Switch Mode

စာစဉ်(၅) အပိုင်း(၆၅)

အဆိပ်ကိုဖယ်ရှားခြင်း

ဗိုလ်ချုပ်ကြီး၏အိမ်တော်က ကန်းလန်စီရင်စုမြို့တော်ရဲ့အလယ်တည့်တည့်မှာတည်ရှိနေပြီး ၎င်းနေရာက မြို့တော်တစ်ခုလုံးမှာ သံသယရှိစရာမလိုလောက်အောင်ပင် လုံခြုံရေးအတင်းကျပ်ဆုံးနေရာတစ်ခုလည်းဖြစ်ပေသည်။ အိမ်တော်သို့သွားရာ လမ်းတစ်လျှောက်မှာလည်း ကင်းလှည့်နေကြသည့် ကင်းလှည့်စစ်သည်တွေကို မြင်တွေ့ရနိုင်သည်။

ကံကောင်းစွာပင် ဝေချင်းချင်းက သူတို့ကိုဦးဆောင်၍ခေါ်ဆောင်လာခြင်းဖြစ်သည့်အတွက် ဗိုလ်ချုပ်ကြီး၏အိမ်တော်ကို သွားရာလမ်းတစ်လျှောက် မည်သည့်အတားအဆီးတစ်ခုတစ်လေမျှဖြင့် ရင်ဆိုင်ခဲ့ရခြင်းမရှိခဲ့ပေ။

အိမ်တော်အတွင်းဝင်ရောက်ခဲ့ပြီးနောက်မှာ သူတို့လူစုက မြင်းတွေပေါ်မှဆင်းသက်လိုက်ကြပြီး များစွာသောစင်္ကြန်လမ်းတွေနဲ့ အိမ်တော်ဝင်းထဲကို ဖြတ်လျှောက်လာခဲ့ကြပြီးနောက် နောက်ဆုံးမှာအိမ်တော်ရဲ့အဓိကခန်းမထဲသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့တွေ တံခါးကိုဖြတ်သန်းကာ ဝင်ရောက်လာခဲ့စဉ်မှာပင် ဇူယွမ်ရဲ့အကြည့်က အိမ်တော်ရှင်ရဲ့ထိုင်ခုံနေရာကို ကြည့်လိုက်သည့်အခါ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ထိုင်နေလျက်ရှိသည်ကို တွေ့လိုက်ရသည်။ သူက ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ရဲ့ခန္ဓာကိုယ်က အနည်းငယ်ပိန်ပိန်ပါးပါးရှိနေခဲ့ကာ သူ့ရဲ့မျက်နှာပေါ်မှာတော့ သေးငယ်တဲ့အနက်ရောင်အစက်အပြောက်များစွာကို မြင်တွေ့ရပေမည်။

သူကထိုနေရာမှာပင် ထိုင်နေလျက်ရှိပေမဲ့ အလွန်အမင်းစွမ်းအားပြည့်ဝလှသည့် အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေခဲ့ပြီး ၎င်းက ဇူယွမ်နဲ့ကျန်တဲ့လူအားလုံးအပေါ် ဖိအားအချို့ခံစားနေရစေပေသည်။

ဒီခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားက ဇူအင်ပါယာ၏ ကြီးမြတ်သည့်ဗိုလ်ချုပ်ကြီးဖြစ်သူ ဝေကန်းလန်မှလွဲ၍ မည်သူများဖြစ်နိုင်ပါလိမ့်မည်နည်း။

ဝေချင်းချင်းက အဓိကခန်းမထဲကို ဝင်ရောက်လာသကဲ့သို့ တစ်ဆက်တည်းမှာပင် သူမကလှမ်းခေါ်လိုက်သည်… “အဖေ…”

ဝေကန်းလန်က သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး ဝင်ရောက်လာသည့်လူစုထံကြည့်လိုက်၏။ သူ့ရဲ့အကြည့်တွေက ဇူယွမ့်ထံရောက်ရှိသွားခဲ့ရသည့်အခါ တဒင်္ဂကြာရပ်တန့်သွားခဲ့ရသကဲ့သို့ သူကမတ်တပ်ထရပ်လိုက်ကာ ပုံမှန်လေသံဖြင့်ပင်ပြောလိုက်သည်… “ဝေကန်းလန်က မင်းသားလေးဇူယွမ်ကို နှုတ်ဆက်ပါတယ်…”

