ရှောင်ချန်းမှာ အသက်ပင်မနည်းရှူနေရလေသည်။ ထိုအချိန်တွင် သူက လေထဲရှိ ခပ်မြင့်မြင့်သို့ပင်ရောက်နေချေသည်။ ထို့ပြင် ထိုနေရာမှထွက်ပေါ်လာသော အငွေ့အသက်များအား အဏ္ဏဝါခေါ်သံဂိုဏ်းရှိအခြားသူများ သတိပြုမိသွားကြပြီး အမြုတေအဆင့်အကြီးအကဲအပါအဝင် အနီးအနားရှိ ကင်းလှည့်နေသောကျင့်ကြံသူတချို့မှာ ပျံသန်းလာကြသည်။

“ခေါင်းဆောင်ငယ် ဘာများဖြစ်လို့လဲ ”

“ဘာဖြစ်သွားတာလဲ”
ကင်းစောင့် ကျင့်ကြံသူများမှာ ဘေးဘီဝဲယာအား မသင်္ကာစွာ ကြည့်လိုက်သောအလည်း ထူးဆန်းစွာပင် အမည်းရောင်စွမ်းအားမျှင်များမှဖြစ်ပေါ်လာသော အဘိုးကြီးကို သတိပြုမိသည့်ပုံမရချေ။ သူတို့မြင်ရသည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံအခြေခံစွမ်းအားများ ထွက်ပေါ်လျက် လေထဲတွင် ရပ်နေသော ပိုင်ရှောင်ချန်းပင်ဖြစ်သည်။

အောက်ဖက်ရှိ အရာဟူမျှမှာ သူတို့အမြင်တွင် ပျောက်နေလေသည်။

အဘိုးကြီးက ခပ်သွက်သွက်ပြော၏။
” အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နတ်အဆင့်ပညာရှင်တစ်ဦးရှိမှပဲ လူတိုင်းကျုပ်ကိုမြင်နိုင်မှာ. ။ ဒါပေမယ့် မင်းက အကာအကွယ်ထဲမရှိတာကြောင့်မလို့ သူတို့မင်းကို မြင်ရတာ ”

အမှန်ပင် ပိုင်ရှောင်ချန်းတစ်ယောက်သည်သာလျှင် သူ့စကားပြောသံအားကြားရခြင်းဖြစ်သည်။

ရောက်ချလာသည့် မသင်္ကာဖြစ်နေသော ကင်းစောင့်ကျင့်ကြံသူများကို ဦးစွာကြည့်လိုက်ပြီးနောက် အဘိုးကြီး၏ပုံရိပ်ကိုကြည့်ကာ ပိုင်ရှောင်ချန်း၏မျက်နှာမှာ တင်းမာခက်ထန်နေတော့သည်။

ပိုင်ရှောင်ချန်းနှုတ်ဆိတ်နေသည်ကိုမြင်လိုက်ရသောအခါ အဘိုးကြီးက ခပ်သွက်သွက်ဆက်ပြော၏။
” ကောင်းကင်တံတားဒေသက အလွန်တရာကျယ်ပြောလှတယ်။ ကောင်းကင်တံတားပင်လယ်က အလယ်မှာရှိပြီး အဲဒီပင်လယ်ကနေ မြစ်ကြီးလေးစင်းက နေရာလေးခုကို ဖြာထွက်စီးဆင်းတယ်။ အဲဒီနေရာတွေက အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း နဲ့ မြောက်ပိုင်းကျင့်ကြံခြင်းကမ္ဘာတွေပဲ”

“အဓိကမြစ်ကြီးလေးစင်း တစ်စင်းစီကနေ မြစ်ငယ်လေးသွယ်ပြန်ခွဲထွက်ပြီး ချောင်းလေးသွယ် ပြန်ဖြစ်သွားပြန်တယ်။ ချောင်းတွေနောက်မှာ တွေးကြည့်လို့တောင် မရနိုင်တဲ့ နတ်အဆင့်ကျင့်ကြံသူတွေအများကြီးရှိတယ်။ ကောင်းကင်တံတားမြစ်ရဲ့ စိတ်စွမ်းအင်က အဆုံးသတ်မရှိဘူးလို့ထင်ရပေမယ့် အမှန်က ကောင်းကင်တံတားနယ်မြေတစ်ခုလုံးနဲ့ ယှဥ်ရင် အဲ့စိတ်စွမ်းအင်ပမာဏက မပြောပလောက်ဘူး။ တကယ်တမ်း အဲ့အဆင့်ရဲ့ တစ်ဝက်ဖြည့်ဖို့တောင် မလုံလောက်ဘူး”

“ကျန်တဲ့ကောင်းကင်တံတားနယ်မြေတွေက ကောင်းကင်တံတားမြစ်တွေရဲ့ စိတ်စွမ်းအင်တွေနဲ့ ထိစပ်ခြင်းမရှိတဲ့ နယ်မြေတွေပဲ.. မြေရိုင်းနယ်မြေတွေလို့ အသိများတယ် ” အဘိုးကြီး၏ ရှင်းပြချက်များကို ကြားရသောအခါ ပိုင်ရှောင်ချန်း၏ခေါင်းမှာ ချာချာလည်လာတော့သည်။

ယခင်က ထိုအကြောင်းကိစ္စများနှင့် ပတ်သက်ပြီး အံ့အားနေခဲ့ရသည်။ သူသိခဲ့ရသည့်တစ်ခုသောရှင်းပြချက်မှာ ကောင်းကင်တံတားမြစ်အငွေ့အသက်မရှိသောနေရာများတွင် ကျင့်ကြံသူများ အသက်မရှင်နိုင်ဟူ၍ဖြစ်သည်။

ကြားလိုက်သည့်စကားသံများက သူ့စိတ်ထဲတွင် မိုးကြိုးပစ်သံများအလားပင်။ သူပြောနိုင်သည်ကတော့ ထိုအဖိုးကြီး လိမ်ပြောနေသည့် ပုံမပေါ်ချေ။

အလွန်လေးနက်သောအသံနေအသံထားဖြင့် အဘိုးကြီးက ဆက်ပြောသည်။
” ဥပမာပြောရရင် ကောင်းကင်တံတားမြစ်ရဲ့ စိတ်စွမ်းအင်တွေရှိတဲ့ နေရာတွေ၊ အဓိကမြစ်ကြီးလေးစင်းနဲ့ မြစ်ဖျားဂိုဏ်းတွေက လူသားကမ္ဘာမှာရှိတဲ့ မြို့တွေလိုပဲ.။ မြေရိုင်းနယ်မြေက လူတွေဖြစ်တဲ့ ကျုပ်တို့တွေက ပြည်ပြေးတွေ ဒါမှမဟုတ်ရင် သူပုန်တွေလိုပဲ”

“ကျုပ်က မြေရိုင်းနယ်မြေကလာတာ.. သွေးဘိုးဘေးကြီးကလဲ မြေရိုင်းနယ်မြေကပဲ”

“ထူးခြားတဲ့ အကြောင်းကိစ္စတွေကြောင့်ပဲ ကောင်းကင်တံတားမြစ်ထဲမှာ သွေးဘိုးဘေးကြီးရဲ့အလောင်းရှိနေတာပဲ”

ပိုင်ရှောင်ချန်း၏ သူငယ်အိမ်များကျဥ်းမြောင်းသွားသည်။ အဘယ်ကြောင့် လျှို့ဝှက်ဆန်းကြယ်အဖွဲ့က သွေးဘိုးဘေးကြီးပေါ်ရှိ ထာဝရတည်မြဲခြင်းအမွေအနှစ်ကို အလွန်တရာစိတ်ဝင်စားနေသည်အား သူ ခေါင်းခြောက်နေခဲ့ရသည်။ အဘိုးကြီး၏ရှင်းပြချက်မှာ ယုတ္တိတန်လေသည်။

“တကယ်တော့ ကျုပ်တို့ ထာဝရတည်မြဲခြင်း အမွေအနှစ်ကို မလိုဘူး။ မင်းလိုရင် ယူသာထားလိုက်တော့။ ကျုပ် စိတ်ပြောင်းသွားရတဲ့အကြောင်းရင်းနဲ့ ဒီအကြောင်းတွေ မင်းကို ဘာလို့ပြောနေရတာလဲဆိုတာက သွေးဘိုးဘေးကြီးရဲ့အမွေအနှစ်ကြောင့်နဲ့ မင်းက ဒုတိယမျိုးဆက်သွေးဘိုးဘေးကြီးဖြစ်လာလို့ပဲ”

“အကျဥ်းချုံးပြောရရင်ကွာ မင်းက ကျုပ်တို့မြေရိုင်းနယ်မြေနဲ့ ပေါင်းစပ်သွားပြီ ”
အဘိုးကြီးမှာ တည်ငြိမ်သွားတော့သည်။ ပိုင်ရှောင်ချန်း ချက်ချင်းမထွက်သွားသရွေ့ သူ့၌ ရှင်းပြရန်အခွင့်အရေးရပြီး အကြောင်းကိစ္စများအား ဆွေးနွေးညှိနှိုင်း၍ပင်ရနိုင်သည်။

ပိုင်ရှောင်ချမ်းက ယခင်အတိုင်း ပြုမူကာ သူပြောသည်ကို နားထောင်ရန် ငြင်းဆန်လိမ့်မည်ကို သူအကြောက်ဆုံးပင်ဖြစ်သည်။

“ကျုပ် မင်းကို မျက်နှာဖုံးကနေတစ်ဆင့် ဆက်သွယ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် မင်းကသတိရှိတာပဲ ။ဒါကြောင့် မင်း ဒီရောက်လာဖို့ ကျုပ် ယွမ်အာကိုသရုပ်ဆောင်ခိုင်းပြီး တေါ်တေါ်စွန့်စွန့်စားစားအင်အားသုံးလိုက်ရတယ် ”

“ကျုပ်က မြေရိုင်းနယ်မြေမှာရှိတဲ့ မြို့တွေရဲ့မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုတယ်။ မင်းနဲ့ ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုသဘောတူညီချက်ကြောင့် မင်းအကျိုးများလိမ့်မယ်နော်..။ ဘာကြောင့်လဲဆိုတော့ အဓိကမြစ်ကြီးလေးစင်းစလုံးက ဂိုဏ်းအကုန်လုံးနီးပါးမှာ ကျုပ်တို့ရဲ့သူလျှိုတွေရှိတယ်။ မင်းကို ကျုပ် နည်းမျိုးစုံနဲ့ အကူအညီပေးနိုင်တယ်။ ပြီးတော့ လောကထဲ ဖြစ်ပျက်နေတဲ့ အရေးအကြီးဆုံးအရာမှန်သမျှကို သတင်းပေးနေနိုင်တယ်”

“ဒါပေမယ့်.. ကျုပ်တို့အတွက် မင်းလုပ်ပေးရမှာလည်း ရှိတယ်”
ထို့နောက် အဘိုးကြီးက လက်ယှက်၍ ပိုင်ရှောင်ချန်းကို တလေးတစား ဦးညွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ အလွန်တရာတုန်လှုပ်သွားပြီး ထွက်သွားခါနီးဆဲဆဲပင်။ သို့သော်လည်း အဘိုးကြီးပြောသောစကားထဲတွင် အမှားပါသည့်အရာတစ်ခုမှ မရှာတွေ့ပေ။ အမှန်အတိုင်းဆိုရလျှင် သူ၏မေးခွန်းများကိုပင်လျှင် ဖြေနှင့်ပြီးလေပြီ။ ချင်းမေ့ယွမ်၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ခြင်းသည် ကံကောင်းသွားသည်မှာ အမှန်ပင်။

အဘိုးကြီးက ရည်းစားစာကိစ္စတစ်ခုလုံးအား စီမံခဲ့ကြောင်းကို ဝန်ခံထားပြီးလေသည်။ အဘိုးကြီးက သူ့၌ရှိသည့် မေးခွန်းများအတွက် အဖြေမှန်သမျှအား လိုလိုလားလားရှင်းပြနေသည့်ပုံပင်။

ထိုအချက်ကို တွေးမိသောအခါ ပိုင်ရှောင်ချန်းက နေရာတစ်ဝှမ်းကို စုံစမ်းစစ်ဆေးပြီး ဘာတစ်ခုမှမမှားသဖြင့် သူ့ကို ချီတုံချတုံဖြင့်ကြည့်နေသော ကင်းစောင့်ကျင့်ကြံသူများဘက် လှည့်လိုက်သည်။

“ခင်ဗျားတို့သွားလို့ရပါပြီ” သူကပြောလိုက်သည်။
“အားလုံးပဲ.. ခုနက ကျုပ်ခံစားချက်သိပ်မကောင်းလို့ပါ။ အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဗျာ”
ထို့နောက် သူက လက်ယှက်၍ ဦးးညွှတ်နှုတ်ဆက်လိုက်သည်။

အမြုတေအဆင့်အကြီးအကဲက ပိုင်ရှောင်ချန်းကို တခဏမျှ လေးလေးနက်နက်ကြည့်လိုက်သော်လည်း နောက်ထပ်ဘာမေးခွန်းမှ မမေးချေ။ ခေါင်းညိတ်လျက် သူက သူ့လူများအား ခေါ်သွားတော့သည်။

မကြာမီ အရာအားလုံး တိတ်ဆိတ်သွားပြန်သည်။

” ဒီတော့ ”
ပိုင်ရှောင်ချန်းက ရုတ်တရက်ပြောလိုက်သည်။
” ကျုပ် ဘာမေးမေး ခင်ဗျားဖြေနိုင်တယ်ပေါ့”


Comment

Leave a Reply

Options

not work with dark mode
Reset