မီးပုံဘေးရှိသူ့ရဲ့နေရာကို ပြန်ရောက်လာသည့်အခါ သူ့ကိုကြည့်နေကြသည့် လူတိုင်းရဲ့အကြည့်တွေက ပြောင်းလဲသွားခဲ့တာကို သူကရှင်းရှင်းလင်းလင်းခံစားနိုင်ခဲ့ရသည်။ နောက်ထပ်စမ်းသပ်မှုတွေ ထပ်မလုပ်ခဲ့ကြပေမဲ့ ထိုအစားသူတို့မှာ စိတ်ကျေနပ်မှုတွေနဲ့ အံ့အားသင့်မှုတွေသာ ဖြစ်ပေါ်လာခဲ့ကြသည်။
“ကြည့်ရတာ နင်ကချီယွဲ့ကို တကယ်ပဲအနိုင်ယူနိုင်ခဲ့တာပဲ…” ဝေချင်းချင်းရဲ့မျက်လုံးတွေက အံ့အားသင့်မှုအရိပ်အယောင်တွေ တောက်ပနေခဲ့ရကာ ဇူယွမ်ကိုစိုက်ကြည့်၍ပြောလိုက်၏။ သူမအနေဖြင့် အရင်တုန်းက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ဇူယွမ်ရဲ့စွမ်းဆောင်ရည်ကိုကြားခဲ့ရစဉ်က အနည်းငယ်သံသယရှိခဲ့ပေမဲ့ အစောပိုင်းဇူယွမ်ရဲ့အထင်ကြီးလောက်စရာတိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရပြီးနောက်မှာ သူမကိုယ်တိုင်တောင် အံ့အားသင့်တုန်လှုပ်သွားခဲ့မိရသည်။
ချီစုဆောင်းမှုအဆင့်အောက်က ကျင့်ကြံသူအနည်းငယ်ကသာ ဒီတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
“ငါ့အနေနဲ့ အရင်တုန်းက မျက်စိလျှမ်းသွားခဲ့ရတယ်… ကျေးဇူးပြုလို့ ဒီတစ်ခွက်ကို ငါ့ရဲ့တောင်းပန်မှုအဖြစ်လက်ခံပေးပါ…” ဝေချင်းချင်းက သူမရဲ့သေရည်ခွက်ကို ဇူယွမ့်ထံမြှောက်ပြလိုက်ပြီး တစ်ကျိုက်တည်းမော့သောက်ချလိုက်သည်။
သူမရဲ့လှုပ်ရှားမှုတွေက ယုံကြည်မှုအပြည့်ရှိနေခဲ့ရကာ လိမ်ညာတဲ့အရိပ်အယောင်တစ်စွန်းတစ်လေမျှပင် ပါဝင်မနေခဲ့ပေ။
ဇူယွမ်ကလည်း ပြုံးလျက်သူ့ရဲ့သေရည်ခွက်ကိုမြှောက်ပြလိုက်ပြီး မော့သောက်လိုက်သည်။ ဝေချင်းချင်းရဲ့အစောပိုင်းထေ့ငေါ့တဲ့အပြုအမူတွေက သူ့ကိုအနည်းငယ်စိတ်မကျေနပ်မှုဖြစ်သွားစေခဲ့ရပေမဲ့ အခုအချိန်မှာ ဒါတွေကအဝေးကိုလွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ ဒါ့အပြင် သူမရဲ့လက်ရှိသဘောထားကြောင့် သူ့အနေနဲ့အနည်းငယ်တော့ စိတ်ကျေနပ်မှုရှိခဲ့ရသည်။
ဝေချင်းချင်း၏ဘေးတွင်ထိုင်နေသည့် ဝေတင်းက ဟန်လုပ်၍ပြုံးလျက်မှပြောသည်… “ဟီးဟီး… မင်းသားလေးဇူယွမ်မှာ အမှန်တကယ်ကို စွမ်းရည်အချို့ရှိနေတာပဲ… ဒါပေမဲ့လည်း ကန်းလန်စီရင်စုရဲ့နောက်မှာရှိနေတဲ့ အဆိပ်ရေအိုင်က အရမ်းကိုအန္တရာယ်များလှတယ်… ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်တဲ့ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရရှိခဲ့ရုံနဲ့ အပြည့်အဝလုံခြုံမှုရှိနိုင်တယ်လို့ မဆိုနိုင်ဘူး… မင်းသားလေးဒီမှာရှိနေစဉ်အချိန်အတွင်းမှာ ကိုယ့်ကိုကိုယ်အနည်းငယ်ပိုပြီးဂရုမစိုက်နိုင်မှာကို ငါစိုးရိမ်မိတယ်…”
ဇူယွမ်က ခပ်ဖွဖွပြုံးလိုက်မိပြီး ပြန်ပြောလိုက်သည်… “မင်းက ငါ့ကိုယ်စား ဒီလောက်အထိစိုးရိမ်ပေးနေဖို့ မလိုအပ်ပါဘူး…”
ဇူယွမ့်အနေနဲ့ ဝေတင်းက ချီဟောင့်အပေါ်မှာ ခံစားချက်အနည်းငယ်ရှိနေတာကို ပြောနိုင်ပေသည်။ ပြောကြတာက တကယ်လို့မင်းဟာတစ်စုံတစ်ယောက်ကို ချစ်မိသွားခဲ့မယ်ဆိုရင် သူ့ရဲ့ရန်သူကိုလည်း မင်းကအလိုအလျောက်ပင်မုန်းတီးသွားမိပေလိမ့်မည်။ ထို့ကြောင့်ပင် သူမက သူ့အပေါ်မှာမကျေမနပ်ဖြစ်နေတယ်ဆိုတာကို ဇူယွမ်တစ်ယောက်ခံစားနိုင်ခဲ့ရသည်။
သို့ပေမဲ့လည်း ဒါက သူ့အတွက်အရေးကြီးတဲ့အရာတစ်ခုမဟုတ်ခဲ့ပေ။ ဝေတင်းက ဝေကန်းလန်ရဲ့တူမဖြစ်ပြီး ဒီနေရာမှာသူမရဲ့အဆင့်အတန်းက ဝေချင်းချင်းနီးပါး အရေးပါမှုရှိပေသည်။
ချီဟောင်ရဲ့တင်းမာနေတဲ့အမူအယာက ဒီအခိုက်အတန့်မှာ ပျောက်ကွယ်သွားခဲ့ရပြီး သူရဲ့မျက်နှာထက်မှာ အပြုံးတစ်ခုပေါ်ထွက်လာခဲ့ရကာ ဇူယွမ့်ကိုပြောသည်… “မင်းသားလေးက အရမ်းကိုတော်ပါပေတယ်… ငါ့ရဲ့အသုံးမကျတဲ့ညီငယ်လေးက မင်းသားလေးကိုရှုံးနိမ့်သွားခဲ့ရတာ အံ့ဩစရာမရှိတော့ဘူး…”
ဇူယွမ်က ပေါ့ပါ့ပါးပါးပင်ပြုံးလိုက်မိပြီး ပြန်ပြောလိုက်၏… “ဒါက ချီအိမ်တော်ရဲ့မီးလျှံအလင်းကျင့်စဉ်ကို တော်တော်လေးကျေးဇူးတင်သင့်တယ်…”
ချီဟောင်ရဲ့မျက်နှာက ရုတ်ချည်းနက်မှောင်သွားခဲ့ရသည်။ ဇူယွမ်ရဲ့စကားတွေကို သူ့လိုမျိုးလိမ္မာပါးနပ်မှုရှိသည့်လူတစ်ယောက်တောင်မှ ပြန်လည်ချေပနိုင်ခြင်းငှါမစွမ်းသာခဲ့ပေ။
ဒီစကားတွေက အမှန်တွေဖြစ်နေသည့်အတွက် သူကငြင်းပယ်နိုင်ခြင်းမရှိခဲ့ချေ။ ဇူယွမ်က ချီအိမ်တော်ရဲ့မီးလျှံအလင်းကျင့်စဉ်ကိုအသုံးပြု၍ ချီယွဲ့အပြင် အစောပိုင်းက ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတစ်ယောက်ကိုတောင်မှပင် အနိုင်ယူထားခဲ့ပေသည်။
ချီဟောင်ရဲ့မျက်လုံးထဲမှာ ဒေါသတွေစီးဆင်းသွားခဲ့ရပြီး ပြောလိုက်သည်… “မင်းသားလေးအနေနဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်နေသင့်တယ်… ချီအိမ်တော်က သူတို့ပိုင်ဆိုင်တဲ့အရာတွေကို ဒီလိုမျိုးလွယ်လွယ်နဲ့ အဆုံးရှုံးခံလိမ့်မှာမဟုတ်ဘူး…”
“ဒါဆိုရင်တော့ ဒီလိုရတနာမျိုး ငါ့ဆီကိုနောက်တစ်ကြိမ် ဘယ်သူမှယူမလာစေဖို့ မျှော်လင့်မိတယ်…” ဇူယွမ်က ရယ်မောကာပြောသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသလို သူတို့ရဲ့မျက်လုံးထဲမှာလည်း လူသတ်လိုစိတ်တွေစီးဆင်းနေကြပေသည်။
အဟမ်း…
ရုတ်တရက် ဝေချင်းချင်းထံမှ ချောင်းဟန့်သံတစ်ချက်ထွက်ပေါ်လာခဲ့ရပြီး တင်းမာတဲ့အခြေအနေကိုဝင်ထိန်းလိုက်ကာ သူတို့နှစ်ယောက်ကိုကြည့်၍ တည်ငြိမ်သည့်လေသံဖြင့်ပြောသည်… “ဒါက ကန်းလန်စီရင်စုနော်…နင်တို့နှစ်ယောက်ကြားက ရန်ငြိုးတွေဘယ်လောက်ပဲကြီးမားကြီးမား ကန်းလန်စီရင်စုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နင်တို့နှစ်ယောက်စလုံး မချိုးဖောက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်…”
ဝေကန်းလန်ရဲ့သမီးတစ်ယောက်ဖြစ်တဲ့ သူမအနေနဲ့ တော်ဝင်ကလန်နဲ့ ချီအိမ်တော်အကြားက ဆိုးဝါးတဲ့ဆက်ဆံရေးကို ဘယ်လိုလုပ်မသိဘဲနေလိမ့်မည်နည်း။ သို့ပေမဲ့လည်း ဝေကန်းလန်က ကြားနေအဖြစ်သာရွေးချယ်ခဲ့ကတည်းက သူတို့အနေဖြင့် နှစ်ဖက်စလုံးကို အကူအညီပေးလိမ့်မည်မဟုတ်ပေ။
ချီဟောင်ရဲ့အပြုံးက ပို၍နူးညံ့သိမ်မွေ့သွားခဲ့သလို သူ့ရဲ့အကြည့်က ဝေချင်းချင်းထံပြောင်းသွားခဲ့ပြီးနောက်ပြောလိုက်သည်… “ချင်းချင်း… ငါကလူတစ်ယောက်ကိုခေါ်ပြီး မနက်ဖြန်မှာ ဗိုလ်ချုပ်ကြီးဆီအလည်အပတ်သွားဖို့ အဆင်ပြေနိုင်မလား…”
ဝေချင်းချင်းက သက်ပြင်းချလိုက်မိကာ ပြောသည်… “ငါ့အဖေရဲ့စိတ်အခြေအနေက သိပ်ကောင်းသေးတာမဟုတ်ဘူး… နင်က သူ့ကိုသွားပြီး အနှောင့်အယှက်မပေးတာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ငါထင်တယ်…”
ချီဟောင်ရဲ့ရည်ရွယ်ချက်က သူမရဲ့အဖေကို ချီအိမ်တော်ဘက်ပါအောင် ဆွဲဆောင်နိုင်ဖို့ဆိုတာ သူမအနေဖြင့် ကောင်းစွာသိပေသည်။
ဝေချင်းချင်း၏ဘေးမှ ဝေတင်းကပြုံးလျက်မှပင် အလျင်အမြန်ကြားဖြတ်ဝင်ပြောလိုက်သည်… “အာ… ချင်းချင်း… ဒီလိုမျိုးမပြောသင့်ဘူး… ချီဟောင်က မူလမှော်စာလုံးရေးသားရာမှာ စွမ်းရည်မြင့်မားလှတဲ့ဆရာတစ်ယောက်ကို ကြိုးစားရှာဖွေထားတယ်လို့ ငါကြားခဲ့ရတယ်… အထူးသဖြင့် ဒီဆရာက အဆိပ်တွေကိုဖယ်ရှားရာမှာ အရမ်းကိုကျွမ်းကျင်မှုရှိတဲ့အတွက် ချီဟောင်ကဒီတစ်ကြိမ်မှာ ဘင်းလေးကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်…”
ဝေချင်းချင်းတစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။ အခုအချိန်မှာ သူမရဲ့ချီဟောင့်အပေါ်ကြည့်နေတဲ့အကြည့်တွေက အနည်းငယ်လှိုက်လှဲမှုရှိလာခဲ့သည်။ ဝေမိသားစုရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်နေရမှုတစ်ခုက သူမရဲ့မောင်ဖြစ်သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ကိုဖယ်ရှားရှင်းလင်းပစ်နိုင်ဖို့အတွက်ပင်ဖြစ်သည်။ ဒါ့အပြင် သူက ဝေမိသားစုတစ်ခုလုံးမှာ တစ်ဦးတည်းသော သားဖြစ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။
သူမအဖေစိတ်ထိခိုက်နေရတဲ့ အဓိကအကြောင်းအရင်းက သူမမောင်ဖြစ်သူ၏ အခြေအနေက တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
ဝေချင်းချင်းက အနည်းငယ်စိတ်လှုပ်ရှားသည့်အမူအယာဖြင့်မေးလိုက်သည်… “အဲ့ဒီဆရာက အဆိပ်တွေဖယ်ရှားတဲ့နေရာမှာ ကျွမ်းကျင်တာလား… ဒါက တကယ်ရောအလုပ်ဖြစ်နိုင်လိမ့်မလား…”
မူလမှော်စာလုံးရေးသားခြင်းရဲ့ အခြေခံသဘောတရားတွေက ကျယ်ပြန့်ကာနက်ရှိုင်းလှပေသည်။ ဒါ့ကြောင့်ပင် ကျွမ်းကျင်သူအချို့က မူလမှော်စာလုံးတွေရဲ့အကူအညီအထောက်အပံ့ဖြင့် အဆိပ်တွေကို ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိကြပေသည်။
ချီဟောင်က ပြန်ဖြေသည်… “ဒီဆရာက အဆင့် ၃မူလမှော်စာလုံးကိုတောင်မှ ကျွမ်းကျွမ်းကျင်ကျင်ရေးသားနိုင်စွမ်းရှိတယ်…”
“အဆင့် ၃မူလမှော်စာလုံး…” ဝေချင်းချင်းရဲ့လှပတဲ့မျက်လုံးလေးတွေက အရောင်လက်သွားခဲ့ရသည်။ ဒီလိုပါရမီရှင်က ဇူအင်ပါယာတစ်ခုလုံးမှာပင် အလွန့်အလွန်ကို ရှားပါးလှပေသည်။ ကြည့်ရတာ ချီဟောင်က အမှန်တကယ်ကိုပင် အချိန်ကုန်ခံပြီး ကြိုးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ပေမည်။
“ဒါဆိုရင်တော့ ငါနင့်ကိုကျေးဇူးတင်ရလိမ့်မယ်…” ဝေချင်းချင်းက ခေါင်းညိတ်ကာပြောလိုက်သကဲ့သို့ သူမရဲ့မျက်နှာလေးထက်မှာလည်း အပြုံးတစ်ခုပေါ်ထွက်လာခဲ့ရသည်။
“ဒါနဲ့ပတ်သက်လို့ အရမ်းကြီးစိုးရိမ်နေစရာမလိုပါဘူး… ဒါကပုံမှန်အားဖြင့် ငါပြုလုပ်သင့်တဲ့အရာတစ်ခုပဲ… သူ့ရဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘင်းလေးရဲ့ဒီလိုအခြေအနေကို မြင်တွေ့နေရတာက ငါ့ရဲ့နှလုံးသားကို နာကျင်စေတယ်…” ချီဟောင်ကပြုံးလိုက်ပြီး သူတို့ရဲ့ကြားကဆက်ဆံရေး ပိုပြီးကောင်းမွန်လာစေဖို့အတွက် သူ့ရဲ့စကားတွေနဲ့ အဆက်မပြတ်ကြိုးစားနေတော့သည်။
ဇူယွမ်က သက်ပြင်းချလိုက်မိပြီး ဘေးမှနေ၍သာ တည်ငြိမ်စွာဖြင့် ရပ်ကြည့်နေခဲ့လိုက်သည်။ ကြည့်ရတာ ချီအိမ်တော်က ပိုလို့ပင်စိတ်အားထက်သန်နေသည့်ပုံပင်။ သူတို့တွေက အချိန်ကုန်လူပင်ပန်းခံပြီး မူလမှော်စာလုံးကျွမ်းကျင်သူတစ်ယောက်ကိုပင် ဖိတ်ကြားခဲ့ပေသည်။ အကယ်၍သူတို့ကသာ ဝေဘင်းကိုကုသပေးနိုင်ခဲ့မယ်ဆိုရင် ဝေမိသားစုက သူတို့ကိုကြီးမားတဲ့ကျေးဇူးကြွေးတစ်ခု တင်ရှိသွားပေလိမ့်မည်။ ဒီလိုဖြစ်သွားတဲ့အခါ ဝေကန်းလန်လိုလူမျိုးတောင်မှပင် လက်ရှိအချိန်မှာသူက ကြားနေအဖြစ်ဘယ်လောက်ပင် ခိုင်ခိုင်မာမာရှိနေစေကာမူ သေချာပေါက်လှုပ်ရှားလာပေလိမ့်မည်။
ထို့အပြင် ဒီတစ်ကြိမ်ဇူယွမ်ရဲ့ အရေးကြီးဆုံးတာဝန်က ဝေကန်းလန်ချီအိမ်တော်ဘက်ကိုပါမသွားအောင် ပြုလုပ်ဖို့ရန်ပင်ဖြစ်သည်။
ဇူယွမ်ရဲ့မျက်လုံးတွေက အတွေးတစ်ခုနဲ့အတူ ဖြတ်ခနဲတောက်ပသွားခဲ့ရပြီးနောက် သူ့ရဲ့ခေါင်းကိုမော့ကာ ဝေချင်းချင်းကိုပြုံးပြလျက်မှပြောသည်… “တကယ်လို့အဆင်ပြေမယ်ဆိုရင် ငါတို့လည်းမနက်ဖြန်မှာ ဗိုလ်ချုပ်ကြီးဝေထံ အလည်အပတ်သွားပြီး နှုတ်ဆက်ချင်တယ်…”
ဝေချင်းချင်းက ခေါင်းညိတ်ကာတုန့်ပြန်ခဲ့ပြီးနောက်မှာ သူမက ချီဟောင့်ဘက်သို့ပြန်လှည့်သွားခဲ့ပြီး မူလမှော်စာလုံးကျွမ်းကျင်သူရဲ့နောက်ကြောင်းကို တရစပ်ပင်စုံစမ်းမေးမြန်းနေခဲ့လိုက်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီကိစ္စက သူမအတွက်ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုတာကို မြင်နိုင်ပေသည်။
ချီဟောင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုဆင်မြန်းထားလျက် သူက ဇူယွမ့်ထံတစ်ချက်ကြည့်လိုက်သလို သူ့ရဲ့မျက်လုံးထဲမှာလည်း ကျေနပ်အားရသည့်အရိပ်အယောင်တွေ ဖြစ်ပေါ်နေလျက်ရှိလေသည်။
…
ညရဲ့အမှောင်ထုက ပိုပြီးသိပ်သည်းလာခဲ့ရသလို ကြိုဆိုပွဲကလည်း နောက်ဆုံးမှာပြီးဆုံးသွားခဲ့ရပြီဖြစ်သည်။
ဇူယွမ်နဲ့သူ့ရဲ့အဖွဲ့က သူတို့ရဲ့တည်းခိုရာနေရာသို့ ပြန်လာခဲ့ကြပြီး ဇူယွမ်ရဲ့မျက်နှာထက်မှာတော့ တစ်ခုခုကို စဉ်းစားတွေးတောနေဟန်တွေ ထင်ဟပ်နေခဲ့သည်။ သူ့ရဲ့ဘေးရှိ လုတိန်ရှန်းရဲ့အမူအယာက အနည်းငယ်တင်းမာနေလျက်ရှိပေသည်။ ပတ်ဝန်းကျင်ကို အလျင်အမြန်စစ်ဆေးပြီးလိုက်သည့်နောက်မှာ သူကတိုးညှင်းသည့်လေသံဖြင့်ပြောလိုက်သည်… “မင်းသားလေး… တကယ်လို့ ချီဟောင်ကသာ ဝေဘင်းကိုကုသပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့အခြေအနေက နည်းနည်းတော့အခက်အခဲရှိသွားရလိမ့်မယ်…”
ဒီလိုမျိုးကြီးမားတဲ့အကူအညီကိုရရှိခဲ့မယ်ဆိုရင် ဝေကန်းလန်က ချီအိမ်တော်ဘက်ကို သေချာပေါက်တိမ်းညွတ်သွားပေလိမ့်မည်။ ဒါတွေအားလုံးက ဝေဘင်းကြောင့်ပင်ဖြစ်ပြီး သူက ဝေမိသားစုရဲ့တစ်ဦးတည်းသောသားဖြစ်သလို သူတို့ရဲ့ဆက်ခံသူတစ်ယောက်အဖြစ် လျာထားခြင်းခံထားရသူတစ်ယောက်လည်း ဖြစ်နေသောကြောင့်ပင်။
ဇူယွမ်က လေးနက်သည့်အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ခဏကြာပြီးနောက်မှာ သူက ယောင်ယောင့်ထံကြည့်ကာ မေးလိုက်သည်… “အစ်မကြီးယောင်ယောင်… မနက်ဖြန်ကျရင် နင်ငါနဲ့အတူလိုက်လာပေးနိုင်မလား…”
ယောင်ယောင်က သူမရဲ့ခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်ပြီး ဇူယွမ့်ကိုကြည့်လိုက်မိသည်။ နက်ရှိုင်းလှတဲ့ ညရဲ့အမှောင်ထုအောက်မှာပင် သူမရဲ့နှစ်လိုဖွယ်ကောင်းလှသည့်မျက်နှာလေးက ခပ်မှိန်မှိန်ကျောက်စိမ်းရောင်အလင်းလေးတွေ ယှက်သန်းလို့နေပေသည်။
“အချိန်ကျလာတဲ့အခါ နင့်ကိုငါတစ်ကြိမ်ကူညီပေးမယ်…” ဒီစကားကိုပြောပြီးနောက်မှာ ယောင်ယောင်က ထန်ထန့်ကိုသူမရဲ့လက်ထဲမှာပွေ့ပိုက်ထားလျက်မှပင် သူမ၏တဲအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူမရဲ့တုံးတိတိအဖြေကြောင့် ဇူယွမ်က သူ့ရဲ့ခေါင်းကိုသာ တဗျင်းဗျင်းနဲ့ကုတ်လိုက်မိသည်။
…
နောက်တစ်နေ့၌…
ဇူယွမ်၊ လုတိန်ရှန်း၊ ယောင်ယောင်နဲ့ စုယုဝေတို့ စစ်တန်းလျားရဲ့အရှေ့ဘက်ဂိတ်ပေါက်ကို ရောက်ရှိသွားချိန်မှာ ဝေချင်းချင်း၊ ချီဟောင်နဲ့ ကျန်သည့်လူတွေစောင့်ဆိုင်းနေတာကို တွေ့လိုက်ကြရသည်။
သို့ပေမဲ့လည်း လက်ရှိအချိန်၌ ချီဟောင်ရဲ့ဘေးမှာ အခြားလူတစ်ယောက်ရှိနေခဲ့ပြီး ထိုလူက ဆံပင်ဖြူနေသည့်လူအိုကြီးတစ်ယောက်ဖြစ်သည်။ ထိုအဖိုးအိုထံမှာ အထဲကိုချိုင့်ဝင်နေသည့် မျက်လုံးတစ်စုံရှိနေပြီး အနည်းငယ်အေးစက်ကာ တင်းမာနေပုံပေါ်သည်။ သူ့ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ဘဲ သူ့ရဲ့ပုံစံက အနည်းငယ်အထက်စီးဆန်ကာ မာနကြီးသည့်ပုံရှိလေသည်။
ဒီစီနီယာလူအိုကြီးရဲ့ရှေ့မှောက်၌ ဝေချင်းချင်းတောင်မှပင် သူမရဲ့မျက်နှာထက်မှာ ခပ်ပါးပါးအပြုံးတစ်ခုဆင်မြန်းထားလျက်ရှိနေလေသည်။
“မင်းသားလေး… နင်တိုအားလုံးအဆင်သင့်ဖြစ်ပြီလား…” ဇူယွမ်တို့လေးယောက်ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ ဝေချင်းချင်းကပြုံးလျက်ပင် သူမဘေးရှိစီနီယာကို ညွှန်ပြကာပြောလိုက်သည်… “ဒါက ဆရာယင်ပဲ… ငါ့မောင်လေးရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကိုကူညီပြီးဖယ်ရှားပေးဖို့ ချီဟောင်ဖိတ်ခေါ်ထားခဲ့တဲ့ မူလမှော်စာလုံးရေးဆရာပဲ…”
ဝေချင်းချင်းရဲ့မိတ်ဆက်ပေးမှုကို ကြားလိုက်ရပြီးနောက်မှာ ဆရာယင်ဆိုသူက ဇူယွမ့်ထံ ထူးမခြားနားစွာဖြင့်တစ်ချက်ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်ခဲ့ပေမဲ့ သူ့ရဲ့အမူအယာက မာနကြီးမှုတွေဖြင့် ပြည့်နှက်လျက်ရှိနေတုန်းပင်ဖြစ်သည်။
အဆင့် ၃မူလမှော်စာလုံးကို ရေးဆွဲနိုင်သည့်ဆရာတစ်ယောက်ရဲ့ခွန်အားက ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သို့ပေတည့်လည်း ဒီလိုမျိုးဆရာသခင်တွေက ဇူအင်ပါယာအတွင်းမှာ အင်မတန်မှရှားပါးလှသည်။
“အဆင့် ၃မူလမှော်စာလုံးကို ရေးဆွဲနိုင်တာနဲ့ပဲ သူ့ကိုယ်သူဆရာတစ်ယောက်အဖြစ် သတ်မှတ်ရဲတယ်လား… ငါ့ဘေးနားမှာရှိနေတဲ့လူတောင်မှ ကိုယ့်ကိုကိုယ်ဒီလိုမျိုးတစ်ခါမှ မပြောခဲ့ဖူးဘူး…” ဇူယွမ် သူ့ရဲ့နှလုံးသားထဲမှာရေရွတ်နေမိသော်ငြား ဆရာယင်ကိုတော့ ပြန်ပြီးခေါင်းညိတ်ပြလိုက်မိသည်။
“သွားကြစို့…”
ဝေချင်းချင်းက ထပ်ပြီးအချိန်ဖြုန်းလိုခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် သူမက အနည်းငယ်စိတ်စောနေလျက်ရှိသည်မှာ ထင်ရှားလှသည်။ သူမရဲ့လက်ကို ဝှေ့ယမ်းပြလိုက်သလို သူမရဲ့မြင်းကလည်း ကန်းလန်စီရင်စုမြို့တော်ထံ ဦးတည်ကာ ပြေးထွက်သွားခဲ့သည်။
ချီဟောင်က သူ့ရဲ့မြင်းဇက်ကြိုးကိုဆွဲလိုက်ပြီး ဇူယွမ်၏ဘေးသို့ကပ်လာခဲ့ကာ ပျော်မြူးနေသည့်အပြုံးတစ်ခုနဲ့အတူ ပြောလိုက်သည်… “မင်းသားလေး… ဒီနေ့ကျော်လွန်သွားရင် ကန်းလန်စီရင်စုက မင်းကိုထပ်ပြီးမကြိုဆိုတော့မှာကို ငါစိုးရိမ်နေမိတယ်… ဖြစ်နိုင်ရင် မင်းကဇူအင်ပါယာမြို့တော်ကို ခပ်မြန်မြန်ပြန်သွားဖို့အတွက် ငါအကြံပေးချင်တယ်…”
ထို့နောက်မှာ ချီဟောင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့ရဲ့မြင်းကိုတစ်ချက်ကန်လိုက်ကာ အနီရောင်မြင်းက ရှေ့ကိုတစ်ဟုန်ထိုးပြေးလွှားထွက်ခွာသွားခဲ့သည်။
ချီဟောင်ရဲ့ထွက်ခွာသွားတဲ့ပုံရိပ်ကို ကြည့်နေရင်းမှပင် ဇူယွမ်၏မျက်လုံးတွေက အလွန်အမင်းအေးစက်သွားခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် ဇူယွမ်က သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး သူ့လူတွေကိုဦးဆောင်ကာ ရှေ့မှထွက်ခွာသွားသည့်လူများနောက်ကို အလျင်အမြန်ပဲ လိုက်ပါသွားခဲ့လိုက်ကြသည်။
သူ့အနေဖြင့် အနည်းငယ်တော့ သံသယဝင်မိပေသည်။ အဆင့် ၃မူလမှော်စာလုံးကိုသာရေးဆွဲနိုင်တဲ့ ဆရာသခင်တစ်ယောက်က အဆိပ်ဘုရင်ရဲ့အဆိပ်ကို ရင်ဆိုင်နိုင်မယ်လို့ ဘာကြောင့်များဒီလောက်ကြီးယုံကြည်မှုရှိနေရတာလဲ။ ထိုအဆိပ်က မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပင် အလွန်အမင်းသတိထားရလိမ့်မည်ဖြစ်သည်။
သူ့အနေဖြင့်လည်း ဒီနေ့ချီဟောင့်လက်ထဲမှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို အမှန်တကယ်မြင်တွေ့လိုလှပေသည်။