အခန်း ( ၃၅၀ )

မင်း လိမ်နေတာ

ဂိုဏ်းသားမှန်သမျှမှာ လမ်းလျှောက်နေရာမှ ရပ်သွားကြပြီး ယခုတွင် ပိုင်ရှောင်ချန်းကို ဝိုင်းကြည့်နေကြသည်။

သူ့လက်ထဲကိုင်ထားသည့် စာအိတ်မှာ ရည်းစားတစ်စောင်ဖြစ်သည်မှာမလွဲပင်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် ရည်းစားစာမရခဲ့ဖူးပေ။ ဝိုင်းကြည့်နေကြသော ဂိုဏ်းသားများ မျက်လုံးအတွင်းရှိ အကြည့်များအရ သူတို့သည် ပိုင်ရှောင်ချန်း ရည်စားစာအပေးခံရသည်ကို အံ့သြနေကြပြီး အမျိုးသားဂိုဏ်းသားအချို့သည် မနာလိုနေသယောင်ပင်ရှိလေသည်။

ပိုင်ရှောင်ချန်းသည် စာအိတ်ကိုကိုင်ထားရင်း တဆတ်ဆတ်တုန်နေကာ သူ့နှလုံးသားတွင် ခံစားချက်များပေါက်ဖွားလာတော့သည်။ ထို့နောက်သူ့မျက်လုံးတို့မှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြူးကျယ်လာတော့သည်။

” ငါ့ဘဝမှာ ရည်းစားစာပေးခံရတာ ဒါ ပထမဆုံးပဲ… အရင်ကရခဲ့တဲ့စာတွေကလဲ.. သတိပေးစာတွေကြည့်ပဲ ” ရင်ခုန်စိတ်လှုပ်ရှားသွားရာ မျက်လုံးထောင့်တွင် မျက်ရည်တို့ ဝဲတက်လာတော့သည်။ အသက်တစ်ရှိုက်ရှူလိုက်ရင်း သူက ကြောက်လန့်နေသော ယုန်မလေးပမာ အမြန်ပျံထွက်သွားသည့် ရည်းစားစာပေးသွားသော မိန်းကလေးကိုမော့ကြည့်လိုက်သည်။

” နာမည်လေးတောင် မသိလိုက်ရပေမယ့်လဲ… ”
သူက ရေရွတ်လိုက်သည်။
” ငါ့ဘဝမှာပထမဆုံးရတဲ့ ဒီရည်စားစာလေးကို အမြတ်တနိုးတန်ဖိုးထားပါ့မယ်။ နောင်နှစ်တွေကြာရင် ဒီဟာကို ငါ့ရဲ့သားသမီးတွေကို ပြရမယ်။ ဒါမှ သူတို့ရဲ့အဘိုးကြီး ငယ်ငယ်တုံးက ဘယ်လောက်စန်းပွင့်သလဲဆိုတာ အသိအမှတ်ပြုကြမှာ ” နှလုံးသားအတွင်းထဲထိနက်နက်ရှိုင်းရှိုင်းသက်ပြင်းချလိုက်ရင်း ပတ်ပတ်လည်မှ အဏ္ဏဝါခေါ်သံဂိုဏ်းသားများ သူ့ကိုကြည့်နေကြကြောင်းသိလိုက်ရာ ယခင်ထက်ပင်ပို၍မြောက်သွားတော့သည်။

“အဏ္ဏဝါခေါ်သံဂိုဏ်းကို ချစ်လိုက်တာ” သူက တွေးလိုက်သည်။
” ပြီးတော့ ငါရဲ့ရောင်းရင်းဂိုဏ်းသား၊ဂိုဏ်းသူတွေကိုရောပဲ….. ”
သူက ခက်ခက်ခဲခဲစိတ်ပြန်စုစည်းလိုက်ပြီးနောက် ရည်းစားစာကို အိတ်ထဲသို့ အလွန်တရာဂရုစိုက်၍ ထည့်လိုက်သည်။ ထို့နောက် သူကမေးမော့ကာ အင်္ကျီလက်ကိုခါပြီး စကားအနည်းငယ်ပြောရန်ပြင်လိုက်သည်။