ဇူယွမ်သူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာ ပြန်၍ပြောလိုက်၏… “ကျွန်တော်ဇူယွမ်ကလည်း ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးကို နှုတ်ဆက်ပါတယ်… အဖေကလည်း ကျွန်တော့်ကို ဗိုလ်ချုပ်ကြီးဘာတွေလုပ်နေလဲဆိုတာမေးမြန်းဖို့ မှာလိုက်ပါသေးတယ်…”

ဝေကန်းလန်ရဲ့အမူအယာက ပြောင်းလဲသွားခဲ့ခြင်းမရှိခဲ့ဘဲ သူကတည်ငြိမ်သည့်လေသံဖြင့်ပင် ပြန်ပြောလိုက်သည်… “ငါက အရမ်းကြီး ကြီးကြီးမားမားဘာတစ်ခုမှ လုပ်မနေခဲ့ဘူး…”

ဇူယွမ်၏မျက်လုံးတွေက အနည်းငယ်မှေးစင်းသွားခဲ့ရသည်။ ဝေကန်းလန်ရဲ့တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် သူက မကျေမနပ်ဖြစ်နေတုန်းပင်ရှိသေးသည်မှာ ထင်ရှားလှပေသည်။

ဇူယွမ်ကို ပြန်ဖြေခဲ့ပြီးနောက်မှာ ဝေကန်းလန်ရဲ့အကြည့်က ချီဟောင်နဲ့ သူ့ဘေးမှအဖိုးအိုထံရောက်ရှိသွားခဲ့ပြီး ပြောလိုက်သည်… “ဒီဂုဏ်သရေရှိလှတဲ့ဧည့်သည်က ဆရာယင်လို့ငါထင်တယ်… ဟုတ်တယ်မလား… ငါ့အနေနဲ့ ခင်ဗျားရဲ့အကြောင်းကို ကြားဖူးခဲ့တာကြာပြီ…”

ဒီအခိုက်အတန့်မှာ သူ့ရဲ့အေးစက်တဲ့မျက်နှာက အလွန်အမင်းကြင်နာတတ်သူတစ်ယောက်အလားပြောင်းလဲသွားခဲ့ရသကဲ့သို့ ဒါကလည်း ဆရာယင်တစ်ယောက်တည်းအပေါ်မှာသာ ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။

“နှုတ်ဆက်ပါတယ် ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီး…”

ဝေကန်းလန်၏ရှေ့မှာ ဆရာယင်ရဲ့မျက်နှာထက်က မာနကြီးမှုတွေ ပျောက်ကွယ်သွားခဲ့ရပြီး သူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကာ ရိုသေစွာပင်ဦးညွတ်အရိုအသေပြုလိုက်သည်။

ဝေကန်းလန်ကမေး၏… “ဆရာက မူလမှော်စာလုံးရေးသားရာမှာ ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ အထူးသဖြင့် အဆိပ်ဖယ်ရှားတဲ့မူလမှော်စာလုံးရေးသားတဲ့နေရာမှာလည်း ကျွမ်းကျင်မှုရှိတယ်လို့ ငါ့ရဲ့သမီးထံကနေကြားခဲ့ရတယ်… အဲ့ဒါအမှန်ပဲလား…”

ဆရာယင်ဆိုသူက ပေါ့ပါးစွာပင်ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်၏… “ဗိုလ်ချုပ်ကြီးရဲ့သားက နတ်ဆိုးမြူအဆိပ်ရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းကိုခံခဲ့ရတာပဲ… ဟုတ်တယ်မလား… ကျွန်တော့်အနေနဲ့ အဆိပ်ရေအိုင်ထဲမှာရှိနေစဉ်အခါက ဒီအဆိပ်နဲ့တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးတော့ ဒါကိုအလုံးစုံပျောက်ကွယ်သွားအောင် ဖယ်ရှားနိုင်ခဲ့တယ်…”

ဆရာယင်ရဲ့စကားတွေကို ကြားလိုက်ရသည့်အခါ ဝေချင်းချင်းရဲ့မျက်နှာက ချက်ချင်းဆိုသလိုပင် အပျော်တွေနဲ့ပြည့်နှက်သွားခဲ့ရကာ ဆရာယင်ကိုကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေထဲမှာ ရိုသေလေးစားမှုတွေမြင့်တက်လာခဲ့ရသည်။ သူမတင်မက ဝေကန်းလန်ရဲ့တည်ငြိမ်တဲ့မျက်နှာပေါ်မှာတောင် အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရသည်။

ဝေကန်းလန်က သူ့ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်းမှ ပြောသည်… “ဒါဆိုရင်တော့ ငါတို့က ဆရာယင်ကို ဒုက္ခဖြစ်စေမိပြီ… တကယ်လို့ဆရာက ငါ့ရဲ့သားကိုကုသပေးနိုင်ခဲ့မယ်ဆိုရင် ငါ့အနေနဲ့အလွန့်အလွန်ကို ကျေးဇူးတင်မိပါလိမ့်မယ်…”

ထိုအခိုက်အတန့်မှာပင် ချီဟောင်ကအနည်းငယ်ပြုံးလိုက်မိကာ ဝင်ပြောလိုက်သည်… “ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီးက ဒီလိုမျိုး ယဉ်ယဉ်ကျေးကျေးဆက်ဆံနေဖို့မလိုအပ်ပါဘူး… ဒီတစ်ကြိမ်မှာ ဆရာယင်ကိုဖိတ်ခေါ်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်ရဲ့အဖေကိုပဲ အများဆုံးကျေးဇူးတင်ရလိမ့်မယ်…”

ဝေကန်းလန်ရဲ့အမူအယာက တစ်ခဏကြာ မတည်မငြိမ်ဖြစ်သွားခဲ့ရသည်။ ချီဟောင်ရဲ့စကားတွေက လုံးဝကိုရှင်းလင်းလှပေသည်။ ဆရာယင်ရဲ့အကူအညီကို လက်ခံလိုက်ခြင်းက ချီအိမ်တော်ရဲ့ကောင်းမွန်သည့်သဘောထားကို အသိအမှတ်ပြုလိုက်ခြင်းနှင့် တူသွားပေလိမ့်မည်။

ဒီအရာကသူတို့အနေဖြင့် အခုချိန်မှာ ချီအိမ်တော်ရဲ့ဘက်ကို ပူးပေါင်းသွားခဲ့ပြီလို့ ဆိုလိုခြင်းမဟုတ်ပေမဲ့လည်း ကန်းလန်စီရင်စုရဲ့ ကြားနေအင်အားစုဆိုသည့်နေရာအပေါ်မှာတော့ အနည်းနဲ့အများအကျိုးသက်ရောက်မှုရှိနိုင်ပေလိမ့်မည်။

ဝေကန်းလန်က ဇူယွမ့်ထံတစ်ချက်ကြည့်လိုက်ပြီး တစ်ခဏကြာတုန့်ဆိုင်းတွေဝေသွားခဲ့ရသည်။ သို့ပေမဲ့လည်း ဒါကသူချစ်ရတဲ့သားတစ်ယောက်ဖြစ်နေသည့်အတွက် နောက်ဆုံးမှာသူက တိုးညှင်းသည့်လေသံဖြင့်ပြောလိုက်သည်… “ဒါဆိုရင်ငါက ချီအိမ်တော်ကို သူတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ရလိမ့်မယ်… တကယ်လို့ငါ့ရဲ့သားကိုသာ ကုသလို့ပြီးသွားခဲ့ပြီဆိုရင် ငါ့ရဲ့ကျေးဇူးတင်မှုအနေနဲ့ ချီအိမ်တော်ကို သေချာပေါက်အလည်အပတ်လာခဲ့မယ်…”

အပြုံးတစ်ခုက ချီဟောင်ရဲ့မျက်နှာထက်မှာ ထွက်ပေါ်လာခဲ့ရသလို ချက်ချင်းဆိုသလိုဇူယွမ့်ထံ ကျေနပ်စွာဖြင့်ကြည့်လိုက်သည်။ အကယ်၍ ဝေကန်းလန်သာ ချီအိမ်တော်ကို အလည်အပတ်သွားခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ကြီးရဲ့အင်အားစုက ကြားနေအဖြစ်အချိန်ကြာမြင့်စွာ ရှိနေတော့မည်မဟုတ်သည်ကို များစွာသောအင်အားစုတွေက သေချာပေါက်သတိပြုမိကြပေလိမ့်မည်ဖြစ်သည်။

ဒီအရာက လက်ရှိဇူအင်ပါယာရဲ့ အရေးကိစ္စအားလုံးကို သံသယရှိစရာမလိုလောက်အောင်ပင် အကျိုးသက်ရောက်မှုရှိစေလိမ့်မည်။

ဇူယွမ်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိသကဲ့သို့ သူ့ရဲ့အကြည့်က အနည်းငယ်အုံ့မှိုင်းသွားခဲ့ရစဉ်မှာ လုတိန်ရှန်းရဲ့မျက်လုံးတွေထဲမှာတော့ စိုးရိမ်မှုတွေထင်ဟပ်လာခဲ့ရသည်။

ဝေချင်းချင်းက သူတို့ကိုအားတုံ့အားနာဖြစ်သွားခဲ့ရပေမဲ့ တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းတော့မရှိပေ။ ဝေဘင်း၏ခန္ဓာကိုယ်ထဲရှိအဆိပ်က သူမတို့တစ်မိသားစုလုံးရဲ့နှလုံးသားထဲမှာ ဆူးတစ်ချောင်းအဖြစ်ရှိနေခဲ့ရပြီး သူပြန်ကောင်းလာဖို့အတွက်ဆိုရင် သူမတို့အနေဖြင့် ဘယ်အရာမဆိုလုပ်ဆောင်သွားမည်ဖြစ်သည်။

အခုအချိန်မှာ သူမတို့ရဲ့ပြဿနာကြီးကို ဖြေရှင်းနိုင်ဖို့အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့ချိန်မှာ သူမတို့က ဒါကိုမည်သို့လက်လွှတ်ခံနိုင်လိမ့်မည်နည်း။

ဝေကန်းလန်က အနည်းငယ်စိတ်စောနေခဲ့ရသကဲ့သို့ သူ့ရဲ့အကြည့်က ဆရာယင်ထံသို့ရောက်ရှိသွားခဲ့ရကာ ပြောလိုက်သည်… “အချိန်ထပ်မဖြုန်းသင့်တော့ဘူး… ကုသမှုကို အခုပဲစလိုက်ကြရအောင်…”

ဆရာယင်က ခေါင်းတစ်ချက်ညိတ်ပြကာ တုန့်ပြန်လိုက်သည်။

ဆရာယင်ခေါင်းညိတ်ပြလိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက်မှာ ဝေကန်းလန်က ဝေချင်းချင်းကိုပြောလိုက်၏… “ချင်းချင်း… မင်းသားလေးဇူယွမ်အနားယူဖို့ နေရာတစ်ခုစီစဉ်ပေးလိုက်ပါဦး…”

ထိုအခိုက်အတန့်မှာပင် ဇူယွမ်က ကြားဖြတ်ကာပြောလိုက်သည်… “ကြီးမြတ်တဲ့ဗိုလ်ချုပ်ကြီး… ကျွန်တော်တို့ကိုလည်းလိုက်ပါပြီး ကြည့်ရှုခွင့်ပြုစေချင်ပါတယ်… ကျွန်တော်က မူလမှော်စာလုံးရေးသားခြင်းကို လေ့လာထားတဲ့အတွက် ဗိုလ်ချုပ်ကြီးသာခွင့်ပြုမယ်ဆိုရင် ဆရာချင်ရဲ့နည်းစနစ်တွေထဲကနေ ကျွန်တော်ကတစ်ခုနှစ်ခုလောက် လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်…”

ဝေကန်းလန်တစ်ယောက် တစ်ခဏကြာတုံ့ဆိုင်းသွားခဲ့ရသည်။ သူ့အနေဖြင့် အစောပိုင်းတုန်းက ဇူယွမ့်အပေါ်မှာ မျက်နှာသာမပေးခဲ့သည့်နောက်မှာ ထပ်မံ၍ငြင်းဆိုလိုက်မည်ဆိုပါက သူ့အတွက်လည်း မသင့်တော်တော်သည့်အတွက်ကြောင့် ဆရာယင်ကို ကြည့်လိုက်မိသည်။

ဆရာယင်က ဇူယွမ့်ကို တစ်ချက်မျှကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထက်မှာ အထင်သေးသည့်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်… “မင်းသားလေးက မူလမှော်စာလုံးရေးသားခြင်းကို လေ့လာသင်ယူထားတယ်ဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ လိုက်ပြီးကြည့်နိုင်ပါတယ်… ဒါပေမဲ့ ငါ့ရဲ့စွမ်းရည်က လွယ်လွယ်ကူကူလေ့လာနိုင်တဲ့ အရာတော့မဟုတ်ဘူး…”

ဇူယွမ်က သူ့ရဲ့နည်းလမ်းတွေကို လိုက်ပြီးအတုခိုးနိုင်ဖို့ကြံစည်နေတယ်လို့ သူ့အနေနဲ့ထင်မှတ်သွားသည်မှာ သေချာလှသည်။

“ဒါဆိုလည်းသွားကြစို့…” ဆရာယင်က သဘောတူလိုက်သည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဝေကန်းလန်က နောက်ထပ်အချိန်ဖြုန်းလိုခြင်းမရှိတော့ဘဲ ခန်းမထဲမှထွက်ခွာပြီး အိမ်တော်ဝင်းရဲ့နောက်ဘက်သို့ လျှောက်လှမ်းသွားခဲ့သည့်အတွက် လူတိုင်းက အလျင်အမြန်ပင် နောက်မှလိုက်ပါလာခဲ့ရသည်။

အိမ်တော်ဝင်းရဲ့နောက်ဘက်မှာ ကျယ်ဝန်းကာ တောက်တောက်ပြောင်ပြောင်ရှိလှသည့် အခန်းတစ်ခုရှိနေသည်။

ဝေကန်းလန်တို့အားလုံး အခန်းထဲကို ဝင်ရောက်လာခဲ့ကြသည်။ ဇူယွမ်က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်မိသည့်အခါ ကုတင်ပေါ်၌ အသက်ကိုးနှစ်အရွယ်လူငယ်လေးတစ်ယောက်လဲလျောင်းနေသည်ကို သူတွေ့လိုက်ရသည်။ လူငယ်ရဲ့မျက်နှာက အလွန်အမင်းဖြူဖျော့နေလျက်ရှိပြီး သူ့ရဲ့ခန္ဓာကိုယ်အနှံ့အနက်ရောင်အစက်အပြောက်တွေဖြင့် ပြည့်နှက်နေရကာ ထိုအစက်အပြောက်တွေထံမှ ဆိုးဝါးတဲ့အနံ့တစ်ခုထွက်ပေါ်နေပေသည်။

လက်ရှိအချိန်မှာ များပြားလှသည့်လူတွေဝင်ရောက်လာသည်ကို လူငယ်လေးက ကြောက်ရွံ့စွာဖြင့်ကြည့်နေလျက်ရှိသည်။

ဝေချင်းချင်းက ဒါကိုမြင်လိုက်ရသည့်အခါ ရှေ့ကိုအလျင်အမြန်လျှောက်သွားလိုက်ပြီး နူးညံ့သည့်လေသံဖြင့် လူငယ်လေးကိုပြောသည်… “မကြောက်ပါနဲ့မောင်လေး… သူတို့တွေက မောင်လေးရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကိုဖယ်ရှားပေးဖို့အတွက် လာပြီးကူညီပေးတဲ့သူတွေပဲ…”

လက်ရှိဝေချင်းချင်းရဲ့ပုံစံက စစ်တန်းလျားမှာတုန်းကလို ရဲစွမ်းသတ္တိပြည့်ဝလှသည့် မိန်းကလေးတစ်ယောက်ပုံစံမျိုးမဟုတ်တော့ပေ။

ဝေကန်းလန်က လူငယ်လေးကိုကြင်နာစွာကြည့်လျက်မှ ရှေ့ကိုလျှောက်သွားလိုက်ပြီး သူ့ရဲ့နဖူးကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ အဲ့ဒီနောက်မှာ ဝေကန်းလန်က မျှော်လင့်ချက်တွေပြည့်နှက်နေသည့်မျက်လုံးဖြင့် ဆရာယင်ဘက်ကို လှည့်ကြည့်လိုက်သည်… “ကျေးဇူးပြုလို့ သူ့ကိုကယ်ပေးပါဦးဆရာ…”

ဆရာယင်ကရှေ့ကိုဝင့်ကြွားစွာလျှောက်လာခဲ့ပြီး ဝေကန်းလန်က အလျင်အမြန်ပင်သူ့နေရာကို ဖယ်ပေးလိုက်သည်။ ဆရာယင်က ထိုင်လိုက်ပြီးနောက်မှာ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်က အနက်ရောင်အစက်တွေကိုကြည့်လိုက်ပြီး ပြောသည်… “အဆိပ်က အရိုးတွေထဲထိအောင် နက်နက်ရှိုင်းရှိုင်းဝင်ရောက်နေခဲ့ပြီ… ဒါကတကယ့်ကို အရမ်းပြင်းထန်တာပဲ… နောက်ထပ် ထပ်ပြီးနှောင့်နှေးကြန့်ကြာနေခဲ့မယ်ဆိုရင် သူ့ရဲ့သက်တမ်းကို ကြာရှည်အောင်တောင့်ခံနိုင်ခြင်းမရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်…”

ဆရာယင်က ဒီစကားတွေကိုပြောလိုက်တဲ့အခိုက်အတန့်မှာ ဝေချင်းချင်းရဲ့မျက်နှာကဖြူဖျော့သွားခဲ့ရသလို ဝေကန်းလန်ရဲ့အမူအယာကလည်း ပြောင်းလဲသွားခဲ့ရသည်။

“ဆရာက ကျွန်မရဲ့မောင်လေးကို ကယ်ပေးနိုင်တယ်မလား…” ဝေချင်းချင်းက နီရဲနေသည့်မျက်လုံးတွေဖြင့် ဆရာယင်ကိုကြည့်ကာ အနူးအညွတ်တောင်းဆိုလိုက်သည်။

ချီဟောင်က ရှေ့ကိုလျှောက်လာခဲ့သလို သူ့ရဲ့လက်တစ်ဖက်က ဝေချင်းချင်းရဲ့ပခုံးပေါ်ကို ကျရောက်လာခဲ့ပြီး နူးညံ့သည့်လေသံဖြင့်နှစ်သိမ့်လိုက်သည်… “မစိုးရိမ်ပါနဲ့ ချင်းချင်း… ဆရာယင်က သေချာပေါက်သူ့ကို ကယ်တင်ပေးနိုင်လိမ့်မယ်…”

ဝေချင်းချင်းက မဆိုင်းမတွပင် ခေါင်းညိတ်ပြလိုက်ပြီး ချီဟောင်ရဲ့လက်က သူမပခုံးပေါ်ရောက်နေတာကိုတော့ သတိထားမိခြင်းမရှိခဲ့ပေ။

ဆရာယင်က ပြုံးလျက်ခေါင်းညိတ်ပြလိုက်ပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်… “ဗိုလ်ချုပ်ကြီးဝေနဲ့ မိန်းကလေးဝေတို့ အေးအေးဆေးဆေးအနားယူနေနိုင်ပါတယ်… ကျွန်တော်ဒီမှာရောက်နေပြီဆိုကတည်းက ကျွန်တော်အနေနဲ့ ဒီအဆိပ်ကိုရင်ဆိုင်တိုက်ခိုက်ဖို့ သေချာပေါက်ယုံကြည်မှုရှိနေလို့ပဲ…”

“သခင်လေးဝေရဲ့ အဝတ်အစားတွေကိုချွတ်လိုက်ပါ…” ဆရာယင်က လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ပြီး ညွှန်ကြားလိုက်သည်။

အစေခံမိန်းကလေးတစ်ယောက်က ချက်ချင်းပင်ဘေးမှနေ ရှေ့သို့လျှောက်လာခဲ့လိုက်ပြီး ဝေဘင်းရဲ့အဝတ်အစားတွေကို အလွန်သတိကြီးစွာဖြင့် ဖယ်ရှားပေးလိုက်သည့်အခါ ဖြူဖျော့ပိန်လှီနေသည့်ခန္ဓာကိုယ်နှင့် အနက်ရောင်အစက်အပြောက်တွေ ထွက်ပေါ်လာခဲ့သည်။

ဆရာယင်က သူ့ခါးကြားမှ မီးခိုးရောင်မူလစုတ်တံတစ်ချောင်းထုတ်ယူလိုက်ပြီး အနည်းငယ်အာရုံစူးစိုက်လိုက်ပြီးနောက်မှာ စုတ်တံကကျဆင်းလာခဲ့သည်။ စုတ်တံရဲ့ထိပ်ဖျားက လှုပ်ရှားသွားခဲ့ရသကဲ့သို့ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်နက်ရှိုင်းလှသည့် စုတ်ချက်တွေတစ်ချက်ပြီးတစ်ချက် ဖြည်းညှင်းစွာဖြင့် ရေးဆွဲနေလျက်ရှိသည်။

လူတိုင်းက အနည်းငယ်သောဆူညံသံလေးတစ်ခုကိုတောင်မှ ပြုလုပ်မိမှာစိုးရိမ်နေသည့်အလား သူတို့ရဲ့အသက်ရှူသံတွေကို ထိန်းထားမိလိုက်ကြသည်။

ဝေကန်းလန်နဲ့ ဝေချင်းချင်းတို့ရဲ့မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ မျှော်လင့်ချက်အရိပ်အယောင်တွေနဲ့ပြည့်နှက်နေရပြီး ချီဟောင်က ခပ်ဖွဖွအပြုံးတစ်ခုဆင်မြန်းထားပေသည်။ သူ့ရဲ့မျက်လုံးထဲမှာ ကျေနပ်အားရတဲ့အရိပ်အယောင်တွေထွက်ပေါ်နေရကာ ဇူယွမ့်ထံအချိန်တိုင်းလိုလိုကြည့်နေလျက်ရှိပြီး အနိုင်ရလဒ်က သူ့လက်ထဲမှာရှိနေသည်ဆိုသည့်အလားပင်။

ဇူယွမ်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေမဲ့ လုတိန်ရှန်းက လက်သီးကိုတင်းတင်းကျပ်ကျပ် ဆုပ်ထားမိလိုက်သည်။

ဆရာယင်ကသာ ဝေဘင်းကို အောင်မြင်စွာကုသပေးနိုင်ခဲ့မယ်ဆိုရင် ကန်းလန်စီရင်စုအတွင်းမှာ သူတို့ရဲ့အခြေအနေက ဆူးငြောင့်ခလုတ်တစ်ခုဖြစ်လာမည်ကို သူတို့အနေဖြင့်ကောင်းစွာသိပေသည်။ ဒါ့အပြင်နောက်ပိုင်းမှာ ရှေးဟောင်းနယ်မြေအတွင်းမှ ရတနာတွေကိုရယူနိုင်ဖို့ ယှဉ်ပြိုင်တိုက်ခိုက်ကြရတဲ့အခါ သူတို့အတွက် အရမ်းကိုအခွင့်အရေးနည်းသွားပေလိမ့်မည်။

ဒါ့အပြင် သူတို့ရဲ့လက်ရှိအင်အားဖြင့် အဆိပ်ရေအိုင်ရဲ့ရှေးဟောင်းနယ်မြေမှာ ဝေကန်းလန်ရဲ့အကူအညီမပါဘဲ ရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာက အလွန်အမင်းခက်ခဲရပေလိမ့်မည်။

ဒီကိစ္စရဲ့ဂယက်ရိုက်မှုက ထင်ထားတာထက်ကို များစွာကြီးမားနေလိမ့်မည်မှာ အသေအချာပင်။

လူတိုင်းရဲ့မျက်နှာပေါ်မှာ အမူအယာအမျိုးမျိုးဖြစ်နေကြသော်ငြား ယောင်ယောင်တစ်ယောက်က ထန်ထန်ကို သူမလက်ထဲမှာပွေ့ပိုက်ထားရင်းမှ သူမရဲ့လှပတဲ့မျက်နှာလေးက တည်ငြိမ်နေကာ သူမရဲ့တောက်ပတဲ့မျက်လုံးတွေက ဆရာယင်ရေးဆွဲနေသည့် မူလမှော်စာလုံးကိုသာ ကြည့်ရှုနေလျက်ရှိပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset