အခန်းတစ်ခုလုံးက လုံးဝကိုငြိမ်သက်တိတ်ဆိတ်နေရကာ ဘယ်သူမှစကားပြောရဲဘဲရှိနေကြသည်။ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရေးဆွဲနေသည့် ဆရာယင်ရဲ့မူလမှော်စာလုံးစုတ်တံထံမှ ထွက်ပေါ်နေသည့် တိုးညှင်းတဲ့အသံတစ်ခုတည်းသာ ထွက်ပေါ်နေပေသည်။
အချိန်တွေက နှေးကွေးစွာကုန်ဆုံးသွားခဲ့ရသကဲ့သို့ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အလွန်အမင်းခက်ခဲရှုပ်ထွေးလှသည့် မှော်စာလုံးတစ်ခုစတင်ထွက်ပေါ်လာသည်။ မှော်စာလုံးက သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်ထိ ဖုံးလွှမ်းနေလျက်ရှိကာ အံ့အားသင့်ဖွယ်ကောင်းသည့်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပေသည်။
“ဒါက အဆင့် ၃မူလမှော်စာလုံးတစ်ခုပဲ…” ဝေကန်းလန်ရဲ့မျက်နှာထက်မှာ လေးနက်တည်ငြိမ်သည့်အမူအယာတစ်ခု ဖြစ်တည်လာခဲ့ရ၏။ မကြာမီမှာပင် သူကစိတ်ကျေနပ်မှုရှိစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး မှတ်ချက်ပြုလိုက်သည်… “ဒါပေမဲ့ ဒါကိုကြည့်ရတာ အထောက်အပံ့အမျိုးအစားမှော်စာလုံးတစ်ခုပဲ… ဒါ့ကြောင့် ဘင်းလေးရဲ့ခန္ဓာကိုယ်က မှော်စာလုံးရဲ့စွမ်းအားကို လက်ခံနိုင်စွမ်းရှိနေခဲ့တာ…”
နောက်ဆုံးလှုပ်ရှားမှုတစ်ခုနဲ့အတူ ဆရာယင်ရဲ့စုတ်တံထိပ်ဖျားက နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် လူတိုင်းက ပြည့်စုံတဲ့မှော်စာလုံးထံမှ ထူးခြားဆန်းကြယ်သည့်အလင်းရောင်တစ်ခုထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ အလင်းရောင်က အနည်းငယ်ပျံ့နှံ့သွားခဲ့ရပြီးနောက်မှာ ပြန်ကျုံ့သွားခဲ့ရပြီး ဝေဘင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ဝေဘင်းကနာကျင်မှုကြောင့် ညည်းညူလိုက်သကဲ့သို့ သူ့ရဲ့လက်ကိုလည်း တင်းတင်းဆုပ်ထားမိလိုက်သည်။
ဒါကိုမြင်လိုက်ရသည့်အခါ ဝေချင်းချင်းက စိုးရိမ်ပူပန်စွာဖြင့် ခေါ်လိုက်သည်… “မောင်လေး…”
ဆရာယင်က ခပ်ဖွဖွပြုံးလိုက်ပြီးပြော၏… “စိုးရိမ်စရာမလိုပါဘူး သခင်မလေးဝေ… ကျွန်တော့်ရဲ့မူလမှော်စာလုံးက အဆိပ်ကို စတင်ပြီးဖယ်ရှားရှင်းလင်းနေပါပြီ… ဒါက နည်းနည်းတော့နာကျင်မှုရှိလိမ့်မယ်…”
ဆရာယင်ရှင်းပြသည်ကို ကြားလိုက်ရပြီးနောက်မှာ ဝေချင်းချင်းက ခေါင်းညိတ်ပြလိုက်သည်။ သူမက စိုးရိမ်မှုတို့ကို သူမရဲ့နှလုံးသားထဲမှာ ကြိုးစားထိန်းချုပ်ထားလိုက်နိုင်ပေမဲ့လည်း သူမရဲ့အကြည့်က ဝေဘင်းထံမှ တစ်လက်မမျှလွှဲဖယ်သွားခြင်းမရှိခဲ့ပေ။
အဖြေထွက်ပေါ်လာဖို့ရန် စောင့်ဆိုင်းနေရသည့်အချိန်က ကြာရှည်လွန်းလှသည်ဟုထင်ရသည်။ အဲ့ဒီနောက်မှာ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အစက်အပြောက်တွေက စတင်ပြီးမှေးမှိန်ပျောက်ကွယ်လာသည်ကို လူတိုင်းကမြင်တွေ့လိုက်ရသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်မှာ မူလကကြောက်စရာကောင်းလှသည့် အနက်ရောင်အစက်အပြောက်တွေက လုံးဝပင်ပျောက်ကွယ်သွားခဲ့ရသည်။
“နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားနိုင်ခဲ့ပြီလား…” ဝေချင်းချင်း၏ အံ့အားသင့်တုန်လှုပ်နေသည့်အသံက ထွက်ပေါ်လာခဲ့ရသကဲ့သို့ သူမရဲ့မျက်နှာပေါ်မှာလည်း အပျော်တွေစီးဆင်းသွားခဲ့ရသည်။
ဝေကန်းလန်ရဲ့မျက်လုံးတွေကလည်း ပြူးကျယ်သွားခဲ့ရပြီး လက်သီးကိုတင်းတင်းဆုပ်ထားမိလိုက်သလို သူ့ရဲ့နှလုံးကလည်း စိတ်လှုပ်ရှားမှုတွေဖြင့် ခုန်ပေါက်လှုပ်ရှားနေရပေသည်။
ဆရာယင်က ဂုဏ်ယူစွာဖြင့်ပြောသည်… “ကျွန်တော်က ကံကောင်းလွန်းလို့သာ ဒီအဆင့် ၃မူလမှော်စာလုံးကို တတ်မြောက်နိုင်ခဲ့တာ… ဒါကို အဆိပ်ဖယ်ရှားခြင်းမှော်စာလုံးလို့ခေါ်ပြီးတော့ အဆိပ်အားလုံးကိုဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိတယ်… နတ်ဆိုးမြူအဆိပ်လို ပြင်းထန်တဲ့အဆိပ်မျိုးကိုတောင်မှပဲ ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိတယ်…”
ဝေကန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ကျေနပ်မှုရှိသွားသည့်အလားသက်ပြင်းချလိုက်၍ပြောသည်… “အဆိပ်ဖယ်ရှားခြင်းမှော်စာလုံးက အမှန်တကယ်ကိုပဲ အထင်ကြီးစရာကောင်းလောက်ပေတယ်… ဒါက အဆင့် ၃မူလမှော်စာလုံးတစ်ခုဆိုပေမဲ့လည်း အဆိပ်ဘုရင်ရဲ့ နတ်ဆိုးမြူအဆိပ်ကိုတောင်မှ လွင့်ပြယ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်…”
သူက ဆရာယင်ကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကာ လေးလေးစားစားပင်ပြောလိုက်သည်… “ဆရာယင်က ငါတို့ဝေမိသားစုရဲ့ အစစ်အမှန်ကျေးဇူးရှင်တစ်ယောက်ပါပဲ…”
ဝေချင်းချင်းကလည်း အလျင်အမြန်ပင် ဆရာယင်ကို ဦးညွတ်အရိုအသေပြုလိုက်သည်။
ဆရာယင်ကပြုံးလိုက်ပြီးမှ ပြန်ပြောသည်… “ကျွန်တော်ဒီနေရာကိုလာခဲ့တာက အခြားအရာတစ်ခုအတွက် တောင်းဆိုချင်လို့ပါ…”
ဝေကန်းလန်က သူ့ရဲ့နှလုံးသားထဲမှာ ကြိတ်၍သက်ပြင်းချလိုက်မိပြီး ပြုံးလျက်ရှိနေသည့်ချီဟောင်နှင့် တည်ငြိမ်စွာရပ်နေသည့်ဇူယွမ်တို့ထံ ကြည့်လိုက်မိသည်။ ဒီကျေးဇူးကြွေးက သူ့အတွက်တော့ အင်မတန်မှပင်ကြီးမားလှပေသည်။
ဝေကန်းလန်ကပြောသည်… “မင်းသားလေး… မင်းသားလေးအနေနဲ့ စစ်တန်းလျားအတွင်းမှာပဲ ယာယီနေထိုင်နေသင့်တယ်… မုန်တိုင်းတစ်ခုက ကန်းလန်စီရင်စုအပေါ်မှာ ကျရောက်နေပြီးတော့ များပြားလှတဲ့ကျင့်ကြံသူတွေက ဒီနေရာမှာ စုစည်းရောက်ရှိနေခဲ့ကြတယ်… ဒါ့ကြောင့် စစ်တန်းလျားက မင်းသားလေးအတွက် အလုံခြုံဆုံးနေရာတစ်ခုဖြစ်လိမ့်မယ်…”
လုတိန်ရှန်းရဲ့အမူအယာက အနည်းငယ်ပြောင်းလဲလို့သွားခဲ့ရသည်။ ဝေကန်းလန်က သူတို့ကို စစ်တန်းလျားအတွင်းမှာ ချုပ်လှောင်ထားဖို့ရည်ရွယ်နေခဲ့တာလား။ ဒီလိုသာဆိုရင် သူတို့က မီးဝိညာဉ်အစေ့နဲ့ ကျောက်စိမ်းသစ်သီးကို ဘယ်လိုလုပ်ရရှိနိုင်လိမ့်တော့မည်နည်း။
ချီဟောင်ရဲ့မျက်နှာထက်မှာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ရကာ ဇူယွမ့်ကိုကြည့်လိုက်သည်။ သူ့ရဲ့အပြုံးထဲမှာတော့ ဆော့ကစားလိုသည့်အရိပ်အယောင်တွေအပြင် အထင်သေးလှောင်ပြောင်မှုတွေလည်း ပါဝင်လို့နေပေသည်။
ဝေချင်းချင်းက သက်ပြင်းကိုသာကျိတ်၍ ချလိုက်မိပြီး သူမရဲ့ခေါင်းကို ခါယမ်းမိလိုက်သည်။
“ရှင်တို့အားလုံးက ဘာလို့အဲ့ဒီလောက်ပျော်ရွှင်နေကြရတာလဲ…” လေထုက ပိုပြီးတင်းမာလာစဉ်မှာပင် သူတို့အားလုံး သာယာနာပျော်ဖွယ်ကောင်းသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်းက လှည့်ကြည့်လိုက်သည့်အခါ စကားပြောလိုက်သည့်သူက ယောင်ယောင်ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။
ချီဟောင်က ရယ်မောကာပြောသည်… “ဟီးဟီး… သခင်လေးဝေရဲ့အဆိပ်ကို အောင်အောင်မြင်မြင်ဖယ်ရှားနိုင်ခဲ့ပြီးလို့ လုံးဝနေပြန်ကောင်းလာဖို့လမ်းကြောင်းပေါ်ကို ရောက်ရှိသွားခဲ့ပြီလေ… ဒါက ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ဘူးလား…”
ယောင်ယောင်က ထန်ထန်ရဲ့အမွှေးတွေကို ပွတ်သပ်ပေးလိုက်ရင်းမှပြောသည်… “အဆိပ်ကို လုံးဝဖယ်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ ဒါက တကယ့်ကိုပျော်ရွင်စရာအရာတစ်ခုဖြစ်လိမ့်မှာအမှန်ပဲ… ဒါပေမဲ့ ဒီလိုမျိုးအပေါ်ယံကုသပေးမှုက သူ့ကိုသက်သာလာရမယ့်အစား ပိုပြီးတော့တောင်နာကျင်ခံစားစေရမှာကို ငါစိုးရိမ်မိတယ်…”
ယောင်ယောင်က ဒီစကားတွေကိုပြောလိုက်တဲ့အခိုက်အတန့်မှာ အခန်းတွင်းရှိလူအားလုံးရဲ့ အမူအယာတွေကပြောင်းလဲသွားခဲ့ရသည်။
သူတို့ထဲမှာ ဆရာယင်က အရင်ဆုံးပြန်ပြီးတုန့်ပြန်လိုက်သည်။ သူ့ရဲ့အမူအယာက အလွန်အမင်းအေးစက်စွာဖြင့်ပင် ဒေါသတကြီးကြိမ်းမောင်းလိုက်သည်… “မိန်းကလေး… မင်းက ဘာလို့အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေရတာလဲ…”
ဝေကန်းလန်က လေးပင်စွာသက်ပြင်းချလိုက်ပြီး ခြင်္သေ့တစ်ကောင်အလား ယောင်ယောင်ကိုစိုက်ကြည့်ကာ မေးလိုက်သည်… “မင်းက ဘာကိုဆိုလိုတာလဲမိန်းကလေး… တကယ်လို့မင်းကသာ အဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေတာဆိုရင် မင်းက မင်းသားလေးရဲ့အဖော်တစ်ယောက်ဖြစ်နေရင်တောင်မှပဲ ငါကမင်းကို သင်ခန်းစာပေးဖို့ ကြောက်ရွံ့နေလိမ့်မှာမဟုတ်ဘူး…”
ယောင်ယောင်က သူတို့ကိုအာရုံမထားဘဲ ကုတင်ဆီသို့လျှောက်လှမ်းလာခဲ့ပြီး ဝေဘင်းကိုကြည့်လိုက်ကာ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးတွေက အနည်းငယ်ပွင့်ဟသွားခဲ့ရသည်… “အဆိပ်ဖယ်ရှားခြင်းမှော်စာလုံးလား… ဒါက ဘယ်လိုဟာသမျိုးလဲ…”
ဆရာယင်၏ဒေါသက ပို၍ကြီးမာလာခဲ့ရပြီး အော်ပြောလိုက်သည်… “မင်းမျက်လုံးမမြင်ဘူးလားမိန်းကလေး… သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အနည်းငယ်လေးကိုတောင် မင်းမြင်ရလား… မင်းအနေနဲ့ ဒီလိုမျိုးအဓိပ္ပါယ်မရှိတာတွေဆက်ပြောနေမယ်ဆိုရင် ငါရိုင်းပျတော့မှ ငါ့ကိုအပြစ်မတင်နဲ့…”
ဘေးနားမှရပ်နေသည့် ဝေချင်းချင်းရဲ့မျက်ခုံးတွေ တွန့်ကွေးသွားခဲ့ရသည်။ လက်ရှိအချိန်မှာ ဝေဘင်းရဲ့ဖြူဖျော့နေသည့်မျက်နှာထက်တွင် အနည်းငယ်သွေးရောင်ပြန်လွှမ်းလာခဲ့ရပြီး ၎င်းက အမှန်တကယ်ပင် အဆိပ်ကိုအောင်အောင်မြင်မြင်ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဆိုသည့် လက္ခဏာပင်ဖြစ်သည်။ ဝေကန်းလန်ရဲ့အမူအယာကလည်း ခက်ထန်တင်းမာသွားခဲ့ရ၏။ သူ့အနေနဲ့အစောပိုင်းက စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးမြူအဆိပ်က အမှန်တကယ်ပျောက်ကွယ်သွားခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။
ယောင်ယောင်က ဆရာယင်ရဲ့အော်ဟစ်ပြောဆိုနေမှုကို လျစ်လျူရှုထားလိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် ဝေကန်းလန်ကိုကြည့်ကာပြောသည်… “မြီးညှောင့်ရိုးရဲ့အထက် သုံးလက်မအကွာကို အပ်စိုက်ကြည့်လိုက်…”
ယောင်ယောင်၏စကားကိုကြားလိုက်ရသည့်အခါ ဆရာယင်တစ်ယောက် မျက်မှောင်ကျုံ့သွားခဲ့ရသည်။ သူက ချက်ချင်းပင် ဝေကန်းလန်ဘက်သို့လှည့်ကြည့်လိုက်ပြီး တိုးညှင်းသည့်လေသံဖြင့်ပြောလိုက်သည်… “ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီး… ကျွန်တော်က ကျွန်တော်ရဲ့တာဝန်ကိုထမ်းဆောင်ဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရတဲ့အတွက်သာ လာခဲ့ရခြင်းဖြစ်တယ်… ဒီလိုအောက်တန်းစားမိန်းကလေးတစ်ယောက်ရဲ့ ပြောဆိုခြင်းကိုခံရဖို့ လာခဲ့တာမဟုတ်ပါဘူး…”
ချီဟောင်သည်လည်း ဝင်ပြောလိုက်၏… “ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီး… ဆရာယင်က သခင်လေးဝေကို ကယ်တင်ပေးဖို့အတွက် ဒီနေရာထိရောက်အောင် အရမ်းကိုဝေးကွာလှတဲ့နေရာကနေ လာခဲ့ရတာပါ… ဒီနေရာမှာသံသယဖြစ်ခံနေရတာက သူ့အပေါ်မှာ အမှန်တကယ်စော်ကားလွန်းရာကျပါလိမ့်မယ်…”
သူတို့ရဲ့စကားတွေကို ကြားလိုက်ရပြီးနောက်မှာ ဝေကန်းလန်က တွန့်ဆုတ်တွေဝေသွားခဲ့ရသည်။
