ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော် အသိအမှတ်ပြု တံဆိပ်ပြားများအား စုဆောင်းနေရသည်မှာ အကြောင်းအရင်းတစ်ခု ရှိရမည်ဖြစ်ကြောင်း တွေးမိလိုက်၏။ သူသည် မမလေး ပြန်နိုးလာချိန်တွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ရည်ရွယ်ထားခဲ့၏။ ထို့ကြောင့် ယခုတွင် သူသည် ချက်ချင်းပင်မေးမြန်းလိုက်တော့သည်။
” အသိအမှတ်ပြုတံဆိပ်ပြားတွေက လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်စားပြုတာ။ ကျယ်ပြန့်တာအိုနန်းတော်ထဲက နေရာအများစုကို လုပ်ပိုင်ခွင့်အာဏာ အတိုင်းတာတစ်ခုအထိရှိတဲ့ ဂိုဏ်းသားတွေပဲ သွားခွင့်ရှိတာ။ ငါ နင့်ကို ကျယ်ပြန့်တာအိုနန်းတော်အစစ်ရဲ့ မှတ်တမ်းတွေ ကူရှာပေးမယ်။ တခြားလူတွေရဲ့ အသိအမှတ်ပြုတံဆိပ်ပြားတွေကို အသုံးပြုပြီးတော့လည်း သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးခွင့်ပြုခွင့်ရှိတယ်။ ဟို အတွင်းစည်းဂိုဏ်းသားသုံးယောက်လည်း အဲလိုလုပ်ဖို့ ကြံနေတာပဲဖြစ်မှာ။ ဒါပေမဲ့ အဲလို လုပ်နိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့နာမည်က မှတ်တမ်းတွေထဲမှာ ရှိနေဖို့လိုတယ် ” မမလေးမှာ အရေးမပါသည့် ကိစ္စလေးတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသည့် လေသံဖြင့် ပြန်ဖြေလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရသည်။ မမလေးမှာ အသေးစိတ်မရှင်းပြခဲ့သည့်တိုင်အောင် သူသည် သူ၏ စိတ်ကူးစိတ်သန်းဖြင့် ပုံဖော်ကြည့်လိုက်၏။ ထို့နောက် သူသည် သွေးပင်လယ်ထဲတွင်ရှိနေသော ရုပ်အလောင်းကြီးအား နှမြောတသနှင့် ငေးကြည့်နေမိတော့သည်။ နောက်ဆုံးတွင် အစိမ်းရောင်မီးခိုးများမှာ ထိုနယ်မြေထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။ ၎င်းတို့မှာ ပြန်လည်စုဝေးသွားကြပြီးနောက် အဝေးသို့ ပျံထွက်သွား၏။ သို့သော် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်ကြီးသာ ထိုမီးခိုးများနှင့်အတူ ပါသွားခဲ့သည်။ သူ၏ အတွေးများမှာမူ တိုက်ပွဲရမှတ် အမှတ်နှစ်သိန်းတိတိ တန်ကြေးရှိသော ရုပ်အလောင်းကြီးဆီ၌ ကျန်ရစ်နေခဲ့ဆဲပင်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး အစိမ်းရောင်မီးခိုးများမှာလည်း တဖြည်းဖြည်းနှင့် ပါးလာ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ ဓားရိုးပိုင်းနှင့် ဓားကိုယ်ထည်ပိုင်းတို့အား ပိုင်းခြားထားသည့် နယ်စပ်ဒေသသို့ ရောက်ရှိလာပြီးနောက် လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။ သူတို့သုံးယောက်မှာ အချုပ်အနှောင်များမရှိသော တောင်ထိပ်တစ်ခုပေါ်၌ ရပ်နေကြ၏။ ဝမ်ပေါင်လဲ့မှာမူ ခံစားချက်မျိုးစုံ ရောယှက်နေသည့် မျက်ဝန်းများဖြင့် နောက်သို့လှည့်ကြည့်နေဆဲပင်။
” ငါတို့တွေ… ပြန်ရောက်လာပြီပဲ ” ကျိုးရိဖန်းမှာ သက်ပြင်းချလိုက်၏။ သူတို့မှာ ထိုခရီးစဉ်တစ်လျှောက်လုံး၌ အဖြစ်အပျက်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ သူတို့အတွက် အံ့ဩဖွယ်ရာ စွန့်စားခန်းကြီးတစ်ခု ဖြစ်ခဲ့သည်ဟု သတ်မှတ်နိုင်ပေသည်။ အသည်းငယ်သူများသာဆိုလျှင် ခရီးလမ်းတစ်ဝက်လောက်၌ ကြောက်စိတ်များကြောင့် သေဆုံးနေခဲ့လောက်ပြီဖြစ်သည်။
ကျောက်ယမုန့်မှာလည်း အသက်ပြင်းပြင်းရှူလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေသည်။ သူမသည် ဤခရီးစဉ်ကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်မဟုတ်ပါလော။ အထူးသဖြင့် သူမသည် ထာဝရစင်မြင့်ကြီး၏အကြောင်းကို ခေါင်းထဲမှ မထုတ်နိုင်လောက်အောင် ဖြစ်နေရသည်။ သူမသည် ထိုကိစ္စနှင့်ပတ်သက်၍ အပြည့်အဝ နားမလည်သေးသည့်တိုင်အောင် အနည်းငယ်ခန့် ဉာဏ်အလင်းပွင့်လာပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက်သာ နောက်သို့လှည့်ကြည့်နေပြီး သူ၏မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တဖြည်းဖြည်းချင်း တောက်ပလာ၏။
” ငါ ဆုံးဖြတ်ပြီးသွားပြီ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမယ့်အချိန်အထိ စောင့်နေနှင့်အုံးပေါ့။ အဲဒီ အကြီးအကဲကြီးရဲ့ အသိအမှတ်ပြုတံဆိပ်ပြားကို ရအောင်ယူပြမယ်။ ငါ လမ်းမှတ်မိတယ်ကွ ” ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ ကြိမ်းဝါးလိုက်၏။ သူ ထိုသို့ဆိုလိုက်သောအခါ ကျိုးရိဖန်းမှာ မျက်ဝန်းများထဲ၌ ရိုသေလေးစားမှု အရိပ်အယောင်များ တောက်ပလာပြီး ဝမ်ပေါင်လဲ့အား ပခုံးပုတ်ကာ ဆိုလိုက်တော့သည်။
” ပေါင်လဲ့။ မင်းက သေလမ်းကို ရွေးလိုက်တာပဲကွ။ နောက်ပြန်လှည့်လို့ရမှာ မဟုတ်ဘူးနော် ”
ကျောက်ယမုန့်ပင်လျှင် ခေါင်းယမ်းကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူတို့၏ အမူအရာများကြောင့် သက်ပြင်းချမိသွားသည်။ သူသည် ထိုအကြီးအကဲကြီး၏ အသိအမှတ်ပြုတံဆိပ်ပြားအား ရယူနိုင်ရန်မှာ လုံးဝနီးပါးမဖြစ်နိုင်ကြောင်း သိထား၏။ သို့သော်လည်း သူ၏ ကြိုးစားကြည့်ချင်စိတ်များကို မဖျောက်နိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် အပြန်လမ်းတစ်လျှောက်လုံးတွင် သူ၏ အမူအရာမှာ ရီဝေဝေ ဖြစ်နေခဲ့၏။
ကံကောင်းစွာဖြင့် သူတို့မှာ နယ်စပ်ဒေသအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ခေါင်းမော့ကြည့်လိုက်ကြသောအခါ မလှမ်းမကမ်းတွင် ဧရာမ အကာအရံကြီးကို လှမ်းမြင်လိုက်ရ၏။ သူတို့ရောက်နေသည့်နေရာတွင် အန္တရာယ်သိပ်မရှိသောကြောင့် သူတို့မှာ ရှေ့သို့ပြေးထွက်သွားလိုက်ကြပြီး ခဏအကြာတွင် အကာအရံကြီးအား ကျော်ဖြတ်ကာ ဓားကိုယ်ထည်ပိုင်းအား နောက်တွင် ချန်ရစ်ခဲ့လိုက်ပြီးနောက် ဓားရိုးပိုင်းထဲသို့ ဝင်ရောက်သွားကြတော့သည်။
ထိုအခါ ဓားကိုယ်ထည်ပိုင်းထဲမှ လေများထက် အတော်အသင့် ပို၍အေးမြသည့် လေအေးများမှာ သူတို့အား ဖြတ်၍ တိုက်ခတ်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ခန္ဓာကိုယ်အား လှုပ်ယမ်းကာ စိတ်ကိုတည်ငြိမ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် အကောင်းဆုံးကြိုးစားကာ အသက်မရှိတော့သော အကြီးအကဲကြီး၏ ရုပ်အလောင်းပေါ်ရှိ သိုလှောင်အိတ်ကြီးအကြောင်းကို မေ့ထားလိုက်တော့သည်။ ထိုသို့ဖြင့် သူတို့သုံးယောက်မှာ ငါးကြိမ်တိတိ တည်နေရာပြောင်းရွှေ့လိုက်ကြပြီးနောက် နောက်ဆုံးတွင် ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်ရှိလာတော့သည်။
သူတို့မှာ ပြည်ထောင်စုပျိုးပင်များအားလုံး အသုံးပြုသော ဒေသတွင်းသုံး ဝိညာဥ်ကွန်ရက်အား ဖွင့်လိုက်ကြသောအခါ သူတို့သုံးယောက် ထွက်ခွာလာခဲ့သည်မှာ ခြောက်လတိတိ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းမှာ ကျင့်ကြံသူများအတွက် ရှည်ကြာသော အချိန်ကာလတစ်ခု မဟုတ်ပေ။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် ဓားကိုယ်ထည်ပိုင်းထဲသို့ တာဝန်များ သွားရောက်ထမ်းဆောင်သည့် ကျင့်ကြံသူများအတွက် ခြောက်လဆိုသည့် ကြာချိန်မှာ ပုံမှန်ဖြစ်သည်။ အချို့သူများဆိုလျှင် ပို၍ပင် ကြာမြင့်တတ်ကြသေးသည်။ သို့သော် သူတို့မှာ ထိုခြောက်လအတွင်းတွင် အတွေ့အကြုံ မြောက်မြားစွာရရှိခဲ့၏။
အကယ်၍ သူတို့မှာ သူတို့၏ အတွေ့အကြုံများကို အခြားသူများအား ပြောပြလိုက်မည်ဆိုပါက မည်သူကမှ ယုံကြည်ကြမည်မဟုတ်ပေ။ သူတို့သုံးယောက်မှာလည်း ထိုကိစ္စနှင့်ပတ်သတ်သည့် အကြောင်းအရာများကို လက်လွတ်စပယ် ထုတ်ပြောရလောက်အောင်အထိ တုံးအကြသူများ မဟုတ်ပေ။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်ရောက်လာကြပြီးနောက် သူတို့၏ ကျွန်းများဆီသို့ ချက်ချင်း ပြန်သွားကြ၏။ သူတို့မှာ အကျိုးအမြတ်မြောက်များစွာ ရရှိခဲ့သည်ဖြစ်ရာ တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ပြီးနောက် အနာဂတ်အတွက် အစီအစဉ်များချမှတ်ရန် လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာလည်း နောက်ဆုံးတွင် သူ၏ လောဘစိတ်များအား ချုပ်တည်းသွားနိုင်ခဲ့၏။ ထို့ကြောင့် သူသည် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ပြီး ပထမဦးဆုံးအနေနှင့် သူ ရရှိခဲ့သော အသိအမှတ်ပြု တံဆိပ်ပြားများအား တိုက်ပွဲများဖြင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် ပစ္စည်းအမြောက်အများ ရှာဖွေစုဆောင်းမိခဲ့သည်ဖြစ်ရာ အခြားသူများက သူ့အား သေချာပေါက် သတိထားမိသွားကြမည်သာ ဖြစ်သည်။ ထို့အပြင် သူသည် အတွင်းစည်းဂိုဏ်းသားတစ်ယောက်၏ အမှတ်ပြုတံဆိပ်ပြားတစ်ခုကိုပါ ပိုင်ဆိုင်ထားသည်ဖြစ်ရာ တိုးတိုးတိတ်တိတ် လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရဲစွန့်ရန်ဆုံးဖြတ်လိုက်ပြီး တာဝန်ကျောက်ပြားကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
ထိုနေရာတွင် လူပြတ်သည့်အချိန်ဟူ၍ မရှိသည့်ပုံပင်။ ကျောက်ပြားကြီး၏ ပတ်ပတ်လည်တွင် ကျင့်ကြံသူများဖြင့် အမြဲတစေ ပြည့်နှက်နေတတ်၏။ ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုကို မည်သူကမှ အဖက်မလုပ်ကြပေ။ သူသည် ကျောက်ပြားကြီးဆီသို့ ချဉ်းကပ်သွားလိုက်ပြီး သူ ကြိုးကြိုးစားစား ရှာဖွေထားသည့် အသိအမှတ်ပြုတံဆိပ်ပြားများ တိုက်ပွဲရမှတ်များနှင့် လဲလှယ်ရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်မှ ဆူညံသံများအားလုံးမှာ တဖြည်းဖြည်းနှင့် တိုးသွားကြ၏။ ထို့နောက် အရာအားလုံးမှာ ရုတ်တရက်ဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရပြီး နောက်သို့လှည့်ကြည့်လိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် လူများမှာ အသက်ရှူသံများ ရပ်တန့်သွားကြပြီး မလှမ်းမကမ်းရှိ သူတို့ဆီသို့ ဦးတည်လာနေသော လူရိပ်ကြီးတစ်ခုအား ငေးကြည့်နေကြသည်ကို မြင်လိုက်ရတော့သည်။
၎င်းမှာ လူငယ်လေးတစ်ယောက်ဖြစ်၏။ သူသည် အရပ်မြင့်ကာ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူ၏ အနက်ရောင်ဆံပင်ရှည်များမှာ လေထဲ၌ မျောလွင့်နေ၏။ သူသည် အနီးရောင်ဝတ်ရုံများကို ဆင်မြန်းထားသောကြောင့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ တစ်စုံတစ်ယောက်၏ တပည့်ရင်းတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေပြီး သူ၏ မျက်ဝန်းများမှာ ခံစားချက်ကင်းမဲ့နေ၏။ သူ၏ ရုပ်ရည်ချောမောသော မျက်နှာလေးမှာလည်း ရေခဲတမျှ အေးစက်နေသည်။
သူ၏ ကိုယ်ဟန်အမူအရာမှာ မောက်မာဝင့်ကြွားနေခြင်းမရှိသလို သူသည် မည်သည့် ဝိညာဉ်စွမ်းအင်ကိုမှလည်း ထုတ်လွှတ်နေခြင်းမရှိပေ။ သူ ကောင်းကင်ပေါ်မှ ဆင်းသက်လာသောအခါ သူ၏ရှေ့တွင်ရှိနေကြသည့် လူများမှာ သူ့အား လမ်းဖယ််ပေးလိုက်ကြ၏။ ထို့နောက် သူတို့မှာ သူ၏မျက်ဝန်းများအား စိုက်မကြည့်ရဲကြသဖြင့် ခေါင်းများငုံ့ကာ သူ့အား အရိုအသေပေးလိုက်ကြသည်။
” ဂိုဏ်းတူအစ်ကို ဒူဂူလင်းပဲ ”
” သူက အကြီးအကဲကြီး မြဲ့လျဲ့ကျိရဲ့ နံပါတ်တစ် တပည့်ရင်းလေ ”
” သူက ဓားကိုယ်ထည်ပိုင်းထဲမှာ တစ်ယောက်တည်း လှည့်လည်သွားလာရင်းနဲ့ပဲ သူ့ရဲ့ အချိန်အများစုကို ကုန်ဆုံးစေတာလို့ ငါ ကြားထားတယ် ”
သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသောလူများမှာ တီးတိုးပြောဆိုနေကြ၏။ အခြားသူများမှာ သူ့ဆီမှ အေးစက်စက်အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ဟု အာရုံခံမိနေကြပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ မြဲ့လျဲ့ကျိ၏ နံပါတ်တစ် တပည့်ရင်းဖြစ်သည့် ဒူဂူလင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလွန်အင်မတန်မှ အားကောင်းသော အမျက်ဒေါသများ ဝန်းရံနေသည်ကို အာရုံခံမိလိုက်သည်။ ထို အမျက်ဒေါသများမှာ ဒူဂူလင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူ ကျုးလွန်ခဲ့သည့် သတ်ဖြတ်မှုပေါင်းမြောက်မြားစွာကြောင့် အငွေ့အသက်များအဖြစ် စုဝေးနေကြခြင်း ဖြစ်၏။
” အားကောင်းလိုက်တဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်ခုပါလား ” ဝမ်ပေါင်လဲ့မှာ အမူအရာ တည်ကြည်နေဆဲပင်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည် ယွင်ဖျောင်ကျိနှင့် ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်တို့မှတစ်ဆင့် ကျယ်ပြန့်တာအိုနန်းတော်၏ လူငယ်ပါရမီရှင် ငါးယောက်အကြောင်းကို ကြားသိထားပြီးသားဖြစ်သည်။
ထို လူငယ်ပါရမီရှင်ငါးယောက်စလုံးမှာ အကြီးအကဲကြီးသုံးယောက်၏ တပည့်ရင်းများဖြစ်ကြပြီ ဒူဂူလင်းမှာ သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ ကျန်သည့် လေးယောက်ထဲမှ နှစ်ယောက်မှာ ဖုန့်ချိုးရန်၏ တပည့်ရင်းများဖြစ်ပြီး အခြားနှစ်ယောက်မှာ ယိုရန်၏ တပည့်ရင်းများဖြစ်ကြသည်။
သူတို့အားလုံးမှာ အမြုတေထိပ်ဆုံးအဆင့်၌ ရှိနေကြပြီး တုနိုင်းမမီလောက်အောင် ပါရမီပါကာ အရည်အချင်းများနှင့် ပြည့်စုံကြ၏။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် လူလုံးထွက်ပြလေ့ သိပ်မရှိပါသော်လည်း သူတို့ ပေါ်ပေါက်လာသည့်အချိန်တိုင်း သူတို့၏ ဘေးပတ်ပတ်လည်ရှိ လူတိုင်း၏ အာရုံများကို ဖမ်းစားနိုင်စွမ်းရှိကြပေသည်။
လူအုပ်ကြီးတစ်ခုလုံးမှ အံ့ဩမှင်တက်နေကြစဉ် ဒူဂူလင်းမှာ အသက်မပါသည့် မျက်နှာမူအရာဖြင့် ကျောက်ပြားကြီးဆီသို့ လျှောက်လှမ်းလာ၏။ ထို့နောက် သူသည် သူ၏လက်ကိုဝှေ့ယမ်းကာ အသိအမှတ်ပြုတံဆိပ်ပြား အမြောက်အမြားကို ထုတ်ယူလိုက်ပြီး တိုက်ပွဲရမှတ်များဖြင့် ချက်ချင်းလဲလှယ်လိုက်တော့သည်။ ထိုအခါ ဧရာမကျောက်ပြားကြီးမှာ လင်းလက်တောက်ပလာ၏။ ထိုလူငယ်လေးမှာ အသိအမှတ်ပြုတံဆိပ်ပြား အများကြီး လဲလှယ်လိုသောကြောင့် ကျောက်ပြားကြီးမှာ တွက်ချက်မှုအချို့ ပြုလုပ်နေရခြင်းဖြစ်သည်။
ဒူဂူလင်းတစ်ယောက် အသိအမှတ်ပြု တံဆိပ်ပြားများ လွှဲပြောင်းပေးလိုက်ပြီးနောက် ဆွေးနွေးငြင်းခုံသံများဖြင့် ပြန်၍ ဆူညံလာ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုလဲလှယ်မှုအား တိတ်တဆိတ် စောင့်ကြည့်နေရင်း အံ့အားသင့်သွားရသည်။ ဒူဂူလင်းမှာ အဓိကဂိုဏ်းသား အသိအမှတ်ပြုတံဆိပ်ပြားများကို လဲလှယ်ခဲ့ခြင်းမရှိပါသော်လည်း အတွင်းစည်းဂိုဏ်းသား အသိအမှတ်ပြုတံဆိပ်ပြား ဆယ့်သုံးခုနှင့် အပြင်စည်းဂိုဏ်းသား အသိအမှတ်ပြုတံဆိပ်ပြား အခုတစ်ရာကျော်တို့ကို လဲလှယ်ခဲ့ခြင်းဖြစ်သည်။ ထို အရေအတွက်မှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။
သူ၏ လဲလှယ်မှုမှာ ဝမ်ပေါင်လဲ့နှင့် ယှဥ်နိုင်မည်မဟုတ်ပါသော်လည်း ဓားကိုယ်ထည်ပိုင်းမှာ မည်မျှအထိ အန္တရာယ်များကြောင်း ဝမ်ပေါင်လဲ့က သိထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ယခုလောက်များပြားသည့် အသိအမှတ်ပြုတံဆိပ်ပြားများကို စုဆောင်းနိုင်ခဲ့သည်ဖြစ်ရာ တားမြစ်နယ်မြေများထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့မှာ သူ့ကြောင့် သတိကြီးကြီးထားမိသွားပြီး သူ၏ အသိအမှတ်ပြုတံဆိပ်ပြားအား လောလောဆယ် လဲလှယ်မှု မပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူနှင့် ရန်ငြိုးမရှိသော လူတစ်ယောက်အား ရန်စကာ သွား၍ စိန်ခေါ်ခြင်းမှာ လုံးဝ အကျိုးမရှိနိုင်ပေ။
လဲလှယ်မည့် အသိအမှတ်ပြုတံဆိပ်ပြား အရေအတွက်မှာ အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားပါက ကျောက်ပြားကြီးမှာ စတင်တောက်ပလာသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သတိထားမိသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အသိအမှတ်ပြုတံဆိပ်ပြားများအား တစ်သုတ်ချင်းစီခွဲ၍ လဲလှယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော်လည်း သူ ထိုကဲ့သို့ လဲလှယ်လျှင်တောင် လူအချို့မှာ သတိထားမိသွားကြဦးမည်ဖြစ်ကြောင်း သိထား၏။
ဝမ်ပေါင်လဲ့မှာ ဒူဂူလင်း ထွက်ခွာသွားပြီးသည့်တိုင်အောင် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဆက်၍ နေရစ်ခဲ့၏။ ထို့နောက် သူသည် ကျောက်ပြားကြီးဆီသို့ ပြန်ရောက်လာပြီး သူ၏ အသိအမှတ်ပြုတံဆိပ်ပြားများအား တစ်သုတ်ချင်းစီခွဲ၍ လဲလှယ်နေလိုက်တော့သည်။ သူသည် အဓိကဂိုဏ်းသား၏ အသိအမှတ်ပြုတံဆိပ်ပြားအား နောက်ဆုံးမှ လဲလှယ်လိုက်၏။ ထိုအခါ ကျောက်ပြားကြီးမှာ စတင်တောက်ပလာသဖြင့် လူအုပ်ကြီးမှာ မှင်တက်သွားကြတော့သည်။
” စောစောတုန်းက လူတစ်ယောက် တိုက်ပွဲရမှတ်တွေအများကြီး လဲလှယ်လိုက်တယ်ဟေ့။ ကျောက်ပြားကြီးရဲ့ အလင်းရောင်အနေအထားကိုကြည့်ရင် သူက တိုက်ပွဲရမှတ် အမှတ်တစ်သောင်းဖိုးလောက် အနည်းဆုံး လဲလှယ်ခဲ့တာ ဖြစ်ရမယ် ”
” ဘယ်သူကများ အဲလို လဲလှယ်နိုင်ခဲ့ရတာလဲ ”
ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားကာ လှုပ်ရှားနေသောကြောင့် ထိုကဲ့သို့ လဲလှယ်နေသည်လူမှာ သူဖြစ်နေသည်ကို အခြားမည်သူကမှ သတိမထားမိခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်မှ လူများ ဆူညံပွက်လောရိုက်စွာ ဆွေးနွေးငြင်းခုံနေကြသည်ကို ကြည့်ရင်း စောင့်ဆိုင်းနေလိုက်၏။ သူသည် အံ့အားသင့်နေသည်ပုံစံပင် ဟန်ဆောင်ခဲ့သေးသည်။ အချိန်အနည်းငယ်ခန့်ကြာပြီးနောက် သူသည် ခေါင်းယမ်းကာ ထွက်ခွာသွားတော့သည်။
သို့သော် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ သူသည် လဲလှယ်မှုများပြုလုပ်လိုက်ပြီးနောက် ရရှိလာသည့် တိုက်ပွဲရမှတ်များကို မြင်လိုက်ရသောအခါ စိတ်ထဲ၌ ကျေနပ်အားရသွား၏။
သူသည် တိုက်ပွဲရမှတ် အမှတ်လေးသောင်းတိတိ စုစည်းပြီးသွားပြီဖြစ်သည်။
၎င်းမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ပင် အလွန်အင်မတန်မှများပြားသော ပမာဏတစ်ခုဖြစ်ပေသည်။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် တိုက်ပွဲရမှတ်များမှာ အဖိုးတန်ပစ္စည်းများ ဖြစ်ကြ၏။ အသိအမှတ်ပြုတံဆိပ်ပြား အပ်နှင်းရသည့် တာဝန်များမှလွဲ၍ အခြားတာဝန်များ ချီးမြှင့်သည့် တိုက်ပွဲရမှတ် ပမာဏမှာ အလွန်အင်မတန်မှ နည်းပါးပေသည်။ ထို့အပြင် စဉ်ဆက်မပြတ် ကျင့်ကြံခြင်း လေ့ကျင့်လိုပါက တိုက်ပွဲရမှတ်များ အမြဲတစေ အသုံးပြုနေရန်လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာ လက်ထဲ၌ တိုက်ပွဲရမှတ် အလုံအလောက် ရှိနေပြီဖြစ်သောကြောင့် ကျယ်ပြန့်ပညာရပ်အဆောင်ဆီသို့ ပျော်ရွှင်မြူးထူးစွာ သွားလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး တိုက်ပွဲရမှတ် အမှတ်တစ်ထောင်စီ တန်ကြေးရှိသော ကျင့်ကြံခြင်းပညာရပ် ဆယ့်ငါးခုအား ဝယ်ယူလိုက်၏။ သို့သော် သူသည် အနည်းငယ်ခန့် နောင်တရသွားရသည်။ သူသည် အဆုံးမဲ့ပညာရပ်မျက်လုံးထဲ၌ အမွေအနှစ်ပညာရပ်ပေါင်းမြောက်များစွာကို ရရှိခဲ့ပါသော်လည်း ၎င်းတို့မှာ သူ၏အသိစိတ်ထဲ၌သာ ရှိနေသေးသည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ၎င်းတို့အား ကျောက်စိမ်းပေလွှာများပေါ်သို့ လွှဲပြောင်းနိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် သူသည် ထိုပညာရပ်များအား ပြည်ထောင်စုကြီးဆီသို့ ပေးပို့နိုင်ဦးမည် မဟုတ်ပေ။
ဂူဗိမာန်ကြီးထဲမှ သူတို့သုံးယောက် ရယူနိုင်ခဲ့သော ပညာရပ်များကိုမူ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့နှစ်ယောက်က လေ့ကျင့်နေကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူတို့၏ မိတ်ဆွေတစ်ယောက်အနေနှင့် ထိုပညာရပ်များအား အလွယ်တကူ ဝေမျှပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးလိုက်ပြီးနောက် တိုက်ပွဲရမှတ်များ အသုံးပြုကာ ကျင့်ကြံခြင်းပညာရပ်အသစ်များ ရယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
” ထားပါတော့။ အခု ငါက ဘောစိဖြစ်နေပြီပဲ။ တိုက်ပွဲရမှတ် အမှတ်တစ်သောင်းငါးထောင်ထဲပါ။ အများကြီး မဟုတ်ပါဘူး။ ပြီးတော့ ငါ့ရဲ့ ဝိညာဉ်လှေတွေလည်း ကျန်သေးတာကို။ အဲဒီလှေတွေကိုရောင်းပြီးရင် တိုက်ပွဲရမှတ်တွေ အများကြီးပြန်ရဦးမှာ။ လွန်းခဲ့တဲ့ခြောက်လတုန်းက ယွင်ဖျောင်ကျိက ကမ်းလှမ်းမှုတစ်ခု ရထားတယ်လို့ ငါ့ကို ပြောခဲ့တာ။ ခဏနေရင် သူ့ဆီကို အကျိုးအကြောင်း သွားမေးလိုက်မယ်။ အမြတ်တွေ အများကြီး ရလောက်ပါတယ် ” ဝမ်ပေါင်လဲ့မှာ သူသည် အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝနေပြီဖြစ်ကြောင်း တွေးတောကာ သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ ထို့ကြောင့် သူသည် လက်တွန့်နေခြင်း မရှိဘဲ သူ၏ တိုက်ပွဲရမှတ်များကို အသုံးပြုကာ ကျင့်ကြံခြင်းပညာရပ် ဆယ့်ငါးခုနှင့် လဲလှယ်လိုက်၏။ ထို့နောက် သူသည် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ချက်ချင်း ဦးတည်သွားလိုက်တော့သည်။
” သွမ့်မုလေး။ မင်းလိုချင်တဲ့ ပစ္စည်းတွေ ပို့လိုက်ပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွနေပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုသည့် ရာထူးမှာ သူနှင့် အလှမ်းမဝေးတော့ကြောင်း ခံစားနေရပြီ ဖြစ်သည်။
ပေါင်လဲစာစဉ်ကိုကြိုက်တာအဲ့တာတွေပဲ ဖန်တရာ
တေနေတဲ့ဇာတ်ကွက်တွေမလုပ်ဘူး သခင်လေးတွေနဲ့ရန်ဖြစ်နေရတဲ့ခပ်ညံ့ညံ့စာစဉ်မဟုတ်ဘူး