Switch Mode

အခန်း ( ၃၄၀ )

လက်ဝါးရိုက်ချက်တစ်ခုက အမြုတေအဆင့်ကျင့်ကြံသူကို သုတ်သင်နိုင်တယ်

လက်ဝါးရိုက်ချက်က လေထုထဲတွင် ရွှေရောင်လှိုင်းတစ်ခုဖြစ်သွားပြီး ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ တဂျုန်းဂျုန်းမြည်သံများဖြစ်ပေါ်လာသည်။ ၎င်းတွင် ပိုင်ရှောင်ချန်း၏ ကောင်းကင်တာအိုရွှေအမြုတေအဆင့်စွမ်းအားနှင့် ဒုတိယအချုပ်အနှောင်ကို ဆက်သွယ်ထားသောအပြင်အားပါဝင်သည်။ ၎င်းမှာ အဆင့်တူကျင့်ကြံခြင်းအဆင့်တွင် မည်သူမျှခံနိုင်ရည်ရှိမည်မဟုတ်သော အင်အားကြီးမားသည့်စွမ်းအားတစ်ခုဖြစ်လေသည်။

အမြုတေအဆင့်ကျင့်ကြံသူလူငယ်က ပိတ်လှောင်ခံနေရသောသတ္တဝါကဲ့သို့ အော်ဟစ်နေလေသည်။ သူခံစားခဲ့ရသော သေစေနိုင်လောက်သည့်အကျပ်အတည်းက သူ၏နှလုံးသားကိုတုန်ယင်သွားစေခဲ့သည်။ ကယောင်ချောက်ချားဖြစ်နေစဥ် သူကထွက်ပြေး၍ရနိုင်မည်မဟုတ်ကြောင်း သဘောပေါက်ခဲ့ပြီး ဤအခြေအနေမှ အသက်ရှင်လျက်လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ထိုလက်ဝါးရိုက်ချက်အား တောင့်ခံနိုင်ရန်ဖြစ်သည်။ သူကယခင်နှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သော အခြေအနေသို့ ရုတ်ချည်း ကျရောက်ခဲ့ရပေသည်။

လက်ရှိအခြေအနေကို စဥ်းစားရန် အချိန်အနည်းငယ်သာရှိလေသည်။ အော်ဟစ်လိုက်ရင်း မှော်ပစ္စည်းအများအပြားကိုထုတ်ယူရန် သူ၏ကိုင်ဆောင်နေကျအိတ်ကိုပုတ်လိုက်သည်။ ထို့နောက် လက်ကွက်ဖော်ကာ သူ၏လက်ညှိုးကို ပိုင်ရှောင်ချန်းဆီသို့ ညွှန်လိုက်သည်။ သူ၏ မြေကြီးအမြုတေအား သူ၏ပါးစပ်ထဲမှပင် ထွေးထုတ်လိုက်လေတော့သည်။

“မင်း အမြုတေအဆင့်တက်သွားပြီးတာနဲ့ ငါ့ကိုသတ်နိုင်တယ်ဆိုတာ ငါမယုံဘူးကွ” သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပိုင်ရှောင်ချန်းက လက်ကိုလျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ရှေ့သို့ရိုက်ချစဉ် သူ၏မျက်လုံးများမှာ ပြင်းထန်သောအေးစက်မှုများနှင့်အရောင်လက်နေသည်။ ၎င်းမှာ မှော်ပစ္စည်းများနှင့် ထိရိုက်မိသောအခါ ၎င်းတို့မှာ အနည်းငယ်မျှပင် ခံနိုင်ရည်မရှိပေ။ သစ်ခက်ခြောက်များကဲ့သို့ ဖျက်ဆီးခံလိုက်ရပြီး ပိုင်ရှောင်ချန်း၏လက်ဝါးမှာလည်း လူငယ်ထံ အရှိန်တင်၍သွားနေသည်။

ထို့နောက် လက်ဝါးမှာ လူငယ်၏ဆန့်ထားသောလက်ညှိုးနှင့် ထိသွားသောအခါ ၎င်း၏ဖြစ်တည်မှုမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ရွှေရောင်ကောင်းကင်တာအိုစွမ်းအားက လက်ညှိုးအား ပြာများအဖြစ် ကူးပြောင်းစေသောအခါ ထိုလူငယ်ထံမှ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက တခဏမျှပင်မနားချေ။ သူ၏လက်ဝါးမှာ ရှေ့သို့ဆက်သွားနေပြီး ထိုလူငယ်၏ မြေကြီးအမြုတေအား ရိုက်ခွဲလိုက်သည်။

ချက်ချင်းပင် ကောင်းကင်နှင့်မြေပြင်တွင် တဝုန်းဝုန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး မြေကြီးအမြုတေမှာ အပိုင်းအစများအဖြစ် ပြိုကွဲသွားလေသည်။ လူငယ်၏ ပါးစပ်အတွင်းမှသွေးများအန်ထွက်လာပြီး ပိုင်ရှောင်ချန်း၏လက်ဝါးက သူ၏ရင်ဘက်ကိုရိုက်မိသွားသောအခါ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်ပျက်စီးကုန်ဆုံးသွားသော အရိပ်အယောင်များ နေရာယူသွားလေသည်။

” မင်းငါ့ကိုသေစေချင်တယ်မလား။ ငါမင်းကိုအရင်သတ်ရင်ကော ဘယ်လိုလဲ” ပိုင်ရှောင်ချန်း၏စကားများမှာ ညင်သာနေသော်လည်း ထိုစကားလုံးများမှာ စိတ်ဝိညာဉ်ကိုပင် အေးစိမ့်စေနိုင်ပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့်လည်းပြည့်နှက်နေသည်။

သူက စကားကိုဆုံးအောင်မပြောရသေးမီ သူ၏စကားလုံးများမှာ သွေးပျက်ခြောက်ခြားဖွယ်အော်သံကြီးအောက်တွင် ပျောက်ကွယ်သွားရသည်။

ထိုလူငယ်လေးမှာ အနောက်ဘက်သို့အတွန်းခံလိုက်ရပြီး လေထဲတွင် ကျွမ်းထိုးမှောက်ခုံလှိမ့်သွားလေသည်။ သူက ရပ်တန့်အောင်မပြုနိုင်မီ သူ၏ခန္ဓာကိုယ်မှာပေါက်ကွဲသွားပြီး သူ့အားကူညီရန်လာနေကြသော ကုံမြစ်ဂိုဏ်းခွဲ အမြုတေကျင့်ကြံသူများအားလုံးပေါ် သို့ သွေးများ တရဟောစဥ်သွားသည်။

ပိုင်ရှောင်ချန်းက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည့်အချိန်မှစ၍ တိုက်ခိုက်မှုပြီးဆုံးသည်အထိ အချိန်တခဏမျှသာ ကုန်ဆုံးခဲ့သည်။ သူက လျင်မြန်ပြီး ကျွမ်းကျင်လှသည်။

ယခုမှရောက်ရှိလာကြသော အမြုတေအဆင့်ကျင့်ကြံသူများမှာ သိသိသာသာ ထိတ်လန့်အံ့သြနေကြသည်။ ယခုတွင် ကောင်းကင်တာအိုရွှေအမြုတေအဆင့်ကျင့်ကြံသူက မည်မျှအမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့နားလည်သွားကြပြီဖြစ်သည်။

သူက အမြုတေအဆင့်သို့ တက်ရောက်ပြီးသည်နှင့် အဆင့်တူကျင့်ကြံသူအား သတ်ပစ်နိုင်ခဲ့သည်။ ထို့အပြင် သူကသူ၏ရန်သူကိုလည်း အပေါ်စီးမှ တိုက်ခိုက်နိုင်ခဲ့သည်။ အခြားအမြုတေအဆင့်ကျင့်ကြံသူများမှာ အလွန်အမင်း အံ့အားသင့်နေရုံသာတတ်နိုင်တော့သည်။

အရာအားလုံး တခဏကြာ တိတ်ဆိတ်သွားပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်းသားများက ထပ်မံ၍ဝိုင်းဝန်းသြဘာပေးလိုက်ကာ သူတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ်တို့မှာလည်း တက်ကြွလာသည်။ ပိုင်ရှောင်ချန်းက ထိုနေရာသို့ ပျံဝဲသွားပြီး အတန်ငယ်ဝေးသောနေရာမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို မော့ကြည့်လိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် သူက သူတို့၏ဖယ်ရှားသုတ်သင်ခြင်းခံရရန် အလှမ်းမဝေးတော့ကြောင်း ခံစားလိုက်ရသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့မှာ ဖုန်းရှိန်ကျစ်က ခေါင်းကိုအနောက်ပစ်ပြီး အားပါးတရရယ်မောလိုက်သည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းက ကလေးတို့ရေ…” သူကအော်ပြောလိုက်သည်။ “အားအကုန်တိုက်ကြ…။ ကုံမြစ်ဂိုဏ်းခွဲကို အားကုန်စီးနင်းတိုက်ခိုက်ကြမယ်…”

တုန့်ပြန်မှုအနေဖြင့် မြစ်၏တစ်ဖက်တစ်ချက်ရှိ တောနက်အတွင်း၌ ရှိနေကြသော အဏ္ဏဝါခေါ်သံဂိုဏ်းသားကျင့်ကြံသူများအားလုံးမှာ ဟိန်းသံပေး၍အော်ဟစ်လိုက်ကြပြီး စတင်တိုက်ခိုက်ကြသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အခြေခိုင်မာခြင်းအဆင့်တွင်သူလုပ်နိုင်ခဲ့သည်ထက် များစွာသာလွန်သော သွေးရောင်အလင်းတန်းများကို သူ့ထံမှပေါက်ကွဲထွက်စေလိုက်သည်။ ၎င်းက ပျံ့နှံ့သွားသောအခါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့မှ ကျင့်ကြံသူများမှာ သူတို့၏တိုက်ပွဲဝင်စွမ်းရည်များ ထပ်မံ၍တိုးလာကြောင်းသိလိုက်ရသည်။

တိုက်ပွဲကို အားအပြည့်ဖြင့်ဆက်လက်တိုက်ခိုက်သောအခါ တဝုန်းဝုန်းမြည်ဟည်းသံများကို ကြားရနိုင်ပြီး တိုက်ပွဲမှာ ယခင်ကထက်ပို၍ ခါးသီးကာ ပြင်းထန်နေလေသည်။

အမြင့်တစ်နေရာမှကြည့်လျှင် မြစ်ကမ်းနှစ်ဖက်လုံးပေါ်ရှိ အဏ္ဏဝါခေါ်သံဂိုဏ်းသားကျင့်ကြံသူများမှာ အစုံအပြုံလိုက် တောအတွင်းသို့ ဝင်ရောက်နေကြောင်း တွေ့ရနိုင်ပေမည်။ သူတို့က စူးရှသော ဓားနှစ်စင်းနှင့်တူနေကာ ကုံမြစ်ဂိုဏ်းခွဲ ဌာနချုပ်ဆီသို့ ဖောက်ထွက်သွားနေကြသည်။

ကုံမြစ်ဂိုဏ်းခွဲမှာ အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ချေ။ သူတို့က မဆုတ်မနစ် ပြန်လည်တိုက်ခိုက်နေပြီး ရှုံးအံ့ဆဲဆဲလက္ခဏာများမှာလည်း ထင်ရှားနေလေသည်။

ထိုအချိန်တွင် ကုံမြစ်ဂိုဏ်းခွဲဆီမှ မြစိမ်းရောင်မီးအိမ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းမှာ လေထဲတွင် မြင့်တက်လာပြီး မီတာသုံးရာအပြည့်အထိ ကြီးမားလာကာ ထိတ်လန့်တုန်လှုပ်ဖွယ်ဖိအားများကိုလည်း ထုတ်လွှတ်နေသည်။ မီးအိမ်ကြီးပတ်ပတ်လည်တွင် မရေမတွက်နိုင်သည့် အငြိုးကြီးသောဝိညာဥ်များရှိနေလေသည်။ ထိုဝိညာဥ်များက မီးအိမ်ကြီးနှင့်အတူ မြစ်၏ဘယ်ဘက်ကမ်းဆီသို့ပျံသန်းသွားနေစဥ် ရက်စက်ကြမ်းကြုတ်သည့်အော်သံများကို ထုတ်လွှတ်နေသည်။

ထိုမီးအိမ်ကြီးမှာ ကုံမြစ်ဂိုဏ်းခွဲ၏ အဖိုးတန်ရတနာများထဲမှ တစ်ခုဖြစ်သည်။

မီးအိမ်ကြီး ခပ်ဝေးဝေးသို့မပျံသန်းနိုင်သေးမီ ညာဘက်ကမ်းမှ အနက်ရောင်နေလုံးတစ်လုံး တက်လာလေသည်။ နေလုံးကြီး၏အထဲတွင် အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသော မျက်လုံးအစုံနှင့် ကျီးဖြူတစ်ကောင်ရှိသည်။ ၎င်းက မီးအိမ်ကြီးထံတဟုန်ထိုး ပျံသန်းသွားစဥ် စိတ်ဝိညာဥ်ကိုပါတုန်လှုပ်စေနိုင်သော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်သည်။

တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ အဏ္ဏဝါခေါ်သံဂိုဏ်းက သူတို့၏သီးသန့်စွမ်းအားများကို ထုတ်သုံးရန်အချိန်ကျရောက်လာသည်။ အနက်ရောင်နေလုံးကဲ့သို့ သီးသန့်စွမ်းအားက ကုံမြစ်ဂိုဏ်းခွဲထက်စာလျှင် အနည်းငယ်ပို၍ အဖိုးထိုက်တန်လေသည်။

အဖိုးတန်ရတနာနှင့် သီးသန့်စွမ်းအားနှစ်မျိုး တစ်ခုနှင့်တစ်ခုနီးကပ်လာသောအခါ မီတာပေါင်းရာနှင့်ချီအောင် မြင့်သောအုတ်ဂူကျောက်တိုင်မှာ ညာဘက်ကမ်း၏အထက်ရှိ လေထုထဲတွင် ပေါ်လာလေသည်။ ၎င်းမှာ ထူးခြားလေးနက်ပြီးအလွန်ရှေးကျသောအငွေ့အသက်များကိုထုတ်လွှတ်နေပြီး ချက်ချင်း မြေပြင်ပေါ်သို့ ထုချလိုက်သည်။ ၎င်းက ဆင်းသက်လာသောအခါ အောက်ရှိမြေပြင်မှာ အလောင်းမြှုပ်ရန်တွင်းတစ်ခုဖြစ်လာသကဲ့သို့ ဖောင်းကြွထွက်လာသည်။

ထို့နောက်တွင် ဖုန်ထုအတွင်းမှ ပိန်လှီလှီလက်တစ်ဖက်ထွက်ပေါ်လာပြီး အက်ကွဲနေသော အော်ဟစ်သံတစ်သံက ညာဘက်ကမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ထိုကဲ့သို့သောအရာများအတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ပဲ မည်သို့နေပါမည်နည်း။ အုတ်ဂူကျောက်တိုင်ပေါ်လာချင်း ညာဘက်ကမ်းပါးမှာ အတွင်း၌အနက်ရောင်ကျီးကန်းတစ်ကောင်ရှိသော အဖြူရောင်နေလုံးတစ်လုံး တဟုန်ထိုးတက်လာသည်။ ၎င်းက အုတ်ဂူကျောက်တိုင်ဆီသို့ တဟုန်ထိုးသွားနေစဥ် စူးရှသောအော်မြည်သံကို ထုတ်လွှတ်နေသည်။ ၎င်းတို့ နီးကပ်သွားသောအခါ ဖုန်ထုအတွင်းမှ ပိန်လှီလှီလက်က ပြာများအတွင်းပျော်ဝင်ပျောက်ကွယ်သွားပြီး အုတ်ဂူကျောက်တိုင်ထက်တွင် မျက်နှာတစ်ခုပေါ်လာသည်။ အော်သံပေးရင်း ထိုမျက်နှာမှာ အဖြူရောင်နေလုံးဆီသို့ ဝါးမျိုတော့မည့်အလား တဟုန်ထိုး သွားလိုက်သည်။

သီးသန့်စွမ်းအားများနှင့် အဖိုးတန်ရတနာများ ထုတ်သုံးလိုက်ခြင်းကြောင့် တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေသည်။ ကျင့်ကြံသူများမှာလည်း အခြားဂိုဏ်း၏ကျင့်ကြံသူများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သတ်ဖြတ်နေသည်။ တဖြည်းဖြည်းနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းက ကုံမြစ်ဂိုဏ်းခွဲကိုအနောက်ဘက်သို့တွန်းပို့နေပြီး ကုံမြစ်ဂိုဏ်းခွဲဌာနချုပ်နှင့်လည်း နီးကပ်လာပြီဖြစ်သည်။

ဌာနချုပ်အားအပြင်းအထန်တိုက်ခိုက်ရန် တတိယထိုးစစ်ကိုစတင်ဖို့ အချိန်ကျရောက်လာလေပြီ။

ထိုးစစ်ကို ဆက်လက်တိုက်ခိုက်လုပ်ဆောင်နေစဥ် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ကျင့်ကြံသူအများအပြားက တောထဲသို့ဖြန့်ကျက်ကာ ညောင်ပင်ကြီး ကို တိုက်ခိုက်နေကြတော့သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။ မှော်သိုင်းတို့၏ အလင်းတန်းများက လေထုထဲတွင် တက်လာလေသည်။ နာနာကျည်းကျည်းအော်သံများမှာ ဟိုဟိုသည်သည် ပဲ့တင်ထပ်နေသည်။

ခေါင်းဆောင်များအကြားတိုက်ပွဲတို့မှာလည်း ပို၍ပြင်းထန်လာသည်။ နှစ်ဖက်စလုံးမှ လူများမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသော်လည်း မည်သူမျှပြန်လည်ဆုတ်ခွာရန် ဆန္ဒမရှိကြပဲ ထိုအစား ပိုမိုရူးသွပ်စွာဖြင့် တိုက်ခိုက်နေကြသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများအကြားတိုက်ပွဲမှာ မြစ်ကမ်းပါးနှစ်ဖက်စလုံး၊ ဂိုဏ်းဌာနချုပ်အတွင်း..စသဖြင့် နေရာတိုင်းတွင် ဖြစ်ပွားနေသည်။

ပိုင်ရှောင်ချန်းက အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့် မနေတော့ပေ။ ထိုအစား သူက အဏ္ဏဝါခေါ်သံဂိုဏ်းမှ အဆင့်မြင့်သောအမြုတေအဆင့်ကျင့်ကြံသူများနှင့်အတူ တိုက်ပွဲဝင်နေလေသည်။ ထိုကဏ္ဍတွင် အဏ္ဏဝါခေါ်သံဂိုဏ်းက အသာစီးရနေပြီဖြစ်ရာ သူ့အတွက်အန္တရာယ်အနည်းငယ်သာရှိလေသည်။ ထို့အပြင် အခြားအမြုတေအဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည့် အဖိုးတန်သော အတွေ့အကြုံကို သူ ရလို၍ဖြစ်သည်။

သူ၏တိုက်ပွဲဝင်စွမ်းရည်မှာ ဆက်လက်၍ တိုးတက်လာသောအခါ ကုံမြစ်ဂိုဏ်းခွဲမှအမြုတေအဆင့်ကျင့်ကြံသူများမှာ ပို၍ထိတ်လန့်တုန်လှုပ်လာကြတော့သည်။

**

ထိုအတောအတွင်း ကုံမြစ်ဂိုဏ်းခွဲ ဌာနချုပ်နှင့် အနည်းငယ်ဝေးသော မြင့်မားသည့်တောင်တန်းပေါ်တွင် လူရိပ်သဏ္ဍာန်သုံးခုပေါ်လာသည်။ သူတို့ကအကွာအဝေးတစ်ခုသို့ ရောက်နေသော်ငြားလည်း စစ်မြေပြင်တွင် ဖြစ်ပျက်နေသမျှကို ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။

ထိုလူရိပ်သဏ္ဍာန်များထဲမှ နှစ်ခုမှာအမျိုးသားများဖြစ်ပြီး တစ်ခုမှာ အမျိုးသမီးတစ်ဦးဖြစ်လေသည်။ ထိုအမျိုးသမီးမှာ လှပပြီး လင်းလက်နေသောကောင်းကင်နှင့်ဆင်တူသည့် အငွေ့အသက်များဖြာထွက်နေသည်။ သူမက တံလျှပ်ကဲ့သို့အရိပ်အယောင်ပုံစံဖြစ်နေပြီး တစ်ခါတရံ ကြည်လင်ပြတ်သားသောပုံစံဖြစ်သွားကာ တစ်ခါတရံမှုန်ဝါးဝါးသာမြင်ရလေသည်။ သူမအား အချိန်ကြာမြင့်စွာကြည့်မိသည့်မည်သူမဆို သူတို့ကိုယ်သူတို့ မူးဝေလာသည်ကို ခံစားရပေလိမ့်မည်။

အခြားလူနှစ်ဦးတွင်တစ်ဦးမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အနက်ရောင်ဦးခေါင်းခွံများ အသွင်သဏ္ဌာန်ဖြစ်နေသော အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။ ထိုလူ၏အနီးအနားရှိ မြက်ပင်အားလုံးမှာ သေဆုံးသွားပြီး ကျောက်တုံးများမှာလည်း ယိုယွင်းပျက်စီးလာသည်။ ရှင်းလင်းစွာပင် ထိုအနက်ရောင်အခိုးအငွေ့များထံ၌ ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားများပါဝင်နေပြီး မကောင်းဆိုးဝါးနတ်ဆိုးချီနှင့်ပင်တူနေလေသည်။

နောက်ဆုံးမှာ တာအိုဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်ဖြစ်လေသည်။ သူက အရှိန်အဝါ မြင့်မားသော လူတစ်ဦးကဲ့သို့ပင် ဖြစ်နေကာ ထူးခြားလေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားလေသည်။ သူ့အနားနီးကပ်လာသည့် မည်သူမဆို တာအိုဂီတသံခပ်ရေးရေးလေးကို ကြားရနိုင်ပေလိမ့်မည်။

ထိုလူသုံးဦးမှာ အလယ်ပိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းဖြစ်သော ရှင်းမြစ်ဂိုဏ်းခွဲ၊ ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲမှလာခြင်းဖြစ်လေသည်။

မြင်ရလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြစ်နေသော အမျိုးသမီးမှာ လင်းလက်သော ကြယ်၏စွမ်းအားကို အသုံးပြုနိုင်သူများဟု လူသိများသော ရှင်းမြစ်ဂိုဏ်းခွဲမှဖြစ်လေသည်။ မကောင်းဆိုးဝါးချီနှင့်အမျိုးသားမှာ မကောင်းဆိုးဝါးနတ်ဆိုးဂိုဏ်းဟု မှတ်ယူထားသော ကျစ်မြစ်ဂိုဏ်းခွဲမှဖြစ်လေသည်။ အဖိုးအိုမှာမူ အလယ်ပိုင်းဒေသများ၏ ထိပ်သီးဂိုဏ်းဖြစ်သော တာအိုမြစ်ဂိုဏ်းခွဲမှဖြစ်လေသည်။

” ကုံမြစ်ဂိုဏ်းခွဲကတော့ ဒီနေ့မှာ အရှုံးပေးရလိမ့်မယ်။ စိတ်ဝင်စားစရာပဲ”

” ကြည့်ရတာတော့ ငါတို့ရဲ့ ဂိုဏ်းနီးနားချင်းအသစ်ကလေးတွေက ငပျော့တွေမဟုတ်ဘူးပဲ။ ဒါကပိုပြီး ပျော်စရာကောင်းမှာပဲ”

” သူတို့ဆီမှာ ကောင်းကင်တာအိုရွှေအမြုတေအဆင့် ကျင့်ကြံသူရှိနေတာပဲ။ ရှင်းကုံကျစ်တာအိုဂိုဏ်းကတော့ အဲဒါကို သေချာပေါက် မှတ်တမ်းယူရမှာပဲ….”

“မင်းတို့သိလား…ကုံမြစ်ဂိုဏ်းခွဲက အဖျက်စီးခံရတော့မှာမို့ သူတို့ရဲ့ဝေစုတွေကိုပြန်ပြင်ပြီးခွဲဝေဖို့ လိုလိမ့်မယ်…..”

သူတို့သုံးဦးမှာ ပေါ့ပေါ့တန်တန်နှင့် သိနေကြသောအပြုံးများကို ဖလှယ်လိုက်ကြသည်။ ကြည့်ရသလောက် သူတို့အမှန်တကယ်မျှော်လင့်သည်မှာ မည်သည့်ဖက်မှ အလွယ်တကူ အောင်ပွဲမခံနိုင်စေရန်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset