အဏ္ဏဝါခေါ်သံဂိုဏ်းက အလယ်ပိုင်းဒေသများကို ထိန်းချုပ်ထားလေသည်။
အခြားအဓိကဂိုဏ်းကြီးသုံးခု၏ ကိုယ်စားလှယ်များကဲ့သို့ပင် ကျင့်ကြံခြင်းမျိုးနွယ်စုများနှင့် ဂိုဏ်းငယ်များအားလုံးမှာ လုံးလုံးလျားလျားတုန်လှုပ်နေကြသည်။
အလယ်ပိုင်းဒေသများ၏ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်။ ထို့အပြင် ၎င်းမှာအဓိကဂိုဏ်းကြီး လေးခုအနက် တစ်ခုနေရာအား အစားထိုးမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အောက်ပိုင်းဒေသများမှ လာခြင်းဖြစ်သည့်အတွက် ထိုကိစ္စရပ်မှာ ပို၍လေးနက်လေသည်။ အခြားအဓိကဂိုဏ်းကြီးသုံးခု၏လက်အောက်ခံဖြစ်သော ဂိုဏ်းငယ်များအတွက် တံခါးပေါက်အသစ်များရုတ်တရက်ဖွင့်လိုက်သည်နှင့် တူလေသည်။
တချိန်တည်းမှာပင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ယခင်ကထက်ပိုမို၍ အလုပ်များလာသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံအဆင့်များကို ထည့်သွင်းမစဥ်းစားပဲ ဂိုဏ်းအဖွဲ့လေးခုမှဂိုဏ်းသားများအားလုံးမှာ ဌာနချုပ်အသစ်တစ်ခုဆောက်လုပ်ရန် လှုံ့ဆော်စည်းရုံးခံလိုက်ရသည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဌာနချုပ်အသစ်ကို ကုံမြစ်ဂိုဏ်းခွဲတည်ရှိခဲ့သောနေရာတွင် တည်ဆောက်မည်ဖြစ်သည်။ ဂိုဏ်းအဖွဲ့လေးခု၏ ခေါင်းဆောင်ကြီးများက ယခင်ကတည်းက ၎င်းကိုမည်သို့နေရာချမည်…မည်သို့ပုံဖော်မည်….ကိုသဘောတူခဲ့ကြသည်။ သူတို့၏စီမံချက်မှာ ဂိုဏ်းအဖွဲ့လေးဖွဲ့ မှတစ်ဖွဲ့ချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံမျှမက ဂိုဏ်းကိုကာကွယ်ရန်နှင့်တိုက်ခိုက်ရန်အတွက် အကောင်းဆုံးနေရာကို ရွေးချယ်နေရာချထားနိုင်ခဲ့သည်။ အဆုံးတွင် ဤဌာနချုပ်အသစ်မှာ နှစ်ပေါင်းသောင်းချီအောင်ရပ်တည်နိုင်မည်ဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး၏ ထင်ပေါ်ကျော်ကြားမှု နှင့်ဂုဏ်သိက္ခာ အရင်းအမြစ်ဖြစ်လာပေလိမ့်မည်။
ဌာနချုပ်တစ်ခုဗဟိုချက်မှာ ဧရာမတောင်တစ်လုံးဖြစ်ရမည်၊ ထိုတောင်၏တစ်ဝက်က ကောင်းကင်တံတားမြစ်၏ မျက်နှာပြင်အောက်ဘက်တွင်ရှိရမည်ဖြစ်ပြီး ကျန်တစ်ဝက်မှာ ကောင်းကင်နှင့်အပြိုင်မိုးထိအောင်မြင့်နေရမည် ဖြစ်သည်။
ထိုကဲ့သို့သောတောင်က ကောင်းကင်တံတား မြစ်၏ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေလိမ့်မည်ဟု တစ်စုံတစ်ယောက်က ထင်ကောင်းထင်နိုင်သော်လည်း မြစ်၏ရေစီးဆင်းမှုကို ယခင်ကအတိုင်းဖြစ်စေရန် အမျိုးမျိုးသောမှော်နည်းလမ်းများကိုအသုံးပြုပေလိမ့်မည်။
တောင်မှာ မိုးထိအောင်မြင့်တက်နေသဖြင့် တောင်ထိပ်ကိုပင် မမြင်ရပေ။ တောင်၏အမည်ကို အဏ္ဏဝါခေါ်သံတောင် ဟုခေါ်တွင်ပေမည်။ ထိုတောင်မှာ အရေးကြီးသောဆုံးဖြတ်ချက်များပြုလုပ်ရာ ဂိုဏ်း၏ဗဟိုချက်ဖြစ်လာမည်ဖြစ်သည်။ ခေါင်းဆောင်ကြီးများကလည်း ထိုနေရာတွင်နေမည်ဖြစ်ပြီး ဂိုဏ်း၏သီးသန့်စွမ်းအားများကိုလည်း ထိုနေရာတွင်ထားပေလိမ့်မည်။
အဏ္ဏဝါခေါ်သံတောင်မှာ အရပ်လေးမျက်နှာတွင် ခမ်းနားကြီးကျယ်သော တောင်ကြီးလေးခုနှင့် ဂိုဏ်း၏အလယ်ဗဟိုနေရာဖြစ်လာမည်။ စွမ်းအားကြီးသောမှော်ပညာရပ်ဖြင့် ထိုတောင်တစ်လုံးဆီကို ငါးရာကီလိုမီတာအကွာအဝေးထိဆန့်ထားပြီး အထင်ကြီးလောက်ဖွယ်မြင့်မားသော်လည်း အဏ္ဏဝါခေါ်သံတောင် ကိုမယှဥ်နိုင်သော တောင်ထိပ်ရှစ်ခုလည်းရှိပေလိမ့်မည်။
ထိုတောင်လေးလုံးကို အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းခွဲလေးခုဖြစ်သော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို ခွဲဝေပေးပေလိမ့်မည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏အဓိကတံခါးပေါက်ကြီးမှာ ကောင်းကင်တံတားမြစ်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိနေမည်ဖြစ်ပြီး ဧရာမရုပ်ထုကြီးနှစ်ခုကလည်း စောင့်ကြပ်နေပေမည်။ ထိုနေရာ၏ဘယ်ဘက်တွင် စွမ်းအားကြီးသောသွေးချီများ ဖြာထွက်နေသည့် အိပ်နေဟန် ဘီလူးကြီးလည်းရှိပေလိမ့်မည်။ ထိုဘီလူးကြီးမှာ သွေးဘိုးဘေးကြီးသာဖြစ်ပေမည်။ ညာဘက်တွင်မူ အဏ္ဏဝါခေါ်သံဂိုဏ်းအား ဘီလူးကြီးကဲ့သို့ မတ်တတ်ရပ်ကာစောင့်ကြပ်ပေးမည့် ကြောက်မက်ဖွယ်ညောင်ပင်ကြီးရှိပေမည်။
မြင့်မားသောသစ်ပင်ကြီးနှင့် ဧရာမဘီလူးကြီးက အလယ်ပိုင်းဒေသများရှိ ဂိုဏ်းငယ်လေးများအား ထိတ်လန့်ကြောက်ရွံ့မှုဖြင့် အမြီးကုပ်သွားစေလိမ့်မည်။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ စီစဉ်ထားသောအပြင်အဆင်ပုံစံမှာ ရိုးရှင်းပုံရသော်လည်းအမှန်မှာ ၎င်းအတွက် များစွာစဉ်းစားထားရလေသည်။ ဥပမာအနေဖြင့် ဂိုဏ်းကိုကာကွယ်ရန် လွန်ခဲ့သောနှစ်ပေါင်းများစွာက လောချိန်တောင်တန်းများတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဖန်တီးခဲ့သော မန္တန်အစီအရင်ထက် ဆယ်ဆပိုမို၍ကြီးမားသော မဟာမန္တန်အစီအရင်ကို တည်ဆောက်ရလိမ့်မည်။
