အခန်း ( ၃၄၁ )

သန့်ရှင်းသောဝိညာဥ် နိုးထလာခြင်း

တိုက်ပွဲကြီးမှာ ပို၍ ရက်စက်ကြမ်းကြုတ်ကာ ပြင်းထန်လာတော့သည်။ ကုံမြစ်ဂိုဏ်းခွဲ၏ ထိခိုက်ဒဏ်ရာ အသေအကျေအပျက်အစီးများမှာ အဏ္ဏဝါခေါ်သံဂိုဏ်းထက် များစွာ ကျော်လွန်နေသည်။ လူများမှာ အချိန်တိုင်းလိုလိုတွင် ထိခိုက်ဒဏ်ရာ ရသူကရ၊ အသက်ဆုံးရှုံးသူက ဆုံးရှုံးနေကြသဖြင့် ကုံမြစ်ဂိုဏ်းခွဲကြီးမှာ တိတ်ဆိတ်နေတော့သည်။

ကုံမြစ်ဂိုဏ်းခွဲ၏ အလယ်တည့်တည့်ရှိ ကြီးမားသောသစ်ပင်ကြီးပေါ်တွင် ပေါက်ရောက်နေသည့် အပင်တစ်ပင်ရှိသည်။ ထိုအပင်လေး၏ ထိပ်တွင် သစ်သားအိမ်တစ်အိမ်ရှိပြီး ၎င်းအိမ်၏ အပြင်ဘက်တွင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်က မတ်တတ်ရပ်နေပြီး တိုက်ပွဲကြီးကို လှမ်းကြည့်နေသည်။ သူ၏နေရာမှဆိုလျှင် တိုက်ပွဲကြီးမှလာသည့် အော်ဟစ်သံများနှင့် ပေါက်ကွဲသံများကို အတိုင်းသား ကြားနေရပေသည်။

သူသည် အလွန်အမင်း အားအင်ဆုတ်ယုတ်နေသည့်ပုံပေါ်နေပြီး အနီးကပ်ကြည့်လိုက်ပါက သေခြင်းတရား၏ အငွေ့အသက်တစ်ခုကို ခံစားနိုင်မည်ဖြစ်သည်။ သူသည် နောက်ဆုံးထွက်သက်ကို ရှူနေသည့်အလား ဖြစ်နေသည်။

ထိုအဘိုးကြီးဘေးတွင် နှင်းဆီရောင်နှုတ်ခမ်းနှင့် ဖြူဖွေးနေသော သွားများပိုင်ဆိုင်ထားသော ခံ့ညားသည့် လူငယ်တစ်ယောက် ရှိသည်။ သူသည် အမျိုးသမီးတစ်ဦးနီးပါးပင် ချောမောပြီး မွှေးပျံ့သော ရနံ့တစ်ခုကိုပင် ထုတ်လွှတ်နေသည်။ သူသည် တောက်ပြောင်သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး နတ်သတ်ကြွေကျထားသည့်အလားပင် ဖြစ်နေတော့သည်။ သူသည် နောက်ဘက်တွင် လက်နှစ်ဖက်ကိုပစ်ကာ တိုက်ပွဲကြီးကို လေ့လာသုံးသပ်နေသည်။ သူသည် ပိုင်ရှောင်ချန်းကို အထူးစိတ်ဝင်စားနေဟန် ရှိသည်။

အချိန်အတော်ကြာသွားပြီးနောက် အဘိုးကြီးမှာ မောပန်းကာ လုံးထွေးနေသည့် အသံဖြင့် မေးလိုက်သည်။
” တာအိုရောင်းရင်းလီရေ။ ဒီလောက်ဆို တော်လောက်ပြီလို့ မထင်ဘူးလား။ ”

လူငယ်က ပြုံးကာ အဘိုးကြီးကို လှမ်းကြည့်လိုက်လေသည်။
” မတော်သေးပါဘူးဗျ။ အေးဆေးပေါ့။ ” ထို့နောက် သူက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
” တာအိုရောင်းရင်ချိန်ရာ။ ဒီလိုတွေဖြစ်မယ်ဆိုတာ ကြိုသိရင် စောစောကထဲက ခင်ဗျားအပြစ်တွေကို ဆေးကြောခဲ့မှာလား။ ”

အဘိုးကြီးမှာ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ် နေလိုက်တော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများမှာ အနည်းငယ်မှေးမှိန်သွားပြီး မေးလိုက်လေသည်။
” ဘယ်အချိန်မှ တော်မှာတုံး။ လူတွေအများကြီးလည်း သေကုန်ကြပြီလေ။ ”

အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ထိုလူငယ်မှာ ပြုံးကာ ဆိုလိုက်သည်။
” ဟုတ်ပါပြီဗျာ။ ဒီလိုလုပ်။ ခင်ဗျားတို့ ကုံမြစ်ဂိုဏ်းခွဲရဲ့ သီးသန့်စွမ်းအားကို ထုတ်လိုက်။ အဲ့တာ ပျက်စီးသွားပြီဆိုတာနဲ့ ဒီပြစ်ဒဏ်ကြီးကို အဆုံးသတ်လို့ရပြီ။”

အဘိုးကြီးမှာ ပို၍ပင် ပင်ပန်းနွမ်းနယ်သွားတော့သည်။ လူအများစုမှာ သူသေပြီဖြစ်ကြောင်း တွက်ထားကြပြီဖြစ်သည်။ သို့သော်လည်း ကုံမြစ်ဂိုဏ်းခွဲ၏ စစ်မှန်သော ခေါင်းဆောင်ကြီးဖြစ်သည့်အလျှောက် ဤအဘိုးကြီးမှာ နတ်အဆင့်သို့ ရောက်နေပြီဖြစ်၍ ဒဏ်ရာအပြင်းအထန် ရခဲ့သည်ကိုပင် သူ၏ အသက်ကိုရှည်အောင် ဆွဲဆန့်နိုင်သည့် နည်းလမ်းများစွာ ပိုင်ဆိုင်ထားသည်။ မီးငြိမ်းတော့မည့် ရေနံဆီမီးအိမ်တစ်လုံးကဲ့သို့ ဖြစ်နေပါသော်လည်း သူ အသက်ဆက်ရှင်နေသေးသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ကုံမြစ်ဂိုဏ်းခွဲကို အပြီးတိုင်မဖျက်စီးပဲ ဤအဘိုးကြီးအား သူ၏ဂိုဏ်းပျက်စီးသည်ကို ကြည့်ခိုင်းစေချင်နေသည်။ ဤအရာမှာ သူ၏အပြစ်ဒဏ်ဖြစ်ကြောင်းကို သူ့ကို အသိပေးချင်သည်။ ကျင့်ကြံသူ ပမာဏတစ်ခုထိ သေဆုံးပြီးမှသာလျှင် ကျန်ဂိုဏ်းသားများကို အသက်ရှင်သန်ခွင့် ပေးမည်ဖြစ်သည်။

အဘိုးကြီးမှာ သက်ပြင်းချလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ သူ၏ဘေးရှိ သစ်ပင်ပင်စည်ကို တို့ထိလိုက်သည်။

ထိုအခါ သစ်ပင်ကြီးမှာ တုန်ရီသွားပြီး ထိုတုန်ရီမှုမှာ လျင်မြန်စွာ ပျံ့နှံသွားသည်။ မျက်စိတစ်မှိတ်အတွင်း ညောင်ပင်ကြီး တစ်ပင်လုံးမှာ တုန်ရီနေတော့သည်။ ထို့နောက် သစ်ပင်အတွင်းမှ မရေမတွက်နိုင်အောင် များပြားသော အဖြူရောင် ပိုးကောင်များ ပျံထွက်လာသည်။

ထိုပိုးကောင်တစ်ကောင်ချင်းစီမှာ လက်ချောင်းတစ်ချောင်းအရွယ်အစားမျှသာ ရှိသော်လည်း စူးရှစွာအော်ဟစ်နေကြပြီး စွမ်းအားကြီးအငွေ့အသက်များကိုပါ ထုတ်လွှတ်နေကြသည်။ သူတို့ပေါ်ထွက်လာသည်နှင့် တပြိုက်နက် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြတော့သည်။

ထိုဖြစ်ရပ်ကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်သွားကြသည်။ ညောင်ပင်ကြီးထဲမှ ပိုးကောင်များ အုပ်လိုက်ကြီး ပျံထွက်လာကြသဖြင့် တိုက်ခိုက်နေမှုများမှာ ခေတ္တမျှ ရပ်တန့်သွားကြသည်။ တစ်ခဏအကြာတွင် ၎င်းတို့မှာ ကောင်းကင်ကြီးကို အုပ်မိုးသွားသည့် အတွက် ကြက်သီးမွေးညင်းများပင် ထစရာ ကောင်းနေတော့သည်။

ကုံမြစ်ဂိုဏ်းခွဲထဲတွင် ထိုပိုးကောင်များအကြောင်းကို သိရှိသူမှာ အနည်းငယ်မျှသာရှိပြီး ထိုသူများ၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုအရိပ်အယောင်များ ပေါ်လာတော့သည်။

ဂိုဏ်းတစ်ဂိုဏ်းလုံးကို အဖြူရောင်ပိုးကောင်များက ဖုံးလွှမ်းသွားပြီး သူတို့ပျံဝဲနေရာမှ ထွက်ပေါ်လာသည့် တဝီဝီမြည်သံများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းမှာ မရေမတွက်နိုင်သော ပိုးကောင်များက ပိုးကောင်ပင်လယ်ကြီးတစ်ခုအလား စုဝေးနေကြသည်ကို တအံ့တသြ မော့ကြည့်လိုက်ကြတော့သည်။

ထို ပိုးကောင်ပင်လယ်တစ်ခုထဲသာ ပေါ်ထွက်လာသည်ဆိုပါက ပြဿနာကြီးကြီးမားမား မဟုတ်ချေ ။ သို့သော်လည်း ထိုပိုးကောင်များမှာ ပူးကပ်နေကြပြီး မကြာမီ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် ဧရာမ နွားချီးပိုးကောင်ကြီးတစ်ကောင်၏ ပုံစံဖြစ်သွားတော့သည်။

ထို နွားချီးပိုးကောင်ကြီး ပေါ်ထွက်လာသောအခါ အနက်ရောင်မဟုတ်တော့ပဲ နီမြန်းစွာတောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အသက်အန္တရာယ်ရှိစေနိုင်လောက်အောင် အဆိပ်ပြင်းသည့် အနက်ရောင် တောက်ပလျက် ထွက်ပေါ်နေသော မရေမတွက်နိုင်သည့် ဆူးချွန်ကြီးများဖြင့် ဖုံးအုပ်ထားလေသည်။

နွားချီးပိုးကြီးမှာ ကြောက်မက်ဖွယ် အော်ဟစ်လိုက်သဖြင့် ကျင့်ကြံသူများစွာမှာ သွေးများအန်ကုန်ကြတော့သည်။ ထိုကျင့်ကြံသူများထဲတွင် အဏ္ဏဝါခေါ်သံဂိုဏ်းကသာမက ကုံမြစ်ဂိုဏ်းခွဲက ကျင့်ကြံသူများပါ ပါဝင်သည်။

ဤ နွားချီးပိုးကြီး၏ ကြောက်မက်ဖွယ် သဘာဝကြောင့် လူတိုင်းမှာ ကျောချမ်းကုန်ကြတော့သည်။

ပိုင်ရှောင်ချန်းပင်လျှင် နွားချီးပိုးကြီးကိုကြည့်ကာ တုန်ရီနေသည်။ သူသည် လောလောလတ်လတ်မှ အမြူတေအဆင့်သို့ ဝင်ရောက်ထားသည်ဖြစ်ပါသော်လည်း နွားချီးပိုးကြီး၏ အငွေ့အသက်ကြောင့် သူ ကြောက်လန့်တုန်လှုပ်နေရသည်။

” သေမင်း နွားချီးပိုးကြီးပါလား။ ”

” ကုံမြစ်ဂိုဏ်းခွဲရဲ့ သီးသန့်စွမ်းအား နှစ်ခုထဲက တစ်ခုဖြစ်တဲ့ သေမင်း နွားချီးပိုးပဲ။ ”
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများစွာမှာလည်း အံ့အားသင့်သွားကြသည်။ ဟန်ဇောင် နှင့် နတ်ဆရာ တို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်နှာပေါ်ရှိ စိုးရိမ်နေသော အမူအရာများကို အခြားတစ်ယောက်က သတိထားမိလိုက်လေသည်။

နွားချီးပိုးကြီးမှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ရှေ့သို့ ခုန်ကာ အစိမ်းရောင်ငွေ့ရည်တန်းကြီးတစ်ခုကို ထွေးထုတ်လိုက်သဖြင့် မိုးရေများအလား ကျဆင်းလာတော့သည်။ ထိုအရည်များနှင့် ထိမိသမျှ အရာအားလုံးမှာ အရည်ပျော်ကျသွားကြသည်။ ကမ္ဘာမြေကြီး အပါအဝင်ဖြစ်သည်။

ချက်ချင်းပင် သနားစဖွယ်အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ကုံမြစ်ဂိုဏ်းခွဲ၏ ကျင့်ကြံသူများပင်လျှင် ထိုအရည်များ၏ ဒဏ်ကို ခံစားနေရတော့သည်။

ထိုအက်စစ်မိုးကြီး၏ တိုက်စားမှုအစွမ်းများမှာ ပိုင်ရှောင်ချန်းဆေးဖော်စပ်ခဲ့စဥ်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။ သူက ထိတ်လန့်စွာဖြင့် နောက်သို့ဆုတ်သွားတော့သည်။

” အဲ့တာ ဘာကြီးတုံးဟ။”

လူတိုင်းမှာ ဂယောင်ခြောက်ခြားဖြစ်နေကြစဥ် သေမင်း နွားချီးပိုးကြီးမှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး အရပ်မျက်နှာအနှံ့သို့ ဆူးချွန်များကို ပစ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းမှာ ပါးစပ်ဖွင့်ကာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖမ်းယူလိုက်ပြီး မျိုချလိုက်သည်။

ထို့နောက်၎င်းမှာ မြေကြီးပေါ်သို့ ဝုန်းခနဲ ကျဆင်းလာပြီး ဘောလုံးတစ်လုံးအသွင် ပြောင်းလဲကာ အရပ်မျက်နှာပေါင်းစုံသို့ လှိမ့်ကာ ၎င်း၏လမ်းတစ်လျှောက်ရှိ အားလုံးကို တက်ကြိတ်နေသဖြင့် သွေးပွက်များအဖြစ်သို့ ရောက်ကုန်ကြတော့သည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၏ တိုက်ကွက်များပင်လျှင် ၎င်းကို တုံ့နှေးအောင် မလုပ်နိုင်ခဲ့ချေ။ စွမ်းအားအလွန်ကြီးမားသည့် တိုက်ကွက်အနည်းငယ်မှာ သူ့ကိုထိခိုက်အောင်လုပ်နိုင်ပါသော်လည်း ပိုးကောင်ကြီးမှာ အသေးစား အဖြူရောင် ပိုးကောင်များအဖြစ် ပြိုကွဲသွားကာ ခဏအကြာတွင် ပြန်လည် ပေါ်ပေါက်လာပြန်တော့သည်။

သစ်သားအိမ်လေးထဲတွင် လူငယ်မှာ
ဖြည်းညင်းစွာ လက်ခုပ်တီးနေပြီး ပြုံးကာ ဆိုလိုက်လေသည်။
” အိုး။ သေမင်း နွားချီးပိုး တစ်ကောင်ပါလား။ အလယ်အဆင့်ရှိပြီး ပြီးပြည့်စုံတဲ့ ဝိညာဥ်ရတနာတစ်ခုပဲ။”

အဘိုးကြီးမှာ ဘာမှ ပြန်မပြောချေ။

” ဒီ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ သီးသန့်စွမ်းအား အချို့ရှိပေမဲ့ ရှိသမျှအားလုံးက မော်တယ်အဆင့် ဝိညာဥ်ရတနာတွေချည်းပဲ။ ဒါပေမဲဲ့ တမူထူးခြားတဲ့ သွေးဘိုးဘေးကြီးတော့ ရှိပါသေးတယ်။ သူတို့ခေါင်းဆောင်ကြီးတွေက အဲ့ သွေးဘိုးဘေးကြီးကို မထိဖို့ အမိန့်ထုတ်ထားတာ သနားစရာပဲ။ ” လူငယ်မှာ သူ၏ခေါင်းကို ဝမ်းနည်းစွာ ခါယမ်းလိုက်သည်။

” စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်တစ်ခုရှိတယ်လို့ ငါကြားဖူးတယ်။ ငါတို့ရဲ့ အမြင်တွေကို ချဲ့ပေးနိုင်မယ့် ဝိညာဥ်ရတနာတွေများ သူတို့ဆီမှာ ရှိနေမလားမသိဘူး။ ”
လူငယ်မှာ ဖြစ်ပျက်နေသည်များကို ပို၍ စိတ်ဝင်စားနေတော့သည်။

တိုက်ပွဲကြီးကို လှမ်းကြည့်လိုက်သောအခါ သေမင်းနွားချီးပိုးကြီးမှာ ရှေ့နောက် ခုန်ပေါက်နေသဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အထိနာနေကြောင်းကို သူက မြင်လိုက်ရတော့သည်။

ဤအခြေအနေကိုသာ မဖြေရှင်းနိုင်ပါက သေဆုံးမှု ပမာဏမှာ အလွန်များပြားလာမည်ဖြစ်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများအားလုံးမှာ ဟန်ဇောင်ကို လှမ်းကြည့်လိုက်ကြသည်။

ဖုန်းရှိန်ကျစ် မှာ စိုးရိမ်စိတ်ကြီးနေသည့် လေသံဖြင့် ဆိုလိုက်သည်။
” ရောင်းရင်း ဟန်ဇောင်ရေ။ မင်းပဲ ဒီ သေမင်း နွားချီးပိုးကြီးကို ကြည့်ရှင်းမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ”

ဟန်ဇောင်မှာ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ဧရာမ နွားချီးပိုးကြီးကိုကြည့်ကာ အံကြိတ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောပဲ မြစ်ပေါ်ရှိ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ကောင်းကင်တံတား စစ်သင်္ဘောဆီသို့ ပျံသန်းသွားတော့သည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကြာသောအခါ နွားချီးပိုးကြီးက အက်စစ်မိုးနောက်ထပ်တစ်ခုကို ထွေးထုတ်ကာ ဆူးချွန်များကိုလည်း ထပ်မံပစ်လွှတ်လိုက်သည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ အတတ်နိုင်ဆုံးကြိုးစားကာ ထိုတိုက်ကွက်များကို ကာကွယ်ပေးနေပါသော်လည်း အော်ဟစ်သံများမှာ ထပ်၍ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်အငွေ့အသက်ကြီးတစ်ခုမှာ ရုတ်တရက် မြစ်ဘက်မှ မြင့်တက်လာသည်။ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ ကောင်းကင်တံတား စစ်သင်္ဘောဆီမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုအငွေ့အသက်ကြောင့် နွားချီးပိုးကြီးက တုန်ရီသွားသည်။ ၎င်းတစ်ကောင်ထဲသာမဟုတ်ချေ။ စစ်မြေပြင်တစ်ခုလုံးပေါ်ရှိ ချီစုစည်းမှုအဆင့်မှ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများအထိ အားလုံးမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ရီနေကြသည်။ သူတို့မှာ မျက်နှာများပျက်နေကြကြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံများကိုလည်း ထိန်းချုပ်၍ မရတော့ချေ။

သစ်သားအိမ်ထဲရှိ လူငယ်ပင်လျှင် အံ့အားသင့်သွားရတော့သည်။ ထို့နောက် ကောင်းကင်တံတား စစ်သင်္ဘောကြီးကိုလှမ်းကြည့်လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် သူမတူသော တည်ကြည်မှုတစ်ခုပေါ်ထွက်လာသည်။

” ဒါ….”

အဘိုးကြီးမှာ မျက်နှာပျက်သွားပြီး မယုံကြည်နိုင်သော အမူအရာတစ်ခု မှာ သူ၏မျက်နှာပေါ်တွင် ပေါ်ထွက်လာတော့သည်။

” ထိပ်တန်းအဆင့် ဝိညာဥ်ရတနာပါလား။”

စစ်မြေပြင်၏ တစ်နေရာတွင် ကုန်းစွန်းဝမ်အာ၏ အမူအရာမှာ စောစောတုံးက အပူအပင်ကင်းမဲ့နေခဲ့သည်။ ရုတ်တရက် သူမသည် ချက်ချင်းရပ်တန့်လိုက်ပြီး စစ်သင်္ဘောကြီးကို လျှိ့ဝှက်ဆန်းကြယ်စွာ တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေတော့သည်။

စစ်မြေပြင်တစ်ခုလုံးမှာ ငြိမ်ကျသွားသည်။ ယခုအချိန်ထိ သွေးဘိုးဘေးကြီး၏ အချုပ်အနှောင်မှ လွတ်မြောက်ရန် ရုန်းကန်နေသည့် ညောင်ပင်ကြီးပင်လျှင် ရုတ်တရက် ငြိမ်ကျသွားတော့သည်။

စစ်သင်္ဘောကြီးထဲရှိ နတ်ဘုံနတ်နန်းကဲ့သို့ ကာကွယ်စောင့်ရှောက်ထားသည့် လျှို့ဝှက် အခန်းတစ်ခန်းထဲတွင် ဟန်ဇောင်မှာ အခေါင်းတစ်ခု၏ရှေ့တွင် ဒူးထောက်နေသည်။ အခေါင်းထဲတွင် ယခုလေးတင်မှ မျက်လုံးပွင့်လာသည့် မွေးကင်းစအရွယ် ကလေးမလေး၏ ရုပ်အလောင်းတစ်ခုရှိသည်။

စောစောက ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် အငွေ့အသက်ကြီးမှာ သူမမျက်လုံးဖွင့်လိုက်သဖြင့် ပေါ်ထွက်လာရခြင်းဖြစ်သည်။

ဟန်ဇောင်မှာ တုန်တုန်ရီရီ လေသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
” သန့်ရှင်းသော ဝိညာဥ်ခင်ဗျား။ ကျေးဇူးပြု၍ ဤ သေမင်း နွားချီးပိုးကြီးကို ကွက်မျက်ပေးတော်မူပါ။ ”

သူ၏ ပါးစပ်မှ ထိုစကားသံများ ထွက်ပေါ်လာသောအခါ ကလေးမလေး၏ ရုပ်အလောင်းမှာ အခေါင်းထဲမှနေ၍ ပျောက်ကွယ်သွားသည်။

သူမပြန်ပေါ်လာချိန်တွင် စစ်သင်္ဘောအထက်ရှိ လေပေါ်သို့ရောက်နေပြီဖြစ်သည်။

ကလေးမလေးမှာ ထိုနေရာတွင် ပျံဝဲကာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အတိတ်ကအကြောင်းများကို တွေးတောနေသည့်အလား အူကြောင်ကြောင် မျက်ဝန်းလေးများဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေတော့သည်။ သူမမှာ တိတ်ဆိတ်စွာ ဝဲပျံနေစဥ် မျက်လုံးအားလုံးမှာ သူမကိုဝိုင်းကြည့်နေကြသည်။

လူတိုင်းမှာ ဂယောင်ခြောက်ခြားဖြစ်နေကြပြီး ဒူးထောက်ကာ ရှိခိုးကန်တော့လိုစိတ်များပင် ပေါ်ထွက်လာကြတော့သည်။ သစ်သားအိမ်ထဲရှိ လူငယ်ကမူ အလွန်အမင်း တုန်ရီနေတော့သည်။

” ဒါ…..ဒါ….. ”
သူ၏မျက်နှာပေါ်တွင် လုံးဝမယုံကြည်နိုင်သည့် အမူအရာတစ်ခု ပေါ်လာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset