မဟူရာအမှောင်ထုသည် လောကတစ်ခွင်ကြီးစိုးထား၏။ ဝတ်ရုံဖြူအရိပ်ပေါ်လာရာ နိမိတ်မကောင်းသောအေးစက်မှုတစ်ခုလွှမ်းခြုံသွားသည်။ ထိုအရိပ်ကိုဝန်းရံထားသည့်အမှောင်ထုကြောင့် မိန်းကလေးတစ်ယောက်အဖြစ်သတိပြုမိရန်ခက်ခဲလှသည်။
ညအမှောင်ကိုခွင်း၍ စစ်မြေပြင်ကိုဖြတ်ကာ အေးအေးလူလူ လမ်းလျှောက်သွားရာ သူမ၏ ရှည်လျားသော ဆံနွယ်တို့သည် လေတွင် တလွင့်လွင့် မျောနေလေသည်။
သူမဘယ်နေရာသွားသွား သူမပတ်ပတ်လည်ရှိ အရာရာတိုင်းသည် ရေခဲဖြစ်တော့မတတ် အလွန်တရာ အေးခဲလာတော့သည်။ ဝတ်ရုံဖြူမိန်းကလေးက သက်စောင့်အားများကိုစုပ်ယူလိုက်သဖြင့် သစ်ပင်ပန်းမန်များမှာ ညှိုးနွမ်းခြောက်သွေ့ကုန်ကြသည်။ တစ်ဆက်တည်းမှာပင် သူမ၏သက်စောင့်အားမှာ လျင်မြန်စွာ ပိုမိုအားကောင်းလာတော့သည်။
မကြာမီ သူမသည် ကုံမြစ်ဂိုဏ်းခွဲ၏အရင်ဂိုဏ်းသားများဖြစ်သည့် အလောင်းပုံကြီးနားရောက်နေလေပြီ။ ထိုအလောင်းတို့အားငုံ့ကြည့်ရင်း သူမက တခစ်ခစ်ရယ်လိုက်ပြီးနောက် အသက်တစ်ချက်ရှူကာ စုပ်ယူလိုက်သဖြင့် အလောင်းများမှာ ခြောက်သွေ့လာတော့သည်။ အတိုတောင်းဆုံးအချိန်အတွင်း အလောင်းများမှာ နှစ်ပေါင်းများစွာကတည်းက သေနှင့်ပြီးသည့် အရိုးစုများအလားဖြစ်သွားတော့သည်။
ထိုမိန်းမပျိုသည် ဤမျှနှင့်မရပ်ပေ။ သူမက စစ်မြေပြင်ဖြတ်၍ ရှေ့ဆက်သွားနေသဖြင့် အလောင်းအမြောက်အမြားမှာ အရိုးစုများအသွင်ပြောင်းသွားလေသည်။ ထိုသို့ဖြစ်ပေါ်နေချိန်တွင် သူမ၏ခန္ဓာကိုယ်သည် တိုးတက်ပြောင်းလဲလာ၏။ နောက်ဆုံးတွင် သူမက အညောင်းအညာပြေရန် လည်ပင်းကိုဂျွတ်ခနဲချိုးလိုက်ပြီးနောက် ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူအလောင်းအများအပြားပုံနေသည့် နောက်တစ်နေရာအား ပျံသွားလေသည်။
ထိုနေရာသည် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ဆိုင်ရာဖြစ်ပြီး ထိုအလောင်းများကို ရုပ်အလောင်းသန့်စင်ရာတွင်သုံးရန် သပ်သပ်ဖယ်ထားခြင်းဖြစ်သည်။ နေရာတစ်ခွင်လုံးအား မန္တန်အစီအရင်များဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ထားသည့်တိုင် မိန်းမပျိုလေးအတွက် ဘာအခက်အခဲမှ မရှိပေ။ သူမက အသာလေးဖြတ်သန်းသွားကာ အလောင်းများအပေါ်တည့်တည့်သို့ရောက်သွားလေပြီ။ ထို့နောက် သူမ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းတစ်ခုဖြတ်ပြေးသွားပြီး သူမက နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်သည်။
ချက်ချင်းပင် မြောက်မြားလှစွာသော အလောင်းများ ခြောက်သွေ့လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်းတစ်သောင်းကျော်မှာ အရိုးသာကျန်တော့သည်။ အချို့အရိုးများမှာ ပြာပင်ဖြစ်သွားကြသည်။
ထိုအချိန်တွင် မိန်းမပျိုလေး၏ ပုံပန်းသွင်ပြင်မှာ ပို၍ပင်မြင်သာထင်သာရှိလာလေသည်။ တခဏကြာသော် သူမက လေချဥ်တက်လိုက်ပြီးနောက် ကောင်းကင်ကို တဖြည်းဖြည်း မော့ကြည့်လိုက်သည်။ အမည်းရောင် တိမ်တိုက်များ ပျောက်ကွယ်လာပြီး လမင်း၏ ရောင်ခြည်မျှင်တန်းလေးက သူမ၏မျက်နှာပေါ်ဖြာကျလာလေသည်။
အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုမိန်းကလေးသည် ကုန်းစွန်းဝမ်အာပင်။
“ကဲ.. ငါဗိုက်ပြည့်သွားပြီ.. ဒါမယ့်.. သူတို့အကုန်လုံးလူသေတွေဖြစ်နေတာ နှမြောဖို့ကောင်းလိုက်တာ… သက်ရှိတစ်ကောင်ကောင်သာ..စားလိုက်ရလို့ကတော့.. ”
ပါးစပ်ကိုအုပ်ရင်း တခစ်ခစ်ရယ်လိုက်ကာ လေတိုက်ခတ်သည့်အလား ပျောက်ကွယ်သွားတော့သည်။
သူမထွက်ခွာသွားသည်နှင် အမည်းရောင်တိမ်တိုက်များ ပကတိပျောက်ကွယ်သွားကာ လမင်း၏ရောင်ခြည်တန်းလေးများသည် ဖျော့တော့ ခြောက်သွေ့နေသောအရိုးဖြူဖြူများအပေါ်ဖြာကျနေတော့သည်။
ထိုညက ကုန်းစွန်းဝမ်အာကို ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆေါင်ကြီးများပင်လျှင် သတိမထားမိလိုက်ပေ။
အေးစက်စက်ခံစားချက်တစ်ခုဖြစ်ပေါ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ ရုတ်တရက်နှာထချေလိုက်တော့သည်။ တရားထိုင်နေရာမှ သတိဝင်လာရင်း သူက ဘေးဘီဝဲယာအား တခဏမျှ ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီးနောက် ထူးထူးခြားခြားဘာမှ မတွေ့သောကြောင့် မျက်လုံးတို့အား ပြန်မှိတ်လိုက်သည်။
နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင် ရုပ်အလောင်းများအတွက်တာဝန်ကျသော ဂိုဏ်းသားများသည် ရုတ်တရက် ရုပ်အလောင်းများမှာ အရိုးခြောက်များသာဖြစ်သွားကြောင်း သတိထားမိလိုက်ကြသည်။ သူတို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မကြာမီ အထိတ်တလန့်အော်သံများထွက်ပေါ်လာတော့သည်။ ထိုကိစ္စသည် အဏ္ဏဝါခေါ်သံဂိုဏ်းအတွင်း၌ အကြီးအကျယ် အုတ်အော်သောင်းနင်းဖြစ်သွားစေတော့သည်။
“ဘာ…ဘာဖြစ်သွားတာလဲ..”