၎င်းမှာ အလယ်ပိုင်းဒေသများကို သိမ်းပိုက်ရန်ထိုက်တန်သော ဧရာမဂိုဏ်းအမျိုးအစားဖြစ်ကြောင်း ပြရမည်ဖြစ်ပြီး ဂိုဏ်းမှာ သိသာစွာပင် အလွန်စွမ်းအားကြီးမားသောကြောင့် ထိုဒေသရှိအခြားအုပ်စုငယ်များမှာ အနှောင့်အယှက်ပေးရဲတော့မည်မဟုတ်ပေ။
အဏ္ဏဝါခေါ်သံဂိုဏ်းက အောက်ပိုင်းဒေသများတွင် သူတို့မရှိနိုင်ချိန်၌ ပေါ်ပေါက်လာခဲ့သောဂိုဏ်းလေးခုအတွက် စည်းမျဉ်းအသစ်များနှင့်အတူ သံတမန်များကိုစေလွှတ်ခဲ့သည်။ ၎င်းစည်းမျဥ်းများထဲတွင် ဓလေ့ထုံးတမ်းအဟောင်းများကိုလည်း ထည့်သွင်းရေးဆွဲထားသည်။ အတိတ်အချိန်တုန်းက အောက်ပိုင်းဒေသများမှ ဂိုဏ်းကြီးလေးခုမှာ နှစ်တိုင်းမြစ်အထက်သို့ လက်ဆောင်ပဏ္ဍာများ ဆက်ရလေသည်။ အလားတူလုပ်ထုံးလုပ်နည်းမျိုးကို အနာဂတ်တွင် ဆက်လက်ကျင့်သုံးရပေမည်။
အဏ္ဏဝါခေါ်သံဂိုဏ်းက ဂိုဏ်းအသစ်များ ကိုယ်တိုင်အပြည့်အဝထူထောင်ဖို့ အချိန်ရစေရန် နှင့် ပြင်ပမှကျူးကျော်သူများကို ရင်မဆိုင်ရစေရန် အောက်ပိုင်းဒေသများ၏ နယ်နိမိတ်များကို ပိတ်ချလိုက်သည်။
ကုံမြစ်ဂိုဏ်းခွဲ ပျက်သုဥ်းခြင်းနှင့် ပတ်သက်သည့် ထိတ်လန့်ဖွယ်ကောင်းသော မှတ်ဉာဏ်များမှာ အားလုံး၏စိတ်နှလုံးထဲတွင် လတ်ဆတ်နေဆဲဖြစ်သော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းမှ ထုတ်ပြန်ချမှတ်သောပထမဆုံး စည်းမျဥ်းဥပဒေကို မည်သူမျှငြင်းပယ်ရန်ဆန္ဒမရှိကြပေ။ အလယ်ပိုင်းဒေသများ၏ အခြားဂိုဏ်းကြီးသုံးဂိုဏ်းကပင် မငြင်းပယ်ချေ။ မည်သူကမျှ အဏ္ဏဝါခေါ်သံဂိုဏ်း၏ အဆိုးမြင်ခြင်းကို မခံယူချင်ကြပေ။
အဏ္ဏဝါခေါ်သံဂိုဏ်းက အခြားအဓိကဂိုဏ်းသုံးခုထက် အင်အားနည်းသော်လည်း သူတို့က မြစ်အထက်ရှိ ဂိုဏ်းအားလုံးကိုတာဝန်ယူထားသော ဂိုဏ်း၏ခွင့်ပြုချက်ကို ရရှိခဲ့ပြီဖြစ်သည်။ သူတို့အား ကိုယ်တိုင်ပြန်လည် ထူထောင်ရန် အခွင့်အရေးမပေးရသေးမီ အခြားဂိုဏ်းများက သူတို့အား စိတ်အနှောင့်အယှက်မပေးကြပေ။
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားမှု၊စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေသော်လည်း ထိုအတွက်ကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ပိုင်နက်နယ်မြေမှာ တည်ငြိမ်အေးချမ်းနေလေသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းတွင် အာရုံစိုက်၍ လုပ်ဆောင်ရန် အရေးကြီးသောကိစ္စရပ်များစွာရှိသည်။ သူတို့၏ဌာနချုပ်အသစ်အား တည်ဆောက်ခြင်း၊ အောက်ပိုင်းဒေသများကို ငြိမ်ဝပ်ပိပြားစေခြင်း၊ သူတို့၏နယ်မြေအသစ်အား ထိန်းချုပ်နိုင်ခြင်း…စသဖြင့် ဂရုစိုက်ရန်လိုအပ်သော မရေမတွက်နိုင်အောင်များပြားသည့် တာဝန်များစွာရှိလေသည်။
ပထမဦးဆုံး ဂရုစိုက်ရမည့်ကိစ္စရပ်မှာ ဂိုဏ်းအဖွဲ့လေးဖွဲ့အား တောင်တစ်လုံးစီခွဲဝေပေးရခြင်းဖြစ်သည်။ ဂိုဏ်းအဖွဲ့တစ်ဖွဲ့မှ တောင်တစ်လုံးရရှိသွားပြီးသည်နှင့် သူတို့၏ကိုယ်ပိုင်ပုံစံ၊ လိုအပ်ချက်များအရ သူတို့ကိုယ်တိုင် ပြင်ဆင်ဆောင်ရွက်နိုင်သည်။
ပိုင်ရှောင်ချန်း၏အကူအညီဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့က အရှေ့ဘက်ရှိ တောင်တန်းကိုရရှိခဲ့သည်။ သူတို့အဖွဲ့တွင် ပြောင်းလဲမှုအနည်းငယ်သာရှိလေသည်။ တချိန်က မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတွင်ရှိခဲ့သော တောင်ခုနစ်လုံးလည်းရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ရှစ်လုံးမြောက်တောင်သည် ယခုတွင် အမြုတေအဆင့်ကျင့်ကြံသူများ ပိုင်ဆိုင်သောမြေ ဖြစ်သွားခြင်းပင်ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့ရရှိသွားသော တောင်တန်းမှာ သွေးဘိုးဘေးကြီးနှင့်အနီးကပ်ဆုံးသောတောင်ဖြစ်လေသည်။ ထိုနေရာရှိ ကျင့်ကြံသူများမှာ အနည်းဆုံးသူတို့၏ပညာရပ်များကို လေ့ကျင့်နိုင်မည်ဖြစ်သည်။ အခြားသော စည်းမျဥ်းအသစ်တစ်ခုကိုလည်း ဖွဲ့စည်းထုတ်ပြန်ခဲ့သည်။ တောင်ရှစ်လုံးအနက်မှ သွေးသခင်တစ်ယောက်ဖြစ်လာရန် ကျင့်ကြံသူမှာ ပထမဦးစွာ အမြုတေအဆင့်သို့ ရောက်မှရပေမည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့နှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့တို့မှာမူ ယခင်ကအတိုင်း စည်းမျဥ်းတို့သတ်မှတ်ထားလေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအဖွဲ့က မန္တန်အစီအရင်နှင့် ကိုယ်ပွားကျင့်ကြံခြင်းကို အထူးလုပ်ဆောင်ပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့က တာအိုဆေးပညာရပ်ကိုသာအာရုံစိုက်လေသည်။ သူတို့အားလုံး လုပ်ဆောင်ပြီးသောအခါ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ရှုထောင့်အားလုံးနီးပါး ခိုင်မာသောအခြေခံအုတ်မြစ်ရှိသွားပြီဖြစ်သည်။ သူတို့အားလုံးမှာ ဂိုဏ်းကြီးတစ်ခုတွင်ရှိသင့်သော လိုအပ်ချက်များအားလုံးနှင့် ပြည့်စုံသွားလေသည်။
ဆောက်လုပ်ရေး ကြိုးပမ်းအားထုတ်မှုများအားလုံးကို ကြီးကျယ်ခမ်းနားသောအရှိန်အဟုန်ဖြင့်စတင်ခဲ့သည်။ တချိန်က ကုံမြစ်ဂိုဏ်းခွဲ၏ စစ်မြေပြင်ဖြစ်ခဲ့သာ ပတ်ဝန်းကျင်တွင် လုပ်စရာအလုပ်ပေါင်းများစွာရှိလေသည်။ စစ်ပွဲအတွင်းသေဆုံးခဲ့ကြသော အဏ္ဏဝါခေါ်သံဂိုဏ်းသားတို့၏ အလောင်းများကို ရှင်းလင်းရန်လည်း လိုအပ်လေသည်။
ထိုကျင့်ကြံသူများအား သင့်လျော်သော သင်္ဂြိုဟ်မှုများကိုလုပ်ဆောင်စေပြီး သူတို့၏အမည်နာမများကို အစဉ်အမှတ်ရစေရန် ကမ္ဗည်းရေးထိုးခဲ့သည်။ သူတို့မှာ အဏ္ဏဝါခေါ်သံဂိုဏ်း၏ သတ္တိတရားပြည့်ဝသောသူရဲကောင်းများဖြစ်သွားကြလေသည်။ သူတို့၏အမည်များမှာ မျိုးဆက်သစ်တို့သီဆိုဖို့ရန် သီချင်းတစ်ပုဒ်ဖြစ်သွားပေလိမ့်မည်။
ပြီးမြောက်ရန် တာဝန်ပေါင်းများစွာလည်း ရှိသေးလေသည်။ ယခုတိုက်ပွဲများပြီးဆုံးသွားသောအခါ အဓိကကျသောကိစ္စရပ်တစ်ခုမှာ ဂိုဏ်းခေါင်းဆောင်အသစ် ရွေးချယ်ခြင်းဖြစ်လေသည်။ ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ ထိုကဲ့သို့သောကိစ္စရပ်များမှာ ခေါင်းဆောင်များ၏တာဝန်ဖြစ်လေရာ ပိုင်ရှောင်ချန်းက သူတို့အတွက် စိတ်မပူတော့ချေ။
နေ့ရက်များကုန်လွန်သွားပြီး မကြာမီတွင် ပိုင်ရှောင်ချန်းက သူ၏ပတ်၀န်းကျင်ရှိ လူများအားလုံးမှာ တစ်နည်းနည်းဖြင့် အလုပ်များနေကြသည်ကို သဘောပေါက်လာသည်။ သူကလှည့်လည်၍ လမ်းလျှောက်ထွက်သည့်အခါတိုင်း အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းသားများမှာ သူရှိနေရာသို့ ကြည်ညိုလေးစားသည့်အကြည့်များဖြင့်ကြည့်ကာ သမားရိုးကျအတိုင်းဂါရဝပြုကြလေသည်။ အစပိုင်းတွင် ၎င်းမှာ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော်လည်း မကြာမီပင် ထိုစိတ်လှုပ်ရှားပျော်ရွှင်စေမှုမှာ တဖြည်းဖြည်းလျော့နည်းလာသည်။
” ဒါကအရမ်းပျင်းစရာကောင်းတယ်” သူကတီးတိုးညည်းညူလိုက်သည်။
” ငါရှောင်မေ့လေးနဲ့ စကားသွားပြောဦးမှပါ..” အနည်းငယ်ရှာဖွေလိုက်ရပြီးနောက် မကြာမီတွင်သူမအား ရှာတွေ့သွားတော့သည်။ သူမက ဘီလူးကြီး၏အကျိုးအပဲ့များကို သန့်ရှင်းေပးနေသည့် မန္တန်အစီအရင်အား လုပ်ဆောင်နေသော ကျင့်ကြံသူလုပ်ဖော်ကိုင်ဖက်များနှင့်အတူရှိနေသည်။
သူမအား မြင်လိုက်သည်နှင့် သူကလှမ်းခေါ်လိုက်လေသည်။ “ရွှယ်မေ့….”
” အစ်ကိုကြီးရှောင်ချန်း..အခု ညီမကို မနှောင့်ယှက်ပါနဲ့ဦး..”
သူမက နဖူးပေါ်မှချွေးစက်များကိုသုတ်ရင်း ပြန်ပြောလိုက်သည်။
” ညီမ အလုပ်များနေတယ်” ထိုသို့ဆိုကာ သူမက အလုပ်ကိုဆက်၍လုပ်ဆောင်နေလေသည်။
ပိုင်ရှောင်ချန်းမှာ အချိန်တစ်ခဏကြာသည်အထိ ထိုနေရာတွင် ကိုးရို့ကားယားရပ်နေပြီး ဖက်တီးကျန်းကြီးကို တွေ့မြင်သွားလေသည်။
” အစ်ကိုကြီး…”
ဖက်တီးကျန်းကြီးမှာ လေးနက်သောအမူအယာဖြင့် ကြည့်လာပြီးနောက် ပြောလေသည်။
” မင်းနောက်မှဖြစ်ဖြစ်လာခဲ့ပါလား..ရှောင်ချန်းရယ်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်စရာတွေ အပုံလိုက်ရှိနေသေးလို့ပါကွ..” ထိုသို့ပြောကာ သူ၏အလုပ်ရှိရာ ရွှီမေ့ရှန်းနှင့် အခြားစိတ်စွမ်းအင်အဆင့်မြှင့်တင်သူတို့ရှိသည့်နေရာသို့ ပြန်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ ပြုံးနေသော်လည်း စိတ်ထဲတွင် ကသိကအောက်ခံစားလိုက်ရပြီး ဝမ်းနည်းပက်လက်ဖြစ်နေသည်။ သူပြန်ခါနီးတွင် ဟိုယွင်ဖေးမှာ သူရှိနေရာအရပ်သို့ဦးတည်ပျံသန်းလာနေကြောင်း သတိပြုမိလိုက်သည်။
” အစ်ကိုကြီးဟို”
“စကားပြောဖို့အချိန်မရှိဘူး…ရှောင်ချန်းရ။ ဆရာက ငါ့ကို မှော်ပညာရပ်အဆောက်အအုံမှာ အလုပ်လုပ်ဖို့ ပို့လိုက်လို့ကွ”
ဟိုယွင်ဖေးမှာ ရပ်တန့်ခြင်းမရှိပဲ ဆက်၍ပျံသန်းသွားလေသည်။
ရှုံ့မဲ့၍ ပြုံးလိုက်ရင်း ပျားပန်းခတ်အလုပ်များနေသော လူအုပ်ကြီးကိုကြည့်လိုက်ပြီးနောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့ရှိရာဆီသို့ သွားရန်ဆုံးဖြတ်လိုက်သည်။ သူက တောင်ပေါ်သို့တက်လျှင်တက်ချင်း စုန့်ကျင်းဝမ်က အလယ်တောင်ထိပ်ဂိုဏ်းသားများအား အလယ်တောင်အသစ် ဆောက်လုပ်နေစဉ် ညွှန်ကြားနေသည်ကို မြင်တွေ့လိုက်သည်။
“အစ်မတော်စုန့်……. ”
” အခြားတစ်နေရာရာကို သွားလိုက်စမ်းပါ…ညမုဆိုးရဲ့” သူမ၏အင်္ကျီလက်အား ဆက်ခနဲ့ ဝေ့ယမ်းလိုက်ရင်း အော်လွှတ်လိုက်လေသည်။ ထို့နောက် သူမက အလယ်တောင်ထိပ်ဂိုဏ်းသားများအား ထပ်မံ၍ပင်အမိန့်များ ပေးနေလေသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ သူက မည်ကဲ့သို့တုန့်ပြန်ရမည်ကို ဆုံးဖြတ်နေဆဲ သူ၏နောက်ဖက်ဆီမှ တုန်ယင်နေသောအသံတစ်သံ သူ့နားအတွင်းသို့ ဝင်လာလေသည်။
” ဂိုဏ်းတူ ခေါင်းဆောင်လေး…အခုထွက်သွားလိုက်ပါလား။ မင်းက ငါ့ကိုစိတ်လှုပ်ရှားအောင်လုပ်နေတာပဲ”
ပိုင်ရှောင်ချန်းမှာ ရူးတော့မတတ်ခံစားလိုက်ရသည်။
သက်ပြင်းချလိုက်ရင်း သူက မှိုင်တွေတွေဖြင့် ပြန်လှည့်လာခဲ့တော့သည်။
သူသိသမျှလူတိုင်းက သူတို့၏တာဝန်များကြောင့် သူ့အားလျစ်လျူရှုနေကြသည်။ ဘရူဆာသည်ပင် တိုက်ပွဲဝင်သားရဲများအား ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးခံရသည်။
ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံးတွင် သူတစ်ဦးတည်းသာ အလုပ်မရှိ၊ပျင်းရိနေသူ ဖြစ်သည်ဟုခံစားလိုက်ရသည်။ သူ့အား အမိန့်ပေးရန်အရည်အချင်းပြည့်မီသူများမှာ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများဖြစ်ပြီး သူတို့အားလုံးမှာလည်း အရေးကြီးကိစ္စရပ်များကြောင့် အလုပ်များနေကြသည်။ စင်စစ်အားဖြင့် အဏ္ဏဝါခေါ်သံတောင်ဆီမှအငြင်းပွားသံများနှင့်ဆွေးနွေးညှိနှိုင်းသံများကို ရံဖန်ရံခါ လေထဲမှတစ်ဆင့်ကြားရနိုင်လေသည်။
” ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေက အမြဲတမ်း အလုပ်အများဆုံးလုပ်ရတယ်..။ ဒါပေမဲ့ငါကတော့ မယုံကြည်နိုင်လောက်အောင်ထူးခြားတဲ့လူ၊ ဂိုဏ်းခေါင်းဆောင်ငယ်ဆိုတော့ ဘာမှကိုလုပ်စရာမရှိဘူးပဲ”
အရေးကြီးသောတာဝန်များကို လုပ်ဆောင်ရန် စဥ်းစားလိုက်သော်လည်း စဥ်းစား၍မထွက်လာသောကြောင့် သက်ပြင်းသာချလိုက်ရသည်။
” ဘာပဲဖြစ်ဖြစ်ကွာ…ငါဆေးတချို့တော့ဖော်စပ်ဦးမှပါ….” ကောင်းကင်တံတားမြစ်ကမ်းပါးနားဆီသို့ သွားကာနေရာတစ်ခုရှာလိုက်ပြီးနောက် နေရာကောင်းတစ်ခုကိုရှာဖွေတွေ့ရှိသွားလေသည်။ ထိုနေရာတွင် တင်ပျဥ်ခွေထိုင်လိုက်ကာ အဏ္ဏဝါဆေးလုံး၏ အစစ်အမှန်အနှစ်သာရဆိုလိုရင်းအကြောင်း သူသိရှိခဲ့သည်များကို ပြန်ပြောင်းစဥ်းစားကာနေလိုက်သည်။
“သူမက ငါ့ကိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေပေးတယ်။ ဒါကြောင့်မို့ ငါက သေချာပေါက် ဒီဆေးလုံးကို ကြိုးစားပြီးဖော်စပ်ရမယ်” တဖြည်းဖြည်းနှင့်သူက အေးဆေးတည်ငြိမ်စွာဖြင့် ဉာဏ်အလင်းရရှိရန် ရှာဖွေနေရင်း အဏ္ဏဝါဆေးလုံး၏ ဆေးဖော်စပ်နည်းကိုလည်း ခွဲခြမ်းစိတ်ဖြာကြည့်နေသည်။
အချိန်များကုန်ဆုံးသွားခဲ့သည်။ မကြာမီတွင် ညအချိန်ရောက်လာသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသား ကျင့်ကြံသူများအားလုံးမှာ အလုပ်ကိုယ်စီရှုပ်နေကြသော်လည်း ညအချိန်တွင်အနားယူကြသည်ဖြစ်ရာ မကြာမီတွင် ကောင်းကင်နှင့်မြေပြင်တစ်ခွင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
စစ်မြေပြင်ပေါ်ရှိ ရုပ်အလောင်းအများစုကို ရှင်းလင်းဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း အချို့မှာဟိုဟိုသည်သည် ကျန်ရှိနေကြဆဲဖြစ်သည်။
ထိုအချိန် စန္ဒာလမင်းကြီးမှာ ကောင်းကင်အထက်မြင့်တက်လာပြီး မြေပြင်ပေါ်ရှိအရာအားလုံးအား အလင်းဖြန့်ကျက်ပေးနေသည်။ သို့သော်လည်း အနက်ရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်းပျံ့နှံ့သွားကာ နေရာတိုင်းကို အမှောင်ရိပ်များကျသွားစေသည်။ ထို့နောက် လေထုထဲတွင် အဖြူရောင်ဝတ်ရုံရှည်နှင့် သဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။