Switch Mode

အခန်း ( ၃၄၂ )

ထာဝရကောင်းကင်ဘုရင် အမြုတေ

လူငယ်သည်သာ ထိုသို့ဖြစ်ပျက်သွားခြင်းမဟုတ်ပေ။ အသက်ယဲ့ယဲ့ရှူရင်းရပ်နေသည့် အဘိုးအို၏မျက်လုံးများတွင် ထူးဆန်းသော အလင်းများတောက်ပလာ၏။ ကုံမြစ်ဂိုဏ်းခွဲဌာနချုပ်၏အပြင်ဘက်ရှိ အခြားဂိုဏ်းများမှအကဲခတ်စောင့်ကြည့်နေကြသူများ၏ မျက်နှာတို့တွင်လည်း အလွန်အမင်းအံ့သြတုန်လှုပ်သွားသော အမူအရာများထင်ဟပ်လာတော့သည်။

“အဲဒါဘယ်သူလဲ… သူရဲ့အရှိန်အဝါက.. ဒါက… ”

“နတ်အဆင့်ခေါင်းဆောင်ကြီးတွေကို ရင်ဆိုင်ရတုန်းကတောင် မတုန်လှုပ်ခဲ့ဖူးဘူး”

” အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ဒီလိုသီးသန့် စွမ်းအားတွေ ရှိလိမ့်မယ်လို့ ဘယ်သူကထင်မှာတုံး ”

အဏ္ဏဝါခေါ်သံဂိုဏ်း၏ကျန်အဖွဲ့သုံးဖွဲ့ပင်လျှင် လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။ ဖုန်းရှိန်ကျစ်၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့က သူတို့၏အင်အားအစစ်အမှန်ကို သိုသိုသိပ်သိပ်ထိန်းသိမ်းထားနိုင်သည်ကို ထပ်မံသဘောကျသွားမိသည်။ ထိုကဲ့သို့ အလိုရှိသလိုအသုံးပြုနိုင်သော စွမ်းအားမျိုး သူတို့၌ရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

ပိုင်ရှောင်ချန်းမှာ ကလေးမလေးအားကြည့်ရင်း မျက်လုံးများပြူးလာတော့သည်။ သူ့ထက်ထိုမိန်းကလေးအကြောင်းကိုပို၍သိသူများရှိသော်လည်း သူက ကျန်လူများထက် သူမနှင့်ပို၍ရင်းနှီးကျွမ်းဝင်နေသေးသည်။

အမှန်တွင် သူမကို ပထမဆုံးကြည့်ခဲ့သည့်အချိန်တုန်းက သူမ၏အသံကိုပင်ကြားခဲ့ရသည်။

ယခုတွင်တော့ ကလေးမလေးသည် ခေါင်းတလားထဲကထွက်လာရာ ပိုင်ရှောင်ချန်းသည် သူမထံမှ တလိပ်လိပ်ထွက်ပေါ်နေသည့် ဖော်ပြမတတ်အောင်ကြောက်မက်ဖွယ်ကောင်းလှသော အခိုးအငွေ့များကို ချက်ချင်းခံစားရလိုက်သဖြင့် ရင်ခုန်လာတော့သည်။

ထိုအရာအားလုံးက ဖော်ပြရန်အချိန်အနည်းငယ်သာကြာလိုက်သော်လည်း သူမမျက်လုံးဖွင့်ချိန်မှ လေထဲတွင်ပေါ်လာသည့်အချိန်တိုင်အောင် လျှပ်တစ်ပြက်သာကြာလိုက်သည်။

မည်သူမှ မတုံ့ပြန်နိုင်လိုက်ခင် ကလေးမလေးသည် ကောင်းကင်မှအကြည့်လွှဲကာ ဧရာမနွားချီးပိုးကြီးအပါအဝင် လူသားအားလုံးအား သိမ်းကြုံး ကြည့်လိုက်သည်။

ထို့နောက် သူမက လက်ကလေးအသာမြှောက်ပြီး ပိုးကောင်ကို လက်ညှိုးထိုးလိုက်သည်။

ထိုအခိုက်အတန့်တွင် သေမင်းတမန် နွားချီးပိုးကြီးမှာ တဆတ်ဆတ်တုန်လာကာ တန်ပြန်တိုက်ခိုက်နိုင်စွမ်းများ ယုတ်လျော့သွားပုံရလေသည်။ ဘယ်သူမှ မှော်ပညာရပ်တစ်ခု၏လှိုင်းဂယက်တစ်ခုကိုမှ မမြင်လိုက်ရသော်လည်း သေမင်းတမန်နွားချီးပိုးကြိီးမှာ အပြင်းအထန် တုန်ခါလာလေသည်။

တခဏကြာသော် နွားချီးပိုးကောင်ကြီးမှာ ပြာဖြစ်ကာ လေထဲတွင်ပျောက်ကွယ်သွားတော့သည်။ မိန်းကလေး၏ လက်ချောင်းတစ်ချက်ဝှေ့လိုက်ရုံဖြင့် သဘာဝနိယာမတို့ဖောက်ပြန်သွားပြီး နွားချီးပိုးကြီးဖြစ်တည်မှုအား အစအနမကျန်ဖျောက်ပစ်လိုက်လေသည်။

လောလောလတ်လတ်ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများ၏မျက်လုံးများသည် ပြူးကျယ်နေကြပြီး ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများ၏ခေါင်းများ ချာချာလည်နေလေသည်။

ပိုင်ရှောင်ချန်းမှာ အံသြတုန်လှုပ်ခြင်းများစွာဖြင့် မျက်လုံးများ ပြူးထွက်လျက် လေထဲတွင် ရပ်တန့်နေသည်။ ဘယ်သူမှ သတိမထားမိလိုက်သည့်အရာအား သူယခုလေးတင်မျက်မြင်တွေ့လိုက်ရသည်။ သူ၏ကောင်းကင်တာအိုအမြုတေစွမ်းအားကြောင့် မိန်းမပျိုလေး၏ လက်ချောင်းက အပ်ချည်မျှင်တစ်ခုကဲ့သို့ အရာပေါ်တွင် တုန်ခါသွားစေလိုက်ကြောင်း သတိပြုမိလိုက်လေသည်။

ထိုအနည်းငယ်မတည်မငြိမ်ဖြစ်ခြင်းက သူနားမလည်သော ပြောင်းလဲခြင်းတစ်ခုဖြစ်သွားစေကာ သေမင်းတမန် နွားချီးပိုးကြီးမှာ ပျောက်ကွယ်သွားလေပြီ။

လောလောလတ်လတ်ဖြစ်သွားသည်မှာ မှော်ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များအားနားလည်ခြင်းဖြင့် ရှင်းမပြနိုင်သည့် အရာဖြစ်တော့သည်။

အခြားသုံးဂိုဏ်းမှ လူသုံးယောက်အတွက်မူ ဦးရေခွံများ စပ်ဖျဥ်းဖျဥ်းဖြစ်သွားပြီး သိသိသာသာပင် တုန်လှုပ်သွားတော့သည်။ အမှန်တွင် ဘယ်လိုစွမ်းအားအမျိုးအစားက ထိုသေမင်းတမန် နွားချီးပိုးကြီးကဲ့သို့အလယ်အဆင့် ဝိညာဥ်ရတနာတစ်ခုအား အသာလေးရှင်းလင်းပစ််နိုင်ကြောင်း သူတို့မှာ တွေးပင်မတွေးနိုင်ကြတော့ချေ။

သို့သော်လည်း ထိုစွမ်းအားသာ သူတို့အပေါ်သက်ရောက်လာပါက ဘာဖြစ်လာလိမ့်မည်ကိုတော့တွေးကြည့်နိုင်လေသည်။ သူတို့ချက်ချင်းပင် ပြာဖြစ်သွားပေလိမ့်မည်။

ကုံမြစ်ဂိုဏ်းခွဲရှိ လူငယ်မှာ အံ့သြတုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။
“အပြင်လူ.. စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှာ အပြင်လူတစ်ယောက်ရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး”

သူ၏မျက်လုံးတွင်းရှိ မိန်းမပျိုလေးအား စူးစမ်းနေသောအကြည့်ထက် ပို၍လေးနက်သည်မှာမရှိပေ။

အဘိုးအိုက ရုတ်တရက်ထရယ်လိုက်၏။
” အပြင်လူတွေက နိမိတ်မရှိဘူး။ လူတိုင်းအဲဒါသိတယ်. ဒါ့အပြင် အပြင်လူနဲ့ ပတ်သက်တဲ့ ဘယ်ဂိုဏ်းမဆို ညစ်ညမ်းဆိုးယုတ်လာပြီး မင်္ဂလာမရှိတော့ဘူး”

အဘိုးအို၏ မျက်လုံးတွင်း၌ မျှော်လင့်ချက်ရောင်ခြည်များအားမြင်ရလေသည်။

လူငယ်မှာ တိတ်ဆိတ်နေဆဲပင်။ သူက ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်ငါးဦးထဲမှ တစ်ဦးဖြစ်ပြီး သူ့ဘေးပတ်လည်ရှိကမ္ဘာကို အလွန်လေးလေးနက်နက်ထိုးထွင်းသိမြင်သည်။ သူသည် အပြင်လူများက အမှန်တကယ်ကိုပင် မယုံကြည်နိုင်ဖွယ်နိမိတ်မကောင်းကြောင်းသိသည်။ သို့သော်လည်း တချိန်တည်းမှာပင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ရပ်တည်ချက်မှာ လက်ရှောင်ပြီး သူတို့အား လျစ်လျူရှုထားရန်ဖြစ်သည်။

“ချီးပဲ ”
လူငယ်က တွေးလိုက်သည်။
” စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှာ တော်တော် စွမ်းအားကြီးတဲ့လူတစ်ယောက်ယောက်တော့ရှိကိုရှိရမယ်. .. အပြင်လူပေါ်လာတာက သေမင်းတမန်နွားချီးပိုးကြီးကို ရှင်းဖို့ပဲမဟုတ်လောက်ဘူး.. ငါ့ကို ပညာပြချင်ပုံပဲ.။ ကောင်းပြီလေ.. ငါလဲ အဲ့လို လုပ်နိုင်တယ်ကွ”
စစ်မြေပြင်ကို စိုက်ကြည့်ရင်း သူက ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ကွက်ကို ရုတ်တရက်ဖော်လိုက်ပြီးနောက် ဘေးနားရှိ သစ်ပင်ကိုယ်ထည်ကြီးကို လက်ဖြင့် ရိုက်ချလိုက်သည်။

အဘိုးအိုမှာမျက်နှာပျက်သွားကာ လူငယ်အားတားချင်ပါသော်လည်း မတတ်နိုင်ပေ။ သစ်ပင်ကိုယ်ထည်ကြီးအား လူငယ်ရိုက်ချလိုက်သည်နှင့် သက်စောင့်အားများရုတ်တရက်ထွက်ပေါ်လာပြီး ကုံမြစ်ဂိုဏ်းခွဲ၏အိမ်ဖြစ်သောရှေးဟောင်းကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်ကြီးသည် ပြင်းထန်စွာ ရုန်းထလာတော့သည်။

စွမ်းအားပြင်းဟိန်းဟောက်သံကြီးကြားလိုက်ရကာ စစ်မြေပြင်ပေါ်သို့ အကိုင်းအခက်အမြောက်အမြားပျံထွက်သွားပြီး ကုံမြစ်ဂိုဏ်းခွဲကျင့်ကြံသူများ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးများကိုပင်လျှင် ရစ်ပတ်သွားတော့သည်။ ထို့နောက် အကိုင်းအခက်များက ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကြီးအထဲသို့ ကျင့်ကြံသူများအား ဆွဲခေါ်သွားရင်း နောက်ပြန်ဆုတ်သွား၏။

ကျင့်ကြံသူများမှာ မျိုချခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းကင်သစ်ပင်ကြီးအတွက် အာဟာရများဖြစ်သွားကာ ၄င်း၏ သက်စောင့်အားမှာ တဟုန်ထိုးထွက်ပေါ်လာတော့သည်။

ထိုသည်က ညောင်ပင်ကြီးကို ပြန်လည်ကုသပေးပြီး ကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်ကြီး၏ပင်စည်ပေါ်တွင် ဧရာမလက်ဝါးရာကြီးများဖြစ်ပေါ်လာစေ၏။ မရေမတွက်နိုင်သော အကိုင်းအခက်များပျံ့နှံလာပြီး သစ်ရွက်များထွက်လာတော့သည်။ ပို၍ပြင်းထန်သောဟိန်းဟောက်သံများကို ကြားလိုက်ရပြီးနောက် ဧရာမသစ်ပင်ကြီးသည် သွေးဘိုးဘေးကြီးချုပ်နှောင်ခဲ့သော အဓိကအကိုင်းကြီးနှစ်ခုကိုဖြတ်ပစ်လိုက်ရင်းတုန်ခါလာတော့သည်။ ထို့နောက် ဧရာမသစ်ပင်ကြီးက တစ်ကိုယ်လုံးထောင်မတ်လာတော့သည်။

သစ်ပင်ကြီးက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေသည့် အော်သံကြီးဖြင့် ဟိန်းဟောက်လိုက်ပြီးနောက် ရဲရဲနီနေသောမျက်လုံးများပွင့်လာကာ လေထဲရှိကလေးမလေးအားစိုက်ကြည့်လိုက်သည်။

ကလေးမလေးနိုးထရန် အသက်ရှူချိန်ဆယ်ကြိမ်သာရှိသည်။ အရာအားလုံးက အနှေးပြကွက်တစ်ကွက်အလား ဖြစ်ပျက်နေသယောင်ရှိသော်လည်း အမှန်တွင် အသက်ရှူချိန်ဆယ်ကြိမ်အထိမကုန်သော်လည်း ရှစ်ကြိမ်သို့မဟုတ်ကိုးကြိမ်တော့ကုန်နှင့်လေပြီ။

ကလေးမလေးမှာ ညိုးနွမ်းလာနေပြီဖြစ်ကာ သူမ၏မျက်လုံးတွင်းမှအလင်းမှာ ပျောက်ကွယ်လာလေပြီ။ သို့ထိတိုင်အောင် သူမက ဟိန်းဟောက်နေသော သစ်ပင်ကြီးအား လှည့်ပင်မကြည့်ချေ။ ထိုအစား သူမက အံ့သြတုန်လှုပ်နေသည့် ပိုင်ရှောင်ချန်းကို ခေါင်းလှည့်ကြည့်လိုက်သည်။

ရင်းနှီးသော်လည်း ထူးဆန်းသောအသံတစ်ခုက သူ့ကိုစကားပြောနေသဖြင့် ပိုင်ရှောင်ချန်း၏ ခေါင်းမှာ ချက်ချင်းပင် ချာလပတ်ရမ်းကာ မူးလာတော့သည်။

“မင်းကို ငါရဲ့ ချီနဲ့သွေးနည်းနည်းပေးမယ်..
အဏ္ဏဝါဆေးလုံးကို အနှေးနဲ့အမြန် မင်း ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”

ကလေးမလေးက လက်ခလယ်ကို ဝှေ့ယမ်းလိုက်ပြီး လက်ထိပ်မှ သွေးတစ်စက်ထွက်လာကာ ပိုင်ရှောင်ချန်း၏နဖူးထံ လျှပ်စီးကဲ့သို့အရှိန်ဖြင့် တဟုန်ထိုးဦးတည်သွားလေသည်။ မျက်စိတစ်မှတ်အတွင်းမှာပင် ၄င်းက သူ့ကိုယ်ထဲဝင်ကာ ပေါင်းစပ်သွားလေပြီ။

ထိုအရာပြီးမြောက်သွားသည်နှင့် ကလေးမလေးမှာ ပျောက်ကွယ်သွား၏။

တခဏကြာသော် သူမက မျက်လုံးများပိတ်ထားသော ရုပ်အလောင်းတစ်ခုအသွင် ကောင်းကင်တံတားစစ်သင်္ဘောအထဲရှိ ခေါင်းတလားထဲတွင်ပြန်ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်း၏တစ်ကိုယ်လုံးတုန်တက်သွားပြီး သူ၏ချီနှင့်သွေးများ ဆူပွက်လာသည်။ လောလောလတ်လတ် သူကိုယ်အတွင်း စုပ်ယူလိုက်သည့် ထိုသွေးတစ်စက်တွင် အဆုံးအသတ်မဲ့စွမ်းအားများပါဝင်ပုံရလေသည်။ စွမ်းအားတို့ပျံနှံ့လာသည်နှင့် ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးအသံရှည်ကြီးဆွဲအော်လိုက်သည်။ တချိန်တည်းမှာပင် အဇူရာကိုးကောင်က သူ့နောက်တွင်ပေါ်လာ၏။ ထို့နောက် သွေးစက်၏လှုံဆော်မှူဖြင့် ဆယ်ကောင်မြောက် အဇူရာတစ်ကောင်ဖြစ်တည်လာတော့သည်။

ဆယ်ကောင်မြောက်အဇူရာပေါ်သည်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးတို့က ရဲရဲနီလာ၏။ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သဖြင့် ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါသွားတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းရှိလူတိုင်းသည် လုံးဝတုန်လှုပ်နေကြလေပြီ။

သူ၏အပြင်အားခန္ဓာကိုယ်စွမ်းအားသည် တဟုန်ထိုးမြင့်တက်လာပြီး ဒုတိယအတားအဆီးအားရင်ဆိုင်လိုက်ရသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ စွမ်းအားအနည်းငယ်ထပ်ထည့်လိုက်ပါက အဆင့်တက်တော့မည့်ပုံပင်။

“ထာဝရကောင်းကင်ဘုရင်ခန္ဓာကိုယ်” သူ့ထံမှ တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာကာ လည်ပင်းနှင့်တကွမျက်နှာပေါ်တွင် သွေးကြောပြာကြီးများ ထောင်လာတော့သည်။ တစ်ဆက်တည်းမှာပင် သူ့နောက်ရှိ အဇူရာဆယ်ကောင်မှာ အတူတကွပေါင်းစည်းလာ၏။

တစ်ကောင်တည်းဖြစ်သွားသောအခါ ကြောက်မက်ဖွယ်အပြင်အားက ပိုင်ရှောင်ချန်းကိုယ်ထဲမှ ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။

အဇူရာတစ်ကောင်ထံပေါ်သို့ ရွှေရောင်သံချပ်ကာကျဆင်းလာသောကြောင့် ၄င်းထံမှ ရွှေရောင်အလင်းရောင်ခြည်များ ထွန်းလင်းတောက်ပလာတော့သည်။ ၄င်း၏ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်သည် အလွန်လျင်မြန်စွာ ပြောင်းလဲနေသည်။

များမကြာမီ ၄င်း၌ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိနေလေသည်။ ယခုတွင် မီတာသုံးရာတိတိမြင့်၍ ဒေါသထွက်နေသော ဧရာမ ကောင်းကင်ဘုရင်ကြီးတစ်ကောင်ဖြစ်သွားလေပြီ။ ၄င်းသည် ထာဝရာကောင်းကင်ဘုရင်ပင်။

ထာဝရကောင်းကင်ဘုရင်၏ အသွင်အပြင်က နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် ဒုတိယအတားအဆီးကို ကျော်ဖြတ်သွားပြီဟုဖော်ပြနေလေသည်။

အောင်မြင်သွားသဖြင့် သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ ပို၍ လွတ်လပ်ပေါ့ပါးသွားသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။ သူ၏အပြင်အားသည် တဟုန်ထိုးတက်နေပြီး တချိန်တည်းမှာပင် ထာဝရကောင်းကင်ဘုရင်၏ပုံရိပ်အတွင်း၌ တစ်စုံတစ်ခုအား မြင်လိုက်ရသည်။ ၄င်းသည် ရွှေအမြုတေတစ်ခုပင်။

၄င်းမှာ ထာဝရကောင်းကင်ဘုရင်အမြုတေကလွဲ၍ တခြားမဟုတ်ပေ။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သဖြင့် ထာဝရကောင်းကင်ဘုရင်နှင့် ၄င်းအတွင်းရှိ အမြုတေတို့ သူ့ထံပျံလာ၏။ မျက်စိတစ်မှိတ်တွင်းမှာပင် ၄င်းက သူနှင့်ပေါင်းစပ်သွားကာ ယခင်ထက်ပို၍ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားတစ်ခုပေါ်ထွက်လာတော့သည်။

၄င်းသည် အမြုတေနှစ်ခုစွမ်းအားဖြစ်သည်။

တစ်ဆက်တည်းမှာပင် ကလေးမလေးထံမှ သွေးစက်က ပိုင်ရှောင်ချန်းကို အဏ္ဏဝါဆေးလုံးနှင့်ပတ်သက်၍နက်နက်ရှိုင်းရှိုင်းဉာဏ်အလင်းပေါက်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူ့မှာ အကြံအသစ်များပေါ်လာပြီး ဆေးလုံးဖော်စပ်နိုင်ရန် ယုံကြည်ချက်အနည်းငယ်ရှိလာတော့သည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကြီးက လေထဲတွင်မြင့်တက်လာနေဆဲဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူအမြောက်အမြား ၄င်းထံမှတဟုန်ထိုးပျံပြေးလာကြသည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာမူ သွေးဘိုးဘေးကြီးထံသွားရန် ဖုန်းရှိန်ကျစ်၏ နောက်မှလိုက်ပါသွားကြလေသည်။

ပိုင်ရှောင်ချန်းဖြစ်ပျက်နေသည်တို့ကြောင့် လူတိုင်းမှာ တုန်လှုပ်နေကြသော်လည်း ထိုအခြေအနေကို စဥ်းစားတွေးခေါ်နေရန် အချိန်မရှိပေ။ ဖုန်းရှိန်ကျစ်က ချက်ချင်းဟိန်းဟောက်လိုက်သည်။
” ညမုဆိုး.. လူလေး.. သွေးဘိုးဘေးကြီးကို လာထိန်းချုပ်ပြီး အဲ့ကောင်းကင်ညောင်ပင်ကြီးကို သတ်ဟေ့ “

Comment

Leave a Reply

Options

not work with dark mode
Reset