ညအချိန်…
ကြီးမားကျယ်ပြန့်လှသည့် စစ်တန်းလျားအတွင်းမှာ များစွာသောမီးပုံတွေထွန်းညှိထားလျက်ရှိပြီး ၎င်းတို့ရဲ့အလင်းရောင်က နေ့အချိန်အလား ထိန်လင်းတောက်ပနေပေသည်။
စစ်တန်းလျားရဲ့အလယ်ဗဟိုမှာ ကြီးမားသည့်စင်မြင့်တစ်ခုရှိနေပြီး ၎င်းရဲ့ပတ်ပတ်လည်မှာလည်း မီးပုံတွေထွန်းညှိထားလျက်ရှိနေသည်။ မီးပုံတစ်ခုစီတိုင်းရဲ့ဘေးပတ်ပတ်လည်မှာ စစ်သားတွေအားလုံးစုထိုင်နေကြကာ သောက်စားနေလျက်ရှိကြသလို သူတို့ရဲ့စကားသံတွေက ကောင်းကင်ထိသို့တိုင် လွင့်ပျံနေလျက်ရှိသည်။
ဇူယွမ်၊ ယောင်ယောင်၊ စုယုဝေနဲ့ လုတိန်ရှန်းတို့က အလယ်ဗဟိုတွင် ထိုင်နေလျက်ရှိကြသည်။
ဇူယွမ်တို့အဖွဲ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသည့် ဝေချင်းချင်းက ဇူယွမ့်ဘေးမှာထိုင်နေသည့် မိန်းမလှလေးနှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်… “မင်းသားလေးက ဘယ်နေရာသွားသွား မိန်းမလှလေးတွေကို အတူတူခေါ်ဆောင်သွားတဲ့အတွက် တော်တော်လေးကျေနပ်မိနေမှာပဲနော်…”
ယောင်ယောင်က ဝေချင်းချင်းကို တစ်ချက်မျှသာကြည့်လိုက်ပြီး ဘာတစ်ခွန်းမှပြောခဲ့ခြင်းမရှိပေ။ တစ်ဖက်မှာတော့ စုယုဝေက အနှီမိန်းကလေး၏ ဇူယွမ့်အပေါ်ပြုမူဆက်ဆံပုံတွေကို သူမအနေနဲ့ နောက်ထပ်သည်းခံနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့်ပင် သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရကာ ပြန်လည်ချေပလိုက်သည်… “ဒုတပ်မှူးဝေကလည်း မိန်းကလေးတစ်ယောက်ပဲ… ရှင်က ဘာကြောင့်အခြားမိန်းကလေးတွေကို ဒီလိုမျိုးပြောနေရတာလဲ…”
စုယုဝေကပြောလိုက်သကဲ့သို့ သူမရဲ့ဘေးပတ်ပတ်လည်မှာလည်း မူလချီတွေလှုပ်ရှားသွားခဲ့ရကာ သူမရဲ့ချီစုဆောင်းမှုအဆင့်ခွန်အားကို ထုတ်ဖော်ပြသလိုက်သည်။
ဝေချင်းချင်းတစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။ အခုအချိန်မှာသူမက စုယုဝေကို အလွန်လေးနက်စွာဖြင့်ပင် ကြည့်လိုက်မိသည်။ သူမရဲ့အသက်အရွယ်နဲ့ ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနေသည်ဆိုသည့်အချက်က သူမဟာပါရမီရှင်တစ်ယောက်ဆိုတာကို ဖော်ပြနေပေသည်။ ဒါ့အပြင်သူမက အပြစ်ပြောရက်စရာမရှိလောက်အောင် လှပတဲ့မိန်းကလေးတစ်ယောက်လည်း ဖြစ်နေပြန်သည်။
“ငါဒါကိုမစဉ်းစားမိလိုက်ဘူး… အဲ့ဒီအတွက် ငါတောင်းပန်ပါတယ်…” ဝေချင်းချင်းက ချက်ချင်းဆိုသလိုပင် စုယုဝေကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး သူမက တောင်းပန်စကားဆိုလိုက်သည်။
သို့ပေမဲ့လည်း ဝေချင်းချင်းက သက်ပြင်းတစ်ချက်လေးလေးပင်ပင်ချလိုက်မိကာ ဇူယွမ့်ကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်မိသည်။ ဒီလိုမျိုးထူးချွန်တဲ့ မိန်းကလေးတစ်ယောက်က သူ့ရဲ့အဖော်ဖြစ်နေခြင်းက တကယ့်ကိုပဲနှမြောစရာကောင်းလှသည်လို့ သူမအနေဖြင့် ခံစားခဲ့ရသည်။
ဒီအခိုက်အတန့်မှာပင် ဝေချင်းချင်းရဲ့ဘေးမှာထိုင်နေသည့် ချီဟောင်က ပြုံး၍မေးလိုက်သည်… “ဟီးဟီး… မင်းသားလေး… ငါတို့ကန်းလန်စစ်တပ်ရဲ့ ညီအစ်ကိုတွေက နန်းတော်အစောင့်အရှောက်တပ်ဖွဲ့က ညီအစ်ကိုတွေနဲ့ နည်းနည်းပါးပါးလက်ရည်စမ်းလိုကြတယ်… ဒါ့ကြောင့် ငါတို့တွေက မင်းသားလေးရဲ့သဘောထားကို သိနိုင်ဖို့အတွက် မျှော်လင့်မိတယ်…”
ပတ်ပတ်လည်မှာရှိတဲ့ ကန်းလန်စစ်တပ်ရှိစစ်သည်တွေက ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြသည်။ သူတို့ရဲ့မျက်လုံးထဲမှာတော့ တိုက်ခိုက်လိုစိတ်တွေဖြင့် ပြည့်နှက်လို့နေရပေသည်။
ဇူယွမ်က လုတိန်ရှန်းထံကို ကြည့်လိုက်သည်။ လုတိန်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး နန်းတော်အစောင့်အရှောက်တွေကို ကျယ်လောင်စွာဖြင့်ပြောသည်… “စိန်ခေါ်မှုအားလုံးကို သင့်တော်မယ်ထင်ရင် သေချာပေါက်လက်ခံလိုက်ကြ… နန်းတော်အစောင့်အရှောက်တပ်ဖွဲ့ရဲ့ မျက်နှာမပျက်ရစေနဲ့…”
“နားလည်ပါပြီ…” တစ်ချိန်တည်းမှာပင် နန်းတော်အစောင့်အရှောက်တွေထဲမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ရှေ့ကိုထွက်လာခဲ့လိုက်ပြီး တစ်နည်းအားဖြင့် သူတို့အားလုံးကလည်း ကိုယ့်မာနနှင့်ကိုယ် ရှိကြသောလူများပင်ဖြစ်ကြသည်။ သူတို့တွေအနေဖြင့် ကန်းလန်စစ်တပ်ရဲ့ ထပ်ခါထပ်ခါရန်စနေမှုတွေကို အချိန်ကြာမြင့်စွာသည်းခံနိုင်ခြင်းမရှိခဲ့ကြချေ။
ရှေ့ကိုထွက်လာခဲ့သည့်လူက တောင့်တင်းကြံ့ခိုင်သည့်ခန္ဓာကိုယ်ရှိကာ စင်မြင်ပေါ်သို့ခြေချလိုက်မိသည်နှင့် စွမ်းအားပြည့်ဝတဲ့အသံတစ်ခု လွင့်ပျံထွက်ပေါ်လာခဲ့ရသည်… “နန်းတော်အစောင့်အရှောက် ထုံဝူးဒီ… ကန်းလန်စစ်တပ်က ဘယ်ညီအစ်ကိုကများ ငါနဲ့လက်ရည်စမ်းချင်လည်းမသိဘူး…”
မူလချီတွေက သူရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်လာခဲ့ပြီး သူ့ရဲ့စဦးချီစုဆောင်းမှုအဆင့်ခွန်အားကို ထုတ်ဖော်ပြသလိုက်သည်။ သူသည်လည်း နန်းတော်အစောင့်အရှောက်တပ်ဖွဲ့၏ အရာရှိတွေထဲကမှ တစ်ယောက်အပါအဝင်ဖြစ်ပေသည်။
“ဟားဟား… အရမ်းကောင်းတယ်… ကန်းလန်စစ်တပ်ရဲ့ စွန်းမင်… ကျုပ်က ခင်ဗျားနဲ့လက်ရည်စမ်းလိုပါတယ်…” ကန်းလန်စစ်တပ်ဘက်မှ လူတစ်ယောက်က ရှေ့ကိုထွက်လာခဲ့လိုက်သည်။ သူ့ရဲ့စွမ်းအားကလည်း ထုံဝူးဒီထက် သေချာပေါက်အားနည်းခြင်းမရှိချေ။
ထုံဝူးဒီနဲ့ စွန်းမင်တို့နှစ်ယောက်လုံး စင်မြင့်ပေါ်ကိုရောက်ရှိလာတဲ့အချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး အော်ဟစ်အားပေးသံတွေ ဆူညံစွာပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။
နှစ်ဖက်စလုံးက စကားတွေပြောပြီး အချိန်ဖြုန်းနေခြင်းမရှိခဲ့ပေ။ နှစ်ယောက်စလုံးက လက်နှစ်ဖက်ဆုပ်ကာအရိုအသေးပေးပြီးသည်နှင့်တစ်ပြိုင်နက် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ သူတို့အနီးရှိဖုန်မှုန့်တွေတောင်မှပင် လွင့်ပျံသွားခဲ့ရသည်။ လက်သီးချက်တွေနဲ့ ခြေကန်ချက်တွေ အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေကြတာကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲရဲ့ပြင်းထန်မှုကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပေသည်။
စင်မြင့်အောက်ခြေရှိလေထုကလည်း အော်ဟစ်အားပေးသံတွေနဲ့ ဆူညံနေလျက်ရှိသည်။ နှစ်ဖက်စလုံးရှိစစ်သည်တွေက တိုက်ခိုက်နေကြသူနှစ်ယောက်ကို အရူးအမူးပင်အော်ဟစ်အားပေးနေလျက်ရှိကြသည်။
တိုက်ပွဲက အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ထုံဝူးဒီရဲ့ကျဉ်းမြောင်းတဲ့အနိုင်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ရသလို များစွာသောအော်ဟစ်အားပေးသံတွေကလည်း နောက်တစ်ကြိမ်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ရပြန်သည်။
အဖွင့်တိုက်ပွဲတစ်ပွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ နှစ်ဖက်စလုံးရှိကျင့်ကြံသူတွေက တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့တက်ကာ ဆက်လက်၍ယှဉ်ပြိုင်တိုက်ခိုက်နေလျက်ရှိကြသည်။ ပြင်းထန်တဲ့တိုက်ပွဲတွေက ဆက်လက်ဖြစ်ပေါ်နေခဲ့သလို စင်ရဲ့ပတ်ပတ်လည်မှ အော်ဟစ်အားပေးသံတွေကလည်း ပိုပြီးမြင့်တက်လာခဲ့ရသည်။
ဇူယွမ်က တိုက်ခိုက်မှုတိုင်းကို စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေလျက်ရှိသည်။ နှစ်ဖက်စလုံးရှိစစ်သည်တွေက သေခြင်းရှင်ခြင်းတိုက်ပွဲများစွာတိုက်ခိုက်ခဲ့ဖူးကြသူများဖြစ်သည့်အလျောက် သူတို့ရဲ့တိုက်ခိုက်မှုတွေက ပြင်းထန်ရက်စက်လှသည်။ လက်ရှိတိုက်ပွဲတွေက တော်ဝင်ဇူကျောင်းတော်ရှိ ကျောင်းသားတွေရဲ့ယှဉ်ပြိုင်တိုက်ခိုက်မှုထက်အဆများစွာသာလွန်လို့နေရပေသည်။
အဆက်မပြတ်တိုက်ပွဲတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက ပိုပြီးအသက်ဝင်လာခဲ့ရသကဲ့သို့ ချီဟောင်က ရုတ်တရက်ထရပ်လိုက်ကာ တစ်ချက်ပြုံးလိုက်ရင်းမှပြော၏… “အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ မင်းသားလေးပြသခဲ့တဲ့စွမ်းရည်က တကယ်ကိုထိတ်လန့်စရာကောင်းခဲ့ပြီး တော်ဝင်ဇူကျောင်းတော်အတွင်းမှာ ထင်ရှားတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်ဆိုတာ ငါကြားခဲ့မိရတယ်… ဒါက ငါတို့ကန်းလန်စစ်တပ်ရဲ့ညီအစ်ကိုတွေကို မင်းသားလေးနဲ့ပတ်သက်လို့ သိချင်စိတ်တွေပြင်းပြစေခဲ့တယ်… ငါတို့ရဲ့အမြင်တွေကျယ်ပြန့်လာစေဖို့ မင်းသားလေးအနေနဲ့ ငါတို့ကိုတစ်ခုနှစ်ခုလောက်ပြသပေးဖို့ အဆင်ပြေနိုင်မလား…”
ပတ်ဝန်းကျင်ရှိမျက်လုံးတွေက ဇူယွမ့်ထံစိတ်ဝင်တစား ကြည့်လိုက်မိကြ၏။ လူတိုင်းက သူတို့ရဲ့မင်းသားလေးဟာ ကျင့်ကြံခြင်းမပြုလုပ်နိုင်ဘူးဆိုတဲ့ သတင်းတွေကိုကြားခဲ့ဖူးသည်။ သို့ပေမဲ့လည်း မကြာသေးမီက ပြီးဆုံးသွားခဲ့တဲ့အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရဲ့သတင်းတွေကို သူတို့အားလုံးကြားသိလိုက်ရသည့်အခါ အလွန်တရာအံ့အားသင့်သွားခဲ့မိကြသည်။
“ဒါဆိုအားလုံးထဲမှာ သူ့ရဲ့ပစ်မှတ်က ငါတစ်ယောက်တည်းပေါ့…”
ဇူယွမ်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ ချီဟောင်က ဒီညမှာ သူဒုက္ခရောက်ဖို့အလိုရှိနေတာကို သူ့အနေဖြင့်ကောင်းစွာသိနိုင်ပေသည်။ ချီဟောင်က ကန်းလန်စစ်တပ်ရှေ့မှာ ဇူယွမ်တစ်ယောက်မျက်နှာပျက်ရအောင် စီစဉ်ထားခြင်းဖြစ်သည်။ သူစီစဉ်ထားခဲ့သလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ဒါကဇူယွမ်တစ်ယောက်တည်းရဲ့ ဂုဏ်သိက္ခာကျဆင်းသွားစေရုံသာမကဘဲ တော်ဝင်ကလန်ရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်သွားစေလိမ့်မည်ဖြစ်သည်။ ဒါ့ကြောင့် ဝေကန်းလန်က နောက်ပိုင်းမှာတော်ဝင်ကလန်ဘက်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တောင်မှ ကန်းလန်စစ်တပ်ရှိ စစ်သည်တွေရဲ့စိတ်ထဲမှာ တော်ဝင်ကလန်က အသုံးမကျဘူးဆိုတဲ့အတွေးကို တွေးမိသွားကြပေလိမ့်မည်။
ဒီအရာက သေးငယ်တဲ့အကြောင်းကိစ္စတစ်ခုအဖြစ်သာမြင်ရပေမဲ့လည်း အမှန်တကယ်မှာ ချီဟောင်ရဲ့ယုတ်မာတဲ့ရည်ရွယ်ချက်တွေဖြင့် ပြည့်နှက်နေရသည်။
ချီဟောင်ကပြုံးလျက်မှ ဇူယွမ်ကိုကြည့်လိုက်သည်။ သူ့ရဲ့လက်တစ်ဖက်ကအချက်ပြလိုက်သည့်အခါ ပိန်ပါးပါးလူတစ်ယောက်ထရပ်လိုက်သည်… “မင်းသားလေးက ဝင်ပေါက်ချိုးဖျက်ခြင်းပညာရပ်ကိုအသုံးပြုပြီး ဝင်ပေါက်ရှစ်ခုလုံးဖွင့်နိုင်ခဲ့တဲ့ ငါ့ရဲ့ညီငယ်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်လို့ ကြားခဲ့ရတယ်… ဒါ့ကြောင့် ငါတို့ကန်းလန်စစ်တပ်ရဲ့ အစစ်အမှန်ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်တဲ့ကျင့်ကြံသူတစ်ယောက်က မင်းသားလေးရဲ့စွမ်းရည်ကို စမ်းသပ်လိုမိတယ်…”
ချီဟောင်က ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ခဲ့ခြင်းမရှိပေ။ ဒါက ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်မှုကြောင့် ဇူယွမ်ရှုံးနိမ့်သွားခဲ့တယ်ဆိုရင်တောင် ဒီအရာကမျက်နှာပျက်စရာတစ်ခုဖြစ်လိမ့်မယ်လို့ ဘယ်သူကမှထင်မိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် ချီပင်လယ်ကိုဖွင့်နိုင်ခြင်းမရှိသေးပဲ ဝင်ပေါက်ရှစ်ခုကိုသာဖွင့်ထားနိုင်သေးတဲ့ ကျင့်ကြံသူတစ်ယောက်သာလျှင် အသင့်တော်ဆုံးပြိုင်ဘက်ဖြစ်စေပေလိမ့်မည်။ ဒါကိုကြည့်ခြင်းအားဖြင့် ချီဟောင်က ဇူယွမ်မျက်နှာပျက်စေဖို့အရေး သေချာတွေးတောထားသည်မှာ ထင်ရှားလှပေသည်။
“ဟီးဟီး… မင်းသားလေးက ဒါကိုမလိုအပ်ဘူးလို့ခံစားမိရင်လည်း အဆင်ပြေပါတယ်… ငါတို့အားလုံးက သာမန်ပြည်သူတွေပဲဖြစ်ကြပြီးတော့ မင်းသားလေးရဲ့အဆင့်အတန်းက ငါတို့တွေနဲ့လုံးဝကိုခြားနားတယ်…”
ချီဟောင်က နားလည်မှုအပြည့်ရှိသည့်အလား လေးပင်စွာသက်ပြင်းချလိုက်မိပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က သိသာထင်ရှားလှပေသည်။ အကယ်၍ ဇူယွမ်ကသာ ဒါကိုငြင်းဆန်လိုက်မယ်ဆိုရင် ကန်းလန်စစ်တပ်ရှိ စစ်သည်တွေရဲ့စိတ်ထဲမှာ ဇူယွမ်က သူ့ရဲ့မင်းသားဆိုတဲ့အဆင့်အတန်းကြောင့် သူတို့အပေါ် မတူမတန်သလိုဆက်ဆံတယ်လို့ ခံစားသွားမိစေလိမ့်မည်ဖြစ်သည်။ ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် သူတို့ရဲ့ဇူယွမ့်အပေါ်ထင်မြင်ချက်ကလည်း အနှုတ်လက္ခဏာဆောင်သွားပေလိမ့်မည်။
ချီဟောင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ ဘေးမှာရှိနေသည့် ဝေချင်းချင်းရဲ့အမူအယာက ပြောင်းလဲသွားခဲ့ရသည်။ သူမက ချီဟောင်ရဲ့ရည်ရွယ်ချက်ကို နားလည်သဘောပေါက်မိသည့်အတွက် ဝင်ပြောဖို့ရန်ပြင်လိုက်မိသည်။
ဝေချင်းချင်းကပြောဖို့ပြင်လိုက်စဉ်မှာပင် သူမဘေးရှိဝေတင်းက သူမနားနားကပ်ကာပြောလိုက်သည်… “ချင်းချင်း… ငါတို့တွေက ဒီအခွင့်အရေးကိုယူပြီး မင်းသားလေးဘယ်လောက်စွမ်းဆောင်နိုင်စွမ်းရှိလဲဆိုတာကို သေချာမြင်တွေ့နိုင်လိမ့်မယ်… မကြာသေးမီကထွက်ပေါ်လာတဲ့ ရှေးဟောင်းနယ်မြေရဲ့သတင်းကြောင့် ငါတို့ကန်းလန်စီရင်စုက အနည်းငယ်လှုပ်ခတ်နေခဲ့ရတယ်… တကယ်လို့ မင်းသားလေးမှာသာ စွမ်းရည်မရှိခဲ့ဘူးဆိုရင် သူ့အနေနဲ့အဲ့ဒီနေရာကို လိုက်ပါနိုင်ခြင်းမရှိဘဲနဲ့ မြို့တော်ကိုသေချာပေါက်ပြန်သွားရလိမ့်မယ်… ဒါက ငါတို့အတွက်ဖြစ်လာနိုင်မယ့် အခက်အခဲတွေကိုလည်း လျော့သွားစေနိုင်လိမ့်မယ်”
ဝေချင်းချင်းက ဝေတင်းရဲ့စကားကိုကြားလိုက်ရပြီးနောက်မှာ အနည်းငယ်တွေဝေသွားခဲ့ရပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ ဝေတင်းက အဓိကအချက်တစ်ခုကို ပြောပြခဲ့ခြင်းဖြစ်သည်။ တကယ်လို့ ဇူယွမ်မှာသာစွမ်းရည်မရှိဘူးဆိုရင် သူ့အနေနဲ့ ဇူအင်ပါယာမြို့တော်ကိုပြန်ခြင်းကသာ လုံခြုံမှုရှိနိုင်လိမ့်မည်ဖြစ်သလို ကံမကောင်းလို့တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမဲ့ဇူချင်ရဲ့ဒေါသကိုလည်း ကာကွယ်ရာရောက်ပေလိမ့်မည်။
ထိုအခိုက်အတန့်မှာပင် များစွာသောအကြည့်တွေက ဇူယွမ့်ထံကျရောက်သွားခဲ့ကြသလို သူ့ရဲ့အဖြေကိုလည်း စောင့်ဆိုင်းနေလျက်ရှိကြသည်။
သူတို့တွေရဲ့အကြည့်အောက်မှာ ဇူယွမ်ကခေါင်းမော့လိုက်ပြီး ပြုံးရယ်နေသည့်ချီဟောင်ကို ကြည့်လိုက်ကာ ရုတ်တရက်ပြုံးလိုက်သည်… “လူတိုင်းကလည်း ဒီလိုဆန္ဒရှိနေမှတော့ ငါ့အနေနဲ့ ဒါကိုငြင်းပယ်လိုက်ဖို့မသင့်ဘူး…”
ချီဟောင်ရဲ့ရည်ရွယ်ချက်ကို သူက မည်သို့မသိဘဲနေလိမ့်မည်နည်း။ သို့ပေမဲ့လည်း ဒါကဇူယွမ်ကိုသေချာပေါက်ဖိနှိပ်နိုင်လိမ့်မယ်လို့ သူကယုံကြည်ထားခဲ့တယ်ဆိုရင် ချီဟောင်က အနည်းငယ်နုံအရာကျပေသည်။
ဇူယွမ်ကထရပ်လိုက်ပြီး စင်မြင့်ပေါ်ခုန်တက်လိုက်သလို သူ့ရဲ့လက်ထဲမှာလည်း ကောင်းကင်ယွမ်စုတ်တံထွက်ပေါ်လာခဲ့သည်။ ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို ချက်ချင်းဆိုသလို သိုင်းပညာပုံစံပြောင်းလဲခဲ့သည့်အတွက် စုတ်တံက လှံရှည်တစ်ချောင်းအလား ရှည်လျားသွားခဲ့သည်။
ကောင်းကင်ယွမ်စုတ်တံကို မြေပြင်ပေါ်မှာထောက်ထားလျက်မှ ဇူယွမ်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်… “တက်လာခဲ့ပါ… တကယ်လို့မင်းကသာ ငါ့ရဲ့တိုက်ခိုက်မှုတစ်ကြိမ်ကို ခုခံနိုင်ခဲ့မယ်ဆိုရင် ငါချက်ချင်းအရှုံးပေးလိုက်မယ်…”
“ဝိုး…”
ဇူယွမ်၏စကားသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေကြသည့်လူအုပ်ထံမှ ဆူညံသံတွေပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ နန်းတော်အစောင့်အရှောက်တပ်ဖွဲ့ရော ကန်းလန်းစစ်တပ်မှ စစ်သည်များကပါ အော်ဟစ်အားပေးလိုက်ကြသည်။ လက်ရှိမှာ ဇူယွမ်ရဲ့စွမ်းရည်ကို မြင်တွေ့ရခြင်းမရှိသေးတောင်မှ သူ့ရဲ့ရဲရင့်လှသည့်ပုံစံကိုပင် သူတို့အားလုံးအလွန်ပင်သဘောကျနှစ်ခြိုက်မိကြရသည်။
ဝေချင်းချင်းလည်း တဒင်္ဂအံ့အားသင့်သွားခဲ့ရပြီးနောက်မှာ သူမကမှတ်ချက်ချလိုက်မိသည်… “တကယ်ကို ရဲရင့်တဲ့စကားတွေပဲ…”
သူမဘေးရှိဝေတင်းက အထင်သေးစွာဖြင့် ပြုံးလိုက်မိသည်။
ချီဟောင်က ညင်သာစွာရယ်မောလိုက်ပြီး ရှည်လျားသည့်အနီရောင်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ကာ ဇူယွမ်နှင့်တိုက်ခိုက်မည့်စစ်သည်ထံပေးလိုက်သည်… “သွားတော့… တကယ်လို့မင်းသာအနိုင်ရခဲ့မယ်ဆိုရင် ဒီအလယ်အလတ်အဆင့်မူလလက်နက်က မင်းအပိုင်ပဲ…”
ထိုစစ်သည်က လက်နက်ကိုအလျင်အမြန်လက်ခံလိုက်သလို သူ့ရဲ့မျက်လုံးထဲမှာလည်း အပျော်တွေစီးဆင်းသွားခဲ့ရသည်။ အလယ်အလတ်အဆင့်မူလလက်နက်တစ်ခုရဲ့တန်ဖိုးက မူလပုံဆောင်ခဲတစ်ထောင်ကျော်တန်ပေသည်။ သူ့လိုမျိုးသာမန်စစ်သည်တစ်ယောက်အနေဖြင့် ဒီလိုအရာမျိုးကို တတ်နိုင်လိမ့်မည်မဟုတ်ပေ။
ဓားကိုလက်ထဲမှာကိုင်ထားလျက်မှ ထိုစစ်သည်က စင်မြင့်ပေါ်ခုန်တက်သွားလိုက်ကာ တောက်ပတဲ့မျက်လုံးတွေဖြင့် ဇူယွမ့်ကိုစိုက်ကြည့်လိုက်မိသည်။
ဇူယွမ်က ၎င်းရဲ့တောက်ပတဲ့အကြည့်ကို လျစ်လျူရှုထားခဲ့လိုက်ပြီး သူ့ရဲ့အမူအယာကလည်း တည်ငြိမ်နေသည့်ရေပြင်အလားပင်။ ပတ်ဝန်းကျင်ရှိမူလချီတွေက သူ့ရဲ့နှာခေါင်းပေါက်မှဖြတ်၍ သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းဝင်ရောက်လာခဲ့ပြီး စက္ကန့်အနည်းငယ်အကြာမှာပင် သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက် ထိုပိန်ပါးသည့်စစ်သည်ထံ တိုးဝင်သွားခဲ့လိုက်သည်။
“အဆင့်မြင့်မူလကျင့်စဉ်… မီးလျှံဓားသတ်ဖြတ်သူ…” စစ်သည်ကလည်း နှောင့်နှေးနေခဲ့ခြင်းမရှိပေ။ အော်ဟစ်သံတစ်ခုနဲ့အတူ သူကလက်နှစ်ဖက်ဖြင့်ဓားကိုဆုပ်ကိုင်ပြီး အောက်သို့လွှဲယမ်းခုတ်ပိုင်းခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်မှလည်း မီးလျှံတွေထွက်ပေါ်လာခဲ့ရသည်။
ဒီတိုက်ခိုက်မှုက သေစေနိုင်လောက်သည့်တိုက်ခိုက်မှုတစ်ခုဖြစ်သည့်အတွက် လေထုတောင်မှပင် ပြင်းပြင်းထန်ထန်လှုပ်ရှားသွားခဲ့ရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် အဆိုပါစစ်သည်ရဲ့ခွန်အားက ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတွေထဲမှာတောင်မှ ထိပ်ပိုင်းမှာရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။
သူ့ရဲ့တိုက်ခိုက်မှုက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲတုန်းက ချီယွဲ့ရဲ့တိုက်ခိုက်မှုထက် ပိုပြီးရက်စက်ကြမ်းကြုတ်ကာ အညှာအတာကင်းမဲ့လှသည်။
သို့ပေမဲ့လည်း ဇူယွမ့်ခန္ဓာကိုယ်က ဒီလိုမျိုးပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့် တွန့်ဆုတ်သွားခြင်းအလျဉ်းမရှိခဲ့ပေ။ သူကရှေ့ကိုဆက်လက်တိုးဝင်သွားခဲ့သလို ကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ဖျားကလည်း အလင်းရောင်တွေလင်းလက်သွားခဲ့ပြီး မြေပြင်နဲ့တစ်ဖြောင့်တည်းပြေးထွက်သွားခဲ့သည်။
ဟူး…
