ပိုင်ရှောင်ချန်းမှာ မတရားစွပ်စွဲခံနေရသည်ဟု ခံစားနေရတော့သည်။ သူ၏ ကောင်းကင်တာအို ရွှေအမြုတေ၏ စွမ်းအားအကုန်ကို ချက်ချင်း ထုတ်လိုက်ပြီး သူ၏ ထာဝရ ကောင်းကင်ဘုရင်ကိုပင် ထုတ်သုံးလိုက်တော့သည်။ ထို့ကြောင့် သူသည် ရှေ့သို့ လျင်မြန်စွာ ရောက်သွားပါသော်လည်း ယုန်ထက်တော့ မမြန်သေးပေ။ ထို့အပြင် ယုံကလေးမှာ အလွန် ဥာဏ်များသော သတ္တဝါလေးဖြစ်၍ သူအနာကျင်ဆုံးဖြစ်မည့် နေရာကို ရွေးကာ ကန်တတ်လေသည်။
သူသည် အော်ငိုချင်စိတ်များပင် ပေါက်လာပြီး ယခုလေးတင် ရရှိထားသည့် တန်ဖိုးကြီးရတနာ သုံးခုကို ထုတ်သုံးရန်ပင် တွေးလိုက်တော့သည်။ သို့သော်လည်း သူဘာမှ မလုပ်နိုင်ခင် ယုန်ကလေးမှာ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်းကို ဆက်တိုက် ကန်ကျောက်နေသဖြင့် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာတော့သည်။
စိတ်တိုစရာအကောင်းဆုံးသည်ကား ယုန်ကလေးသည် သူ၏ မျက်နှာတည့်တည့်ကို ကန်ကျောက်လိုက်ခြင်းပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ရူးသွပ်တော့မည့်အလား ဖြစ်နေတော့သည်။ ယုန်ကလေးသည် သူ့အား တန်ဖိုးကြီး ရတနာများ အသုံးပြုခွင့်မပေးချေ။
” မင်းငါ့ကိုပဲ အပြစ်တင်နေလို့မရဘူးလေ။ မင်းပဲ စကားတွေကို ဆက်တိုက်လိုက်အော်နေပြီးတော့။ မင်း…မင်း…က တကယ့်ကို အနိုင်ကျင့်ဖို့လောက်သိတဲ့ ကောင်ပဲ။”
ထိုအခါ သူ၏ နောက်ဖက်ရှိ ယုန်ကလေးမှာ အော်ပြောလိုက်လေသည်။
” လူတိုင်းပြောတဲ့စကားတွေကို ငါလိုက်ပြောချင်တယ်လို့ မင်းကထင်နေတာလား။ သောက်ကျိုးနည်းကွာ… အဲ့အကြောင်း မင်းကို ဘယ်သူပြောခိုင်းလို့လဲ။ ဒါ..ဒါတွေအကုန်လုံးက မင်းကြောင့်ဖြစ်ရတာ။ ”
ယုန်ကလေးမှာ ပိုင်ရှောင်ချန်းကို ထပ်၍ ကန်ကျောက်နေတော့သည်။
” အကုန်လုံး မင်းကြောင့်ပဲ။ နောက်ဆုံးအခေါက်ကဆို အဆိုးဆုံး။ စကားကို တစ်ဝက်တစ်ပြတ် မင်းဘာလို့ပြောတာတုံး။ မင်းအဲ့လိုပြောလို့ ငါရူးမလိုဖြစ်သွားတာ မင်းသိလား။ ”
” နားထောင်စမ်း လဒလေး။ နောက်တစ်ခါ လူတွေရဲ့စကားကို ငါလိုက်ပြောနေရင် မင်းစကားကို ဆုံးအောင်သာပြော။ ” ယုန်လေးမှာ ဒေါသထွက်လာလေ ပိုင်ရှောင်ချန်းကို ပို၍ ရက်စက်စွာ ကန်ကျောက်လေ ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ တစ်ကိုယ်လုံး ဖူးယောင်နေပြီး ဒေါသမီးများ တောက်လောက်လာတော့သည်။
” ကျုပ်ကိုသတ်ဖို့ ကြိုးစားနေပါတယ်ဗျို့။” သူက အော်ဟစ်မြည်တန်းလိုက်သည်။
” ကျုပ်ကို လိုက်သတ်နေပါတယ်ဗျ။”
” ကယ်ကြပါဦးဗျာ။ ကျုပ်က အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လေးပါ။ ဂိုဏ်းအတွက် ကျုပ်ရဲ့သွေးချွေးတွေကို ပေးဆပ်ထားတာပါ။ ”
” ခေါင်းဆောင်ကြီးတို့ရေ။ ကျွန်တော့်ကို ကယ်ပါဦးဗျာ။ ”
သူ မည်မျှပင် ကျယ်လောင်စွာ အော်ဟစ်စေကာမူ ယင်ယန်ဝိညာဥ်အဆင့် တာအိုပညာရှိများမှာ လုံးဝပင် မလှုပ်ပေ။ ပိုင်ရှောင်ချန်းမှာ အလွန်နာကျည်းနေတော့သည်။
” ယုန်စုတ်။ မင်းတော်တော် တရားလွန်နေပြီ။ ”
” ငါ စကားကို တစ်ဝက်တစ်ပြတ် ပြောတော့ဘာဖြစ်တုံး။ ငါဆုံးအောင်ပြောလိုက်လို့ မင်းလိုက်ပြောရင် ငါ့ရဲ့ သနားစရာအသက်ကလေး သွားမှာပေါ့ကွ ”
” နေဦး။ အခုထပ်ပြောမယ်ကွာ တစ်ဝက်တစ်ပြတ်။ ‘ ကျုပ် ပိုင်ရှောင်ချန်း ‘ ပြီးရင် ဘာဆက်လာတုံး။ ပြောစမ်းပါ။ မြန်မြန်လေး။ ပြောလေ။ ‘ ကျုပ် ပိုင်ရှောင်ချန်း ‘ ပြီးရင် ဘာလာတုံးလို့။ ”
သူက ထိုသို့ပြောလိုက်သောအခါ ယုန်ကလေးမှာ ရုတ်တရက် တုန်ရီသွားတော့သည်။ သူ၏ မျက်ဝန်းထဲတွင် အသက်မဲ့နေသည့် အမူအရာတစ်ခု ပေါ်လာပြီး သူက လေပေါ်သို့ ခုန်တက်လိုက်တော့သည်။
” ကျုပ် ပိုင်ရှောင်ချန်း…. ”
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူတို့ကို လာကြည့်နေသည့် အခြား ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ လူတိုင်းမှာ ယခင်ကနှင့် လုံးဝမတူတော့သည့် ယုန်ကလေးကို ဝိုင်းကြည့်နေကြသည်။
ယုန်ကလေးမှာ သူ၏လက်နှစ်ဖက်ကို နောက်တွင်ပစ်မထားတော့ပဲ သာမန်ယုံတစ်ကောင်ကဲ့သို့ လေးဖက်ထောက်နေတော့သည်။ နားရွက်များကို ထောင်ကာ ထိုစကားလုံးများကိုသာ ဆက်တိုက်ဆက်တိုက် ရွတ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ နှလုံးခုန်သံများပင် မြန်လာတော့သည်။ သို့သော်လည်း သူက ထွက်မပြေးပဲ အော်မေးလိုက်သည်။
” လုပ်လေ။ ပြောစမ်းပါ။ ‘ ကျုပ် ပိုင်ရှောင်ချန်း ‘ ပြီးရင် ဘာတွေထပ်လာတုံးလို့။ ”
ယုန်ကလေးမှာ ထိတ်ထိတ်ပျာပျာဖြင့် အော်လိုက်လေသည်။
” ကျုပ် ပိုင်ရှောင်ချန်း… ”
” လုပ်ပါဟ။ ပြောပြပါ။ ”
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ယုန်အနားသို့ ကပ်သွားလိုက်သည်။ ယုန်ကလေး၏ အားနည်းချက်ကို သူကရှာတွေ့သွားပြီဖြစ်ရာ သူက ထိုအားနည်းချက်ကို နင်းရန် စိတ်အားထက်သန်နေတော့သည်။
” ကျုပ် ပိုင်ရှောင်ချန်း… ”
ယုန်လေး၏ မျက်ဝန်းများမှာ နီရဲနေသဖြင့် သွေးများထွက်လုနီးပါးပင် ဖြစ်နေတော့သည်။ သူ၏ အမွေးများမှာ ထောင်နေပြီး ပိုင်ရှောင်ချန်း၏ ဖိအားပေးမှုများကြောင့် သူသည် လဲပြိုကျတော့မည့်အလား ဖြစ်နေရတော့သည်။ ထို့ကြောင့် သူက မိုးခြိမ်းသံအလား အော်ဟစ်လိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်တော့သည်။ တချိန်ထဲမှာပင် သူက စကားလုံးပေါင်းစုံကို အော်ဟစ်နေတော့သည်။ ထိုစကားများထဲတွင် ခေါင်းဆောင်ကြီး ချီဟွမ်နှင့်ပတ်သတ်သည့် အကြောင်းများစွာ ပါဝင်နေသည်။ ထိုစကားများကို ကြားလိုက်ရသည့် ချီဟွမ် သည် ပေါ်ထွက်လာပြီး ယုန်ကိုလိုက်ဖမ်းပါသော်လည်း ၎င်းမှာ မကြာမီတွင် ပျောက်ကွယ်သွားတော့သည်။
အဆုံးတွင် ယုန်ကလေးမှာ စိတ်ကျန်းမာရေး အခြေအနေ သိပ်မကောင်းကြောင်းကို ပိုင်ရှောင်ချန်းက သိသွားတော့သည်။ အချို့အချိန်များတွင် ၎င်းသည် စိတ်မှန်သော်လည်း အချို့အချိန်များတွင် စိတ်မမှန်ချေ။ စိတ်မှန်နေချိန်တွင်သာ သူသည် အကျင့်ဆိုးဝါးသည့် အဘိုးကြီးတစ်ယောက်ကဲ့သို့ ပြုမူလေသည်။ အရေးကြီးဆုံးအချက်သည်ကား သူတို့၏ နောက်ဆုံးတွေ့ဆုံမှုကြောင့် သူသည် ကိစ္စကြီးတစ်ရပ်ကို သိရှိသွားပြီဖြစ်သည်။ စကားကို တစ်ဝက်တစ်ပြတ်ပြောခြင်းသည် ယုန်ကလေးကို သတိမေ့မျောလုနီးပါး ဖြစ်အောင်ပင် လုပ်နိုင်သည်ဆိုသည့် အချက်ဖြစ်သည်။
” လက်စသတ်တော့ ဒီလိုကိုးကွ။ ဟားဟားဟား။ ယုန်စုတ်ယုန်နာ။ ပိုင်ရှောင်ချန်းကိုမှ ပြဿနာ လာရှာရဲရတယ်လို့။ နောက်ကြ ငါ့ကို ထပ်ပြီး ရန်စရဲမလား ကြည့်ကြသေးတာပေါ့။ ”
သူက စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်ပြီး ဆက်၍ ကြွားလုံးထုတ်ရန် ပြင်လိုက်ချိန်တွင် ခေါင်းဆောင်ကြီး ချီဟွမ်က ယုန်ကိုလိုက်မဖမ်းတော့ပဲ သူ့ကို စိုက်ကြည့်နေကြောင်း သိလိုက်ရသည်။
ထို့နောက် ယုန်ကလေးပြောခဲ့သည့် အကြောင်းအရာများကို သူက ပြန်စဥ်းစားမိသွားသောအခါ သူက လျင်မြန်စွာ ခေါင်းငုံ့လိုက်ပြီး သူ၏ အင်မော်တယ်ဂူထဲသို့ ပြန်ဝင်သွားတော့သည်။
” ဒါ ငါ့အမှားမှ မဟုတ်တာ။ ”
သူက ရေရွတ်လိုက်သည်။
” ဘယ်သူမှမှ ငါ့ကို လာမကူညီတာကို။ သနားစရားကောင်းတဲ့ ခေါင်းဆောင်ငယ်လေး ရိုက်နှက်ခံနေရတာကို သူတို့က ရပ်ကြည့်နေကြတာလေ။ ”
သူ၏ မျက်နှာကို မကျေမနပ် ပွတ်သပ်လိုက်ပြီး အပြင်သို့ ခဏခဏမထွက်ရန် ဆုံးဖြတ်လိုက်သည်။ ယုန်ကလေးကိုသာ ထပ်၍ လိုက်ဖမ်းနေရပါက သူထပ်ပြောမည့်စကားများကို မည်သူမှ မသိနိုင်ချေ။
” ဟေး ဘရူဆာရော။ သူဘယ်ထွက်သွားတာတုံး။ သူ့ကိုမမြင်ရတာ ရက်နဲ့ချီနေပြီ။ သားရဲ အမတွေနဲ့ သွားဇယားရှုပ်နေပြီပဲနေမှာ။ ” သူတို့နှစ်ဦးကြားရှိ ထူးခြားသော ချိတ်ဆက်မှုကြောင့် ဘရူဆာသည် လုံခြုံနေကြောင်းကို သူကသိလိုက်သဖြင့် ထိုအကြောင်းကို စိတ်ထဲမထားတော့ချေ။
” ထားတော့။ ကောင်းကင်တာအို ရွှေအမြုတေအဆင့်ကိုရောက်ပြီးကထဲက ငါအနားမယူရသေးဘူး။ ဒီအချိန်လေးကို အကျိုးရှိရှိ အသုံးချပြီး တံခါးပိတ်တရားကျင့်တာပဲ ကောင်းတယ်။ ”
ထိုသို့ဆိုကာ သူက ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူ၏ အင်မော်တယ်ဂူကို ချက်ချင်းပင် လုံခြုံစွာ ပိတ်လိုက်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်တော့သည်။
အချိန်များမှာ ကုန်ဆုံးသွားသည်။ တစ်လအကြာတွင် သူ၏ မျက်လုံးများ ပြန်ပွင့်လာပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယခင်ကထက်ပို၍ တည်ငြိမ်လာပြီး အနည်းငယ်တိုးတက်လာကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူ၏ ထည့်စရာအိတ်ကိုပုတ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုပေလွှာမှာ မည်းနက်နေပြီး အရေးကြီးသည့်ပုံမပေါ်ချေ။ သို့သော်လည်း ထိုပေလွှာပေါ်သို့ သူ၏လက်ကိုတင်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် အေးစက်မှုကြီးတစ်ခုမှာ လွှမ်းမိုးသွားတော့သည်။ ဤပေလွှာမှာ ဟန်ဇောင်သူ့ကိုပေးခဲ့သည့် သိုင်းကျမ်းပင်ဖြစ်သည်။
ထိုကျောက်စိမ်းပေလွှာကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သောအခါ ပိုင်ရှောင်ချန်း၏ အမူအရာမှာ တအံ့တသြ ဖြစ်သွားသည်။
” ဟန်ဇောင်ကျောင်းတော်ရဲ့ စိတ်စွမ်းအားဖော်ထုတ်တဲ့ ဂါထာတော် ပါလား။”
” ဒီသိုင်းကိုကျင့်မယ်ဆိုရင် ကောင်းကင်တံတား မြစ်ရေလိုတယ်။ ဒါပေမဲ ရေကို မစုပ်ယူရပဲ ရေရဲ့ဖွဲ့စည်းပုံကို အအေးဓာတ် နဲ့ စိတ်ဆန္ဒ ဆိုပြီး နှစ်ပိုင်းခွဲခြားရတာ။
” ဒီသိုင်းကိုသုံးပြီး အအေးဓာတ် ကိုဖန်တီး၊ ပြီးတော့ အအေးဓာတ် ကိုသုံးပြီး စိတ်စွမ်းအားကို အဆင့်မြှင့်အောင်လုပ်။ ”
” ဒီသိုင်းကို ကျွမ်းကျင်သွားရင် စိတ်ကစေခိုင်းလိုက်ရုံနဲ့ ဒေသတစ်ခုထဲမှာရှိတဲ့ အရာတိုင်းကို ခဲအောင် လုပ်ပစ်လို့ရတယ်။ အင်း….. ဒီထဲမှာပါတဲ့ စိတ်ဆန္ဒ ဆိုတာက ဘာပါလိမ့်။ ”
သူက ကျောက်စိမ်းပေလွှာကို ဆက်လက်လေ့လာလိုက်သောအခါ သူ၏ အံ့သြမှုများမှာ ပို၍ ကြီးထွားလာသည်။ အဆုံးတွင် သူက ပေလွှာကို အောက်သို့ ချလိုက်တော့သည်။
” ဒါဆို စိတ်ဆန္ဒဆိုတာက ထိန်းချုပ်မှုစွမ်းအားရဲ့ ထိပ်ဆုံးအဆင့်ကိုပြောတာပဲ။ တော်တော် ထူးဆန်းပါလား။ အဲ့ စိတ်ဆန္ဒ ကဘယ်ကနေလာသလဲဆိုတော့ ထိန်းချုပ်စွမ်းအားတွေကို အတွေးတွေနဲ့ ရောစပ်ရာကနေ လာတာပဲ။ ”
” ခရမ်းရောင်ချီ ဒယ်စောက်အိုး ထိန်းချုပ်နည်းပညာရပ်က ထိန်းချုပ်စွမ်းအားတွေတိုးတက်အောင် လုပ်ပေးတာ။ ခရမ်းရောင်ချီ ကောင်းကင်တံတားမန္တန်က အဲ့ထိန်းချုပ်စွမ်းအားကိုသုံးပြီး ကောင်းကင်တံတား ဓမ္မမျက်လုံးကို ဖန်တီးပေးတာ။ အဲ့တာတွေက ထိန်းချုပ်စွမ်းအားတွေကို အတွေးတွေနဲ့ပေါင်းစပ်ပေးတဲ့ ပထမအဆင့်ပဲ ရှိသေးတယ်။ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်က အတွေးတွေကို ထိန်းချုပ်စွမ်းအားတွေနဲ့ အပြီးတိုင် ပေါင်းစပ်ရတာ။ အဲ့ကြမှ စစ်မှန်တဲ့ စိတ်စွမ်းအားကို ထုတ်ဖော်ရရှိနိုင်မှာပဲ။ ”
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောက်စိမ်းပေလွှာကို ပြန်လည်ကောက်ကိုင်လိုက်သည်။ အဆုံးတွင် သူသည် အမှန်တရားကို နားလည်သွားတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သိုင်းကွက်များမှာ စွမ်းအား၏နောက်ဆုံးအဆင့်ဖြစ်သော စိတ်ဆီသို့ ခေါ်ဆောင်သွားနေသည့် လှေကားထစ်များဖြစ်သည်။
” အဲ့တာဆိုရင် လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ်မှာလည်း ငါအောင်မြင်နိုင်ပြီပဲ။”
” စိတ်ကိုအသုံးချပြီး ငါ့ရဲ့ ဆွဲငင်ခြင်းနဲ့ တွန်းကန်ခြင်းစွမ်းအားတွေကိုပါ လေ့ကျင့်လို့ရတာပဲ။ ”
” စိတ်…. ”
သူက ရေရွတ်လိုက်ပြီး အင်မော်တယ်ဂူ၏ အစွန်းတွင်ရှိသော ကျောက်တုံးတစ်တုံးကို လှမ်းကြည့်လိုက်သည်။ သူသည် အတွေးများကိုသာအသုံးချပြီး ထိုကျောက်တုံးကို လေပေါ်သို့ မြှောက်တင်နိုင်ရန်ကြိုးစားလိုက်သည်။
ချက်ချင်းပင် ထိုကျောက်တုံးလေးမှာ တုန်ခါသွားသည်။ အပေါ်သို့ ပျံတက်မလာသော်လည်း ပိုင်ရှောင်ချန်းမှာ ကျေနပ်သွားသည်။ သူသည် မှော်သိုင်း၊ ကျင့်ကြံခြင်းအခြေခံစွမ်းအား၊ နတ်ဘုရားအတတ်များ တစ်ခုမျှမသုံးပဲ ကျောက်တုံးကို ရွေ့လျားစေနိုင်ခဲ့သည်။ သူ၏ အတွေးများကိုသာ အသုံးချခဲ့သည်။
အချိန်အနည်းငယ် ကြာသွားသောအခါ သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ကျင့်ကြံခြင်းကိုစတင်ရန် ကောင်းကင်တံတားမြစ်ရေတစ်ပုံး သွားခပ်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရုတ်တရက် သူ၏ ထာဝရအသက်ရှည်နည်းသိုင်းကို ပြန်လည် အမှတ်ရသွားတော့သည်။ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သွေးဘိုးဘေးကြီးဆီမှရရှိခဲ့သည့် အမွေအနှစ်ထဲမှ အချက်အလက်များဖြစ်သည့် ထာဝရ အရွတ်အကြောများဟူသော တတိယအတွဲကို ပြန်လည် လေ့လာလိုက်သည်။
အရွတ်အကြောများမှာ အမြန်နှုန်း၏ ပင်မဖြစ်ပြီး အရွတ်အကြောများ၏ စွမ်းအားသည် လူတစ်ယောက်ကို မာကျောစေပေသည်။ ထိုသို့သော အမြန်နှုန်းနှင့် မာကျောမှုမျိုးကို လက်သီးချက်ထဲတွင် စုပေါင်းလိုက်ပါက ထွက်ပေါ်လာမည့် ရလဒ်မှာ ယခင်က အရာများထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေမည်ဖြစ်သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ထာဝရအရွတ်အကြောသိုင်းကွက်ထဲရှိသော အမြန်နှုန်းနှင့် စွမ်းအားများ၏ ထိပ်ဆုံးအဆင့် ပေါင်းစည်းမှုကြောင့် နတ်ဘုရားစွမ်းရည်တစ်ခု ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုစွမ်းရည်မှာ လက်သီးချက်တိုင်း ကန်ချက်တိုင်းဖြင့်ထုတ်ဖော်နိုင်သည့် ပြုစားခြင်းမှော်သိုင်းကွက်ဖြစ်သည်။
ထိုပြုစားခြင်းသိုင်းကွက်မှာ အရာရာတိုင်းကို ချုပ်တည်း ပိတ်ဆို့နိုင်ပေသည်။
ထာဝရသိုင်းကွက်များ၏ ပထမနှစ်တွဲမှာ အံ့သြဖွယ် နတ်ဘုရားစွမ်းရည်များအပြင် အပြင်ခန္ဓာကိုယ်အတွက် ထိပ်တန်းအဆင့် တိုးတက်ခြင်းများပေးစွမ်းပြီး ယခုအတွဲမှာလည်း ထိုနည်းတူပင်။
” ထာဝရ ပြုစားခြင်း သိုင်း ”
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ တောက်ပလင်းလက်လာတော့သည်။ ထိုအရာမှ တတိယတွဲတွင်ပါသော နတ်ဘုရားအစွမ်းဖြစ်ပြီး လက်မျိုဖမ်းဆုပ်ကွက်၊ တောင်ဖြိုသိုင်းကွက်တို့ဖြင့် ဆင်တူသည်။
ယခင် အတွဲနှစ်တွဲနှင့် မတူညီသည်မှာ ဤ ထာဝရ အရွတ်များကို အဆင့်အမျိုးမျိုး ခွဲခြားထားခြင်း မရှိခြင်းပင်ဖြစ်သည်။ ဤအတွဲ၏ ပန်းတိုင်မှာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးတွင် ထိုသိုင်းကွက်ကို ကျင့်ကြံနိုင်သည်။
ခြေလက် လေးချောင်း၊ ခန္ဓာကိုယ်၊ ဦးခေါင်း ဟူ၍သာ ခွဲခြားထားသည်။
ဤသိုင်းကွက်ကို ကျွမ်းကျင်တတ်မြောက်ရန်မှာ အထက်ပါခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီတွင် ထိုသိုင်းကို ကျင့်ကြံရန်ဖြစ်သည်။