ကိုးခုမြောက် ရွှေရောင်လျှပ်စီးကြောင်းသည် လေထဲထိုးတက်သွားသဖြင့် ပြင်းထန်သော တဂျုန်းဂျုန်းမြည်သံများပေါ်ထွက်လာတော့သည်။ ၄င်းသည် အခြားသော လျှပ်စီးမိုးကြိုးများထက် အတော်လေးကြီးမားပြီး ပိုင်ရှောင်ချန်း၏ သုံးမီတာ ရွှေအမြုတေထံ တဟုန်ထိုးသွားနေသဖြင့် ကောင်းကင်တစ်ပြင်လုံး ရွှေရောင်များဖုံးလွှမ်းသွားလေသည်။
ထို လျှပ်စီးမိုးကြိုးမှထွက်ပေါ်နေသည့် ချေမှုန်းခြင်းဖိအားသည် အင်အားအကြီးဆုံးနှင့် နောက်ဆုံးအဆင့်ဖြစ်လေသည်။
ပိုင်ရှောင်ချန်းက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်ထုတ်လိုက်ရင်း အသံရှည်ကြီးဆွဲအော်လိုက်သည်။ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်မှာ အထွတ်အထိပ်ရောက်နေပြီး သူ၏အလိုဆန္ဒ၊ ဝိညာဥ်နှင့် သူနှင့်ပတ်သက်သမျှအရာအားလုံးမှာ အလုံးစုံအာရုံစိုက်ထားခံရလေသည်။ ယခုအခိုက်အတန့်၌ ကမ္ဘာလောကာရှိ အခြားမည်သည့်အရာမှ မတည်ရှိနိုင်တော့ပေ။ သူ၏စိတ်အစဥ်မှာ ပရမ်းပတာဖြစ်လာသော်လည်း ကျန်ရှိနေသော အရာတစ်ခုရှိသေးသည်။
” ဒီရွှေအမြုတေ ဖြစ်ကိုဖြစ်စေရမယ်.. ငါ ထာဝရအသက်ရှင်ချင်သေးတယ်”
သူ မည်သို့လုပ်နေသည်ကိုပင် သတိမထားမိပဲ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်ပြီးနောက် လေကိုခွင်း၍ ရွှေအမြုတေထံ တရှိန်ထိုးဦးတည်လိုက်သည်။
ဝုန်းးးး
မလှမ်းမကမ်းမှ လျှပ်စီးမိုးကြိုးနှင့် တစ်ပြိုင်နက်တည်း ရွှေအမြုတေထံ ရောက်ရှိသွားသည့် သူ့ကို မြင်ရလေသည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးမှာ မှုန်ဝါးဝါးဖြစ်လာပြီး မိုးကောင်းကင်မှာ တုန်ခါလာကာ မြေပြင်မှာ ရှေ့နှင့်နောက် လှုပ်ရမ်းလာတော့သည်။
ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းများစွာ ကမ္ဘာလောကတစ်ခုလုံးပြည့်နှက်သွားသဖြင့် ထိုတစ်ရောင်တည်းသာ တည်ရှိနေတော့သည်။
ထိုတခဏတွင် ရွှေအမြုတေနှင့်ပေါင်းစပ်သွားသဖြင့် မည်သည်ကပိုင်ရှောင်ချန်း မည်သည်က လျှပ်စီးကြောင်းဟူ၍ ခွဲမရတော့ချေ။
ထိုအခိုက်တွင် စစ်မြေပြင်ရှိ လူတိုင်းမှာ ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များကို လုံးဝအာရုံစိုက်နေကြသည်။
ပိုင်ရှောင်ချန်းသာမက လျှပ်စီးကြောင်းကိုပါ မမြင်ရတော့ပေ။ ရွှေအမြုတေကိုပင်လျှင် မတွေ့ရတော့ချေ။
ယခုမြင်ရသည့် တစ်ခုတည်းသောအရာမှာ အဆုံးမဲ့ရွှေရောင်ကွင်းပြင်တစ်ခုပင်။
ပိုင်ရှောင်ချန်းအောင်မြင်သည်လား မည်သူမှ မဆုံးဖြတ်နိုင်တော့ချေ။ ရှေးဟောင်းမှတ်တမ်းများတွင် ဤကဲ့သို့မြင်ကွင်းမျိုးတွင် မည်သို့ဖြစ်လာနိုင်သည်ဆိုသော အသေးစိတ်အချက်အလက်များမပါပေ။ ထိုမှတ်တမ်းများတွင် အကြမ်းဖျင်းအကျဥ်းချုပ်သာပါသည်။ လက်ရှိအချိန်တွင် မည်သူမှ မည်သို့ဖြစ်နေကြောင်း ခန့်မှန်းရန် အကြံတစ်ခုမှထွက်မလာကြပေ။
ယခု သူတို့ လုပ်နိုင်သောအရာမှာ စောင့်နေရုံသာဖြစ်သည်။
ကောင်းကင်တာအိုဖိအားက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ရွှေရောင်အလင်းများသည်လည်း စတင်ပျောက်ကွယ်လာလေသည်။
အတွေးအမြောက်အမြားဖြင့် လူတိုင်းက ကောင်းကင်အား ရင်ခုန်စွာ မော့ကြည့်နေကြသည်။ သို့သော်လည်း ဤသည်မှာ တစ်စုံတစ်ယောက် ကောင်းကင်တာအိုရွှေအမြုတေအဆင့်ရောက်ခြင်းကို မြင်ရတွေ့သည့်ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်ကြလေသည်။
၄င်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ကုံမြစ်ဂိုဏ်းခွဲနှစ်ဖက်လုံးအတူတူဖြစ်ချေသည်။
အစောပိုင်းက ပိုင်ရှောင်ချန်းကို တိုက်ခိုက်နေခဲ့သော လူငယ်မှာ တစ်ကိုယ်လုံးတုန်ရီနေလေပြီ။ ပိုင်ရှောင်ချန်းသာ ကောင်းကင်တာအို ရွှေအမြုတေအဆင့်ရောက်သွားလျှင်ဟူသောအတွေးမှာ ယခင်က တွေးပင်မတွေးမိလောက်အောင် အလွန်အမင်းကြောက်လန့်တုန်လှုပ်သွားစေလေသည်။
“သူအောင်မြင်မှာမဟုတ်ပါဘူး”
သူက ဒေါသထွက်ကာရှုံ့တွရင်း တစ်ယောက်ထဲ အော်ပြောလိုက်သည်။
” မဖြစ်နိုင်ဘူး”
သို့သော်လည်း လူငယ်က တစ်ယောက်ထဲ အော်ပြောနေစဥ် ရွှေရောင်အလင်းများက လုံးဝပျောက်ကွယ်သွားပြီး လူတိုင်းက ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။
သူက မျက်လုံးပိတ်ထားလျက် လေထဲတွင် ရပ်တန့်နေရင်း သူ၏ဆံပင်များက ဘေးပတ်လည်တွင် တလွင့်လွင့်ဖြစ်နေကာ လက်များအားဆန့်ထုတ်ထား၏။ သူ့ထံမှ ရွှေရောင်အလင်းများတောက်ပနေသဖြင့် နတ်ဘုရားအလားဖြစ်နေတော့သည်။ လူတိုင်းမှာ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။
ထိုအချိန်တွင် သူ့မျက်လုံးများက ရုတ်တရက် ဖျတ်ခနဲ ပွင့်လာ၏။
ချက်ချင်းပင် မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းမြည်သံများက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်လာပြီး တချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
ထိုသည်မှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မအောင်မြင်နိုင်သည့်အရာဖြစ်သည်။ ထိုအရာမှာ ရွှေအမြုတေတစ်ခု၏စွမ်းအားဖြင့်သာ ထုတ်လွှတ်နိုင်သော အရာတစ်ခုဖြစ်လေသည်။
” မဖြစ်နိုင်ဘူး ”
လူငယ်မှာ ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး အော်လိုက်သည်။ ကုံမြစ်ဂိုဏ်းခွဲထံမှ အာမေဍိတ်သံများထွက်ပေါ်လာသော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းထံမှ တစ်ခဲနက်အားပေးကြွေးကြော်သံများ ပေါ်ထွက်လာတော့သည်။
“အလုပ်ဖြစ်သွားလား”
“ခေါင်းဆောင်ငယ်”
“ရှောင်ချန်းး”
ကြွေးကြော်သံများပေါ်ထွက်လာသည့်အချိန်တွင် ပိုင်ရှောင်ချန်းမှာ ကြက်သေသေ၍ လေထဲတွင် ရပ်တန့်နေလေသည်။ သူ့ကိုဖြတ်၍ စီးဆင်းနေသော ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အာရုံရလိုက်ပြီး အစောပိုင်းက ထိခိုက်ဒဏ်ရာများပျောက်ကင်းသွားကြောင်း ခံစားလိုက်ရလေသည်။ ယခုသူကြုံတွေ့နေရသည့် စွမ်းအားမှာ သူ၏အပြင်အားခန္ဓာကိုယ်မှသာမဟုတ်ပေ။ ၄င်းမှာ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဘေးပတ်လည်ရှိအရာမှန်သမျှအား ချေမှုန်းပစ်နိုင်သည့် ခံစားချက်ပေးသည့် စွမ်းအားမျိုးပင်။
“ဒီတော့ ဒါက ရွှေအမြုတေပေါ့…ဟမ်” သူကရေရွတ်လိုက်သည်။ သူ့ကိုယ်တွင်းရှိ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းမှာ ပျောက်ကွယ်သွားပြီး လည်ပတ်နေသောရွှေအမြုတေတစ်ခုဖြင့် အစားထိုးခံလိုက်ရကြောင်း သိသိသာသာခံစားလိုက်ရသည်။
ဤသည်မှာ စစ်မှန်သော ကောင်းကင်တာအို ရွှေအမြုတေဖြစ်သည်။
ရွှေအမြုတေလည်ပတ်လိုက်သည့် အချိန်တိုင်း နောက်ဆုံးအကြိမ်ထက် ပို၍များပြားသော စွမ်းအားများကို ထုတ်လွှတ်ပေးသည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအားများက သူ့ကိုဖြတ်၍စီးဆင်းသွားသည်တွင် သူ၏ခန္ဓာကိုယ်က ကောင်းကင်ကြီးတုန်ခါပြီးမြေပြင်တို့ပြိုလဲစေသော ပြောင်းလဲမှုများအား ခံနိုင်ရည်ရှိသွားလေပြီ။
သူသည် အသက်ရှည်လာရုံသာမက သက်ရှိလောက၏ ပို၍အဆင့်မြင့်သောပုံစံသို့ အဆင့်တက်သွားလေသည်။ ယခုတွင် သူ့ပတ်ပတ်လည်ရှိ အရာမှန်သမျှသည် ယခင်နှင့်မတူ ကွဲပြားသွားလေပြီ။
အရောင်အသွေးတို့ ပို၍ စုံလင်လာပြီး အရာအားလုံးမှာ ပြတ်သားထင်ရှားလာကာ အနုစိတ်လာပြီး အရာအားလုံးနှင့် ပို၍နီးကပ်လာပုံရလေသည်။
ထိုမျှသာမက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ရှိစဥ်က နေ့ရက်များမှ အရှိန်အဝါထက် အလွန်တရာသာလွန်သော ကောင်းကင်တာအို အရှိန်အဝါပေါ်ထွက်လာလေသည်။ ၄င်းက သူ့အား ကောင်းကင်နှင့်မြေပြင်ကို ချိတ်ဆက်ပေးထားလေသည်။ ဤနည်းအားဖြင့် သူသည် ကောင်းကင်မိုးကြိုးဆင့်ခေါ်ရန်အစွမ်းရှိသကဲ့သို့ ခံစားလာရတော့သည်။
သွေးဘိုးဘေးကြီး၏ကမ္ဘာထဲတွင် ကြုံတွေ့ရသည်ကဲ့သို့ မဖော်ပြတတ်သော ခံစားချက်တစ်ခုက သူ့စိတ်ထဲတွင် ဖြစ်တည်လာ၏။ ကောင်းကင်နှင့်မြေကြီး၏နှစ်သက်ချစ်မြတ်နိုးခြင်းခံလိုက်ရသည့်အလား သူကောင်းကင်ကိုမော့ကြည့်လိုက်သောအခါ ထူးထူးဆန်းဆန်းရင်းနှီးနေသယောင်ရှိလေသည်။
” ရွှေအမြုတေ ”
လက်သီးဆုပ်လိုက်ရင်း ခေါင်းနောက်လှန်ကာ အသံရှည်ဆွဲပြီး အော်လိုက်သည်။ သူ့ပတ်လည်ရှိအရာအားလုံး တုန်ခါသွားပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ ယခင်ထက်ပို၍ ကျယ်လောင်စွာ တစ်ခဲနက် ကြွေးကြော်လာကြသည်။
“ငါရှေ့ဆက်သွားလို့ရသေးတယ်ထင်တာပဲ ” သူက တွေးလိုက်သည်။ အသက်ပြင်းပြင်းရှူလိုက်ရင်း ထာဝရအသက်ရှည်နည်းပညာရပ်ကို အရှိန်မြှင့်လိုက်သည်။ အံသြဖွယ်ကောင်းစွာ အဇူရာတစ်ကောင်က သူ့နောက်တွင် ထွက်ပေါ်လာ၏။ ထို့နောက် နှစ်ကောင်မြောက်… သုံးကောင်မြောက်.. လေးကောင်မြောက်..။
အဇူရာတစ်ကောင်ပြီးတစ်ကောင်ပေါ်သဖြင့် သူ၏စွမ်းအင်မှာ တစ်ရှိန်ထိုးမြင့်တက်လာတော့သည်။ ထိုအချိန်တွင် သူက သာမန်အစောပိုင်း ရွှေအမြုတေအဆင့်ထက် အတော်လေးရောက်နှင့်နေလေပြီ။ လူတိုင်း အထူးသဖြင့် လက်ရွေးစင်များမှာ အလုံးစုံ တုန်လှုပ်နေကြသည်။
“သူ.. သူ… ရှေ့ဆက်တိုးနေတာလားး.. ”
“ဘယ်လိုတောင်ဖြစ်နိုင်တာတုံး ”
” ဒါက အပြင်အားခန္ဓာကိုယ်စွမ်းအားလား။ သူ ရွှေအမြုတေအပြင်အားခန္ဓာကိုယ်ကို ပြောင်းနေတာလို့ ငါ့မပြောစမ်းနဲ့။ ” ဝိုင်းကြည့်နေသူအမြောက်အမြားမှာ တအံ့တသြအော်လိုက်ကြသည်။
စစ်မြေပြင်အလယ်တွင် အမြုတေအဆင့်ထဲဝင်ရောက်ခြင်းသည် အလွန်တရာ အံ့သြဖွယ်ကောင်းသည့်အရာဖြစ်သည်။ သို့စေကာမူ သူက ကောင်းကင်တာအိုရွှေအမြုတေအဆင့်ပင်ရောက်သွားပြီးနောက် သူ၏အပြင်အားခန္ဓာကိုယ်ကို ဆက်လက်အဆင့်မြှင့်နေလေသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ကုံမြစ်ဂိုဏ်းခွဲနှစ်ဖက်လုံးမှ ကျင့်ကြံသူများမှာ အလွန်အံသြတုန်လှုပ်သွားကြကာ မှင်သက်နေကြတော့သည်။
သူတို့ တိတ်ဆိတ်နေကြချိန်တွင် ငါးကောင်မြောက်၊ ခြောက်ကောင်မြောက်၊ ခုနစ်ကောင်မြောက်၊ ရှစ်ကောင်မြောက်နှင့် နောက်ဆုံး ကိုးကောင်မြောက် အဇူရာများက သူ့နောက်တွင်ပေါ်လာသည်။ အဇူရာကိုးကောင်၏စွမ်းအင်တို့ကြောင့် အရာအားလုံး တုန်ခါသွားကြသဖြင့် ကောင်းကင်နှင့်မြေပြင်တွင် တဂျုန်းဂျုန်းအသံများမြည်ဟည်းလာတော့သည်။
ပိုင်ရှောင်ချန်း၏ အဆင့်တက်ခြင်းအား သူ့ကျင့်ကြံခြင်းအခြေခံမှ ကန့်သတ်မထားပေ။ သူက အမှန်တကယ်ပင် သူ၏ထာဝရအဇူရာကိုယ်ကို အဆင့်မြှင့်နေလေပြီ။
ပိုင်ရှောင်ချန်းကိုဝန်းရံလျက် သူ့အတိုင်း ကောင်းကင်ကိုဟိန်းဟောက်နေသော အဇူရာကိုးကောင်က ဓမ္မရုပ်တုကိုးခုနှင့်တူလေသည်။
၄င်းသည် ကောင်းကင်မိုးကြိုးကိုကျော်လွန်သည့် အသံဖြစ်ပြီး ကြားလိုက်ရသည့်လူမှန်သမျှမှာ စိတ်ထဲအထိပင် တုန်ခါသွားတော့သည်။ တောအုပ်ထဲရှိ အပင်များပင်လျှင် တုန်ရီသွားပြီး ချီစုစည်းမှုအဆင့်၊ အခြေခိုင်မာခြင်းအဆင့်နှင့် သာမန်အမြုတေဆင့်ကျင့်ကြံသူအားလုံး သူတို့၏ ကျင့်ကြံခြင်းအခြေခံများမွှေနောက်သွား၍ ပရမ်းပတာဖြစ်သွားကြောင်း ခံစားလိုက်ရသည်။
ပင့်သက်ရှိုက်သံများနှင့် အံ့သြတုန်လှုပ်စွာအော်သံများကို နေရာအနှံတွင် ကြားရလေသည်။
သို့သော်လည်း ဆယ်ကောင်မြောက် အဇူရာက ကိုးကောင်မြောက်ဘေးတွင်ပေါ်လာပြီး ပိုင်ရှောင်ချန်းတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။
ထိုအခိုက်အတန့်တွင် သူ့ကိုယ်တွင်းရှိ အတားအဆီးတစ်ခုကို ခံစားလိုက်ရသည်။
“မဟာအတားအဆီးငါးခု…”
သူက တီးတိုး ရေရွတ်လိုက်သည်။ ထာဝရအရေပြားကိုကျင့်ခဲ့စဥ်က ပထမဆုံး အတားအဆီးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ယခုတွင် ဒုတိယအတားအဆီးပေါ်လာလေပြီ။
ယခုအခိုက်အတန့်တွင် ၄င်းအား မကျော်ဖြတ်နိုင်သေးသော်လည်း အနည်းဆုံးစမ်းကြည့်နိုင်လေသည်။
သူ့အတွက် ၄င်းမှာ ဧရာမတောင်ကြီးလေးလုံးက သူ့အပေါ်သက်ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာမှာ ယခင်က သူသတိမထားမိသောအရာဖြစ်ပြီး ယခုတွင်မူ သူ၏စိတ်ခံစားမှုများမြင့်တက်လာပြီး ခံစားချက်မှာ မပြတ်သားပေ။ သူ့စိတ်ထဲတွင် ရုတ်တရက် အနှောင်အဖွဲ့ကင်းကင်းနှင့် ပြန်ထရန်အတွက် ထိုတောင်များအား ဖျက်စီးလိုစိတ်များတဖွားဖွားပေါ်ထွက်လာတော့သည်။
” ငါ… ထာဝရကောင်းကင်ဘုရင်ကိုယ်ကိုရခါနီးလေးပါလား။ ဒီလိုသာဆိုလို့ကတော့ ထာဝရကောင်းကင်ဘုရင်အမြုတေကို ဖန်တီးနိုင်တော့မယ်ကွ ”
ထာဝရအသက်ရှည်သိုင်းကျမ်း၏ ဒုတိယတွဲမှ အသေးစိတ်အချက်အလက်များအား ပြန်စဥ်းစားလိုက်စဥ်တွင် သူ့မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တလက်လက်တောက်ပလာပြီး စိတ်လှုပ်ရှားမှုနှင့်အတူ ရင်ခုန်လာတော့သည်။ ထိုအချိန်တွင် စောစောက သူနှင့် တိုက်ခိုက်နေခဲ့သည့် ကြောက်ဒူးတုန်နေသော လူငယ်အား ငုံ့ကြည့်လိုက်သည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည်နှင့် ကောင်းကင်တာအိုအရှိန်အဝါ ပျောက်ကွယ်သွားပြီး ဖိအားတို့ ပျောက်သွားလေသည်။
လူငယ်မှာ ခေါင်းမွှေးများထောင်လာပြီး နောက်သို့ဆုတ်သွား၏။ သူ့အတွက် တိုက်ပွဲကို အရှုံးပေးရန်က လွဲ၍ ရွေးချယ်စရာမရှိပေ။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းကြောင့် သူ၏စိတ်ထဲဝယ် ပြောမပြနိုင်လောက်အောင် ကြောက်လန့်နေလေပြီ။
ပိုင်ရှောင်ချန်းက သူ့ကိုတန်းတန်းမတ်မတ်ကြည့်နေခြင်းကြောင့် သူ့နှလုံးမှာဒုန်းဆိုင်းခုန်လာတော့သည်။ ထိုအကြည့်တစ်ချက်က သူ့စိတ်နှလုံးအတွင်းသို့ ချွန်ထက်သော ဓားပါးပါးလေးနှစ်လက်က ထိုးစိုက်နေသည့်အလား သူ၏မြေအမြုတေပင်တုန်ရီလာတော့သည်။
တစ်ဆက်တည်းမှာပင် လူငယ်က ပျံပြေးရန်ပြင်လိုက်ပြီး ကုံမြစ်ဂိုဏ်းခွဲမှ နတ်ဘုရားအာရုံစီးကြောင်းများစွာနှင့်အတူ ကျင့်ကြံသူအဖွဲ့များက သူ့ကိုကယ်တင်ရန် သူ့ထံတစ်ဟုန်ထိုးသွားလိုက်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက သူတို့ထက် ထိုလူငယ်နှင့် ပိုနီးလေသည်။ အခြေခိုင်မာခြင်းအဆင့်တွင်ရှိစဥ်က သူ့မှာ အံ့မခန်းအမြန်နှုန်းရှိပြီးဖြစ်ကာ ယခု ကောင်းကင်တာအိုရွှေအမြုတေအဆင့်တွင်မူ ပို၍ပင် မြန်လာတော့သည်။
“မင်းပြေးလို့မရဘူး”
သူက ရေခဲတမျှအေးစက်သော အသံဖြင့်ပြောလိုက်သည်။ စောစောပိုင်းက ထိုလူငယ်သည် သူ့ကို အန္တရာယ်များ၍သေစေနိုင်သော အမြုတေအဆင့်ကို အတင်းရွေးချယ်စေခဲ့သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ သတ်ဖြတ်လိုစိတ်များက လုံးဝပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
သူရှေ့တစ်လှမ်းတိုးလိုက်ပြီး နောက်ကျောတွင် တောင်ပံတစ်စုံထွက်ပေါ်လာ၏။ တောင်ဖြိုသိုင်းကြောင့် သူ၏အမြန်နှုန်းမှာ အလွန်မြန်သွားပြီး နောက်တွင် ပုံရိပ်များနှင့် တဝုန်းဝုန်းအသံများသာတရစပ်ထွက်ပေါ်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အမြုတေအဆင့်ကျင့်ကြံသူလူငယ်၏ရှေ့သို့ရောက်သွားလေပြီ။
” စောစောက မင်းငါ့ကို လက်ဝါးနဲ့ရိုက်တယ်နော်။ ကဲ..အခု..ငါ့အလှည့်..”
သူ့အသံက ဆောင်းရာသီလေညင်းကဲ့သို့ အေးစက်စက် ထွက်ပေါ်လာကာ လက်ကိုနောက်ပစ်၍ လူငယ်ထံ လက်ဝါးဖြင့်ရိုက်ချလိုက်တော့သည်။