ဇူယွမ်က ရုတ်တရက်အသက်ကို ပြင်းစွာရှူလိုက်သကဲ့သို့ မူလချီတွေကလည်း သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားခဲ့ရသည်။ ကောင်းကင်ယွမ်စုတ်တံက ရုတ်တရက်လှုပ်ရှားသွားခဲ့ပြီး ၎င်းရဲ့ထိပ်မှ အစိမ်းရောင်အလင်းတစ်ခုထွက်ပေါ်လာခဲ့၏။
“မီးလျှံအလင်းကျင့်စဉ်…”
ဒီတစ်ကြိမ်မှာ အစိမ်းရောင်အရှိန်အဝါက စုတ်တံထိပ်ဖျားမှ လက်မများစွာ တိုးထွက်လာခဲ့ရသည်။ မီးလျှံအလင်းကျင့်စဉ်ကို ကောင်းကင်ယွမ်စုတ်တံနဲ့ပေါင်းစပ်အသုံးပြုခြင်းက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ဇူယွမ်အသုံးပြုခဲ့တုန်းကထက် များစွာသာလွန်လို့နေရပေသည်။
ဝှစ်…
သူ့ရဲ့ခန္ဓာကိုယ်က ရှေ့ကိုဆက်လက်ဝင်တိုးဝင်လာသကဲ့သို့ ကောင်းကင်ယွမ်စုတ်တံကိုလည်း လှံတစ်ချောင်းအလား ထိုးသွင်းခဲ့လိုက်ပြီး စူးရှတဲ့အသံတစ်ခုနဲ့အတူ လေထုတောင်မှစုတ်ပြဲသွားခဲ့ရသည်။ အဆုံးမှာ လူအုပ်ကြီးရဲ့စောင့်ကြည့်နေကြသည့်မျက်လုံးတွေအောက်မှာပဲ စုတ်တံက စစ်သည်ကိုင်ဆောင်ထားသည့် အနီရောင်ဓားနှင့် ပြင်းပြင်ထန်ထန်ရင်ဆိုင်ထိတွေ့သွားမိကြသည်။
ဒုန်း…
သတ္တု သတ္တုချင်းထိရိုက်မိသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့ကာ မီးပွင့်မီပွားလေးတွေ ဖြာထွက်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာ လူရိပ်တစ်ခုက သနားစရာကောင်းလောက်အောင်ပင် နောက်ကိုလွင့်ထွက်သွားခဲ့ရပြီး ထိုလူရိပ်က ခြေလှမ်းများစွာဆုတ်ခွာသွားခဲ့ရပြီးမှသာ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းထားနိုင်လိုက်သည်ကို လူတိုင်းတွေ့လိုက်ရသည်။
စင်မြင့်အောက်ရှိလူအုပ်ကြီးက အထိတ်တလန့်အော်ဟစ်လိုက်မိကြသည်။
သူက သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်နိုင်စဉ်မှာပင် လူတိုင်းကသူ့ကို ကြည့်လိုက်ကြပြီးနောက်မှာ ဆူညံသံတွေပေါက်ကွဲ ထွက်ပေါ်လာခဲ့ရသည်။ ထိုလူရိပ်က ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်သည့် ကန်းလန်စစ်တပ်မှ စစ်သည်ပင်ဖြစ်ပေသည်။
သူက ဇူယွမ်ရဲ့တိုက်ကွက်တစ်ခုကိုပင် ခုခံနိုင်စွမ်းကင်းမဲ့လိမ့်မည်လို့ မည်သူကမှထင်မှတ်ထားခဲ့ခြင်းမရှိကြချေ။
စစ်သည်ရဲ့မျက်လုံးထဲမှာ အံ့အားသင့်တုန်လှုပ်နေမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ သူက သူ့လက်ထဲရှိအနီရောင်ဓားကို ဖြည်းညှင်းစွာမ၍ကြည့်လိုက်မိသည့်အခါ ၎င်းရဲ့ကိုယ်ထည်ပေါ်တွင် များစွာသောအက်ကြောင်းတွေကို မြင်တွေ့လိုက်ရပြီး မကြာမီမှာပင် ဓားကအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။
ကြည့်ရှုနေကြသူတွေရဲ့မျက်လုံးထဲမှာ အလွန်အမင်းအံ့အားသင့်သွားမှုတွေ ထွက်ပေါ်လာခဲ့ရ၏။ မင်းသားလေးဇူယွမ်က အလယ်အလတ်အဆင့်မူလလက်နက်ကို ဖျက်ဆီးခဲ့တာလား။ ဒီလိုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအားက မည်မျှပြင်းထန်နေလိမ့်မည်နည်း။
မီးပုံဘေးမှာထိုင်နေသည့် ဝေချင်းချင်းရဲ့မျက်လုံးတွေက ဒါကိုမြင်လိုက်ရသည့်အခါ အနည်းငယ်ပြူးကျယ်သွားခဲ့ရသည်။ အစောပိုင်းတုန်းက ဇူယွမ်ရဲ့တိုက်ခိုက်မှုက ဘယ်လောက်တောင်ဖျက်ဆီးနိုင်မှုရှိလဲဆိုတာကို သူမအနေဖြင့် ကောင်းစွာခံစားနိုင်မိခဲ့သည်။
၎င်းရဲ့စွမ်းအားက စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေကိုတောင်မှ သေချာပေါက်ခြိမ်းခြောက်နိုင်စွမ်းရှိပေလိမ့်မည်။
ဝေချင်းချင်းရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေဖြတ်ခနဲထွက်ပေါ်လာခဲ့ရသလို သူမက ဇူယွမ်ရဲ့ပုံရိပ်ကိုကြည့်ကာ ရေရွတ်လိုက်မိသည်… “ဒါဆို ကြားရတဲ့သတင်းတွေက အမှန်ပဲပေါ့…”
စင်မြင့်ပေါ်မှာ ဇူယွမ်က သူ့လက်ထဲရှိကောင်းကင်ယွမ်စုတ်တံကို မြေပြင်ပေါ်ထောက်ထားလျက်မှ ပြုံး၍ပြောလိုက်၏… “ငါ့ကိုအနိုင်ရရှိစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ချီဟောင်က ချီပင်လယ်ကိုဖွင့်နိုင်လုနီးပါးအဆင့်ရောက်နေသည့် ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်တဲ့ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ရုံမျှဖြင့် ဇူယွမ်ကိုအနိုင်ရရှိလိမ့်မည်လို့ ယုံကြည်ထားခဲ့မိပေမဲ့ သူထင်မထားမိတာက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲပြီးတဲ့နောက်မှာ ဇူယွမ်က သူ့ရဲ့ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကိုချိုးဖျက်နိုင်ခဲ့ပြီး အရင်ကထက်ပိုပြီးသန်မာလာခဲ့သည်ဆိုတာကိုပင်။
လက်ရှိဇူယွမ်ရဲ့စွမ်းအားအရ ချီစုဆောင်းမှုအဆင့်အောက်ရှိ အနည်းငယ်သောကျင့်ကြံသူတွေကသာ သူ့ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။
“ဟေး…”
စင်မြင့်အောက်ရှိ များစွာသောကန်းလန်စစ်သည်တွေရဲ့ အားပေးသံတွေ ဆူညံစွာပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ့်ကိုကြည့်နေတဲ့ သူတို့ရဲ့မျက်လုံးတွေထဲမှာ လေးစားမှုတွေနဲ့ နှစ်ထောင်းအားရရှိမှုတွေ ပြည့်နှက်လို့နေရပေသည်။ သူ့ရဲ့လှပတဲ့လှုပ်ရှားမှုလေးတစ်ခုက သန်မာမှုတဲ့လူတစ်ယောက်အပေါ် ရိုသေလေးစားမှုရှိကြသည့် စစ်သည်အားလုံးအပေါ် သေချာပေါက်အနိုင်ရရှိသွားခဲ့သည်။
“မင်းသားလေးဇူယွမ်… မင်းသားလေးဇူယွမ်…”
မည်သူကစလိုက်မှန်းမသိခဲ့ရပေမဲ့လည်း ဇူယွမ့်နာမည်ကိုအော်ဟစ်ကာ အားပေးနေသည့်အသံတွေက တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ရပြီး စစ်တန်းလျားတစ်ခုလုံး ထိုအော်ဟစ်သံတွေနဲ့သာ ဖုံးလွှမ်းသွားခဲ့ရသည်။
မီးပုံတစ်ခုရဲ့ဘေးမှာထိုင်နေသည့် ချီဟောင်၏မျက်နှာက မီးအလင်းရောင်အောက်မှာ အနည်းငယ်တင်းမာနေလျက်ရှိလေသည်။
ဒါက သူ့အနေဖြင့်မူလက ဇူယွမ်ရဲ့ဂုဏ်သိက္ခာကို နင်းချေနိုင်ဖို့အတွက် စီစဉ်ထားရှိမှုက အခုလိုအဖြစ်အပျက်မျိုးဖြစ်ပေါ်လာလိမ့်မယ်လို့ ထင်မှတ်ထားခြင်းမရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။ လက်ရှိအချိန်မှာ ဇူအင်ပါယာမြို့တော်မှလာခဲ့သည့် မင်းသားလေးက ကန်းလန်စစ်သည်တွေရဲ့အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ပြီဖြစ်သည်။
ဒါကတိတိကျကျပြောရမယ်ဆိုရင် သိုးတစ်ကောင်ကိုဖမ်းဆီးဖို့သွားခဲ့ပေမဲ့ တစ်စုံတစ်ရာဆုံးရှုံးခဲ့ရပြီး လက်ဗလာဖြင့်သာအိမ်ပြန်လာခဲ့ရခြင်းနဲ့ အနည်းငယ်အလားသဏ္ဍာန်တူပေသည်။