” မျက်လုံးတစ်လုံးနဲ့ တူနေတယ် ဟုတ်လား ” ကျိုးရိဖန်းမှာ အမွေအနှစ်နယ်မြေကြီးအား လှမ်းကြည့်ရင်း သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ဝမ်ပေါင်လဲ့မှာမူ အတွေးများထဲတွင် နစ်မျောသွားသည့်ပုံပင်။ သူ၏ အမြင်တွင် ထိုနယ်မြေကြီးမှာ ကျောက်ယမုန့် ပြောခဲ့သည့်အတိုင်း မျက်လုံးတစ်လုံးနှင့် အမှန်တကယ် တူနေ၏။
” အကြီးကြီးပဲ… ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်ပြီး စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ မကြားခဲ့ရသည်မှာ အချိန်အတော်အတန်ကြာပြီဖြစ်သော စကားသံတစ်သံမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ထွက်လာတော့သည်။
” ဒီကောင်မလေးက မျက်စိလျင်သားပဲ။ ငါ့ထက် ခုနစ်ဆင့် ရှစ်ဆင့်လောက်တော့ အဆင့်နိမ့်နေပါသေးတယ်။ သူက နင်တို့ရဲ့ ပြည်ထောင်စု လူမှုအဖွဲ့အစည်းထဲက အဆင့်တစ် ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့တစ်ယောက်ပဲ ဖြစ်ရမယ် ”
မမလေးမှာ တည်ကြည်မှုအပြည့်ရှိသည့် လေသံဖြင့် ဆိုလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသဖြင့် သူမ၏ လေသံအား လျစ်လျူရှုလိုက်၏။
” မမလေး။ နောက်ဆုံးတော့ နိုးလာပြီပေါ့။ ကျောက်ယမုန့်က ပြည်ထောင်စုကြီးထဲက အဆင့်တစ် ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ဆိုတာ မှန်ပေမဲ့ မမလေးကတော့ စကြဝဠာကြီးတစ်ခုလုံးထဲမှာ အချောဆုံးပါ။ ကျွန်တော် မမလေးရဲ့ စကားသံကို မကြားရတာ ကြာနေပြီမလို့ မမလေးကို အရမ်း လွမ်းနေခဲ့ရတာ ”
” နင်တောင် စကားတွေတတ်နေပါ့လား ” မမလေးမှာ နှာမှုတ်လိုက်ပါသော်လည်း သူမ၏လေသံမှာ စောစောတုန်းကလောက် အေးစက်နေခြင်း မရှိတော့ပေ။ သူမသည် အပြင်ပန်းတွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့်ပုံစံ ပေါ်ပါသော်လည်း ထိုစကားများကိုကြားလိုက်ရသဖြင့် စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေ၏။
” အဲဒီနယ်မြေက တကယ်လည်း မျက်လုံးကြီးတစ်လုံးပဲ။ အဆုံးမဲ့ပညာရပ်မျက်လုံးလို့ ခေါ်တယ်။ အဲတာ ငါ့ရဲ့အဖေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ချန်ရစ်ခဲ့တဲ့ အာရုံငါးပါးနယ်မြေတွေထဲက အမြင်အာရုံနယ်မြေပဲ ”
” အဲဒီနယ်မြေကြီးက အန္တရာယ်ရှိတာ မှန်ပေမယ့် ကျယ်ပြန့်တာကိုနန်းတော်ထဲရဲ့ အကြီးဆုံးအမွေအနှစ်နယ်မြေ နှစ်ခုထဲက တစ်ခုဆိုရင်လည်း မမှားဘူး။ နင်တို့သုံးယောက် အဲဒီနယ်မြေထဲမှာ အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ အကြောင်းအရင်းက ငါက မန္တန်တွေကို ထုတ်သုံးပြီးတော့ နင်တို့ကို ကူညီပေးနေခဲ့လို့ပဲ ” မမလေးမှာ ထိုသို့ရှင်းပြရင်း တဖြည်းဖြည်းနှင့်ပို၍ မောက်မာဝင့်ကြွားလာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ မျက်တောင်တဖျပ်ဖျပ် ခတ်ကာ သူမ၏ ပြောစကားများအား မယုံသင်္ကာ ဖြစ်နေရပါသော်လည်း အတွန့်မတက်ဘဲ ဆက်၍နားထောင်ရန်သာ ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် မမလေးအား ဖားယားနေလိုက်တော့သည်။
သူသည် မမလေးမှာ ပြိုင်ဘက်ကင်းလောက်အောင် ဉာဏ်ရည်ထက်မြက်ပြီး သူမ၏ ရုပ်ရည်ချောမောလှပမှုများမှာ စကြဝဠာကြီးတစ်ခုလုံးထဲ၌ အတုမရှိကြောင်း ပြောဆိုရင်း သူမအား ဖားယားနေ၏။ အခြားတစ်နည်းဖြင့်ဆိုရလျှင် သူသည် နူးညံ့သိမ်မွေ့မှု အရှိဆုံး စကားများကိုသာ ရွေးချယ်ပြောဆိုနေခြင်းဖြစ်သည်။ မမလေးမှာမူ နှာများမှုတ်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့အား စကားဆက်မပြောရန် တားဆီးခြင်း မရှိပေ။
ဝမ်ပေါင်လဲ့တစ်ယောက် မမလေးအား ဖားယားနေစဉ် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ သူ့အား အထူးတဆန်းနှင့် စိုက်ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့မှာ အာရုံအပြည့်စိုက်ကာ စိတ်ထဲ၌ မမလေးနှင့် အပြန်အလှန် စကားပြောနေသည်ဖြစ်သောကြောင့် အခြားလူများ၏ အမြင်တွင် သူသည် ရီဝေဝေဖြစ်နေသော မျက်နှာအမူအရာတစ်ခုဖြင့် မလှုပ်မယှက် ရပ်နေသကဲ့သို့ ဖြစ်နေသည်။ ကျိုးရိဖန်းမှာ ဝမ်ပေါင်လဲ့အား ပခုံးမှကိုင်၍ လှုပ်ယမ်းရန် ပြင်လိုက်ပါသော်လည်း ကျောက်ယမုန့်မှာ သူ့အား လှမ်းတားလိုက်၏။
ကျောက်ယမုန့်မှာ စကားတစ်ခွန်းမှ မပြောဘဲ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲသို့ တွေ့သေသေချာချာ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူမသည် ကျိုးရိဖန်းအား ပြန်လှည့်ကြည့်လိုက်ပြီး ဝမ်ပေါင်လဲ့အား မနှောင့်ယှက်ရန် အသိပေးလိုက်သည်။
ကျိုးရိဖန်းမှာလည်း တုံးအသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် ပြန်လည်သတိဝင်လာမည့် အချိန်အား ကျောက်ယမုန့်နှင့်အတူ စောင့်ဆိုင်းနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ တစ်နာရီတိတိ မမလေးအား ဖားယားနေခဲ့၏။ သူသည် စကားများမထပ်မိအောင် ကြိုးစားကာ သူမအား ချီးကျူးစကားများ ဆိုနေရသောကြောင့် ဦးနှောက်များခြောက်ကာ သတိလစ်သွားတော့မည့်အလား ခံစားနေရ၏။ ထိုအချိန်တွင် မမလေးမှာ သူ၏ အသိစိတ်ထဲ၌ အသာအယာ ချောင်းဟန့်ပြလိုက်သဖြင့် သူမသည် ချီကျူးစကားများ ကြားနေရသည်မှာ ဝသွားပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်သွားတော့သည်။
” အေးပါ။ နင် ငါ့ကို ဘယ်လောက်အထင်ကြီးသလဲဆိုတာ ငါသိပါပြီ။ နောက်တစ်ခါ နင်ငါ့ကို ဘယ်လောက်အထိ ရိုသေလေးစားမှုရှိကြောင်း ပြောပြချင်ရင် ဒီလိုစကားတွေ မပြောနဲ့။ ဒါတွေက ချီးကျူးစကားတွေမှ မဟုတ်ဘဲ။ အမှန်တရားတွေပဲကို။ ပေါင်လဲ့ရာ။ နင့်ရဲ့ တစ်ခုတည်းသော အားနည်းချက်က အရမ်း ရိုးသားလွန်းတဲ့ အချက်ပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများအား ကြားလိုက်ရသောအခါ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ တစ်အောင့်ခန့် အကြာမှ သူသည် မမလေး၏ စကားများကြောင့် အံ့အားသင့်သွားရသည့် သူ၏ စိတ်နှလုံးအား ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်သည်။ ထို့နောက် သူသည် စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချကာ မမလေးအား မေးခွန်းတစ်ခုမေးလိုက်၏။
” မမလေး။ ကျွန်တော်တို့တွေ ဒီနေရာကနေ ဘယ်လိုထွက်ခွာရမလဲဆိုတာ သိလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့မေးရင်း သူသည် သူ၏ အသိစိတ်ထဲ၌သာ မေးမြန်းနေရခြင်းဖြစ်ပြီး အသံထွက်၍ စကားပြောစရာမလိုသောကြောင့် ကံကောင်းသည်ဟု မှတ်ယူလိုက်၏။ ထိုသို့သာမဟုတ်ပါက သူသည် စကားအများကြီး ပြောနေရမည်ဖြစ်ရာ လည်ချောင်းများ နာနေလောက်ပြီ ဖြစ်သည်။
” ဒီနေရာကနေ ထွက်ခွာဖို့က လွယ်ပါတယ် ” မမလေးမှာ မောက်မာဝင့်ကြွားမှု အပြည့်ရှိသော လေသံဖြင့် ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့အား လမ်းညွှန်ပေးလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာလည်း သူမ၏ လမ်းညွှန်ချက်များ သေသေချာချာ နားထောင်ရင်း သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်ကာ သွားရမည့်နေရာကို သိအောင်လုပ်နေ၏။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်မှာ ထိုအခြေအနေအား ရိပ်မိထားပြီးသား ဖြစ်သောကြောင့် စကားတစ်ခွန်းမှမပြောဘဲ ဝမ်ပေါင်လဲ့၏ ဘေး၌သာ ဆက်၍ စောင့်ဆိုင်းနေကြသည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မမလေး၏ လမ်းညွှန်ချက်များအား နားထောင်ရင်း တဖြည်းဖြည်းနှင့် မျက်လုံးများ အရောင်လက်လာတော့သည်။ နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား လှည့်ကြည့်လိုက်၏။
” ငါ့နောက်ကိုလိုက်ခဲ့။ ငါ လမ်းသိတယ် ” ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်အား ရှင်းပြမနေတော့ဘဲ စိတ်လှုပ်တရှား ဆိုလိုက်၏။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာလည်း မည်သည့် အချင်းအရာကိုမှ သတိမထားမိခဲ့သည့်ပုံစံ ဟန်ဆောင်လိုက်ကြသည်။ လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိကြသည်မဟုတ်ပါလော။ သူတို့သုံးယောက်မှာ မိမိအသက်ကို အခြားနှစ်ယောက်၏ လက်ထဲသို့ ပုံအပ်ရဲလောက်သည့်အထိ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိကြပါသော်လည်း ထိုယုံကြည်မှုကြောင့်ပင် အခြားသူများ၏ လျှို့ဝှက်ချက်များကိုလည်း လေးစားမှုရှိကြပေသည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ထူးဆန်းစွာ အဆက်အသွယ်လုပ်နေခဲ့သည်ကို သူတို့နှစ်ယောက်မသိအောင် ဖုံးကွယ်ထားခြင်းမရှိပေ။ ထို့ကြောင့် သူသည်လည်း သူတို့နှစ်ယောက်အား မည်မျှအထိ ယုံကြည်မှုရှိကြောင်း သိနိုင်ပေသည်။ သို့ဖြစ်ရာ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူ၏နောက်မှ ချက်ချင်းလိုက်သွားကြ၏။ ခဏအကြာတွင် ဝမ်ပေါင်လဲ့ ဦးဆောင်သော သူတို့သုံးယောက်မှာ မီးပင်လယ်ကြီး၏ အထက်တွင်ရှိသော ကောင်းကင်ယံထဲ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေကြတော့သည်။
သူတို့မှာ ခုနစ်ရက်တိတိ အနားယူခဲ့ခြင်းမရှိဘဲ ဆက်တိုက် ပျံသန်းနေခဲ့၏။ ကံကောင်းစွာဖြင့် သူတို့သုံးယောက်စလုံးမှာ မကြာသေးမီကမှ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ခဲ့သည်ဖြစ်ပြီး ဆေးလုံးများကို အလုံအလောက် ပိုင်ဆိုင်ထားသဖြင့် သူတို့၏ အမြန်နှုန်းများမှာ လျော့ကျသွားခြင်း မရှိပေ။ သို့သော်ငြားလည်း သူတို့မှာ အဝေးကြီးအထိ မပျံသန်းနိုင်ခဲ့ပေ။
ထိုနေရာကြီးမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်မဟုတ်ပါလော။ မကြာခဏဆိုသလို မီးမုန်တိုင်းများမှာ ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ကွဲကာ ရွေ့လျားနေသည့် တောင်တန်းကြီးများမှာလည်း သူတို့၏ရှေ့၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတတ်၏။ ထို့အပြင် မီးဝိညာဉ်များပင်လျှင် ငါးကြိမ်တိတိ ပေါက်ပေါက်ခဲ့ကြသေးသည်။ နေရာတိုင်းတွင် အန္တရာယ်များရှိနေကြသောကြောင့် သူတို့ သုံးယောက်မှာ ထိုအန္တရာယ်များအား ခုခံတွန်းလှန်ခဲ့ကြရ၏။ အကယ်၍ ထိုသို့မဟုတ်ပါက အခြားလမ်းကြောင်းတစ်ခုမှ သွားခဲ့ကြရသည်သာ ဖြစ်သည်။ သို့သော်ငြားလည်း သူတို့မှာ ကံကောင်းထောက်မစွာဖြင့် ထိုအန္တရာယ်များအားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်။
သူတို့ ကြုံခဲ့ရသည့် အကြီးမားဆုံးအန္တရာယ်ကြီး မှာ ပဉ္စမမြောက်နေ့တွင် ကြုံခဲ့ရသည့် အန္တရာယ်ကြီးပင်ဖြစ်သည်။ ထိုစဉ်တုန်းက ဧရာမလက်ကြီးတစ်ဖက်မှာ ရုတ်တရက်ဆိုသလို မီးပင်လယ်ထဲမှ ဆန့်ထွက်လာခဲ့၏။ ၎င်းမှာ မိုးကောင်းကင်ကြီးအား ထိုးနှက်နေသည့်ပုံ ပေါက်နေပြီး သူတို့သုံးယောက်၏ရှေ့ ပေတစ်ထောင်ကျော်တွင် မျောလွင့်နေခဲ့သည့် တောင်ကြီးတစ်လုံးအား ဖမ်းဆုပ်ကာ မီးပင်လယ်ထဲသို့ ဆွဲချသွားခဲ့၏။
ထိုလက်ကြီးမှာ ပေတစ်ထောင်ကျော် အကွာအဝေးတွင် ရှိနေခဲ့သည့်အတိုင်းအောင် ၎င်းဆီမှ ထွက်ပေါ်လာသည့် ဖိနှိပ်အားများမှာ သူတို့သုံးယောက်အပေါ် ကျရောက်လာကြသဖြင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အနည်းငယ်ခန့် မတည်မငြိမ်ဖြစ်သွားခဲ့ရ၏။ ထို့အပြင် သူတို့မှာ အံ့ဩတုန်လှုပ်သွားရသဖြင့် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသေးသည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဆဋ္ဌမမြောက်နေ့တွင် သူတို့မှာ သတိကြီးကြီးထား၍ ပျံသန်းနေရင် သူတို့၏ ညာဘက်တွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးတစ်ခုထဲ၌ ရေကန်တစ်ကန် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထိုရေကန်ထဲတွင် ညှို့ဓာတ်ပြင်းသည့် မိန်းမပျိုလေးတစ်ယောက်မှာ ရေချိုးနေ၏။ သူမသည် တခစ်ခစ် ရယ်မောနေရင်း သူတို့ သုံးယောက်အား လှမ်း၍ကြည့်နေသည်။
ကျိုးရိဖန်းမှာ သူမအား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ညို့ယူဖမ်းစားခံလိုက်ရ၏။ သူ၏ ဝိညာဉ်မှာ သူမဆီသို့ ချက်ချင်းပင် စုပ်ယူခံလိုက်ရတော့မည့်အလား ဖြစ်သွားရသည်။ ထိုအချိန်တွင် မမလေးမှာ ဝမ်ပေါင်လဲ့အား သတိပေးလိုက်သောကြောင့် သူသည် ကျိုးရိဖန်းအား တားဆီးကာ သူ့အား သတိမေ့သွားအောင် လုပ်လိုက်ပြီး အဝေးသို့ ဆွဲခေါ်သွားတော့သည်။ ထိုအခါမှသာ သူတို့မှာ ထိုဘေးအန္တရာယ်ကြီးမှ လွတ်မြောက်သွားတော့သည်။
လွန်ခဲ့သည့်နာရီအနည်းငယ်ခန့်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြီးတစ်ခုလည်း ရှိသေးသည်။ တပ်သားပေါင်း ထောင်သောင်များစွာ စစ်ချီနေသည့် အသံနှင့် ဆင်တူသော အသံတစ်သံမှာ သူတို့၏ ခပ်လှမ်းလှမ်းမှနေ၍ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာ ရှေးဟောင်း တိုက်ပွဲသုံး လှည်းကြီးတစ်စင်းကို လှမ်းမြင်လိုက်ရ၏။ ထို လှည်းကြီးပေါ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားကြသည့် ဧရာမ ဘီလူးကြီးများ ရှိနေကြပြီး ၎င်းတို့အားလုံးမှာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေကြ၏။
ထို့ကြောင့် ကျောက်ယမုန့်မှာ ချက်ချင်းပင်ရပ်တန့်သွားပြီး မန္တန်အစီအရင်တစ်ခုအား ထုတ်သုံးလိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူမအား သတိပေးလိုက်၏။
” မျက်လုံးမှိတ်ထား ” ကျောက်ယမုန့်မှာ သူ၏စကားများကို အပြည့်အဝ ယုံကြည်လိုက်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မျက်လုံးများ မှိတ်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများမှိတ်ကာ ကျောက်ယမုန့်အား သူနှင့်အတူဆွဲခေါ်လာ၏။ ထိုအချိန်တွင် သူတို့မှာ သူတို့၏ရှေ့တွင် လေပြင်းများ တိုက်ခတ်လာသည်ကို အာရုံခံမိလိုက်သဖြင့် တစ်စုံတစ်ယောက်မှာ သူတို့အား အော်ဟစ်နေသကဲ့သို့ ဖြစ်နေတော့သည်။ သို့သော် သူတို့မှာ မျက်လုံးဖွင့်ချင်သည့်စိတ်များကို ချုပ်တည်ထား၏။ ခဏအကြာတွင် သူတို့မှာ သူတို့အား ဝင်တိုက်တော့မည့်ဆဲဆဲ ဖြစ်နေကြသည့် လေပြင်းများ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားကြသည်ကို အာရုံခံမိလိုက်တော့သည်။
တစ်အောင့်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ မျက်လုံးများပြန်ပွင့်လာပါသော်လည်း သူတို့၏ရှေ့တွင် မည်သည့်အရာမှ ရှိမနေတော့သည်ကို မြင်လိုက်ရ၏….
သို့သော် သူတို့မှာ သူတို့ခံစားခဲ့ကြရသည့် အရာကြီးကြောင့် အံ့ဩတုန်လှုပ်သွားရ၏။ အချိန်အနည်းငယ်ကြာပြီးနောက် ကျောက်ယမုန့်မှာ တိုးတိုးလေးဆိုလိုက်သည်။
” တကယ်လို့ ငါတို့သာ မျက်လုံးတွေ မှိတ်မထားခဲ့ဘူးဆိုရင်… ”
” တကယ်လို့ဆိုပြီး မပြောနဲ့ ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ဆိုလိုက်၏။ သူသည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် အမျက်ထွက်နေသော ဝိညာဉ်များ၏ အငွေ့အသက်များအား အာရုံခံမိခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ထိုဖြစ်ရပ်ကြီးမှာ အဆင့်မြင့်ဝိညာဉ်ကြီးများ၏ လက်ချက် သို့မဟုတ် သူ မသိသော လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်မျိုး၏ လက်ချက် ဖြစ်ရပေမည်ဟု ဝမ်ပေါင်လဲ့က သုံးသပ်လိုက်၏။
တစ်အောင့်ခန့် ကြာမြင့်သွားပြီးနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နှုတ်ဆိတ်နေသော ကျောက်ယမုန့်နှင့်အတူ ရှေ့သို့ဆက်သွားလိုက်၏။ သတ္တမမြောက်နေ့ ကုန်ဆုံးခါနီးအချိန်တွင် ကျိုးရိဖန်းမှာ သတိပြန်ရလာသည်။ သူသည် သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးအား ပြန်၍သတိရသွားသောအခါ အလွန်အင်မတန်မှ ထိတ်လန့်ကြောက်ရွံ့သွားရ၏။
ထိုသို့ဖြင့် သုံးရက်တိတိကုန်ဆုံးသွားသည်။ သူတို့သုံးယောက်မှာ အခြားသော ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်ကြီးများနှင့် ထပ်၍ကြုံတွေ့ခဲ့ရပြီး ၎င်းတို့ကြောင့် သူတို့မှာ စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရ၏။ နောက်ဆုံးတွင် သူတို့မှာ မမလေး ညွှန်ပြခဲ့သည့် ခရီးပန်းတိုင်သို့ ရောက်ရှိလာတော့သည်။
၎င်းမှာ မီးပင်လယ်ကြီးပင် လွှမ်းခြုံနိုင်စွမ်းမရှိသော အလွန်အင်မတန်မှမြင့်မားသည့် တောင်ကြီးတစ်လုံးဖြစ်သည်။ ထိုတောင်ထိပ်တွင် အလွန်အင်မတန်မှ ကြီးမားသော အမွေးတိုင်အိုးကြီးတစ်လုံး ရှိနေ၏။ သူတို့သုံးယောက်မှာ ၎င်း၏ ဘေးသို့ ရောက်သွားချိန်တွင် သဲပွင့်လေးတစ်ပွင့်ကဲ့သို့ သေးငယ်သွားသည့်အလား ခံစားလိုက်ရပြီး ၎င်းအား မော့ကြည့်ရင်း အံ့ဩတုန်လှုပ်နေမိတော့သည်။
ထို အမွေးတိုင်အိုးကြီးမှာ ရှေးဆန်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် မည်သည့် အချုပ်အနှောင်မှ ရှိမနေပေ။ ထို့ကြောင့် ဤနေရာကြီးမှာ ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကျယ်ပြန့်တာအိုနန်းတော်၏ ပြည်သူ့ရင်ပြင်တစ်ခု ဖြစ်ခဲ့ရပေမည်။
” ဒီနေရာက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ထာဝရစင်မြင့် ခုနစ်ဆယ့်နှစ်ခုထဲက တစ်ခုပဲ။ ယမုန့်။ ရိဖန်း။ ဒီထာဝရစင်မြင့်ကြီးကို ဖွင့်ဖို့အတွက် ငါ့အတိုင်း လိုက်လုပ်ပြီးတော့ မင်းတို့ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေကို ဒီထဲ ထည့်သွင်းလိုက်ကြ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ နှလုံးသားထဲမှ အံ့သြတုန်လှုပ်မှုများကို ချုပ်တည်းကာ ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်အား မြှောက်ကာ သူ၏ရှေ့တွင်ရှိနေသော ထာဝရစင်မြင့်ကြီးပေါ်သို့ တင်လိုက်တော့သည်။