Switch Mode

အခန်း (၅၃၈)

အံ့ဩတုန်လှုပ်သွားရသော ပြည်ထောင်စုကြီး

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အလွန်အင်မတန်မှကျေနပ်နေသောကြောင့် ” သွမ့်မုလေး ” ဆိုသည့် စကားလုံးများပင်လျှင် သူ၏ နှုတ်မှ အလွယ်တကူ ထွက်ပေါ်လာ၏။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်နေသည်။ သူသည် ထိုကဲ့သို့ ယုံကြည်မှု ပြင်းထန်လွန်းနေသောကြောင့် လက်ရှိပြည်ထောင်စုဥက္ကဋ္ဌကြီးအား သွမ့်မုလေးဟု ခေါ်ဆိုခြင်းမှာ အပြစ်မဟုတ်ကြောင်း ‌တွေးနေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကြောင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားလာရပြီး သူ၏လက်ကို‌ ဝှေ့ယမ်းလိုက်၏။ ထိုအခါ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား စောင့်ရှောက်နေကြသည် ဂိုဏ်းသားများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် တိုက်ပွဲရမှတ် အမှတ်တစ်သောင်းငါးထောင်တိတိ အသုံးပြုကာ ကျင့်ကြံခြင်းပညာရပ်ဆယ့်ငါးခုအား ပြည်ထောင်စုကြီးဆီသို့ ပေးပို့လိုက်သည့်မြင်ကွင်းကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြတော့သည်။

တိုက်ပွဲရမှတ် အမှတ်တစ်သောင်းငါးထောင်ဆိုသည့် ပမာဏမှာ ထိုကဲ့သို့ အစောင့်တာဝန်ကျနေသည့် ဂိုဏ်းသားများအတွက် အလွန်အင်မတန်မှများပြားသော ပမာဏတစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ချက်ချင်းဆိုသလိုပင် အသက်ရှူသံများ မြန်ဆန်လာရပြီး မျက်လုံးများ နီမြန်းသွားကြတော့သည်။ သူတို့မှာ တစ်လလုံး ပင်ပင်ပန်းပန်း အလုပ်ကြိုးစားလျှင်တောင် တိုက်ပွဲရမှတ် ရာဂဏန်းအနည်းငယ်မျှသာ စုဆောင်းမိနိုင်သည်မဟုတ်ပါလော။ ထို့အပြင် သူတို့၏ အသုံးစရိတ်များကို ထည့်မတွက်ရသေးပေ။ ထိုသို့သာ ထည့်တွက်လိုက်မည်ဆိုပါက သူတို့၏လက်ထဲတွင် တိုက်ပွဲရမှတ် အနည်းငယ်မျှသာ ကျန်ရစ်တော့သည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ကျိကျိတက်ချမ်းသာနေသည့် အချက်ကြောင့် သူတို့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေရ၏။ ထို့ကြောင့် သူတို့မှာ သူ့အား မနာလိုဖြစ်လာကြတော့သည်။

” သူက ချမ်းသာနေတော့ရော ဘာလုပ်ရမှာလဲ ”

” ဟုတ်တယ်။ သူက နည်းနည်းလေးပဲ ချမ်းသာတာပါ။ ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ဘူး။ ပြည်ထောင်စုပျိုးပင်တွေက တိုက်ပွဲရမှတ်တွေရဖို့ နည်းလမ်းပေါင်းစုံ သုံးတတ်တယ်လို့ ငါက ကြားထားပြီးသား။ လီယီဆိုတဲ့ တစ်‌‌ယောက်ဆိုရင် ပိုလို့တောင် ရွံဖို့ကောင်းသေးတယ်။ သူက သူတာဝန်ကျနေတဲ့ ကျွန်းပေါ်က ကျွန်းသခင်ကိုတောင် မြှူဆွယ်ခဲ့တာတဲ့ ”

” မင်းရဲ့ သတင်းက ခေတ်နောက်ကျနေပြီ။ ငါလည်း သူအကြောင်းကို ကြားဖူးထားတယ်ကွ။ သူက အဲဒီတစ်ယောက်တည်းကိုတင် မြှူဆွယ်ခဲ့တာ မဟုတ်ဘူးတဲ့။ နောက်ထပ် ခုနစ်ယောက်၊ ရှစ်ယောက်လောက်အထိကို ရှိသေးတယ်တဲ့ကွ ”

ထိုဂိုဏ်းသားများမှာ မနာလိုဖြစ်နေကြသောကြောင့် သူတို့၏ ဒေါသစိတ်များကို ဖြေဖျောက်ရန် အသံလွှင့်အကြောင်းကြားစာများ အပြန်အလှန် ပေးပို့နေကြတော့သည်။ ထို့နောက် သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး မျက်စိကြိမ်းစရာကောင်းလောက်အောင် တောက်ပသွားပြီး မျက်စိတစ်မှိတ်အတွင်း ထို ကျင့်ကြံခြင်းပညာရပ် ဆယ့်ငါးခုအား ပြည်ထောင်စုကြီးသို့ ပေးပို့လိုက်သည့် မြင်ကွင်းအား ငေးကြည့်နေကြတော့သည်။

ထိုအချိန်တွင် ကျယ်ပြန့်တာအိုနန်းတော်ကြီး၏ အပြင်ဘက်၊ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးတည်ရှိနေသော နေအဖွဲ့အစည်းထဲရှိ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ မန္တန်အစီအရင်ကြီး၏ ဘေးတွင် လီရှင်းဝမ်မှာ တရားထိုင်နေ၏။ ခဏအကြာတွင် သူသည် မျက်လုံးများပွင့်လာပြီး သွမ့်မုချွယ်၏ ပုံရိပ်ကြီးတစ်ခုမှာလည်း ပေါ်ပေါက်လာတော့သည်။

သူတို့မှာ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ဖူးထားပြီးသားဖြစ်သည်။ ထို့အပြင် သူတို့မှာ လွန်ခဲ့သောခြောက်လအတွင်း၌ အခြားပြည်ထောင်စုပျိုးပင်များဆီမှလည်း ကျင့်ကြံခြင်းပညာရပ်များကို လက်ခံရရှိခဲ့ကြသဖြင့် ကျင့်သားရနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ မန္တန်အစီအရင်ကြီးထဲမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်နှင့် စိတ်လှုပ်တရှား ဖြစ်သွားကြ၏။

” ဒီတစ်ခေါက် သူတို့တွေ ကျင့်ကြံခြင်းပညာရပ် ဘယ်နှခုများ ပို့ကြမလဲမသိဘူး ”

” ဒါနဲ့ စကားမဆက်။ လီယီဆိုတဲ့ ကလေးမလေးက တော်သားပဲကွ။ သူက ကျင့်ကြံခြင်းပညာရပ် ငါးခုအထိ ပို့ပေးပြီးသွားပြီ။ သူ့ကို လက်ရှိပြည်ထောင်စုပျိုးပင်တွေထဲက ထိပ်ဆုံးအဆင့်မှာ ထားလို့ရတယ် ” သွမ့်မုချွယ်မှာ အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။ ထို့နောက် သူသည် အားရကျေနပ်နေသည့်အကြည့်ဖြင့် လီရှင်းဝမ်အား လှမ်းကြည့်လိုက်သည်။

ထိုအခါ လီရှင်းဝမ်မှာ နှာမှုတ်လိုက်ပြီး စကားတစ်ခွန်းမှ ပြန်မပြောပေ။ လွန်ခဲ့သည့် ခြောက်လအတွင်းတွင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းပညာရပ် တစ်ခုတစ်လေကိုပင် ပေးပို့ခြင်း မရှိခဲ့ချေ။ သို့သော် လီယီမှာ တစ်လတစ်ခု မှန်မှန်ပို့ပေးနေခဲ့၏။ ထို့ကြောင့် သူတို့နှစ်ယောက်၏ ကြားမှ ခြားနားချက်မှာ သိသာထင်ရှားလွန်းနေ၏။ သူသည် ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးရန် ဆန္ဒရှိလျှင်တောင် ဘာမှသိပ်လုပ်နိုင်မည် မဟုတ်ပေ။

