ရက်အနည်းငယ်ကြာသော် ဌာနချုပ်များအား ဆက်လက်တည်ဆောက်ကြလေသည်။ မည်သည့်မတော်တဆဖြစ်ရပ်များမှ မပေါ်ပေါက်လာတော့ပေ။ ပိုင်ရှောင်ချန်းသာ အဆောင်စက္ကူအထပ်ထပ်နှင့်ထွက်မလာပါက လူတိုင်း ထိုကိစ္စအား အလျင်အမြန်မေ့ပျောက်သွားပေလိမ့်မည်။
ရွှီပေါက်ချိုင်နှင့် သူ၏ရောင်းရင်းများသည် ထိုဖြစ်ရပ်ကို အလွန်သိချင်နေကြသဖြင့် ပိုင်ရှောင်ချန်းမှာ အဖြစ်မှန်အား မရှင်းပြ၍မရတော့ပေ။ ထို့ကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းသို့ သရဲတစ်ကောင် လိုက်လာနေကြောင်းကို ကွေ့ပတ်ပြီးဝိုးတိုးတိုးဝါးတားရှင်းပြလိုက်သည်။
ရွှီပေါက်ချိုင်နှင့်ရောင်းရင်းတစ်သိုက်မှာ အလွန်တရာကြောက်လန့်သွားကြပြီး မကြာမီ ပိုင်ရှောင်ချန်းကိုအတုယူကာ မကောင်းဆိုးဝါးနှင်အဆောင်စက္ကူမျိုးစုံအား ကပ်လာကြတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းလောက် မများပေ။
ပိုင်ရှောင်ချန်းက အဆောင်လက်ဖွဲ့များကို ကိုယ်အနှံ့တစ်လက်မပင်မကျန်ကပ်ထားရာ မျက်နှာသာပေါ်တော့လေသည်။
သူအပြင်ထွက်လာသောအခါ ပါးစပ်များအဟောင်းသားဖြစ်သွားကြပြီး မျက်လုံးတို့ပြူးကုန်ကြသည်။
ကျိုးရှင်းချီ၊ ဝိညာဥ်စွယ်၊ စုန့်ချွဲ နှင့် ကျုံးတာအိုတို့အားလုံး အလွန်တုန်လှုပ်သွားကြလေသည်။ တစ်ညနေတွင် ပိုင်ရှောင်ချန်းက အဆောင်စက္ကူများဖြင့် တန်ဆာဆင်လျက် ဟန်ပါပါလမ်းလျှောက်လာစဥ် ကုန်းစွန်းဝမ်အာနှင့် ထိပ်တိုက်တိုးတော့သည်။
ပိုင်ရှောင်ချန်း၏ပုံစံကြောင့် သူမပင်လျှင် လန့်သွား၏။ ပါးစပ်အဟောင်းသားဖြစ်ရင်း သူမပါးစပ်မှလွှဲခနဲထွက်သွားတော့သည်။
” ကိုကြီးရှောင်ချန်း.. ဘာလို့..”
” ဒီလိုမလုပ်လို့မရတော့ဘူး.. ဂိုဏ်းတူညီမလေးကုန်းစွန်းရေ” ပိုင်ရှောင်ချန်းက သူမကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးနောက် ဘေးဘီဝဲယာအား ခိုးကြောင်ခိုးဝှက်ကြည့်ကာ ရှေ့တိုးလာပြီး ခပ်တိုးတိုးပြော၏။
” ကြည့်.. ငါ မင်းကို..ပြောပြမယ်.. လျှို့ဝှက်ထားနော်. ။ အဏ္ဏဝါခေါ်သံဂိုဏ်းကို သရဲတစ်ကောင်လိုက်နေတယ်သိလားး.။ အဲဒါကြောင့်မလို့ ဒီမကောင်းဆိုးဝါးနှင်အဆောင်စက္ကူတွေအကုန်ကပ်ထားရတာပဲ”
ကုန်းစွန်းဝမ်အာ၏မျက်လုံးများမှာ ပို၍ပြူးကျယ်လာတော့သည်။ တခဏကြာသော် သူမက သူ့ခေါင်းအစခြေအဆုံး ရယ်စရာသဖွယ် ကြည့်ပြီး အဆောင်စက္ကူအချို့အား လှမ်းပွတ်လိုက်သည်။ နောက်ဆုံး၌ သူမက ဟန်ဆောင်ပြုံးပြီး ဘယ်သူ့ကိုမှ မပြောကြောင်း ကတိပေးကာ ထွက်ခွာသွားလေသည်။
ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ အလွန်တရာကျေနပ်နေရင်း ရှေ့ဆက်သွားတော့သည်။
နောက်ဆုံးတွင် လူတိုင်းသည် ဂိုဏ်းသရဲလိုက်ခံရသည့်အကြောင်းကို ပြောလာကြတော့သည်။ ဖြစ်ပျက်နေသည်တို့အား ခေါင်းဆောင်ကြီးများသိရှိသွားသည့်အချိန်တွင် သတင်းများဖျောက်ဖျက်ရန်အခါနှောင်းနေချေပြီ။ သူတို့မှာ ပိုင်ရှောင်ချန်း၏ထင်းခနဲမြင်သာသောပုံစံကြောင့် စိတ်ပျက်သွားကြပြီး ခေါင်းများ ခါလိုက်ကြသည်။
“ရွှေအမြုတေအဆင့်ရောက်နေတာတောင်မှ သရဲကြောက်တယ်တဲ့လား”
” ဒါပေမဲ့ အဲ့သရဲက တော်တော််ကြောက်ဖို့ကောင်းပြီး စွမ်းအားကြီးတာမလို့.. အဲ့အဆောင်စက္ကူတွေ အသုံးတည့်မှာမဟုတ်ဘူး”
ခြောက်ကပ်ကပ်ရယ်လိုက်ကြရင်း ခေါင်းဆောင်ကြီးများက ထိုကိစ္စကို လျုစ်လျူရှုထားရန်ဆုံးဖြတ်လိုက်တော့သည်။ ရက်အနည်းငယ်ထပ်၍ကုန်သွားပြန်သည်။ ပိုင်ရှောင်ချန်းက မတော်တဆမှုတစ်ခုမှ ပေါ်မလာတော့ကြောင်း သတိထားမိသွားသည့်နောက်ဆုံး ပို၍စိတ်သက်သာရာရသွားတော့သည်။
သက်ပြင်းချလိုက်ရင်း သူကပြော၏။
” ဘယ်မိစ္ဆာ သရဲ မကောင်းဆိုးဝါးအနားလာလာ ဘာမှမဖြစ်တော့ဘူးကွ၊ ငါရဲ့ အထူးမကောင်းဆိုးဝါးနှင်အဝတ်နဲ့ဆိုလို့ကတော့ သူတို့ပြာဖြစ်သွားးစေရမယ်။ အီးးး.. ငါကတော့လေ ဂိုဏ်းကိုထပ်ကယ်လိုက်ပြန်ပြီဟေ့။ ငါ. အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ခေါင်းဆောင်ငယ်… ဂိုဏ်းသားရောင်းရင်းတွေကို ကူညီပေးလိုက်တဲ့ အဖြစ်မှန်ကို ဘယ်သူမှ သိမှာတောင်မဟုတ်ဘူး” လက်ရှိအချိန်မှာ ညဥ့်နက်နေပြီး အင်မော်တယ်ဂူထဲတွင် သူက တင်ပျဥ်ခွေရင်း တရားထိုင်နေလေသည်။
သို့သော်လည်း ထိုစကားများ သူ့ပါးစပ်မှ ထွက်သွားချင်း ကြမ်းပြင်တွင်လှိုင်းများထလာတော့သည်။ ထိုလှိုင်းများမှာ အပြင်ဘက်လောကနှင့်ဂူအတွင်းကို ကန့်သတ်ခွဲခြားလိုက်ပုံရပြီး အလွန်အေးစက်စက်အငွေ့အသက်တစ်ခုက လွှမ်းခြုံလာလေသည်။
ထိုရုတ်တရက်ဖြစ်ပေါ်မှုကြောင့် ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးထွက်လာပြီး သူ့နှုတ်ခမ်းများမှ စူးစူးဝါးဝါးအော်သံတစ်ခုထွက်ပေါ်လာတော့သည်။ ထခုန်လိုက်ပြီး ထည့်စရာအိတ်ကိုပုတ်ကာ မကောင်းဆိုးဝါးနှင်အဆောင်စက္ကူတစ်ဆုပ်လိုက်ကြီးအားထုတ်လိုက်သည်။
“ထွက်သွားစမ်း… ဝေးးဝေးသွားနော်.. ငါက အန္တရာယ်များတယ်.. ငါ မကောင်းဆိုးဝါးနှင်အဆောင်တွေကပ်ထားတယ်နော်”
သို့သော်လည်း သူသည် တဆတ်ဆတ်တုန်လျက်နောက်ဆုတ်လိုက်သောအခါ သူ့အိတ်ထဲမှ အနီရောင်အလင်းတန်းတစ်ခုထွက်လာရာ သူညမုဆိုးဖြစ်စဥ်က ဝတ်ခဲ့သော မျက်နှာဖုံးဖြစ်နေတော့သည်။
မျက်နှာဖုံးက တုန်ခါနေပြီး လှိုင်းများထုတ်လွှတ်နေကာ မကြာမီ အဘိုးအိုတစ်ယောက်၏အသံက မျက်နှာဖုံးတွင်းမှ ထွက်ပေါ်လာတော့သည်။
“မင်းး…. ”
“မင်း.ဆိုတာ. ဘယ်သူကြီးတုံး ” ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးပြန်အော်လိုက်သည်။ တုံ့ဆိုင်းမနေပဲ မျက်နှာဖုံးအား အဆောင်စက္ကူတစ်ပုံတစ်ခေါင်းဖြင့် ပစ်ပေါက်လိုက်ပြီး သူထုတ်နိုင်သမျှ ကောင်းကင်တာအိုရွှေအမြုတေစွမ်းအားတို့အား လောင်းထည့်လိုက်သည်။ ထို့သို့ ချိတ်ပိတ်ခြင်း၊ ချေမှုန်းခြင်း၊ တားဆီးခြင်း အဆောင်စက္ကူများအပုံလိုက်မှာ အမြုတေစွမ်းအားက သူတို့ကိုထိသွားသည်နှင့် ပြင်းပြင်းထန်ထန်ပေါက်ကွဲသွားတော့သည်။
လေထဲတွင် တဝုန်းဝုန်းထစ်ခြုန်းသွားပြီး အဆောင်စက္ကူအမြောက်အမြားလာရောက်ထိမှန်သဖြင့် မျက်နှာဖုံးမှာ တုန်ရီလာတော့သည်။ မြေကြီးနှင့် မည်သို့ပင်ဆက်သွယ်ချက်များရှိသည်ဖြစ်စေ အကုန်လုံးပျက်စီးကုန်ပြီး မျက်နှာဖုံးမှာ မြေပေါ်ပြုတ်ကျလာတော့သည်။ တစ်ဆက်တည်းမှာပင် အငွေ့အသက်များ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားလေပြီ။
ပိုင်ရှောင်ချန်း၏နဖူးတွင် ချွေးသီးချွေးပေါက်များစိုရွှဲနေ၏။ သွေးပူနေစဥ်မှာပင် ထိုအသံက သူကြောက်သောသရဲအသံမဟုတ်ပဲ မျက်နှာဖုံးနောက်ကွယ်ရှိလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထံမှဖြစ်ကြောင်းသိလိုက်ရလေသည်။
တခဏကြာသော် လူလိမ်ညမုဆိုးက ကြောက်လန့်တုန်ရီလျက် မျက်နှာဖုံးထဲမှထွက်လာ၏။ ပိုင်ရှောင်ချန်းကို ကြည့်ရင်း သူက အော်တော့သည်။
” လာပြီ.. သူတို့ တကယ်လာပြီ”