ထိုအခိုက်မှာပင်ဇူယွမ်က ရုတ်တရက်ကြားဖြတ်ကာဝင်ပြောလိုက်သည်… “ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီး… သခင်လေးဝေရဲ့အသက်က အခုအချိန်မှာလောင်းကြေးတစ်ခုအဖြစ်ရှိနေခဲ့ရပြီ… အခုချိန်တည်းက သေသေချာချာစစ်ဆေးထားမှသာ နောင်အနာဂတ်မှာဖြစ်ပေါ်လာရမဲ့နောင်တရစရာတွေကို ရှောင်ရှားနိုင်လိမ့်မယ်…”
ဝေကန်းလန်ရဲ့အမူအယာက အချိန်တစ်ခုကြာအောင် မတည်မငြိမ်ဖြစ်နေခဲ့ရသည်။ နောက်ဆုံးမှာ သူကဆရာယင်ကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ တလေးတစားပင်ပြောလိုက်သည်… “ကျေးဇူးပြုလို့ ငါ့ကိုလိုက်လျောပေးပါ ဆရာယင်… သူတို့တွေခင်ဗျားကို မဟုတ်မမှန်ပြောနေတာတွေ ငါရှာတွေ့ခဲ့မယ်ဆိုရင် ခင်ဗျားကိုယ်စားတရားမျှတမှုကို ငါသေချာပေါက်ရယူပေးပါ့မယ်…”
“ငါ့ကို ငွေအပ်တစ်ချောင်းယူလာပေးစမ်း…”
ဝေကန်းလန်က အေးစက်စွာအော်ပြောလိုက်သည့်နောက်မှာ အစေခံမိန်းကလေးတစ်ယောက်က ချက်ချင်းပင်ငွေအပ်တစ်ချောင်းယူလာကာ သူ့ထံပေးလိုက်သည်။
ဝေကန်းလန်က အပ်ကိုလှမ်းယူလိုက်ပြီး ခုတင်အနီးတိုးကပ်သွားခဲ့ပြီး တိုးညှင်းသည့်လေသံဖြင့် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်… “မြီးညှောင့်ရိုးအထက် သုံးလက်မအကွာလား…”
ယောင်ယောင်က တည်ငြိမ်စွာဖြင့်ပင်ပြန်ပြောသည်… “နတ်ဆိုးမြူအဆိပ်အားလုံးက ဆရာယင်ရဲ့ဖိအားပေးမှုကြောင့် အဲ့ဒီနေရာမှာစုစည်းသွားခဲ့ရတာပဲ… ဒီနေရာကလွဲရင် အခြားနေရာမဖြစ်နိုင်ဘူး…”
ဝေကန်းလန်က ယောင်ယောင်ကို နက်နက်ရှိုင်းရှိုင်းပင် တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပင် စတင်လုပ်ဆောင်လိုက်သည်။ သူ့လက်ထဲရှိအပ်က ချက်ချင်းဆိုသလိုပင် ဝေဘင်း၏မြီးညှောင့်ရိုးအထက် သုံးလက်မအကွာနေရာကို ထိုးစိုက်ခဲ့လိုက်သည်။ အပ်တစ်ဝက်လောက်က ခန္ဓာကိုယ်ထဲကို နစ်မြုပ်သွားခဲ့ရပြီးနောက်မှာ ဝေကန်းလန်းက ဖြည်းညှင်းစွာဖြင့်ပင် ပြန်လည်ဆွဲထုတ်လိုက်သည်။
အပ်ပြန်လည်ထွက်ပေါ်လာသည့်အချိန်မှာ လူတိုင်း၏အမူအယာတွေက ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။
အပ်ရဲ့ထိပ်ဖျားက အလွန်အမင်းမဲနက်နေကာ စူးရှပြင်းထန်သည့်အနံ့အသက်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။
၎င်းက နတ်ဆိုးမြူအဆိပ်ပင်ဖြစ်ပေသည်။
ဝေချင်းချင်းရဲ့မျက်နှာက အလွန်အမင်းပြောင်းလဲသွားခဲ့ရပြီး ရုတ်ချည်းပင်သူမရဲ့ခေါင်းကိုမော့ကာ ဆရာယင်ကို အေးစက်စွာဖြင့်ကြည့်လိုက်သည်။
ဝေကန်းလန်ရဲ့မျက်နှာကလည်း ဒေါသကြောင့်အရောင်ပြောင်းသွားခဲ့ရသည်။ သူကနောက်ဘက်ကိုလှည့်လိုက်ပြီး အပ်ချောင်းကို ဆရာယင်အားထောင်ပြလိုက်ကာ ကြောက်မက်ဖွယ်ရာကောင်းသည့်လေသံဖြင့်မေးလိုက်သည်… “ဘာဖြစ်သွားခဲ့တယ်ဆိုတာကို ငါ့အနေနဲ့ ဆရာယင်ကိုတိတိကျကျမေးလို့ရနိုင်မလား…”
ဆရာယင်ရဲ့မျက်နှာက အလွန်အမင်းဖြူဖျော့သွားခဲ့ရပေမဲ့ သူကအရှက်ကင်းမဲ့စွာဖြင့်ပင် ပြန်ဖြေလိုက်သည်… “ဒါကိုကြည့်ရတာ အဆိပ်ကိုကုန်စင်အောင် ဖယ်ရှားရှင်းလင်းနိုင်ခြင်းမရှိသေးပုံပဲ… ဒါတွေကသေချာပေါက် အဆိပ်အကြွင်းအကျန်တွေပဲ ဖြစ်လိမ့်မယ်…”
ချီဟောင်ရဲ့မျက်နှာကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပြီး အားတင်းကာပြုံးလိုက်၍ အကြံပြုလိုက်သည်… “ဗိုလ်ချုပ်ကြီးအနေနဲ့ ဆရာယင်ကို နောက်တစ်ကြိမ်ထပ်ပြီးကြိုးစားဖို့ ခွင့်ပြုပေးသင့်တယ်…”
ယောင်ယောင်က စိတ်မပါသည့်လေသံဖြင့်ပြောသည်… “အဆိပ်ကို လုံးဝဖယ်ရှားရှင်းလင်းနိုင်ခြင်းမရှိတာက အဓိကအကြောင်းအရာမဟုတ်ဘူး… အဓိကအချက်ကတော့ ဒါက အဆိပ်ဖယ်ရှားခြင်းမှော်စာလုံးမဟုတ်ဘဲနဲ့ အဆိပ်ထိန်းချုပ်ခြင်းမှော်စာလုံးဖြစ်နေတာပဲ…”
အဆိပ်ထိန်းချုပ်ခြင်းမှော်စာလုံးဆိုသည်က ထူးခြားသည့်နည်းလမ်းတွေကိုအသုံးပြုပြီး အဆိပ်ကိုခန္ဓာကိုယ်ထဲတွင် ဖိအားပေးကာထိန်းချုပ်ထားခြင်းပင်ဖြစ်သည်။ သို့ပေမဲ့လည်း ဆရာယင်အသုံးပြုခဲ့သည့်မှော်စာလုံးက အလွန်ပင်ထူးခြားဆန်းကြယ်လှသည့်အတွက် အဆိပ်ကိုအလုံးစုံဖိနှိပ်ထားနိုင်ခဲ့ကာ ဝေကန်းလန်လိုလူမျိုးတောင်မှ လွဲမှားမှုအနည်းငယ်လေးမျှကိုပင် အာရုံခံနိုင်ခြင်းမရှိခဲ့ချေ။
“ရှင်က နတ်ဆိုးမြူအဆိပ်ကို ယာယီထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း ဒီလိုယာယီထိန်းချုပ်မှုမျိုးက တစ်နှစ်ပဲခံလိမ့်မယ်… တစ်နှစ်ပြည့်ရင် နတ်ဆိုးမြူအဆိပ်က နောက်တစ်ကြိမ်ပြန်ပေါ်လာပြီး ထိန်းချုပ်မရဖြစ်သွားစေလိမ့်မယ်… အဲ့ဒီအချိန်ကျရင် အစွမ်းအထက်ဆုံးကျင့်စဉ်တွေကို အသုံးပြုရင်တောင်မှပဲ သူ့ကိုကယ်နိုင်တော့မှာမဟုတ်ဘူး…”
“ကျွန်မအနေနဲ့ကတော့ အဆိပ်ဖယ်ရှားခြင်းမှော်စာလုံးကိုအသုံးပြုပြီး ရှင်ကယ်ခဲ့တဲ့လူက နောက်ဆုံးမှာအရမ်းကိုသနားစရာကောင်းလောက်အောင် အဆုံးသတ်သွားလိမ့်မယ်လို့ယုံကြည်နေမိတယ်… ကျွန်မပြောတာ မှန်တယ်မလား…”
ယောင်ယောင်ရဲ့စကားတွေကို ကြားလိုက်ရသည့်အခိုက်မှာ ဝေကန်းလန်နဲ့ ဝေချင်းချင်းတို့ရဲ့ အမူအယာတွေက ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။ အကယ်၍အကြည့်တွေနဲ့သာ လူသတ်နိုင်ခဲ့မယ်ဆိုရင် ဆရာယင်အနေနဲ့ အခုအချိန်မှာ အကြိမ်ပေါင်းများစွာသေဆုံးနေပြီဖြစ်ပေလိမ့်မည်။
ဆရာယင်ရဲ့နဖူးပေါ်မှာ ချွေးတွေနဲ့ပြည့်နှက်လို့နေခဲ့ရပြီး သူက ယောင်ယောင့်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့်ကြည့်လိုက်မိသည်။ သူမက သူ့ရဲ့လျှို့ဝှက်ချက်တွေကို ရှာတွေ့သွားနိုင်လိမ့်မယ်လို့ အိပ်မက်ထဲမှာတောင်မက်ဖူးလိမ့်မည်မဟုတ်ပေ။ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပင် ဒီအမှားကို ရှာတွေ့နိုင်ခြင်းမရှိခဲ့ချေ။
ဝုန်း…
ဆရာယင်၏ခန္ဓာကိုယ်မှ ရုတ်တရက်မူလချီတွေပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီး အလင်းတန်းတစ်ခုအလား အဝေးသို့ထွက်ပြေးသွားသည်။ သူ့အနေဖြင့် ဝေကန်းလန်၏ စားတော့ဝါးတော့မတတ်အကြည့်တွေကို အချိန်ကြာမြင့်စွာရင်ဆိုင်ရဲခြင်းမရှိခဲ့သည့်အတွက် လျင်မြန်စွာဖြင့်ပင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ဝေကန်းလန်ရဲ့အမူအယာက အလွန်အမင်းကိုကြောက်ရွံ့ထိတ်လန့်စရာကောင်းသွားခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့လက်ကိုတစ်ချက်လှုပ်ရှားလိုက်ပြီး သူ့လက်ထဲရှိအပ်ချောင်းက အစိမ်းရောင်မူလချီတွေဖုံးလွှမ်းသွားခဲ့ကာ လေတိုးသံတစ်ချက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ရသည်။
အား…
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ အဝေးတစ်နေရာမှ သနားစရာကောင်းလောက်သည့်အော်သံတစ်ခု လွင့်ပျံထွက်ပေါ်လာခဲ့ရပေသည်။
ဝေကန်းလန်က အေးစက်စွာဖြင့်ပြောလိုက်သည်… “သူ့ကိုအထဲကိုခေါ်သွားလိုက်… သူက ငါ့ရဲ့အိမ်တော်ထဲအထိလာပြီး လိမ်ညာလှည့်စားရဲမယ်လို့ထင်မထားမိဘူး… ငါက သူ့ကိုမတိုက်ခိုက်နိုင်ဘူးလို့များ ယုံကြည်ထားတာလား…”
အခန်းအပြင်ဘက်ရှိလူက လေးစားစွာပင်အရိုအသေပေးလိုက်ပြီး ဗိုလ်ချုပ်ကြီး၏အမိန့်ကို လုပ်ဆောင်ရန်အတွက် အလျင်အမြန်ပင်ထွက်ခွာသွားခဲ့သည်။
ချီဟောင်ရဲ့မျက်နှာက အလွန်အမင်းဖြူဖျော့နေကာ သူ့ရဲ့လက်တွေကအနည်းငယ်တုန်ယင်နေခဲ့ရသကဲ့သို့ သူက ဇူယွမ်နဲ့ယောင်ယောင်တို့ကို မုန်းတီးစွာဖြင့်ကြည့်လိုက်မိသည်။ သူ့ရဲ့မူလကပြည့်စုံတဲ့အစီအစဉ်က ဇူယွမ်တို့နှစ်ယောက်ကြောင့် လွဲချော်သွားခဲ့ရပြီဖြစ်သည်။
ဝေကန်းလန်က စိတ်ဝင်စားမှုမရှိစွာဖြင့် အမိန့်ပေးလိုက်သည်… “အစောင့်အကြပ်တွေ… သခင်လေးချီအနားယူဖို့အတွက် တစ်နေရာရာကို ခေါ်သွားလိုက်ကြ…”
အစောင့်အကြပ်တွေ ဝင်ရောက်လာခဲ့ပြီး ချီဟောင့်ကိုအပြင်သို့ခေါ်ဆောင်သွားလိုက်သည်။ ချီဟောင်တစ်ယောက်ထွက်သွားခါနီးမှာ လူသတ်လိုစိတ်အပြည့်ဖြင့် ဇူယွမ့်ထံတစ်ချက်ကြည့်လိုက်သည်။
သို့ပေမဲ့လည်းဇူယွမ်က နွေးထွေးတဲ့အပြုံးတစ်ခုနှင့်အတူ ပြန်ကြည့်လိုက်၏။
ဆရာယင်နဲ့ချီဟောင်တို့ထွက်ခွာသွားပြီးနောက်မှာ အခန်းတစ်ခုလုံးက နောက်တစ်ကြိမ်ပြန်လည်၍ တိတ်ဆိတ်သွားခဲ့ရသည်။ ဝေကန်းလန်ရဲ့ပုံစံက အရင်ကထက်စာလျင် ပိုမို၍အိုစာသွားပုံပေါ်လျက် ထိုင်ခုံပေါ်မှာထိုင်ချမိခဲ့လိုက်သလို ဝေချင်းချင်းရဲ့မျက်လုံးတွေကလည်း နီရဲနေကာ တိုးညှင်းစွာရှိုက်ငိုနေလျက်ရှိလေသည်။
ယောင်ယောင်က သက်ပြင်းချလိုက်ပြီး ဝေကန်းလန်တို့နှစ်ယောက်ကိုကြည့်လိုက်ကာပြောသည်… “ဘာလို့ဒီမှာငိုနေကြရတာလဲ… သူကသေသွားသေးတာမှမဟုတ်တာ…”
ဝေကန်းလန် အံ့အားသင့်သွားခဲ့ရသည်။ ယောင်ယောင့်စကားရဲ့နောက်ကွယ်က ဆိုလိုရင်းကို သူ့အနေနဲ့နားလည်နိုင်သည့်အတွက် သူ့ရဲ့ခေါင်းကိုအလျင်အမြန်မော့လိုက်ပြီး အလွန်အမင်းလှပနေသည့်မိန်းမငယ်လေးကိုကြည့်လိုက်၍ လျင်မြန်စွာဖြင့်ပြောလိုက်သည်… “ငါ့အနေနဲ့အစောပိုင်းက မင်းအပေါ်ပြောဆိုမိခဲ့တာတွေအတွက် ငါ့ကိုခွင့်လွှတ်ပေးပါမိန်းကလေး…”
ဒီအကြောင်းအရာတွေဖြစ်ပျက်သွားခဲ့ရပြီးသည့်နောက်မှာ သူက မူလချီလှုပ်ရှားမှုကင်းမဲ့နေသည့်မိန်းကလေးကို လျှော့တွက်ရဲခြင်းမရှိခဲ့တော့ပေ။
တောင်းပန်ပြီးသည့်နောက်တွင် ဝေကန်းလန်က ယောင်ယောင်အား ဂရုတစိုက်ဖြင့်မေးလိုက်သည်… “မိန်းကလေးက ငါ့ရဲ့သားကိုကယ်တင်ဖို့ နည်းလမ်းကိုများသိထားခဲ့မယ်ဆိုရင် ငါ့ကိုကူညီပေးလို့ရမလား…”
ယောင်ယောင်က သူမရဲ့ခေါင်းကို အနည်းငယ်စောင်းငဲ့ကြည့်လိုက်ပြီး တစ်ခဏမျှစဉ်းစားပြီးနောက်မှာ သူမကပြောလိုက်သည်… “ကျွန်မက သူ့ကိုမကယ်နိုင်ဘူး… ဒါပေမဲ့ သူကတော့လုပ်နိုင်လိမ့်မယ်…”
သူမရဲ့လက်က ဇူယွမ့်ထံ ညွှန်ပြခဲ့လိုက်သည်။
ဝေကန်းလန်နဲ့ဝေချင်းချင်းတို့၏ မျက်လုံးတွေက ချက်ချင်းပင်ဇူယွမ့်အပေါ် ကျရောက်သွားခဲ့ကြရ၏။
သူတို့ရဲ့အကြည့်တွေအောက်မှာ ဇူယွမ်တစ်ယောက် သူ့ရဲ့ဦးခေါင်းတစ်ခုလုံး ထုံထိုင်းသွားခဲ့သလို ခံစားခဲ့လိုက်ရပြီး စိတ်ထဲမှာကျယ်လောင်စွာပင် ကျိန်ဆဲနေလိုက်မိသည်။ အဆင့် ၃မူလမှော်စာလုံးတစ်ခုကို ရေးဆွဲနိုင်တဲ့စွမ်းရည်ရှိသည့် ဆရာယင်လိုလူမျိုးတောင်မှပင် နတ်ဆိုးမြူအဆိပ်နဲ့ထိပ်တိုက်ရင်ဆိုင်မိသည့်အခါ ဘာတစ်ခုမှလုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပေ။ သူ့လိုမျိုး အဆင့် ၂မူလမှော်စာလုံးကိုသာ ရေးဆွဲနိုင်စွမ်းရှိသေးတဲ့ လူတစ်ယောက်အနေဖြင့် ဘယ်လိုများအသုံးဝင်နိုင်လိမ့်မည်နည်း။
သူ့ရဲ့စွမ်းဆောင်ရည်ကို သူ့ကိုယ်သူထက်ပိုပြီး ဘယ်သူကများသိနိုင်လိမ့်မည်နည်း။
အစ်မကြီးယောင်ယောင်… ငါ့ကို အဲ့လိုကြီးချောက်မတွန်းနဲ့လေ…
နင်ကိုယ်တိုင်ထုတ်ပြောပြီး သူတို့ကိုတုန်လှုပ်စေခဲ့ပြီးမှ နင်ပဲကယ်တင်ရှင်လုပ်သင့်တယ်လေ…
ဇူယွမ်က စိတ်ထဲမှာသာ ဒေါသထွက်နေခဲ့ရပေမဲ့ လက်တွေ့မှာ ဝေကန်းလန်ရဲ့မျှော်လင့်တကြီးကြည့်နေသည့်မျက်လုံးတွေနဲ့ ဝေချင်းချင်းရဲ့သနားစရာကောင်းသည့်မျက်ရည်စတွေကို မြင်လိုက်ရသည့်အခါ သူ့အနေဖြင့် ခြောက်ကပ်ကပ်ရယ်မောလိုက်မိပြီး သူ့ရဲ့ခေါင်းကိုသာ ညိတ်ပြနိုင်ခဲ့သည်။
အကယ်၍ သူ့ရဲ့ခေါင်းကိုသာ ခါပြလိုက်ခဲ့မယ်ဆိုရင် သူသည်လည်း ချီဟောင်ကဲ့သို့ပင် ပြန်ထွက်သွားဖို့လာရောက်ခေါ်ဆောင်ခြင်းခံရလိမ့်မည်ကို သူသိပေသည်။
“ဟား… ဟားဟား…”