အလွန်အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သန့်ရှင်းသော ဝိညာဥ်၏ အစွမ်းကို စမ်းသပ်ရန် လူငယ်မှာ သေလုမျောပါးဖြစ်နေသည့် ညောင်ပင်ကြီးကို အသက်ပြန်သွင်းလိုက်သည်။ သို့သော်လည်း ထိုသို့လုပ်နိုင်ရန် ပေးဆပ်လိုက်ရသည့် တန်ကြေးသည်ကား ကြီးမားလွန်းလှသည်။ ကုံမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူအားလုံး၏ အသက်ကို ပေးဆပ်လိုက်ရသည်။
ထိုသို့သော အချင်းအရာကို မမျှော်လင့်ထားသည့် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ပြင်ဆင်ချိန်မရလိုက်ချေ။ သူတို့၏ တွက်ဆမှုအရဆိုလျှင် သေမင်း နွားချီးပိုး ပျက်စီးသွားပါက ကုံမြစ်ဂိုဏ်းခွဲမှာ လက်နက်ချ အညံ့ခံမည် ဖြစ်သည်။
ထိုနွားချီးပိုး သေဆုံးမှုမှာ ပြစ်ဒဏ်ပြီးဆုံးရန်အတွက် အရေးပါသည် မဟုတ်ပါလော။
သို့သော် ယခုတွင်မူ အရာအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ညောင်ပင်ကြီးမှာ အော်ဟစ်ရင်းနှင့် မြစ်ရေပြင်ပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာသည်။ မြစ်၏ ကမ်းပါးနှစ်ဖက်စလုံးကို မရေမတွက်သည့် အမြစ်များက တွယ်ကပ်နေသဖြင့် ၎င်းသည် ဘီလူးကြီးတစ်ကောင်အလားပင် ဖြစ်နေတော့သည်။
သစ်သားအိမ်လေး၏ အပြင်ဘက်ရှိ လူငယ်မှာ မျက်မှောင်ကြုတ်နေတော့သည်။ သူသည် ကုံမြစ်ဂိုဏ်းခွဲသားများ သေဆုံးမှုကို ဂရုမစိုက်၊ အဏ္ဏဝါခေါ်သံဂိုဏ်း၏ လုပ်ရပ်များကိုလည်း စိတ်ထဲမထားပေ။ ကလေးမလေးကိုသာ သူက အာရုံစိုက်နေတော့သည်။
” အော်… သူမက အသက်ရှူကြိမ်ဆယ်ကြိမ်လောက်ပဲ လှုပ်လှုပ်ရှားရှား လုပ်လို့ရတာပေါ့ ဟုတ်လား။ ”
လူငယ်မှာ သူ၏ ဦးခေါင်းကို ဝမ်းနည်းစွာခါယမ်းလိုက်သည်။ အနည်းငယ်အကြာတွင် အဘိုးကြီး၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ အပြင် နာကျင်မှုများပါ ပေါ်ထွက်လာတော့သည်။ သူသည် ဆုံးဖြတ်ချက်တစ်ခုချရန် တွန့်ဆုတ်နေသည့်အလား ဖြစ်နေသည်။
တိုက်ပွဲကြီးကို လာရောက်ကြည့်ရှုကြသည့်အခြား မျိုးနွယ်စုများနှင့် အသေးစားဂိုဏ်းများမှာ သူတို့မြင်လိုက်ရသည့်မြင်ကွင်းများကြောင့် တုန်လှုပ်နေကြပြီး အသက်ရှူသံများပင် မမှန်ကြတော့ချေ။ စွမ်းအားကြီးသော သေမင်း နွားချီးပိုးမှာ လက်ချောင်းတစ်ချောင်း၏ ဝှေ့ယမ်းမှုကြောင့် ပျက်သုဥ်းသွားရသည်ကို မြင်လိုက်ရသဖြင့် ပို၍ဆိုးနေတော့သည်။ ထို့နောက် ညောင်ပင်ကြီးမှာ ချက်ချင်းဆိုသလို အသက်စွမ်းအားများဖြင့် ပြန်လည်ပြည့်ဖြိုးလာသည်။ လူတိုင်းမှာ တုန်တုန်ရီရီနှင့် နောက်သို့ဆုတ်ကုန်ကြသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းသားအများစုမှာ လွတ်မြောက်အောင် ဆုတ်ခွာသွားနိုင်ခဲ့သည်။ ဆုတ်ခွာစဥ်အတွင်း အချို့မှာ ဒဏ်ရာရကာ သေဆုံးကုန်ကြပါသော်လည်း အများစုမှာမူ ဒိုင်းကာများ ပြန်လည်မြှင့်တင်ထားပြီဖြစ်သည့် စစ်သင်္ဘောများထဲသို့ ရောက်ရှိနေကြပြီဖြစ်သည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ အများစုကမူ မြစ်ကမ်းပါးများပေါ်တွင်သာ ရှိသေးသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ တွေးတောနေရန် အချိန်မရတော့ချေ။ သူသည် အံ့သြဖွယ်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ၏ အရေပြားမှာ ရွှေရောင်ဖြစ်နေပြီဖြစ်သည်။ ထာဝရအရေပြားနှင့် ထာဝရအသားစိုင်တို့၏ ထိပ်ဆုံးအဆင့်သို့ရောက်ရှိသွားသည့် ခံစားချက်ကြောင့် သူသည် တောင်တန်းများကို ပစ်ပေါက်ဆော့ကစားနိုင်ပြီး ပင်လယ်ရေများကို ခမ်းခြောက်သွားအောင် လုပ်ပစ်နိုင်သည့်အလား ခံစားနေရတော့သည်။
ဖုန်းရှိန်ကျစ် က သူ့ကိုအော်ခေါ်လိုက်သည့်အခါတွင် သူကလှစ်ခနဲလှုပ်ရှားလိုက်လေသည်။ ကောင်းကင်တာအို ရွှေအမြုတေအဆင့်သို့ စရောက်ခဲ့သည့်အချိန်တုံးကထက် ယခုအခါ သူသည် ပို၍ လျင်မြန်စွာ လှုပ်ရှားနေနိုင်ပြီဖြစ်သည်။ ကောင်းကင်တံတားမြစ်ရေများမှာ လူအများစုအတွက် အန္တရာယ်ရှိပါသော်လည်း ပိုင်ရှောင်ချန်းကိုမူ ဒဏ်ရာရအောင် မလုပ်နိုင်ကြချေ။
ထို့ကြောင့် သူသည် ရေထဲသို့ ထိုးဆင်းသွားပြီး အောက်သို့ကူးခတ်ကာ သွေးဘိုးဘေးကြီးဆီသို့ သွားလိုက်တော့သည်။ အသက်ရှူကြိမ်အနည်းငယ်အကြာတွင် သွေးဘိုးဘေးကြီး၏ မျက်ဝန်းများမှာ ပြန်လည်ပွင့်လာပြီး ရွှေရောင်အလင်းများ တောက်ပလာသည်။ သွေးဘိုးဘေးကြီးမှာ တဖြည်းဖြည်း မတ်တတ်ထလာတော့သည်။
ယခင်တုံးကဆိုလျှင် ဤသို့သော အချင်းအရာမှာ ဖြစ်နိုင်မည်မဟုတ်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ အခြားသော ကျင့်ကြံသူများစွာ၏ အစွမ်းကိုသုံးပါမှ သွေးဘိုးဘေးကြီးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူသည် ကြိုးပမ်းကာ တစ်ယောက်ထဲ ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။
ကောင်းကင်တံတားမြစ်ရေအောက်မှ သွေးဘိုးဘေးကြီး နိုးထလာသောအခါ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့သားများမှာ လေပေါ်သို့ ပျံတက်ကာ ထိုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။ ထို့နောက် သွေးဘီလူးကြီးဆီမှ ယခင်ကထက်ပင် ပို၍ အားပြင်းသော စွမ်းအားများမှာ ပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် ထိုသွေးရောင် ဘီလူးကြီးသည် လေပေါ်သို့ ခုန်တက်သွားတော့သည်။
ထိုအချိန်တွင် ညောင်ပင််ကြီးမှာ သွေးဘိုးဘေးကြီးကို လှမ်းကြည့်လိုက်သည်။ ၎င်း၏စိတ်ထဲတွင် အမုန်းတရားနှင့် နာကျည်းမှုများဖြင့်လောင်ကျွမ်းနေတော့သည်။ ထို့ကြောင့် မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် ဆူးနွယ်များကို ဧရာမလက်ကြီးတစ်ချောင်းအသွင်ဖန်ဆင်းကာ သွေးဘိုးဘေးကြီးဆီသို့ လက်သီးပုံစံဖြင့် စေလွှတ်လိုက်သည်။
ထိုတိုက်ကွက်ကြီးကို မရှောင်တိမ်းပဲ သွေးဘိုးဘေးကြီးက ယခင်ကထက်ပင် ပို၍မြင့်မားစွာ လေထဲတွင်ဖြတ်ပျံလိုက်တော့သည်။ ထို့နောက် လျှက်တစ်ပြက်အတွင်း သူသည် ညောင်ပင်ကြီးရှေ့တည့်တည့်တွင် ပေါ်လာပြီး လက်ကိုဆန့်ထုတ်ကာ သူ့ဆီသို့ ပြေးလာနေသည့် လက်ကြီးကို ဆုပ်ကိုင်လိုက်ကာ တောင်ဖြိုသိုင်းကွက်ကို ထုတ်သုံးလိုက်သည်။
သွေးဘိုးဘေးကြီးက ညောင်ပင်ကြီးကို ဝင်တိုက်မိသွားသဖြင့် ၎င်း၏အမြစ်များ ကျွတ်ထွက်သွားပြီး နောက်ဖက်သို့ မီတာထောင်ပေါင်းများစွာ လွင့်စင်သွားသောအခါ အဆုံးအစမဲ့သော ရွှေရောင်အလင်းတန်းများမှာ တလက်လက်တောက်ပသွားတော့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသူတိုင်းမှာ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။ ယနေ့၏ ဖြစ်ရပ်များမှာ လူတိုင်း၏ အတွေးအာရုံများထဲမှ ပုံရိပ်များထက်များစွာ သာလွန်နေကြသဖြင့် အားလုံးမှာ အသက်ရှူကြပ်နေသကဲ့သို့ပင် ခံစားနေကြရတော့သည်။
သွေးဘိုးဘေးကြီးနှင့် ညောင်ပင်ကြီးတို့မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဌာနချုပ်တစ်ခု အဖြစ် သတ်မှတ်၍ရလောက်အောင် ကြီးမားသည့် ဧရာမဘီလူးကြီးများ ဖြစ်ကြသည်။ သူတို့မှာ အနီးကပ်တိုက်ခိုက်နေကြသဖြင့် တိုက်ကွက်တိုင်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖျက်စီးနိုင်လောက်သည့် စွမ်းအားများ ပါဝင်နေပေသည်။ အရပ်မျက်နှာပေါင်းစုံသို့ တုန်ခါမှုလှိုင်းများပင်လွင့်ပျံနေပြီး မြေကြီးများနှင့် အသီးအရွက်များမှာ နေရာတိုင်းသို့ လွင့်စင်ကုန်ကြသည်။ ကောင်းကင်တံတားမြစ်၏ ရေပြင်များပင်လျှင် တုန်ခါနေတော့သည်။
ဘီလူးကြီးနှင့် သစ်ပင်ကြီးတို့မှာ ကုန်းမြေပြင်ပေါ်တွင် အဆက်မပြတ်တိုက်ခိုက်နေကြသဖြင့် တောင်များမှာ ပြိုကျလာပြီး မြေကြီးပေါ်တွင်လည်း ဧရာမ ချိုင့်ခွက်ကြီးများ ပေါ်ထွက်လာတော့သည်။
ညောင်ပင်ကြီးမှာ အပြည့်အဝ အားအင်ပြန်မပြည့်သေးချေ။ ကုံမြစ်ဂိုဏ်းခွဲတစ်ခုလုံးမှရသည့် သက်စောင့်အားများကို စားသုံး၍သာ အထောက်အပံ့ရနေခြင်းဖြစ်သည်။ သစ်ပင်ကြီး သေဆုံးရမည်မှာ ကြာမြင့်နေပြီပင်ဖြစ်သည်။
တိုက်ပွဲ၏ ပြင်းထန်မှုကြောင့် မကြာမီတွင် ၎င်း၏ ဒဏ်ရာများမှာ ချုပ်ထိန်း၍မရနိုင်လောက်အောင် ဖြစ်သွားကြပြီး ၎င်းမှာ သေဆုံးသွားရတော့သည်။
နောက်သို့ ဆက်တိုက်တွန်းထုတ်ခံလိုက်ရသောအခါ သစ်ပင်ကြီးမှာ ဒေါသတကြီး အော်ဟစ်နေတော့သည်။ သွေးဘိုးဘေးကြီး၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် ညောင်ပင်ကြီးမှာ အသာစီးမရပေ။ ပိုင်ရှောင်ချန်းမှာ ဤဧရာမခန္ဓာကိုယ်ကြီးကို ထိန်းချုပ်ရာတွင် ပို၍ လွယ်ကူအဆင်ပြေလာပြီဖြစ်သည်။
သူ၏ ကောင်းကင်တာအို ရွှေအမြုတေမှ စွမ်းအင်များပေါ်ထွက်နေပြီး စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။ သူ၏ ထာဝရကောင်းကင်ဘုရင်မှာလည်း အမြုပ်တစီစီထကာ အဆုံးမဲ့သော အပြင်ခန္ဓာကိုယ်စွမ်းအားများ ပေးစွမ်းနေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံတိုးတက်မှုကြောင့် ပိုင်ရှောင်ချန်း၏ အသိစိတ်များမှာလည်း ပို၍ ဖျတ်လတ်လာသည်။ သူ၏ အတွေးစိတ်များမှာ သွေးဘိုးဘေးကြီးကို ဖုံးလွှမ်းနေပြီဖြစ်ပြီး တချိန်ထဲမှာပင် သူ၏ အပြင်ခန္ဓာကိုယ်မှာ ပဲ့တင်သံများထွက်ပေါ်နေပြီး သူမတူသော ထိန်းချုပ်နိုင်စွမ်းများကို ပေးစွမ်းနေတော့သည်။
သူသည် သွေးဘိုးဘေးကြီးနှင့် တစ်သားထဲဖြစ်သွားသည့် အလားပင်။
” သေစမ်း။ ”
သူ အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ၏အသံမှာ သွေးဘိုးဘေးကြီး၏ ပါးစပ်မှ မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။ ညောင်ပင်ကြီးမှာ နောက်ဖက်သို့ ထပ်၍ တွန်းထုတ်ခံလိုက်ရပြီး အဝေးကြီး သို့မရောက်ခင် ပိုင်ရှောင်ချန်းမှာ ၎င်း၏လက်မောင်းကို လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး လေပေါ်သို့ ဝဲကာ မြှောက်တင်လိုက်တော့သည်။
ညောင်ပင်ကြီးမှာ ခပ်လှမ်းလှမ်းအကွာတွင် မြေကြီးပေါ်သို့ ဝုန်းခနဲပစ်ကျသွားပြီး ရုန်းကန်ကာ ပြန်လည်ထလာတော့သည်။ ထိုအချ်ိန်တွင် သစ်ပင်ကြီးထဲရှိ သစ်သားအိမ်လေးမှာ ထိခိုက်မှုမရှိသေးပေ။ လူငယ်မှာ အိမ်အပြင်ဘက်တွင် ရပ်နေဆဲဖြစ်ပြီး အတွေးများထဲတွင် နစ်မျောနေသည့် အရိပ်အယောင်တစ်ခု သူ၏ မျက်နှာတွင် ထင်ဟပ်နေသည်။ အဘိုးကြီး၏ မျက်ဝန်းများထဲတွင်မူ ပြတ်သားမှု အရိပ်အယောင်များ နောက်ဆုံးတွင် ပေါ်ပေါက်လာတော့သည်။
သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ သစ်ပင်ကြီး၏ ပင်စည်ပေါ်သို့ လက်ကိုတင်ကာ ဖိလိုက်လေသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားပြီး အားပြင်းသော သေခြင်းတရား အငွေ့အသက်တစ်ခုမှာ သူ့ကို လွှမ်းခြုံသွားတော့သည်။
လူငယ်မှာ သူ့ကို လှမ်းကြည့်လိုက်လေသည်။
” တာအိုရောင်းရင်း ခင်ဗျား။ ”
သူက တည်ကြည်စွာဆိုလိုက်သည်။
” စောစောက ကျွန်တော့်ရဲ့ လုပ်ရပ်တွေကို ဗွေမယူပါနဲ့။ အပြင်လူတစ်ယောက် နဲ့ ဆက်သွယ်လိုတဲ့ စိတ်နဲ့ ကျွန်တော် အလောတကြီးဖြစ်သွားလို့ပါ။ ခင်ဗျားအတွက်လည်း တရားမမျှတသလိုဖြစ်သွားသလို အဏ္ဏဝါခေါ်သံဂိုဏ်းကိုလည်း အခက်တွေ့သွားစေခဲ့တယ်ဗျာ။”
” ထားပါတော့။ ဒါက ခင်ဗျားရဲ့ ဆန္ဒဆိုရင်လည်း ရှိပါစေတော့။ ညောင်ပင်ကြီးထဲကို သစ်လွင်တဲ့ အသက်တစ်ခုသွင်းပေးခဲ့တာဆိုတော့ ခင်ဗျားရဲ့ အမှတ်အသားက ထာဝရ ကျန်ရစ်နေခဲ့မှာပါ။”
” အဏ္ဏဝါခေါ်သံဂိုဏ်းကို ကျုပ်ကိုယ်စား နစ်နာကြေးပြန်ပေးလိုက်တဲ့ သဘောလည်း သက်ရောက်သွားတာပေါ့။ ”
ထို့နောက် လူငယ်သည် နောက်ဖက်တွင် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သောအခါ ပျောက်ကွယ်သွားတော့သည်။
လူငယ်ပျောက်ကွယ်သွားသောအခါ အဘိုးကြီးက စကားတစ်ခွန်းမှ မပြောပေ။ သူသည် ရုန်းကန်နေသည့် သစ်ပင်ကြီးကို ကြည့်ကာ တစ်ချိန်ထဲမှာပင် သူ၏ ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားတော့သည်။ ကုံမြစ်ဂိုဏ်းခွဲရှိ လူအားလုံးမှာ သေဆုံးသွားကြပြီဖြစ်ပြီး သူသည်လည်း အသက်ရှင်ရန် အချိန်သိပ်မကျန်တော့ချေ။ ထို့ကြောင့် သူ့ကိုယ့်သူ စတေးကာ ညောင်ပင်ကြီးကို အသက်ရှင်နိုင်ရန် အခွင့်အရေးတစ်ခု ပေးအပ်လိုက်ခြင်းဖြစ်သည်။
တချိန်ထဲမှာပင် သူ၏ အတွေးဆန္ဒများနှင့် သက်စောင့်အားများမှာ သစ်ပင်ကြီးထဲတွင် ကျန်ရစ်ခဲ့တော့သည်။
” အခုကနေစပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကို ကျုပ် သစ္စာခံပါတယ်။ သင် ကုံမြစ်ဂိုဏ်းခွဲကို စောင့်ရှောက်ခဲ့သည့်အတိုင်း ကျုပ်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းကို စောင့်ရှောက်ပါမည်။ ”
ထိုသို့ဆိုကာ သူသည် ခြောက်ကပ်သွားပြီး ညောင်ပင်ကြီးနှင့် ပေါင်းစပ်သွားတော့သည်။
ညောင်ပင်ကြီးမှာ တုန်ရီသွားပြီး ၎င်းမျက်ဝန်းထဲရှိ အနီရောင်အလင်းများမှာ ပျောက်ကွယ်သွားတော့သည်။ ထိုအခါ သွေးဘိုးဘေးကြီးက ၎င်းဆီသို့ပြေးသွားပြီး လက်သီးတစ်ချက်ထပ်ထိုးရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ညောင်ပင်ကြီးက လှဲချလိုက်ပြီး အဓိပ္ပါယ်များစွာ သက်ဝင်နေသည့် အသံဖြင့်ဆိုလိုက်သည်။
” ကျုပ် သစ္စာခံပါတယ်။ ”
ထိုစကားသံများ ထွက်လာသောအခါတွင် သစ်ပင်ကြီးထဲမှ တမှိတ်မှိတ်တောက်ပနေသည့် အလင်းတစ်စ ပျံထွက်လာသည်။ ထိုအလင်းစလေးမှာ ကျုံ့သွားပြီးနောက် အစိမ်းရောင် သလင်းကျောက်တစ်လုံး ပေါ်ထွက်လာသည်။ ၎င်းမှာ ညောင်ပင်ကြီး၏ နှလုံးပင်ဖြစ်သည်။ ထိုသလင်းကျောက်ကို ထိန်းချုပ်ထားသူသည် ညောင်ပင်ကြီး၏ အသက်ကို လက်ဝယ်ပိုင်ဆိုင်ထားမည်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသော သွေးဘိုးဘေးကြီးမှာ ညောင်ပင်ကြီး၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားတော့သည်။
အရာရာတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ သွေးဘိုးဘေးကြီးကို လှမ်းကြည့်လိုက်ကြသည်။
သူတို့ပင်မဟုတ်ချေ။ ဘေးပတ်လည်ရှိ ကျင့်ကြံသူမျိုးနွယ်စုများနှင့် အသေးစားဂိုဏ်းများမှာလည်း သွေးဘိုးဘေးကြီး မည်သည်အား ဆက်လုပ်မည်ကို စောင့်ကြည့်နေကြသည်။
မည်သူမှ ဝင်ရောက်စွက်ဖက်၍မရနိုင်ချေ။ ရွေးချယ်မှုမှာ ပိုင်ရှောင်ချန်းပေါ်တွင် မူတည်ပေသည်။ ယင်ယန်ဝိညာဥ်အဆင့်် ခေါင်းဆောင်ကြီးများပင်လျှင် မည်သည်ကိုမှ လုပ်နိုင်မည်မဟုတ်ချေ။ ပိုင်ရှောင်ချန်းက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြုံးလိုက်ကာ အစိမ်းရောင်သလင်းကျောက်ကို လှမ်း၍ ယူလိုက်သည်။
ချက်ချင်းပင် ကောင်းကင်ကိုတုန်လှုပ်စေကာ မြေကြီးကိုပင် အက်ကွဲစေနိုင်သည့် အားပေးသံများမှာ စစ်သင်္ဘောများထံမှ ထွက်ပေါ်လာတော့သည်။
” နိုင်ပြီဟေ့။ ”
” အခုကစပြီး ငါတို့ရဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းက အလယ်ဒေသထဲက ဂိုဏ်းတစ်ဂိုဏ်းဖြစ်သွားပြီဟေ့။ ”
” နိုင်ပြီဟေ့။ ငါတို့ နိုင်ပြီဟေ့။ ”
ထို အောင်ပွဲခံသံများထဲတွင် ငိုယိုသံများ၊ လေချွန်သံများနှင့် စိတ်လှုပ်ရှားစွာအော်ဟစ်သံ ပေါင်းစုံ ပါဝင်နေသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူတိုင်းမှာ ကျေနပ်အားရနေကြတော့သည်။ အနည်းငယ်ကြာသောအခါ တောက်ပသော အလင်းတန်းတစ်တန်းမှာ ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားသည်။ သူတို့၏ အနီးသို့ရောက်လာသောအခါ ထိုအလင်းတန်းထဲရှိ ကျောက်တိုင်တစ်တိုင်ကို မြင်နိုင်ပေသည်။
ကျောက်တိုင်ကြီးမှာ မြေကြီးပေါ်သို့ ဝုန်းခနဲကျသွားပြီး မြေကြီးထဲသို့ တစ်ဝက်လောက်ထိ စိုက်ဝင်သွားသည်။ အပေါ်ခြမ်းတွင် စကားလုံးခြောက်လုံးကို မြင်နိုင်ပေသည်။
” အဏ္ဏဝါခေါ်သံဂိုဏ်း ”
ထိုစာလုံးခြောက်လုံးအောက်တွင် စာလုံးသေးများဖြင့်ရေးထားသည့် စာတန်းများရှိသည်။
” ရှင်းကုံကျစ်တာအိုဂိုဏ်း၏ လက်အောက်ခံဂိုဏ်း ”
ထိုကျောက်တိုင်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထောက်ခံချက်တစ်ခုဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူများက ထိုကျောက်တိုင်ကိုမြင်လိုက်ရသောအခါ သူတို့၏ စိတ်လှုပ်ရှားမှုများမှာ ပို၍ ပြင်းထန်လာတော့သည်။ ဤအရာမှာ သူတို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော အရာဖြစ်ပြီး အဆုံးတွင်မူ ရရှိသွားကြောင်းကို ထောက်ခံချက်ရလိုက်ပြီဖြစ်သည်။ အလယ်ဒေသရှိ ဂိုဏ်းတစ်ဂိုဏ်းဖြစ်စေရန် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲအကြောင်းကို ပြန်တွေးရင်း သူတို့မှာ သက်ပြင်းချနေကြတော့သည်။
ဘေးနားရှိ ကျင့်ကြံသူမျိုးနွယ်စုများနှင့် အသေးစားဂိုဏ်းများမှာ ဒူးများထောက်ကာ အရိုအသေပေးလိုက်ကြတော့သည်။
” မင်္ဂလာပါ။ အဏ္ဏဝါခေါ်သံဂိုဏ်း ခင်ဗျား။ ”
အသံများစွာ ထပ်မံထွက်ပေါ်လာပြီး ဆူညံနေတော့သည်။ အခြားဂိုဏ်းများမှ ကိုယ်စားပြု သုံးယောက်မှာမူ အသက်ပြင်းပြင်းရှူကာ ဣန္ဒြေပြန်ထိမ်းလိုက်ကြသည်။ ထို့နောက် သွေးဘိုးဘေးကြီးကို နောက်ဆုံးတစ်ခေါက် စိုက်ကြည့်ကာ ထွက်ခွာသွားကြတော့သည်။
ယနေ့မှစ၍…
အရှေ့အလယ်ပိုင်းဒေသမှာ ကုံမြစ်ဂိုဏ်းခွဲ၏ ထိန်းချုပ်မှုအောက်တွင်မဟုတ်ပဲ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကြောင်း လူတိုင်းက သိသွားကြတော့သည်။