သို့သော်

ဆန်းကြယ်နတ်ရေစင်အဖွဲ့၏ ဂိုဏ်းသူတစ်ယောက်က နှုတ်ခမ်းကလေးအား ကိုက်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ တုံ့ဆိုင်းမနေတော့ပဲ သူမက ပိုင်ရှောင်ချန်းထံမြန်မြန်ပြေးလာကာ ခေါင်းငုံ့ထားပြီး ပါးအို့ေလးနှစ်ဖက် နီရဲလျက် သူ့လက်ထဲသို့ စာတစ်စောင်အတင်းထည့်ပေးပြီးနောက် ပြေးထွက်သွားပြန်သည်။

ပိုင်ရှောင်ချန်းမှာ လက်ထဲရှိ ဒုတိယရည်းစားစာကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ စာအိတ်ပေါ်တွင် အသည်းပုံလေးဆွဲထားမည့်အစား ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားသော လက်ကလေးနှစ်ဖက်ကိုရေးဆွဲထားသည်။

ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် အံ့သြသွားခြင်းမဟုတ်ပေ။ ဖြစ်ပျက်နေသည်အား ကြည့်ရှုရန်စုဝေးလာကြသော အခြားဂိုဏ်းသားများအားလုံး တအံ့တသြအော်လိုက်ကြသည်။

” ခေါင်းဆောင်ငယ် ရည်းစားစာရတာ ဘာမှ မထူးဆန်းပေမယ့်.. သူတကယ့်ကို နှစ်စောင်ကြီးတောင်ရတယ်ဆိုတော့ ယုံတောင်မယုံနိုင်ဘူး”

” အားးးး.. ကျုပ် ရွှီရှောင်ချန်းက ဂိုဏ်းထဲက အချောဆုံးယောကျ်ားတစ်ယောက်ဆိုတာ လူတိုင်းသိတာပဲ.။ ဘယ်သူမှ ကျုပ်ကို ရည်းစားတစ်စောင်တောင် မပေးကြတာတုန်း ”

စကားသံများထွက်လာသည့်အချိန်တွင် ပိုင်ရှောင်ချန်း၏ လက်များတုန်ရီလာပြီးနောက် သူက ခေါင်းနောက်လှန်ကာ ဝမ်းပမ်းတသာအော်လိုက်သည်။ သူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေပြီး လုံးလုံးလျားလျားတုန်လှုပ်သွားလေသည်။ တစ်ဆက်တည်းမှာပင် အမြုတေအထိပင် နက်နက်ရှိုင်းရှိုင်း ရင်ခုန်လာတော့သည်။

“ငါဘဝမှာ ပထမဆုံးရဖူးတဲ့ ဒုတိယမြောက်ရည်းစားစာပဲ ။ ရည်းစားစာနှစ်စောင်တောင် ရမယ်လို့ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးဘူးဟေ့”
ပိုင်ရှောင်ချန်းသည် ဤမျှလောက် စိတ်လှုပ်ရှားနိုင်တော့ပေ။ သူက လောလောလတ်လတ်ရည်းစားစာပေးသွားသည့် မိန်းကလေး၏ ထွက်ခွာသွားပုံကို ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ရည်းစားစာအား ဂရုတစိုက်ထည့်လိုက်ပြီးနောက် သူ့မျက်လုံးများသည် တစ်ခါမှမမြင်ဖူးသော စိတ်ပိုင်းဖြတ်ထားမှုဖြင့် တဖိတ်ဖိတ်တောက်ပလာတော့သည်။

” ငါ့အနေနဲ့ ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပြီး တစ်ကိုယ်ကောင်းဆန်မနေသင့်တော့ဘူး ။ ခေါင်းဆောင်ငယ်ဖြစ်လာထဲက အာရုံစိုက်ခံလာရတာလေ။ ဂိုဏ်းသားတွေအကုန်လုံးလဲ ငါ့ကို ကြည့်နေကြတယ်.. ဂိုဏ်းသူတွေကောပဲ” ဖြောင့်မတ်တည်ကြည်မှုအပြည့်ဖြင့် မျက်လုံးများတလက်လက်တောက်ပနေရင်း သူက ယခုအချိန်မှာ စုန့်ကျင်းဝမ်ထံအလည်သွားရန် အချိန်ကောင်းမဟုတ်သေးကြောင်း ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက ဆန်းကြယ်နတ်ရေစင်အဖွဲ့၏တောင်များဆီသိို့ အေးအေးလူလူလမ်းလျှောက်သွားတော့သည်။

ခပ်ဝေးဝေးမရောက်ခင် သုံးယောက်မြောက် ဂိုဏ်းသူကလေးတစ်ယောက်က သူ့ထံအပြေးအလွှားလာပြီး ရှက်ကိုးရှက်ကန်းဖြင့် စာအိတ်တစ်အိတ်ကို လက်ထဲထည့်သွား၏။

ထို့နောက်.. လေးစောင်မြောက် ၊ ငါးစောင်မြောက်၊ ခြောက်စောင်မြောက်…..

ကျန်ရှိသောအချိန်များတစ်လျှောက် ပိုင်ရှောင်ချန်းသည် ပို၍ ရင်ခုန်လာတော့သည်။ ရည်းစားစာဒါဇင်ပေါင်းများစွာအား သူရရှိထားကာ အကုန်လုံးမှာ လက်ဖြင့်ရေးသားထားခြင်းဖြစ်ကြသည်။ ယခုတွင် သူ့မှာ လေးနက်ဆန်းကြယ်သော ခံစားချက်များဖြင့် ပြည့်နေတော့သည်။

ထိုအဖြစ်များကြောင့် သူ့နောက်လိုက်လာကြသည့် ဂိုဏ်းသားများ အုန်းအုန်းကျွက်ကျွက်ဖြစ်သွားကြသည်။

“ဘုရားရေ… နောက်တစ်စောင်..”

“ဘယ်လိုတောင်ဖြစ်နိုင်တာတုန်း..။ ရည်းစားစာ အများကြီး ရပါလား.. ဒ.ဒါ. ဒါ က…”

“အဲ့ကောင်မလေးတွေ မျက်စိကန်းနေတာလား ဘာလားပဲ.. သူက ခေါင်းဆောင်ငယ်ဖြစ်ရင်ဖြစ်လိမ့်မယ်.. ဒါမယ့် …ငါလဲ လက်ရွေးစင်ပါဟ”

ပိုင်ရှောင်ချန်းသည်ပင် ကြက်သေသေနေတော့သည်။ ပထမရည်းစားစာအနည်းငယ်ကြောင့် သူရင်ခုန်သွားသော်လည်း သူ့၌ အများအပြားရှိလာသဖြင့် မယုံနိုင်ဖြစ်နေလေသည်။ ရှက်သွေးဖြာနေသော ဂိုဏ်းသူကလေးများမြင်ကွင်းကြောင့် သူ့နှလုံးသားအား ရင်ခုန်ခြင်းလှိုင်းတံပိုးများက တရစပ်ဆောင့်တိုက်နေတော့သည်။

” ငါ..ငါက.. အဲ့လောက်.. စွမ်းတယ်လား ” သူက မူးဝေလျက်တွေးလိုက်သည်။

နောက်ဆုံးတွင် သူက ဆန်းကြယ်နတ်ရေစင်အဖွဲ့၏တောင်များမှ ထွက်ခွာလာပြီး ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ထံ ဦးတည်လိုက်လေသည်။ မထင်မှတ်ထားဖွယ် ပထမဆုံးဖြစ်ပျက်သွားသည်မှာ ဂိုဏ်းသူတစ်ဦးက ရှက်ကိုးရှက်ကန်းကလေးပြေးလာပြီး ရည်းစာစာပေးသွားပြန်သည်။

တီထွင်ဖန်တီးနိုင်စွမ်းရှိသော ဂိုဏ်းသူတစ်ယောက်က စာအမြောက်အမြားရေးထိုးထားသည့် ဆေးလုံးတစ်လုံးအားဖော်စပ်ကာ ပေးလေသည်။

သူ အဏ္ဏဝါခေါ်သံတောင်သို့ ပြန်ရောက်ချိန်တွင် ညနေပင်စောင်းနေတော့သည်။ ယနေ့ကဲ့သို့ အဖြစ်အပျက်များအတွက် သူဘာမှမပြင်ဆင်လိုက်ရဘဲ ထိုဖြစ်ရပ်များကြောင့် သူသည် ပို၍ပင်ဝမ်းသာကြည်နူးလာတော့သည်။

” ငါ. တကယ့်ကို သိပ်တော်နေတဲ့ပုံပဲ.. ဟားဟားဟားး… မင်းသာငါလိုချောမောခန့်ညားနေလို့ကတော့ ဒီလိုဖြစ်လာမှာပဲ..။ ကဲ.. ငါပြောသလိုပဲကွာ.. ခန့်ညားချောမောတဲ့ လူတွေပဲ အထူးအရေးပေး ဆက်ဆံခံရတာကွ…”
ပိုင်ရှောင်ချန်း၏ တဟားဟားရယ်သံမှာ အင်မော်တယ်ဂူထဲတွင် ပြည့်နှက်နေကာ သူက တင်ပျဥ်ခွေထိုင်ရင်း ရခဲ့သည့်ရည်းစားစာအားလုံးကို ဆွဲထုတ်ပြီး ရှေ့တွင်ဖြန့်လိုက်လေသည်။ ရှက်ကိုးရှက်ကန်းနှင့် အချစ်များဖော်ကျူးနေသော ဂိုဏ်းသူတစ်သိုက် မတ်တပ်ရပ်နေသည့်အလားပင်။

စာအိတ်များအပေါ်ရှိ ပုံများကို လေ့လာပြီးနောက် သူက စာတစ်စောင်ချင်းစီအား ဖွင့်ဖောက်တော့သည်။

ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်လာပြီး သူ၏မျက်နှာပင်လျှင် အတန်ငယ် နီမြန်းလာတော့သည်။ ထိုညတွင် သူ၏နှလုံးသားမှာ တဒိန်းဒိန်းဖြင့် ထပ်ကာထပ်ကာခုန်နေလေသည်။ စာအားလုံးဖတ်ပြီးသွားချိန်တွင် မိုးကုတ်စက်ဝန်းမှ ပတ္တမြားရောင်စဥ်အလင်းတို့ ဖြန့်ကျက်လာလေပြီ။

နေထွက်လာသည့်အခါ ပိုင်ရှောင်ချန်းက ထ၍ အကြောဆန့်ပြီးနောက် မျက်နှာပေါ်တွင် နှစ်လိုဖွယ်အပြုံးတစ်ခုအားဆင်မြန်းလျက်သူ၏အင်မော်တယ်ဂူထဲမှ အမြန်ထွက်လာ၏။ သို့သော်လည်း အပေါက်ဝသို့ခြေချလိုက်သည်နှင့် ရပ်လိုက်ပြီးနောက် သူ၏တရားဝင်ခေါင်းဆောင်ငယ်ဝတ်ရုအား လဲရန် အထဲပြန်ဝင်သွားတော့သည်။

၄င်းသည် အတွန့်အခက်များအပြည့်ဖြင့် လွန်လွန်ကျူးကျူးတန်ဆာထားသော အပြာရင့်ရောင် တာအိုဝတ်ရုံတစ်ထည်ဖြစ်သည်။ ၄င်းပေါ်တွင် ရွှေနဂါးငါးကောင်ကို ပန်းထိုးတန်ဆာထားကာ ငါးကောင်လုံးမှာ အလွန်တရာထွန်းလင်းတောက်ပနေပြီး အသက်ဝင်နေသည့်အလားပင်။ ဝတ်ရုံဝတ်ကာ လှုပ်ရှားလိုက်တိုင်း ထူးခြားဆန်းကြယ်သော အလင်းများက သူ့ပတ်လည်တွင် ပေါ်ထွက်လာရာ ယခင်ထက်ပို၍ အထင်ကြီးဖွယ်ကောင်းပြီး သူရဲကောင်းဆန်သည့်ပုံပေါ်သွားစေလေသည်။

ထိုအထူးတာအိုဝတ်ရုံမှာ အစောပိုင်းမဟာအခမ်းအနားပွဲတွင်ဝတ်ဆင်ရန် သူ့အတွက်အထူးပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုစဥ်က သက်တောင့်သက်သာမဖြစ်လှဟု ထင်ခဲ့သော်လည်း ယခုတွင် ဝတ်ရုံကိုအလျင်အမြန်ဝတ်ဆင်ပြီးနောက် မှန်ထဲတွင် သူ့ကိုယ်သူအားပြန်ကြည့်လိုက်သည်။ မယုံကြည်နိုင်လောက်အောင် ချောမောခန့်ညားနေသည့် သူ့ပုံအား ကျေနပ်သွားရင်း သူက ခေါင်းနောက်လှန်ပြီး တဟားဟားအော်ရယ်လိုက်ပြီးနောက် တံခါးဖွင့်ကာ အပြင်ဘက်ထွက်လာတော့သည်။

နေ့ရောက်လာသည်နှင့် သူက မေးကို မြင့်သထက်မြင့်အောင် မော့ရင်း ဂိုဏ်း၏ အဖွဲ့လေးဖွဲ့ထံလမ်းလျှောက်သွားလေသည်။ သူ၏အဝတ်အစားတို့က အဏ္ဏဝါခေါ်သံ ဂိုဏ်းသားများ၏ အာရုံအား ဖမ်းစားထားလေသည်။ ထိုညတွင် ရည်းစားစာသတင်းများ ပြန့်သွားပြီး ထိုသတင်းသည် ရေပန်းစားနေလေသည်။ ယခုအချိန်တွင် လူများစွာက ပိုင်ရှောင်ချန်းကို အထူးတဆန်းလှမ်းကြည့်နေကြသည်။

အထူးသဖြင့် ဂိုဏ်းသားအများစုမှာ မဲ့ရွဲ့ကာကြည့်နေကြသော်လည်း အခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်းကို ခေါင်းဆောင်ငယ်ဝတ်ရုံဖြင့်မြင်လိုက်ရသည်တွင် ဂိုဏ်းသူများ၏ မျက်လုံးများမှာ ပို၍ပင် တလက်လက်တောက်ပလာတော့သည်။

တစ်နာရီအတွင်း ပိုင်ရှောင်ချန်းမှာ မိန်းကလေးများစွာက ရည်းစားစာများပေးနေသဖြင့် ပီတိဖြာနေတော့သည်။ ထိုစာများက ဆန်းကြယ်နတ်ရေစင်အဖွဲ့၊ ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့နှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှပင်လျှင် လာလေသည်။

ထပ်မံ၍ စောင့်ကြည့်နေကြသူများမှာ တုန်လှုပ်သွားကြပြီး ဂိုဏ်းသားအပေါင်းမှာ စိတ်ညစ်ညစ်ဖြင့် ညည်းညူလိုက်ကြတော့သည်။

“ဒီ.. ဒီမှာ… ဘ ဘာ ဘာ.တွေ ဖြစ်နေကြတာလဲ”

“ဘုရားဘုရား.. ခေါင်းဆောင်ငယ်ကတော့ မနေ့ကရော ဒီနေ့ရော..ရည်းစားစာတစ်ရာလောက်ရနေတာပဲကွာ”

“အမယ်လေး.. ရူးချင်စရာပဲ”

ပိုင်ရှောင်ချန်းက သူ့ကိုယ်သူထိန်းချုပ်ထားလေသည်။ နူးညံနွေးထွေးသောအမူအရာဖမ်းရင်း သူက ရည်းစားစာများကိုလက်ခံကာ ပေးသည့်အမျိုးသမီးဂိုဏ်းသူများကို ခပ်ယဲ့ယဲ့ပြုံးပြုံးပြနေလေသည်။

တအံ့တသြအော်သံများနှင့် မနာလိုစွာရေရွတ်သံများကြားသောအခါ သူ၏နှလုံးသားတွင် ပျော်ရွှင်ကြည်နူးမှုများပြည့်လျှံလာတော့သည်။ ကျန်ရက်များတွင်လည်း ထိုနည်းတူပင်။ ညအခါတွင် ရည်းစားစာဖတ်ရင်း သူ့အချိန်များအားကုန်ဆုံးပစ်လေသည်။ ထိုကိစ္စအကြောင်းအား တစ်ဂိုဏ်းလုံးပါးစပ်ဖျားမှ မချတော့ပေ။

ပိုင်ရှောင်ချန်းက အမျိုးသမီးဂိုဏ်းသူများထံမှ ချစ်ခြင်းမေတ္တာများရနေသည့်အပေါ် လူတိုင်း၌ အမြင်အမျိုးမျိုးရှိလေသည်။

ဂိုဏ်းအတွင်းရှိ အတင်းအဖျင်းစကားများအားလုံးမှာ ပိုင်ရှောင်ချန်းအကြောင်းသာဖြစ်သည်။ လူတိုင်းက သူ့အကြောင်းပြောနေလေသည်။ ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကဲ့သို့လူများပင်လျှင် အတော်အတန်မနာလိုဖြစ်နေကြသည်။ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်မှာမူ ထိုသတင်းများအားကြားလိုက်ရသည်နှင့် မျက်နှာများတင်းမာခက်ထန်သွားကြပြီး ဒေါသမီးများလောင်မြိုက်လာကြတော့သည်။

“၃၇၁စောင်။ ဟားဟားဟား။ ဒါတောင်ရက်နည်းနည်းပဲရှိသေးတယ်။ ရည်းစားစာ ၃၇၁စောင်တကယ်ကြိီးရတာကို ယုံတောင်မယုံနိုင်ဘူး”
ဂိုဏ်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေချိန်တွင် ပိုင်ရှောင်ချန်းက ဂူထဲထိုင်ရင်း ရည်းစားစာ အထပ်လိုက်ကြီးအား ကြည့်နေ၏။

“ငါ…ငါ..က အဲ့လောက်တောင် အဖြစ်ရှိတာလား”
ပိုင်ရှောင်ချန်းမှာ ဂုဏ်ယူရင်း ယစ်မူးနေတော့သည်။ ညာလက်ကို ဝှေ့ယမ်းလိုက်ရင်း သူက ကြေးနီရောင်မှန်လေးကို ထုတ်လိုက်ပြီး သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သက်ပြင်းချရင်း ဤအခိုက်အတန့်ကို ဝေမျှရန် တစ်ယောက်ယောက်လိုကြောင်း သတိရလိုက်သည်။

“ကြေးနီမှန်.. မင်းဘယ်လိုထင်လဲ။ တစ်ဂိုဏ်းလုံးမှာ ဘယ်သူအတော်ဆုံးလဲ ဟေ့”

အမှန်တွင် လူလိမ်ညမုဆိုးက ကြေးနီမှန်ထဲမှာ ရှိနေသည်။ ပိုင်ရှောင်ချန်း၏စကားပြောသံကိုကြားလိုက်သည်နှင့် သူက ချက်ချင်းပင် မသိချင်ယောင်ဆောင်လိုက်သည်။ လွန်ခဲ့သောရက်များအတောအတွင်း ပိုင်ရှောင်ချန်း၏ ထိုစကားများအား အပ်ကြောင်းထပ်နေအောင်ကြားခဲ့ရပြီးလေပြီ။ ပိုင်ရှောင်ချန်းကို အလွန်တရာကြောက်လှသဖြင့် တစ်ခုခုလွဲချော်သွားပါက အပြစ်ပေးခံရမည်စိုးသဖြင့် ပြန်လည်မတုံ့ပြန်ရဲပေ။

ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးလာပြီး စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
” မင်းနိုးနေတာငါမသိဘူးများထင်နေသလား .. ကြေးနီမှန်” သူကဟိန်းဟောက်လိုက်သည်။ “မေးခွန်းဖြေစမ်း”

ကြောက်လန့်နေသော လူလိမ်ညမုဆိုးသည် မျက်လုံးများဖွင့်လိုက်ပြီးနောက် မျက်နှာလိုမျက်နှာရပြောတော့သည်။
” သခင်လေးက အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံးမှာ သေချာပေါက်စွမ်းအားအကြီးဆုံးသူတစ်ယောက်ပါ”

“မင်းလိမ်နေတာ… ”
ပိုင်ရှောင်ချန်းက ဒေါသတကြီးပြောလိုက်သည်။

လူလိမ်ညမုဆိုးမှာ ပိုင်ရှောင်ချန်း၏စကားသံကြောင့် အသက်ထွက်လုမတတ် အလွန်တရာကြောက်လန့်သွားတော့သည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများသည် အလွန်ပင်ရဲရဲနီနေလေပြီ။ ဒေါသအိုးပေါက်ကွဲတော့မတတ်ဖြစ်နေချေသည်။ လူလိမ်ညမုဆိုးသည် ချက်ချင်းဖွယ် သနားစဖွယ်အော်လိုက်ပြီး ပြော၏။
” ကျုပ်မလိမ်ရပါဘူးဗျာ.. ကျမ်းကျိန်ရဲပါတယ်.. ကျုပ်မလိမ်ဘူးဆိုတာ ကျိန်ရဲပါတယ်.. သခင်လေးပ ကောင်းကင်တံတားမြစ်နယ်မြေတစ်ဝှမ်းက အတော်ဆုံးသူတွေထဲက တစ်ယောက်တောင်မဟုတ်ဘူး..။ ကမ္ဘာတစ်ခွင်လုံး အတော်ဆုံးလူတစ်ယောက်ပါဗျာ ”

“ သေချာလား ”
ပိုင်ရှောင်ချန်းက မယုံသင်္ကာဖြင့် မေးလိုက်သည်။

လူလိမ်ညမုဆိုးမှာ ပိုင်ရှောင်ချန်းဘာလုပ်ရန်ကြိုးစားနေကြောင်း သိလေသည်။ ထို့ကြောင့် သံချောင်းများကို ဖျက်စီး၍ သံမဏိကိုပင်ဖြတ်တောက်နိုင်သော ပြတ်သားခြင်းဖြင့် သူက အလျင်အမြန်ပြန်ဖြေလိုက်သည်။
” သေချာတာပေါ့။ပြောစရာကိုမလိုဘူး။ ဘယ်ဖက်ကကြည့်ကြည့်အမှန်အကန်ပဲဗျို့”

ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်သည်။ အားရကျေနပ်သွားပုံရကာ သူက မှန်ကိုဘေးချလိုက်ပြီးနောက် ရည်းစားစာများအား စုစည်းလိုက်သည်။

” ကဲ..မင်းက အဲ့လိုပြောတော့လဲ…ငါနားလည်ပါတယ်ကွာ..။ ဂိုဏ်းတူအစ်မတွေ၊ ညီမတွေက ငါ့ကိုသည်းသည်းလှုပ်ချစ်နေတာ အံ့သြစရာမရှိဘူး။ငါက အင်မတန် ထူးချွန်နေတာ ကြောင့်ကိုးကွ “


Comment

Leave a Reply

Options

not work with dark mode
Reset