ပိုင်ရှောင်ချန်းက ရွှီပေါက်ချိုင်ကိုကြည့်နေပြီး မအီမသာဖြစ်နေသည်ကိုတွေ့မြင်နိုင်သည်။ ပိုင်ရှောင်ချန်းက အနည်းငယ် မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ပြီးနောက် မျက်လုံးများထဲတွင် လေးစားအားကျမှုများဖြင့်တောက်ပနေသော ဖက်တီးကြီးကျန်းကို ကြည့်လိုက်သည်။ ဖက်တီးကြီးကျန်းမှာ ပိုင်ရှောင်ချန်းအနားရောက်လာပြီး ပိုင်ရှောင်ချန်း၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။
” လုပ်လိုက်တော့ ရှောင်ချန်းရ..။ နောက်ဆိုရင် မင်းတကယ်အရွယ်ရောက်လာတော့မှာကွ…”
ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ရင်း ပိုင်ရှောင်ချန်းက လက်ကိုင်ပုဝါကိုသူ၏ ကိုင်ဆောင်နေကျအိတ်အတွင်း ပစ်ထည့်လိုက်ပြီးနောက် သူ၏အကျီလက်ကိုပွတ်သပ်လိုက်ကာ ကြီးကြီးကျယ်ကျယ်ဖြင့်ကြေငြာချက်ထုတ်လိုက်လေသည်။
” သူမက ငါ့ကိုလာစေချင်တိုင်း ငါကသွားမယ်လို့များ မင်းတို့ထင်နေကြလား..။ လုံးဝပဲ”
ထိုတစ်ခုတည်းကြောင့်ပင် ပတ်ဝန်းကျင်ရှိကြည့်ရှုနေသူအပေါင်းမှာ သူ့အားပို၍လေးစားလာကြသည်။ သို့သော်လည်း သူကလက်ကိုင်ပုဝါအား သူ၏အိတ်အတွင်းသို့ပစ်ထည့်လိုက်စဥ် လေးနက်သောအလင်းတန်းတစ်ခုသူ၏မျက်လုံးများထဲတွင် ထင်ဟပ်သွားခဲ့သည်ကို မည်သူမျှ သတိမပြုမိလိုက်ပေ။
ရွှီပေါက်ချိုင်မှာ တစ်နေ့လုံးစိတ်ခံစားချက် ကောင်းမနေပေ။ နေ့လည်ခင်းအချိန်၌ ပိုင်ရှောင်ချန်းက သူ၏အင်မော်တယ်ဂူဆီသို့ပြန်သွားပြီးနောက် ရွှီပေါက်ချိုင်က နောက်ဆုံးတွင် ချင်းမေ့ယွမ်က ချစ်မြတ်နိုးစိတ်အပြည့်ဖြင့် ပိုင်ရှောင်ချန်းအား ချစ်ရေးဆိုမှုအကြောင်းကို သတင်းဖြန့်လိုက်သည်။
ထိုအတင်းအဖျင်းစကားမှာ လေပြင်းမုန်တိုင်းသဖွယ် ဂိုဏ်းခွဲလေးဖွဲ့ထံသို့ ယခင်ကထက်ပင်လျင်မြန်စွာပျံ့နှံ့သွားလေသည်။ အချစ်စာသဝဏ်လွှာကိစ္စမှာ တချက်ချက်မြည်နေသောချိန်ကိုက်ဗုံးနှင့်တူနေပြီး ချင်းမေ့ယွမ်မှာ ၎င်းအားပေါက်ကွဲစေနိုင်သော စနက်တံနှင့်တူသည်။
ဂိုဏ်းအဖွဲ့လေးဖွဲ့မှာ လုံးဝအုံကြွကုန်သည်။ ထိတ်လန့်အံ့သြသော အော်ဟစ်သံများနှင့် အလွန်အံ့အားသင့်နေသော အော်ဟစ်သံများမှာ နေရာအနှံ့ပျံ့နှံ့နေလေသည်။
“ဘာဖြစ်တယ်… ချင်းမေ့ယွမ်က ပိုင်ရှောင်ချန်းကို သဘောကျနေတယ်ဆိုတာငါမယုံနိုင်ဘူး
” ဒါ..ဒါမှားနေတာပဲနေမှာ…။ တခြားမိန်းကလေးတွေက သူ့ကိုရည်းစားစာပေးရင်တောင် ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး…။ ဘာလို့ငါချစ်ရတဲ့ ဂိုဏ်းတူညီမလေးချင်းက ဒီလိုလုပ်ရတာလဲကွာ…”
“ဒါ အမှန်မဖြစ်နိုင်ဘူးကွ..”
“ဘာကွ…သူတို့ကဒီည သန်းခေါင်ယံအချိန်မှာ သူမရဲ့အင်မော်တယ်ဂူထဲ သွားအချိန်ဖြုန်းမှာတဲ့လား။ သူတို့အတူတူ ဘာလုပ်ဖို့စီစဥ်နေကြတာပါလိမ့်..”
အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံး ထိုသတင်းစကားမှာ ဂိုဏ်းခေါင်းဆောင်နှင့် အမြုတေအဆင့်အကြီးအကဲများကြားသွားသည့်တိုင်အောင် ပြန့်နှံ့သွားလေသည်။ ထိုအချိန်တွင် သီးသန့်တရားထိုင်နေခြင်းမရှိသည့် ခေါင်းဆောင်ကြီးအချို့ပင် ထိုကိစ္စကိုနားစွန်နားဖျားကြားလိုက်ရသည်။
သို့သော်လည်း ထိုအချစ်သဝဏ်လွှာများနှင့် ပတ်သက်သောသတင်းမှာ အဟောင်းပင်ဖြစ်စေ၊ အသစ်ပဲဖြစ်စေ သူတို့အားလုံးမည်သူမျှ အလေးအနက်သိပ်မထားပေ။ တကယ်တမ်းတွင် သူတို့ထဲမှ အချို့မှာထိုကိစ္စကို အနည်းငယ်ဟာသလုပ်နေကြသည်။ လီချင်းဟောက်မှာ ထိုကိစ္စအားအလေးအနက်ထားကာ ရွှီမေ့ရှန်းနှင့် ချင်းမေ့ယွမ်ကမည်ကဲ့သို့သောလူအမျိုးအစားဖြစ်ကြောင်း လေးလေးနက်နက် ဆွေးနွေးနေသည်။
သူတို့၏သီးခြားတရားထိုင်ခြင်းမှ ထွက်လာသည့်ခေါင်းဆောင်ကြီးနှစ်ဦးမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့မှ ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးများဖြစ်ပြီး သူတို့မှာ ထိုကဲ့သို့ တိုးတက်လာသည့်အခြေအနေအတွက် အမှန်တကယ်ကိုစိတ်ကျေနပ်လျက်ရှိသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့၏ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ ပိုင်ရှောင်ချန်းက ဂိုဏ်းအတွက်မည်မျှအရေးကြီးကြောင်းကို သူတို့ကလည်းသိလေသည်။ အကယ်၍ သူတို့၏ဂိုဏ်းအဖွဲ့မှ ဂိုဏ်းသားတစ်ဦးဦးသာ ပိုင်ရှောင်ချန်း၏ တာအိုလက်တွဲဖော်ဖြစ်ခဲ့လျှင် သူတို့အတွက် မယုံနိုင်လောက်အောင်အကျိုးရှိပေလိမ့်မည်။
သို့သော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့၏ ခေါင်းဆောင်ကြီးများနှင့် ဂိုဏ်းခေါင်းဆောင်ကြီး ကျိန်းယွမ်သုန်တို့အားလုံးမှာ ဖြစ်လာသည့်ကိစ္စအတွက် ခေါင်းခဲနေကြလေသည်။ အထူးသဖြင့် ပိုင်ရှောင်ချန်းအကြောင်း လူအများစုထက်ပိုသိနေသော ကျိန်းယွမ်သုန်အတွက် ပို၍ခေါင်းခဲစရာဖြစ်နေသည်။ ထိုတိုးတက်မှုအသစ်မှာ ပိုင်ရှောင်ချန်း မကြာသေးမီက ဂိုဏ်းပတ်ပတ်လည်လမ်းလျှောက်စဥ် ချစ်သဝဏ်လွှာများကိုလက်ခံခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ့အား သက်ပြင်းအရှည်ကြီးကိုသာ ချသွားစေသည်။
” ရှောင်ချန်းက ဘယ်တော့မှရင့်ကျက်လာမှာလဲကွာ…” သူကတွေးတောမိလိုက်သည်။