” ဟိုကောင်စုတ်လေး အဲဒီဓားကြီးပေါ်မှာ ဘာတွေများ လုပ်နေတာလဲမသိဘူး ” လီရှင်းဝမ်မှာ မျက်မှောင်ကြုတ်ကာ တွေးတောနေ၏။ လီယီမှာလည်း တာအိုကျောင်းလေးကျောင်းမှ ဖြစ်ပြီး သူမ၏ ကူညီထောက်ပံ့ပေးမှုများကြောင့် ပြည်ထောင်စုကြီးမှာ တာအိုကျောင်းများအား ပို၍ အလေးပေးဆက်ဆံလာမည် ဖြစ်ပါသော်လည်း သူမသည် သမင်ဖြူတာအိုကျောင်းမှ ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ပြည်ထောင်စုဥက္ကဋ္ဌရာထူးမှ အနားယူခဲ့ပြီးနောက် ကောင်းကင်တာအိုကျောင်းပေါ်၌သာ အာရုံစိုက်ထားခဲ့သော လီရှင်းဝမ်မှာ လက်ရှိအခြေအနေများကြောင့် နေမထိထိုင်မသာဖြစ်နေရ၏။

သို့သော် သူသည် ထိုကဲ့သို့ ခံစားနေရသည့်တိုင်အောင် လီယီ၏ ကြိုးစားအားထုတ်မှုများအား သဘောကျနှစ်သက်နေရဆဲပင်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြည်ထောင်စုကြီးဆီသို့ သူမ ပေးပို့ခဲ့သည့် ပညာရပ်များမှာ သူတို့၏ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းအတွက် အများကြီး အထောက်အကူပြုနိုင်ခဲ့သည် မဟုတ်ပါလော။

” ဒီအချိန်ဆိုရင် ဟိုကောင်မလေး လီယီ ပို့တာပဲ ဖြစ်ရမယ် ” သွမ့်မုချွယ်မှာ မပွင့်တပွင့် ပြုံးကာ ဆိုလိုက်၏။ သူသည် လီရှင်းဝမ်တစ်ယောက် မျက်စိမျက်နှာပျက်နေသည်ကို မြင်တွေ့နေရသဖြင့် သဘောတွေ့နေ၏။ သူသည် လက်ရှိတွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်နေသည့်တိုင်အောင် သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားဟောင်း တစ်ယောက်ဖြစ်သောကြောင့် ထိုကျောင်းမှ ကျောင်းသားများ၏ စံပြုထိုက်သော စွမ်းဆောင်ရည်များအတွက် ဂုဏ်ယူမဆုံး ဖြစ်နေရတော့သည်။

သူ ထိုသို့ဆိုလိုက်ချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တောက်ပသွား၏။ ထို့နောက် မန္တန်အစီအရင်ကြီးထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာသည်။ ထိုအခါ သွမ့်မုချွယ်၏ မျက်ဝန်းများမှာ သဘောကျကျေနပ်မှု အရိပ်အယောင်များဖြင့် တောက်ပသွား၏။ သူသည် စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဒုတိယမြောက် ကျောက်စိမ်းပေလွှာတစ်ခု ထပ်၍ ပေါ်ပေါက်လာပြန်သည်။

” ဟင်။ လီယီက တော်လှပါလား။ ကျင့်ကြံခြင်းပညာရပ် နှစ်ခုတောင် ပို့‌ပေးခဲ့တာပဲ… ” သွမ့်မုချွယ်မှာ ချက်ချင်းဆိုသလိုပင် အပျော်လွန်သွားရ၏။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက် ကျောက်စိမ်းပေလွှာများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

ထိုမြင်ကွင်းကြောင့် အချိန်အများစုတွင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်စွမ်းရှိသော သွမ့်မုချွယ်မှာ မှင်တက်သွားရ၏။ ထို့နောက် သူသည် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။

” ကြည့်ရတာ သူတို့တွေက ‌လူစုပြီးတော့ ကျင့်ကြံခြင်းပညာရပ်တွေက တစ်ခါတည်း ပေးပို့နေကြတာထင်ပါတယ်။ ဒီကလေးတွေက ငယ်ပါသေးတယ်ကွာ။ ဒီလို လုပ်လိုက်လို့ ပြည်ထောင်စုကြီးထဲမှာ ဘယ်လောက်အထိ ယောက်ယက်ခတ်သွားကြမလဲဆိုတာကို သူတို့က မသိကြဘူးလားကွ ” သွမ့်မုချွယ်မှာ ခေါင်းယမ်းကာ ဆိုလိုက်၏။ ထိုအချိန်တွင် လီရှင်းဝမ်မှာ မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။ သူ၏ ခန့်မှန်းချက်မှာ သွမ့်မုချွယ်နှင့် မတူပေ။ ထို မန္တန်အစီအရင်ကြီးဆီမှ ထွက်ပေါ်လာနေသည့် ဝိညာဉ်စွမ်းအင်များမှာ လျော့ကျသွားခြင်းမရှိဘဲ တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာနေသည်ကို သူက အာရုံခံမိလိုက်သဖြင့် ရုတ်တရက်ဆိုသလို ရေရွတ်မိလိုက်၏။

” ကျောက်စိမ်းပေလွှာတွေ ထပ်ပြီးတော့ ရောက်လာနေတုန်းပဲ ”

သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် ဆဋ္ဌမမြောက်၊ သတ္တမမြောက်နှင့် အဋ္ဌမမြောက် ကျောက်စိမ်းပေလွှာများ ထပ်၍ ပေါ်ပေါက်လာကြတော့သည်။ ကျောက်စိမ်းပေလွှာ ဆယ့်ငါးခုတိတိ ပေါ်ပေါက်လာပြီးနောက် မန္တန်အစီအရင်ကြီးထဲမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ အလင်းလက်ဆုံး တောက်ပသွားကြ၏။

စုစုပေါင်း ကျောက်စိမ်းပေလွှာ ဆယ့်ငါးခုတိတိ ရှိနေ၏။ ၎င်းတို့မှာ မန္တန်အစီအရင်ကြီး၏ အထက်တွင် ရစ်ဝဲနေကြပြီး ၎င်းတို့တစ်ခုချင်းစီတိုင်းမှာ တမူထူးခြားသော စွမ်းအင်အမှတ်အသားများအား ထုတ်လွှတ်နေကြ၏။ ထိုမြင်ကွင်းကြောင့် သွမ့်မုချွယ်မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ လီရှင်းဝမ်ပင်လျှင် ပင့်သက်များရှိုက်မိသွား၏။

အမှန်အတိုင်းဆိုရမည်ဆိုလျှင် လွန်ခဲ့သည့်ခြောက်လအတွင်း ပြည်ထောင်စုပျိုးပင်များဆီမှ သူတို့ လက်ခံရရှိခဲ့သည့် ကျင့်ကြံခြင်းပညာရပ် အရေအတွက် စုစုပေါင်းမှာ ဆယ့်ငါးခု ရှိပေသည်။ ယခုတွင်မူ သူတို့မှာ ကျင့်ကြံခြင်းပညာရပ် ဆယ့်ငါးခုအား တစ်ပြိုင်နက်တည်း လက်ခံရရှိလိုက်ခြင်းဖြစ်၏။ သို့ဖြစ်ရာ သူတို့မှာ စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်ကြတော့ပေ။ သူတို့နှစ်ယောက်တည်းသာ အံ့သြတုန်လှုပ်နေကြသည်တော့မဟုတ်ပေ။ ထိုနေရာ၌ အစောင့်တာဝန်ကျနေသည့် ကျင့်ကြံသူများအားလုံးပင်လျှင် တအံ့တဩ ဖြစ်သွားကြပြီး ဆွံ့အမှင်တက်သွားကြတော့သည်။

သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့မှာလည်း စိတ်နှလုံးများ လှုပ်ရှားနေရပြီဖြစ်သည်။ သူတို့မှာ ထို ကျောက်စိမ်းပေလွှာ ဆယ့်ခါးခုအား စုစည်းလိုက်ကြပြီး တစ်ခုချင်းစီ ကြည့်ရှုစစ်ဆေးလိုက်ကြ၏။ ထိုအခါ သူတို့မှာ အသက်ရှူသံများမြန်ဆန်လာပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြတော့သည်။

” ငါ့ဆီက ကျင့်ကြံခြင်းပညာရပ်တွေ အကုန်လုံးက ဝမ်ပေါင်လဲ့ ပို့ပေးလိုက်တဲ့ဟာတွေ… ” သွမ့်မုချွယ်မှာ ချီတုံချတုံနှင့် ဆိုလိုက်၏။ ထို့နောက် သူသည် လီရှင်းဝမ်၏ လက်ထဲမှ ကျောက်စိမ်းပေလွှာများအား စိုက်ကြည့်နေလိုက်တော့သည်။

” ငါ့ဆီက ကျင့်ကြံခြင်းပညာရပ်တွေ အကုန်လုံးကလည်း… ဝမ်ပေါင်လဲ့ ပို့လိုက်တဲ့ ဟာတွေချည်းပဲ… ” လီရှင်းဝမ်မှာ ချောင်းဟန့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