“ငါတို့တော့သွားပြီ…ပိုင်ရှောင်ချန်းရေ.. သွားပြီ..။ မင်း ထာဝရတည်မြဲခြင်းအမွေအနှစ်ကို ယူခဲ့တယ်လေ.. ခုတော့ လျှို့ဝှက်ဆန်းကြယ်အဖွဲ့ ငါတို့နောက်လိုက်လာပြီ”
“ငါတို့ သေချာပေါက်သေပြီပဲ…. သူတို့က သစ္စာဖောက်တွေကို သက်ညှာလိမ့်မှာမဟုတ်ဘူးး…. ငါတို့ကို အရေခွံစုတ်ပြီး မြေသြဇာလုပ်ပစ်လိမ့်မယ်”
” ပါးစပ်ပိတ်ထား ”
ပိုင်ရှောင်ချန်း၏ရင်ထဲ စိတ်ပျက်အံ့သြမှုများတစ်ဆက်တည်း ဖြစ်ပေါ်လာကာ အော်လိုက်တော့သည်။ သို့သော်လည်း သူက အပြစ်ရှိသလိုခံစားလိုက်ရသည်။မည်သို့ပင်ဆိုစေ လိပ်ကလေးကို အမှန်ပင် ယူလာခဲ့လေသည်။
“ချီး.. ငါမျက်နှာဖုံးဝတ်တောင်မထားဘူးလေ.. ။ ဘယ်လိုတောင် ငါ့ကိုရှာနိုင်တာတုံး ” သူက မျက်နှာဖုံးကို လွှင့်ပစ်ရန်ကြံလိုက်သော်လည်း အလွန်တန်ဖိုးကြီးသည့်အရာကို မလွှင့်ပစ်ရက်ပေ။ ထို့အပြင် လူလိမ်ညမုဆိုး၏ဝိညာဥ်က အထဲတွင် ပိတ်မိနေသေးသောကြောင့်လွှင့်ပစ်လိုက်လျှင် သူသည်လည်းတစ်ခါတည်းပါသွားလိမ့်မည်။
“ဘာ…ဘာလုပ်ရလဲ..ပိုင်ရှောင်ချန်းရေ” လူလိမ်ညမုဆိုးသာ ဝိညာဥ်မဟုတ်လျှင် မျက်ရည်ကျနေမည်မှာ အသေအချာပင်။
ပိုင်ရှောင်ချန်းက လူလိမ်ညမုဆိုးအား စိုးရိမ်တကြီးကြည့်ပြီးနောက် တခဏမျှပြန်စဥ်းစားလိုက်သည်။ အတန်ငယ်တွေးတောကြည့်သော်လည်း ခေါင်းဆောင်ကြီးများထံ မျက်နှာဖုံးအပ်နှံလိုက်သည်က လွဲ၍ အခြားအဖြေထွက်မလာပေ။
“မင်းကိုပုံပြောင်းပေးနိုင်တဲ့ရတနာကို လက်လွှတ်ရမှာ တော်တော်နှမြောဖို့ကောင်းလိုက်တာ” ပိုင်ရှောင်ချန်းမှာ ဘာလုပ်ရမည်မှန်း မသိတော့ပေ။ နောက်ထပ်လဝက်ကုန်ပြီးသော် မျက်နှာဖုံးနှင့်ပတ်သက်ပြီး ဘာမှဖြစ်မလာတော့သဖြင့် နောက်ဆုံး စိတ်သက်သာရာရသွားတော့သည်။
ဌာနချုပ်များတည်ဆောက်ခြင်းသည် ပြီးဆုံးခါနီးလာလေသည်။
ခေါင်းဆောင်ကြီးများသည်လည်း အောက်ပိုင်းဒေသအတွင်းအခြေအနေများနှင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏လက်အောက်ရှိနယ်နိမိတ်များအား ကို မည်သို့မည်ဖုံကိုင်တွယ်ရန်နှင့်စပ်လျဥ်းသော ဆွေးနွေးညှိနှိုင်းချက်များ ပြီးဆုံးပေတော့မည်။
အရေးအကြီးဆုံးဖြစ်သည့် တရားဝင်ဂိုဏ်းစည်းကမ်းအလုံးစုံအား အပြီးသတ်နေလေပြီ။
သဘောတူညီချက်စာချုပ်အသစ်အရ အဖွဲ့လေးဖွဲ့အနက်တစ်ဖွဲ့သည် အနှစ်၂၀၀လျှင် တစ်ကြိမ် တာဝန်ယူရမည်။ နှစ်၂၀၀ ကုန်လျှင် ဂိုဏ်း၏လုပ်ပိုင်ခွင့်များကို နောက်တစ်ဖွဲ့သို့ လွှဲပြောင်းပေးရမည်။တူညီသောသဘောတူညီချက်ဖြင့် ဂိုဏ်းခေါင်းဆောင်ကို တင်မြှောက်မည်။ဂိုဏ်းတွင် ပထမဆုံးအုပ်ချုပ်ခွင့်အာဏာရအဖွဲ့မှာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ဖြစ်သည်။ ကျန်းယွမ်သုန်သည် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ခေါင်းဆောင်မဟုတ်တော့ပဲ အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံး၏ ဂိုဏ်းခေါင်းဆောင်ဖြစ်လာသည်။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနည်းငယ်လိုအပ်နေသော်လည်း တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်မှီလေသည်။
အမှန်တွင် ခေါင်းဆောင်ကြီးများ၏ သဘောတူညီချက်နှင့်အကူအညီများဖြင့် ကျန်းယွမ်သုန်သည် အလယ်ပိုင်းအမြုတေအဆင့်ကိုတက်ရန် အလားအလာရှိသည်။ ထို့အပြင် သူက လီချင်းဟောက်အား နောင်နှစ် ၁၀၀ ကြာလျှင် ဂိုဏ်းခေါင်းဆောင်အဖြစ်တင်မြှောက်ရန် စီမံထား၏။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ အနှစ်၂၀၀ အါဏာစက်ဝန်းပြီးလျှင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့က လွှဲပြောင်းယူမည်။ ထို့နောက်တွင် ဆန်းကြယ်နတ်ရေစင်အဖွဲ့၊ နောက်ဆုံးတွင် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့တို့ဖြစ်သည်။
ခေါင်းဆောင်ကြီးတစ်ဦးမှ ထိုသဘောတူညီချက်စာချုပ်အား မကန့်ကွက်ပေ။
မကြာမီ ဂိုဏ်းဌာနချုပ်များ တည်ဆောက်ပြီးသွား၏။ သွေးဘိုးဘေးကြီးနှင့် ကောင်းကင်ညောင်ပင်သရဲကြီးမှာ မားမားမတ်မတ်ရပ်တည်နေပြီး တောင်လေးလုံးသည် အရပ်မျက်နှာတစ်ခွင် စီတန်းနေလေသည်။ နောက်ဆုံးအဆင့်ဖြစ်သည့် မဟါမန္တန်အစီအရင်ကို အသက်သွင်းပြီးလျှင် အရာအားလုံး ပြီးဆုံးတော့မည်။
ကြွေးကြော်သံများမှာ နားကွဲလုမတတ် တစ်ခဲနက်ထွက်ပေါ်လာ၏။ တစ်လအလိုက ကောင်းကင်တံတားစစ်သင်္ဘောများအား အောက်ပိုင်းဒေသသို့ စေလွှတ်လိုက်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ပွဲတွင် ဝင်ရောက်မတိုက်ခိုက်လိုက်ရသည့် ဂိုဏ်းသားများအား ပြန်လည်ခေါ်ဆောင်လာသည်။
ဂိုဏ်းသားများအားလုံးအပါအဝင် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် အဖွဲ့ဝင်ပေါင်း ဆယ်သိန်းကျော်ကျော် ရှိနေလေပြီ။ လူသူများ ပျားပန်းခပ်လှုပ်ရှားနေသော နေရာတစ်ခုပင်ဖြစ်နေတော့သည်။
ထိုဖြစ်ရပ်များအားအမှတ်တရဖြစ်ရန် မဟာအခမ်းအနားတစ်ခုအားကျင်းပကြပြီး အလယ်ပိုင်းဒေသအတွင်းရှိ အခြားဂိုဏ်းကြီးများနှင့် ရှေးဟောင်းကျင့်ကြံသူမျိုးနွယ်စုများအား ဖိတ်ခေါ်ချက်အမြောက်အမြားပေးပို့လိုက်ကြသည်။
အထိမ်းအမှတ်အခမ်းအနားသည် ခုနစ်ရက်တာကြာမြင့်လေသည်။ ရှင်းမြစ်ဂိုဏ်းခွဲ၊ တာအိုမြစ်ဂိုဏ်းခွဲ၊ ကျစ်မြစ်ဂိုဏ်းခွဲမှ လူများစေလွှတ်၍ ဝမ်းမြောက်ကြောင်းပြောကြားကြသည်။ ကျင့်ကြံသူမျိုးနွယ်စုတစ်စုမကျန် သံတမန်များစေလွှတ်ကြလေသည်။
အောက်ပိုင်းဒေသတွင်ပေါ်ထွက်လာသည့်အဓိကဂိုဏ်းလေးခုသည်လည်း လက်ဆောင်ပဏ္ဍာများ၊ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများနှင့် တကွ သံတမန်များအားစေလွှတ်လိုက်ကြသည်။ ခုနစ်ရက်တာကာလအတောအတွင်း အဏ္ဏဝါခေါ်သံဂိုဏ်းသည် အလယ်ပိုင်းဒေသတစ်ဝှမ်းလုံး၏ ပါးစပ်ဖျားတွင်ပြောစမှတ်တွင်နေတော့သည်။
ဂိုဏ်းခေါင်းဆောင်ငယ်အနေဖြင့် ပိုင်ရှောင်ချန်းသည် အလွန်ထင်ရှားပြီး အာရုံစိုက်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်နေလေသည်။ သူက အခမ်းအနားဝတ်ရုံများဝတ်ဆင်ကာ သံမဏိသွေးကြောများပြသရင်း နေ့တိုင်း လူရှေ့သူရှေ့ထွက်ပြရသည်။ သူ့မှာ ဂုဏ်ကျက်သရေများနှင့် တဖိတ်ဖိတ်တောက်ကာ ခမ်းနည်းထည်ဝါနေတော့သည်။ ပိုင်ရှောင်ချန်းသည် သူ၏ရာထူးအား ချစ်ခင်မြတ်နိုးလာတော့သည်။ သို့သော်လည်း ခေါင်းဆောင်ကြီးများနှင့် လီချင်းဟောက်မှာ လူရှေ့တွင် သူ၏သရုပ်မှန်ပေါ်လာမည်ကို ရင်တထိတ်ထိတ်လန့်နေတော့သည်။
သို့သော်လည်း မည်သူမှ သံသယမြူမှုန်မရှိပေ။ သူက လူများနှင့် ရယ်ရယ်မောမောစကားစမြည်ပြောပြီး အများအာရုံစိုက်ရာဖြစ်နေတော့သည်။ ရည်ရွယ်ချက်ရှိရှိ အသတ်အဖြတ်အရှိန်အဝါအားထုတ်ပြလိုက်သည့်အချိန်တိုင်း ထိုနေရာရှိလူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြသည်။
ခေါင်းဆောင်ကြီးများသည် သူ၏လုပ်ဆောင်ချက်များကို အလွန်တရာသဘောကျကျေနပ်နေကြပြီး ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေတော့သည်။ သူ့အတွက် ထိုဖျော်ဖြေတင်ဆက်မှုမှာ မပြောပလောက်ပေ။ ခုနစ်ရက်ကြာသော် အခမ်းအနားပြီးဆုံးသွားလေပြီ။ ဧည့်သည်များပြန်သွားပြီး ဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် အဏ္ဏဝါခေါ်သံဂိုဏ်း ရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာမှာ……
သူတို့၌ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မှမရှိခြင်းပင်။
အလယ်ပိုင်းဒေသရှိ အခြားဂိုဏ်းကြီးသုံးဂိုဏ်းလုံး၌ တရားဝင်ကြီးကြပ်ကွပ်ကဲသည့် နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ဦးရှိသည်။ ထိုမှသာလျှင် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် ဆိုးရွားသော အားနည်းချက်တစ်ခုပင်ဖြစ်နေတော့သည်။