“ဘုရားရေ…တစ်ညထဲနဲ့ အလောင်းတွေအကုန်လုံး ဘယ်လိုတောင်ခြောက်သွားတာတုန်း”
“ဘာအသွေးအသားမှတောင် မကျန်ခဲ့ဘူးဟ…. နှစ်ပေါင်းများစွာ သေနေတဲ့အတိုင်းပဲ.. မနေ့ကနဲ့ တစ်စက်မှ မတူတော့ဘူး”
သတင်းများပြန့်သွားရာ လူတိုင်းမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ ဂိုဏ်းစည်းကမ်းများအကြောင်းဆွေးနွေးနေသည့် ခေါင်းဆောင်ကြီးများ၏ အစည်းအဝေးပင်လျှင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။
ပိုင်ရှောင်ချန်းသည်လည်း ကျယ်ကျယ်လောင်လောင်အသံများကြောင့် စိုးရိမ်သွားကာ ဘာဖြစ်သွားသလဲကြည့်ရန် အလျင်အမြန်ရောက်ချလာ၏။ လေထဲတွင် ရပ်နေရင်း ဆွေးနွေးငြင်းခုံချက်မျိုးစုံအားကြားလိုက်ရပြီးနောက် စစ်မြေပြင်ပေါ်ရှိ အလောင်းများကို လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်သွားတာလဲ”
သူက တုန်လှုပ်လျက် တွေးလိုက်မိသည်။ အလောင်းများအသွေးအသားတစ်စက်မှမရှိတော့သည့်အဖြစ်ကြောင့် မကောင်းသောခံစားချက်များဝင်ရောက်လာတော့သည်။
ထိုအခိုက်အတန့်တွင် အဏ္ဏဝါခေါ်သံတောင်ထံမှ အလင်းတန်းဆယ်တန်းကျော်ထွက််လာသည်။ ၄င်းသည် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ရုပ်အလောင်းသန့်စင်နယ်မြေဘက်သို့ တဟုန်ထိုးဦးတည်လာနေသည့် အလွန်လေးနက်သော မျက်နှာအမူအရာများရှိသည့် အဖွဲ့လေးဖွဲခေါင်းဆောင်ကြီးများဖြစ်သည်။
သူတို့နောက်တွင် အမြုတေအဆင့်ကျင့်ကြံသူအမြောက်အမြားပါလာ၏။ ဖြစ်ပျက်နေသည်တို့အားသဘောပေါက်သွားရင်း ပိုင်ရှောင်ချန်းက သူတို့နှင့်အတူးပေါင်းရန် အမြန်ပျံလိုက်သည်။
ကျင့်ကြံသူအများအပြားသည် ထိုနေရာတွင် စုဝေးရောက်ရှိနေကြပြီး ထိုအခြေအနေအပေါ်ဆွေးနွေးငြင်းခုံနေကြသည်။ ခေါင်းဆောင်ကြီးများနှင့် အမြုတေအဆင့်ပညာရှင်များကို မြင်သောအခါ ချက်ချင်းတိတ်ဆိတ်သွားလေသည်။ သို့သော်လည်း သိချင်စိတ်ပြင်းပြသောအမူအရာများကို သူတို့၏မျက်နှာများပေါ်တွင် တွေ့နေရသည်။ မနေ့ညကဖြစ်သွားသောအဖြစ်အပျက်များသည် ပေါ့ပေါ့သေးသေးကိစ္စမဟုတ်ကြောင်း သူတို့အတပ်ပြောနိုင်လေသည်။
သိသာထင်ရှားစွာ အလောင်းများ၏အသွေးအသားများကုန်ခမ်းသွားခြင်းသည် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု၏လက်ချက်ဖြစ်ကြောင်း ပေါ်လွင်နေလေသည်။ ထိုသတင်းသာပြန့်သွားပါက ပြဿနာများစွာတက်လာလိမ်မည်။
မကြာမီ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများ ရုပ်အလောင်းသန့်စင်နယ်မြေသို့ ရောက်လာပြီး စစ်ဆေးတော့သည်။ တဒင်္ဂကြာပြီးနောက် သူတို့၏အမူအရာများ ပျက်လာတော့သည်။
စွမ်းအားအကြီးဆုံးခေါင်းဆောင်ကြီးသုံးဦးဖြစ်သည့် ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းသို့ ရောက်ရှိနေသော ဟန်ဇောင်၊ ဖုန်းရှိန်ကျစ်နှင့် ချီဟွမ်တို့သည်လည်း ထိုနည်းတူပင်။သူတို့က ထိုနေရာတွင် စွဲကျန်နေသော အငွေ့အသက်တစ်ခုကို အာရုံရလိုက်ကာ သူတို့၏အမူအရာများမှာ အလွန်တရာတင်းမာခက်ထန်လာတော့သည်။ အကြည့်ချင်းဖလှယ်ပြီးနောက် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ဖုန်းရှိန်ကျစ်က ပြော၏။
” ကောင်းကင်ညောင်ပင်သရဲကြီး အမြစ်နှုတ်ခံလိုက်ရတုန်းက အက်ကွဲကြောင်းတွေပေါ်လာပြီး မြေချီတွေစိမ့်ထွက်လာတယ်။ အဲဒါကြောင့် အခုလိုဖြစ်သွားတာ။ ဘယ်သူမှ ကြောက်နေစရာမလိုဘူး။ မြေချီတွေကိုချိတ်ပိတ်ထိန်းသိမ်းဖို့ မန္တန်အစီအရင်တွေ စီမံပေးမယ်”
ထို့နောက် ဟန်ဇောင်နှင့် ချီဟွမ်တို့သည်လည်း တူညီသောစကားများပြောကြလေသည်။ ဂိုဏ်းတွင်းရှိ သူတို့၏နာမည်ဂုဏ်သတင်းများကြောင့် ထိုစကားတို့သည် ဂိုဏ်းသားအများစုအား အလျင်အမြန်ပင် စိတ်အေးသွားစေသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများနှင့် သိပ်မဝေးသဖြင့် သူလှည့်ပတ်ကြည့်လိုက်ချိန်တွင် ထိုနေရာရှိ အေးစက်သောအရှိန်အဝါတစ်ခုကို ချက်ချင်းအာရုံရလိုက်တော့သည်။ အေးစက်စက်ချီစီးကြောင်းများမှာ သူ့ကိုယ်ထဲသို့ပင် ဝင်ရောက်လာရာ သူ၏သက်စောင့်အားကိုပင်
ခြောက်ကပ်သွားစေသည်။
ခေါင်းဆောင်ကြီးများ၏ ရှင်းလင်းချက်အား သူသိပ်မယုံကြည်သော်လည်း တခဏမျှ ချီတုံချတုံဖြစ်သွားပြီး ခေါင်းဆောင်ကြီး ဟန်ဇောင်ကို လှမ်းကြည့်လိုက်သည်။ ဟန်ဇောင်က သူ့ကို ပါးစပ်ပိတ်ထားသင့်ကြောင်းအရိပ်ပြနေသည့်အကြည့်ဖြင့် အဓိပ္ပါယ်ပါပါကြည့်နေသည်။
ထိုကိစ္စအား အလျင်အမြန် လျှို့ဝှက်ထားလေသည်။ အဖွဲလေးဖွဲ့လုံးက အတွင်းသိဂိုဏ််းသားများအား ဂိုဏ်းအတွင်း စကားလမ်းကြောင်းတည့်ပေးရန် တာဝန်ပေးလိုက်သည်။ ထို့ကြောင့် လူတိုင်းအလုပ်များနေသည့်အချက်နှင့် သက်ရှိကျင့်ကြံသူတစ်ယောက်မှ မထိခိုက်ခြင်းကြောင့် ထိုကိစ္စနှင့််ပတ်သက်ပြီးဆွေးနွေးငြင်းခုံမှုများမှာ တဖြည်းဖြည်းပျောက်ကွယ်လာတော့သည်။ လူအနည်းစုသည် သံသယအနည်းငယ်ဖြင့်မတင်မကျဖြစ်နေသော်လည်း ဘယ်သူမှ အချက်အလက်များအား မတူးဆွရဲကြပေ။
သို့သော်လည်း ထိုညတွင် အဏ္ဏဝါခေါ်သံတောင် ပေါ်တွင် ခေါင်းဆောင်ကြီးများနှင့် အမြုတေအဆင့်ကျင့်ကြံသူများအကြား လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်လေသည်။ ပိုင်ရှောင်ချန်းလည်းပါဝင်၏။
သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ ဖုန်းရှိန်ကျစ်သည် စုရုံးရောက်ရှိလာကြသော အမြုတေအဆင့် ကျင့်ကြံသူများအား ကြည့်ရှူပြီးနောက် ဖြည်းညင်းစွာ ရှင်းပြတော့သည်။
” အထူးဆန်းဆုံးက မနေ့ညကဆိုးဆိုးရွားရွားဖြစ်ရပ်မှာ ငါတို့ခေါင်းဆောင်ကြီးတစ်ယောက်မှ ဘာထူးခြားတာကိုမှ သတိမပြုမိတာပဲ”
“အဲဒီအလောင်းတွေက အသွေးကောအသားပါ တက်တက်စင်အောင်ခြောက်ကပ်သွားတာ.. သူတို့မှာ ဘာသက်စောင့်အားမှ မရှိတော့ပေမယ့် တခြားထူးဆန်းတဲ့ စွမ်းအင်တွေ ရှိနေတယ်..။ ပိုထူးဆန်းတာက အလောင်းတွေမှာ နဂိုတုန်းက ပြင်းထန်တဲ့ သေမင်းအငွေ့အသက်တွေရှိတယ်။ ဒါပေမယ့်လဲ ငါ ခုနက စစ်ဆေးတုန်းက အဲ့အငွေ့အသက်တစ်စက်မှကို မတွေ့ရဘူး”
“အဲဒီမှာ ကျန်ခဲ့တဲ့တစ်ခုတည်းသော အငွေ့အသက်က အင်မတန်အေးစက်တဲ့အရာလိုမျိုး.. သောကကင်းဝေးကိုးသွယ်သရဲနယ်မြေရဲ့အစွမ်းလိုမျိုးပဲ”
” ဒီကိစ္စအပေါ် ငါတို့ခေါင်းဆောင်ကြီးတွေထင်တာ မှားပါစေပဲ ဆုတောင်းနိူင်တယ်။.. ငါတို့ပြောနိုင်တာကတော့.. မနေ့ညက အဏ္ဏဝါခေါ်သံဂိုဏ်းကို သက်ရှိလောကမှာတောင် မရှိသင့်တဲ ဝိညာဥ်လောကရဲ့ စွမ်းအားကြီးသရဲတစ်ကောင် ရောက်လာခဲ့တယ်ကွ”
” သေမင်းသရဲတွေကပဲ သေဆုံးခြင်းအငွေ့အသက်ပေါ်မှာ ရှင်သန်နိုင်တာ။ ဒါတင်မကသေးဘူး.. စွမ်းအားအဆင့်မြင့်လာရင် အဲ့သရဲတွေက သက်ရှိတွေဆီက သက်စောင့်အားတွေလိုတယ်”
ဖုန်းရှိန်ကျစ်သည် ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးဖြစ်ရာ လူတိုင်းက သူ့စကားတို့အား အသေအချာနားထောင်ပြီး နှလုံးသားထဲထိမှတ်သားထားလေသည်။
အမြုတေအဆင့်ကျင့်ကြံသူများမှာ လုံးဝတုန်လှုပ်သွားကြသာည်။ ပိုင်ရှောင်ချန်းမှာမူ မျက်နှာတွင် သွေးပင်မကျန်တော့ချေ။
“သရဲ…. ”
သူက တွေးလိုက်ကာ ကျောချမ်းသွားပြီး ခေါင်းမွေးများထောင်လာတော့သည်။
ဆက်လက်စကားပြောသူမှာ ခေါင်းဆောင်ကြီး ချီဟွမ်ဖြစ်သည်။ သူ၏အသံမှာအက်ကွဲကွဲဖြစ်ပြီး မျက်လုံးများတွင် ထူးဆန်းသောအလင်းများတောက်ပနေ၏။ ” စိတ်လှုပ်ရှားစရာမလိုပါဘူး။ ဒီသတင်းပေးတာက မင်းတို့သိရှိနေဖို့အတွက်ပဲ။ အခြားခေါင်းဆောင်ကြီးတွေနဲ့ ငါ လေလုံ မန္တန်အစီအရင်တစ်ခုစီမံပေးမယ်။ အဲ့သရဲထပ်ပေါ်လာလို့ကတော့ အစအနမကျန်အောင်ကို ကိစ္စတုံးပစ်မယ်ကွ”
သူက အမြုတေအဆင့်ကျင့်ကြံသူများကို သိမ်းကျုံးကြည့်လိုက်စဥ် မျက်ရည်ကျလုမတတ်သုန်မှုန်နေပြီး တဆတ်ဆတ်တုန်သော ပိုင်ရှောင်ချန်းပေါ်တွင် တခဏရပ်သွားလေသည်။
အဏ္ဏဝါခေါ်သံတောင်မှ ပိုင်ရှောင်ချန်း ထွက်ခွာလာခဲ့စဥ် စိတ်ထဲကြောက်လန့်နေမိသည်။ သူ၏အတွေးများမှာ ယောက်ယက်ခတ်နေပြီး ထိုညက တရားထိုင်နေစဥ် ရုတ်တရက် ခံစားလိုက်ရသည်ကို မတွေးပဲမနေနိုင်တော့ပေ။ထိုအခိုက်တွင် သူ့မှာကြက်သီးမွေးညင်းများထလာတော့သည်။
“မနေ့ညက အဲဒီထူးဆန်းတာကြီးက ငါ့ကိုလိုက်ရှာနေတာလို့မပြောနဲ့နော်” အတွေးစဥ်များမရပ်မနားခုတ်မောင်းနေရင်း ထိုအချက်ကို စဥ်းစားမိသောအခါ ပိုင်ရှောင်ချန်းမှာ စူးစူးဝါးဝါးအော်လိုက်တော့သည်။ ကျန်ရက်များက ဆေးဖော်နေခဲ့သည့်နေရာသို့ ပြန်မသွားရဲတော့သောကြောင့် အဏ္ဏဝါခေါ်သံတောင်ပေါ်တွင် နေရန် ဆုံးဖြတ်လိုက်သည်။ သူစိုးရိမ်ရသရွေ့ ခေါင်းဆောင်ကြီးများနှင့်နီးနီးကပ်ကပ်နေခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်ပေလိမ့်မည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ငယ်ဖြစ်သောကြောင့် အဏ္ဏဝါခေါ်သံတောင်ပေါ်တွင် သူ့ကိုယ်ပိုင်နေရာအသေးလေးတစ်ခုရသဖြင့် သာမန််အင်မော်တယ် ဂူတစ်လုံးအား ကိုယ်တိုင်ကိုယ်ကျတူးတော့သည်။ ထို့နောက် အရင်ညက ထူးဆန်းသောအရာအကြောင်းပြန်တွေးမိပြီး ကြက်သီးမွေးညင်းတို့ထလာပြန်သည်။ အံတင်းတင်းကြိတ်ရင်း အကာအကွယ်မန္တန်အစီအရင်တချို့စီမံရန် ဆန်းကြယ်နတ်ရေစင်အဖွဲ့ဂိုဏ်းအနည်းငယ်အား သွားခေါ်တော့သည်။
ဂိုဏ်းရှိကျင့်ကြံသူအများစုသည် မန္တန်အစီအရင်တစ်ခုဖြင့်သာ တင်းတိမ်ကျေနပ်လိမ့်မည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ ယခုအချိန်တွင် ကြောက်ရွံ့ထိတ်လန့်နေသောကြောင့်ဆန်းကြယ်နတ်ရေစင်အဖွဲ့မှ ထိပ်တန်းပညာရှင်ဒါဇင်များစွာကို ခေါ်ချလာတော့သည်။ သူတို့အကူအညီဖြင့် မန္တန်အစီအရင် ဒါဇင်များစွာကို ဖန်တီးလိုက်ကာ အများစုသည် မကောင်းဆိုးဝါးစွမ်းအင်များကို ကာကွယ်ရန်ဖြစ်သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ပညာရှင်များမှာ အူကြောင်ကြောင်ဖြင့် ပြန်သွားကြသည်။ သို့ထိတိုင်အောင် ပိုင်ရှောင်ချန်းမှာ လုံခြုံပြီဟု မခံစားရသေးပေ။ အံတင်းတင်းကြိတ်ရင်း သူက စွမ်းဆောင်ရည်ရမှတ်ပေါင်းများစွာအား အဆောင်စက္ကူအမြောက်အမြားဝယ်ရန်သုံးပစ်လိုက်သည်။ သူတို့ထဲမှ အများစုသည် မကောင်းဆိုးဝါးများအား တားဆီးရန် သို့မဟုတ် ဖိနှိပ်ရန်ဖြစ်သည်။သူ့ကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့များစွာကပ်ပြီးနောက်တွင် သူ့မှာ ကောက်ညှင်းထုပ်နှင့်ပင်တူနေတော့သည်။ နောက်ဆုံးတွင် သူစိတ်အေးသွားလေပြီ။
“ဟင်းးးးး… အဲဒီထူးဆန်းကောင်ကြီးက အခု ငါ့ကို အန္တရာယ်မပေးရဲလောက်တော့ပါဘူး။..ခေါင်းဆောင်ကြီးတွေနဲ့လဲ နီးတယ်. မန္တန်အစီအရင်အများကြီးလဲ စီမံထားတယ်. အဆောင်လက်ဖွဲ့တွေအကုန်လုံးလည်း အဆင်သင့်ပဲ။ အဲ့သရဲကြီး ငါ့ဖက် ခြေတောင်ချရဲမှာမဟုတ်ဘူး” စိတ်သက်သာသွားးသဖြင့် အသက်ရှူလိုက်ရင်း သူ၏အင်မော်တယ် ဂူတံခါးကိုဖွင့်ကာ အေးအေးလူလူဝင်သွားတော့သည်။