သွမ့်မုချွယ်မှာ ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်သောကြောင့် ထိုစကားကိုကြားရရန် အဆင်သင့်ဖြစ်နေခဲ့ပြီးသား ဖြစ်သည်။ သို့သော် သူသည် လီရှင်းဝမ်၏နှုတ်မှ ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရဆဲပင်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ အခြေအနေများနှင့်ပတ်သက်၍ မော့ကျောင်းကျိအား အသေးစိတ် မေးမြန်းထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းပညာရပ် ဆယ့်ငါးခုအား တစ်ကြိမ်တည်း ပေးပို့နိုင်စွမ်း ရှိနေခြင်းမှာ မည်မျှအထိ အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းကြောင်းကို သိရှိနားလည်ထားပြီးသား ဖြစ်သည်။ သို့သော် သူသည် ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေရမှ သတိပြန်လည်လာပြီးနောက် နှလုံးသားထဲ၌ ပျော်ရွှင်ကျေနပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

” ဒီ ကျင့်ကြံခြင်းပညာရပ် ဆယ့်ငါးခုနဲ့သာဆိုရင် ပြည်ထောင်စုကြီးရဲ့ ကျင့်ကြံခြင်းလူမှုအဖွဲ့စည်းက နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားနိုင်တော့မှာ ” သွမ့်မုချွယ်မှာ ကျောက်စိမ်းပေလွှာများအား သူ၏လက်ထဲတွင် ဆုပ်ကိုင်ရင်း ဟက်ဟက်ပက်ပက် ရယ်မောကာ ကြိမ်းဝါးလိုက်၏။ လီရှင်းဝမ်၏ မျက်ဝန်းများတွင်လည်း ကျေနပ်အားရမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရတော့သည်။ သူသည် အံ့ဩတုန်လှုပ်နေရသလို နှလုံးသားထဲ၌ ဂုဏ်ယူဝင့်ကြွားနေသည့် ခံစားချက်များလည်း ပေါ်ပေါက်လာရ၏။ ထို့‌နောက် သူ ဝမ်ပေါင်လဲ့အား ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့ရသည်မှာ အလကားမဟုတ်တော့ကြောင်း မှတ်ယူလိုက်သည်။ သူသည် ထိုကောင်လေးအတွက် ဂုဏ်ယူနေရပြီမဟုတ်ပါလော။ ထို့ကြောင့် လီရှင်းဝမ်မှာ သွမ့်မုချွယ်အား လှမ်းကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။

” သွမ့်မု။ ဝမ်ပေါင်လဲ့ ပြန်ရောက်လာတဲ့အချိန်ကျရင် မင်း ရာထူးဖယ်ပေးရလောက်တယ် ”

သွမ့်မုချွယ်မှာ ထိုစကားကိုကြားလိုက်ရသောအခါ ရယ်မောသံများ ရပ်တန့်သွားရ၏။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌရာထူးအား လွမ်းဆွတ်တမ်းတနေမည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့ဆိုသည့် ဖက်တီးလေးတစ်ယောက် ဥက္ကဋ္ဌတစ်ယောက် ဖြစ်လာမည့် မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်တိုင်း ထူးဆန်းလွန်းနေသည်ဟု ခံစားနေရ၏။ ထို့‌ကြောင့် သူသည် စိတ်ထဲ၌ တွက်ချက်မှုအချို့ပြုလုပ်လိုက်ပြီးနောက် ထိုဖက်တီးလေးမှာ ဥက္ကဋ္ဌရာထူးအား ရရှိနိုင်ရန် အတွက်ဆိုလျှင် အနည်းဆုံး ကျင့်ကြံခြင်းပညာရပ် အခုသုံးဆယ်ကျော် ပေးပို့ရမည်ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူ့ဆီတွင် ဆင်ခြေတစ်ခု ရှိနေပြီးသားဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုဥက္ကဋ္ဌကြီးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရန် အသက်ငယ်လွန်းနေသေးသည် မဟုတ်ပါလော။

သွမ့်မုချွယ်မှာ ထိုသို့တွေးလိုက်ပြီးမှ စိတ်အေးသွားရပြီး မောက်မာဝင့်ကြွားစွာ ရယ်မောကာ ဆိုလိုက်၏။

” ဝမ်ပေါင်လဲ့ ဥက္ကဋ္ဌရာထူးလိုချင်ရင် ဒီထက်ပိုပြီးတော့ ကြိုးစားဖို့လိုပါသေးတယ်။ အဲဒီနေ့ကို ရောက်လာဖို့ ငါမျှော်လင့်နေပါတယ်ကွာ ” သွမ့်မုချွယ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ပြည်ထောင်စုကြီးတစ်ခုလုံး သိသွားအောင် ကြေညာချက်ထုတ်ပြန်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ထိုအခါ ပြည်ထောင်စုထဲမှ တိုင်းသူပြည်သားအားလုံးမြင်နေရသည့် အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် အဆင့်တစ်နေရာ၌ရှိနေခဲ့သော လီယီမှာ ချက်ချင်းဆိုသလိုပင် အဆင့်နှစ်နေရာသို့ ပြန်ကျသွား၏။ ဝမ်ပေါင်လဲ့မှာ သူမအား နောက်ထပ်တစ်ကြိမ်ထပ်၍ ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့၏ အမည်၏ နောက်တွင်ရှိနေသော နံပါတ်မှာလည်း သုံးမှ ဆယ့်ရှစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် ပြည်ထောင်စုကြီးထဲမှ လူတိုင်းမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားကြ၏။ တိုင်းသူပြည်သားအားလုံး ပင့်သက်များ ရှိုက်မိသွားကြပြီး အော်ဟစ်အားပေးနေကြသောကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ဆူညံပွက်လော ရိုက်နေတော့သည်။

ပြည်သူလူထုမှာ ပြည်ထောင်စုပျိုးပင်များ ပေးပို့ခဲ့သည့် ကျင့်ကြံခြင်းပညာရပ်များအား ချက်ချင်းလက်ငင်း လေ့လာခွင့်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ့အား အော်ဟစ်အားပေးနေကြသည့် အသံများကို မကြားနိုင်ပါသော်လည်း ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်လိုတော သူ၏ စိတ်ကူးအိမ်မက်များမှာ ယိမ်းယိုင်သွားခြင်းမရှိပေ။ ထိုအချိန်တွင် သူသည် သွမ့်မုလေး၏ အကျင့်စရိုက်အကြောင်းကို တွေးတောမိလိုက်သဖြင့် သူ့အား ရာထူးမှဖယ်ခိုင်းရန် အလွယ်တကူ ဖိအားပေး၍ ရမည်မဟုတ်ကြောင်း ရိပ်မိသွား၏…

” ကျင့်ကြံခြင်းပညာရပ် အခုသုံးဆယ်တည်းနဲ့ဆိုရင် မလောက်လောက်သေးဘူး။ ဒူးလောက်တင်မှ ရင်လောက်ကျမှာ။ အဲတာမလို့ ကျင့်ကြံခြင်းပညာရပ် အခုငါးဆယ်လောက် ပို့ပေးလိုက်မှဖြစ်မယ်။ အဲဒီအခါကျ သွမ့်မုလေး ရာထူးက ဖယ်ပေးမလားဆိုတာ ကြည့်ကြတာပေါ့။ မဟုတ်သေးပါဘူး။ သူက ရာထူးကနေ ဖယ်ပေးတာမဟုတ်ဘူး။ အရည်အချင်းပိုရှိတဲ့ လူတစ်ယောက်ဆီကို ရာထူးလွှဲပေးသလို ဖြစ်နေမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်ဓာတ်များတက်ကြွလာ၏။ သူသည် ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီမှ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ဝန်းရံနေသည့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ပေါ်ပေါက်လာကြသည်။ သူတို့မှာ သာမန် ကျင့်ကြံသူများမဟုတ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ သူတို့မှာ တောင်ထိပ်ပေါ်တွင်ရှိသော ပင်မခန်းမများထဲမှ ပြေးဆင်းလာကြပြီး ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ဝန်းရံလိုက်ကြ၏။ ထို့နောက် သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းများနှင့် ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်ကြသဖြင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေကြတော့သည်။

သူတို့အား ဦးဆောင်လာသည့် သက်လတ်ပိုင်းလူကြီး၏ မျက်နှာအမူအရာမှာ ခက်ထန်တင်းမာနေ၏။ သူသည် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် တည်ကြည်စွာဆိုလိုက်သည်။

” ဝမ်ပေါင်လဲ့။ မင်းတော့ ဒုက္ခလှလှတွေ့ပြီ။ ငါတို့နဲ့ လိုက်ခဲ့စမ်း “

Comment

Leave a Reply

Options

not work with dark mode
Reset