အခန်း ( ၁၇ )

နောက်ဆုံးတော့ စာဝါငှက်ပဲ နိုင်တာပါပဲ

“ တောင်ဘက်ကို လေးလှမ်း သွားလိုက်။ အနောက်ဘက်ကို ခြောက်လှမ်းဆုတ်။ အဆိပ်သားရဲက သူ့ဘယ်ဘက်ကို စပြီး သွားနေပြီ ”
လီချန်ရှို့သည် နွေးထွေးကာ သက်တောင့်သက်သာရှိသည့် ထင်ရှူးပင်အိုကြီး၏ ပင်စည်အတွင်းမှ နေ၍ ယုံချင်ရွှမ်းယာထံသို့ အသံပို့လွှတ်နေသည်။

ယုံချင်ရွှမ်းယာသည် ယခုအခါတွင် ထင်းရှူးပင်အိုကြီးနှင့် ကျန့်(၃၀၀) သာ ကွာတော့သည်။
ဤေချာက်ကမ်းပါးသည် ရှေ့သို့ငေါထွက်နေသော အလျားရှည်သည့် ေချာက်ကမ်းပါး ဖြစ်သည်။ ထိုအခိုက် မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးသည် ပုန်းအောင်းနေရာ ကျောက်ပက်ကြားအက်ကလေးမှ ထွက်လာပြီ ဖြစ်သည်။ ၎င်းသည် ကမ်းပါးအောက်ရှိ ကျောက်နံရံနားတွင်ကပ်ကာ ထင်ရှူးပင်အိုဘေးမှနေ၍ ခေါင်းပြူကြည့်လိုက်သည်။

ယင်းမြွေနဂါးသည် ယုံချင်ရွှမ်းယာနှင့် ဝတ်စုံနက်ခြောက်ဦးတို့ကြောင့် နိုးနိုးကြားကြားရှိနေပြီ ဖြစ်သည်။ သို့သော် ကောင်းကင်ပေါ်ရှိ ယွီဝမ်လင်သည် ၎င်းအား သတိမထားမိသေးချေ။

ထိုအခြင်းအရာသည် လီချန်ရှို့အတွက် ထပ်မံကြံစည်ရန် သက်သာသွားစေသည်။

လီချန်ရှို့သည် အစွမ်းကုန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ပထမဆုံး သူသည် သူ၏ကိုယ်‌ရောင်ကိုယ်ဝါအား အတတ်နိုင်ဆုံး ဖုံးကွယ်ထားရသည်။ ဒုတိယအနေဖြင့် ယုံချင်ရွှမ်းယာအား ညွှန်ကြားပေးနေရသည်။ တတိယအားဖြင့် အဆိပ်သားရဲ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရလေသည်။ ယုံချင်ရွှမ်းယာအား သူ အထိခိုက်မခံနိုင်ပေ။

ဆန်မဖွတ်ရသေးမီ နွားအား သားသတ်ရုံသို့ ပို့၍ မရသည် မဟုတ်ပါလား။

‘ သူ လာနေပြီ ’

ယုံချင်ရွှမ်းယာသည် ယခုတွင် ထင်းရှူးပင်အိုကြီးနှင့် ကျန့်(၁၀၀)ခန့်သာ ကွာတော့သည်။

မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးသည် တိုက်ခိုက်နေသည့် လူများအပေါ်သာ အာရုံ‌ရောက်နေသည်။ ၎င်းသည် ကျောက်နံရံကို လျှောတိုက်၍ အ‌ရှေ့သို့ ဖြည်းဖြည်းချင်း‌ ရွေ့သွားကာ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များသို့ လာရာလမ်းကြောင်းအား ပိတ်ထားလိုက်သည်။ သို့သော် ဝေးဝေးသို့ ဆက်မသွားချေ။

၎င်းသည် ခြုံခိုတိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သည့် အတွေ့အကြုံရှိမုဆိုးပင် ဖြစ်သည်။ ယုံချင်ရွှမ်းယာနှင့် ဝတ်စုံနက်များ နီးကပ်လာမည့်အချိန်အား စိတ်ရှည်ရှည်စောင့်ဆိုင်းနေပေသည်။ ထိုလူများသည် မြွေနဂါးအတွက် ခူးခပ်ပြီးသားစားစရာတစ်ခု ပမာပင် ဖြစ်နေလေသည်။

ထို(၃)ကျန့်ရှည်သော မြွေနဂါးကြီး ရုတ်တရက် ထွက်၍ တိုက်ခိုက်လိုက်ချိန်တွင် မည်မျှ ကြောက်စရာကောင်းပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်နေမည်ကို လီချန်ရှို့ တွေးမိနေသည်။

ဤလောကကြီးသည် ထိုမျှ ကြောက်စရာကောင်းပေသည်။

ထို့နောက်…

လီချန်ရှို့သည် သစ်ကိုယ်ယောင်ဖျောက်ဂါထာအား ရွတ်၍ ထင်ရှူးပင်အိုကြီး၏ ပင်စည်အတွင်း အထက်အောက် သွားလာနေလေသည်။ ဖြည်းညင်းစွာပင် သူသည် သစ်ကိုင်းတစ်ခုအတွင်း ဝင်ရောက်သွား၏။

လီချန်ရှို့သည် ယုံချင်ရွှမ်းယာထံ အသံဆက်လက်ပို့လွှတ်နေသည်။
“ အရှေ့ဘက်ကို သုံးလှမ်းသွားလိုက်။ အနောက်တောင်ဘက်ကို ကိုးလှမ်းဆုတ်။ အဆိပ်သားရဲက ညီမကို သတိထားမိနေပြီ။ အစ်ကိုညွှန်ကြားတာကို သေချာနားထောင်။ ခုန်လို့ပြောလိုက်တာနဲ့ ရှိသမျှအားကုန်သုံးပြီး မိုးပေါ်ကို ခုန်လိုက်။ မတွန့်ဆုတ်နဲ့ ”

ယုံချင်ရွှမ်းယာသည် စိတ်ထဲမှပင် နားလည်ကြောင်းပြန်ပြောလိုက်သည်။ သူမသည် မီးတဟုန်းဟုန်းတောက်လောင်နေသော ဓားပျံများကို သူမ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံနေရန် လက်များကို လှုပ်ခါ၍ ညွှန်ကြားနေသည်။

သူမ၏ တမုဟုတ်ခြင်း တိုးတက်လာသော ဓားကာအစွမ်းနှင့် လေတွင် ပျံဝဲနေသည့် ဝတ်စုံလေးကြောင့် မီးတောက်မီးလျှံများအကြား ကနေသော နတ်ဝိဇ္ဇာတစ်ပါးအလား ထင်မှတ်ရပြီး လွန်စွာ လှပ၍ ငေးမောမင်သက်ဖွယ် ကောင်းနေပေသည်။

လေထဲတွင်မူ ယွီဝမ်လင်သည် ယွမ်ချင်းအား ပတ်ပတ်လည်ရှိ ညစ်ညမ်းချီများမှ ကာကွယ်ပေးရန် သူ၏ပုခုံးအား ကိုင်ထားလေသည်။

ယွမ်ချင်းသည် အောက်ရှိ ယုံချင်ရွှမ်းယာအား မမှိတ်မသုန် စောင့်ကြည့်နေ၏။
“ ယွီဝမ်စစ်သူကြီး ဒီတစ်ခေါက်တော့ ရွှမ်းယာကို လွတ်မသွားစေနဲ့တော့နော် ”

“ စိတ်မပူပါနဲ့ အမှတ်လေးသခင်လေး။ ပြီးခဲ့တဲ့အခေါက်တုန်းက တန်ဖိုးကြီး သက်စောင့်အဆောင်ရှိမှန်း မသိလိုက်လို့ပါ ”
ယွီဝမ်လင်သည်‌ လေသံပျော့ပျော့ဖြင့် ပြန်ဖြေလိုက်သည်။
“ သူက ဓမ္မတန်ခိုးတွေ သိပ်မရှိပါဘူး။ သူ ချောက်ကမ်းပါးနား ရောက်တာနဲ့ ကျုပ် ကိုယ်တိုင် သူ့ကို ဖိအားပေးဖို့ ထွက်သွားမှာပါ။ အမှတ်လေးသခင်လေး အဲဒီအခါကျမှ သူ့အနားသွားပြီး ဝင်ကယ်လိုက်ပေါ့။ သူ သခင်လေးအပေါ် အမုန်းတရားတွေပဲရှိနေရင်တော့ အချစ်ကပ်ပါးပိုးကောင်လည်း တစ်ဝက်လောက်ပဲ အလုပ်ဖြစ်လိမ့်မယ်။ ကျုပ်တို့ အဲဒီအမုန်းတရားတွေကို အကောင်းမြင်စိတ်ဖြစ်အောင် ပြောင်းလဲပစ်ရမယ် ”

ယွမ်ချင်းသည် မျက်နှာပျက်သွားကာ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ အခုလို ကြိုးပမ်းပေးတာ ကျေးဇူးတင်ပါတယ် စစ်သူကြီးယွီဝမ် ”

ယွီဝမ်လင်သည် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“ အမှတ်လေးသခင်လေး ဘယ်လိုလုပ်နေသလဲတော့ ကျုပ် နားမလည်နိုင်တော့ဘူး။ နှစ်(၆၀)လောက်ကြာပြီးတာတောင် ဆဋ္ဌမမြောက် မင်းသမီးရဲ့ အချစ်ကို ရအောင် သခင်လေး မလုပ်နိုင်သေးဘူး။ ဒီနေ့မှာသာ ပြန်မကြိုက်သေးဘူးဆိုရင် ဒါမှမဟုတ် အချစ်ကပ်ပါးပိုးကောင်သာ အလုပ်မဖြစ်ခဲ့ရင် ကျုပ်တို့ မင်းသမီးခြောက်ကို သတ်ရတော့မှာပဲ။ သခင်လေး စိတ်ပြင်ဆင်ထားပါ ”

ယွမ်ချင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ‌ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားပါသော်လည်း မည်သို့မျှ မတုန့်ပြန်လိုက်ပေ။

သူ့အောက် မြေပြင်ပေါ်တွင် ယုံချင်ရွှမ်းယာသည် ​ေချာက်ကမ်းပါးအစပ်နားသို့ ရောက်နေပေပြီ။ သူမသည် ထင်းရှူးပင်အိုကြီး၏ အရိပ်အနားသို့ ကပ်လာပြီ ဖြစ်သည်။

လီချန်ရှို့သည်လည်း ထိုအပင်၏ အမြစ်များအတွင်း ရောက်နေပြီ ဖြစ်သည်။ ရုတ်ခြည်းပင် သူ၏မျက်လုံးများ ဝင်းလက်သွားပြီး ယုံချင်ရွှမ်းယာ၏ နားထဲသို့ ‘ခုန်’ ဟူသော စကားအား ပို့လွှတ်လိုက်လေသည်။

ယုံချင်ရွှမ်းယာ၏ ခြေထောက်အောက်သို့ ဓားပျံများ အပြေးဝင်ရောက်သွားကာ အလင်းရောင်များ ဖြာထွက်သွားပြီး သူမ၏ခန္ဓာကိုယ်အား လေပေါ်သို့ ပင့်တင်လိုက်လေသည်။ သူမထံ ဦးတည်လာနေသော အလင်းတန်းများသည် မြေပြင်ကိုသာ တစ်ခုပြီးတစ်ခု ထိသွားလေသည်။

ယုံချင်ရွှမ်းယာအား တိုက်ခိုက်နေသော လူခြောက်ယောက်သည် သူတို့ရှေ့ရှိ အန္တရာယ်အား သတိမမူမိချေ။ ထို့ကြောင့်ပင် သူတို့သည် ထင်းရှူးပင်အိုကြီး၏ အရိပ်အောက်သို့ တည့်တည့်ကြီးပင် ဝင်သွားကြတော့သည်။

သူတို့သည် ရပ်တန့်ရန်ပင် မစဉ်းစားမိကြချေ။ သူတို့ခေါင်းထဲတွင် ရှေ့သို့ဆက်သွား၍ လေပေါ်သို့ခုန်ကာ ဆက်လက်တိုက်ခိုက်ရန်သာ ရှိသည်။ သူတို့သည် သစ်ပင်အတွင်း၌ အန္တရာယ်သတ္တဝါတစ်ကောင် ပုန်းအောင်းနေကြောင်း နည်းနည်းမျှ မသိရှိကြပေ။

‘ ဟူး… ’
လေကိုခွင်း၍လာသော အသံတစ်သံ လွင့်ပျံလာသည်။ ချောက်ကမ်းပါးစောင်း၌ စောင့်ဆိုင်းနေသော မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးက ရုတ်တရက် ခုန်ထွက်လာလေသည်။

“ ပြန်ဆုတ်ကြ … ”
ယွီဝမ်လင်က လေထဲမှ လှမ်းအော်လိုက်သည်။ သို့သော် အဆိပ်သားရဲသည် လက်ဝဲဘက်အစွန်ရှိ ဝတ်စုံနက်တစ်ယောက်အား သွားများဖြင့် ကိုက်ခဲနေပြီ ဖြစ်သည်။

မြွေနဂါးသည် ခေါင်းအား ခပ်ကြမ်းကြမ်း ခါယမ်းလိုက်ရာ သွားများသည် အသားများကို စုတ်ဖြဲသွားတော့သည်။ ထိုလူ၏ ခန္ဓာကိုယ်အပေါ်ပိုင်း ပြတ်ပါသွားလေ၏။

ထင်ရှူးပင်အိုကြီး၏အမြစ်များထဲ၌ လီချန်ရှို့သာ အဆိပ်သားရဲအား တစ်ကိုယ်တည်းရင်ဆိုင်ခဲ့ရပါ ကြုံတွေ့ရမည့် သူ့ကံကြမ္မာအား တွေးတောမိသွားသည်။ သူအလွယ်တကူ အနိုင်ရလိမ့်မည် မဟုတ်ပေ။

ကျန်လူငါးယောက်သည် ရုတ်ခြည်းဆုတ်ခွာရန် ကြိုးစားလိုက်သော်ငြား မြွေနဂါးကြီးသည် ထိုကဲ့သို့ စားကောင်းသောက်ဖွယ်များအား မည်သို့ အလွတ်ပေးမည်နည်း။

မြွေနဂါး၏ အမြီးအတွင်းမှ အရိပ်များ ထွက်သွားကာ လူတစ်ယောက် မြေပေါ်သို့ လဲကျသွားသည်။ ထိုလဲကျသွားသောလူသည် အခြားလူများ၏ လမ်းအား ပိတ်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။ မြွေနဂါး၏ကိုယ်ပေါ်ရှိ အကြေးခွံများ ဟလာကာ များပြားသော အဆိပ်ငွေ့များကို ထုတ်လွှတ်လိုက်ရာ ထိုလူအုပ်အား လွှမ်းခြုံသွားလေသည်။

ကောင်းကင်ပေါ်မှ ‌ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ မြင့်မားထွားကြိုင်းသော လူရိပ်တစ်ရိပ်သည် ပုဆိန်ကြီးအား ပစ်လွှတ်လိုက်ရာ တိမ်များကို ဖောက်ထွင်းကာ မျက်စိသုံးလုံး အပြာလှိုင်း မြွေနဂါးကြီးထံ ပြေးဝင်သွားလေသည်။

ခေါင်းပေါ်တွင် အသားထူသော ချိုတစ်ခုရှိသည့် မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးကြီးသည် ရုတ်ခြည်းပင် အသက်ဘေးအန္တရာယ်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် ပုဆိန်ကြီးအား ကာရန် ခေါင်းမော့လိုက်သည်။

၎င်း၏ခေါင်းထိပ်ရှိ ဘုလုံးကြီးသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာကြောဆုံးနေရာ ဖြစ်သည်။

သံသံချင်းထိခတ်သွားသောအသံတစ်သံ ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်သွားလေသည်။ ကြီးမားသော ပုဆိန်ကြီးသည် နောက်သို့ ပြန်ကန်သွားပြီး မြွေနဂါးကြီး၏ ဦးခေါင်းသည်လည်း မြေပြင်နှင့် မိတ်ဆက်သွားတော့သည်။ ဘုလုံးကြီးတွင် ဟက်တက်ကွဲရာကြီးတစ်ခု ပေါ်လာကာ သွေးများပန်းထွက်လာလေသည်။

အဆိပ်သားရဲကြီးသည် ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်ပြီး အမြီးအား တဘုန်းဘုန်း ရိုက်ခတ်နေလေ၏။

နောက်ဆုံး၌ ယွီဝမ်လင်က ကောင်းကင်မှ ဆင်းလာပြီ ဖြစ်သည်။ သူသည် ပုဆိန်ကြီးအားပြန်ခေါ်ရန် လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူသည် နောက်တစ်ကြိမ်ထပ်၍ ခုတ်ရန် အဆင့်သင့် ဖြစ်သွားတော့သည်။

သစ်ပင်အမြစ်အတွင်းရှိ လီချန်ရှို့သည် လက်ယာလက်ထဲ၌ စက္ကူရုပ်သုံးရုပ်အား ကိုင်ဆောင်ထားလေသည်။ ခေတ္တမျှ တွေဝေသွားပြီးနောက် လေးရုပ်မြောက်အား ထုတ်ယူလိုက်သည်။ ထို့နောက် ငါးရုပ်နှင့် ခြောက်ရုပ်မြောက်ကို ထပ်မံထုတ်ယူလိုက်လေသည်။

သူ၏လက်ဝဲလက်တွင် မသန်မစွမ်းဖြစ်သွားစေနိုင်သည့် အကောင်းစား အားအင်မဲ့နတ်ဆေးကို ကိုင်ထားလေသည်။

လီချန်ရှို့သည် အားအင်မဲ့နတ်ဆေးအား အသုံးပြုရန် အချိန်ကောင်းကို စောင့်ဆိုင်းနေ၏။ သူ ထွက်မသွားခင် မျက်စိသုံးလုံး အပြာလှိုင်း မြွေနဂါးကြီးအား သေလုမြောပါးအခြေအနေ၌ ရှိနေစေချင်သည်။

မြွေနဂါးကြီးသည် နတ်ဆေးဒဏ်ကိုခံနိုင်လိမ့်မည် ဖြစ်သော်ငြား ယွီဝမ်လင်မှာမူ ခံနိုင်လိမ့်မည်မဟုတ်ချေ။

လီချန်ရှို့သည် သူ၏စိတ်အာရုံအား ဖြန့်ကျက်၍ လီ(၁၀) ပတ်ချာလည်အား စောင့်ကြည့်နေရန်လည်း မမေ့လျှော့ပေ။ သူသည် ပုန်းကွယ်နေမည့် အန္တရာယ်မှန်သမျှအား ရှာဖွေနေခြင်းပင်။

အခြားတစ်ဘက်တွင်လည်း ယုံချင်ရွှမ်းယာသည် လီချန်ရှို့ ညွှန်ကြားသည့်အတိုင်း ‌ဆောင်ရွက်နေပေသည်။ သူမသည် လီချန်ရှို့ပြောသည့်အတိုင်း ချောက်ကမ်းပါးအနောက်သို့ ဆုတ်ခွာသွားပြီ ဖြစ်သည်။

ကာကွယ်ပေးမည့် ယွီဝမ်လင်မရှိသဖြင့် ယွမ်ချင်းသည် တိမ်များအကြားတွင် ဆက်၍မနေဝံ့ပေ။ နောက်ဆုံးတွင် ကိုယ်တိုင်လှုပ်ရှားရမည့် အချိန်သို့ ရောက်လာပေပြီ။ သူသည် ကောင်းကင်မှနေ၍ သုံးချီ ( သုံးပေ ) ရှည်သည့် မြစိမ်းရောင်ဓားအား အသင့်ကိုင်ဆောင်ကာ ယုံချင်ရွှမ်းယာ ထွက်ပြေးမည့်အရေးအား တားဆီးလိုသောကြောင့် ယုံချင်ရွှမ်းယာထံ တိုးဝင်သွားသည်။

သို့သော်လည်း ယုံချင်ရွှမ်းယာသည် ထွက်ပြေးလိုစိတ် တစ်ရွေးသားမျှ မရှိချေ။ သူမသည် ဓားပျံများအား ယွမ်ချင်းထံသို့ ဦးတည်လိုက်ကာ ဖိအားပေးတိုက်ခိုက်လိုက်သည်။

ယွမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်သည် ယုံချင်ရွှမ်းယာထက် အတန်ငယ် ပို၍ မြင့်မားသော်လည်း သူမ၏တိုက်ခိုက်မှုများကို ကာကွယ်ရန် သူ့အတွက် မလွယ်ကူပေ။

သို့သော် ယုံချင်ရွှမ်းယာသည် စိတ်ပျံ့လွင့်နေလေ၏။ သူမသည် စိတ်အာရုံကိုသုံးကာ ချောက်ကမ်းပါးစွန်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအား စောင့်ကြည့်နေလေသည်။

သူမထံ တချိန်လုံး အသံပို့လွှတ်နေသော လီချန်ရှို့သည် ထိုနေရာတွင် ရှိနေကြောင်း သူမ အာရုံခံနိုင်ပေသည်။ သို့သော်လည်း နေရာအတိအကျကို မသိရသေးသည်ဖြစ်၍ အလွန်အမင်း စိုးရိမ်နေလေသည်။

သို့ပေမည့် အခြေအနေတစ်ရပ်လုံးသည် လီချန်ရှို့၏ လက်ခုပ်အတွင်း၌ ရှိနေသည်ကို သူမ မသိချေ။

မြွေနဂါးကြီးသည် မူလနတ်ဝိဇ္ဇာ ကနဦးအဆင့်ရှိ ယွီဝမ်လင်အား အကြီးမားဆုံးရန်သူအဖြစ် သတ်မှတ်ထားသည်။ ၎င်းသည် နောက်ဆုတ်ကာ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်ကိုပင် အေးအေးလူလူ ဆက်လက်ကာကွယ်ရန် စိတ်ကူးမရှိတော့ပေ။

ယွီဝမ်လင်သည် ပုဆိန်ကြီးအားကိုင်ကာ မြွေနဂါးကြီးကို မညှာမတာ တိုက်ခိုက်နေပြီး မြွေနဂါးအဆိပ်ကြောင့် မေ့မြောနေသည့် သူ့လူသုံးယောက်အား ကာကွယ်နေသည်။

ထိုအခြေအနေအောက်တွင် ယွီဝမ်လင်သည် သနားညှာတာနေ၍ မဖြစ်တော့ပေ။ နှစ်ဘက်စလုံး သူသေကိုယ်သေ တိုက်ခိုက်ရပေတော့မည်။

လီချန်ရှို့သည် ထင်ရှူးပင်အိုကြီး၏ အမြစ်အတွင်း စိတ်ရှည်တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။ သူသည် လှုပ်ရှားရန် အချိန်ကောင်းအား စောင့်နေခြင်းပင်။ ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း၌ သူ၏ထွက်ပြေးလွတ်မြောက်ရန်လမ်း အတွက်လည်း ပြင်ဆင်ထားလေသည်။

အခြေအနေများသည် မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာသောကြောင့် သူသည် အခြေအနေအရ ကြည့်၍ တုန့်ပြန်လှုပ်ရှားနေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ မျှော်လင့်ချက်အား အတန်ငယ်လျှော့ထားလေသည်။

ရာခိုင်နှုန်း (၈၀) မှ ( ၉၀ ) အတွင်း သေချာလျှင် သူ လှုပ်ရှားပေတော့မည်။ အမြဲတစေ ရာနှုန်းပြည့် သေချာနေခြင်းမှာ သဘာဝမကျချေ။

တိုက်ပွဲချိန်တခဏအတွင်းမှာပင် ထင်းရှူးပင်အိုကြီး၏ အရွက်များကင်းမဲ့နေသည့် သစ်ကိုင်းတချို့ ထက်ပိုင်းပြတ်ကုန်ပေပြီ။ ယွီဝမ်လင်၏ ပုဆိန်ကြီးကြောင့်လည်း ချောက်ကမ်းပါးပေါ်တွင် လျှိုစောက်များ ဖြစ်သွား၍ တချို့နေရာများ ပြိုကျကုန်သည်။

မြွေနဂါးကြီးသည် နတ်ဝိဇ္ဇာ မဖြစ်သေးချေ။ ထို့ကြောင့် ဓမ္မရတနာကောင်းကောင်းမရှိသော မူလနတ်ဝိဇ္ဇာ ဖြစ်ခါစ လူတစ်ယောက်နှင့် တိုက်ခိုက်နေရသော်လည်း ကြာရှည်တောင့်ခံနိုင်မည် မဟုတ်‌ပေ။ ၎င်း၏ ခန္ဓာကိုယ်အနှံရှိ ဒဏ်ရာများအတွင်းမှ အဆိပ်သွေးများ ယိုစီးကျနေလေသည်။ ၎င်းသည် အချိန်မရွေး သေသွားနိုင်ပြီ ဖြစ်ကြောင်း လီချန်ရှို့ ခန့်မှန်းလိုက်သည်။

‘ မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးပဲ ငတုံးကြီးရေ ’
လီချန်ရှို့သည် မြွေနဂါးကြီးအား ရင်ထဲမှ ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူ့လက်ဝဲလက်အား လှုပ်ခါ၍ အရောင်အဆင်းကင်းမဲ့သော အားအင်မဲ့နတ်ဆေးကို ပုလင်းအတွင်းမှ ထုတ်လိုက်ပြီး သူ၏ ဓမ္မတန်ခိုးဖြင့် ရစ်ပတ်လိုက်သည်။ ပြီးသည်နှင့် အားအင်မဲ့နတ်ဆေးအား ပင်စည်အတွင်း ယူသွားကာ ယွီဝမ်လင်ထံသို့ ပျံ့လွင့်သွားစေလိုက်သည်။

ရုတ်ခြည်းပင် ယွီဝမ်လင်၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး အမြင်အာရုံများ ဝေဝါးသွားလေတော့သည်။

‘ ဒီအယုတ်တမာ မြွေနဂါးရဲ့ အဆိပ်ကတော်တော်ပြင်းတာပဲ ’
ယွီဝမ်လင်သည် ကြိတ်ကာဆဲဆိုလိုက်သည်။ မူးဝေလာခြင်းအား သူ တောင့်ခံလိုက်ရာ မျက်လုံးများပြူးသွားပြီး သွေးများပင် တိုးသွားလေသည်။ သူ၏ခေါင်းများလေးလာပြီး ခြေထောက်များ အားအင်ချိနဲ့လာသည်။ သူသည် ‌ရင်ခေါင်းသံကြီးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယွီဝမ်လင်သည် ဆက်လက်တိုက်ခိုက်ရန် စိတ်မကူးနိုင်တော့ပေ။ နောက်ဆုံးအနေဖြင့် အားပြင်းသောတိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်၍ လက်စတုံးရန်သာ သူ ဆုံးဖြတ်လိုက်သည်။ သူသည် လေပေါ်သို့ပျံတက်သွားပြီး နတ်တန်ခိုးများကို သုံး၍ မြွေနဂါးကြီး ငြိမ်ကျသွားစေရန် ချုပ်လိုက်သည်။ ထို့နောက် သူ၏ပုဆိန်ကြီးသည် မြွေနဂါးကြီး၏ လည်ပင်းပေါ်သို့ ဦးတည်သွားလေတော့သည်။

မြွေနဂါးကြီးသည် ရုတ်ခြည်းပင် ဆုတ်ခွာရန် တွေးတောလိုက်သည်။ ၎င်းသည် ဆုတ်ခွာရန် နောက်သို့ လှည့်လိုက်သော်ငြား ကမ်းပါးစွန်းရှိ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်အား ဝန်လေးစွာ ကြည့်လိုက်မိလေသည်။

ထိုတွေဝေမှုလေးသည်ပင် ၎င်း၏ လွတ်မြောက်နိုင်မည့် အခွင့်အရေးအား ဆုံးရှုံးသွားစေတော့သည်။

လက်နှစ်ဘက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ပုဆိန်ကြီးသည် ၎င်း၏ လည်ပင်းပေါ်သို့ တိတိပပ ကျရောက်သွားလေသည်။ မြွေနဂါးကြီး၏ဦးခေါင်းသည် လေပေါ်ပျံသွားကာ မြေပြင်တွင်လည်း အဆိပ်သွေးများ ရွှဲသွားလေတော့သည်။

ယွီဝမ်လင်က မြေပေါ်သို့ ပြန်ကျလာသည်။ သို့သော်လည်း သူ၏ခြေထောက်များသည် သူ့အလေးချိန်အား မခံနိုင်တော့ဘဲ နောက်သို့ ယိမ်းယိုင်သွားလေသည်။ ပုဆိန်ကြီးအား အားပြုလိုက်သဖြင့်သာ မတ်တတ်အနေအထားနှင့် ဆက်ရှိနိုင်နေခြင်းဖြစ်သည်။

သူသည် အဆိပ်ဖြေဆေးတစ်လုံးအားထုတ်၍ ပါးစပ်ထဲသို့ထည့်လိုက်သော်လည်း သူ၏လှုပ်ရှားမှုများ လွန်စွာနှေးကွေးနေပြီ ဖြစ်သည်။
‘ ဒါဘယ်လိုအဆိပ်မျိုးလဲ။ ဘာလို့ ဒီလောက်ပြင်းရတာလဲ ’

“ စစ်သူကြီး…ကျွန်‌တော်တို့… ”
တိုးညင်းသောအသံတစ်သံ သူ၏နောက်ကျောမှ ထွက်ပေါ်လာသည်။ ယွီဝမ်လင်လှည့်ကြည့်လိုက်ရာ သူ၏ခြေထောက်များသည်‌ ပျော့ခွေနေသဖြင့် လဲကျမလိုပင် ဖြစ်သွားလေသည်။

အဆိပ်ဖြေဆေးသည် မြူတစ်မှုန်စာမျှပင် အကျိုးမရှိပေ။ သူ့မျက်လုံးရှေ့တွင် ‌ကောင်းကင်ကြီး ချာချာလည်နေတော့သည်။

ထိုစဉ် တစ်စုံတစ်ခုသည် ေလဟုန်ခွင်း၍ ပျံသန်းလာသည်ကို သူ ကြားလိုက်ရသည်။

သူ၏မြင်ကွင်းထောင့်စွန်းတွင် သစ်သားမြားကလေးတစ်စင်း ဝင်ရောက်လာလေသည်။ ထိုမြားလေးသည် ယွီဝမ်လင်၏ လည်ပင်းအား ထိုးဖောက်သွားလေ၏။ သူသည် ထင်းရှူးပင်အိုကြီးရှိရာအရပ်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်စဉ် သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်ကြီး ယိမ်းထိုးသွားလေသည်။

ထိုနေရာ၌ လီချန်ရှို့သည် သစ်ပင်အတွင်းမှ ထွက်လာလေသည်။ လီချန်ရှို့သည် ကောင်းကင်ပြောင်းထီးအား ပစ်လွှတ်လိုက်ပြီး ကြေးဒူးလေးကို မလိုက်သည်။ တချိန်တည်းမှာပင် စက္ကူရုပ်သုံးရုပ်အား ဖြန့်ကျဲလိုက်သည်။
‘ ဝှစ် … ဝှစ် … ဝှစ် … ’

စက္ကူရုပ်သုံးရုပ်သည် လီချန်ရှို့၏ ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားကာ ယွီဝမ်လင်ရှိရာသို့ လျှောက်သွားကြသည်။

လီချန်ရှို့အစစ်သည် စက်ဝိုင်းပုံလှည့်လိုက်ရာ ယွီဝမ်လင်၏ ဘေးနားသို့ ရောက်သွားလေသည်။ သူသည် သွက်လက်စွာပင် သစ်သားမြားတစ်စင်းအား ထုတ်ကာ ဒူးလေးတွင်တပ်၍ မောင်းခလုတ်ဆွဲရန် အသင့်အနေအထား ပြင်လိုက်သည်။

ဒူးလေးသည် ထူးဆန်းသောအလင်း‌ဖြင့် တောက်ပနေပြီး မြားအား ပစ်လွှတ်လိုက်သော အရှိန်သည် အံ့ဩဖွယ်ရာပင်။

ယွီဝမ်လင်သည် အဆိပ်မိနေသဖြင့် မကာနိုင်ပေ။ မြားသည် သူ့လည်ပင်းအား ထပ်မံဖောက်သွားလေသည်။ သူ၏နတ်သွေးများ ဖွာခနဲ ထွက်လာကာ မြေပြင်တွင် ရဲသွားတော့သည်။

စက္ကူရုပ်သုံးရုပ်သည် ယွီဝမ်လင်ထံသို့ ပြေးလာကာ သူ၏ ဘေးသုံးဘက်တွင် ရပ်လိုက်ကြသည်။ ထို့နောက် တစ်ရုပ်စီ၏ လက်တွင်းရှိ ကြွေပုလင်းအတွင်းမှ အစိမ်းရောင်မြူခိုးများ လွင့်ပျံလာသည်။

ထိုအစိမ်းရောင်မြူခိုးများ ယွီဝမ်လင်အား ရစ်ပတ်သွားပုံမှာ သက်ရှိတစ်ကောင်နှင့်ပင် တူလှပေ၏။ လူသန်ကြီး၏ ခန္ဓာကိုယ်မှ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာလေသည်။ သူ၏နောက်ဆုံးလက်ကျန်အင်အားကိုသုံး၍ ခေါင်းမော့ကာ အော်ဟစ်လိုက်လေသည်။ ထိုအော်ဟစ်သံသည် အလွန်အမင်းနာကျင်မှုကြောင့် ဖြစ်ပေါ်လာသည့် အသံပင်။

သို့ရာတွင်ကံဆိုးစွာပင် ကောင်းကင်ပြောင်း ရတနာထီးသည် မန္တန်အစီအရင်တစ်ခုအား ဖန်တီးထားပြီး ဖြစ်နေသဖြင့် ထိုနေရာသည် ပြင်ပလောကနှင့် သီးခြားဖြစ်နေရာ သူ၏အော်သံအား မည်သူမျှ မကြားလိုက်ပေ။

ယွီဝမ်လင်၏ နတ်ခန္ဓာသည် မြူခိုးစိမ်းစိမ်းများ အကြား ပုပ်သိုးဆွေးမြေ့ လာလေသည်။ သူ့ခန္ဓာကိုယ်အနှံ့တွင် အရိုးဖြူဖြူများပင် ပေါ်နေပေပြီ။ ကျန်နေရာများရှိ အ‌ရေပြားပေါ်တွင်လည်း အရည်ကြည်ဖုကလေးများ တပွက်ပွက်ပေါ်ပေါက်နေပေသည်။

သူသည် ပြန်တွန်းလှန်ရန် ခက်ခက်ခဲခဲ ကြိုးစားနေလေသည်။ သူ၏ ပုဆိန်ကြီးသည် ဖြည်းညင်းစွာ‌‌ရွေ့သွားသဖြင့် စက္ကူရုပ်သုံးရုပ်သည် သွက်လက်စွာ ရှောင်လိုက်ကြသည်။

ဝှစ် …
တတိယမြောက်မြားတစ်စင်းသည် ယွီဝမ်လင်၏ ပုပ်သိုးဆွေးမြေ့နေသည့်ရင်ဘတ်အား ဖြတ်ကာ နှလုံးတည့်တည့် ထိုးဖောက်သွားလေသည်။

စက္ကူရုပ်သုံးရုပ်သည် လက်ဟန်များဖော်ကာ ပါးစပ်အတွင်းမှ အဖြူရောင်မီးတောက်များ ထုတ်လိုက်သည်။ ထိုမီးတောက်များသည် ယွီဝမ်လင်အား ဝါးမျိုသွားလေသည်။

ထိုအခါမှသာ ယွီဝမ်လင်သည် လီချန်ရှို့အား သတိပြုလိုက်မိပေသည်။ သူသည် အသက်ကင်းမဲ့စွာ အော်လိုက်သည်။
“ မင်းကိုး … ”

ထိုမူလနတ်ဝိဇ္ဇာသည် နတ်ဝိဇ္ဇာအဖြစ်သို့ရောက်သည်မှာ မကြာသေးသော်လည်း ယခုတွင် သေဆုံးရန် လက်မတင်လေးသာ လိုတော့ပေသည်။

နတ်ဝိဇ္ဇာများသည် နတ်ဝိဇ္ဇာများသာ မဟုတ်ပါလော။ သူတို့ ဘဝဇာတ်သိမ်းသွားရသည်ကို အဘယ်သို့ ပျော်နိုင်ကြပေမည်နည်း။

မီးတောက်ဖြူများအကြားတွင် ယွီဝမ်လင်သည် မျက်လုံးများအား မှိတ်လိုက်သည်။ သူ၏ကြောက်မက်ဖွယ်ပုံပျက်ပန်းပျက်ဖြစ်နေသော ခန္ဓာကိုယ်မှ နတ်အလင်းတန်းများ ထွက်လာပြီး သူ၏ခေါင်းထိပ်၌လည်း မထင်မရှားပုံရိပ်များ ထွက်လာလေသည်။

သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ခွာလိုက်ခြင်းပင်။

ယွီဝမ်လင်၏ ဝိညာဉ်သည် “ သေပေတော့ ” ဟူ၍ အော်ဟစ်လိုက်လေသည်။ ထိုဝိညာဉ်သည် အင်အားမဲ့နတ်ဆေးဒဏ်အား တောင့်ခံ၍ လီချန်ရှို့အား တစ်ချက်တိုက်ခိုက်လိုက်သည်။

ထိုတစ်ချက်သည် တောင်ကြီးပမာ အင်အားကြီးမားလေ၏။ ရေလှိုင်းကြီးတစ်ခု တောင်များအားတိုက်စားသွားသကဲ့သို့ လီချန်ရှို့ ခံစားလိုက်ရပေသည်။

လီချန်ရှို့သည် ချက်ချင်းရှောင်တိမ်းရန် ကြိုးစားလိုက်သော်ငြား လက်တစ်ဘက်သည် သူ၏ခြေကျင်းဝတ်အား ပြုတ်တူတစ်ချောင်းနှယ် ဆုပ်ကိုင်ထားလေသည်။ သူ ငုံ့ကြည့်လိုက်ရာ ထိုလက်သည် အဆိပ်သားရဲ၏ အဆိပ်ပြင်းစွာမိနေသည့် ဝတ်စုံနက် တစ်ယောက်၏လက် ဖြစ်နေကြောင်း သူ သိလိုက်ရသည်။ ထိုလူသည် ရုတ်တရက်ကြီး ထလှုပ်ရှားလိုက်ခြင်း ဖြစ်သည်။

ထိုလူသည် တွန့်တွန့်လူးနေ၏။ သူသည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်ဒဏ်အား မည်သို့တောင့်ခံနေကြောင်း လီချန်ရှို့ တွေး၍မရပေ။ သူ၏ ဝိညာဉ်သုံးပါးနှင့် ခန္ဓာခုနှစ်ပါး ဖျက်ဆီးခံနေရချိန်မှာပင် ကျန်ရှိနေသေးသောအားကုန်သုံး၍ လီချန်ရှို့၏ ရှင်သန်နိုင်မည့် အခွင့်အရေးအား သူ ဖျက်ဆီးလိုက်ပေပြီ။

‘ သေစမ်း တွက်ချက်တာ လိုသွားပြီ ’
လီချန်ရှို့သည် ခေါင်းအား ဖြည်းညင်းစွာ ခါလိုက်သည်။ ယွီဝမ်လင်၏ တိုက်ခိုက်မှုသည်လည်း သူ့အပေါ်သို့ ကျရောက်သွားကာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းအား အစိတ်စိတ်အ ​ြ​မွှာြမွှာဖြစ်သွားစေသည်။

ယွီဝမ်လင်၏ ဝိညာဉ်က ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
‘ ဒီကောင်လေးရဲ့ ဓမ္မတန်ခိုးကတော့ မဆိုးပါဘူး။ ဒါပေမဲ့ သူက နတ်ဝိဇ္ဇာတော့မဖြစ်သေး… ’

ဝှစ်..ဝှစ်..ဝှစ်
ထင်းရှူးပင်အောက်မှနေ၍ လေအား ဖြတ်သန်းလာသည့် အသံတစ်သံကို ထပ်မံကြားလိုက်ရသည်။ ဆူးချွန်ခုနှစ်ခုသည် ယွီဝမ်လင်၏ ဝိညာဉ် နေရာအနှံ့သို့ တစ်ပြိုင်တည်း ထိုးဖောက်ဝင်ရောက်သွားသည်။

ဆူးချွန်တစ်ခုစီသည် ရှုပ်ထွေးသည့် အချုပ်အေနှာင်များနှင့် မြေအောက်ကမ္ဘာမှ မီးတောက်ဖြူများကို သယ်ဆောင်လာလေသည်။

ယွီဝမ်လင်၏ ဝိညာဉ်က တုန်လှုပ်စွာ ငုံ့ကြည့်လိုက်သည်။ သူ့ပတ်လည်ရှိ စက္ကူရုပ်များသည် မီးတောက်များ ထုတ်လွှတ်နေဆဲပင် ဖြစ်သည်။ ရုပ်ခန္ဓာအတွင်းမှ သူ၏ဝိညာဉ် မထွက်သွားမီ ခန္ဓာသည် အရိုးများသာ ကျန်တော့သည်။

ထိုအခိုက် ဝိညာဉ်လောင်ကျွမ်းနေသော ဝတ်စုံနက်သည် အပေါ်သို့‌ မော့ကြည့်လိုက်ရာ စက္ကူရုပ်အောက်ပိုင်းလေးသည် လေတွင်ဝဲ၍ လောင်ကျွမ်းပျောက်ဆုံးသွားသည်ကို တွေ့ရှိလိုက်ရလေသည်။

ထိုလူသည် သူ၏ပြန်လည်မွေးဖွားနိုင်မည့် အခွင့်အရေးအား စက္ကူရုပ်တစ်ရုပ်အတွက် ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

ထင်ရှူးပင်အိုကြီး၏အောက်မှ လီချန်ရှို့ ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် လက်ဝဲဘက်လက်ဖဝါးအားဖြန့်၍ ယွီဝမ်လင်၏ ဝိညာဉ်အား မျက်နှာချင်းဆိုင်လိုက်သည်။ ထိုနောက် လက်ပြန်ဆုပ်လိုက်ရာ သူ အပင်ပန်းခံ၍ ပြုလုပ်ထားသည့် ဝိညာဉ်ခြေဖျက်ဆူးချွန်များ ပေါက်ကွဲသွားတော့သည်။

လီချန်ရှို့သည် စိတ်အာရုံ အသုံးပြုကာ ထင်ရှူးပင်အိုအောက်ရှိ အမြစ်များအတွင်းမှ ကြည့်စဉ်က အကုန်အစင်လောင်ကျွမ်းသေးပုံ မပေါ်သည့် နတ်ဝိဇ္ဇာအရိုးပုံအား စူးစိုက်ကြည့်လိုက်သည်။ သူ အတန်ငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် စက္ကူရုပ်အမှတ် ( ၅ ) အား ဝိညာဉ်ထိန်းပုလဲ ပစ်လွှတ်စေလိုက်သည်။ ထို့နောက် စက္ကူရုပ် အမှတ်(၁)၊ (၂) နှင့် (၃) တို့ မှုတ်ထုတ်နေသော မီးတောက်၏ပြင်းအားကို မြှင့်တင်လိုက်လေသည်။

မြေအောက်ကမ္ဘာမှ မီးတောက်အေးများသည် နတ်ဝိဇ္ဇာများ၏အပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိချေ။ လီချန်ရှို့အနေဖြင့် ဂိုဏ်းမှ သမာဓိမီးတောက်များ ရယူရန် အခြားနည်းလမ်းစဉ်းစားရတော့မည် ဖြစ်သည်။

အရိုးများအားလုံး လောင်ကျွမ်း၍ ပြာများဖြစ်သွားသည်အထိ လီချန်ရှို့ စောင့်ဆိုင်းနေလိုက်သည်။ စက္ကူရုပ်သုံးရုပ်သည် သက်ဆိုင်ရာ သုတ္တန်များကို ရွတ်လိုက်ကြသည်။ ထိုအခါမှသာ လီချန်ရှို့ စတင်လှုပ်ရှားလိုက်သည်။

လီချန်ရှို့သည် အရိုးပြာလွှင့်သည့် လုပ်ရိုးလုပ်စဉ်အဆင့်အား ကိုယ်တိုင်ပြုလုပ်ရပါမှ စိတ်အေးနိုင်တော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset