ယခုအချိန်တွင် ပိုင်ရှောင်ချန်းက ကောင်းကင်တံတားပိုင်နက်နယ်မြေရှိ ကျင့်ကြံနည်းများ၏ မြင့်မားသောအဆင့်များက မည်သို့အလုပ်လုပ်သည်ကို လေ့လာနေခဲ့သည်။ ချီစုစည်းမှုအဆင့်ပြီးနောက်…အခြေခိုင်မာခြင်းအဆင့်၊ အမြုတေအဆင့်နှင့် ယင်ယန်ဝိညာဥ်အဆင့်၊ နတ်အဆင့် တို့ဖြစ်လေသည်။
နတ်အဆင့်မှာ လုံးဝကြောက်မက်ဖွယ်ကောင်းလေသည်။ ၎င်းမှာ ကောင်းကင်နှင့်မြေပြင်ကိုပေါင်းစပ်လိုက်သည်နှင့်တူပြီး ကျင့်ကြံသူက သူ၏ကိုယ်ပိုင်စွမ်းအားကို ထုတ်သုံးခြင်းမရှိပဲ သူ၏ပတ်ဝန်းကျင်ရှိအားလုံးကို ဖန်တီးရသည့်စွမ်းအားဖြစ်လေသည်။ သူက ဖိနှိပ်နိုင်သည့်ဖိအားထုတ်လွှတ်ရန်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၏ စိတ်ကူးစိတ်သန်းများထက် သာလွန်သော နတ်ဘုရားစွမ်းရည်များကို အကျိုးရှိရှိအသုံးချရန် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်ကိုထုတ်သုံးလိုက်သည်။
နှစ်များစွာတိုင်အောင် ကောင်းကင်တံတားမြစ်၏ အရှေ့အလယ်ပိုင်းဒေသများတွင် နတ်အဆင့်ကျင့်ကြံသူ လေးဦးသာရှိလေသည်။ သို့သော်လည်း သူတို့လေးဦးထဲမှ ကုံမြစ်ဂိုဏ်းခွဲ၏ နတ်အဆင့်ကျင့်ကြံသူမှာ ကျန်သုံးယောက်အားထားခဲ့ကာ အသတ်ခံရပြီးဖြစ်သည်။
နတ်အဆင့်ကျင့်ကြံသူများမှာ ဂိုဏ်းတစ်ခုလုံးအားဖျက်စီးနိုင်လောက်အောင် အစွမ်းထက်ကြသည်။ ဆိုလိုသည်မှာ အကယ်၍ သူတို့ထဲမှတစ်ယောက်သာ အဏ္ဏဝါခေါ်သံဂိုဏ်းကို တိုက်ခိုက်မည်ဆိုပါက ဂိုဏ်းမှာ ဧကန်မုချအဖျက်ဆီးခံလိုက်ရပေမည်။
ပိုင်ရှောင်ချန်းက သွေးဘိုးဘေးကြီးအားထိန်းချုပ်ပြီး ကြောက်မက်ဖွယ်ညောင်ပင်ကြီး၏ အကူအညီနှင့်တိုက်မည်ဆိုပါကလည်း သူတို့မှာ ရှုံးနိမ့်နိုင်ဆဲဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်၏ အကူအညီကို တောင်းခံခြင်းအားဖြင့် သူတို့မှာ အသက်ရှင်နိုင်လိမ့်မည်ဖြစ်ပြီး ကံမကောင်းအကြောင်းမလှစွာပင် သူတို့က တစ်ခုတည်းသော အဏ္ဏဝါဆေးလုံးကို အသုံးပြုလိုက်ပြီဖြစ်သည်။
အဏ္ဏဝါခေါ်သံဂိုဏ်းက လက်ရှိတွင်အလွန်စွမ်းအားကြီးမားပုံရသော်လည်း သူတို့လိုအပ်နေသောအမြင့်ဆုံးအဆင့် စွမ်းအင်မှာချို့တဲ့နေသေးသည်။ ဂိုဏ်း၏စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဥ်း၍ ဆုံးဖြတ်ချက်ချရန် ခေါင်းဆောင်ကြီးများ၏ စွမ်းရည်ကို တိုက်တွန်းလှုံဆော်နေပြီး အလယ်ပိုင်းဒေသများသို့ သူတို့အားလုံးအတူတကွတိုက်ခိုက်ရန်သဘောတူခဲ့သည့်အကြောင်းရင်းတစ်ခုမှာ ထိုနေရာတွင်ရှိသော နတ်အဆင့်သို့ရောက်ရှိနိုင်သည်ဟု ထင်ရှားသောဖြစ်နိုင်ချေရှိသည့် စိတ်စွမ်းအင်များနှင့်အရင်းအမြစ်များကြောင့်ဖြစ်သည်။
ယခုအချိန်တွင် နတ်အဆင့်သို့ရောက်နိုင်သောလူသုံးဦးမှာ ဖုန်းရှိန်ကျစ် ၊ ဟန်ဇောင်နှင့် ချီဟွမ်တို့ဖြစ်သည်။
အခမ်းအနားများပြီးဆုံးသွားပြီးနောက် ဖုန်းရှိန်ကျစ် နှင့် ချီဟွမ်တို့က သီးခြားတရားထိုင်ရန်ရွေးချယ်ခဲ့သည်။ အခြားခေါင်းဆောင်ကြီးများမှာလည်း ထိုကဲ့သို့ လုပ်ဆောင်ကြလေသည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းက နောက်ဆုံးတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန်မျှော်လင့်နေကြသည်။
အရှေ့ကောင်းကင်တံတားမြစ်တွင် ရှင်းကုံကျစ်တာအိုဂိုဏ်းအပါအဝင် နတ်အဆင့်ကျင့်ကြံသူပေါင်းမှာ ဆယ်ယောက်ပင်မပြည့်ချေ။ သို့ဖြစ်ရာ ၎င်းတို့မှာ မည်မျှစွမ်းအားကြီးမားသည်သာမက မည်မျှရှားပါးသည်ကိုလည်း လွယ်ကူစွာသိမြင်နိုင်သည်။
အဏ္ဏဝါခေါ်သံတောင်ပေါ်ရှိ မဟာခန်းမကြီးတစ်ခုထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူဟန်ဇောင်က ဂိုဏ်းနှင့်နတ်အဆင့်တို့နှင့် ပတ်သက်သော ကိစ္စအချို့ကိုရှင်းပြရန် ပိုင်ရှောင်ချန်းအား ခေါ်လိုက်သည်။
” နတ်အဆင့်မှာဆိုရင် ကောင်းကင်နဲ့မြေပြင်ရှိသမျှကာလပတ်လုံး သူတို့ရဲ့စွမ်းအားတွေနဲ့အတူ အသက်ရှင်နိုင်မယ်လို့ အသေအချာမပြောနိုင်ပေမဲ့ မင်းအလိုရှိသမျှသုံးနိုင်တဲ့ စွမ်းအင်တွေနဲ့ဆိုရင် မင်းဟာထာဝရနီးပါး အသက်ရှည်နိုင်ပြီ..။ မင်းရဲ့တိုက်ပွဲဝင်စွမ်းရည်တွေကလဲ အဲဒီလိုပဲ..မင်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးကိုလည်း လွှမ်းမိုးနိုင်ပြီကွ”
” ဒါကြောင့်မို့ ငါကနတ်အဆင့်တက်နိုင်တဲ့အခွင့်အရေးရအောင် တရားထိုင်တော့မယ်”
ဤအချိန်မှာ ပိုင်ရှောင်ချန်း၏ နတ်အဆင့်အကြောင်း ပထမဦးဆုံးကြားဖူးခြင်းဖြစ်ပြီး ထိုအဆင့်သို့ရောက်ရှိနိုင်ရန် ဆန္ဒရှိသွားလေသည်။
” နတ်အဆင့်ရဲ့နောက်ပိုင်းကကော ဘာအဆင့်လဲဗျာ” သူကမေးမြန်းလိုက်သည်။ ဟန်ဇောင်မှာ ခဏတာတိတ်ဆိတ်သွားသော်လည်း သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။
” အဲ့အဆင့်ရဲ့နောက်က နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ”
မမျှော်လင့်ပဲ သူက ‘နတ်ဘုရားတစ်ပိုင်း’ ဟူသော စကားလုံးကိုပြောလိုက်သည်နှင့်တပြိုင်နက် အထက်ကောင်းကင်တွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။
ရုတ်တရက်မိုးခြိမ်းလိုက်သံက ပိုင်ရှောင်ချန်းအား တုန်လှုပ်သွားစေသည်။
” နာမည်လေးပြောမိတာတောင် ကောင်းကင်နဲ့မြေပြင်ပေါ်မှာ အတက်အကျတွေပေါ်လာတယ်..။ နတ်ဘုရားတစ်ပိုင်းအဆင့်က ဖော်ပြချက်တွေကိုဖီဆန်နေတယ်။ အဲဒီလိုလူတွေကို နတ်ဘုရားတစ်ပိုင်းလို့ဖော်ပြတာ တကယ်ကိုဖြစ်နိုင်တယ် ” အမှန်တကယ်တွင် ဟန်ဇောင်ကိုယ်တိုင်တောင်မှ နတ်ဘုရားတစ်ပိုင်းနယ်မြေအဆင့်အကြောင်းကို အများကြီးမသိပေ။
” အရှေ့ပိုင်း ကျင့်ကြံခြင်းလောကမှာ နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ယောက်ထဲပဲရှိခဲ့တယ်။ ပြီးတော့ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ သက်ရှိသီးသန့်စွမ်းအားပဲကွ..။ ရှင်းကုံကျစ်တာအိုဂိုဏ်းက အဲဒီခေါင်းဆောင်ကြီးကြောင့်သာ မြစ်ဝရှိဂိုဏ်းဖြစ်လာတာကွ”
ဤအကြိမ်မှာလည်း ပိုင်ရှောင်ချန်း၏ ထိုကဲ့သို့သော အရာများကိုကြားလိုက်ရသည့် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သူ၏မျက်လုံးများမှာလည်း ပန်းကန်ပြားတစ်ခုအလား ပြူးကျယ်သွားလေသည်။ သူကထိုအကြောင်းကို တွေးမကြည့်ပဲ ဆက်၍မေးလိုက်လေသည်။
” နတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ အနောက်ကကော…”
“ငါလဲ မသိဘူး….”
ဟန်ဇောင်က သူ၏ခေါင်းကိုခါယမ်း၍ ပြန်ဖြေလေသည်။ သူ၏ကျင့်ကြံခြင်းအကြောင်း ရှင်းလင်းချက်ပြီးဆုံးသွားသောအခါ သူကညာဘက်လက်အားဆန့်ထုတ်လိုက်ပြီး အလင်းရောင်မြူမှုန် သုံးခုထွက်ပေါ်လာသည်။
ထိုအလင်းရောင်မြူမှုန်များအတွင်းတွင် စာလိပ်တစ်ခု၊ တွားသွားသတ္တဝါ၏အကြေးခွံတစ်ခုနှင့် ဓားမြှောင်တစ်ချောင်းပါဝင်လေသည်။
ထိုစာလိပ်မှာ နှစ်ပေါင်းများစွာတည်ရှိခဲ့သော အရာတစ်ခုနှင့် ၎င်းထံမှ ရှေးဟောင်းအငွေ့အသက်များလည်း ဖြာထွက်နေသည်။ အကြေးခွံအပေါ် ပိုင်ရှောင်ချန်း၏ ပထမဦးဆုံးထင်မြင်ချက်မှာ ၎င်းကစတင်၍ ဆွေးမြေ့နေပြီဖြစ်ကြောင်းသာဖြစ်ပြီး မည်သည့်သတ္တဝါ၏အကြေးခွံဖြစ်ကြောင်းမပြောနိုင်ပေ။
ထို့နောက် ဓားမြှောင်နှင့်သိပ်မတူပဲ အနက်ရောင်ဦးချိုနှင့် ပိုတူနေသော ဓားမြှောင်တစ်ချောင်းလဲရှိသည်။
” ကိုးနယ်ပယ်ရှုခင်းက ပစ္စည်းအများကြီးကို သိုလှောင်နိုင်တဲ့ ကမ္ဘာအဆင့်အဖိုးတန်ရတနာတစ်ခုပဲ။ သူ့အထဲကို ရောက်သွားတဲ့ ဘယ်ပစ္စည်းမဆို သန့်စင်ပြီးသားဖြစ်သွားပြီးတော့ သူ့ရဲ့အမှတ်တံဆိပ်နဲ့ တံဆိတ်ခတ်ပြီးသားဖြစ်သွားမယ်။ သူက မယုံနိုင်လောက်တဲ့ အမြန်နှုန်းကိုထောက်ပံ့ပေးနိုင်ပြီးတော့ တာတိုတည်နေရာရွှေ့ပြောင်းခြင်းကိုတောင် လုပ်ဆောင်နိုင်တယ်ကွ”
” ရှေးဟောင်းနတ်ဆိုးအကြေးခွံကလည်းပဲ ကမ္ဘာအဆင့် အဖိုးတန်ရတနာတစ်ခုပဲ…။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတောင်မှ အဲ့တာကိုမကျော်လွှားနိုင်သေးဘူး။ ကံမကောင်းတာက ငါ့ဆီမှာ အကြေးခွံတစ်ခုပဲရှိတယ်။ အများကြီးနဲ့သာဆိုရင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေတောင်မှ မင်းနဲ့ယှဥ်တဲ့အခါ ပိုပြီးခက်ခဲသွားစေနိုင်တဲ့ သံချပ်ကာအင်္ကျီအပြည့်အစုံကို ဖန်တီးနိုင်မှာကွာ…။”
” နောက်ဆုံးဒီဓားမြှောင်…သူကလည်း ကမ္ဘာအဆင့် အဖိုးတန်ရတနာပဲ။ သူဆိုရင် မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ သူပုန်နဂါးကိုတောင် ဆင့်ခေါ်နိုင်တယ်”
” ဒီဟာတွေအကုန်လုံး ကျွန်တော့်ကိုပေးမလို့လားဗျ..” ပိုင်ရှောင်ချန်းမှာ ထိုအလင်းမြူမှုန်များကိုကြည့်နေရင်း ရင်တဒိတ်ဒိတ်ခုန်လျက် မေးလိုက်လေသည်။ သူ၏အရှေ့ဘက်ရှိ ပစ္စည်းအားလုံးထဲမှ တစ်ခုခုကပင် သူ၏စိတ်လှုပ်ရှားမှုကို နိုးဆွရန်လုံလောက်လေသည်။ သူကတံတွေးကိုပင်ခက်ခက်ခဲခဲ မျိုချနေရသည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်အနေနဲ့ ကမ္ဘာကြီးထဲမင်းထွက်သွားတဲ့အခါ မင်းက ဂိုဏ်းကို ကိုယ်စားပြုရလိမ့်မယ်။ ဒီလိုအဖိုးတန်ရတနာသုံးခုကို မင်းရမှာကလည်း သဘာဝပါပဲ။ သူတို့နဲ့ ကျင့်သားရအောင် လုပ်လိုက်ဦး..။ အနာဂတ်မှာ အဏ္ဏဝါခေါ်သံဂိုဏ်းနာမည်ရဖို့ဆိုတာ မင်းအပေါ်မူတည်လိမ့်မယ်”
ဟန်ဇောင်က ပြုံးလိုက်သည်။ ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် မယုံကြည်နိုင်လောက်အောင် အရေးကြီးသည်။ ခေါင်းဆောင်ကြီးများက သူတို့သီးသန့်တရားထိုင်ခြင်းကိုပြုလုပ်နေစဉ်ကတည်းက ပိုင်ရှောင်ချန်းအား သူ၏ကိုယ်ပိုင်ကာကွယ်မှုအတွက်သုံးရန် ထိုအဖိုးတန်ရတနာသုံးခုအား ပေးမည်ဟုသဘောတူခဲ့ကြသည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး အလျင်အမြန်ပင် ကျေးဇူးတင်စကား တစ်ပုံတစ်ပင် ပြောပစ်လိုက်သည်။ ထို့နောက် သူက အဖိုးတန်ရတနာသုံးခုအား ယူလိုက်ပြီးနောက် သူတို့အားအမြတ်တနိုး ယုယုယယပွတ်သပ်နေလေသည်။ ဟန်ဇောင်က ချောင်းဟန့်လိုက်သည်။
” အခုတော့ ငါတရားထိုင်ဖို့ ဝင်တော့မယ်ကွ…။ ခဏနေရင် မျိုးဆက်ဟောင်းအကြီးအကဲတစ်ယောက် မင်းဆီလာလည်လိမ့်မယ်..ဒါကြောင့် သူ့ကိုခဏလောက်စောင့်လိုက်ဦး။ နောက်ဆုံးအနေနဲ့ ဒီကျောက်စိမ်းပြားကို ယူလိုက်..။ ဒီဟာက မင်းအခုအမြုတေအဆင့်ရောက်ပြီဆိုတော့ မင်းအတွက် အရင်တုန်းက ဟန်ဇောင်ကျောင်းရဲ့ လျှို့ဝှက်မှော်ပညာဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံခြင်းပညာရပ်ကို ပေးမယ် ” ဟန်ဇောင်၏ မျက်နှာတွင် ထူးဆန်းသည့်အမူအယာကိုတွေ့မြင်ရနိုင်သော်လည်း ပိုင်ရှောင်ချန်း သတိမပြုမိသေးမီ ဟန်ဇောင်က သူ့ထံသို့ကျောက်စိမ်းပြားကို လှမ်းပစ်ပေးလိုက်ပြီးနောက် လှည့်ကာ ပျောက်ကွယ်သွားတော့သည်။
” မျိုးဆက်ဟောင်းက အကြီးအကဲတစ်ယောက်…” ပိုင်ရှောင်ချန်းက ကျောက်စိမ်းပြားကိုလှမ်းဖမ်းရင်း မေးလိုက်သည်။
” ဒါပေမဲ့ ဘယ်သူလဲဗျ..”
သို့သော်လည်း ဟန်ဇောင်မှာ ထွက်ခွာသွားပြီဖြစ်သည်။ အချိန်ကုန်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်း၏ မျှော်လင့်စောင့်စားချက်မှာကြီးမားလာသည်။
” သူတို့တွေ ငါ့ကိုနောက်ထပ်ဆုတွေပေးဦးမလို့နေမှာ…” သူက စိတ်လှုပ်ရှားမှုများစွာဖြင့် တွေးတောလိုက်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ငယ်အနေဖြင့် သူ့အား အလွန်ကောင်းမွန်စွာဆက်ဆံခဲ့သည်ကို တွေ့ရှိသွားလေသည်။ မျိုးဆက်ဟောင်းမှ အကြီးအကဲတစ်ယောက်ကပင် သူ့အားလက်ဆောင်ပေးရန်လာပေဦးမည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး တတ်နိုင်သလောက် အလေးအနက်ဖြစ်စေရန် သူ၏ခြေထောက်ကိုမကာ တည့်တည့်မတ်မတ်ဖြစ်အောင်ပြင်ရပ်လိုက်သည်။
စိတ်ထဲတွင်တော့ သူ့ကိုယ်သူလွန်စွာကျေနပ်လျက်ရှိသည်။ သူက ထိုကဲ့သို့သောကိုယ်ဟန်အနေအထားက မျိုးဆက်ဟောင်းမှ အကြီးအကဲအား ကျိန်းသေကျေနပ်စေလိမ့်မည်ဖြစ်ကြောင်း သိလေသည်။
အနည်းငယ်စောင့်ဆိုင်းပြီးနောက် ပိုင်ရှောင်ချန်းမှာ စိတ်မရှည်တော့ပေ။ သို့သော် ရုတ်တရက်သူ့အား တစ်စုံတစ်ယောက်မှ ကြည့်နေသည်ဟု ထူးဆန်းစွာခံစားလိုက်ရသည်။ သူကစဥ်းစားမနေတော့ပဲ နောက်သို့လှည့်လိုက်လေသည်။ သူ၏အရှေ့တွင်ရှိသည့်အရာအား မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
မည်သည့်အချိန်ကမှန်းမသိလိုက်ဘဲ ယုန်တစ်ကောင်ကသူ၏အနောက်ဖက်တွင်ပေါ်လာသည်။
ထိုယုန်မှာ သာမာန်ယုန်များကဲ့သို့ လေးဖက်ထောက်၍မသွားပေ။ သူက သူ၏နောက်ခြေထောက်ပေါ်၌ ရပ်နေလေသည်။ လူတစ်ယောက်ကဲ့သို့ သူ၏လက်များကိုအနောက်သို့ ပစ်ထားပြီး ပိုင်ရှောင်ချန်းအားသူ၏ မျက်လုံးနီများဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏နားရွက်များမှာ ဦးခေါင်းအထက်တွင်ထောင်နေပြီး သူ၏ပုံမှာ အတော်အတန်ရယ်စရာကောင်းသော်လည်း သူ၏မျက်လုံးအတွင်းရှိ ရှေးဟောင်းအငွေ့အသက်တစ်ခုက ထိုယုန်အား သာမန်ထက် ထူးကဲသွားစေသည်။
” မင်း….”
ပိုင်ရှောင်ချန်းကပြောလိုက်သည်။ ပင့်သက်ရှိုက်ရင်း အနောက်သို့ဆုတ်လိုက်သည်။ ထို့နောက်သူ၏လက်များဖြင့် ပါးစပ်ကိုအုပ်လိုက်မိသည်။ အခြားလူများက ထိုယုန်အား မှတ်မိလိမ့်မည်မဟုတ်သော်လည်း ပိုင်ရှောင်ချန်းက မှတ်မိသေးပေသည်။ ထိုယုန်က ပြာပုံအဖြစ်ပြောင်းသွားလျှင်ပင် သူကမှတ်မိနေမည်မှာ သေချာသလောက်ရှိသည်။ ထိုယုန်မှာ ဆိုးဝါးလှသည့်စကားပြောသောယုန်စုတ် ဖြစ်လေသည်။
အမှန်တကယ်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ အပြင်ဘက်တိုက်ပွဲတွင် ယုန်နှင့်မျောက်အား အတူတူတွေ့လိုက်ကတည်းက ထူးဆန်းသည့်အရာတစ်ခုခုဖြစ်နေပြီ ဖြစ်ကြောင်း သံသယရှိခဲ့သည်။ ယခုတွင် ထိုယုန်မှာထပ်မံပေါ်လာပြီဖြစ်ရာ အမောစို့သွားလေသည်။ သို့သော်လည်း သူကမျက်နှာပေါ်တွင် အပြုံးတစ်ခုကို အလျင်အမြန်ဆင်မြန်းလိုက်ပြီးနောက် သူ၏လက်ကိုဆုပ်ကာ သတိကြီးကြီးထားလျက် ဂါရဝပြုလိုက်လေသည်။
“အမ်… ဝါရင့်ဆရာကြီးကို ဂါရဝပြုပါတယ်”
ထိုယုန်က ပိုင်ရှောင်ချန်းအား ခေါင်းအစခြေအဆုံးကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်သည်။ မည်သည့်အကြောင်းကြောင့်မသိ ယုန်ကသူလုပ်နေကြအတိုင်း သူ၏စကားများကိုထပ်ခါတလဲလဲ မပြောတော့ပေ။ ၎င်းက ပိုင်ရှောင်ချန်းအား ပျော်ရွှင်မှုကိုမဖြစ်စေပဲ မကောင်းသည့်စိတ်ထင့်ခြင်းကိုသာ ခံစားရစေသည်။
ပို၍စိတ်လှုပ်ရှားလာပြီး အနောက်ဘက်သို့ခြေလှမ်းအနည်းငယ်လှမ်းကာ ပြောလိုက်သည်။
” ဆရာကြီး…ကျုပ်….”
” ငါ့ကိုနောက်ဆုံးအကြိမ် လိုက်ဖမ်းဖို့မင်းကြိုးစားတဲ့အချိန်တုန်းက မင်းကိုကြည့်ရတာ သိပ်ကိုကျေနပ်နေခဲ့တယ်မလား”
ယုန်က ရှေးကျသောအသံဖြင့် ပြောလိုက်သည်။
” ဒါပေမဲ့လည်း ငါက ငါ့ကိုယ်ငါ မင်းရဲ့အဆင့်အထိရောက်အောင် နှိမ့်ချနေမှာမဟုတ်ဘူး”
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေပြီဖြစ်သည်။
“ငါ..ဒီနေ့ဒီကိုလာတာက စစ်ဆေးစရာနည်းနည်းရှိနေလို့ပဲ။ မင်းရဲ့အဖိုးတန် ရတနာတွေ တကယ်အလုပ်လုပ်၊မလုပ် ကြည့်ရအောင်” သူက ပိုင်ရှောင်ချန်းအားကြည့်နေရင်း ပိုင်ရှောင်ချန်း၏နှလုံးသားကို ကြောက်ရွံ့မှုများနှင့်ပြည့်သွားစေသော အပြုံးကို ပြုံးလိုက်လေရာ ပိုင်ရှောင်ချန်းမှာ တုံ့ဆိုင်းမနေပဲ အော်လိုက်ပြီးနောက် လှည့်ကာထွက်ပြေးတော့သည်။
သို့သော်လည်း သူ စ၍လှုပ်ရှားလိုက်သည်နှင့် ထိုယုန်က လှုပ်ရှားမှုကြောင့် မှုန်ရီသွားကာ သူ၏ညာဘက်ခြေထောက်ကို မြှောက်လိုက်ပြီး ပိုင်ရှောင်ချန်း၏ကျောကို ခပ်ပြင်းပြင်းကန်ချလိုက်သည်။
ပိုင်ရှောင်ချန်းမှာလေထဲတွင် လွင့်သွားပြီး သူ၏အော်သံမှာ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ပဲ့တင်ထပ်သွားလေသည်။ သို့သော် သူကလွင့်ထွက်သွားစဥ် သူ့ကိုယ်သူမှန်ကန်သောအနေအထားရောက်အောင် ပြင်ဆင်ပြီးနောက် အရှိန်ပြင်းပြင်းဖြင့်တစ်ချိုးတည်း ထွက်ပြေးလိုက်တော့သည်။
” ကယ်ကြပါဦးးးးးကျုပ်ကို သတ်ဖို့လုပ်နေတယ်..။ လူသတ်ကောင်ယုန်စုတ်ကြီးဗျ …။ ခေါင်းဆောင်ကြီးတွေ…ကျုပ်ကို ကယ်ပါဦးဗျာ..။ ကယ်ကြပါဦး….”
ပိုင်ရှောင်ချန်းက ထိတ်ထိတ်ပျာပျာနှင့် ပြေးနေပြီး သူ၏အော်ဟစ်သံမှာလည်း နေရာအနှံ့ ပဲ့တင်ထပ်နေသည်။ ဂိုဏ်းသားအများအပြားက ကြားလိုက်ချင်းတွင်ပင် မည်သို့ဖြစ်ပျက်နေကြောင်းကို ချက်ချင်းမော့ကြည့်ကြတော့သည်။
သူတို့မြင်ရသည်မှာ ယုန်တစ်ကောင်ကလေထဲတွင်ပျံသန်းနေပြီး ပိုင်ရှောင်ချန်းအားဆောင့်ကန်နေကာ သူ့အားတစ်ပတ်လောက်လည်သွားစေသည်။ ထို့နောက် ယုန်က စူးစူးဝါးဝါးရယ်လေသည်။
“အော်စမ်း…။ ကျယ်လေလေ ကောင်းလေလေပဲ။ ငါ့ကို နောက်ဆုံးတစ်ခေါက်လိုက်ဖမ်းတုန်းက မင်းဘယ်လိုလုပ်ခဲ့လဲ မှတ်မိသေးလားကွ…။ သေစမ်းကွာ..။ ငါက မြွေတစ်သောင်းတောင်ကြားမှာ ပုန်းဖို့သွားခဲ့ပေမဲ့ မင်းက ရုတ်တရက်ကြီးငါ့ကိုရှာတယ်လေ…”
” ငါက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း သွားတဲ့လမ်းတစ်လျှောက်တုန်းကလဲ မင်းမတွေ့အောင်ပဲ ပုန်းနေခဲ့ရတာကွ…။ မ…မင်း…မျိုးမစစ်လေး…။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးက ငါ့ကိုမင်း ခြေရာခံနိုင်တယ်ဆိုတာ ယုံကိုမယုံနိုင်ဘူးကွာ..”
ပိုင်ရှောင်ချန်း၏အနောက်ကို လိုက်နေသော ထိုယုန်၏ မျက်လုံးများမှာရဲရဲနီနေလေသည်။
ပိုင်ရှောင်ချန်း၏အော်သံများမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်လျက်ရှိသည်။ မကြာမီ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ ထိုယုန်အား မှတ်မိသွားကြပြီး အထိတ်တလန့်အော်ဟစ်လိုက်ကြတော့သည်။
” အဲ့တာက…..”
“ဘုရားရေ…အဲ့တာက စကားပြောတဲ့ယုန်ပဲကွ”
“အဲဒီယုန်က ဒီမှာဘာလုပ်နေတာလဲကွ။ ပြီးတော့ သူကဘာလို့ ထပ်တလဲလဲစကားမပြောတော့တာလဲ…”