” သူက ရွှေအမြုတေအဆင့်တောင်ရောက်ပြီးသွားပြီ။ သူသာ ယင်ယန်ဝိညာဥ်အဆင့်ရောက်သွားတဲ့အချိန်ကျရင် ပိုပြီးရင့်ကျက်လာနိုင်တယ်မလား” အဆုံးတွင် သူကရိုးရိုးရှင်းရှင်းပင်ခေါင်းကိုခါယမ်းလိုက်သည်။ ဤအချက်အရ သူက ပိုင်ရှောင်ချန်း၏ပင်ကိုယ်စရိုက်များ ပြောင်းလဲလိမ့်မည်ဟူသော မျှော်လင့်ချက်ကိုစွန့်လွှတ်လိုက်ရသည်။
ဂိုဏ်းတစ်ခုလုံးမှာ ထိုကိစ္စကိုသာပြောနေကြသောကြောင့် စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့မှာလည်း ဖြစ်ပျက်သမျှကို ခဏလေးအတွင်းသိရှိသွားတော့သည်။ သူတို့နှစ်ဦးမှာ ချက်ချင်းပင် စိုးရိမ်ပူပန်သွားကြတော့သည်။ သူတို့က ချစ်သဝဏ်လွှာကိစ္စကြောင့် ဒေါသထွက်သွားကြသော်လည်း ထိုကိစ္စကို စိုးရိမ်ရသည့်ခြိမ်းခြောက်မှု ဟုမမြင်ကြပေ။ ထိုကိစ္စမှာ မတူညီပေ။ ချင်းမေ့ယွမ်၏ ကျူးကျော်လာသည့် ချစ်ရေးဆိုမှုကြီးကြောင့် မိန်းမပျိုနှစ်ယောက်မှာ ပြင်းထန်လှသည့်အကြပ်အတည်းနှင့် ကြုံနေရတော့သည်။
” အပျက်မ”
“လုံးလုံးကို သောက်ရှက်မရှိဘူး”
သူတို့နှစ်ဦးလုံးမှာ သူတို့၏အင်မော်တယ်ဂူထဲတွင် ဒေါသတကြီးထိုင်နေကြလေသည်။ စုန့်ကျင်းဝမ်မှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲဒေါသထွက်နေပြီး ဟိုရှောင်မေ့မှာလည်း တစ်ခါတစယရံ ငရုတ်ကောင်းကဲ့သို့ တောက်လောင်နေသည်။ သူတို့နှစ်ဦးစလုံးမှာ ပေါက်ကွဲတော့မတတ် ဖြစ်နေကြသည်။
ပထမဦးဆုံးအကြိမ်အဖြစ် သူတို့၏သဘောထားကွဲလွဲခဲ့မှုများအား မေ့ထားလိုက်ပြီး ထိုအခြေအနေကိုဆွေးနွေးရန် တွေ့ဆုံလိုက်ကြသည်။ အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးပြီးနောက် သဘောတူညီချက်တစ်ခုလုပ်လိုက်ကြသည်။ ညအချိန်ရောက်လာလျှင် သူတို့ကတိုက်ခိုက်ရလိမ့်မည်။
ပိုင်ရှောင်ချန်းမှာ လောလောဆယ် သူ၏အင်မော်တယ်ဂူထဲတွင် ချင်းမေ့ယွမ်၏လက်ကိုင်ပုဝါကိုကြည့်ကာ ထိုင်နေပြီး အခြေအနေကိုပြန်ပြောင်းတွေးကြည့်နေရင်း သူ၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများ တဖျတ်ဖျတ်လက်နေသည်။ ရုတ်တရက် သူ၏အင်မော်တယ်ဂူအပြင်ဘက်မှ လူသတ်ငွေ့များကိုသတိပြုမိလိုက်သောအခါ သူ၏မျက်နှာမှာ အိုကျသွားလေသည်။ သူကခေါင်းလှည့်ကြည့်လိုက်သောအခါ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့က အပြင်ဘက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။
ကြောက်ရွံ့တုန်ရီသွားပြီး သူက လက်ကိုင်ပုဝါအား ခပ်ဝေးဝေးတွင်ထားလိုက်ပြီးနောက် နွေးထွေးသည့်အပြုံးတစ်ခုဆင်မြန်း၍ တံခါးအားဖွင့်ပေးလိုက်လေသည်။
“အစ်မတော်စုန့်၊ ရွှယ်မေ့.. နှစ်ယောက်သားဒီမှာ ဘာလုပ်နေကြတာလဲ..။ နှစ်ယောက်စလုံးက အခုတလော ကျုပ်ဘာတွေးနေလဲ သိနေတာပဲကိုး။ မင်းတို့နှစ်ယောက်ကို ကျုပ် အရမ်းသတိရနေတာ….”
စုန့်ကျင်းဝမ်မှာမျက်လုံးပြူးသွားပြီး အေးစက်စက်နှာမှုတ်လိုက်လေသည်။ ပိုင်ရှောင်ချန်းအား လုံးလုံးလျစ်လျူရှုလိုက်ပြီးအင်မော်တယ်ဂူထဲသို့ဝင်ကာ တစ်လက်မ မကျန် စစ်ဆေးနေတော့သည်။ ထို့နောက် သူမကမထွက်သွားသေးမီ ပိုင်ရှောင်ချန်းအား တစ်ချက်စိုက်ကြည့်သွားသေးလေသည်။
ပိုင်ရှောင်ချန်းမှာ အံ့သြမှုကြောင့်ပါးစပ်အဟောင်းသားဖြစ်နေစဥ် ဟိုရှောင်မေ့က ရှေ့သို့တိုးလာပြီး လက်ကိုဖမ်းကိုင်လိုက်သည်။
” ညီမလည်းပဲ အစ်ကိုကြီးရှောင်ချန်းကိုလွမ်းနေတာ..။ ဒီညဒီမှာ အစ်ကိုကြီးနဲ့နေမှာနော်…”
“ဟမ်…” ပိုင်ရှောင်ချန်းမှာ ကြက်သေသေသွားပြီး ပြောလိုက်သည်။
” ဘာဖြစ်လို့လဲဟင်…အစ်ကိုကြီးရှောင်ချန်း” သူမက သူ့အားမျက်ရည်များဝိုင်းနေသော မျက်လုံးများဖြင့်ကြည့်ရင်း ပြောလာသည်။ “အစ်ကိုကြီးက ညီမနဲ့အတူတူမနေချင်လို့လားဟင်…”
ပိုင်ရှောင်ချန်းက ခေါင်းကိုခါပြလိုက်သည်။ သူ၏ရင်ဘက်ကို ပုတ်လိုက်ရင်း သူက ပြောလိုက်သည်။
” ဒီအစ်ကိုကြီးက ညီမလေးနဲ့အတူတူ အချိန်တွေကုန်ဆုံးချင်တာပေါ့ကွာ..။ ဘယ်လို……”
သူက စကားဆုံးအောင်ပင်မပြောလိုက်ရပေ။ ဟိုရှောင်မေ့က ပြုံးလိုက်ပြီး သူ့အားအင်မော်တယ်ဂူထဲသို့ ဆွဲခေါ်သွားတော့သည်။ အတွင်းသို့ရောက်သည်နှင့် သူမကထိုင်ကာ တစ်ညလုံးမရပ်နားပဲ စကားပြောတော့သည်။ ပိုင်ရှောင်ချန်းမှာ အချိန်ကုန်လာသည်ကိုသာ ကြည့်နေနိုင်သည်။ ညသန်းခေါင်အချိန်ရောက်လာသောအခါ သူက သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
ဟိုရှောင်မေ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားလေသည်။
” အစ်ကိုကြီးရှောင်ချန်း…ဘာဖြစ်လို့လဲဟင်။ ညီမကြားထားတဲ့ ဂိုဏ်းတူအစ်မချင်းမေ့ယွမ်နဲ့ ချိန်းဆိုထားတဲ့အကြောင်း စဥ်းစားနေတာလား”
ပိုင်ရှောင်ချန်း၏ နှလုံးသားမှာတုန်ယင်သွားလေသည်။ သူ၏ပုံစံအား ဖြောင့်မတ်သည့်ပုံပေါက်အောင်ပြင်လိုက်ရင်း ပြောလိုက်လေသည်။
” ချင်းမေ့ယွမ်က ချိန်းတွေ့ဖို့အတွက်ကမ်းလှမ်းတာကို ဘယ်သူကဂရုစိုက်နေလို့လဲ။ အစ်ကို့ကိုလာစေချင်ေနတာ အစ်ကိုကတော့ သွားမှာမဟုတ်ဘူး။ အစ်ကိုက ပိုင်ရှောင်ချန်းပဲလေ။ ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်တစ်ယောက်ပဲ။ အစ်ကိုသွားစရာအကြောင်းမရှိပါဘူး”
နောက်တစ်နေ့မနက် အာရုဏ်တက်ချိန်တွင် ဟိုရှောင်မေ့ကပြန်သွား၍ ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် စိတ်သက်ရာရသည့်သက်ပြင်းကိုချလိုက်နိုင်သည်။ သို့သော်မကြာမီတွင် စုန့်ကျင်းဝမ်ရောက်လာပြန်သည်။ နောက်ရက်၊ နောက်ညများတွင်လည်း ထိုကဲ့သို့ပင်..။ နောက်တစ်လရောက်သည်အထိ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့မှာ ပိုင်ရှောင်ချန်းအား အလှည့်ကျစောင့်ကြည့်နေပြီး သူ့အားမည်သည့်ချစ်သဝဏ်လွှာ…မည်သည့်ချိန်းဆိုမှုကိုမှ လက်ခံရန်အခွင့်အရေးမပေးကြချေ။
ပိုင်ရှောင်ချန်းအတွက် ကျေးဇူးတင်ဖွယ်ကောင်းသွားသည်မှာ ဂိုဏ်းက တည်ထောင်ကာစဖြစ်နေ၍ လုပ်ဆောင်၍တာဝန်များစွာရှိနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့ နှစ်ဦးစလုံးမှာ အမျိုးမျိုးသော တာဝန်များကိုအပေးခံလိုက်ရသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသည့်သက်ပြင်းကို ချနိုင်သွားတော့သည်။
သို့သော်လည်း လွန်ခဲ့သည့်တစ်လအတွင်း ချစ်သဝဏ်လွှာကိစ္စနှင့် ချင်းမေ့ယွမ်နှင့်အခြေအနေတို့မှာ အတိတ်ကဖြစ်ရပ်တစ်ခုနှယ်ဖြစ်လာသည်။ ထို့အပြင် စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့၏ လုပ်ဆောင်ချက်များက အခြားအမျိုးသမီးဂိုဏ်းဝင်များ၏ မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့သည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ဂိုဏ်းအတွင်းလွတ်လပ်စွာသွားလာခွင့်ပြန်ရသွားချိန်တွင် လူတစ်ဦးတစ်ယောက်မျှ သူ့အားချစ်သဝဏ်လွှာပေးရန် ချဉ်းကပ်လာခြင်းမရှိတော့သည့်အကြောင်းကို တွေ့ရှိသွားသောအခါ လွန်စွာစိတ်ပျက်သွားလေသည်။
” ဒီလိုဖြစ်သွားနိုင်တဲ့အကြောင်း ငါသိခဲ့သင့်တယ်…”
သူက ဝမ်းနည်းပက်လက်ဖြင့် တွေးမိလိုက်သည်။ အခြေအနေကိုလက်မခံနိုင်ပဲ သူကဂိုဏ်းတစ်ခုလုံးအား ရက်အနည်းငယ်ကြာသည်အထိ အကြိမ်များစွာ ပတ်လျှောက်ခဲ့ပြီးနောက် ချစ်သဝဏ်လွှာတစ်စောင်တစ်လေမျှ မရနိုင်တော့ကြောင်း လုံးလုံးလက်ခံယုံကြည်လိုက်ရတော့သည်။
စိတ်ဓာတ်ကျစွာဖြင့်သက်ပြင်းချရင်း သူ၏အင်မော်တယ်ဂူဆီသို့ ပြန်လာခဲ့ပြီး ကြက်သေသေကာ ပုံလျက်သားထိုင်ချလိုက်သည်။ နောက်ဆုံးတွင် ညအချိန်၌ သူကညအမှောင်ကိုကြည့်လိုက်ပြီးနောက် မျက်လုံးများကို မှေးကျဥ်းလိုက်လေသည်။
” ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်အနေနဲ့ ချင်းမေ့ယွမ်ရဲ့ ချိန်းဆိုမှုကို လျစ်လျူရှုလိုက်တာက သိပ်ပြီးမသင့်တော်ပေဘူး…။ ငါသွားပြီး ဘာတွေစီစဥ်ထားလဲဆိုတာ တိတိကျကျသွားကြည့်သင့်တယ်..” မျက်လုံးများ အရောင်လက်လျက် အထူးသဖြင့်ဂိုဏ်းအတွင်းရှိသူ၏ရာထူးကို စဥ်းစားလိုက်ပြီး အခြေအနေတစ်ခုလုံးအပေါ်အခြေခံ၍ မှန်ကန်သည့် ဆုံးဖြတ်ချက်ချရမည်ဟု ဆုံးဖြတ်လိုက်သည်။ သူကချောင်းဟန့်လိုက်ပြီး သူ့အားသတိမထားမိစေရန် ဂရုတစိုက်ဂိုဏ်းထဲသို့ ဖြတ်သန်းသွားလိုက်သည်။ မကြာမီတွင် သူကချင်းမေ့ယွမ်၏ အင်မော်တယ်ဂူအပြင်ဘက်တွင်ရောက်နေကြောင်း သိလိုက်ရသည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့၏ တောင်တန်းများမှာ ယနေ့ညတွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ပိုင်ရှောင်ချန်းက ချက်ချင်းလက်ငင်းအနီးဝန်းကျင်အား မည်သူမျှစောင့်ဆိုင်းနေခြင်းမရှိကြောင်း ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဂူပတ်ဝန်းကျင်ရှိနေရာကိုလည်း စစ်ဆေးလိုက်သည်။ သူက သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးကိုတောင် ဖွင့်လိုက်ပြီး ဂူအတွင်း တရားထိုင်နေသော အမျိုးသမီးငယ်၏ပုံစံကိုပါကြည့်လိုက်လေသည်။
မည်သည့်ထောင်ချောက်မှရှိပုံမပေါ်သောကြောင့် ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် ပို၍သက်တောင့်သက်သာရှိသွားသလိုခံစားလိုက်ရသည်။
ဤနေရာလေးမှာ လွန်စွာတိတ်ဆိတ် ငြိမ်းချမ်းလေသည်။ ကျဥ်းမြောင်းသည့်လမ်းကလေးမှာ အင်မော်တယ်ဂူထံဦးတည်နေပြီး ၎င်း၏ဘေးဘက်တွင် ကြာပန်းများနှင့်ပြည့်နေသော ရေကန်ငယ်တစ်ခုရှိလေသည်။ နို့နှစ်ရောင်လရောင်က ခရမ်းရောင်ကြာပန်းများအပေါ် ရေတံခွန်သဖွယ်ဖြာကျနေပြီး ညအချိန်တွင် ချစ်စဖွယ်ကောင်းသည့်အမွှေးနံ့ကို ဖြစ်ပေါ်နေစေသည်။
ပိုင်ရှောင်ချန်းက သူ၏လက်ကို နောက်ပစ်လိုက်ပြီး လကိုမော့ကြည့်ကာ လည်ချောင်းကိုရှင်းလိုက်သည်။
” ဂိုဏ်းတူညီမလေးချန်..အိပ်နေပြီလား။ ခေါင်းဆောင်ငယ် အစ်ကိုပါ…။ အစ်ကိုက ချိန်းဆိုမှုအတွက် လာခဲ့တာ..”
ချက်ချင်းနီးပါး အင်မော်တယ်ဂူအတွင်းမှ ထိတ်လန့်အံ့သြသွားသောအသံဖြင့် တုန့်ပြန်လာသည်။
” အစ်ကိုကြီးပိုင်…ရှင်လား ”
ချင်းမေ့ယွမ်၏ နူးညံ့ပျော့ပျောင်းသောအသံကို ကြားလိုက်ရပြီး အင်မော်တယ်ဂူတံခါးမှာလည်း ပွင့်လာကာ သူမက တံခါးပေါက်အတွင်းမှထွက်လာသည်။ သူမက သူမ၏ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည့် ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး လရောင်ကြောင့် သူမမှာအလွန်ဆွဲဆောင်မှုရှိနေလေသည်။
” အစ်ကိုကြီးပိုင်…အထဲဝင်ခဲ့လေ ”
သူမက ပန်းများကိုပင်အရောင်မှိန်သွားစေနိုင်သည့် တောက်ပသောအပြုံးကိုဆင်မြန်းလျက် ပြောလိုက်သည်။ သူမကလှည့်လိုက်ပြီးနောက် လက်ဟန်ဖြင့်သူ့အားဝင်စေလိုက်သည်။
ပိုင်ရှောင်ချန်းက သူမအား ခေါင်းအစခြေအဆုံးကြည့်လိုက်သော်လည်း အရှေ့သို့ခြေမလှမ်းပေ။ သူ၏မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းကာ အရှိန်အဝါ ကြီးမားဟန်တူသည့် ပဟေဠိဆန်ဆန် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။