Switch Mode

အခန်း (၅၃၆)

မီးခိုးများဖြင့် ခရီးသွားခြင်း

ထာဝရစင်မြင့်ပေါ်ရှိ အမွေးတိုင်အိုးကြီး၏ ပုံပန်းသွင်ပြင်မှာ ရိုးစင်းကာ ရှေးဆန်သည့်ပုံ ပေါက်နေ၏။ ၎င်းပေါ်တွင် ‌ဧရာမ ကမ္ဗည်းစာလုံးကြီး ကိုးလုံးအား ရေးထိုးထားသည်။ သူတို့မှာ ထိုစာလုံးများ၏ အဓိပ္ပါယ်ကို နားမလည်ပါသော်လည်း ၎င်းတို့ဆီမှ အားကောင်းသော စွမ်းအားများ ထွက်ပေါ်နေသည်ကို အာရုံခံမိနေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကိုမြှောက်၍ အမွေးတိုင်အိုးကြီးပေါ်သို့ တင်လိုက်တော့အခါ အားကောင်းသော ဆွဲငင်အားတစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး သူ၏ အပြင်ခန္ဓာကိုယ်အား ဆောင့်ဆွဲလိုက်၏။ ထို့နောက် ၎င်းမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထာဝရစင်မြင့်ထဲသို့ အလွယ်တကူ စုပ်ယူလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုဖြစ်စဥ်ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သူ၏ ဝိညာဉ်ချီများမှာ ဇက်ကြိုးများမှ လွတ်ထွက်သွားသည့် မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သွား၏။ ၎င်းတို့မှာ ထာဝရစင်မြင့်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံလွင့်သွားကြပြီးနောက် ကမ္ဗည်းစာလုံးတစ်လုံးမှာ ခပ်မှိန်မှိန် လင်းလက်တောက်ပလာတော့သည်။

ထိုအခါ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့မှာ ချက်ချင်းပင် ရှေ့သို့ရောက်လာကြပြီး သူတို့၏ လက်ဖဝါးများအား ထာဝရစင်မြင့်ကြီးပေါ်သို့ တင်လိုက်ကြသည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်များထဲမှ ဝိညာဉ်ချီ အမျှင်အတန်းများ ချက်ချင်းပင်ထိုးထွက်လာပြီး အမွေးတိုင်အိုးထဲသို့ စီးဝင်သွားကြတော့သည်။ ထိုအခါ ခပ်မှိန်မှိန် တောက်ပနေသော ကမ္ဗည်းစာလုံးမှာ ပို၍ပင် လင်းလက်တောက်ပလာတော့သည်။

သူတို့သုံးယောက်ထဲမှ နှစ်ယောက်မှာ အမြုတေအဆင့်၌ ရှိနေကြပြီး တစ်ယောက်မှာ အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေသည့်တိုင်အောင် သူတို့မှာ ပထမဆုံး ကမ္ဗည်းစာလုံးကြီး၏ ဝိညာဉ်ချီလိုအပ်ချက်ကိုပင် မဖြည့်စွမ်းနိုင်ဘဲ ဖြစ်နေရသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို့ကြောင့် သူသည် ကျိုးရိဖန်းတစ်ယောက် အားအင်ချည့်နဲ့လာသည်ကို အာရုံခံမိလိုက်သည်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးသုံးတုံးအား ဆွဲထုတ်လိုက်ပြီး ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့ဆီသို့ တစ်တုံးချင်းစီ လှမ်ပစ်ပေးလိုက်၏။ ထို့နောက် သူသည် လက်ကျန် ဝိညာဉ်ကျောက်တုံးအား သူ၏ဘယ်ဘက်လက်ထဲတွင် ကိုင်ကာ ထိုကျောက်တုံးထဲမှ ဝိညာဉ်ချီများအား သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာအောင် လုပ်လိုက်သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ သူတို့မှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး တစ်ကိုယ်လုံး တုန်ရီနေကြသည့်တိုင်အောင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကြောင့် ဟန်ချက် မပျက်သွားအောင် ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဆဲပင်။ ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍ ကုန်ဆုံးသွားပြီးနောက် အမွေးတိုင်အိုးကြီးပေါ်မှ ပထမဆုံး ကမ္ဗည်းစာလုံးကြီးမှာ ဝင်းလက်တောက်ပလာတော့သည်။

ထိုအခါ ထာဝရစင်မြင့်ထဲမှ အားကောင်းသော စွမ်းအားကြီးတစ်မျိုး ထွက်ပေါ်လာသဖြင့် စုပ်ယူအားများမှာ ရပ်တန့်သွားရ၏။ ထို့ကြောင့် သူတို့သုံးယောက်မှာ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရ၏။

ထိုအချိန်တွင် ပထမ ကမ္ဗည်းစာလုံးထဲမှ မျက်စိကြိမ်းစရာကောင်းလောက်အောင် တောက်ပနေသည့် အလင်းတန်းတစ်ခု ဖြာထွက်လာ၏။ ထို့နောက် အမွေးတိုင်အိုးကြီးတစ်အိုးလုံးမှာ စတင်တုန်ရီလာတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ပွင့်လာတော့သည်။

ထိုအခါ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံအကျယ်ကြီးများ ထွက်ပေါ်လာသဖြင့် သူတို့မှာ နားစည်များ ကွဲအက်သွားလုမတတ် ဖြစ်သွားရ၏။ ထိုအချိန်တွင် အမွေးတိုင်အိုးထဲမှ အစိမ်းရောင်မီးခိုးများ ထွက်ပေါ်လာပြီး မိုးကောင်းကင်ပေါ်သို့ တဖြည်းဖြည်းချင်း မြင့်တက်သွားတော့သည်။

ထိုမြင်ကွင်းမှာ အမှန်တပင် ထူးဆန်းလွန််းနေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ချက်ချင်း လှမ်းပြောလိုက်၏။ ” ငါ ပြောပြထားတဲ့ ဂါထာတော်ကို ရွတ်ပြီးတော့ ဒီ အစိမ်းရောင်မီးခိုးတွေထဲ ဝင်လိုက်ကြ ”

ဆယ်ရက်တာ ရှည်ကြာခဲ့သော ခရီးစဉ်တစ်လျှောက်တွင် မမလေးမှာ ဝမ်ပေါင်လဲ့အား ဂါထာတော်တစ်ခု သင်ပေးခဲ့၏။ ၎င်းမှာ လျှိူ့ဝှက်စာများနှင့်တူသည့် ရိုးရိုးဂါထာတစ်ခုပင် ဖြစ်သည်။ သူသည် ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့အား ထိုဂါ‌ထာတော်အား သင်ကြားပေးလိုက်ပြီးနောက် သူတို့နှစ်ယောက်မှာ ၎င်းအား အလွယ်တကူ မှတ်မိသွားကြ၏။ ဝမ်ပေါင်လဲ့ ထိုသို့ ဆိုလိုက်ချိန်တွင် သူတို့သုံးယောက်စလုံးမှာ မန္တန်လက်ကွက်များ ဖော်လိုက်ကြတော့သည်။ သူတို့၏ လှုပ်ရှားမှုများမှာ စည်းချက်ကိုက်နေ၏။ ထို့နောက် သူတို့မှာ စိတ်ထဲတွင် ဂါထာတော်တစ်ခုရွတ်ဖတ်လိုက်သဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ အစိမ်းရောင်တောက်ပလာကြတော့သည်။ ၎င်းမှာ တဖြည်းဖြည်းနှင့် ပို၍လင်းလက်တောက်ပလာသောကြောင့် နောက်ဆုံးတွင် အလင်းရောင်များမှာ သူတို့၏ ခန္ဓာကိုယ်များအား ဖုံးလွှမ်းသွားတော့သည်။ ထို့ကြောင့် သူတို့မှာ အစိမ်းရောင် အလင်းစက်လုံးများအဖြစ်သို့ အသွင်ပြောင်းလဲသွားကြ၏။

ထိုအလင်းစက်လုံးများမှာ တလက်လက် တောက်ပနေရင်း လေပေါ်သို့ တဖြည်းဖြည်းချင်း မြင့်တက်လာပြီး ဧရာမ အမွေးတိုင်အိုးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြ၏။ ထို့နောက် ၎င်းတို့မှာ ထိုအမွေးတိုင်းအိုးကြီး၏ အပေါ်တွင်ရှိနေသော အစိမ်းရောင်မီးခိုးများဆီသို့ ဦးတည်သွားလိုက်ပြီးနောက် ၎င်းတို့နှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။ ထို အစိမ်းရောင် မီးခိုးငွေ့များထဲ၌ လူရိပ်သုံးခုအား ခပ်ရေးရေးခန့် မြင်နေရသည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၊ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ပင် ဖြစ်သည်။

သူတို့သုံးယောက်မှာ အံ့ဩတုန်လှုပ်နေရာမှ သတိပြန်မလည်လာနိုင်ခင်မှာပင် ထို အစိမ်းရောင်မီးခိုးများမှာ လေများငြိမ်သက်နေသော ကောင်းကင်ယံကြီးထဲ၌ အဝေးသို့ မျောလွင့်သွားတော့သည်။ ၎င်းမှာ လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် တောင်ထိပ်များနှင့် မီးပင်လယ်များကို လျစ်လျူရှုကာ အရှိန်အဟုန်ဖြင့် မျောလွင့်ပျံသန်းနေခဲ့၏။ အမှန်အတိုင်း ဆိုရလျှင် ၎င်းမှာ ထိုအရာများအား ဖောက်ထွင်းကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်ပြီး သူတို့သုံးယောက်စလုံးထက် အဆပေါင်းများစွာ ပို၍လျင်မြန်နေ၏။ သူတို့မှာ ထိုကဲ့သို့ မီးခိုးများကိုအသုံးပြု၍ သွားလာနိုင်လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ယခုတွင် သူတို့မှာ သူတို့၏ နှလုံးသားထဲ၌ ဗြောင်းဆန်နေသည့် ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ဖြစ်နေရ၏။

” ကျယ်ပြန့်တာအိုနန်းတော်အစစ်က ဒါကိုး… ” ကျိုးရိဖန်းမှာ တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။ ကျောက်ယမုန့်မှာမူ လက်ရှိအခြေအနေကြီး တစ်ခုလုံးအား အကဲဖြတ်သုံးသပ်နေရင်း အံ့အားသင့်သွားရ၏။ သို့သော်လည်း သူမသည် စိတ်ထဲတွင် ထာဝရစင်မြင့်ကြီး၏ အလုပ်လုပ်ပုံများကိုသိရှိနိုင်အောင် ကြိုးစားနေဆဲပင်။

ဝမ်ပေါင်လဲ့တစ်ယောက်သာ မျက်လုံးများအရောင်လက်နေ၏။ အကယ်၍ သူသာ ထာဝရစင်မြင့်ကြီးအား ကောင်းကောင်းအသုံးချနိုင်မည်ဆိုပါက မည်သည့် အချုပ်အနှောင်နယ်မြေထဲကိုမဆို ဝင်ရောက်ကာ ရတနာများကို ရှာဖွေနိုင်စွမ်း ရှိသွားမဟုတ်ပါလော။

သူတို့သုံးယောက်မှာ အတွေးကိုယ်စီနှင့် ဖြစ်နေကြပါတော့လည်း မီးခိုးများထဲ၌ ခရီးသွားလာနေရသည့် ခံစားချက်ကြီးကြောင့် အံ့ဩတုန်လှုပ်နေကြဆဲပင်။ ၎င်း၏ အမြန်နှုန်းမှာ အံ့ဩမှင်တက်ဖွယ် ကောင်းလွန်းလှပေသည်။ ထို အစိမ်းရောင်မီးခိုးများ၏ အမြန်နှုန်းမှာ သူ့ထက် အဆတစ်ရာတိတိ ပို၍မြန်ဆန်နေရမည်ဟု ဝမ်ပေါင်လဲ့က သုံးသပ်လိုက်၏။ သူတို့မှာ အစိမ်းရောင်မီးခိုးများထဲ၌ လိုက်ပါပျံသန်းသွားရင်း အောက်တွင်ရှိနေသည့် ကုန်းမြေများကို ငေးကြည့်ကာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။

သူတို့မှာ လေထဲ၌ ပျံသန်းနေရင်း ဓားကိုယ်ထည်ပိုင်း၏ အစိတ်အပိုင်းအများစုကို ကြည့်ရှုနိုင်သည့် ရှားပါးအခွင့်အရေးတစ်ခုကို ရခဲ့ကြသည် မဟုတ်ပါလော။ သူတို့မှာ မီးပင်လယ်ကြီးသည် ကုန်းမြေတစ်ဝက်ကိုသာ ဖုံးလွှမ်းထားခြင်းဖြစ်ပြီး အခြားတစ်ဝက်မှာ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်နေကြသည်ကို တွေ့ခဲ့ရသည်။

သူတို့မှာ အလွန်အင်မတန်မှ နက်ရှိုင်းသော ချိုင့်ကြီးများကိုလည်း တွေ့ရှိခဲ့ရ၏။ ၎င်းတို့ထဲမှ အများစုထဲ၌ ချော်ရည်များ ရှိ‌မနေကြပေ။ ချော်ရည်များ ရှိနေကြသည့် ချိုင့်ကြီးများပင်လျှင် အပြည့်အထိ ရှိမနေကြပေ။ ထို ချိုင့်ကြီးများထဲမှ သူတို့၏ နှလုံးသားများကိုပင် တုန်လှုပ်ချောက်ချားသွားစေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်နေသည်။

သူတို့မှာ မန္တန်များ၏ အရိပ်အယောင်များကိုလည်း မြင်ခဲ့ရသေးသည်။ အချို့သော နယ်မြေဒေသများထဲတွင် မန္တန်များကြောင့် ထွက်ပေါ်လာသည့် စွမ်းအင်အငွေ့အသက်များ ရှိနေကြ၏။ သူတို့မှာ အစိမ်းရောင်မီးခိုးများထဲ၌ ရှိနေကြသည့်တိုင်အောင် ထိုနယ်မြေများဆီမှ ထွက်ပေါ်နေသည့် အန္တရာယ်အငွေ့အသက်များကြောင့် သတိကြီးကြီး ထားမိသွားကြဆဲပင်။

သို့သော် ထိုမြင်ကွင်းများမှာ သူတို့ နောက်ထပ် ထပ်မြင်လိုက်ရသည့် မြင်ကွင်းကြီးအား လုံးဝမယှဉ်နိုင်ပေ။ သူတို့မှာ ကောင်းကင်ယံထဲ၌ ပျံသန်းနေကြရင်း သူတို့၏ အောက်ဘက်တွင် ရှိနေသော မီးပင်လယ်ကြီးထဲမှ ဧရာမလက်ကြီးတစ်ဖက် ထိုးထွက်လာ၏။ ၎င်းမှာ သူတို့အရင်က တွေ့ဖူးသည့် ဧရာမလက်ကြီးနှင့် မတူဘဲ လက်ချောင်းလေးချောင်းသာ ပါသည်။ ၎င်းမှာ လေထဲသို့ ဆန့်ထွက်လာပြီး သူတို့သုံးယောက်ရှိနေသည့် အစိမ်းရောင်မီးခိုးများအား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထို ဧရာမလက်ကြီးမှာ အံ့ဩတုန်လှုပ်နေကြသည့် သူတို့သုံးယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာပါသော်လည်း သူတို့အား မိအောင် မဖမ်းနိုင်ခဲ့ပေ။ ထို အစိမ်းရောင်မီးခိုးများမှာ သာမန်မီးခိုးငွေ့များကဲ့သို့ပင်။ ၎င်းတို့မှာ တစ်စစီ လွင့်ပါးပျောက်ကွယ်သွားပြီးနောက် ပြန်လည်စုဝေးသွားကြပြီး မိုးကောင်းကင်ကြီးအား ဆက်၍ ထိုးခွင်းသွား၏။

သူတို့မှာ ခရီးစဉ်တစ်လျှောက်လုံး၌ မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရပါသော်လည်း ရင်ခုန်နှုန်းများ မြန်ဆန်လာလိုက် ပြန်၍ စိတ်အေးသွားလိုက် ဖြစ်နေခဲ့ရ၏။ သူတို့မှာ ရှေ့သို့ဆက်၍ ပျံသန်းလာရင်း သူတို့၏ရှေ့၌ အလွန်အင်မတန်မှ ကျယ်ပြောသည့် လွင်ပြင်ကြီးတစ်ခု တဖြည်းဖြည်းချင်း ပေါ်ပေါက်လာတော့သည်။ ထို လွင်ပြင်ကြီးပေါ်တွင် အရိုးစုပေါင်း မြောက်မြားစွာ ရှိနေကြ၏။

” ဒါ…. ဒါ… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရ၏။ သူသည် သူတို့၏အောက်တွင်ရှိနေသော လွင်ပြင်ကြီးအား ဆွံအမှင်တက်စွာ စိုက်ကြည့်နေရင်း ရင်ခုန်နှုန်းများ မြန်လာရတော့သည်။ ၎င်းမှာ အဆုံးမရှိလောက်အောင် ကျယ်ပြောနေသော လွင်ပြင်ကြီးတစ်ခုဖြစ်ပြီး မရေမတွက်နိုင်လောက်အောင် များပြားသော အရိုးစုများဖြင့် ပြည့်နှက်နေ၏။

ထို အရိုးစုများထဲတွင် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများအပြင် အဆုံးမဲ့မျိုးနွယ်စုဝင်များလည်း ရှိနေကြ၏။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ ဤနေရာ၌ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့ကြသည်ပုံပင်။ လေထုထဲ၌ သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အရာရာတိုင်းမှာ ဖရိုဖရဲဖြစ်နေကြ၏။ ကျင့်ကြံခြင်းအဆင့် နိမ့်သူများသာဆိုလျှင် ဤနေရာကြီး၏ အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ရူးသွပ်သွားလောက်ပေသည်။

သို့သော် ထိုနေရာထဲသို့ ဘေးမသီရန်မခ ဝင်ရောက်နိုင်မည်ဆိုပါက အကျိုးအမြတ်မြောက်မြားစွာကို ခံစားရမည်ဖြစ်သည်။ သူသည် ထိုနေရာမှ ပြန်လည်ထွက်ခွာလာပြီးလျှင် ကျိကျိတက် ချမ်းသာသွားမည်မှာ မလွဲဧကန်ပင်။ ဤနေရာတွင် ရှိနေသည့် အသိအမှတ်ပြု တံဆိပ်ပြားများဆီမှ ရရှိနိုင်မည့် တိုက်ပွဲရမှတ်များပင်လျှင် စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် များပြားနေမည်ဖြစ်သည်။ သို့ဖြစ်ရာ စစ်မြေပြင်ကြီးပေါ်တွင် မရေမတွက်နိုင်လောက်အောင် ပျံ့ကြဲနေကြသည့် သိုလှောင်အိတ်များထဲတွင် ရှိနေကြမည့် ရတနာများသာဆိုလျှင် စကားလုံးများနှင့်ပင် ဖော်ပြစရာမလိုတော့ပေ…

” ဘုရားဘုရား ” ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြီးအား မမြင်ခဲ့ရခင်တုန်းက သူရရှိခဲ့သည့် ဆုလာဘ်များမှာ အလွန်အင်မတန်မှ များပြားနေခဲ့သည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော် ယခုတွင်မူ သူရှာတွေ့ခဲ့သည့် အရာများမှာ သမုဒ္ဒရာကြီးထဲမှ သဲတစ်ပွင့်စာမျှသာ ရှိနေသေးကြောင်း သိလိုက်ရတော့သည်။

ထို့အပြင် ထိုမြင်ကွင်းကြီးကြောင့် သူတို့မှာ ထာဝရစင်မြင့်အား ရှာမတွေ့ခဲ့ပါက အိမ်သို့ပြန်နိုင်မည်မဟုတ်ကြောင်း သိလိုက်ရ၏။

ထို အစိမ်းရောင်မီးခိုးများမှာ သုံးရက်တိတိ ပျံသန်းနေခဲ့၏။ ၎င်းမှာ သူတို့လုံးဝမမြင်ဖူးသော နေရာများပေါ်မှ ဖြတ်၍ ပျံသန်းသွားပြီးနောက် အလွန်အင်မတန်မှ တမူထူးခြားသော ပင်လယ်တစ်စင်းဆီသို့ ရောက်ရှိလာတော့သည်။

၎င်းမှာ မီးပင်လယ်တစ်စင်း မဟုတ်ဘဲ သွေးပင်လယ်ကြီးတစ်စင်း ဖြစ်နေ၏။ ထို သွေးပင်လယ်ကြီးမှာ မီးပင်လယ်ကြီး တစ်စင်းထဲ၌ ရှိနေခြင်းဖြစ်ပါသော်လည်း ၎င်းတို့နှစ်ခုမှာ တသီးတခြားစီ ဖြစ်နေကြသည်။ မီးတောက်များမှာ ထိုသွေးပင်လယ်ကြီးထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိပေ။ အစိမ်းရောင်မီးခိုးများမှာ ၎င်းပေါ် မှ ဖြတ်ပျံသွားချိန်တွင် တဖြည်းဖြည်းနှင့် တွန့်လိမ်ပုံပျက်သွားပြီး အောက်သို့ ကျလာတော့သည်။ ၎င်းမှာ သွေးပင်လယ်ကြီးကြောင့် တစ်စစီ လွင့်ပါးပျောက်ကွယ်သွားတော့မည့်အလား ဖြစ်နေ၏။ ထို့ကြောင့် သူတို့သုံးယောက်မှာ စိုးရိမ်တုန်လှုပ်သွားကြပြီး အောက်သုံးငုံ့ကြည့်လိုက်ကြ၏ ထိုအချိန်တွင် ကျောက်ယမုန့်မှာ ရုတ်တရက်ဆိုသလို ရေရွတ်လိုက်သည် ” သွေးပင်လယ်ထဲမှာ ရုပ်အလောင်းကြီးတစ်ခု ရှိနေတယ် ”

ထို သွေးပင်လယ်ကြီးထဲ၌ ရုပ်အလောင်းတစ်ခု မျောလွင့်နေ၏။ ၎င်းမှာ အဆမတန် အရွယ်အစား ကြီးမားနေခြင်း မရှိပါသော်လည်း သာမာန်လူတစ်ယောက်ထက် သိသိသာသာပို၍ အရပ်မြင့်နေသည်။ ၎င်းမှာ ပေနှစ်ဆယ်ကျော် အရပ်အမြင့်ရှိပြီး ဝတ်ကောင်းစားလှများကို ဆင်မြန်းထားသည်။ ထို့အပြင် ၎င်း၏ ဦးခေါင်းခွံမှာ တစ်ဝက်သာ ရှိတော့၏။

ထိုနေရာ၌ မြူခိုးများထနေသည်ဖြစ်သောကြောင့် သူတို့မှာ စူးရှထက်မြက်သည့် အမြင်အာရုံများကို ပိုင်ဆိုင်ထားခြင်းမရှိပါက ထိုရုပ်အလောင်းကြီးအား သတိထားမိခဲ့မည် မဟုတ်ပေ။

ထိုရုပ်အလောင်းကြီးမှာ ဦးခေါင်းခွံတစ်ဝက်တိတိ မရှိတော့သည့်အပြင် သေဆုံးနေပြီ ဖြစ်သည့်တိုင်အောင် အစိမ်းရောင်မီးခိုးများအပေါ် အကျိုးသက်ရောက်နိုင်စွမ်းရှိသည့် အလွန်အင်မတန်မှအားကောင်းသော အငွေ့အသက်တစ်ခုအား ထုတ်လွှတ်နေဆဲပင်။ သူသည် အသက်မရှိတော့သည့်တိုင်အောင် ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်ကြီးတစ်ခုကို ဖန်တီးနိုင်စွမ်းရှိနေသည်ဖြစ်ရာ သွေးပင်လယ်ကြီးမှာလည်း သူ့ကြောင့် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ရပေမည်။ ၎င်းမှာ သူတိုသုံးယောက် အစိမ်းရောင်မီးခိုးများထဲ၌ လိုက်ပါစီးနင်းခဲ့သည့် ခရီးစဉ်တစ်လျှောက်လုံး၌ တွေ့မြင်ခဲ့ရသည့် မြင်ကွင်းများထဲမှ ကြောက်စရာအကောင်းဆုံး မြင်ကွင်းဖြစ်ပေသည်။

” သူ သက်ရှိထင်ရှား ရှိနေခဲ့တုန်းက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး ထာဝရကြယ်အဆင့်မှာ ရှိနေခဲ့လောက်တယ်။ အဲဒီထက်တောင် ပိုပြီးတော့ အစွမ်းထက်ရင် ထက်နေနိုင်တယ် ” ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲ၌ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား ပြန်ပြောင်းတွေးတောလိုက်ပြီးနောက် အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်၏။ ထို့နောက် သူသည် ထို ရုပ်အလောင်းကြီး၏ စွမ်းအားများနှင့် ၎င်း၏ လက်မောင်းပေါ်တွင်ရှိနေသော အမှတ်အသားကြောင့် အံ့ဩတုန်လှုပ်သွားရတော့သည်။ အခြားသူများမှာ ၎င်း၏အဓိပ္ပါယ်ကို မသိနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုအကြောင်းအရာများနှင့် ပတ်သက်၍‌ လေ့လာဖတ်ရှုခဲ့ဖူးသည်။ အလွန်အင်မတန်မှ အစွမ်းထက်သော ကျင့်ကြံသူများမှာ သိုလှောင်အမှတ်အသားများကို ဖန်တီးကာ သူတို့၏ ခန္ဓာကိုယ်များထဲ၌ နေရာလွတ်များ ဖန်တီးနိုင်ကြောင်း သူက ဖတ်ရှုဖူးခဲ့၏။ သူတို့မှာ ထိုနေရာလွတ်များထဲ၌ သူတို့၏ ပစ္စည်းများအား ပို၍ ဘေးကင်းလုံခြုံစွာ သိမ်းဆည်းနိုင်ပေသည်။

” ဒီလူကြီးက အကြီးအကဲကြီးတစ်ယောက်ပဲ ဖြစ်ရမယ်။ တိုက်ပွဲရမှတ် အမှတ်နှစ်သိန်းတောင် တန်ကြေးရှိမှာ “

Comment

  1. ဦးဝိေကာ လသ says:

    Good

Leave a Reply

Options

not work with dark mode
Reset