ပိုင်ရှောင်ချန်း စိတ်ပြေသွားသည်ကိုမြင်ကာမှ လူလိမ်ညမုဆိုးသည် မချင့်မရဲဖြစ်ရသကဲ့သို့ တချိန်တည်းမှာပင် စိတ်သက်သာရာရကာ သက်ပြင်းချရသည်။ သို့တိုင်အောင် ပိုင်ရှောင်ချန်းနှင့် ပတ်သက်၍ သူ၏ အကြောက်တရားမှာ ပို၍သာ ကြီးမားလာခဲ့သည်။
စိတ်အပူဆုံးအရာမှာ အနာဂတ်တွင် မည်သို့ ဖြစ်ပျက်မည်ကို သူ လုံးဝမသိနိုင်ခြင်းပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ကျေနပ်သက်ပြင်းတစ်ချက်ချလိုက်ကာ ကြေးနီကြေးမုံကို ချထားပြီးနောက် ရရှိထားသော ရည်းစားစာများကို စုစည်းကာ သူ့အိတ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ သူ၏ မျိုးဆက်သစ်များကို ဤစာများပြ၍ သူ၏ အောင်မြင်မှုကို မျှဝေရန် လုံးဝစိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။
ပျော်ရွှင်ကြည်နူးလျက် ပိုင်ရှောင်ချန်းသည် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်ကို ကျင့်ကြံလေသည်။ ထို့နောက်တွင် သူ၏ ခြေမ၌ ထာဝရအရွတ်အကြောကို ဆက်လက်ကျင့်ကြံသည်။ အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် ယခုထိ အရုဏ်မတက်သေးသည်ကို သိသွားပြီး စိတ်ညစ်ညူးသွားရသည်။
” နေထွက်ဖို့ ဘာလို့ အဲ့လောက် ကြာနေရတာလဲ ” ဟု ရေရွတ်လိုက်သည်။ အခြားမည်သည့်အရာမှ လုပ်စရာမရှိသောကြောင့် အဏ္ဏဝါဆေးလုံးအကြောင်းကို ထပ်မံစဥ်းစားဆင်ခြင်နေလိုက်သည်။
အချိန်တို့က တရွေ့ရွေ့ကုန်ဆုံးကာ မကြာမီ ၄နာရီဖြစ်သွားသည်။ အပြင်ဘက်တွင် အရာအားလုံးသည် တိတ်ဆိတ်လျက်ရှိသည်။ ရုတ်တရက် အေးစက်သွားသော ခံစားချက်တစ်ခုကြောင့် ပိုင်ရှောင်ချန်း မျက်နှာပျက်သွားကာ အောက်ခြေကြမ်းပြင်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အက်ကွဲကြောင်းများသည် အင်မော်တယ်ဂူတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။
အပြင်ဘက်ရှိ မည်သူမှ အသံများကို မကြားနိုင်သော်လည်း အားတစ်ခုက ပြင်ပကမ္ဘာနှင့် အင်မော်တယ်ဂူကို အဆက်ဖြတ်နေဟန်တူသည်။
မျက်နှာဖုံးနောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်အဖွဲ့သည် ပိတ်ဆို့ထားခြင်းကို ဖယ်ရှားနိုင်ရန်၊ ပိုင်ရှောင်ချန်းနှင့် ဆက်သွယ်နိုင်ရန် တန်ဖိုးကြီးစွာ ပေးဆပ်ထားသည်မှာ သိသာသည်။
မျက်နှာဖုံးသည် သူ့အိတ်ထဲမှ ပျံထွက်လာပြီး ရှေးကျသော အသံတစ်သံက အရေးတကြီး စကားပြောလေတော့သည်။
” နားထောင်…ငါပါ–”
ဤတစ်ကြိမ်တွင် အသံရှင်သည် ယခင်ထက် အနည်းငယ်ပို၍ ပြောနိုင်ကာ ပိုင်ရှောင်ချန်းကို မလှုပ်မယှက်ဖြစ်သွားစေသည်။ အသံကုန်ဟစ်ကာ ညာလက်ကို လေထဲတွင် ပြင်းထန်စွာ ဝှေ့ယမ်း၍ စက္ကူအဆောင်လက်ဖွဲ့အပုံလိုက်ကြီးကို မျက်နှာဖုံးဆီသို့ ပစ်ခတ်လိုက်သည်။ တချိန်တည်းမှာပင် သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုလည်း ဖွင့်ထုတ်၍ ဟန့်တားလိုက်သည်။
သို့သော်လည်း မျက်နှာဖုံးသည် ရုန်းကန်နေဆဲဖြစ်ပြီး ရှေးဟောင်းအသံသည် စကားပြောနေဆဲဖြစ်သည်။ အသံသည် မည်မျှပင် အားစိုက် ရုန်းကန်သော်လည်း ဘာပြောနေသည်ကို မသိနိုင်ပေ။
“ခင်ဗျားက ကျုပ်ကို ဒါလုပ်အောင် တွန်းအားပေးတာပဲ။ ” ဟု ပိုင်ရှောင်ချန်းက ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ ရဲတောက်လျက်ရှိပြီး ကြောက်လန့်နေ၍ နှလုံးခုန်လည်း မြန်နေပေသည်။ သူထုတ်နိုင်သမျှ စက္ကူအဆောင်လက်ဖွဲ့အားလုံးကို သုံးပြီးသွားသောအခါ သူ၏ အင်မော်တယ်ဂူထဲမှ ထွက်၍ အဏ္ဏဝါခေါ်သံ တောင်ခြေရှိ ကောင်းကင်တံတားမြစ်ဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးလေသည်။
ရောက်လျှင် မြစ်ရှိရာသို့ လက်သီးတစ်ချက်ထိုးလိုက်ရာ ရေမျက်နှာပြင်တွင် လှိုင်းကြီးတစ်ချက်ပေါ်လာလေသည်။ ထို့နောက် ရေကို ကျောက်စိမ်းပုံးကြီးထဲသို့ ခပ်ထည့်လိုက်သည်။
သူသည် မူလက ဤပုံးကြီးကို ကျင့်ကြံခြင်းလုပ်ငန်းများအတွက် ရေစုဆောင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုမူ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ အင်မော်တယ်ဂူဆီသို့ အပြေးပြန်ပြီးနောက်တွင် မျက်နှာဖုံးသည် ရုန်းကန်နေဆဲဖြစ်ပြီး အထဲမှ ဗလုံးဗထွေးအသံ ထွက်နေလေသည်။ ဤတစ်ကြိမ်တွင် စကားလုံးများသည် ပိုရှင်းလင်းလာသည်။
“မင်း..ငြင်းဖို့..မလိုအပ်..ပါဘူး–”
“ငါငြင်းတယ် အသုံးမကျတဲ့ကောင်ရဲ့ ”
ပိုင်ရှောင်ချန်းက အော်ဟစ်ကာ ကောင်းကင်တံတားမြစ်ရေပုံးထဲသို့ မျက်နှာဖုံးကို နှစ်ချလိုက်လေသည်။
ထိုအခိုက်တွင် စကားစများ ရပ်တန့်သွားပြီး အရာအားလုံး ငြိမ်သက်သွားလေသည်။
အချိန်အတော်ကြာ သတိအနေအထားဖြင့် ပုံးကို ကြည့်နေပြီးနောက် ပိုင်ရှောင်ချန်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားလေသည်။ ထို့နောက် အနည်းငယ်နှာမှုတ်သံပေးလိုက်ကာ
” ကိုယ်တော်ပိုင်က အဖြေမရှာနိုင်ဘူးလို့များ ထင်နေတာလား။ ကဲ ဒီတစ်ခါ ဘယ်လိုလုပ်မလဲ ကြည့်ရအောင် ” ဂုဏ်ယူစွာဖြင့် သက်ပြင်းချကာ ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတားရေပုံးကို ပိတ်ဆို့၍ သူ့အိတ်ထဲသို့ ထည့်ထားလိုက်သည်။
မျက်နှာဖုံးသည် လူလိမ်ညမုဆိုးနှင့်အတူ ကောင်းကင်တံတားမြစ်ရေထဲသို့ နစ်သွားပါက သူ၏ ဝိညာဥ်မှာ ဆိုးရွားစွာ ထိခိုက်မည်ဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်ရှောင်ချန်းက လူလိမ်ညမုဆိုးကို ကြေးမုံပြင်ထဲသို့ ပြောင်းရွှေ့ထားခြင်းဖြစ်သည်။
ယခုအချိန်တွင် မျက်နှာဖုံးကိစ္စမှာ ပြီးဆုံးသွားပြီဖြစ်ရာ ပိုင်ရှောင်ချန်းသည် သူ၏ ပခုံးပေါ်မှ ဝန်များကို ယူလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်အဖွဲ့ကို တရားဝင် မဆန့်ကျင်လိုသည့်အပြင် ဤကိစ္စထဲသို့ အဏ္ဏဝါခေါ်သံဂိုဏ်းကိုပါ ဆွဲမထည့်လိုပေ။
မည်သို့ပင်ဖြစ်စေကာမူ ယခုအခြေအနေတစ်ရပ်လုံးသည် သူ့လုပ်ရပ်သာဖြစ်၍ အခြားရွေးချယ်စရာရှိနေလျှင် မျက်နှာဖုံးကို ကိုင်တွယ်ရန် ဂိုဏ်းသို့ လွှဲမပေးလိုပေ။ ယခုအချိန်တွင် အခြေအနေမှာ ဖြေရှင်းပြီးဖြစ်သွားရာ စိတ်လျှော့ထားလိုက်တော့သည်။
နောက်ရက်များတွင် သူသည် မနက်တိုင်း အပြင်သို့ထွက်၍ ရည်းစားစာများကို လက်ခံလေသည်။
နောက်ဆုံးတွင် ဖက်တီးကျန်းနှင့် ရွှီပေါက်ချိုင်သည် ပိုင်ရှောင်ချန်းဆီသို့လာရောက်ကာ ရည်းစားစာများလက်ခံရန် နေ့စဥ် အလည်အပတ်ထွက်ချိန်များတွင် သူနှင့်အတူ အဖော်အဖြစ်လိုက်ပါလိုသော ဆန္ဒရှိကြောင်း ပြောလေသည်။ ပိုင်ရှောင်ချန်းသည် သူတို့ကို ငြင်းဆန်ရန်မဖြစ်နိုင်ပေ။
ဂိုဏ်းသူလေးများသည် ပိုင်ရှောင်ချန်းကို စာပေးရန် လာကြသည်ကို ကိုယ်တိုင်မျက်မြင်တွေ့ပြီးနောက် သူတို့သည် မျက်လုံးများပြူးကာ အားကျနေကြလေသည်။
” အမှတ်ကိုး ဖက်တီး၊ ငါ အတော်လေး ဝိတ်ကျသွားပြီမလားဟင်။ ဘာဖြစ်လို့ ဘယ်ကောင်မလေးမှ ငါ့ကို စာမပေးကြတာလဲ ” ဖက်တီးကျန်းသည် အနည်းငယ် စိတ်ဓါတ်ကျသွားသည်။ အမှန်တွင် သူသည် အတော်လေး ဝိတ်ကျသွားသည့်တိုင် အနည်းငယ် ဗိုက်ပူနေဆဲဖြစ်သည်။
ရွှီပေါက်ချိုင်သည်လည်း အလားတူပင်ဖြစ်သည်။ သူ၏ မှတ်စုစာအုပ်ငယ်ထဲသို့ ဒဏ္ဍာရီတွင်ကျန်ရစ်မည့် ရည်းစားစာအဖြစ်အပျက်ကို အသေးစိတ် မှတ်တမ်းတင်ပြီးဖြစ်သည်။ ထိုအချိန်တွင် သူ၏ နှလုံးပတ်လည်၌ ပုရွက်ဆိတ်များ သွားနေသည့်အလား ခံစားရလေသည်။
ဖက်တီးကျန်း၏ မေးခွန်းကို ပြန်ဖြေရန် ပိုင်ရှောင်ချန်းသည် မေးကို ပင့်ကာ လည်ချောင်းကို ရှင်းလိုက်သည်။
“ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ အရည်အချင်းပေါ့ဗျာ။ အစ်ကိုတို့နှစ်ယောက် စိတ်ပူစရာမလိုပါဘူး။ စိတ်ရှည်ရှည်ပဲထားပါ။ ကျုပ် အားလုံးကို ရှင်းပြပါ့မယ်…”
ပိုင်ရှောင်ချန်းသည် သူတို့နှစ်ယောက်က သူ့ကို အထင်ကြီးသွားအောင် ပြောရန် ဥာဏ်နီဥာဏ်နက်ထုတ်ကာ ကြံနေစဥ်တွင် ရွှီပေါက်ချိုင်၏ မျက်လုံးများ ပြူးသွားပြီး ဖက်တီးကျန်းကြီးက သူ့နောက်မှ တစ်စုံတစ်ရာကို စိုက်ကြည့်လျက်ရှိသည်ကို သတိပြုမိသွားသည်။
ထိုသို့ဖြစ်နေသည်မှာ ဖက်တီးကျန်းနှင့် ရွှီပေါက်ချိုင်သာမဟုတ်သည်ကို သိသွားသောအခါ ပိုင်ရှောင်ချန်းသည် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ သူက ခေါင်းလှည့်၍ အမြန်ကြည့်လိုက်ရာ သူ့ဆီသို့ တိတ်ဆိတ်စွာလှမ်းလာနေသော မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမသည် အသက်အားဖြင့် ၁၈၊၁၉အရွယ်ခန့်ရှိပြီး မည်းနက်နေသော မျက်လုံးဝိုင်းများ၊ ဖူးကြွနေသော နှင်းဆီနှုတ်ခမ်းနီနီလေးများဖြင့် ဖြစ်သည်။ သူ့ဆီသို့လှမ်းလာရာတွင် သူမသည် ဆွဲဆောင်မှုရှိပြီး ကျက်သရေရှိကာ လက်ဖျားခါရလောက်အောင် ယဥ်ကျေးသိမ်မွေ့လှပပေသည်။
သူမ၏ ဝတ်ရုံများသည် ရိုးသော်လည်း ကြော့ရှင်းကာ သူမ၏ ပိန်သွယ်သော ခန္ဓါကိုယ်တွင် ချပ်ချပ်ရပ်ရပ်ရှိနေသည်။ သူမ၏ အသားအရေမှာ ကြာပန်းကဲ့သို့ သန့်စင်ကြည်လင်ကာ ပန်းပုဆရာကြီးတစ်ယောက်က ထုဆစ်ပေးထားသည်နှင့်တူသော ခြေတံရှည်များလည်း ရှိသည်။ သူမ၏ မျက်နှာလေးမှာ လှပလွန်းသဖြင့် အနုပညာလက်ရာတစ်ခုအလားပင် ထင်မှတ်ရပေသည်။ သူမသည် မိန်းကလေးများကြားတွင် သိသိသာသာပင် ပြိုင်ဘက်ကင်းသည့် အလှပဂေးတစ်ဦးဖြစ်သည်။
သူမသည် အခြားမဟုတ်။ ချင်းမေ့ယွမ်ပင် ဖြစ်သည်။
ရွှီပေါက်ချိုင်သည် ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ဂိုဏ်းလုံးမှာ နံပါတ်တစ် အလှဆုံးမိန်းကလေးပဲ”
အမှန်တကယ်တွင် သူမကို နံပါတ်၁ အလှဆုံးမိန်းကလေးဟု လူသိရှင်ကြားပြောခဲ့သူမှာ သူပင်ဖြစ်သည်။ သူ၏ မှတ်စုစာအုပ်ထဲတွင် တရားဝင်မှတ်တမ်းတင်ထားရုံမက၊ ထိုအကြောင်းကို လူကိုယ်တိုင် စကားဖြန့်.ခဲ့သူဖြစ်သည်။ သူမ၏အကြောင်းကို တစ်ခါထက်မက အိပ်မက်မက်ဖူးလေသည်။ သူမကို ကြည့်မိသည်နှင့် မသိစိတ်ဖြင့် ရင်ကိုကော့ကာ ပခုံးကို မတ်လိုက်လေသည်။ ယခင်က မိန်းမလှလေးများရှေ့တွင် အနည်းငယ် နေရခက်သော်လည်း ယခုချိန်တွင် သူသည် အနည်းငယ် သူရဲကောင်းပုံပေါက်နေပေသည်။
ဖက်တီးကျန်းသည်လည်း မသိစိတ်ဖြင့် ဗိုက်ကိုချပ်ထားမိကာ မျက်လုံးများသည်လည်း တလက်လက် တောက်လာခဲ့သည်။
ပိုင်ရှောင်ချန်းသည် သူ့ဘေးပတ်လည်မှ သက်ပြင်းရှိုက်သံများအားလုံးကို ကြားသည့်အပြင် ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းတို့၏ အမူအရာများကိုပါ သတိပြုမိသည်။
” မင်းတို့က ချဲ့ကားပြောနေကြတာပါကွာ” ဟု သူက ပြောလိုက်သည်။ ထို့နောက် သူသည် ချင်းမေ့ယွမ်ကို ခြေဆုံးခေါင်းဆုံးကြည့်လေသည်။ သူမသည် လှပသည်ကို ဝန်ခံရမည်ဖြစ်သော်လည်း တစ်စုံတစ်ယောက်ကို ကြက်သေသေသွားစေနိုင်သည်အထိ အလွန်တရာ လှပချောမောသည်ဟု မထင်မိပေ။
“ဟွန့် ” သူက တွေးလိုက်သည်။
” သူက ငါ့မှာရှိသလောက်တောင် ရည်းစားစာတွေ များများစားစားရဖူးမှာ မဟုတ်တာ သေချာတယ်။ ”
မေးကိုပင့်ကာ ဤချင်းမေ့ယွမ်မှာ ဟိန်ဟန်သာများနေသည်ဟုတွေးကာ သူ့ဘာသာသဘောကျနေလေသည်။
သူသည် စိတ်မရှည်စွာဖြင့် လှည့်ထွက်ဟန်ပြင်လိုက်စဥ် ချင်းမေ့ယွမ်သည် ဝိညာဥ်သက်ရှိတစ်ရာခန့် သံပြိုင်သီဆိုနေသည့် အသံမျိုးဖြင့် ရုတ်တရက် စကားပြောလိုက်လေသည်။
“အစ်ကိုကြီးပိုင်… ခဏလေး စောင့်ပါဦးရှင့် ”
ပိုင်ရှောင်ချန်းသည် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ဤသည်မှာ ချင်းမေ့ယွမ်က ပထမဆုံးအကြိမ် သူ့ကို နှုတ်ဆက်ခြင်းဖြစ်သည်။ ခေါင်းကို လှည့်၍ ချဥ်းကပ်လာနေသည်ကို ကြည့်နေလိုက်သည်။
သူ့အကြည့်များ သူမပေါ်ကျရောက်သွားသောအခါတွင် သူမသည် အနည်းငယ် ရှက်သွေးဖြာသွားလေသည်။ ရှက်ရွံ့နေဟန်ဖြင့် ခေါင်းကို ညွှတ်လိုက်ကာ သူမ၏ အင်္ကျီလက်ထဲမှ ပန်းရောင်လက်ကိုင်ပုဝါတစ်ထည်ကို ဆွဲထုတ်လိုက်ပြီး သူ့လက်ထဲသို့ အမြန်ထည့်လိုက်သည်။
သတ္တိခဲလိုက်ပုံပေါ်ကာ သူမကပြောလိုက်သည်။
“အချိန်ရှိရင်လေ၊ အစ်ကိုကြီးပိုင်၊ ဒီနေ့ည သုံးနာရီမှာ ကျမရဲ့ အင်မော်တယ်ဂူကို လာခဲ့ပါ့လား။ကျမတို့ နည်းနည်းလောက် အချိန်ဖြုန်းလို့ရတယ်လေ…”
သူမ၏နှုတ်မှ စကားလုံးများထွက်ကျသွားသည်နှင့် ထူးခြားစွာ လှပသောမျက်နှာလေးသည် ပို၍ နီမြန်းသွားလေသည်။ တောက်ပကာ ဆွဲဆောင်မှုရှိသော အကြည့်တစ်ချက်ပေးကာ လှည့်ထွက်သွားလေသည်။ ထိုစဥ် သူမ၏ ခေါင်းအလှည့်၌ သူမ၏ လည်ပင်းဖြူဖြူလေးမှာလည်း မျက်နှာကဲ့သို့ပင် နီရဲနေကြောင်း ပေါ်လွင်သွားလေသည်။ ခေါင်းကို ငုံ့၍ အဝေးသို့ ပြေးထွက်သွားလေသည်။
ပိုင်ရှောင်ချန်းသည် လက်ကိုင်ပုဝါကို ငုံ့ကြည့်ရင်း အံ့အားသင့်လျက်ရှိလေသည်။ သူရရှိခဲ့သော ရည်းစားစာအများကြီးကို ထည့်တွက်လျှင် လက်ကိုင်ပုဝါပုံစံဖြင့် စာပေးခြင်းသည် သူ့အတွက် အထူးအဆန်းမဟုတ်ပေ။ သို့သော် မိန်းကလေးတစ်ယောက်သည် သတ္တိရှိစွာဖြင့် သူ့နှင့် ချိန်းတွေ့ရန် အချိန်နှင့် နေရာကို အမှန်တကယ်သတ်မှတ်သွားခြင်းသည် ယခု ပထမဆုံးအကြိမ်ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ဖက်တီးကျန်းနှင့် ရွှီပေါက်ချိုင်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
” သူ့ရဲ့ အင်မော်တယ်ဂူထဲမှာ အချိန်ဖြုန်းကြမယ်ဆိုတာ အတိအကျပြောရရင် ဘာကို ဆိုလိုချင်တုံးကွ ”
ဖက်တီးကျန်းသည် နေရာတွင်ပင် ပါးစပ်အဟောင်းသားဖြင့် ရပ်လျက်ရှိသည်။
ရွှီပေါက်ချိုင်သည် မလှုပ်မယှက်ရှိနေကာ တတ်နိုင်သမျှ သူရဲကောင်းပုံစံပေါက်အောင် ရပ်နေဆဲဖြစ်သော်လည်း မယုံကြည်နိုင်သော အမူအရာက သူ့မျက်နှာတွင် ပေါ်လွင်နေပြီး သူ၏ စိတ်နှလုံးမှာ ချာချာလည်လျက်ရှိနေသည်။ သူသည် ရည်းစားစာအများအပြား လက်ခံရရှိခြင်းအတွက် ပိုင်ရှောင်ချန်းကို အားကျနေပြီးဖြစ်သော်လည်း ယခုလေးတင် ချင်းမေ့ယွမ်ဆီမှ တစ်စောင်ရရှိသွားသည်ကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့လိုက်ရသည်။
ယခုတလောတွင် ချင်းမေ့ယွမ်သည် ဂိုဏ်းထဲရှိ ဂိုဏ်းသားအများအပြား၏ စိတ်ကူးယဥ်ချစ်သူတစ်ယောက် ဖြစ်နေသည်။ သူမသည် လုံးဝပင် ထင်ရှားကျော်ကြားကာ အခြားသော မိန်းကလေးများနှင့် မတူသော အဆင့်တစ်ခုတွင် ရှိပေသည်။ သူမသည် ဂိုဏ်းထဲတွင် နံပါတ်တစ် အလှဆုံးမိန်းကလေးအဖြစ် လူသိများလေသည်။
သို့တိုင်အောင် ယခု သူမဘက်မှစတင်ကာ မိမိအင်မော်တယ်ဂူသို့ လာရောက်ပါရန် ပိုင်ရှောင်ချန်းကို ဖိတ်ခေါ်သွားခဲ့သည်။
ရွှီပေါက်ချိုင်သည် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းရန် ကိုယ့်ဘာသာ သတိပေးနေရသည်။ နှလုံးသားတစ်ခုလုံး မနာလိုဝန်တိုမှုများဖြင့် လောင်ကျွမ်းကာ ပြောလိုက်သည်။ “သူဘာကိုဆိုလိုတယ်ဆိုတာ ငါက ဘယ်လိုလုပ်သိမှာတုံး…”
❤️